မော်တင်စွန်းခရီးစဉ် (၄) အပြန်ခရီးလမ်း
ငွေတောင်ကမ်းခြေကနေ ညနေဘက် ပြန်လာပြီး မော်တင်စွန်းကို ၆ နာရီလောက်မှာ ရောက်ပါတယ်။ အပြန်အတွက် နောက်ဆုံးကားကို စီးမိလို့ ထွက်ဖို့အရေး လူကုန်အောင်စောင့်နေတာနဲ့ အချိန်တော်တော်ကြာသွားသေးတယ်။ မော်တင်စွန်းရောက်တော့ ညနေစာစားဖို့ဆိုင်တစ်ဆိုင်ရွေးပြီး အိမ်ကနေယူသွားတဲ့ ငါးခြောက်ဖုတ်နဲ့ တရုတ်ဟင်းလျှာတစ်ချို့မှာပြီး စားကြတယ်။ ဗိုက်ဆာနေလို့ စားလို့ကောင်းတယ်။ ထမင်းစားနေတာနဲ့ ညနေနေဝင်တာကို ဓါတ်ပုံမရိုက်လိုက်ရဘူး။
ထမင်းစားပြီး မော်တင်စွန်းဘုရားပေါ်တက်တော့ မီးထွန်းချိန်ရောက်နေပြီ။ မှောင်နေပြီမို့ ညဘက်ဘုရားရှုခင်းကိုပဲ ဓါတ်ပုံရိုက်ခဲ့ရတယ်။ ဘုရားပေါ်မှာ လေတဖြူးဖြူးနဲ့ အေးအေးဆေးဆေး ဘုရားရှိခိုးပြီး ထိုင်နေခဲ့တယ်။ ည ၉ နာရီလောက်ရောက်တော့ နဲနဲအေးလာတာနဲ့ ပြန်ဆင်းလာလိုက်တယ်။ ပြသနာက အပေါ့အပါးသွားဖို့ အိမ်သာပဲ။ အများသုံးတွေပဲရှိပြီး တစ်နေရာနဲ့တစ်နေရာ တော်တော်ဝေးပါတယ်။ တစ်ခါတက်ရင် တစ်ရာပေးရတယ်။ သိပ်မညစ်ပတ်သလို အရမ်းလဲ မသန့်ပါဘူး။
ကျွန်မတို့က မိသားစု ၄ ယောက်နဲ့ ကားမောင်းတဲ့သူတစ်ယောက်ပဲပါပြီး စူပါကာစတန်နဲ့မို့ ကားကိုပဲ ဟိုတယ်လုပ်ပြီး ကားပေါ်မှာပဲ အိပ်လိုက်ကြတယ်။ တည်းစရာနေရာတွေက ယာယီဖြစ်လွန်းတော့ အိပ်ဖို့သိပ်အဆင်မပြေပါဘူး။ ပင်ပန်းနေကြတော့ ပင်လယ်လှိုင်းသံကို နားထောင်ရင်း ပင်လယ်ရနံ့ရှုရင်း ဘုရားပွဲရဲ့အသွင်အပြင်တွေကို ခံစားရင်းနဲ့ တစ်ညတာကို ဖြတ်သန်းခဲ့ကြတယ်။ အာရုံမတက်ခင် အိပ်ယာနိုးပြီး ပါလာတဲ့ရေသန့်နဲ့ပဲ မျက်နှာသစ်သွားတိုက်လုပ်လိုက်ပြီး လက်ဖက်ရည်ဆိုင်တစ်ခုမှာ နံနက်စာစားရင်း နေအထွက်ကို စောင့်လိုက်တယ်။ ညအိပ်တုန်းက ရေတက်တာ ကားဘီးအထိရောက်ခဲ့ပေမယ့် မနက်လင်းတော့ ရေကျနေတာ အဝေးကြီးရောက်နေပြီ။ ရေကျထားတဲ့နေရာတွေမှာ လမ်းလျှောက်ရတာ သဲမာမာ တင်တင်းတွေပေါ် လျှောက်ရလို့ အိပဲ့ပဲ့အရသာနဲ့ ဝေလီဝေလင်းနေရောင်နဲ့ ဖောင်တော်ဆိပ်စေတီမြင်ကွင်းတွေက အရမ်းလှပါတယ်။ စိတ်ရှည်ရှည်နဲ့ နေထွက်တာကို စောင့်ကြည့်ရင်း ဓါတ်ပုံတွေရိုက်ကြတယ်။
ဘုရားပေါ်မှာ ဓါတ်ပုံရိုက်တုန်းက ကင်မရာကြေးပေးရမယ်ဆိုပြီး တစ်ထောင်တောင်းတယ်။ ကျွန်မတို့ညီအမက ကင်မရာ ၂ လုံးပေမယ့် မသိချင်ယောင်ဆာင်ပြီး တစ်လုံးဖိုးပဲပေးလိုက်တယ်။ ပေးရတာတောင်မတန်ပါဘူး။ မိုးချုပ်နေတော့ ရိုက်လို့မရဘူးလေ။ မနက်ပိုင်း ကမ်းစပ်မှာ ဓါတ်ပုံရိုက်နေတုန်း ကင်မရာခွန်ဆိုပြီး လာတောင်းသေးတယ်။ ကျွန်မကပြောလိုက်တယ် … ဒီကမ်းစပ်ကြီးကို ဘယ်သူကပိုင်လို့ ကင်မရာကြေးပေးရမှာလဲလို့ .. မပေးနိုင်ဘူးလို့ ပြောလိုက်တော့လဲ ကုတ်ကုတ်နဲ့ပြန်သွားတယ်။
နေထွက်ပြီးတာနဲ့ တခြားလုပ်စရာလဲဘာမှမရှိတော့လို့ တစ်ခါထဲ ပြန်လာလိုက်ကြတယ်။ အပြန်ခရီးက အသွားခရီးလောက် စိတ်မပင်ပန်းတော့ဘူး။ ပထမနေ့က မောင်းခဲ့ပြီးသားလမ်းဖြစ်နေလို့ လွယ်လွယ်ကူကူပဲ ပြန်မောင်းနိုင်ခဲ့တယ်။ တစ်လမ်းလုံး အိပ်ငိုက်လိုက် နိုးလိုက်နဲ့ မနက် ၁ဝ နာရီလောက်မှာ ငပုတောမြို့ကိုရောက်တယ်။ အဲဒီမှာ ခဏလောက်နားပြီး ခရီးဆက်ခဲ့တာ ပုသိမ်ကို ၁၁ နာရီလောက်မှာ ရောက်ပါတယ်။ ပုသိမ်က ရွှေမော်ဓေါဘုရားကို ဝင်ဖူးခဲ့ပြီး ပုသိမ်မြို့ထဲကို ကားနဲ့ပဲ လျှောက်ပတ်ပြီး ကြည့်ခဲ့တယ်။
ပုသိမ်အထွက်လမ်းက ခခကြီး ထမင်းဆိုင်မှာ နေ့လည်စာစာခဲ့တယ်။ ဆန်ကောင်းကောင်း ဟင်းကောင်းကောင်းနဲ့မို့ ထမင်းတော်တော်စားလို့ကောင်းခဲ့တယ်။ သန့်စင်ခန်းတွေလဲ တော်တော်သန့်တာမို့ လမ်းမှာဒုက္ခရောက်ခဲ့သမျှ အတိုးချပြီး အသုံးပြုခဲ့တယ်။ (အီးတုံးကိုတောင် သတိရမိသေးတယ် … 😛 )
အေးအေးဆေးဆေး ထမင်းစားပြီး ခခကြီးဘေးကပ်ရက်က ရွှေမြင်းပျံ ပုသိမ်ဟာလဝါဆိုင်မှာ လက်ဆောင်ပစ္စည်းတွေ ဝယ်ကြတယ်။ နေ့လည် ၁ နာရီမှာ ပုသိမ်ကနေ ပြန်ထွက်ခဲ့တယ်။ အသွားတုန်းက မမြင်လိုက်ရတဲ့ ရှုခင်းတွေကို ကြည့်ရင်း စကားတွေပြောလာခဲ့တယ်။ ပုသိမ်ဘက်က စပါးစိုက်ခင်းတွေ စိမ်းစိုနေတာက မျက်စိတစ်ဆုံးပါပဲ။ ဗိုလ်မြတ်ထွန်းတံတားရောက်တော့ အဲဒီတံတားကြီးမရှိခင်တုန်းက ကျွန်မတို့ခရီးသွားတိုင်း ဇက်ကူးရတဲ့ပြသနာတွေကို ပြန်ပြောမိကြတယ်။ ဗိုလ်မြတ်ထွန်းတံတားကြီးကို ကျေးဇူးအထပ်ထပ်တင်မိတယ်။ ဧရာဝတီတိုင်းဘက်ကို ကျွန်မအဖေက တော်တော်ကျွမ်းကျင်တဲ့သူမို့လို့ မြို့တွေနဲ့ လမ်းခွဲတွေ ခရီးမိုင်တွေကို ပြောပြတယ်။ (လက်တွေ့ ပထဝီပေါ့) ညောင်တုန်းမြို့ပတ်ဝန်းကျင်မှာ ငှက်ပျောပင်တွေ အရမ်းပေါပါတယ်။ ညောင်တုန်းကနေစပြီး လမ်းတစ်လျှောက်မှာ ငါးမွေးမြူရေးလုပ်ငန်းတွေ အများအပြားတွေ့ခဲ့ရတယ်။ ငါးကန်ကြီးတွေ၊ ငါးသယ်တဲ့အအေးခန်းပါတဲ့ကားကြီးတွေ အများကြီးပဲ။ ထန်းတပင်မြို့နယ်အပိုင်းမှာလဲ ငါးကန်တွေရှိသေးတယ်။ အဲဒီလိုမွေးတဲ့သူတွေရှိလို့သာ ကျွန်မတို့လဲ ငါးတွေပေါပေါများများစားနိုင်နေတာမို့ ငါးမွေးတဲ့သူတွေကို ကျေးဇူးတင်မိတယ်။
လှိုင်သာယာကိုရောက်လာတော့ မြို့ပြအသွင်အပြင်တွေစမြင်လာရပြီး မျက်စိနောက်လာပါတော့တယ်။ အိမ်ရောက်တော့မယ်ဆိုတော့ ကျွန်မအဖေက သွားခဲ့တဲ့ ခရီးကီလိုမီတာပေါင်းနဲ့ ကုန်ခဲ့တဲ့ ဆီဂါလံကို တွက်လိုက်တယ်။ စုစုပေါင်း အသွားအပြန် ၇၁ဝ ကီလိုမီတာနဲ့ ဒီဇယ် (ပရီမီယန်) ၂၂ ဂါလံ ကုန်ခဲ့ပါတယ်။ လမ်းတံတားကောက်ခံကြေး ဈေးကြီးကြီးပေးခဲ့ရတာမရှိခဲ့ပါဘူး။ လမ်းကလဲကောင်း၊ ကားကလဲကောင်းတာမို့ ကျွန်မရဲ့ မော်တင်စွန်းခရီးစဉ်က သက်တောင့်သက်သာရှိပြီး စိတ်အပန်းပြေခဲ့ပါကြောင်း …..
17 comments
inz@ghi
March 5, 2012 at 9:50 am
သများ …ဦးဦးဖျားဖျား အားပေးသွားပါတယ်ချင့် ….
😀
ခင်တဲ့
မင်ဇက်
Diamond Key
March 5, 2012 at 9:54 am
သများပြီးတော့ နော်က ဒုတိယ အားပေးနေပါတယ်ဗျာ 😀
weiwei
March 5, 2012 at 9:59 am
အားပေးတာ ကျေးဇူးတင်ပါတယ် …
သွားချင်တဲ့သူရှိရင် အချိန်မှီသွားလို့ရအောင် ခရီးစဉ်အကြောင်း အသေးစိတ်ရေးပြီး မှတ်တမ်းတင်ထားလိုက်ခြင်းဖြစ်ပါတယ်ရှင့် ….
ဆူး
March 5, 2012 at 10:51 am
ဒီလိုမှန်း သိရင် ပုသိမ်ထီး တလက်လောက် လက်ဆောင် တောင်းပါတယ်။
ပုသိမ်ထီးတွေ လှတယ်နော်။
ကြောင်ကြီး
March 5, 2012 at 11:11 am
အန်တီဝေ့မှာ ညီမရှိဒယ်ယား…. ကြောင်ကြီးမှာရဲ ညီယေးရှိဒယ်…. အောင်ကြူးလို့ခေါ်တယ်.. ရိုးသလားမမေးနဲ့…ဆေးခါးကြီးတိုက်တာ ထွေးထုတ်ပစ်တယ်…။ သဘောတူရင် လူကြီးတို့ တာဝန်ရှိတဲ့အတိုင်း စီမံပေးလိုက်ရအောင်…။ ညီလေးကိုယ်စား ရှက်ပါဒယ် 😳
weiwei
March 5, 2012 at 11:22 am
အလာကောင်းပေမယ့် အခါနှောင်းသွားပြီ … 🙂
ကျွန်မညီမလေးက ကလေးတွေအမေရှင့် … 😛 😛
Thint Aye Yeik
February 28, 2017 at 5:43 pm
ဦးဦးကြောင်ရဲ့ရောဂါက ရင့်နေပြီနော်။
၂၀၁၂ထဲက စဖြစ်တဲ့ရောဂါ
ခုထိ အကင်းမသေသေးဘူး။
:k:
Ma Ei
March 5, 2012 at 11:55 am
မော်တင်စွန်းကမ်းခြေပုံလေးက လှလိုက်တာ…
ပုသိမ်ထီး လက်လီ လက်ကား ဆိုင်းဘုတ်လေးနဲ့
နေရောင်အောက်မှာ ထီးကလေးတွေ ပုံထားတာလဲလှနေတာဘဲ..
ဒီနှစ်တော့ ဝေဝေရဲ့ လှပတဲ့ ဓါတ်ပုံတွေနဲ့ဘဲကျေနပ်ရတော့မယ်..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 5, 2012 at 12:05 pm
မမဝေဝေရေ……ပုသိမ်ကို ပိုပြီးရောက်ဖူးချင်တယ်။အခုကျနော့်နာမည်မှာပါတဲ့”” အတိသဉ္ဇာ နာဂရ “”၊
ကူုးသိမ် ၊ ပုသိမနဂရ၊ ပသီ ၊ ပုသိမ် ၊ နဂရ ဝေပုလ်လ မှ ပုသိမ်မြို့ ဟုဆိုသတဲ့ ရာဇဝင် နာမ ရ စ နှင့်
ဧရာဝတီ ပုသိမ်မြို့ မှာသုံးတာပါခင်ဗျ….
တကယ်တော့ ပုသိမ်သူကျနော့်ချစ်သူဆီကို သွားချင်တာကြာပီ။အလုပ်ကတဖက်နဲ ့မို ့ခုနွေတော့ရောက်မှာ
ပါဗျာ။
TTNU
March 5, 2012 at 2:28 pm
ဝေရေ…
တီချာ မော်တင်စွန်းမရောက်ဖူးသေးဘူးတော့။
ဖတ်ပြီးအားကျသွားတယ်နော်။
amatmin
March 5, 2012 at 3:19 pm
အံတီဝေ နဲ့အတူ ခရီးစဉ် စ/ဆုံး လိုက် ဖူး/ပျော် ခဲ့ပါတယ်ဗျ.. 🙂
ဒါနဲ့ အောက်မြန်မာပြည်ကအိမ်သာတွေက အထက်ပိုင်းက အိမ်သာတွေလောက် မသန့်တာ ဘာကြောင့်ရယ်မသိ. :question:
နွေဦး
March 5, 2012 at 4:35 pm
ဝေဝေ မဝေဝေ (အမျှအတန်း)
ဘုရားဖူးအပြန်ဆိုတော့ ပြုခဲ့တဲ့ ကုသိုလ် အဖို့ဘာဂ ကို
အမျှ ဝေဝေ မဝေဝေ
ကျွန်တော်ကတော့ သာဓု သာဓု သာဓု ခေါ်ပြီးပါကြောင်း…
weiwei
March 5, 2012 at 6:30 pm
အမျှမဝေလိုက်တာက ဘုရားဖူးနဲ့မတူပဲ အပျော်ခရီးနဲ့တူသွားလို့လေ …
မော်တင်စွန်းဘုရားကို မရောက်ဖူးတဲ့သူတွေအတွက် ခရီးစဉ်ရေးပေးရင်း သွားချင်စိတ်ပေါက်လာအောင် ပြုလုပ်ပေးတဲ့ကုသိုလ်လေးတော့ ရှိတာပေါ့ …
သာဓုခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ် …
pooch
March 5, 2012 at 10:07 pm
သွားချင်စိတ်တောင် ပေါက်လာပြီ။ ပင်လယ်ကမ်းစပ်နားကနေ လှိုင်းသံနားထောင်ပြီး အိပ်ရတာ ဖီလင်တမျိုးပဲ နေမှာ။
ဦးဦးပါလေရာ
March 5, 2012 at 10:59 pm
အပေါ်ဆုံးပုံက တော်တော်ကောင်းတယ်…
resolution ကောင်းရင် ချဲ့ပြီး နံရံကပ်ထားသင့်တဲ့ပုံမျိုးပဲ…။
super custom က ဒီ့ထက် ဆီစားမယ်ထင်ထားတာ
KZN အင်ဂျင်နဲ့ ဒီလောက်ပဲစားရင် တန်ပါတယ်။
kaung kg16
March 6, 2012 at 11:41 am
အစ်မဝေ ရိုုက်တဲ့ပုံလေးကို share ယူသွားပါတယ်ခင်ဗျ
myat pearl phyu
February 28, 2017 at 4:51 pm
ဒီစာရေးချိန်နဲ့ ခုဆို ၅နှစ်လောက်အချိန်ခြားပြီဆိုတော့
သာမီး မော်တင်စွန်းကပြန်လာရင်
စာလေးရေးချင်စိတ်လေးပေါ်လာမယ်ဆိုရင်
စာရေးတင်ပါဦးမယ်လေ…။