မြတ်သောဆရာ ..သူ့လိုဆရာ(၁)
အခုတလော ကြားကြားနေရတာ နားထဲမှာ မချမ်းသာ၊
ကလေးတွေ ပညာရေးအတွက် ပညာရေးဘတ်ဂျက်က နည်း၊
ကျောင်းဝင်ကြေးဘာကြေးညာကြေးက မိုးပေါ်ရောက် ၊
ဆရာဆရာမတွေက ကျူရှင်မှာပဲစာတွေသင်၊
ကလေးတွေက ဂိုက်ပါမှ စာဖတ်၊
ကျူရှင်စားရိတ်က သိန်းချီကုန်၊
ဒါတွေရှောင်ချင်လို့ ဘိုကျောင်းထား၊
မြန်မာစကားက ထော့ကျိုးဖြစ်၊
ကလေးတွေက ဆရာဆရာမကို မလေးစား။
လမ်းတွေ့လို့မှ မနှုတ်ဆက်ချင်၊
ဆရာဘဝကို ဘယ်သူမှ မဖြစ်ချင်တော့။
တစ်ခြားအလုပ်မရမှ ဆရာဆရာမလုပ်။
လုပ်ရင်လည်း အောက်ဆိုဒ်ရှာ။
ဒီလို အဆိုးသံသရာကြီးထဲမှာ ဆရာဆရာမဆိုတဲ့ စကားကြားရင်
ကလေးတွေကို သူ့အိမ်မှာ ကျူရှင်တက်ဖို့ ညှစ်နေညစ်နေတဲ့ရုပ်၊
အတန်းထဲမှာ ဇာထိုးပန်းထိုးမုန့်ရောင်းနေတဲ့ရုပ်၊
ကျောင်သားမိဘဆီက လက်ဆောင်လာရင်တစ်မျိုး မလာရင်တစ်မျိုးရုပ်လို့ပဲ
ဆရာတွေရဲ့ Image ကိုမြင်ယောင်နေကြပါတယ်။
ဆရာတွေဘက်ကလည်း ဒီလောက်နည်းတဲ့ လခနဲ့
အောက်ဆိုဒ်မှ မရှိရင် မိသားစုစားဝတ်နေရေး ဘယ်လို ထောက်ပံ့မလဲ။
ပီတိကိုစား အားရှိပါ၏ ဆိုတာ စာထဲပဲသွားပြော
ဆိုတာတွေ အပြန်အလှန်ကြားနေရပါတယ်။
ကျွန်မတို့ကတော့ အလွန်ကံကောင်းလှစွာ
ဆရာဆရာမကောင်းတွေနဲ့ တွေ့ခွင့်ကြုံခဲ့ရပါတယ်။
အဲဒီထဲက ဆရာတစ်ယောက်အကြောင်းလေး ပြောပြချင်ပါတယ်။
ကျွန်မရဲ့ ဆရာနာမည်က ဦးသန်းရ ပါ။
ကျွန်မရဲ့ နယ်မြို့လေးသေးသေးလေးရဲ့ အထက်တန်းကျောင်းက
သချင်္ာပြတဲ့အထက်တန်းပြဆရာပါ။
ဆရာတို့က ဗုဒ္ဓဘာသာဝင် ကရင်လူမျိုးပီပီ အလွန်ရိုးပါတယ်။
ဆရာဟာ ဉာဏ်ထက် ဝီရိယအားပိုကောင်းတဲ့သူပါ။
ဆရာနဲ့ ကျွန်မ အစ်မဝမ်းကွဲတွေက တစ်တန်းတည်းသားတွေဆိုတော့
ဆရာငယ်ငယ်က ရတန်းမှာ အစမ်းစာမေးပွဲ ပထမရလို့ စာမေးပွဲကြီး မဖြေပဲ အောင်ခဲ့ရတဲ့ အကြောင်းကြားဖူးပါတယ်။
ဆရာကတော့ တစ်ခါမှ မပြောပြပါဘူး၊ကျွန်မတို့လို ကြုံကြွားထဲ မပါဘူးဆိုပါတော့။
ဆရာ့ညီမ အငယ်ဆုံးက ကျွန်မနဲ့ ရွယ်တူ အတန်းတူ သူငယ်ချင်းပါ။
သူကလည်း ရိုးလိုက်တာမှ အဲဒီ အရွယ်ကတည်းက ထားတဲ့ ကျစ်ဆံမြီးရှည်ရှည်
တင်းတင်းကျစ်ကျစ်ထားတဲ့ စတိုင်ကနေ ခုဆို ညှပ်ကလစ်နဲ့ ဆံပင်တွေ ခေါက်တင်ထားတဲ့ ပုံပြောင်းတာလေးပဲရှိပါတယ်
။မောင်နှစ်မအားလုံး အဝတ်ရိုးရိုး အစားရိုးရိုး စကားရိုးရိုးတွေချည်းပါပဲ။
ကျွန်မတို့ ဆယ်တန်းမှာ ဆရာက သချင်္ာသင်တော့ တစ်တန်းလုံး နားမလည်မချင်း အထပ်ထပ် ရှင်းပြပေးတတ်တဲ့ ဆရာပါ။
နှစ်လည်လောက်ရောက်ပြီဆိုရင် စနေ၊တနင်္ဂနွေ မနက်တိုင်း special class ခေါ်ပြီး အပိုသင်ပေးပါသေးတယ်။
သူနားရမယ့် အချိန်တွေမနားပဲ ကျောင်းမှာပဲ တစ်တန်းလုံးကို အခမဲ့ခေါ်သင်တာပါ။
အိမ်စာတွေဆိုရင် အများကြီးပေးတတ်လို့ ကျောင်းသားတွေက ဆရာဦးဘီးစိပ် အချိန်ဆို
စာအုပ်အပိုတွေ ဆောင်သွားလို့ နောက်ကြရတဲ့ အထိပါပဲ။
ကျွန်မတို့ သူငယ်ချင်း ၆ယောက်လောက်ကတော့ စာဂျပိုးတွေမို့လို့
ဆရာပေးသလောက် အိမ်စာမညည်းတမ်းတွက်တတ်တဲ့ ဆရာ့ အချစ်တော် အုပ်စုပါ။
တစ်ခါတော့ အခြားဆရာတစ်ယောက် မဝင်နိုင်တဲ့ အတန်းကို ဆရာ အစားဝင်သင်ပါတယ်။
သူ့ပုံမှန်အတန်းမဟုတ်တဲ့အတွက် နာရီဝက်လောက်သင်ပြီးတော့ ဆရာက အိမ်စာ ၁ဝပုဒ်ပေးပြီး နားပါတယ်၊
ကျန်တဲ့ သူငယ်ချင်းတွေ စကားပြောနေချိန်မှာ ကျွန်မက အိမ်စာတွေ ထိုင်တွက်နေပါတယ်။
(အမှန်တော့ အိမ်ရောက်ရင် အပြင်စာတွေ ဖတ်ချင်လို့ပါ)သချင်္ာပုစ္ဆာ ၁ ပုဒ်က တွက်နည်း ၂မျိုးတွက်လို့ရတော့
၂ မျိုးလုံးချတွက်ကြည့်လိုက်သေးတယ်။ကိုယ့်ဖာသာ စိတ်ဝင်တစားတွက်နေတော့ ဆရာဘယ်အချိန်က
ကြည့်နေမှန်းတောင် သတိမထားမိဘူး၊အားလုံးပြီးလို့ ခါးဆန့်လိုက်တော့မှ ဆရာက ကျွန်မစာအုပ်ကို ယူပြီး
တစ်တန်းလုံးကို ထောင်ပြပါတယ်။ဒီမှာကြည့်ကြစမ်း၊မင်းတို့ စကားပြောနေချိန် မင်းတို့သူငယ်ချင်းက အိမ်စာတွေ အားလုံးလုပ်ပြီးသွားပြီ၊
တွက်လို့ရတဲ့ နည်းတောင် အမျိုးမျိုးပြောင်းတွက်ထားသေးတယ်၊ဒီလိုကြိုးစားကြပါ လို့ တစ်တန်းလုံးကြားအောင် ပြောပြပါတယ်။
ကျွန်မဖြင့် ကိုယ့်ကို ပေါ်တင်ကြီး ချီးကျူးတော့ မျက်နှာပူပူနဲ့ ဒါပေမယ့် သဘောလည်းကျတာပေါ့၊
ဆရာ့ဘာသာ သချင်္ာကိုလည်း ကြိုးစားလိုက်တာ ၁ဝတန်းအောင်တော့ အမှတ် ၉ဝကျော်ရခဲ့ပါတယ်။
အဲဒီလို ကျောင်းသားတွေကို ဝီရိယရှိအောင်လည်း ပျိုးထောင်ပေးတတ်တဲ့ ဆရာပါ။
ဆရာ့ကို ကျောင်းသားတွေက ကြောက်ချစ်ရိုသေ မဟုတ်၊ နည်းနည်းမှ မကြောက်ကြပေမယ့် အားလုံးက ချစ်ကြပါတယ်။
ဆရာလူပျိုကြီးကို ကျောင်းသားကြီးတွေက ဆရာမ ငယ်ငယ်ခေတ်ဆန်ဆန်နဲ့ ဝိုင်းပြီးလှော်ကြတာ။
ဆရာက စကားလည်းနည်း၊ရိုးလည်းရိုးတော့ ဆရာမလည်း အခြားသူနောက် ပါသွားပါလေရော။
ကျွန်မတို့ တက္ကသိုလ်တက်နေချိန် ဆရာ့မိဘတွေ အစွမ်းနဲ့ပဲနေမှာပါ ၊
ရိုးသားတဲ့ ကရင်အမျိုးသမီးလေးနဲ့ အိမ်ထောင်ကျပြီး သမီးလေး၃ယောက်ရပါတယ်။
ဆရာ့ညီမတွေဖြစ်တဲ့ ကျွန်မ သူငယ်ချင်းနဲ့ နောက်တစ်ယောက်ကလည်း ကျောင်းဆရာမတွေချည်းပါပဲ။
ကျွန်မ သူငယ်ချင်းကတော့ အခုထိ မူလတန်းကျောင်းအုပ် အပျိုကြီး ရိုးရိုးကြီးပါပဲ။
ကျွန်မကျောင်းပြီးလို့ မြို့မှာဆေးခန်းပြန်ဖွင့်နေချိန်
ဆရာဟာ သူ့ကိုအလကားကုပေးနေမှာ အားနာလို့ထင်ပါရဲ့ ကျွန်မဆေးခန်းကို တစ်ခါမှ မလာပါဘူး
။ဆေးခန်းပိတ်ပြီး အဖေ့ပွဲရုံမှာ ကူလုပ်ပေးနေချိန် တနင်္ဂနွေ တစ်ညနေ စာရင်းတွေလုပ်နေတုံး
စားပွဲရှေ့မှာ လူရိပ်တွေ့လို့မော့ကြည့်လိုက်တော့ ချွေးတွေရွှဲနေတဲ့ ဆရာ့ကိုတွေ့လိုက်ရပါတယ်။
ဟာဆရာ ဘယ်ကလာတာလဲလို့ နှုတ်ဆက်လိုက်တော့ ကမ်းနားကလှေထဲမှာ ငရုတ် ၂အိတ်ရောင်းဖို့်ပါလာတယ်တဲ့၊
ကျွန်မ စိတ်ထဲ ဆရာ့ ဆွေမျိုးတွေ လက်ဆောင်ပေးလိုက်တာ ပြန်ရောင်းမယ်ထင်မိတယ်။
ဒါနဲ့ အလုပ်သမားတွေခေါ် အိတ်တွေတင်ခိုင်းရင်းနဲ့ ဆရာ့ကို ဗျူးကြည့်တော့မှ
တစ်နာရီလောက် လှေလှော်သွားရတဲ့ရွာက ဆရာ့အမျိုးတွေပေးတဲ့ လယ်တစ်ကွက်မှာ ကျောင်းပိတ်ရက်တွေ ငရုတ်သွားစိုက်ပါတယ်တဲ့။
စနေ တနင်္ဂနွေတွေဆို မနက်စောစော လှေလှော်သွား ၊ရေတင၊် ပေါင်းလိုက်၊ငရုတ်ခူး၊နေလှန်း
ကြားရက်တွေတော့ အမျိုးတွေ ဝိုင်းကြည့်ပေးကြပါတယ်တဲ့။
ကမ်းနားကလှေထဲလိုက်ကြည့်တော့ နေပူခံအောင် တဘက်ကြီး ခေါင်းပေါင်းထားတာ ကျွန်မသူငယ်ချင်းပါ။
ဆရာတို့မောင်နှစ်မ ယူလာတဲ့ ငရုတ်အိတ်ကို အလေးချိန် မှန်အောင် ကိုယ်တိုင်ချိန်ပေးပြီး
ဆရာ ၂၆ ပိဿာ ၅ဝသား ရှိတယ်နော်ဆိုတော့ ချိန်မလာပါဘူး၊မင်းမှန်အောင်ချိန်ပေးမှာပဲတဲ့။
ချိန်ပြီးအိတ်ကို အလုပ်သမားလေးတွေ သွန်ခိုင်းလိုက်တော့ အထဲက ငရုတ်တွေက အခြားတောင်သူတွေနဲ့မတူ ဂျွမ်းဂျွမ်းမြည်အောင် နေလှန်းထားပြီး
ဖလံ၊လုံးပျော့ တစ်တောင့်မှ မပါအောင် ရွေးသန့်ထားပါတယ်။
တပည့်ကို မကောင်းတာပေးရမှာ အားနာလို့ အပင်ပန်းခံလုပ်ထားတာ သိသာလိုက်တာ။
ဈေးကို အဲဒီနေ့ရဲ့ အမြင့်ဆုံးဈေးနဲ့ တွက် ၊ကျသင့်တဲ့ ပိုက်ဆံပါ သေချာ သစ်သစ်လေးတွေရွေးပြီး
ဆရာ့လက်ထဲ ရိုရိုုသေသေ ထည့်ပေးတော့ ဆရာက ရေတောင်မရေပါဘူး။မင်းပေးတာ ပြည့်မှာပါကွာတဲ့။
စာရေးတွေရော အလုပ်သမားလေးတွေရောက ဆရာ့တပည့်တွေချည်းဆိုတော့
ဆရာလာရင် အားလုံး ပျာပျာသလဲလုပ်ပေးကြပါတယ်။ အလုပ်သမားတွေကလည်း ဆရာ့ကိုဆို သူတို့ရဲ့ လုပ်အားခ မယူတော့ပါဘူး။
ဆရာက အပြင် ကျူရှင်လည်းမပြပါဘူး၊ကျောင်းသားလည်း အိမ်ခေါ် မသင်ပါဘူး။
ပညာရေးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေ တစ်ခုမှ မဖောက်ဖျက်တဲ့ သူပါ။
မလောက်ငတဲ့ အိမ်စားရိတ်ကိုဖြည့်ဖို့ အပင်ပန်းခံ အလုပ်လုပ်ပြီးရှာပါတယ်။
တစ်နှစ်ကို ယာထွက် ငရုတ်၂ခါလောက် လာရောင်းပြီး အဲဒီဝင်ငွေနဲ့ လောက်အောင် ကြွေးမြီမရှိရအောင် ဆရာ့အိမ်သူကလည်း ခြိုးခြံသုံးရှာပါတယ်။
24 comments
ဦးဦးပါလေရာ
March 8, 2012 at 11:23 pm
မပဒုမ္မာရယ်…
ဒီပိုစ့်လေးဖတ်ပြီး
ကျနော့် ဆရာဟောင်း ဆရာမဟောင်းတွေကို လွမ်းလိုက်တာ….။
အရင်ကဆရာကောင်းဆရာမကောင်းတွေဟာ
သိက္ခာကို အလဲအထပ်မလုပ်ဘူး
သီလကို ဆင်ခြေမပေးဘူး
ခံယူချက်ကို အရောင်မပြောင်းဘူး
အကြောင်းပြချက်တွေနဲ့ အကာအကွယ်မယူတတ်ကြဘူး… နော်
သူတို့ တပြည့်ဖြစ်တဲ့ ကျွန်တော့်ကျတော့မှ …….. ?
padonmar
March 9, 2012 at 12:05 am
ဟုတ်ကဲ့ ဦးပါ
ကျွန်မတို့ ဆရာဆရာမကောင်းတွေကို တော်တော်များများမီလိုက်ရပါတယ်။
အခုခေတ်လည်း ရှိသင့်သလောက် ရှိဦးမှာပါ။
ဆရာကောင်းတွေ ပြန်များလာဖို့
ကိုမှိုအပြောနဲ့ဆို ခဲတစ်လုံးပစ်ကြည့်
သူကြီးအပြောနဲ့ဆို ကြယ်ငါးတစ်ကောင်ရေထဲလွှတ်ပေးကြည့်တာပါ။
weiwei
March 9, 2012 at 12:11 am
ကျွန်မတို့ခေတ်ကတော့ စတင်ပျက်စီးစပြုချိန်ဖြစ်နေခဲ့တယ် … ဒါပေမယ့် အခုခေတ်လိုတော့မဟုတ်ခဲ့ဘူး … အရမ်းလေးစားရတဲ့ ဆရာ ဆရာမတွေနဲ့ သူတို့ရဲ့ကျေးဇူးတွေအများကြီးပဲ ရှိနေခဲ့တယ် …
Image ကောင်းကောင်းထင်ကျန်ခဲ့တဲ့ ဆရာ ဆရာမဟောင်းတွေကို အမြဲတမ်း လေးစားပြီး ကျေးဇူးတင်စိတ်ဖြစ်မိတယ် …
padonmar
March 9, 2012 at 12:25 am
ဝေဝေရယ်
အန်တီတို့ခေတ်ကတော့ ကျောင်းကဆရာဆရာမပေါ်မှာ အများကြီး အားထားရပါတယ်။
အန်တီတို့ သူငယ်ချင်းတစ်စု ကျောင်းပြီးတဲ့ထိ ကျူရှင်ယူစရာ မလိုလောက်အောင် ကျောင်းက ပြည့်ပြည့်စုံစုံ သင်ပေးတဲ့ခေတ်ပါ။
ဒါကြောင့် ဆရာဆရာမတွေအတွက်ဆိုရင် ဘယ်တစ်ယောက်ကမှ မငြိုငြင်ကြပါဘူး။
ဖုန်းဆက်ပြီး အလှူခံရင်တောင် နိုင်သလောက် မငြင်းတမ်း ပေးကြပါတယ်။
htet way
March 9, 2012 at 9:49 am
ဆရာဆိုတော့ ငယ်ဆရာတွေ ကောင်းပါတယ် ကိုယ်ကျင့်တရားရော အကုန်ကောင်းတယ်
ဆရာပီသ ကြတယ်။
ဒေါက်တာရေ ကျွန်တော်က ဆရာ၁၃နှစ်လုပ်ဖူးပါတယ် ဆရာ အစစ်တော့ မဟုတ်ဘူး ကျူရှင်
်ဆရာပါ။
ပညာရေးမှူးကပြောပါတယ် ဆရာထက်ရေ ခင်ဗျားကတော့ ချမ်းသာမယ့်ဆရာ မဟုတ်ပေဘူး ဆရာပီသလို့ပါ။ကျူရှင်ဆရာဆိုတာ ဆရာပီသလို့ မရဘူးတဲ့။
ဆေးကုတဲ့ အလုပ်ကြောင့် ကျူရှင်ချိန်တွေပျက်လွန်းလို့ ချစ်လျှက်ခွဲခွာခဲ့ရတဲ့ ဘဝလေးတစ်ခုပါ။
ကျွန်တော်တို့ ကတောကျောင်းထွက်တွေဆိုတော့ …ဆရာကောင်းတွေကို ရလိုက်ပါတယ်။
ဒေါက်တာ ကျန်းမာ၍ပျော်ရွှင်ပါစေ
padonmar
March 9, 2012 at 9:39 pm
ဆရာထက်က အခုလည်း ဆေးဆရာပီသတဲ့ ဆေးဆရာကောင်းတစ်ယောက်ပါပဲ။
ကျူရှင်ဆရာတွေထဲမှာလည်း ဆရာပီသတဲ့ ဆရာတွေ ရှိမှာပါ။
နွေဦး
March 9, 2012 at 11:07 am
ဖတ်ရတာ ကြည်နူး ကြေကွဲ နေသလိုပါဘဲ ခံစားရပါတယ်
တခု အမြင် ရသွားပါတယ်
ဒေါ်ပဒုမ္မာ ရဲ့ ဆရာလို မျိုး ဆရာတွေ အများကြီးရှိ နေမယ်ဆိုရင်..
ဆရာတိုင်းဟာ ကိုယ်ကျင့်တရားကို ထိမ်းသိမ်းပြီး အဲလိုနေကြမယ်ဆိုရင်..
အင်မတန် ပျော်ရွှင် အေးချမ်းတဲ့ လောက ကြီးကို တွေ့မှာအမှန်ပါ.
သူတို့ရဲ့အေးငြိမ်းမှု ဟာ ပါတ်ဝန်းကျင်ကလူတွေကိုပါ အေးမြစေပါတယ်
အခုတော့
လောဘ ဒေါသ အပူတွေနဲ့ ကိုယ်ကျင့်တရား ပျက်နေကြတာ.
ဘယ်တော့များမှ အမြင်မှန် ရပြီး အေးချမ်းကြမလဲ…
amatmin
March 9, 2012 at 11:29 am
အန်တီပဒုမ္မာရေ..
အဲလိုဆရာတွေတော့ မကြုံလိုက်ရပါဖူး..ရှိနေမယ်ဆိုတာတော့ သိပါတယ်
ဒါလည်း ဆရာ့ကျေးဇူးဆပ်နည်းတမျိုးပေါ့နော်..
ဆရာ့ ရဲ့ကောင်းမြတ်တဲ့ လုပ်ဆောင်ကျင့်ကြံမှုတွေက တပည့်ဆီကို ဓါတ်ကူးလာတယ်ဆိုတာ..
အန်တီပဒုမ္မာကို ကြည့်ပြီး လက်ခံယုံကြည်လို့ရပါတယ်..
ကို်ယ်ကျင့်တည်ကြည်ပြီး အလုပ်အပေါ်ဂုဏ်ယူတတ်သူတွေ အကြောင်းသိရဖတ်ရလေ..
ကျနော်တို့အဖို့ အတုယူစရာတွေ များလေလေမို့..
အန်တီ့ စာအတွက် လက်မတချောင်းနဲ့အားပေးသွားပါတယ်ဗျာ..
padonmar
March 9, 2012 at 9:42 pm
နွေဦး နဲ့ အမတ်မင်း
သေချာစဉ်းစားကြည့်ရင် ဒီဆရာလို မဟုတ်တောင် လေးစားထိုက်တဲ့ ဆရာတွေတော့ တွေ့ဖူးကြမှာပါ။
ကိုယ်လည်း သင်ပေးရတဲ့ ဆရာဘဝရောက်တဲ့ အခါ လေးစားထိုက်သောဆရာများ ဖြစ်စေချင်တာပါပဲ။
အားပေးတာ ကျေးဇူးတင်ပါတယ်။
Kaung Myat Thu
March 9, 2012 at 12:44 pm
Padonmar ပြောတဲ့ဆရာဦးသန်းရဟာတကယ်လည်းတော်ပါတယ်။အသင်အပြလည်းကောင်းပါတယ်။
ကျွန်တော်ဟာPandomarတို့နောက်မှဆရာနဲ့သင်ရတာပါ။၉တန်းနှစ်မှာဒုတိယအစမ်းစာမေးပွဲစစ်ပါတယ်။
အဲဒီမှာကျွန်တော်ကပုစ္စာအားလုံးနီးပါးဖြေနိုင်တယ်။အမှတ်တွက်ကြည့်တော့လည်း၉ဝလောက်သာသာရဖို့
ကျိန်းသေတွက်ထားခဲ့ပေမယ့် အမှတ်စာရင်းထွက်လာတဲ့အခါကျွန်တော်သချင်္ာအမှတ်၂ဝကျော်သာရခဲ့တယ်။
အဖြေလွှာမှားသလား၊အဖြေလွှာအလဲခံရလားမသိ။မကျေနပ်တဲ့အတွက်ကျောင်းအုပ်ကြီးရုံးခန်းကိုသွားတိုင်
လိုက်တယ်။နောက်ဆုံးဘယ်လိုအဖြေပေါ်သွားလဲမသိ။ကွှန်တော့်ကိုအမှတ်၄ဝအောင်မှတ်နဲ့နှစ်သိမ့်လိုက်ပါ
တယ်။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဆရာ့အပေါ်လေးစားမှုကွယ်ပျောက်သွားခဲ့ရပါတယ်။
Kaung Myat Thu
March 9, 2012 at 7:02 pm
ကျွန်တော့်commentထဲကသချင်္ာသင်တဲ့၊အမှတ်စစ်တဲ့ဆရာဟာအဲဒီဆရာဦးသန်းရပါပဲ။-ဆိုတာ
ထပ်ဖြည့်စွက်လိုက်ရပါတယ်။
padonmar
March 9, 2012 at 10:29 pm
ကိုကောင်းမြတ်သူရေ
ပထမဆုံးပြောချင်တာတော့ ဒီရွာထဲမှာ (ရွာလို့ သုံးနေကြပေမယ့် ပြားနေတဲ့ ကမ္ဘာကြီးထဲမှာ)
ကိုယ့်မြို့သားတွေ့ရတာ အလွန်တစ်သိန်း ဝမ်းသာပါတယ်။
ကျွန်မတော့ ကျွန်မရဲ့ မြို့လေးကို သိပ်ချစ်ပါတယ်။
ဦးနုရဲ့မြို့၊ခင်နှင်းယုရဲ့မြို့၊စန္ဒယားလှထွဋ်ရဲ့မြို့
နှစ်ဆန်းတစ်ရက် ဘုရားကြီးရေသပ္ပါယ်တယ်ဆိုပြီး ရေပက်လို့ရတဲ့မြို့၊
ကျောင်းကြီးကထိန်မှာ လက်စွမ်းပြ ပဒေသာပင် အရုပ်တွေနဲ့ လှည့်တဲ့မြို့
(ကြောင်လတ် ထင်တယ် တစ်ခါ ဝေဖန်စာရေးဖူးတယ်)
၊မြို့သေးပေမယ့် အစဉ်အလာရှိတဲ့မြို့ လို့ အမြဲဂုဏ်ယူပါတယ်။
ကိုကောင်းမြတ်သူက ကျွန်မကိုသိနေပုံရပါတယ်။
ကိုကောင်းမြတ်သူရဲ့ အဖြစ်လေးဖတ်ရတာ ကိုယ်ချင်းစာမိပါတယ်။
ကိုယ်ကြိုးစားသလောက် ရလာဒ်က မဖြစ်လာတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ
ကျွန်မလည်း ကိုယ်တွေ့ခံစားရဖူးလို့ ကိုယ်ချင်းစာတယ်လို့ကို သုံးလိုက်တာပါ။
ွှအရင်လည်း ကွန်မန့်တစ်ခုမှာရေးခဲ့ဖူးပါတယ်။
ဆယ်တန်းစာမေးပွဲမှာ bio ကို ကိုယ့်အထင် ၉ဝကျော်ရရမယ်လို့ ကျိန်းသေတွက်ထားရာကနေ D တောင်မပါ၊အမှတ်ထွက်တော့ ၆၈ ပဲရတဲ့ အတွက် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိ နှစ်ပေါင်းများစွာ ရင်ထဲ အကြိတ်အခဲဖြစ်နေရတဲ့ အကြောင်းလေးပါ။Bio ဆရာကတောင် နှစ်ပေါင်းကြာတဲ့အထိ နင်ဘာလို့ Bio D မထွက်လဲ ငါ စဉ်းစားမရဘူးလို့ ပြောဆဲပါ။
ကိုကောင်းမြတ်သူကမှ ၉ တန်း အစမ်းစာမေးပွဲပဲ ရှိပါသေးတယ်။ကျွန်မလို ဘဝကို ဆုံးဖြတ်ပေးတဲ့ ၁ဝ တန်း အတန်းတင် မဟုတ်သေးပါဘူးနော်။
နောက်ပြီး ဒီကိစ္စမှာ ဘယ်သူ့ အမှားလဲမသိပေမယ့် ဆရာ လာဘ်စားပြီး ကိုကောင်းမြတ်သူရဲ့ အဖြေလွှာကို လဲလိုက်တာတော့ ဟုတ်မယ်မထင်ပါဘူး။ဘာလို့လဲဆိုတော့ ဒီလိုလုပ်လို့ ဘယ်သူ့မှာမှ အကျိုးမရှိပဲကိုး။
ဆရာ့မှာ အပြစ်ရှိခဲ့ရင်လည်း အဖြေမှန်ရအောင် မဖော်ထုတ်လိုက်တဲ့ အပြစ်ပဲရှိပါလိမ့်မယ်။
ဒီနေရာမှာ ကြားနာရဖူးတဲ့ ဓမ္မဗျူဟာ ဒေါ်ခင်လှတင်ရဲ့ အဖြစ်မှန်လေးပြောပြချင်ပါတယ်။
ဆရာမဟာ သူဆရာဘဝရောက်ပြီးမှ အဘိဓမ္မာ ဂုဏ်ထူးဆောင် စာမေးပွဲဝင်ဖြေပါတယ်။
အလွန်ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ ပထမဆင့်ကို ဆုရသူစာရင်းမှာ ပါမလာပါဘူး၊
အောင်ရုံပါပဲတဲ့။ သေချာလိုက်စုံစမ်းကြည့်တော့ အဖြေလွှာ ၂ပိုင်းကွဲသွားပြီး ၁ပိုင်းက အမှတ် ၄ဝ နဲ့ အောင်၊ နောက် ၁ ပိုင်းက အမှတ် ၆ဝ နဲ့ အောင်ပါသတဲ့။
အဖြစ်မှန်သိပြီးတဲ့နောက်မှာ ဆရာမဟာ ဘယ်ကိုမှ တိုင်တောခြင်း မလုပ်တော့ပဲ ကျေနပ်လိုက်ပါတယ်တဲ့။တိုင်ခဲ့ရင် အမှတ်စာရင်းသွင်းတဲ့ သာသနာရေးဦးစီးက ဝန်ထမ်းလည်း အလုပ်ပြုတ်မယ်၊အဆင့်ဆင့် ဆုရကြတဲ့သူတွေလည်း လျှောကျလို့ စိတ်ဆင်းရဲရမယ် လို့ ညှာတာတဲ့အတွက် ကိုယ့် ကံ-ကံ၏အကျိုးလို့ခံယူပြီး ကျေကျေနပ်နပ်ကြီးကို ခွင့်လွှတ်လိုက်ပါတယ်တဲ့။
အဲဒီ စကားကို နာကြားရပြီးတဲ့ အခါ ကျွန်မလည်း တစ်သက်လုံးက စူးလာတဲ့ ရင်ထဲကဆူး တစ်ချောင်း ပျောက်ပျက်သွားပါတယ်။
ကိုကောင်းမြတ်သူလည်း ရင်ထဲကဆူးပျောက်နိုင်ပါစေ။
မေတ္တာဖြင့်
ပဒုမ္မာ
ကြောင်ကြီး
March 10, 2012 at 12:50 pm
ကြောင်ကြီးတုန်းက ဆယ်တန်းသချာင်္စာမေးပွဲ ၁၀ဝ အပြည့်ရခဲ့တာကို စာစစ်ဌာနက အသိအမှတ် ပြုမပေးဘူး။ လူကြီးတွေကိုပြောပြတော့ ရှေ့နှစ်ခါဖြေတုန်းက ၃ဝမှတ် စီရတယ်တဲ့၊ တတိယအကြိမ်ကြတော့ ၄ဝ ရတာလို့ပြောတယ်…။ ဘာပဲဖြစ်ဖြစ် တရာဟာ တရာပဲပေါ့နော်… တရာနဲ့ပဲဖြေပါတယ်…။ ဟေး…ငါတရာ ရဒယ်ကွ…။
manawphyulay
March 9, 2012 at 1:13 pm
ဆရာတွေဘက်ကလည်း ဒီလောက်နည်းတဲ့ လခနဲ့
အောက်ဆိုဒ်မှ မရှိရင် မိသားစုစားဝတ်နေရေး ဘယ်လို ထောက်ပံ့မလဲ။
ပီတိကိုစား အားရှိပါ၏ ဆိုတာ စာထဲပဲသွားပြော
ဆိုတာတွေ အပြန်အလှန်ကြားနေရပါတယ်။
ဒီစကားတွေကတော့ အရင်ခေတ်ကဟုတ်ချင်ဟုတ်မယ်။ ခုခေတ်တော့ အဲလိုတွေ သိပ်မရှိကြတော့ပါဘူး။ အရင် မနောတို့ ဆရာတွေဆိုရင် တစ်နှစ်လုံးလည်း အခမဲ့သင်ပေးတဲ့အပြင် အိမ်ပြန်ရင် မုန့်ဖိုးပါ ပြန်ပေးသေးတာ ပြန်လည် အမှတ်ရမိတယ်။ တကယ့်ဆရာကောင်းတွေပါပဲ။ အန်တီပဒုမ္မာပြောလို့ ကဗျာလေးတစ်ပုဒ်တောင်စပ်မိသေးတယ်။ မမေ့သင့်သောဆရာများအတွက်ပေါ့။
padonmar
March 9, 2012 at 10:30 pm
မနောလေးရဲ့ ကဗျာလေးလည်း ဖတ်ချင်ပါတယ်ကွယ်။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 9, 2012 at 1:19 pm
ခုလို လေးစားစရာဆရာသမားကောင်းတွေနဲ ့ဖြတ်သန်းလာရတဲ့
မမပဒုမ္မာတို ့လို သမားကောင်းတွေ ပေါများပါစေလို ့ဆုတောင်း
ရုံဘဲ တတ်နိုင်တော့မှာပါလား။
padonmar
March 9, 2012 at 10:32 pm
ကိုသန်းထွဋ်ဦး ရေ
ကျွန်မက သမားကောင်းမဖြစ်လာနိုင်တော့ဘူးလေ။
အရည်ပျော်ဦးနှောက်ဘဝပါ
TTNU
March 9, 2012 at 1:58 pm
ပဒုမ္မာရေ..
ဆရာကောင်းတစ်ယောက်အကြောင်းရေးသွားတာ
လေးစားစရာကောင်းလိုက်တာ။
ဆရာအမျိုးမျိုးအထွေထွေထဲမှာ လေးစားစရာဆရာတစ်ယောက်အကြောင်း
ဖော်ပြရေးသားထားတာ ကျေးဇူးတင်စရာပါကွယ်။
padonmar
March 9, 2012 at 10:38 pm
တီချာကြီး ဟာလည်း ဆရာကောင်းဆိုတာ ယုံကြည်ပါတယ်။
တပည့်တွေချစ်လို့သာ မာမီအခေါ်ခံရတာပေါ့။
(ဟိုမာမီနဲ့တော့ မဆိုင်ဘူးနော်)
ဆရာဆိုတာကို အထင်လွဲနေကြတာလေးတွေ ပြေစေချင်လို့ပါ တီချာကြီးရှင့်။
MaMa
March 9, 2012 at 9:12 pm
ကိုယ့်ဘဝမှာလည်း အဲဒီလို ဆရာပီသသော ဆရာများစွာနဲ့ ကြုံတွေ့ခဲ့ရဖူးပြီး
သူတို့ကို လေးစားအားကျတဲ့စိတ်နဲ့ ကျောင်းဆရာဘဝကို ဘဝအိမ်မက် မက်ခဲ့တယ်။
padonmar
March 9, 2012 at 10:39 pm
မမသာ ဆရာမဖြစ်ရင်တော့ သတ်ပုံတစ်ချက်မှားရင် တုတ်တစ်ချက်နေမှာပဲ။
Kaung Myat Thu
March 10, 2012 at 8:35 pm
ကျေးဇူးတင်ပါတယ် မပဒုမ္မာ ကျွန်တော်ရွှေခယ်သားစစ်စစ်ပါ။ တမြို့တည်းသားချင်းတွေ့ရလို့အရမ်းဝမ်းသာပါတယ်။
ဒီလိုPostလေးတွေများများရေးနိုင်ပါစေ။
padonmar
March 10, 2012 at 10:44 pm
ဟုတ်ကဲ့ ကိုကောင်းမြတ်သူ
ဒီရွာထဲမယ်
မန်းလေးသားတွေက လူများသလောက် သိပ်ညီညွတ်ကြတယ်။
သံတွဲသားတွေက လူများပြီး ရန်ဖြစ်ကြတယ်။
ကျွန်မတို့ မောင်နှစ်မ ကတော့ ရွှေခယ်သား ၂ယောက်ထဲရှိသေးလည်း အမြဲညီညွတ်ကြရအောင်။
တစ်ယောက်မှားရင်လည်း တစ်ယောက်က စိတ်မဆိုးကြေး ထောက်ပြကြရအောင်ပါ။
padonmar
March 10, 2012 at 10:38 pm
ဦးကြောင်ကြီးရေ တော်သေးတာပေါ့နော် နောက်ဆုံး အခေါက် ၄ဝ ရတာ လူကြီးတွေ အသိအမှတ်ပြုပေလို့ ။
နို့မို့ ကျွန်မတို့ရွာထဲ အင်ဂျင်ပြာယာ တစ်ယောက်လျော့နေပါ့မယ်။