ဒီမိုကရေစီ ဖတ်စာ (၂) – Dr. Jerry Dean Epps (ဘာသာပြန်)
အခြေခံသဘော (၆) – အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။
ဒီမိုကရေစီစနစ်တစ်ခုတွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ချက်ပေးရမည့် အကြောင်းအရာကို နားလည်သဘောပေါက်နိုင်သည့် အသက်အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့် ရှိသည်။ လူတစ်ယောက်သည် အရွယ်ရောက်လျှင် အတွေ့အကြုံ ရှိသောကြောင့် မဲပေးခွင့် ရှိသည်ဟု ပြောလေ့ရှိသည်။
အရွယ်ရောက်သူ အားလုံး မဲပေးခွင့်ရသင့်သည် ဟုထင်ပါသလား?
စစ်တပ် နှင့် သဘောထားခြင်း မတိုက်ဆိုင်သူများရော မဲပေးခွင့် ရှိသင့်ပါသလား?
ဆင်းရဲသူများရော မဲပေးခွင့် ရှိသင့်ပါသလား?
မသန်မစွမ်း သူများရော မဲပေးခွင့် ရှိသင့်ပါသလား?
ဒီမိုကရေစီစနစ်တစ်ခုတွင် အရွယ်ရောက်သူ တစ်ဦးသည် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ စစ်တပ် နှင့်သဘော တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ အရွယ်ရောက်သူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။
အထက်ပါပုံသည် ကျောင်းတွင်းရွေးကောက်ပွဲ ဖြစ်ပါသည်။ ထို ရွေးကောက်ပွဲ သည် ဒီမိုကရေစီ စနစ်နှင့် အညီ ကျင်းပခြင်း ဖြစ်ပါသည်။
ဘီးတပ်ကုလားထိုင် နှင့် မိန်းကလေး လဲ မဲပေးခွင့်ရှိသည်။ အမဲရောင်မိန်းကလေးလဲ မဲပေးခွင့်ရှိသည်။ လူတိုင်း မဲတစ်ပြား ပေးခွင့်ရှိသည်။ မည်သည့်လူမျိုးမဆို၊ မည့်သည့် ဘာသာကို ကိုးကွယ်သူမဆို မဲပေးပိုင်ခွင့်ရှိသည်။ ဒီမိုကရေစီစနစ်တစ်ခုတွင် မဲပေးခွင့် ရှိသူတိုင်း ညီတူညီမျှ အရေးကြီးသည် ဟု အထက်တွင်ပြောခဲ့သည် ကို သတိရပါ။
ဒီမိုကရေစီ စနစ် တစ်ခုတွင် မဲဆန္ဒရှင် တစ်ဦးသည် အခြားမဲဆန္ဒရှင် တစ်ဦးထက် ပို၍ ထူးခြားမှု မရှိပါ။
နေမင်းကြီး သည် လူတိုင်းကို ညီမျှသော အလင်းရောင် ကိုပေးသည်။
လူအများနှင့် ကွဲပြားခြားနား နေသောသူများ ပင်လျှင် မဲပေးခွင့် ရှိသည်။
အရွယ်ရောက်သူတိုင်း မဲ တစ်ပြား ပေးခွင့်ရှိသည်။
အခြေခံသဘော (၇) – မဲ အများစုရသူ အနိုင်ရသည်။
စာသင်ခန်းတစ်ခုထဲ တွင် ကျောင်းသား အနည်းစုက တစ်တန်းလုံးကို ဘာလုပ်ကြ ဟု ပြောပါက ကျန်အများစုမှ ကြိုက်ကြပါမည်လား?
အကယ်၍ ဆရာမှ တတန်းလုံးကို ပုံပြင်နားထောင်မလား၊ တစ်ခုခု ကစားမလား ဟု မေးသည် ဆိုပါစို့။
ထိုအခါတွင် ကျောင်းသားအနည်းစုမှ တစ်တန်းလုံးကို လွှမ်းသွားအောင် အသံအကျယ် ကြီးဖြင့် သူတို့လိုရာသို့ ရစေရန် အော်ကောင်းအော်မည်။
ကျောင်းသားအများစု ဆန္ဒအတိုင်း လုပ်ခြင်းက ပို၍ တရားမျှတမည် မဟုတ်ပါလား?
ထိုကဲ့သို့တရားမျှတခြင်းသည်ပင်လျှင် ဒီမိုကရေစီနည်း ဖြစ်ပါသည်။
ဆရာမှ အတန်းသားများ၏ ဆန္ဒကို ရယူလျှင် ကျောင်းသားအများစု ကြိုက်သောအရာက အနိုင်ရပေလိမ့်မည်။ အများစု၏ဆန္ဒမှ အနိုင်ရသည်။
အထက်ပါပုံတွင် ဘယ်သူတွေက အများစုဖြစ်ပါသလဲ? ပြုံးနေသောမျက်နှာတွေက ပိုများသလား? မဲ့နေသောမျက်နှာတွေက ပိုများသလား?
တစ်နည်းပြောရလျှင် ဘယ်သူ့ရဲ့ မဲက အနိုင်ရပါသလဲ?
ပြုံးနေသော မျက်နှာဘယ်နှစ်ယောက်ရှိပါသလဲ? မဲ့ နေသော မျက်နှာဘယ်နှစ်ယောက် ရှိပါသလဲ? မဲ့နေသောမျက်နှာ ပိုပြီးများသည်ဆိုလျှင်ရော?
ဒီမိုကရေစီ စနစ်တစ်ခုတွင် မဲ အများစုရသူမှသာ အနိုင်ရသည်။
အခြေခံသဘော (၈) – လူအများစု၏မဲဆန္ဒဖြင့် ပြဌာန်းသည့် ဥပဒေ ကို မကြိုက် သော်လည်း လိုက်နာရမည်။
အများစု၏မဲဆန္ဒဖြင့် အတည်ပြုထားသော ဥပဒေများကို လူတိုင်းမှ လိုက်နာကြရမည်။
မဲ့နေသောမျက်နှာဖြင့် လူနှစ်ဦးသည် ပြုံးနေသောမျက်နှာရှင် အများစုက အတည်ပြုထား သော ဥပဒေကို လိုက်နာကြလိမ့်မည် ထင်ပါသလား?
တိုင်းသူပြည်သား အချို့ကသာ ဥပဒေကို လေးစားလိုက်နာကြရမည်ဟု ဆိုလျှင် တရား မျှတမှုမရှိသည့် အပြင် ရှုပ်ထွေး စရာလဲ ဖြစ်ပါသည်။
အကယ်၍တိုင်းသူပြည်သားအချို့က ဝင်ငွေခွန်ကဲ့သို့ ဥပဒေမျိုးကို လိုက်နာစရာမလို ခဲ့ လျှင် ကျန်တိုင်းသူပြည်သားများသည် ဝင်ငွေခွန်ပိုဆောင်း၍ အစားထိုး ပေးကြရပါလိမ့် မည်။ ထိုသို့အပိုဆောင်းပေးရခြင်းသည် မတရားမှုဖြစ်ပါသည်။ အကယ်၍ လူတစ်ယောက် ကသာ “ငါ့ကားကို လိုင်စင် မလုပ်ချင်လို့ လိုင်စင် မလုပ်ဘူးကွာ” ဆိုလျှင်ရော။
ထိုကဲ့သို့ဆိုလျှင်တော့ ပြသနာများဖြစ်လာနိုင်ပါသည်။
လူတစ်ယောက်က ဈေးဆိုင်တစ်ဆိုင်မှ ပိုက်ဆံများကို အလစ်သုတ်ပြီး လိုင်စင်နံပါတ် မရှိ သောကား နှင့် ထွက်ပြေးကောင်းပြေးနိုင်သည်။ လိုင်စင်လုပ်မထားသောကားကို ရဲဌာနမှ လည်း ရှာနိုင်မည်မဟုတ်ပါ။ ပြသနာတွေ အများကြီး ဖြစ်ပါသည်။
ထိုမှဆက်လျှင် ဥပဒေကို မည်သူတွေက လိုက်နာ ရမည် ၊ မည်သူတွေက လိုက်နာရန် မလို ဟု မည်ကဲ့သို့ ဆုံးဖြတ်ကြပါမည်နည်း?
ထိုကဲ့သို့သော မေးခွန်းအရှုပ်အထွေးများကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ဖြေရှင်း မှသာ ပို၍ ကောင်းပါ လိမ့်မည်။
ဒီမိုကရေစီ စနစ်တစ်ခုတွင် “လူတိုင်း” ဥပဒေကို လိုက်နာကြရပါသည်။ လူအများစု၏ မဲဆန္ဒ ဖြင့် ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့လျှင် ပြည်သူတိုင်းက လိုက်နာကြရပါမည်။
ထိုဥပဒေကို ဆန္ဒခံယူစဉ်ကကန့်ကွက်ခဲ့ကြသူများပင်လျှင် ထိုဥပဒေကို လိုက်နာရပါသည်။
ဒီမိုကရေစီစနစ်တစ်ခုတွင် ပြောလေ့ရှိသော စကားတစ်ခုမှာ “ဥပဒေ၏ အထက်တွင် မည်သူ မှမရှိ” ဟုဖြစ်ပါသည်။
ဥပဒေကို လိုက်နာစရာ မလိုဟု အထင်ရောက်နေသောသူကို တွေ့ဘူးပါသလား?
မိမိကိုယ်မိမိ ဥပဒေ၏ အထက်တွင်ရှိသည်ဟု ထင်နေသူမျိုးကိုရော တွေ့ဘူးပါသလား?
အကယ်၍ လူအချို့ကိုဥပဒေ မလိုက်နာခွင့်သာပေးခဲ့ပါလျှင် ဥပဒေကို လိုက်နာရန်လိုသူ များနှင့်ဥပဒေကိုလိုက်နာရန် မလိုသူများကို ခွဲခြားမှတ်သားထားရန် အလွန်ခက်ပါလိမ့်မည်။ ဥပဒေများသည် လူ့အဖွဲ့အစည်း တစ်ခုလုံး၏ ကောင်းကျိုးအတွက်ဖြစ်ပါသည်။
တိုင်းသူပြည်သားအများစုက ဥပဒေကိုလိုက်နာကြရမည်ဆိုလျှင် လူအနည်းစုကို ဥပဒေမှ ကင်းလွတ်ခွင့်ပြုခြင်းမှာ မတရားမှုဖြစ်ပါသည်။
ဒီမိုကရေစီစနစ်တွင် ဥပဒေကို မကြိုက် သော်ငြားလည်း လိုက်နာရပါမည်။
ပုံတွင်ပါသည့် ဥပဒေကို ကြိုက်နှစ်သက်၍ ပြုံးရွှင်နေသောသူ လေးယောက်သည်လဲ ဥပဒေကို လိုက်နာရပါမည်။ ဥပဒေကို မကြိုက်၍ မဲ့နေသောသူ နှစ်ယောက်သည်လဲ ဥပဒေကို လိုက်နာရပါမည်။
ဒီမိုကရေစီ စနစ်တွင် လူတိုင်း ဥပဒေကို လိုက်နာကြရပါမည်။
အခြေခံသဘော (၉) – ပြည်သူများမှ ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို ရွေးကောက်ပွဲ တွင် မဲပေး၍ရွေးချယ် သည်။
အထက်ပါပုံတွင် မဲပေးရန်အတွက် လူအများ စုဝေးနေကြသည်ကို တွေ့ရပါမည်။ ထိုမဲဆန္ဒရှင်များသည် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို ရွေးချယ်တင်မြှောက် ရန်အတွက် မဲပေးကြပါလိမ့်မည်။ လူတိုင်းက သူတို့၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ခံရလိမ့်မည် ဟု မျှော်လင့်ကြ ပါသည်။ ဥပဒေပြုသူများကလည်း လူထုကိုအကျိုး ပြုမည့် ဥပဒေများကို ပြဌာန်းရပါမည်။ စီမံခန့်ခွဲသူများကလဲ ထိုဥပဒေများကို သုံး၍ နိုင်ငံ ကို စီမံခန့်ခွဲကြရပါမည်။ မြို့များတွင် မီးများလင်းအောင် ဆောင်ရွက်ပေးရပါမည်။ ကျေးရွာများတွင် လမ်းများဖောက်၍ လယ်သမားများ သီးနှံများ ကို ဈေးကွက်သို့ တင်ပို့ နိုင်ရန် အတွက် ဆောင်ရွက်ပေးရပါမည်။ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ ချောမွေ့ စွာ လည်ပါတ်နိုင်ရန်အတွက် စီမံခန့်ခွဲမှု အများကြီးလုပ်ရပါသည်။ ကျောင်းစာသင်ခန်း အဆောက်အဦ များကို ပြုပြင်ထိန်းသိမ်း ရပါမည်။ ကျောင်းဆရာများကို လစာပေး၍ ခန့် ထားကြရပါသည်။
ဥပဒေပြုသူများနှင့် ဥပဒေကို သုံး၍ နိုင်ငံ၏အဖွဲ့အစည်းကို စီမံခန့်ခွဲသူများဟူ၍ရှိပါသည်။ ထိုအလုပ်များသည် အလွန်အရေးကြီးသော အလုပ်များ ဖြစ်ပါသည်။ မည်သူတွေက ဥပဒေ ကို ချမှတ်ပြဌာန်း၍ မည်သူတွေက နိုင်ငံ၏ အဖွဲ့အစည်းများကို စီမံခန့်ခွဲပါမည်နည်း?
ထိုဆုံးဖြတ်ချက်များကို ရွေးကောက်ပွဲတွင် ဆုံးဖြတ်ကြရပါမည်။
တစ်ချို့ကတော့ သူတို့၏မိတ်ဆွေများကို ဥပဒေပြုစေချင်၊ စီမံခန့်ခွဲစေချင် ကြပါလိမ့်မည်။
ထို့ကြောင့် သူတို့၏မိတ်ဆွေများကို သူတို့က မဲပေးကြပါ လိမ့်မည်။ သူတို့၏ မိတ်ဆွေ များက သူတို့ကို ပို၍အခွင့်အရေးပေးလိမ့်မည် ဟုထင်ကြပါလိမ့် မည်။ တစ်ချို့ ပြည်သူ များကတော့ စစ်တပ်ကို သဘောကျ၍ ထိုအရေးကြီးသောအလုပ်နှစ်မျိုးကို စစ်တပ်က လုပ်စေရန် ဆန္ဒရှိပါလိမ့်မည်။ သို့သော် စစ်တပ်သည် ပြည်သူလူထုတစ်ရပ်လုံး အပေါ်တွင် တရား မျှတမှု ရှိချင်မှ ရှိပေလိမ့်မည်။
အခြားတစ်မျိုးအဖြစ် လယ်သမားများက ထိုအရေး ကြီး သော အလုပ်များကို လုပ်ပါလျှင် သူတို့က မြို့နေလူတန်းစား များအတွက် အကျိုးရှိစေမည့် ဥပဒေများကို မပြဌာန်းဘဲ လျစ်လျူရှုထား ကောင်း ထားပါလိမ့်မည်။ နိုင်ငံတော်အစိုးရ၏ ရာထူးများအတွက် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက် ခံရခြင်းသည် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
ဒီမိုကရေစီ စနစ်တစ်ခုတွင် ရွေးကောက်ပွဲများသည် အလွန်ကြီးကျယ်သော ကိစ္စကြီး ဖြစ်ပါသည်။ ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူများ၏အသံကိုကြားရသော နေရာဖြစ် ပါသည်။
တရားမျှတစွာ ဆောင်ရွက်သည် ဆိုပါလျှင် မဲဆန္ဒရှင်များ “အားလုံး”က မဲပေး၍ မည်သူက ဥပဒေများကိုပြဌာန်းမည်။ မည်သူက နိုင်ငံကို အုပ်ချုပ်မည်တို့ကို ရွေးချယ်ရပါမည်။ မဲပေးမှုများအားလုံး ပြီးဆုံးလျှင် ရွေးကောက်ပွဲတွင် မည်သူက အနိုင်ရသည်ကို သိရပါ လိမ့်မည်။ အများစု၏မဲဆန္ဒဖြင့် “မည်သူက ဥပဒေပြုသူအဖြစ် ရွေးချယ်ခံရသည်။ မည်သူက စီမံ ခန့်ခွဲသူ အဖြစ် ရွေးချယ်ခံရသည်” ကိုတွေ့ရပါမည်။ လူတိုင်းကတော့ ရွေးချယ် တင်မြှောက်ခံရသူ ကြေညာချက်ကို ဝမ်းသာစွာကြိုဆိုကြမည် မဟုတ်ပါ။ အချို့ကိုယ်စားလှယ်လောင်းများ အနိုင်ရ၍ အချို့ကိုယ်စားလှယ်လောင်းများ ရှုံးကြ ပါလိမ့်မည်။ သို့သော် လူတိုင်းအတွက် သူတို့နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲပေးဖို့ စည်းရုံးခွင့်၊ ပြည်သူလူထုကို စကားပြောခွင့် အခွင့်အရေး ရခဲ့ကြပြီး ဖြစ်ပါသည်။
ဒီမိုကရေစီ စနစ် တစ်ခုတွင် လူတိုင်း၌ မိမိ နှစ်သက်ရာ ကိုယ်စားလှယ်ကို မဲပေးစေရန် အတွက် လူအများအား စည်းရုံးခွင့် တန်းတူညီမျှ အခွင့်အရေးရှိပါသည်။
ထပ်၍ဆိုရပါလျှင် ဒီမိုကရေစီ စနစ်တွင် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များကို လူတိုင်းမှ မဲပေး၍ ရွေးချယ်ပိုင်ခွင့် ရှိပါသည်။ သေချာပါသည်။ မဲအများစုရသူကသာ အနိုင်ရစတမ်း ဖြစ်ပါသည်။
အခြေခံသဘော (၁၀) – ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို ကိုယ်စားပြုသည်။ သူတို့ ကိုယ် သူတို့ ကိုယ်စား မပြု။
ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူ များသည် ပြည်သူများကို အလေးထားသည်။ ပြည်သူများ၏ အသံကို ကြားချင်သည်။ အချို့စီမံ ခန့်ခွဲသူများနှင့် ဥပဒေပြုသူများသည် ပြည်သူများကို မကြိုက်ပါ။ ပြည်သူများသည် သူတို့၏ နှလုံးသား ထဲတွင် မရှိပါ။ သူတို့တစ်တွေသည် ကောက်ကျစ်သူများ၊ အတ္တကြီးသူများ ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ကိုယ်စားလှယ်ကောင်းများ မှာတော့ သနားကြင်နာစိတ် ရှိကြပါသည်။
သူတို့၏ နှလုံးသားထဲတွင် ပြည်သူများရှိပါသည်။ သူတို့က ပြည်သူများကို စာရေး အသိပေး ဆက်သွယ် ဖို့ ၊ အီးမေး ဖြင့် ဆက်သွယ်ဖို့ ပန်ကြားပါမည်။ ပြည်သူအများ၏ လိုအပ်ချက်များကိုလဲ သူတို့သိချင်ကြပါသည်။ ပြည်သူများကို ဘယ်လိုကူညီရမလဲ ဆို တာ ကိုလဲ သူတို့သိချင်ကြပါသည်။
စီမံခန့်ခွဲသူဆိုးများ နှင့် ဥပဒေပြုသူဆိုး များအကြောင်း ကို ကြားဘူးကြပါလိမ့်မည်။ သူတို့ တစ်တွေကတော့ ပြည်သူ့ဘဏ္ဍာငွေတွေ နှင့် တန်ဖိုးကြီးကားတွေ ဝယ်ပြီး စီးကြပါလိမ့် မည်။ ဧရာမကိုယ်ပိုင်အိမ်ကြီးတွေ ဆောက်၍နေကြပါလိမ့်မည်။ ထိုအချက်များက သူတို့သည် ပြည်သူအများကို ဂရုမစိုက်ကြောင်းပြပါသည်။ သူတို့တစ်တွေ ကို “စိတ်နှလုံးကောင်း” မရှိသူများ ဟုခေါ်ပါသည်။ ဥပဒေပြုသူကောင်းများ၊ စီမံခန့်ခွဲသူကောင်းများ ကတော့ “စိတ်နှလုံးကောင်း” ရှိသူများ ဟု ခေါ်ပါသည်။ ပြည်သူများ၏ အသံကို စီမံခန့်ခွဲသူကောင်းများ နှင့် ဥပဒေပြုသူကောင်းများ ကြားလျှင် ပြည်သူများ၏ ကလေးငယ်များအတွက် ကျောင်းကောင်းကောင်း လိုသည်ဟု သိပါသည်။ ပြည်သူပြည်သား မိသားစုများသည် ဆရာဝန် များနှင့် သူနာပြုများ လိုအပ်ပါသည်။ လယ်သမားများကတော့ အထွက်တိုး သီးနှံများ စိုက်ပျိုးဖို့နှင့် သူတို့၏မွေးမြူထားသော တိရိစ္ဆာန်များ ကျန်းမာဖို့ အကူအညီများ လိုအပ်ပါသည်။ လမ်းတွေဖောက်ဖို့၊ ပေါက်ပြဲတဲ့ လမ်းတွေ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါသည်။
ထိုလိုအပ်ချက်များအားလုံးသည် အရေးကြီးသောလိုအပ်ချက်များ ဖြစ်ပါသည်။ စီမံခန့်ခွဲသူဆိုးများနှင့် ဥပဒေပြုသူဆိုးများသည် ပြည်သူများ၏ လိုအပ်ချက်များကို ဂရု မစိုက်ကြပါ။ သူတို့၏ကောင်းစားရေးနှင့် သူတို့မိတ်ဆွေများ ကောင်းစားရေးသည်သာ အဓိက ဖြစ်ပါ သည်။ ပြည်သူများ၏အသံကိုလဲ သူတို့မကြားချင်ကြပါ။ ထိုကဲ့သို့ပြုမူနေကြခြင်းသည် မှားယွင်းသောလုပ်ရပ်ဖြစ်ပါသည်။ သူတို့ကို ရွေးချယ် တင်မြှောက်ခဲ့ခြင်းမှာ သူတို့ကောင်းစားရေးအတွက် လုပ်ရန်မဟုတ်ပါ။ ပြည်သူလူထုကို အလုပ် အကျွေး ပြုဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအကြောင်းကြောင့် ပြည်သူအများ၏အသံကို ပြည်သူ့ကိုယ်စားလှယ်များက ကြားရပါ မည်။ ထို့နောက် ပြည်သူလူထုအများစု၏ ဘဝ တိုးတက်ကောင်းမွန်စေမည့် နည်းနာများ အတိုင်း ဥပဒေ များ ကိုချမှတ်ရပါမည်။ စီမံခန့်ခွဲမှုများ ပြုလုပ်ရပါမည်။
ဒီမိုကရေစီ စနစ် တစ်ခု တွင် ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများသည် ပြည်သူများ၏ အသံကို ကြားချင်ကြပါ သည်။
သူတို့၌ “စိတ်နှလုံးကောင်း” ရှိကြသည်။
သူတို့က ပြည်သူတွေကို ဂရုစိုက်သည်။
အခြေခံသဘော (၁၁) – လူတိုင်းအတွက် အခြေခံအခွင့်အရေး များကို အာမခံချက် ရှိသည်။ လူအများစု၏ မဲဆန္ဒဖြင့် အခြေခံအခွင့်အရေး များကို ရုပ်သိမ်းခွင့်မရှိ။
လူအများစုက မည်မျှ မဲများသည် ဖြစ်စေ၊ လူနဲစု မှ မည်မျှ မဲနဲ သည် ဖြစ်စေ လူအများစု၏ မဲဆန္ဒဖြင့် ထိုအခြေခံအခွင့်အရေး များကို ရုပ်သိမ်းခွင့်မရှိ။
အချို့သော အခြေခံအခွင့်အရေးများသည် ဒီမိုကရေစီစနစ်တစ်ခုတွင် အလွန်အရေးကြီး ပါသည်။ ထို့ကြောင့် ထိုအခွင့်အရေးများကို လူအများစု၏ မဲဆန္ဒဖြင့်ပင် ရုပ်သိမ်းခွင့်မရှိပါ။ ထိုအခြေခံ အခွင့်အရေးတစ်ချို့ကို အထက်ပါပုံ တွင် သရုပ်ဖော်ပြထားပါသည်။
လူစုလူဝေးဖြင့် စုစည်းခွင့်သည် အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ပါသည်။ နိုင်ငံ အစိုးရက ထိုအခွင့်အရေးကို မကြိုက်လျှင်တောင်မှ ထိုအချက်သည် အခြေခံအခွင့်အရေး တစ်ခုပင် ဖြစ်ပါသည်။
နောက်အခွင့်အရေးတစ်ခု ကတော့ မဲဆန္ဒပေးပိုင်ခွင့်ဖြစ်ပါသည်။
နောက်တစ်ခုကတော့ ပျော်ရွှင်မှုကို ရှာဖွေပိုင်ခွင့် ဖြစ်ပါသည်။
နောက်အခွင့်အရေးတစ်ခုမှာ လွတ်လပ်စွာပြောဆိုခွင့် ဖြစ်ပါသည်။
လွတ်လပ်စွာ ပြော ဆိုခွင့် ဆိုသည်မှာ သတင်းစာများမှရေးချင်ရာကို ရေးခွင့်ရှိခြင်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရကို ဝေဖန်သောစာများကိုလည်း သတင်းစာတွင်ရေးခွင့် ရှိရပါမည်။ ထိုအချက်သည်ပင် ဒီမိုကရေစီစနစ် ဖြစ်ပါသည်။
အကယ်၍ လူအများစုက ဆံပင်အနီရောင် ရှိသူများ မဲပေးခွင့်မရှိစေရ ဟု ဥပဒေပြဌာန်း သည် ဆိုပါစို့။ ထိုကဲ့သို့ ပိတ်ပင်ခြင်းကို ဒီမိုကရေစီစနစ်တွင် ခွင့်မပြုပါ။
မဲဆန္ဒပေးခြင်းသည် အခြေခံအခွင့်အရေး ဖြစ်သောကြောင့် လူအများစုမှ “ငါတို့က လူ အများစု ဒါကြောင့် မျက်လုံး အပြာရောင်ရှိသူတွေ လူစုလူဝေး မလုပ်ရ” ဟုပြောလာနိုင်ပါ သည်။ သူတို့ လူအများစုဖြစ်သည် ဆိုခြင်းမှာ အမှန်တကယ် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော် ဒီမိုကရေစီစနစ်တွင် အခြေခံအခွင့်အရေးများကို မဲဆန္ဒဖြင့် ရုပ်သိမ်းခြင်း မပြုနိုင်ပါ။ လူစုလူဝေး နှင့် စုဝေးခွင့်သည် အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ပါ သည်။ ယေဘူယျအားဖြင့် လူအများစု၏မဲအများစုက အနိုင်ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ အခြေခံအခွင့်အရေးများကို မဲအများစုဖြင့်ပင်လျှင် ရုပ်သိမ်းခွင့် မရှိပါ။
3 comments
ဦးဦးပါလေရာ
March 11, 2012 at 11:10 pm
ဆက်ဖတ်နေပါတယ်…
သိပြီးသားဖြစ်နေတာတွေလဲ တင်ပြပုံကရှင်းလင်းတော့ သဘောကျမိတယ်။
weiwei
March 11, 2012 at 11:20 pm
အကြမ်းဖတ်သွားပါတယ် … အားလုံးပြီးမှ pdf ဖိုင်နဲ့ သေချာအချိန်ယူပြီး ထပ်ဖတ်ပါအုန်းမယ် …
ကြောင်ကြီး
March 12, 2012 at 8:21 am
အရွယ်ရောက်သူတိုင်း မဲပေးခွင့်ရှိတယ်ဆိုလို့ ဝန်ကြီးချုပ် လီကွမ်ယူလက်ထက် စင်ကာပူနိုင်ငံမှာ အသက်အရွယ်လိုက်လို့ မဲပေးခွင့်အရေအတွက် သတ်မှတ်မယ် လေသံပစ်လိုက်သေးတယ်။ အသက်ကြီးရင် ပိုပြီး ရင့်ကြက် တည်ငြိမ် စဉ်းစားတတ်လာလို့ အသက်အပိုင်းအခြား တခုရောက်သွားရင် မဲနှစ်ပြားထည့်ခွင့်ပေးမယ်ဆိုတဲ့ သဘောပါ။ တိုင်းပြည်အတွက် အကျိုးပြုနိုင်စွမ်းကိုလည်း ထည့်တွက်ပုံရတယ်။ အငြိမ်းစားသွားရင်တော့ မဲပြားပြန်လျှော့မလားမသိဘူး။။ ပြည်သူများ သဘောတူပုံမရလို့ နောက်တော့ ဘာသံမှ မကြားရတော့ဘူး…။ ဒီနေရာမှာ စဉ်းစားစရာရှိတာ ဘာသာရေးဝန်ထမ်းတွေနဲ့ ပြစ်မှုအသေးအဖွဲများကြောင့် ထောင်ကျခံနေရသူများ (ရာဇဝတ်ပုဒ်မကြီး မထိုက်လျင်၊ လူ့အဖွဲ့အစည်းအတွက် ကြီးကြီးမားမား အန္တရယ်ရှိသူ မဟုတ်လျင်) မဲပေးခွင့် ရှိမရှိဆိုတာပဲ..။
အမေရိကန် လုပ်ပေးလို့ ကမာ္ဘကြီးမှာ မဲပေးခွင့် ပိုမိုလွတ်လပ်လာတယ် ပြောရမယ်။ ပင်လယ်ကွေ့ စစ်ပွဲပြီးမှ ကူဝိတ်မှာ အမျိုးသမီးများ မဲပေးခွင့်၊ ကားမောင်းခွင့်၊ အလုပ်လုပ်ခွင့်၊ လွှတ်တော်ထဲ ဝင်အရွေးခံခွင့်ရတယ်။ ဆော်ဒီအာရေဗျမှာဆို အခုအချိန်အထိ အမျိုးသမီးများ တရားဝင် ကားမောင်းခွင့် မရသေးဘူး။ မဲပေးခွင့်တောင် အမေရိကန်က မနည်းဖိအားပေးလို့ ရသွားတာ။။
မဲပေးခွင့် အသက်ကို နိုင်ငံတကာမှာ ယေဘူယျ ၁၈နှစ် ဖြစ်ပေမဲ့ အချို့တိုင်းပြည်များမှာ ၂၁နှစ် သတ်မှတ်တယ်။ အမေရိကန်မှာ စစ်ထဲဝင်တဲ့အသက် မဲပေးခွင့်အသက်ကို ၁၈နှစ် သို့သော် အရက်သောက်ခွင့်ကြတော့ ၂၁နှစ်ပြည့်မှပေးလို့ မမျှတဘူး ဆိုနေဂျတယ်။ ဆေးလိပ်သောက်ခွင့်ကိုတော့ အသက်၁၈နှစ် ပေးထားပေမယ့် အချို့ပြည်နယ်များမှာ ၂၁နှစ် တိုးမြှင့်သတ်မှတ်ဖို့ ကြိုးစားနေတယ်..။