“စက္ကန့်ပိုင်းလေး”


(၁)

          မကြာလှသေးတဲ့ အချိန်လေးအတွင်းမှာ ဖြစ်ပျက်မှုက မြန်ဆန်လွန်းလှတယ်လို့ ထင်မိတယ်။ မြန်လိုက်တဲ့အချိန်ကလေး။ အဲဒီအချိန်လေးအတွင်းမှာ အံ့ဩဘနန်းဖြစ်မှုတွေ၊ အားမလို အားမရဖြစ်မှုတွေ၊ စုပ်တသပ်သပ်ဖြစ်မှုတွေနဲ့ လူတိုင်းအလုပ်ရှုပ်သွားခဲ့တယ်။ စက္ကန့်ပိုင်းကလေး၊ မိနစ်ပိုင်းကလေးပါ။ အဲဒီအချိန်လေးမှာ ဖြစ်ပျက်သွားတာတွေကို ယုံကြည်နိုင်ဖို့ခဲယဉ်းပေမယ့် ယုံကြည်ဖို့ရန်အကြောင်းလဲ အခိုင်အမာရှိတယ်။ ဘယ်သူက ငြင်းရဲမလဲ။ ဒီလိုဖြစ်သွားတာ မယုံနိုင်ပါဘူးလို့ ဘယ်သူက ပြောဦးမလဲ။ လွတ်လပ်စွာ ငြင်းခုန်လို့ရပေမယ့် ငြင်းခုန်ခြင်းရဲ့နောက်ကွယ်မှာ တိကျသေချာလှတဲ့ အဖြစ်အပျက်ကရှိလေတော့ အမှားတစ်ခုကို သိသိရက်နဲ့ ဘယ်သူမှ အမှန်လို့မပြောရဲကြဘူး။

မြင်နေရတဲ့ မြင်ကွင်းတစ်ခုမှာ တစ်ခါဆို တစ်ခါဖူးမျှမရောက်ဖူးတဲ့ မြင်ကွင်းမို့ အတွေးထဲမှာ လှိုင်းဂယက်ကလေးတွေထသွားရတယ်။ ဘယ်သူမှ မပိုင်တဲ့မြေတစ်နေရာမှာ လူတွေ စုရုန်းကြပါတယ်။ လူတိုင်းရဲ့ မျက်နှာအောက်က မြုပ်ကွက်ကလေးတွေကို ပင်ပင်ပန်းပန်း၊ ခက်ခက်ခဲခဲ အဖြေရှာစရာမလိုပါဘူး။ အထင်သားပေါ်နေတဲ့ မျက်နှာပေါ်က ခံစားမှုတွေကို မြင်နေရတယ်။ ဝမ်းနည်းခြင်း။ ယူကျုံးမရဖြစ်ခြင်း။ အဲဒီခံစားမှုတွေကို မြင်နေရတယ်။ မကြုံနိုင်သေးဘူးလို့ ထင်နေသူတစ်ချို့ကို ရုတ်တရက် တပ်လှန့်လိုက်သလိုဖြစ်သွားတယ်။ ကြီးငယ်မရွေးဆိုတာကို နားလည်သဘောပေါက်ပြီးသား သူတစ်ချို့ကို အသစ်အသစ်သော ခံစားမှုတွေကိုပေးတယ်။

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ဘဝတစ်ခုကို အဆုံးသတ်ပေးလိုက်သလို ဒီဖြစ်ရပ်ကလေးက ပြနေတယ်။ နေ့ချင်းညချင်း။ အချိန် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းကလေးပါ။ မနေ့က ပျိုမျစ်နုနယ်၊ လှပချောမောနေတဲ့ ဘဝတစ်ခုရဲ့ မျက်နှာက ယနေ့မှာတော့ ပျက်စီးခြင်းဆိုတဲ့ ပြယုဂ်တွေကို ပြသတယ်။

တိတ်တိတ်ဆိတ်ဆိတ်ရှိလှတဲ့ ဒီနေရာလေးမှာ အပြီးတိုင် အဆုံးသတ် နေသွားရမယ်လို့ ဘယ်သူက တွေးဖူးမှာလဲ။ တကယ်တော့ ဘဝတွေဟာ လှပမှုကိုအမြဲမပေးဘူး။ မြင်နေရတဲ့ မြင်ကွင်းကလေးက မျက်နှာကလေးဟာ ပျိုမျစ်နုနယ်တုန်းက ပကတိဖြူစင်ခဲ့ပါရဲ့။ ဟောဒီ တစ်မြို့တစ်ရွာမှာ ဘဝတစ်ခု ရှင်သန်ထမြောက်ဖို့ ကြိုးကြိုးစားစားရုန်းကန်ခဲ့ရတဲ့ မျက်နှာကလေးပေါ့။ မျက်နှာကလေးမှာ ရိုးသားခြင်းဂုဏ်နဲ့ မိသားစုအတွက်ဆိုပြီး ဒီ တစ်မြို့တစ်ရွာကိုရောက်ခဲ့ရသူပါ။

မျက်နှာကလေးရှိတဲ့ မြို့ကလေးမှာ အသိုင်းအဝိုင်း၊ အချွေအရံ၊ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ စည်စည်ကားကား နေပျော်ခဲ့ပါရဲ့။ မျက်နှာကလေးနေတဲ့မြို့ကလေးကနေ ဒီမြို့ကလေးကိုရောက်ခဲ့တာ မကြာလှသေးသော အချိန်ကာလလေးတစ်ခုကပါ။ ရိုးရိုးသားသား ရှာဖွေစုဆောင်းခဲ့တာတွေဟာ အိမ်ပြန်ချိန် မျက်နှာပန်းလှပြီး ပတ်ဝန်းကျင်မှာ ပွဲလယ်တင့်စေဖို့ပါ။ အိမ်ပြန်ချိန်ဆိုတာ မျက်နှာကလေး စိတ်ကူးယဉ်ခဲ့ရတဲ့ အရေးကြီးတဲ့ အကြီးမားဆုံး ရည်မှန်းချက်တစ်ခု။ မျက်နှာကလေးရဲ့ ရည်မှန်းချက်ကလေး အကောင်အထည်မဖော်နိုင်မှီကလေးမှာပဲ မမြင်ရတဲ့ ကံအကြောင်းတရားတစ်ခုက ဝင် မျက်လှည့်ပြသွားလေရဲ့။ ပဉ္စလက်ပညာသည်တစ်ယောက်ရဲ့ လှည့်ကွက်ကလေးတစ်ခုမှာ  လည်စင်းပေးခဲ့ရတဲ့ မျက်နှာကလေးဟာ တစ်နေ့ ဒီလိုကြုံမယ်မှန်း သိရင် ဒီအရပ် ဒီဒေသ၊ ဒီမြို့ကလေးကို ဖက်တွယ်ထားခဲ့ပါ့မလား။

(၂)

ဖြစ်ရလေ မျက်နှာကလေးရယ်လို့ ငိုချင်းရှည်နဲ့ ငိုကြွေးနေပေမယ့်လို့ မထူးခြားတဲ့အခြေအနေတစ်ခုမှာ သံဝေဂယူ ဖို့ရာကလွဲလို့ တစ်ခြားအကြောင်းမရှိဘူး။ မြေနီနီ ကျဉ်ကျဉ်အောက်မှာ အိပ်စက်လဲလျောင်းသွားခဲ့တဲ့ မျက်နှာကလေးရဲ့ မှာတမ်းကို ဘယ်သူမှ မရခဲ့ဘူး။

ဝေဒနာဆိုတာကို အံကျိတ်ခံစားရင်း နောက်ဆုံးအချိန်ဆိုတာကလေးကို မျက်နှာကလေး သိသွားခဲ့ပါလေစ။ နှိပ်စက်ဖိစီးခဲ့တဲ့ ဝေဒနာတွေရဲ့အောက်မှာ မျက်နှာကလေး ဘယ်လို ခံစားခဲ့ရသလဲ ဘယ်သူမှမသိပါဘူး။ မျက်နှာကလေးကို သံယောဇဉ်ရှိတဲ့သူတွေ၊ မျက်နှာကလေးကို ခင်မင်ရင်းစွဲရှိတဲ့သူတွေကို နုတ်ဆက် စကားလေးတွေတောင် အချိန်ယူ ပြောမသွားခဲ့ပါဘူး။ တဒင်္ဂအချိန်ကလေးမှာ တစ်ခဏလေး ဖြစ်သွားခဲ့တာပါ။

ခု မျက်နှာကလေးရှိတဲ့ နေရာလေးတစ်ခုကို မျက်နှာကလေး မသိတော့ပါပဲ ကျန်ခဲ့တဲ့သူတွေက ထားခဲ့ကြတော့မယ်။ ပြန်လည်ခေါ်ဆောင်လို့မရတော့တဲ့ နေရာကလေးတစ်ခုမှ ချန်ရစ်ထားခဲ့ရတော့မယ်။ မျက်နှာကလေး အဆုံးသတ်နေခဲ့ရတော့မယ် နေရာဟာ ဒီလို ဝေးလံသီခေါင်တဲ့နေရာတစ်ခုမှာဆိုတာ မသိခဲ့ရဘူး။ ဘယ်သူမှလဲ မသိနိုင်ဘူး။ မျက်စိမှိတ်လဲလျောင်းရမယ့်နေရာဟာ ဒီနေရာလို့ အပြီးမှတ်လို့မရမှန်း သိလိုက်တယ်။ ဒီမြို့လေးမှာလည်း ဖြစ်နိုင်သလို၊ သွားရင်းလားရင်း ခရီးသွားဟန်လွဲဖြတ်သွားရတဲ့ နေရာလေးတွေမှာလည်ဖြစ်နိုင်တယ်။

ဖောက်လွဲဖောက်ပြန်ရှိလှတဲ့ ခန္ဓာတစ်ခုကို မြဲတယ်လို့ မမြင်မိတော့ဘူး။ ဝတ်ကောင်းစားလှတွေဝတ်ပြီး ပျိုပျိုလာတယ်။ လှလှလာတယ်လို့ ထင်ခဲ့မိတယ်။ မျက်နှာမှာ ဖြူဖြူဖွေးဖွေး ကာလာတွေခြယ်ပြီး လှပမှုကို သရဖူဆောင်းနေတယ်လို့ မြင်ခဲ့တယ်။ စားကောင်းသောက်ကောင်းတွေစားပြီး အသက်ရှည်စွာ အနာမဲ့ရေးအတွက် ဂရုစိုက်မိခဲ့တယ်လို့ ထင်မိခဲ့တယ်။တစ်ရက်တစ်ရက် ပိုပိုလှလာတယ်။ ကျန်းမာလာတယ်လို့မြင်ခဲ့တယ်။ ရှိပြီးရင်းရှိနေတဲ့ ပစ္စည်းဥစ္စာတွေကို စားမကုန် သောက်မကုန်တော့ဘူးလို့ မှတ်ယူခဲ့တယ်။

တကယ်တော့ အလှတွေယုတ်လျှော့လာတဲ့ မျက်နှာကို ကာလာတွေတင်ပြီး ရုပ်ပျက် ဆင်းပျက်ဖြစ် လာတာတွေကို ပြန်ဖုံးတာပါ။ ဝတ်ကောင်းစားလှတွေဝတ်ပြီး ချိနဲ့နေတဲ့ ခန္ဓာကို အမြင်တင့်အောင်လုပ်နေတာပါ။ စားကောင်းသောက်ကောင်းတွေ သောက်စားပြီး အသက်ဆက်နေတာပါ။ နာဖူးပြင်ပေါ်မှာ အရေးကြောင်းတွေ တစ်နှစ်တစ်ကြောင်းပိုလာတာတွေကို မေ့နေတာပါ။ ပိုပိုရင့်လာတဲ့ရုပ်ကို မမြင်မိတာပါ။ စိုးရိမ်ပူပန်စိတ်နဲ့ ဥစ္စာပစ္စည်းတွေ တိုးတိုးရှာနေတာ ဆင်းရဲမှုကိုမွေးမြူတယ်ဆိုတာ မသိခဲ့တာပါ။ ဆင်းရဲမှုတဲ့။ မျက်နှာကလေး ဆင်းရဲခဲ့ပါတယ်။

လှပမှုအတွက် စိတ်တွေ ဆင်းရဲခဲ့တယ်။ မပြည့်စုံမှုအတွက် ပူပန်ဆင်းရဲခဲ့တယ်။ လိုချင်တပ်မက်မှုအတွက် အတွင်းစိတ် ဆင်းရဲခဲ့တယ်။ ရတာမလို၊ လိုတာမရလို့ ဆင်းရဲရတဲ့ အကြောင်းတွေအတွက် ဖြေသိမ့်စရာဆိုတာ ဆရာကောင်းသမားကောင်း မတွေ့ခဲ့ရဘူး။

သွန်သင်ဆုံးမမဲ့သူ အနီးအနားမှာ မရှိခဲ့ဘူး။ အပူတွေဖိစိးလို့ ယိုယွင်းလာတဲ့ ကျန်းမာရေးကို ပညာပေးအသိနဲ့ ခိုင်မာကျန်းမာလာအောင် ပြန်မလုပ်ခဲ့မိဘူး။ အသိပညာ နုံနဲ့ခဲ့တဲ့ မျက်နှာကလေးမှာ မိတ်ကောင်းဆွေကောင်းတွေ ရှိခဲ့ပေမယ့် တကယ်တမ်း မိတ်ကောင်းဆွေကောင်းတွေရဲ့ ကူညီဖေးမမှုကို မျက်နှာကလေးမရခဲ့တာ ဘာကြောင့်များပါလိမ့်။

 

(၃)

မပြည့်စုံခြင်းဆိုတာကို မျက်နှာကလေးက ဆင်းရဲမှုလို့မြင်ခဲ့မိပေမယ့်လို့ ချမ်းသာမှု ဆိုတာကိုတော့ ဆင်းရဲမှုလို့ မမြင်ခဲ့မိဘူး။ မျက်နှာကလေးတာ အမှတ်သညာကြီးခဲ့မယ်ဆိုရင် ပြောခဲ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို အမှတ်ရခဲ့ဦးမယ်။ ပြောခဲ့ဖူးတဲ့ အကြောင်းကလေးတစ်ခုကို ပြန်လည် အမှတ်ရမိတဲ့အခါမှာ မျက်နှာကလေးရယ် အသိကလေးတစ်ခုတော့ ထားခဲ့ပါဦးလားလို့ ယူကျုံးမရတဲ့ လေသံမျိုးနဲ့များ ပြောမိဦးမလားမသိဘူး။

တကယ်တော့ စက္ကန့်ပိုင်းလေးအတွင်းမှာတင် အသီးကင်းတွေ တဖြုတ်ဖြုတ်ကြွေပြီး အမှည့်လွန် သစ်သီးတွေလည်း မြေခနေကြရနေပြီ။ အပွင့်တဝေဝေ ရှိနေတဲ့ သစ်ပင်မှာ အကင်းတွေ တဖြုတ်ဖြုတ် ကြွေနေခဲ့တာလည်း မြင်နေကြရပြီ။

အချိန်ဆိုတာ ပုံမှန်လည်ပတ်မှုရှိနေတဲ့ ယန္တရားကြီးပါ။ စက္ကန့်ပိုင်းကလေးရယ်လို့ ပေါ့ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ တစ်မိနစ်ရယ်လို့ ပေါ့ပေါ့ဆဆ အမှတ်လိုက်နဲ့……အဲဒီ  မထင်မှတ်တဲ့ မိနစ်ပိုင်းလေး၊ စက္ကန့်ပိုင်းလေး အတွင်းမှာကိုပဲ………အသီးကင်းတွေ၊ အဖူးလေးတွေ၊ ဝင်းဝါလတ်ဆတ်နေတဲ့ အပွင့်ကလေးတွေဟာလည်း………တဖြုတ်ဖြုတ်ကို ကြွေလို့နေကြပါပြီ…။

သော်ဇင်(လွိုင်ကော်)

Date- 28th-Jan-2012

Time- 6:13PM

 

8 comments

  • alinsett

    February 17, 2012 at 7:31 pm

    ကိုသော်ဇင်ရေ……….
    ပြောလိုတဲ ့အချက်ကလေးကို ဖွဲ ့သွားတာ ပညာ ပါ လှပါတယ် ။

    အားကျ အတုယူ သွားပါတယ်နော် ။

    ရသ စာပေ…ကို ကောင်းကောင်း ဖန်တီးပြနိုင်တဲ ့ ဆရာ သော်ဇင်..အောင်မြင် ပါစေ..လို ့ ဆုတောင်းပေးပါရစေ..။

    ခင်မင်လေးစားသော..

    အလင်းဆက်

  • မပြည့်စုံခြင်းဆိုတာကို မျက်နှာကလေးက ဆင်းရဲမှုလို့မြင်ခဲ့မိပေမယ့်လို့ ချမ်းသာမှု ဆိုတာကိုတော့ ဆင်းရဲမှုလို့ မမြင်ခဲ့မိဘူး။ မျက်နှာကလေးတာ အမှတ်သညာကြီးခဲ့မယ်ဆိုရင် ပြောခဲ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို အမှတ်ရခဲ့ဦးမယ်။ ပြောခဲ့ဖူးတဲ့ အကြောင်းကလေးတစ်ခုကို ပြန်လည် အမှတ်ရမိတဲ့အခါမှာ မျက်နှာကလေးရယ် အသိကလေးတစ်ခုတော့ ထားခဲ့ပါဦးလားလို့ ယူကျုံးမရတဲ့ လေသံမျိုးနဲ့များ ပြောမိဦးမလားမသိဘူး။

    ကိုသော်ဇင်ရဲ ့ပို ့စ်လေးက ပညာပေးလေးပိုဆန်ပါတယ်။ကျေးဇူးပါတယ် ကိုသော်ဇင်ရေ။အကိုက လွိုင်ကော်ကဆိုတော့
    ၂၀၀၁ ခုနှစ် တက္ကသိုလ်ဝင်တန်းမှာ ကယားပြည်နယ် ပထမရတဲ့ ကိုညီညီဇင်မင်းလွင်ကိုများသိမလားလို ့ပါ။

    • Thaw Zin Loikaw

      February 18, 2012 at 9:08 pm

      ဟုတ်ကဲ့ သိတယ် ကိုသန်းထွဋ်ဦးရေ..ပြောရရင်တော့ ကျနော်တို့ရဲ့ အိမ်နဲ့ကပ်နေပါတယ်..ခုနောက်ပိုင်းအိမ်ပြောင်းသွားပါတယ်.ဒါပေမယ့် ကျနော်တို့ရပ်ကွက်ထဲမှာပါပဲ…ဘာများပြောပေးရပါမလဲ…လောလောဆယ်တော့ ကျနော်က ဖားကန့်မှာပါ..လွိုင်ကော်ကိုပြန်ရောက်ရင်တော့ သူ့အစ်ကိုကိုတွေ့ပြီးပြောပြပေးလိုက်ပါ့မယ်..။ ညီညီနဲ့ မရင်းနှီးပဲ အစ်ကိုဖြစ်သူ မင်းမင်းနဲ့တော့ရင်းနှီးပါတယ်…။ အောက်မှာ ညီမနှစ်ယောက်ပါရှိသေးတယ်..။ ဟုတ်တယ် ဟုတ်..။

  • blackchaw

    February 18, 2012 at 12:19 pm

    ကိုသော်ဇင်ရေ။
    ကျွန်တော်လည်း ဖတ်ပြီး အကြိုက်တွေ့ကြောင်း
    ပြောခဲ့ပါရစေခင်ဗျာ။

    အချိန်ဆိုတာ ပုံမှန်လည်ပတ်မှုရှိနေတဲ့ ယန္တရားကြီးပါ။ စက္ကန့်ပိုင်းကလေးရယ်လို့ ပေါ့ပေါ့သေးသေး မမှတ်လိုက်ပါနဲ့။ တစ်မိနစ်ရယ်လို့ ပေါ့ပေါ့ဆဆ အမှတ်လိုက်နဲ့……အဲဒီ မထင်မှတ်တဲ့ မိနစ်ပိုင်းလေး၊ စက္ကန့်ပိုင်းလေး အတွင်းမှာကိုပဲ………အသီးကင်းတွေ၊ အဖူးလေးတွေ၊ ဝင်းဝါလတ်ဆတ်နေတဲ့ အပွင့်ကလေးတွေဟာလည်း………တဖြုတ်ဖြုတ်ကို ကြွေလို့နေကြပါပြီ…။

    • nozomi

      February 18, 2012 at 1:41 pm

      ကိုသော်ဇင် ဒီ ပို့စ် လေး သဘောကျတယ် ဗျို့
      အားပေးနေပါတယ် နော

      ကိုပေါက်ဖော် ရေ ဦးချောအတွက် ဝယ်လာတဲ့ သင်္ကန်းလေး ယူခဲ့ပေးပါဦး
      ရွာဦးကျောင်းမှာပဲ သီတင်းသုံးတော့မယ်တဲ့

  • စိန်ပေါက်ပေါက်

    February 18, 2012 at 2:49 pm

    တည်မြဲခြင်းမရှိတဲ့လောကကြီးမှာ ဘာမှမတည်မြဲနေပါဘူးဗျာ
    သက်ရှိထင်ရှား ရှိနေတုန်းကာလမှာ မာန်မာနဒေါသအတ္တအနဂ္ဂသံသာဝင်းတွေ လျှော့ချလို ့ ဘယ်အရမှ မတည်မြဲ
    ဖြစ်ပျက်နေတာပါကလားဆိုပြီး သတိချပ်ကြပါဗျာ..
    ဪ.
    ဟိုအကိုကြီးတောင် ကောင်မလေးနဲ ့ အဆင်မပြေဖြစ်ရာက ရွာဦးကျောင်းမှာပဲ သီတင်းသုံးတော့မယ် ဆိုပါကလား
    အင်းလေ.
    အစကတော့ အပိုင်တွက် မျှော်လင့်ချက်တွေနဲ ့ ခုတော့လဲ မတည်မြဲ အဲဒီစက္ကန် ့ပိုင်းလေးအတွင်းမှာပဲ အမြင်မှန်ရ
    တဏှာကိုစွန် ့ပြီး ဘုရားတရားဘက်လှည့်ဖော်ရတာပဲ ဝမ်းသာလှပါဘိ ဗျာ
    သာဓု.သာဓု..
    သင်္ကန်းပရိက္ခာအစုံကို အဲဒီကောင်မလေးနဲ ့ပဲ ထည့်ပေးလိုက်ပါ့မယ်ဗျာ..
    သာဓုသာဓု

  • chityimhtoo

    February 19, 2012 at 10:55 pm

    အေး…ကြွ..ကြွ…

  • Shwe Ei

    February 20, 2012 at 1:39 pm

    ကိုသော်ဇင်တယောက် ပို့စ်မတင်ဖြစ်တဲ့ ကြားကာလမှာ တရားပေါက် (တယောက်ပါ) သွားတယ်ထင်တယ် 😀

Leave a Reply