ဒီမိုကရေစီ ဖတ်စာ (၃) – Dr. Jerry Dean Epps (ဘာသာပြန်)

မြစပဲရိုးMarch 12, 20121min2843

အခြေခံသဘော (၁၂) – ဘာသာရေးမှ ဥပဒေကို မသတ်မှတ်နိုင်။ ပြည်သူများမှသာ ဥပဒေ ကိုသတ်မှတ်နိုင်သည်။

ကိုးကွယ်ရာဘာသာများမှ ဥပဒေကိုပြဌာန်းခြင်းမပြု။ ပြည်သူများကသာ မဲဆန္ဒဖြင့် ဥပဒေ ကို ပြဌာန်း သည်။

ကမ္ဘာ့နိုင်ငံ အချို့တွင် လူအများစု ကိုးကွယ်ယုံကြည်ရာ ဘာသာရေး တစ်ခုမှ ဥပဒေများ ပြဌာန်းခဲ့ကြ၍ နိုင်ငံသူ/သား များက ထိုဥပဒေကို လိုက်နာခဲ့ကြရသည်။ ထိုနိုင်ငံများကို ဒီမိုကရေစီ နိုင်ငံများဟု မခေါ်ခဲ့ကြပါ။

ထိုဘာသာရေးကို မကိုးကွယ်၊ မလိုက်စားသော လူများအတွက် ထိုဥပဒေများကို လိုက်နာ ရန် အလွန်ခက်ခဲကြပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူမျိုးအများအပြားတွင် ထာဝရ ဘုရားသခင် က လူသားများကို မည်သို့နေထိုင် စေရန်အလိုတော် ရှိသည် ကို စိတ်ကူးများ အမျိုးမျိုးကွဲပြားကြပါသည်။ ထာဝရ ဘုရားသခင်က လူသားများ ဘာကို လုပ်ဖို့ အလိုတော်ရှိသည်ဆိုကို သဘောမတူနိုင်ကြပါ။ လူအများစုက သူတို့ဘုရားသခင်၏ အမြင်သည် မှန်၍ အခြားသူများ၏ ဘုရားသခင်၏ အလိုတော် အပေါ် အမြင်သည် မှားယွင်းသည်ဟု အကြိမ်ပေါင်း များစွာပင် သဘောထား ကွဲလွဲ ခဲ့ကြပါသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြည်သူများအတွက် ဥပဒေကို ကိုးကွယ်ရာဘာသာများမှ ပြဌာန်းခွင့်မရှိပါ။ တစ်နိုင်ငံလုံး ၏မဲဆန္ဒဖြင့်သာ ဆုံးဖြတ်ရပါမည်။ ထိုသို့ပြုလုပ်လျှင် မည်သည့် ဥပဒေကို ပြည်သူများ လိုက်နာရမည်ဟု ကိုးကွယ်ရာ ဘာသာရေးမှ မပြော နိုင်တော့ပါ။ ဘာသာရေးတစ်ခုကို ယုံကြည်ကိုးကွယ်သူများသည် မိမိတို့၏ဆန္ဒအလျှောက် မိမိတို့ ဘာသာရေးကို ကိုးကွယ်ယုံကြည်နိုင်သော်လည်း အခြားသူများကိုပါ ထိုကဲ့သို့ ကျင့်ကြံ ရမည် ဟူ၍ အတင်းဓမ္မ ဥပဒေ မပြုရပါ။ ပြည်သူအများသည် မိမိတို့ယုံကြည်ရာ ဘာသာကို ကိုးကွယ်နိုင်ပါသည်။ သို့သော်လည်း သူတို့၏ဘာသာကိုသုံး၍ အခြားသူများ ကို ထိန်းချုပ်ခြင်းမပြုရပါ။

ဒီမိုကရေစီစနစ် တစ်ခုတွင် ပြည်သူများမှသာ ဥပဒေကို ပြဌာန်း ပါ သည်။ ဘာသာရေးမှ ဥပဒေကို မပြဌာန်းပါ။

 

အခြေခံသဘော (၁၃) –  မိမိ ယုံကြည်ရာဘာသာကို ကိုးကွယ်ခွင့် အား ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် အာမခံချက် ပေးသည်။ ဥပဒေပြုသူများမှ မည်သည့်ဘာသာ ကို ပြည်သူများ ကိုးကွယ်ရမည်ဟု မသတ်မှတ်နိုင်စေရ။

မည်သူကမျှမည်သည့်ဘာသာကို ကိုးကွယ်ရမည်ဟု အမိန့်မပေးရပါ။

ဒီမိုကရေစီစနစ်တစ်ခုတွင် ကိုးကွယ်ယုံကြည်ရာ ဘာသာအမျိုးမျိုး ရှိနိုင်ပါသည်။

အဘယ်ကြောင့်နည်း?

အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း မိမိယုံကြည်ရာကို ကိုးကွယ်ခွင့်ရှိသောကြောင့် ဖြစ်ပါသည်။ ပြည်သူအများသည် ကွဲပြားသော ဘာသာရေး အမျိုးမျိုးကို ကိုးကွယ်ချင်ကြ ပါသည်။ ပြည်သူအများသည် မိမိယုံကြည်ရာ ဘာသာရေး ကို စိတ်အားထက်သန် ပြင်းပြ စွာ ကိုးကွယ်တတ်ကြပါသည်။ လူအချို့က ဘာသာရေး အဆုံးအမ များဖြင့်ဆုံးမသော ဘာသာရေးကို ကိုးကွယ်ချင်ကြ သည်။ အချို့ကတော့ ဆုတွေအများကြီးတောင်းရသော ဘာသာကို ကိုးကွယ်ချင် ကြ သည်။ အချို့ကတော့ ကိုးကွယ်သူများ ၏ အကျိုးကို ဆောင် ရွက်ပေး နိုင်သော ဘာသာကို ကိုးကွယ်ချင်ကြသည်။

ကိုးကွယ်စရာ ဘာသာအမျိုးမျိုး ရှိပါသည်။ တစ်ခါတစ်ရံတွင် ဘာသာရေးတစ်မျိုးက အခြား ဘာသာရေးများထက် ပို၍ ကိုးကွယ်သူ များပြားတတ် သည်။ သို့သော် ဒီမိုကရေစီစနစ် တစ်ခုတွင် ဥပဒေပြုသူများသည် ထိုဘာသာကို (သို့မဟုတ်) အခြားဘာသာတစ်ခုခု ကို တစ်နိုင်ငံလုံးမှ ကိုးကွယ် ရမည် ဟူ၍ မပြဌာန်းနိုင်ပါ။

လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်သည် ဒီမိုကရေစီစနစ်တွင် အလွန်အရေးကြီးပါသည်။ ထိုအချက်သည် ပြည်သူများအတွက် အခြားသူများကို မထိခိုက်သမျှ မိမိ၏ဘဝကို လွတ်လပ် စွာနေထိုင်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ပင်ဖြစ်ပါသည်။ အချို့ပြည်သူများသည် ဘယ်ဘာသာကိုမှ မယုံကြည် မကိုးကွယ်ဘဲ နေတတ်ပါသည်။ ထိုသူများကို နိုင်ငံတော်မှ ဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်ရမည်ဟု ဆိုကာ တစ်ခုခုကို အတင်း အဓမ္မယုံကြည်ခိုင်း၍ မရပါ။

ဒီမိုကရေစီ စနစ်တွင် ပြည်သူအများမှ မိမိယုံကြည် ကိုးကွယ်ရာ ဘာသာကို လွတ်လပ်စွာရွေးချယ်၍ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိသည်။

 

အခြေခံသဘော (၁၄) – ရွေးချယ်တင်မြှောက်ခံထားရသည့် ဥပဒေ ပြုသူများ နှင့် စီမံခန့်ခွဲသူများ မှ စစ်တပ် ကို လမ်းညွန်မှု ပေးသည်။

ပြည်သူအများကသာ ခေါင်းဆောင်မှုပြုသည်။ စစ်တပ်ကခေါင်းဆောင်ခြင်းမပြု။

စစ်အရာရှိများသည် ပြည်သူအများကို ကြောက်လန့်ချောက်ခြားအောင် လုပ်နိုင်စွမ်း ရှိပါသည်။ သူတို့သည် စစ်တပ်ခေါင်းဆောင် များ ဖြစ်သည်ဆိုသော အချက်ကပင် ကြောက်စရာဖြစ်ပါသည်။ စစ်တပ်မှာ သေနတ်တွေ အများကြီးရှိသည်။ စစ်တပ်သည် ပြည်သူတွေကို ဖိအားပေး၍ စေခိုင်းနိုင်သည်။ ထို့ကြောင့်ပင်လျှင် အချို့နိုင်ငံများတွင် စစ်တပ်က ခေါင်းဆောင်နေခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ ခေါင်းဆောင်နေရာကို ယူထားခြင်းသည် မှားပါသည်။ ဒီမိုကရေစီ စနစ် တစ်ခု တွင် စစ်တပ်မှ ခေါင်းဆောင်မှုမပြုပါ။ သာမာန်ပြည်သူများကသာ ခေါင်းဆောင်ပါသည်။ သာမာန် ပြည်သူ များက စစ်တပ်ကို ဘာလုပ်ရမည်ဟု ပြောပါသည်။ စစ်တပ်သည် ပြည်သူ တို့၏ အလိုဆန္ဒ ကို ဖြည့်စည်းပေးရန်အတွက် တည်ရှိနေရခြင်း ဖြစ် ပါသည်။ စစ်တပ်မှ အုပ်စိုးသော အခါ တွင် အကြောက် တရားဖြင့် အုပ်ချုပ်ရပါသည်။ အကြောက်တရားဖြင့် အုပ်ချုပ်ခြင်းသည် မကောင်းပါ။ ပြည်သူလူထု၌ မိမိတို့အလိုရှိသလို နေထိုင်ခွင့်၊ လွတ်လပ် စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိရပါမည်။ စစ်တပ်ကိုကြောက်သော အကြောက်တရားဖြင့် ရှင်သန်နေရ ခြင်းမျိုး မဖြစ်သင့်ပါ။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများက ခေါင်းဆောင်ပါသည်။ ပြည်သူများမှ ရွေးကောက်တင်မြှောက်ခံထားရသော ကိုယ်စားလှယ်များမှ ခေါင်းဆောင် ခြင်း ဖြစ်ပါသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် စစ်တပ်သည် ပြည်သူ့ကိုယ်စားလှယ်များ၏ အမိန့်ကို လိုက်နာ ပါသည်။

 

အခြေခံသဘော (၁၅) – ရွေးချယ်ခံ ထားရ သည့် ဥပဒေပြုသူများမှအပ အခြား မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း က မျှ ဥပဒေ မပြဌာန်း နိုင်စေရ။

ရွေးကောက်တင်မြှောက်ခံထားရသော ဥပဒေပြုသူများမှ ပြည်သူများ၏အကျိုးကို ဆောင် ရွက်ပေးသည်။

ဒီမိုကရေစီ စနစ်တစ်ခုတွင် ပြည်သူအများစုကသာ အဓိကဖြစ်ပါသည်။ အဆုံးအဖြတ် ပေးပါသည်။ ပြည်သူ့ကိုယ်စားလှယ်များကသာ ဥပဒေများကို ပြဌာန်းပါသည်။ စစ်တပ်မှ ဥပဒေမထုတ်ပါ။ ဘုရားကျောင်းမှ ဥပဒေမထုတ်ပါ။ ချမ်းသာကြွယ်ဝ သူများမှ ဥပဒေ မပြဌာန်း ပါ။ ပြည်သူလူထုမှ မဲဆန္ဒပေး၍ ဥပဒေပြုသူများ နှင့် စီမံခန့်ခွဲသူများကို ရွေးချယ် ပါသည်။ နိုင်ငံတော်၏ နေ့တဒူဝ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲသူများက စီမံ ပါသည်။ ဥပဒေပြုသူများက လိုအပ်သော ဥပဒေများကို ပြဌာန်းပေးပါသည်။ ဥပဒေပြု သူများကသာ ဥပဒေပြဌာန်းခြင်း အလုပ်ကို လုပ်နိုင်ပါသည်။ သူတို့သည်သာလျှင် ဥပဒေ ကို ပြဌာန်းရန်အတွက် ပြည်သူအများမှ ရွေးချယ်တင်မြှောက်ခြင်း ခံထားရသည့် ကိုယ်စား လှယ် များ ဖြစ်ပါသည်။ လူထုမှ ရွေးချယ်ခြင်း ခံထားရသူများ ဖြစ်ပါသည်။ ပြည်သူအများက သူတို့၏အာဏာကို ဥပဒေပြုသူများ၏လက်ဝယ်သို့ ဥပဒေပြုရန် ကိစ္စ အတွက် အပ်နှင်းထားသည်ဟု အဓိပ္ပါယ်ဖွင့်ပါမည်။ ဥပဒေပြုသူများသည် သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူများထံမှ ရသည်ဆိုသော အချက်သည် ထင်ရှားပါသည်။ ဘုရားကျောင်းကို ပြည်သူတို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ စစ်တပ်ကို  ပြည်သူ တို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ ချမ်းသာကြွယ်ဝသူများ ကို ပြည်သူ တို့က ရွေးချယ်တင်မြှောက်ခြင်း မပြုခဲ့ကြပါ။ထို့ကြောင့်ပင် သူတို့၌ ဥပဒေပြဌာန်းခွင့် မရှိပါ။ ပြည်သူများကသာလျှင် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များမှ တစ်ဆင့် သူတို့ လိုက်နာရမည့် ဥပဒေများ ကို ပြဌာန်းပါသည်။ ထိုအချက်သည် ဒီမိုကရေစီစနစ် အလုပ်လုပ်ပုံ ဖြစ်ပါသည်။ ပြည်သူအများလိုက်နာရမည့် ဥပဒေများ ကို ပြည်သူများကသာ ပြဌာန်းပါသည်။

 

အခြေခံသဘော (၁၆) – ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများကို မဆန့်ကျင်ပါက ပုဂ္ဂလိကအဖွဲ့အစည်း များသည် အထူးလုပ်ဆောင် ပိုင်ခွင့် များ ရရှိနိုင်သည်။

ပုဂ္ဂလိကအဖွဲ့အစည်း များသည် ဥပဒေနှင့် မဆန့်ကျင်ပါက လုပ်ပိုင်ခွင့်များရှိနိုင်သည်။

မိန်းကလေးတစ်ယောက်သည် သူ့အသင်း၏ အထူးဝတ်စုံကို ဝတ်ဆင်ထားသည်။ ကခြေသည် မိန်းကလေး ကလည်း သူတို့ အကအဖွဲ့၏ အဖွဲ့ဝင်များသာဝတ်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံဝတ်ဆင်ခွင့်သည် သူတို့၏ အထူးလုပ်ပိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သံချပ်အသင်းဝင်များ၌လည်း အထူးအခွင့်အရေး ရနိုင်သည်။ သံချပ်အသင်းဝင် မိန်းကလေးနှင့် အခြားအဖွဲ့ဝင်များသည် သံချပ်တိုင်ယိမ်းကစဉ်တွင် သီးသန့် ဝတ်စုံများ ဝတ်ဆင်၍ အမြဲတမ်း ဆင်နွှဲကြသည်။ ထို အထူးအခွင့်အရေး များ သည် ဥပဒေကို မချိုးဖောက်ပါ။ ငါးဖမ်းသူများဖွဲ့စည်း ထားသော အဖွဲ့တစ်ဖွဲ့တွင် သူတို့ သုံးနေကျ အထူးလုပ်ရပ် ကလေးတစ်ခု ရှိခဲ့သည်။ သူတို့နှင့် ရုပ်ခြင်း၊ အသား အရောင် ခြင်း တူသူများ က သူတို့ငါးမျှားရာ နေရာကိုလာပြီး ငါးမျှားလျှင် ခွင့်ပြုခဲ့ကြသည်။ သူတို့ နှင့် အသားမရောင်မတူ၊ ဘာသာစကား မတူသူများ ငါးလာမျှားလျှင်တော့ ထိုအဖွဲ့ က ဒေါသပုန်ထကြတော့သည်။

ထိုအဖွဲ့က သူတို့ နှင့် အသားမရောင်မတူသူ ငါးမျှားသူများကို နှောက်ယှက်ရန် စီမံခဲ့ကြသည်။ ထိုသူများ၏လှေများ ဖျက်စီးခံခဲ့ကြရသည်။ လူကိုရန်ပြုခဲ့ကြသည်။ထိုကဲ့သို့ မကောင်းမှုများပြုခြင်းသည်ပင်လျှင် သူတို့အဖွဲ့၏ ထူးထူးခြားခြား လုပ်ရပ် ဖြစ်သည်။ သူတို့အဖွဲ့၏ ထူးခြားမှုက “လူမျိုးတစ်မျိုး တည်းသာဤနေရာတွင် ငါးမျှားရမည်” ဟူ၍ ဖြစ်သည်။

ထို ထူးခြားစွာ လုပ်ဆောင်မှုက တရားဥပဒေကို ချိုးဖောက်သည်ဟု ထင်ပါ သလား?

နောက်ထူးဆန်း သောအဖွဲ့တစ်ဖွဲ့ အကြောင်းပြောစရာရှိပါသည်။ ထိုအဖွဲ့မှ လူအများစု သည် ရပ်ဝေးမြေခြားမှ လာသော တောင်ပေါ်သားများဖြစ်ကြသည်။ ထို့ကြောင့် ထိုအဖွဲ့မှ လူအများ သည် ဝေးလံ သီခေါင်သော တောင်ပေါ်မြေဇာတိသားတိုင်း အပြာရောင် နှင်းပွင့် လေး တစ်ပွင့်ကို သူတို့၏အကျင်္ ီ (သို့) အပေါ်အကျင်္ ီ ပေါ်တွင် ဆင်မြန်းရန် ဆုံးဖြတ်ခဲ့ကြ သည်။ ထိုကဲ့သို့ ဝတ်ဆင်ခြင်းဖြင့် ဇာတိသား အချင်းချင်း အလွယ်တကူ တွေ့ရှိနိုင်သည်။ အကူအညီလိုသူကိုလည်း လိုသလို ့ကူညီပေးနိုင်သည်။ သူတို့အဖွဲ့၏ ထူးခြား သော လုပ်ဆောင်ချက်ကတော့ “အပြာရောင်နှင်းပွင့် ဆင်မြန်းထားသော တို့တစ်တွေ သည် မိသားစု သဖွယ် ဖြစ်သည်” ဟူ၍ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် ထိုအဖွဲ့အစည်း နှစ်ခု အနက်မှ တစ်ဖွဲ့က တရားဝင်၍ ကျန်တစ်ဖွဲ့က တရားမဝင်ပါ။

မည်သည့်အဖွဲ့က ဒီမိုကရေစီစနစ်နှင့် ကိုက်ညီ၍ မည်သည့်အဖွဲ့က ဒီမိုကရေစီစနစ်နှင့် မကိုက်ညီ ဟု ပြောနိုင်ပါသလား?

အဖွဲ့တစ်ဖွဲ့ က တရားဥပဒေချိုးဖောက်နေသည်ဟု ထင်ပါသလား?

မည်သည့် အဖွဲ့၏ ထူးခြားစွာ လုပ်ဆောင်ချက်ကို ကြိုက်နှစ်သက်ပါသလဲ?

 

အခြေခံသဘော (၁၇) – နိုင်ငံတော် အတွက် လုပ်ငန်းများ လုပ်ဆောင်ရန် နှင့် ဆုံးဖြတ်ချက် များချရန် စီမံခန့်ခွဲသူ များ ကို ရွေးချယ် တင်မြှောက်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ လုပ်ဆောင်ရမည်။ ထိုသို့ လုပ်ဆောင်ခြင်းရှိ/မရှိ တရားသူကြီးများမှ ကြီးကြပ် ရမည်။

စီမံခန့်ခွဲသူများမှ နိုင်ငံတော်၏အဖွဲ့အစည်းများကို စီမံခန့်ခွဲရာတွင် ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ ကို တရားသူကြီးများက ဆုံးဖြတ်ပေးရမည်။ အဖွဲ့အစည်းများ ချောမွေ့စွာ အလုပ်လုပ်နိုင်ရန် ဥပဒေများကို ပြဌာန်းပေးရမည်။ စီမံခန့်ခွဲသူများမှ နေ့တစ်ဒူဝ ကိစ္စများကို ကြီးကြပ်ပေးရမည်။ ထိုကဲ့သို့ စီမံခန့်ခွဲရန်အတွက် စီမံခန့်ခွဲသူများ ကို ရွေးချယ်တင်မြှောက် ထားခြင်းဖြစ်သည်။ ထို့သို့စီမံ လုပ်ဆောင်ရာတွင် ဥပဒေနှင့်အညီ လုပ်ဆောင် ရမည်ဖြစ်သည်။ သူတို့၏အလုပ်များထဲမှ တစ်ခုမှာ လူများကို အလုပ် ရွေးချယ် ခန့်ထားရေးဖြစ်သည်။ အလုပ်လျှောက်ထားရာတွင် မည်သည့် အသား အရောင် ရှိသူကိုမဆို အခွင့်အရေး ညီတူညီမျှ ဖြစ်ရမည်ဟု ဥပဒေက ဆိုသည်။ စီမံခန့်ခွဲသူများမှ ထို ဥပဒေပါ အတိုင်း အလုပ်လျှောက်ထားခွင့်ကို အသားအရောင်မခွဲခြားဘဲ လူတိုင်း ကို ခွင့်ပြုရမည် ဖြစ်သည်။ အကယ်၍ စီမံခန့်ခွဲသူများက ဥပဒေကို မလိုက်နာလျှင် တရား ရုံးတော် သို့ ခေါ်ယူ၍ တရားသူကြီးများမှ ဥပဒေအတိုင်း လိုက်နာလုပ်ဆောင် စေရမည် ဖြစ်သည်။

ပြည်သူများက မဲဆန္ဒပေး၍အတည်ပြုထားသော ဥပဒေကိုလိုက်နာကြရန် စောင့်ကြည့် ကြပ်မတ်ရမည်မှာ တရားသူကြီးများ၏ အလုပ်ဖြစ်သည်။ နိုင်ငံတော်၏ ဘဏ္ဍာငွေကို မည်ကဲ့သို့ အသုံးပြုရမည်ဟု ပြဌာန်း ထားသော ဥပဒေများစွာ ရှိပါသည်။ ဘဏ္ဍာငွေ အသုံးစာရင်းများကို မည်သို့ ပြုစု၍ ထိန်းသိမ်း ထားရမည်ကို ဖော်ပြထားသော ဥပဒေ များစွာလဲ ရှိပါသည်။ ထိုကဲ့သို့ ဥပဒေများ ထားရှိရခြင်းမှာ အများပြည်သူများက ဘဏ္ဍာ ငွေ စာရင်း များကို ကြည့်ရှု၍ စီမံခန့်ခွဲသူများ၏ ရိုးသားဖြောင့်မတ်မှုကို ကြပ်မတ်ရန် ဖြစ်ပါ သည်။ စီမံခန့်ခွဲသူများသည် အလုပ်လုပ်ရာတွင်၊ စီမံရာတွင် သူတို့ကြိုက်သလို လုပ်ပိုင် ခွင့် မရှိပါ။

ဒီမိုကရေစီစနစ်တွင် စီမံခန့်ခွဲသူများသည် ဥပဒေနှင့်အညီ သာ ဆောင်ရွက်ရမည် ဖြစ်ပါ သည်။ စီမံခန့်ခွဲသူများမှ ဆုံးဖြတ်ချက်ကောင်းများ မချလျှင် သူတို့ကို ထပ်မံ၍ ရွေးချယ် ခြင်း ခံရဖို့ မသေချာပါ။

 

အခြေခံသဘော (၁၈) – နိုင်ငံရေးပါတီ များမှ ကွဲပြားခြားနားသော နိုင်ငံရေးရှုထောင့် များကို ကိုယ်စားပြုသည်။ ပြည်သူများသည် မိမိ ကြိုက်နှစ်သက်ရာ နိုင်ငံရေးပါတီ ကို ထောက်ခံနိုင်သည်။

ဒီမိုကရေစီစနစ် အသက်ဝင်ရေးအတွက် နိုင်ငံရေးပါတီများသည် အလွန်အရေးပါသည်။ သာမာန်ပြည်သူများသည် နိုင်ငံရေးပါတီများတွင် တက်ကြွစွာ လှုပ်ရှားကြပါသည်။ မည်သည့် ဥပဒေများကို ပြဌာန်းရမည် ဆိုရာတွင် အမြင်ရှုဒေါင့် မြောက်များစွာ ရှိနိုင် ပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်းတွင် မည်သည့် အတိုင်းအတာအထိ အစိုးရမှ အသေးစိတ် ပါဝင်ပါတ်သက်သင့်သည်ကို ပြည်သူ အများမှ သဘောထားကွဲလွဲလေ့ ရှိပါသည်။ အိမ်နီးချင်းနိုင်ငံ များနှင့် မည်ကဲ့သို့ဆက်ဆံသင့်သည် ဆိုသည် ကိုလဲ ပြည်သူ များမှ အမြင်အမျိုးမျိုး ရှိတတ်ကြပါသည်။ ထိုကဲ့သို့သော ပြည်သူများ၏ ထင်မြင်ချက် ပေါင်းစုံကို အလေးထား၍နားထောင်သင့် ပါသည်။

ဒီမိုကရေစီစနစ် တစ်ခုတွင် ထိုထင်မြင်ချက်ပေါင်းစုံကို နိုင်ငံရေးပါတီမျိုးစုံ ဖြင့် ထင်ဟပ် ကြပါသည်။ နိုင်ငံရေးပါတီတစ်ခုက ရှုထောင့်တစ်ခုမှ အကြံများရှိမည်။ နောက်ပါတီ တစ်ခု က ကွဲပြားခြားနားသော ရှုထောင့်မှ အကြံများရှိပါမည်။ ထိုနည်းဖြင့် ထင်ရှားသော၊ လူသိ များသော အကြံများအားလုံးကို နိုင်ငံရေးပါတီ များမှတဆင့် ပြည်သူများက ရှုထောင့်စုံမှ ကြားသိနိုင်ပါသည်။ နိုင်ငံရေးပါတီဝင် ပြည်သူ များသည် မိမိတို့ နိုင်ငံရေးပါတီ၏ အသံကို အခြားပြည်သူများ ကြားသိနိုင်အောင် အထူးကြိုးစား၍ တင်ပြကြရပါသည်။ နိုင်ငံရေးပါတီများသည် ဆိုင်းဘုတ်များ ထောင်ခြင်း၊ ရုပ်မြင်သံကြား နှင့် ရေဒီယိုများပေါ်မှ ကြော်ငြာခြင်း ၊ သတင်းစာများထဲတွင်  ကြော်ငြာခြင်းများ ပြုလုပ်ကြပါသည်။ အိမ်နီးချင်း များနှင့်မိတ်ဆွေများကို စကားပြောကြရပါသည်။ ပါတီအတွက် ရံပုံငွေ ရှာကြရပါသည်။ သူတို့ ပါတီ၏ အကြံအစည် မူဝါဒများကို ဖြန့်ဝေပေးချင်ကြပါသည်။ သူတို့ပါတီ၏ မူဝါဒ များသည် မူဝါဒကောင်းများ ဖြစ်သည်ဆိုခြင်းကို လိုအပ်သော ပြည်သူအရေအတွက်အား အောင်မြင် စွာ စည်းရုံးနိုင်မည် ဆိုလျှင်တော့ ထိုမူဝါဒများသည် ဥပဒေ ဖြစ်လာပါလိမ့်မည်။

 

3 comments

Leave a Reply