“ကျွန်ုပ်၏ စာပေအယူအဆ”
ကျွန်တော်က စာဖတ်ရတာ ဝါသနာပါသူဖြစ်သောကြောင့် စာပေနဲ့ ပတ်သက်တာကို ဘလော့ဂ်ရေးချင်လာပါတယ်။ ဒါကြောင့်ပဲ ဤဘလော့ဂ်လေးအား ရေးလိုက်ရပါတယ်။
စာပေအမျိုးအစား ခွဲခြားခြင်းနဲ့ ပတ်သက်၍ ဆရာဦးသုခရဲ့ စကားကို ယူသုံးချင်ပါတယ်။ မည်သည့်စာပေလောကမဆို စာအမျိုးအစားမှာ သုံးမျိုးသာ ရှိပါသည် ဟူ၍ပင်။ ဌင်းတို့မှာ
(၁) ကွမ်းလိုစာပေ
(၂)ကြံလိုစာပေ
(၃) မုန့်လုပ်ဆောင်းလိုစာပေ ဟူ၍ ဖြစ်သည်။
ပထမအမျိုးအစားဖြစ်သော ကွမ်းလို စာပေး၏ အဓိပ္ပာယ်မှာ ကွမ်းကို စားသော်လည်း အရည်ရော အဖတ်ရော မရပါ။ ထို့ကြောင့် ဤစာပေကို အရည်မရ အဖတ်မရစာပေဟူ၍ ခေါ်ကြသည်။
ထိုစာပေကို ကျွန်ုပ်ဉာဏ်ဖြင့် အကျယ်ချဲ့တွေးကြည့်သော အချစ်ဝတ္ထုများနှင့် စိတ်ကူးယာဉ်စာပေဖြစ်သော ဂမ္ဘီရ၊ သရဲ၊ ဟာသ၊ သိုင်း၊ တချို့ကလေးကာတွန်းများ စသည်ဖြင့် ပါဝင်ကြပေသည်။ သို့သော် ထိုစာပေကို မဖတ်ကောင်းဟူ၍ ကျွန်ုပ် မဆိုလိုပါ။ ကျွန်ုပ်တို့ ကွမ်းကို ဝါးရာတွင် အပျင်းပြေဖို့နှင့် အိပ်ချင်ပြေဖို့ ဝါးကြရသည်။ ထိုကြောင့် ဤစာပေ သဘောတရားသည်လည်း ထိုနည်းတူပင်။ အပျင်းပြေဖို့ နှင့် စာသွားဖို့ ကျွန်ုပ်တို့ ဖတ်ကြရသည်။ ကာတွန်းသည်လည်း ထိုသဘောပင်။ ကျွန်ုပ်တို့ ငယ်ငယ်တည်းက စာကြီးပေကြီးများကို အရင်ဖတ်ခဲ့ကြသည်မဟုတ်။ အဖတ်ရလွယ်သော ကလေးကာတွန်းများကို အရင်ဖတ်ခဲ့ကြသည်။ ထိုမှ တစ်ဆင့်တတ်၍ သိုင်းဝတ္ထု ထိုမှ ဟာသ၊ ဂမ္ဘီရ၊ သရဲနဲ့ ထို့နောက်မှ စာကြီးပေကြီးများ အသိပညာရသောစာများ၊ လက်တွေ့အသုံးချသော စာပေများကို ဖတ်ခဲ့ကြသည်ပင် မဟုတ်ပါလား။ ထိုကား ပထမအချက်နဲ့ ပတ်သက်၍ ရှင်းလင်းချက်ပင်။
ဒုတိယ အမျိုးအစားဖြစ်သော ကြံလို စာပေ၏ အဓိပ္ပာယ်မှာ ကြံတို့သည် အရည်သောက်လို့ ရသော်လည်း အဖတ်ကို ဝါး၍ မရသောကြောင့် ထွေးထုတ်ရပေသည်။ ထို့ကြောင့် ထိုစာပေကို အရည်ရပေမဲ့ အဖတ်ဝါး၍ မရသော စာပေဟူ၍ ခေါ်ပေသည်။
ထိုစာပေများကို ကျွန်ုပ်ဉာဏ်ဖြင့် အကျယ်ချဲ့ကြည့်ရသော် ရသနွယ်သော စာပေအချို့၊ ကဗျာအချို့နှင့် ဖတ်၍ ကောင်းပြီး အလင်္ကာမြောက်သော်လည်း လက်တွေ့ အသုံးချလို့ မရသော စာပေများကို ဆိုလိုခြင်းပင်။ ထိုစာပေများထဲမှ ဘဝသရုပ်ဖော်များ၊ ကဗျာတို့သည် ခတ်အဆက်ဆက် ဂန္တဝင်တွင်ခဲ့မည် ဖြစ်သော်လည်း လက်တွေ့ အသုံးချလုပ်ငန်းများ၌မူ အံမဝင်နိုင်ချေ။
နောက်ဆုံ အမျိုးအစားဖြစ်သော မုန့်လုပ်ဆောင်းလို စာပေနှင့် ပတ်သက်၍မူ အရည်ရော အဖတ်ရော ဝါးစားလို့ ကောင်းခြင်းဟု အဓိပ္ပယ်ရသည်။
ထိုစာပေနှင့် ပတ်သက်၍ ကျွန်ုပ်ဉာဏ်ဖြင့် အကျယ်ချဲ့ရသော် ဆောင်းပါးများ၊ လက်တွေ့အသုံးချနိုင်သော တက်ကျမ်းများ၊ ကျန်းမာရေးစာပေများ၊ အတ္ထုပတ္တိများနှင့် သမိုင်းများ၊ ပညာရပ်ဆိုင်ရာ ကျမ်းတို့ ပါဝင်သည်ဟု ကျွန်ုပ် ယူဆသည်။ ထိုစာပေများသည် ဘယ်ခေတ်မဆို အသုံးချဖတ်ရှုနိုင်ပြီး လက်တွေ့လုပ်ငန်းပိုင်း၌လည်း များစွာ အကျိုးပြုပေသည်။ ထို့ကြောင့် ထိုစာပေများကို အရည်ရော အဖတ်ရော ရခြင်းဟု ကျွန်ုပ်ထင်မြင်ချင်းပင်။
ထို့သို့ ကျွန်တော် ခွဲခြားရာ၌ ခြွင်းချက်ဟူ၍လည်း ရှိပေသည်။ ဥပမာ တချို့ဝတ္ထုများ၊ကဗျာများတွင် အသိပညာပေးသော အကြောင်းအရာများ ထည့်သွင်ဖော်ပြထားခြင်းလည်း ရှိသောကြောင့်ပင်။ ထို့ကြောင့် မည်သည့်စာပေကို မဆို ကျွန်ုပ်တို့ ဖတ်သင့်ကြပေသည်။ မဖတ်ကောင်းသော စာပေဟူ၍ မရှိ။ သူ့နေရာနဲ့သူတော့ တစ်နည်းနည်းဖြင့် အကျိုးပြုကြချည်းပင်။
သို့သော်လည်း ဖတ်၍လည်းကောင်း လက်တွေ့လည်း အသုံးချနိုင်သော တတိယအမျိုးအစားကို အများအားဖြင့် ဖတ်ရှုသင့်ပေသည်။ ထိုအမျိုးအစားသည် အသုံအဝင်ဆုံး စာပေထဲတွင်လည်း ပါဝင်ပေသည်။ မည်သည့်ပညာရပ်မဆို စာပေထဲမှ ရှာဖွေပါက တွေ့နိုင်ပါသည်။ ထို့ကြောင့် စာများများဖတ်၍ လက်တွေ့အသုံးချ ဘဝကို ပုံဖော်နိုင်သူ သူရဲကောင်းများ ဖြစ်နိုင်ကြပါစေဟု ရည်မှန်းရင်း…
စေပိုင်ထွဋ်(ပုသိမ်)
မှတ်ချက်။ ။(***ကျွန်ုပ်၏ ထင်မြင်ချက်သာဖြစ်သောကြောင့် မည်သူမဆို လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်***)
15 comments
K@oru
February 16, 2012 at 8:45 pm
အားပေးသွားပါတယ်ဗျာ ….
ကျုပ်ကတော့ ထင်ရာမြင်ရာရေးတဲ့ ကောင်မို့
အနှီ စာပေအမျိုးအစားခွဲခြား သတ်မှတ်ခြင်းအဆင့်တောင်
မရောက်မယ့် ခြေစစ်ပွဲမအောင် စာပေလို့သာ ကိုယ့်ကိုကိုယ်မှတ်ယူရင်း…
ကိုယ်၌ကတော့ လက်လှမ်းမီသမျှ…တန်ဖိုးရှိစာပေများကို လေ့လာဆည်းပူးခံစား ဖတ်ရှုနေမိပါကြောင်း
ခင်တဲ့
ဂီ
alinsett
February 16, 2012 at 8:53 pm
ဂီ..ရေ..။
ဒါဆို ကျွန်တော်က စာပေသမားတစ်ယောက်အဖြစ် ..ရပ်တည် ဖို ့ကြိုးစားနေသူတစ်ယောက် ဆိုတော့..
ကျွန်တော် ရေးနေတာလေးတွေက ဘယ်လို အမျိုးအစားထဲ..ပါ နေပါလိမ့် ဆိုပြီး…စဉ်းစားကြည့်တယ် ။
ကျွန်တော့် စာကို ကျွန်တော် ပြန် မဝေဖန်တတ်သေးဘူး။
ဂီ..ရေ…။ ပြောပါဦး..ကျွန်တော် ဘာတွေ ရေးနေမိပါလိမ် ့..။
ခင်တဲ ့
အလင်းဆက်
alinsett
February 16, 2012 at 9:06 pm
ကိုစေပိုင်ရေ…။
အထက်မှာ ကိုစေပိုင် ကို ဂီ..လို ့ မှားယွင်း ခေါ်ဆိုမိပါတယ် ။ ရောသွားလို ့ပါနော် ။
ဂီရေ…ဆိုတဲ ့အစား… ကိုစေပိုင်ရေ….လို ့ မှတ်ယူပေးပါလို ့.. တောင်းပန် အပ်ပါတယ်။
ခင်မင်စွာ..
Khin Latt
February 16, 2012 at 9:17 pm
အလင်းဆက်ရေ – အလင်းဆက် ရဲ့ စာတွေဖတ်ရတာ မုန့်လုပ်ဆောင်း နဲ့ တူပါတယ်။
အေးအေးသက်သာလေး လဲ ဖတ် ရ၊ အကျိုးလဲ ရှိပေါ့။ 🙂
ဂီဂီ စာ ဖတ်ရတာတော့ တစ်ချို့အပိုင်း က တော့ ချိုအေးအေးလေးပေါ့။ တစ်ချို့ ကျ မျိုတော့ ကြည့်တယ်။ သို့သော် အနှစ်တွေများပြီး လည်ချောင်း မှာ တစ်နေလို့။ ဘာလုပ်ရမယ် မသိ စဉ်းစားတုန်း ပုသိမ်သား ဆီ က နည်းရသွားတယ်။
(နာ့ ပုံကို ရန်း ငါးထောင် နဲ့ ဈေးဖြတ်ထားလို့ jk 😉 )
ကျေးဇူးပါ ပုသိမ်သားရေ။ 🙂
စေပိုင်ထွဋ် (ပုသိမ်)
February 17, 2012 at 7:54 pm
ကျေးဇူးတင်ရင်
မုန့်ဝယ်ကျွေး ခိခိ
နောက်သွားတယ်
စေပိုင်ထွဋ် (ပုသိမ်)
February 17, 2012 at 7:49 pm
ရပါတယ်ဗျာ
တောင်းလည်း ပန်စရာမလိုသလို စကောလည်း ပန်စရာလိုဘူးနော်
အဟီး ခင်လို့ ပြန်နောက်တာ
ကိုယ့်စာ ကိုယ်ဝေဖန်မတတ်ရင်လည်း အခြားဖတ်တဲ့သူ ဝေဖန်သွားလိမ့်မှာပေါ့။
စာရေးဆရာ ကဗျာဆရာ အနုပညာသမား ဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်စရာ မလိုဘူးလေ။ အခြားဖတ်တဲ့သူက တန်ဖိုးဖြတ်သွားကျတယ် ထင်တာပဲ။
နားစွင့်ကြည့်လိုက်…
သူငယ်ချင်း
ခင်တဲ့ စေပိုင်ထွဋ်(ပုသိမ်)
MaMa
February 16, 2012 at 9:11 pm
စာပေအမျိုးအစားကို မော်ဒန်နိုက်စ် နည်းနဲ့ ခွဲခြမ်းစိတ်ဖြာသွားလိုက်တာ
ကိုယ့်စာကတော့ ကြံလိုစားမျိုးထဲ ပါမယ်ထင်ပါရဲ့။
ဆက်လက်၍…..
မုန့်လုပ်ဆောင်းလို စာမျိုး ရေးရမယ်လို့ မှတ်သားသွားပါတယ်။ 🙂
(ဘတ်ထ ရေးနိုင်ပါ့မလား မသိ)
Khin Latt
February 16, 2012 at 9:19 pm
မမ စာ က မျိုလို့ ရပါတယ်ဟေ့။ ချိုအေးအေးလေးပါ။ 😀
စေပိုင်ထွဋ် (ပုသိမ်)
February 17, 2012 at 7:55 pm
ကြိုးစားရင် မဖြစ်နိုင်ဘူးဆိုတာ မရှိ
ရေးလော့
ရေးလော့
ရေးလော့
အားဖြည့်ပေးလိုက်တယ် အဟီး
ကိုပေါက်(မန္တလေး)
February 16, 2012 at 10:16 pm
ကျနော့်ကိုတော့ ထွေးထုတ်လိုက်ကြပါ။
နင်နေမှာစိုးလို့ရယ်………………………….
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 10:07 am
အင်း …
အရည်မရ၊ အဖတ်မရ စာပေရယ် ….
အရည်ရ၊ အဖတ်မရ စာပေရယ် ….
အရည်ရ၊ အဖတ်ရ စာပေရယ် … ဆိုပြီး သုံးမျိုးခွဲခြားနိုင်တယ် ဆိုပဲ။
ကျုပ်တော့ တစ်ခုလောက် ဖြည့်ချင်သေးတယ်။
နတ်သုဒ္ဓါလို စာပေ … ပေါ့။ နတ်သုဒ္ဓါ ဆိုတာ ကြားဖူးတဲ့ စကားအရ အလွန် အရသာရှိတဲ့ အစားအစာ ဖြစ်ပေမယ့် တော်ရုံလူ သွားစားမိရင် အစာမကြေဖြစ်ပြီး သေတတ်တယ်တဲ့။
ဒီအမျိုးအစားကတော့ စာပေ အမျိုးအစားရော၊ စာဖတ်သူ အမျိုးအစားပါ ပါလိမ့်မယ်ထင်တယ်။
စိန်ပေါက်ပေါက်
February 17, 2012 at 10:15 am
များတို ့ကတော့ အီးလို စာပေတွေရေးတယ်ချင့်
ပါတုန်းမှာ နံနေပြီး ရေဆေးပြီးတဲ့အခါ မနံတော့ဘူး
တစ်နည်း ကောက်ရိုးမီးစာပေရှင်
ဒေါ်စိန်ပေါက်
kyeemite
February 17, 2012 at 10:51 am
များရေးတဲ့စာဒွေ ကတော့..အကြော်လိုစာပေဖစ်မယ်..စားပီးရင်ချောင်းဆိုးတတ်လို့(ဆီမသန့်လို့)
အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး
February 17, 2012 at 7:16 pm
အဟေး
ကျုပ်ကတော့ သုံးမျိုးကိုဒီလိုခွဲတယ်ဗျို့
သဘောအကျဆုံးစာပေ(ကိုယ်ရေးတဲ့စာ တခါတလေများ ကိုယ့်စာကိုယ်ဖတ်ပြီး ပီတိတွေဖြာလို့ ပြုံးပြုံးကြီး
ဟီးးးး ရှက်တောင်ရှက်ပါရဲ့)
မနာလိုသောစာပေ (သိပ်ကောင်းလွန်းတဲ့ ရသစာပေ အတွေးအခေါ် ဗဟုသုတ ကဗျာ အိုဗျာ ပေါ်တင်တက်ကျမ်းကလွဲလို့ လူတော်တွေရေးတဲ့စာ)
ချီးထုတ်စာပေ (ဘာမှ မရ၊ ဆောက်ညင်ကတ်တဲ့လူရေးတဲ့စာ၊မျက်စိညောင်းတဲ့စာ)
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 11:20 pm
သို့သော်လည်း ဖတ်၍လည်းကောင်း လက်တွေ့လည်း အသုံးချနိုင်သော တတိယအမျိုးအစားကို
အများအားဖြင့် ဖတ်ရှုသင့်ပေသည်။ ထိုအမျိုးအစားသည် အသုံးအဝင်ဆုံး စာပေထဲတွင်လည်း
ပါဝင်ပေသည်။ မည်သည့်ပညာရပ်မဆို စာပေထဲမှ ရှာဖွေပါက တွေ့နိုင်ပါသည်။ ထို့ကြောင့်
စာများများဖတ်၍ လက်တွေ့အသုံးချ ဘဝကို ပုံဖော်နိုင်သူ သူရဲကောင်းများ ဖြစ်နိုင်ကြပါစေဟု ရည်မှန်းရင်း…
အကို ့ရည်မှန်းချက်နဲ ့တွေးထားတာလေးကောင်းပါတယ်အကိုရာ။