တခါတုံးကတက္ကသိုလ်မှာ…RIT Myat Sayar Puzawpwe
ကျွန်တော်ကျောင်းတော်ကြီးကိုမရောက်တာကြာပါပြီ…နှစ်ပေါင်းမနဲတော့ဘူး…
ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အလုပ်သွားတိုင်း ကျောင်းတော်ကြီးရဲ့ရှေ့
အင်းစိန်လမ်းမကြီးအတိုင်း ဖြတ်သွားနေရတော့ ကျောင်းတော်ကြီးကို နေ့စဉ်
မြင်တွေ့ခွင့်ရနေခဲ့ပါတယ်…ဖြတ်သွားတိုင်းလည်း မကြည့်ဘဲမနေနိုင်ပါဘူး..
ကြည့်မိတိုင်းလည်း တစ်နေ့တခြားဖုန်းဆိုးမြက်တွေထူထပ်လာနေတဲ့ ကျောင်းတော်ကြီးကိုကြည့်ပြီး နှမျှောတသလွမ်းမောရပါတယ်…ဒီလောက်ခန့်ခန့်ငြားငြား
ပြည့်ပြည့်စုံစုံ တည်ဆောက်ထားခဲ့တဲ့ ကျောင်းတော်ကြီးကို ဘာလို့ပစ်ထားကြတာပါလိမ့်…
နောက်…ယနေ့အင်ဂျင်နီယာကျောင်းတက်နေကြတဲ့ကလေးတွေ..ကျွန်တော်တို့သားသမီးတွေ
ဘာကြောင့်ဒီကျောင်းတော်ကြီးကိုဝင်ခွင့်မရတာပါလိမ့်…ဘာကြောင့်များမြို့ပြင် လယ်ကွင်းတွေထဲထုတ်ပစ်လိုက်ကြတာပါလိမ့်…ဆိုပြီး..“ဘာလိမ့်”ပေါင်းများစွာနဲ့
စိတ်မကောင်းခြင်းများစွာနဲ့… စဉ်းစားလိုက်တော့မှ…အာဏာရူးလူတစ်စုရဲ့ အာဏာတည်မြဲရေးအတွက် တစ်တိုင်းပြည်လုံးကိုစံနစ်တကျအကွက်ချပြီး နှိပ်ကွပ်နေတာ
အထူးသဖြင့် RIT ကိုပိုပီးအညှိုးထားနှိပ်ကွပ်နေတာ..ပေါ်လွင်လာတယ်..
ဘယ်သူပညာတတ်တတ်မတတ်တတ် သူတို့သားသမီးတွေကိုတော့ နိုင်ငံခြားတိုင်းပြည်
တွေကိုပို့ပြီးကျောင်းတွေထား ပညာသင်ခိုင်း…အလုပ်လုပ်ခိုင်း…ဒါကိုက ကျုပ်တို့တိုင်းပြည်ပညာရေးဟာသုံးစားမရဘူးဆိုတာသူတို့သိပြီးသား……
ဆိုတာဝန်ခံနေသလိုဘဲ..တော်ပါပြီဗျာ…ဒါတွေပြောရင်မဆုံးနိုင်ပါဘူး…..
ဒီနေ့ဂေဇက်ထဲဝင်ကြည့်တော့…
ကျွန်တော်တို့ရွာသူ Ma Ma ရဲ့ RIT ဘာသာရပ်ပေါင်းစုံ ဆရာကန်တော့ပွဲ
လာမဲ့ဒီဇင်ဘာလမှာ ကျောင်းဝန်းထဲကျင်းပမယ်လို့သိလိုက်ရလို့…
ဝမ်းသာမိပါရဲ့…ကျောင်းတော်ကြီးကိုပိတ်ထားတဲ့အပြင် ဆရာကန်တော့ပွဲ
တွေကိုတောင်ကျောင်းတော်ကြီးအတွင်းမှာကျင်းပခွင့်မပေးခဲ့ကြပါဘူး..
ဒါကြောင့်လည်းကျောင်းတော်ကြီးရှေ့ကသာဖြတ်သွားနေပေမဲ့..ကျောင်းထဲတော့
တစ်ခါမှမဝင်ဖြစ်ခဲ့ပါဘူး…..
ဒီနေ့ (၂၆-၂-၂၀၁၂) နေ့မှာတော့တကူးတက RIT ဘက်ရောက်သွားခဲ့ပါတယ်…
အဲဒီမှာထူးခြားတာက ဆရာကန်တော့ပွဲတစ်ခုလုပ်ဖြစ်သွားလို့ပါ…
၁၉၈၅-၈၆-၈ရ စက်မှု့အင်ဂျင်နီယာဘွဲ့ရ ကျောင်းသူ ကျောင်းသားဟောင်းများရဲ့
တတိယအကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲပါ…အရင်နှစ်ကြိမ်လုံး အခုလို
RIT ကျောင်းတော်ကြီးမှာ ကျင်းပခွင့်မရခဲ့ပေမဲ့ ဒီတစ်ခါတော့ အံ့ဩစရာကောင်း
လောက်အောင်ကျင်းပခွင့်ရခဲ့လို့…အင်မတန်ထူးခြားတယ်လို့ပြောလို့ရပါတယ်…
အခန်းအနားကိုတော့ ပထမထပ်က စက်မှု့ခန်းမမှာကျင်းပခဲ့ပါတယ်..
RIT ဝန်းထဲဝင်သွားတော့..ကျောင်းတော်ကြီးရဲ့ဆင်ဝင်ရှေ့က ရေပန်းအဝိုင်း
ကြီးကရေပန်းတွေတဖွားဖွားနဲ့ တွေ့လိုက်ရတော့ ပီတိတွေဖြစ်ပီး တဝကြီး
ရပ်ကြည့်နေမိခဲ့ပါတယ်…မျက်ရည်တောင်ဝဲတယ်ဗျာ…ကျောင်းသားဟောင်းကြီး
တွေလည်းပျော်..ကြွရောက်လာတဲ့ ဆရာကြီးတွေလည်းပျော်…တကယ့် ကြည်နူးစရာ
ပွဲတစ်ခုပါ…ထူးခြားတဲ့ပြောင်းလဲမှု့တစ်ခုလို့လည်းခံစားရပါတယ်..
ဒါနဲ့ဓါတ်ပုံတချို့ရိုက်ဖြစ်ခဲ့ပါတယ်..ဒါပေမဲ့ ကံကဆိုးချင်တော့ လေးငါးပုံ
ဘဲရိုက်လိုက်ရတယ်..ဘက္ထရီကကုန်သွားတယ်…ဒေါပွလွန်းလို့ ဘက္ထရီကိုထုတ်ပီး ကိုင်ပေါက်ပြစ်လိုက်တယ် ..ဒါနဲ့ဘဲရိုက်လို့ရခဲ့သမျှလေးကို
ဂေဇက်ရွာသူရွာသားများ ကိုမျှဝေလိုက်ပါတယ်…တခါက ကိုဘလက်တင်ဘူးတဲ့
RIT အမှတ်တရဓာတ်ပုံလေးတွေနဲ့သာတွဲ ပြီးခံစားကြပါတော့လို့….
https://myanmargazette.net/97708/travel/local-guides
ကျွန်တော်အားလုံးကိုတောင်းပန်ပါတယ်..ဓါတ်ပုံတွေဆက်တင်လို့ဘယ်လိုမှမရတော့လို့
နောက်များမှဘဲထပ်ကြိုးစားပါအုံးမည်
ကွန်ကတော်တော်ဒုက္ခပေးတယ်ဗျာ…ဒီလောက်နဲ့ သည်းခံတော်မူကြပါ…
အားလုံးကိုလေးစားလျှက်..
ကြီးမိုက်။
8 comments
nagar lay
March 3, 2012 at 7:40 pm
မဆိုးပါဘူး။ကိုယ်တောင် ငယ်ဘဝ (ကျောင်းသားဘဝ)ကို ပြန်သတိရသွားတယ်။
ဒါပေမယ့် အဲဒါတွေက အတိတ်ဖြစ်သွားပြီလေ။ နှမြော တသ ဖြစ်ရုံကလွဲလို့ ဘာတက်နိုင်အုံးမှာလဲ။
နောက်ထပ် posts တွေကိုလည်း အားပေးနေပါအုံးမယ်။ ကိုယ့်ရဲ့ post တွေကိုလည်း အားပေးပါအုံး။
နွေဦး
March 3, 2012 at 8:45 pm
တက္ကသိုလ် ကျောင်းသားဘဝကိုပီပီပြင်ပြင်
ခံစားဘို့က ဒီခေတ်ခလေးတွေ အတွက် ထူးဆန်းနေမှာ
ကျောင်းတော်ကြီးဆိုပြီး ကိုယ်အတွက် ထာဝရပါ..
ဒါတွေလဲနားလည်နိုင်မယ်မထင်ပါဘူး.
အတိတ်ဖြစ်သွားပေမဲ့ ခံစားမှုခြင်းမတူနိုင်ပါဘူး
ကျောင်းကိုရောက်တိုင်း ငါတို့တုန်းက ဒီနေရာမှာ ..ဆိုတဲ့ ခံစားမှု
ဟိုတုန်းက..ဒီလိုလေး…ဆိုတာမျိုးတွေတော့ ခံစားနေကြမှာပါ။
ဘာမှမတတ်နိုင်တော့ပေမဲ့ ..ငါတို့ ဒီလို….ဆိုတာလေးတော့ ခံစားစရာ
ကျွန်တော်တို့မှာ ကျန်ပါသေးတယ်ဗျာ…။
MaMa
March 3, 2012 at 9:23 pm
စက်မှုခန်းမနဲ့ ပတ်သက်ပြီး အမှတ်ရစရာလေးတစ်ခုရှိခဲ့တယ်။
ကျောင်းကို စစဝင်တဲ့ နှစ်မှာ မိန်းကလေး နားနေဆောင် LCR မှာ သွားနားနေတုန်း
အောက်ထပ်က စက်မှုခန်းမထဲမှာ စာအုပ်ဖွင့်ပြီး စာမေးပွဲဖြေနေကြတာကို တွေ့တော့ အံ့ဩသွားတယ်။
နှစ်လယ်ကြီးမှာ ဆိုတော့ အတန်းတင်စာမေးပွဲမှန်းလည်း မသိခဲ့ဘူး။
အောက်ထပ်က စာမေးပွဲဖြေတဲ့သူတွေကလည်း စာဖြေရင်း စဉ်းစားရင်းထင်ပါရဲ့ အပေါ်ကို မော့ကြည့်ကြတာ တွေ့ရတော့ သူတို့ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံလေးတွေကို ကြည့်ပြီး ရီချင်လို့
သူငယ်ချင်းတွေစုပြီး စနောက်ပြကြတယ်။
ဝဋ်ဆိုတာ သံသရာမဆိုင်းဘူးဆိုသလိုပဲ………
ကိုယ့်မေဂျာက နောက်ဆုံးနှစ်ကျတော့ နှစ်လယ်မှာ အတန်းတင်စာမေးပွဲစစ်တယ်။
အဲဒီစက်မှုခန်းမမှာပဲ 0pen Book စာမေးပွဲဖြေရင်း ဘာရယ်မဟုတ် အပေါ်ကို မော့ကြည့်မိလိုက်တော့…….
LCR ထဲကနေ အများကြီးပဲ အောက်ငုံကြည့်ပြီး ရီနေကြတာကို တွေ့လိုက်ရတယ်။ 😀
weiwei
March 3, 2012 at 10:21 pm
ကိုကြီးမိုက်က ကျွန်မနဲ့ မေဂျာတူတဲ့ အစ်ကိုကြီးတစ်ယောက်ဖြစ်နေတာသိလိုက်ရလို့ ဝမ်းသာပါ၏ …
ကျွန်မတို့နှစ်က ကျောင်းတော်ကြီးမှာ နောက်ဆုံးတက်ခဲ့ရတဲ့ နောက်ဆုံးမျိုးဆက်များဖြစ်ပါတယ် … အမှတ်တရအနေနဲ့ ယနေ့အထိ ပြောစရာကျန်သေးလို့ သတိရလို့ မဆုံး လွမ်းလို့မဆုံးပါဘူး …
pazflor
March 4, 2012 at 1:50 am
ကျောင်းကြီးက တကယ်နှမြောစရာဗျာ၊ ကျွန်တော်တို ့ခေတ်မှာ က ပိတ်သွားခဲ့ပြီလေ။ အစိုးရကို ပြန်ဖွင့်ခိုင်းဖို ့ပြောကြရင်ကောင်းမယ်နော်ဗျ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 4, 2012 at 2:36 pm
အင်းဗျာ အစိုးရက ရည်ရွယ်ချက်ရှိရှိ ပိတ်ထားတာကိုတွေးမိ
တိုင်း ကျနော်လဲ စိတ်ထဲမကောင်းဘူးဗျာ။
kyeemite
March 4, 2012 at 8:05 pm
မဝေရေ..မှန်ပါတယ်..ကျွန်တော်လည်းဝမ်းသာပါတယ်..
ငှက်ကလေး
March 4, 2012 at 11:15 pm
ကျွန်တော် တို့မှာတော့ တစ်ခါတုံးက တက္ကသိုလ်မှာဆိုပြီး ပြောစရာ အကြောင်းတောင် ရှိဝူး… တစ်ခါတုန်းက တက္ကသို်လ်မှာ ဖဲရိုက်ကြလေသတည်းပဲရှိတယ်… 🙁