ဒမဆွေး(ဓါးမဆွေး) တစ်ချောင်းရဲ့ခံစားချက်
ဒမဆွေး(ဓါးမဆွေး) တစ်ချောင်းရဲ့ခံစားချက်
ကျနော်က ဒမဆွေးတစ်ချောင်းပါ။ တစ်ချိန်တုန်းကတော့ ကျနော်က နောက်ဖေးမီးဆိုဆောင်ထဲမှာ တာဝန်တွေ အများကြီးကို ထမ်းဆောင်ခဲ့ရတဲ့သူပေါ့။ ဝက်သားတုံးကြီးတွေနဲ့ ဝက်လက်တွေကို
ဒိုင်းကနဲ မည်အောင်ပိုင်းခဲ့တာကျနော်ပေါ့။ ကြက်ပေါင်တွေကို ဒုတ်ကနဲ ခုတ်ခဲ့တာလည်းကျနော်ပါ။ ငါးတွေရဲ့ ရင်ကိုခွဲ အသဲကိုထုတ်လို့ အသားကို နုတ်နုတ်စဉ်းပေးရတဲ့ အခါတွေလည်းရှိရဲ့။ ဟင်းသီးဟင်းရွက်တွေကို ရွှပ်ကနဲရွှပ်ကနဲ ဖြတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ ဗူးသီးခရမ်းသီးတွေကို ဗျန်းကနဲ ထက်ခြမ်းခွဲ ခဲ့တဲ့အလုပ်ဆိုလည်းရှောင်မပြေးခဲ့ပါဘူး။ အာလူး၊ကြက်သွန် အခွံသင်ပေးရမယ်ဆိုလည်းလက်မနှေးခဲ့ပါဘူး။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ။ ဖိုထဲ ထည့်လို့မရတဲ့ မီးသွေးခဲ အကြီးတွေကိုလည်း ခွမ်းကနဲ ခွဲပေးရတဲ့ အလုပ်ကိုလည်း ကျနော်ကိုပဲ ခိုင်းတာပဲ။ ဒါတွေကို မငြီးငြူခဲ့ပါဘူး။ ကျနော်ကို ဓါးသွေးဆရာဆီကိုပို့ ပြီးကျနော်အသွားကို ထက်မြစေခဲ့ရင် ကျနော် အတော်ကျေနပ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဓါးသွေးဆရာဆီကိုမပို့ တော့ပဲ အိမ်ရှင်မက ရေအင်တုံ နှုပ်ခမ်း၊ ရေအိုးနှုပ်ခမ်းမှာ ချွင် ချွမ် ချွင် ချွမ် မည်အောင် လေးငါး ဆယ်ချက်
ပွတ်ဆွဲ လိုက်ရင်တောင် ကျနော်တော်တော် ပျော်ခဲ့ပါတယ်။ ကျနော့ အသွားတွေ ထက်နေသေးတယ်လေ။
ဒါပေမဲ့ ကျနော် ခံစားခဲ့ရတာလေးတွေရှိခဲ့ပါတယ်။
အိမ်ဦးနတ်ကြီး အရက်သောက်တဲ့ဝိုင်းမှာ သူ့အပေါင်းအသင်းတွေ အရက်နဲ့ မြည်းဖို့ ပန်းသီး ဆိုတဲ့ တန်ဘိုးကြီးကြီးအကောင်တွေကို (အတုံးလိုက် အတစ်လိုက်လှီး) ပေးတဲ့ စတီးရေသုတ်ထားတဲ့ ဓါးပါးလေးလောက် တန်ဘိုးမရှိခဲ့ပါဘူး။ အရည်ရွှမ်းတဲ့ ဖရဲသီးနဲ့ ရွှေဝါရောင် သင်္ဘောသီးတို့ရဲ့
ရင်ဘတ်ထဲ (တဆုံးထိုးနှိုက်)၊ ရဲရဲနီတဲ့ ဖရဲဝမ်းတွင်းသားလေးနဲ့ ဝါအိနေတဲ့ သဘောင်္သီးတွေကိုအမြည်းအဖြစ် ခွဲစိတ်ဆက်သပေးရတဲ့ စတီးရေသုတ်ဓါးပါးလေးလောက်မျက်နှာမရခဲ့ပါဘူး။ငရုပ်ဆီနဲ့ တို့စားဖို့ အတွက် နီနီရဲရဲနဲ့
ချွဲချွဲပြစ်ပြစ်ရှိတဲ့ ခရမ်းချဉ်သီးဆိုတဲ့ ငနဲတွေကို ( အကွင်းလိုက် အကွင်းလိုက်လှီး) ပေးတဲ့ စတီးရေသုတ်ဓါးပါးလေးလောက် နေရာမရခဲ့ပါဘူး။ ရှာလကာရည်နဲ့ ငံပြာရည်ထဲမှာ ဘိတ်ချဉ်အဖြစ် အစိမ်ခံ အမြည်းခံရဖို့ အတွက် အစိမ်းသက်သက် ငရုပ်သီးစိမ်းနဲ့ အဖြူထည် ကြက်သွန်ဖြူတွေကို
( ပါးပါးလေးလှီး) ပေးတဲ့ စတီးရေသုတ်ဓါးပါးလေးလောက် အသိအမှတ် ပြု မခံရပါဘူး။ ဒါပေမဲ့
သူ့ ကုသိုလ်နဲ့ သူပဲလေ။ ကျေနပ်ပါတယ်။ ကျနော့်လို အလုပ်မျိုးကို ဟိုစတီးရေသုတ်ဓါးပါးလေးနဲ့ ဘယ်လိုလုပ် လို့ရမလဲနော့။
ခေတ်တွေ စံနစ်တွေ ပြောင်းလာတော့ အသားတွေ ငါးတွေဆိုတာ ခုတ်ပြီးထစ်ပြီးသားတွေကို စူပါမာ့ကက်ကြီးတွေရဲ့အအေးခန်းထဲမှာထား အဆင်သင့်ဝယ်စားလို့ ရတော့ ကျနော်လည်းဟင်းမခုတ်ရတော့ဘူးပေါ့။ အသီးအရွက် ဆိုတာလည်း အသင့်ကြော်စားရုံ သီးစုံ ဆိုပြီး ဗူးတွေနဲ့ ထည့်၊အသင့်ဝယ်လို့ရတော့ ၊ဒီတာဝန်အတွက်လည်း ကျနော့ကိုမလိုအပ်တော့ဘူး၊ လျှပ်စစ်တွေ၊ဂက်တွေ ပေါပေါများများရလာတော့ မီးဖိုမှာ သုံးဖို့ မီးသွေးတုံးတွေလည်းခွဲမပေးရတော့ဘူး။ ဒီတော့ ကျနော်ဘာလုပ်ရသလဲ။ အိမ်အောက်ကိုသွား သစ်ပင်တွေကိုခုတ်ရတာပေါ့။ ကျနော်သိပ်ကြိုက်တာပေါ့။ ဒီလိုအင်နဲ့အားနဲ့လုပ်ရတဲ့ အလုပ်တွေ က ကျနော့် အသွားကိုပိုထက်စေတယ်လေ။ ဒါပေမဲ့ဗျာ အဲဒါအပြင် ချုံရှင်းမြက်ခုတ်ကိုလည်း ကျနော့ပဲ ခိုင်းတယ်ဗျာ။ ခြုံရှင်းရတာတော်သေးတယ်၊မြက်ခုတ်ရတဲ့အခါကျတော့ မြက်တောထဲမှာရှိနေတဲ့ ခဲလုံးတွေကိုခုတ်မိတော့ ကျနော်အသွားတွေ လိပ်တဲ့နေရာလိပ်။ ပဲ့တဲ့နေရာပဲ့ပေါ့။ ကျနော်ကိုပန်းပဲ ပို့ ပြီးတော့လည်း ပြန်မသ ဘူး၊ ဓါးသွေးဆရာ ဆီပို့ပြီးတော့လည်း ပြန်မသွေးဘူး။ လိုရင်ဆွဲသုံး မလိုရင်ချောင်ထိုးထား၊ကြာတော့ ကျနော်ဟာ သုံးမရတဲ့ ဒတုံး(ဓါးတုံး) ကြီးဖြစ်လာပါတယ်။ ဒတုံး ဘဝကတော်ပါသေးတယ်။ အကြောင်းရှိလို့ ပန်းပဲ ပို့ပြီးပြန်သရင် အသုံးပြန်ဝင်လာနိုင်ကောင်းပါရဲ့။ အခုတော့ဗျာ မီးဖိုချောင်အောက် ရေစင်ဘေးမှာ ချောင်ထိုးထားလိုက်တော့ ကျနော်ဟာတဖြည်းဖြည်းဆွေးမြေ့လာခဲ့တယ်။ ကိုယ့်ကိုယ် ကိုတော့ ဆွေးမှန်းသိပ်မသိပါဘူး။ တလောက မီးတွေပျက်၊ ဂက်စ် တွေကုန်လို့ အိမ်ရှင်မ မီးမွှေးဖို့ မီးသွေးကို ခွဲဖို့ ကျနော်ကိုဆွဲထုတ်၊ ဒီတစ်ချီတော့ငါ အလုပ် လုပ်ရချေသေးရဲ့လို့ ဝမ်းသာ၊ အားမာန်အပြည့်နဲ့ မီးသွေးတုံးပေါ် ဒုတ်ခနဲ ခုတ်ချလိုက်တော့မှ ကျနော်ကိုပေါ်က အနာဖေးတွေ အလွှားလိုက် အလွှားလိုက် ကွာကျသွား၊ ဪ ……ငါဟာ ဘာမှသုံးမရတဲ့ ဒမဆွေးကြီး တစ်ချောင်းဖြစ်လို့နေပါရောလား !!!!!!!!!!
အားလုံးကို ခင်မင်လေးစားစွာဖြင့်
ကြောင်လတ်။
13 comments
ကြောင် လတ်လေး
March 14, 2012 at 8:37 pm
ကျနော်ရန်ကုန်ရောက်ခဲ့စဉ်က ရုံးရဲ့နောက်ဖက် ခြမ်းက အခန်းထဲမှာ နယ်ကရောက်လာတဲ့ တပည့်တွေနဲ့ အတူ အရက်သောက်ရင်း (ပင်စင်ယူကာနီး ဌာနလက်ကိုင်မရှိတဲ့) စိတ်ဓါတ်ကျနေတဲ့ အဆင့်မြင့် အရာရှိကြီးတစ်ဦး ရဲ့နေရာက ခံစားကြည့်ပြီးရေးဖွဲ့ထားတာပါ။
water-melon
March 14, 2012 at 8:45 pm
အမလေး ကြောင်လတ်လေးရယ်
ဟုတ်လား အမလေး အံဇာနဲ့ ကြီးမိုက်ရေ
နင်တို့ရဲ့ သူငယ်ချင်း ငါတော့ ဘဝပျက်ပါပြီအေ့
ရီး ရီး ရီး ( ငိုနေတာနော်)
ရင်ထဲမှာ တစ်မျိုးကြီးဘဲ ကြောင်လတ်လေးရေ ဖရဲဆိုတာ နာမည်ကွဲ့
ရက်စက်ပါ့
ခံစားတတ်လုို့ ကျေးဇူးပါ။
မဟာရာဇာ အံစာတုံး
March 15, 2012 at 7:34 pm
သူ့ ဝမ်းနည်းပက်လက် ငိုသံကြီးကလည်း …
ရီး .. ရီး … ရီး … တဲ့ ….. 😀
သနားဘူး …. သနားဘူး ….
နာက အဲဒီ အတွင်းသား ရဲရဲလေးတွေကို ရွှီးကနဲ .. ရွှီးကနဲ မြည်အောင်ကို စားပစ်လိုက်ဦးမှာ .. 😀
ကျားကြောက်လို့ ဆင်ဂျီးကိုး ကျားထက်ပင် ဆိုးမယ့်ဟန်ပင် .. ဆိုတာ ဒါမျိုးနေမှာနော် ..
ဟုတ်တယ်နော် .. ဗြဲသီး …
😀 😀
ကြောင် လတ်လေး
March 14, 2012 at 9:01 pm
ရွာထဲမှာ အဖွဲအစည်းနဲ့နေတဲ့ ဖရဲကို တဆုံးမနှိုက်ရဲပါဘူးကွယ်၊ တော်ကြာ အပေါင်းအဖော် တသိုက်က ဝိုင်းသမကြလို့ကြောင်ကင်ဖြစ်မှာကြာက်လှကြောင်းပါခင်ဗျာ။ ကြောင်လေးပြောတာ စားတဲ့ ဖရဲသီး ရဲရဲလေးပါ။
ဦးဦးပါလေရာ
March 14, 2012 at 10:18 pm
ကိုကြောင်လတ်ရယ်
ကျွန်တော့်မိတ်ဆွေ ဝန်ထမ်းကြီးတွေကိုလဲ သတိရသွားမိတယ်။
သူတို့မှာ တသက်လုံး ဝန်ထမ်းအဆင့်ဆင့်ဘဝတွေကို ကြိုးစားဖြတ်သန်းလာ
ပညာလဲစုံ အတွေ့အကြုံလဲစုံ အတောင်အလက်လဲစုံလို့
တူတူတန်တန် တာဝန်ယူလုပ်ကြရတော့မယ်ဆိုမှ
ကြယ်တံဆိပ်ဓါးတွေ မိုးပေါ်ကကျလာတာနဲ့
အပေါ်မှာလဲ နေရာမရှိ
ဘေးတိုက်လဲ နေရာမပေး
အောက်မှာလဲ အသက်ရှုမဝနဲ့
ထွက်လိုက်ပါလား လို့ လွယ်လွယ်ပြောရအောင်ကလဲ
သူတို့က တသက်လုံး အစိုးရကို အားကိုးတကြီး ယုံကြည်စွာတာဝန်ထမ်းခဲ့ကြတာ
တရွာလဲ တကျီ နှစ်ကျီ လေးငါးကျီ ဆောက်မထားကြဘူူး
လှေနံလဲ နှစ်ဘက်သုံးဘက်လေးငါးဘက် နင်းမထားကြဘူးလေ။
သူတို့ကတော့ နိုင်ငံကို သစ္စာမဖေါက်ခဲ့ကြပါဘူး
သူတို့အပေါ် သစ္စာဖေါက်ခံရသလို ခံစားချက်မျိုးကိုလဲ ကျိတ်မှိတ်ခံစားနေကြဆဲပါ..။
အော်…. ဒါတွေ သိမှ သိကြပါလေစ….
ကိုပေါက်(မန္တလေး)
March 14, 2012 at 11:03 pm
သူ့နေရာနဲ့သူမှန်အောင်နေရာမချခဲ့တော့
ဇာတ်ပျက်ကုန်သပေါ့ဗျာ။
padonmar
March 15, 2012 at 12:33 am
ကြောင်လတ်က ကြက်မကြီးနေရာကခံစားလိုက် ခွေးကုတက်နေရာကခံစားလိုက်
ဟောအခုကျတော့ ဒါးမဆွေးကြီးတဲ့လား။ခံစားပေးရေးဖွဲ့တတ်ပါပေတယ်။ချီးကျူးပါတယ်။
ကိုယ့်ကိုကိုယ် မတုံးသွားအောင် လူမှုရေး ဘာသာရေး နိုင်ငံ့အရေး တွေလုပ်နေတဲ့ သက်ကြီးရွယ်အို တွေ ကတော့ ဘယ်တော့မှ မဆွေးတဲ့ ဒါးတွေပဲလို့ မြင်ပါတယ်။
Khin Latt
March 15, 2012 at 5:33 am
အရီးလဲ တကဲ့ကို ဝင်ခံစားသွားပါတယ် ကြောင်လတ်လေးရေ။
အဲဒီလို အရာရှိကြီး ဟာ သူတစ်ယောက်ထဲ မဟုတ်ပါဘူး။
ကျွန်မ ပါတ်ဝန်းကျင်မှာလဲ သူ့လိုလူတွေ အများကြီးပါဘဲ။
အစ်မပဒုမ္မာ ပြောသလို ကြီးလာရင် ကိုယ့်ဟာကိုယ် သွေးဖို့ ပြင်ထားနိုင်ရင်တော့ စိတ်ဓာတ်မကျတော့ဘူးပေါ့။
အဲဒီလို မဟုတ်လို့ကတော့ အရာတိုင်းဟာ အရှုံးတွေ ဖြစ်တော့မှာ။
ကြောင် လတ်လေး
March 15, 2012 at 6:31 am
ဟုတ်တယ်ဦးဦးပါရေ နှစ်သီးစားခွင့်မရှိတဲ့ သူတွေ ဟာဒုက္ခပင်လယ်ဝေနေရတယ်၊ပင်စင်ယူပြီးသွားရင် ဘယ်မှာ သွား ဒရဝမ်လုပ်ရပါ့ဆိုပြီး ငြီးငြူနေကြရတာ။
ဇာတ်ပျက်ခဲ့တာတော့ ပြောမနေနဲ့ ကိုပေါက်ရေ ခုထိကို ပြန်တည်လို့ မရသေးဘူး။
အမ ပဒုမ္မာ ရေ ခံစားလို့ ရတာကတော့ ကိုယ်တိုင်ခံစားချက်လေးတွေနဲ့ ပေါင်းစပ်ကြည့်တာပါ။ သူ ပင်စင်ယူပြီးတဲ့ အခါမှာ လူမှုရေးဘာသာရေး ကို အေးအေးဆေးဆေးလုပ်နိုင်တဲ့ အခြေခံကောင်းလေးမှ ရှိပါလေစလို့ သံသယ ဖြစ်မိပါတယ်။
အရီးလတ်ရေ ပင်စင်စားကြီးတိုင်း အဲဒီလို ကိုယ့် ကိုယ်ကို သွေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ကိုယ့် အလှည့်ကျရင်လည်း သွေးနိုင်ဖို့ အခြေခံကောင်းလေးဖြစ်အောင် တဖက်တလမ်းက ကြိုးစားနေပါတယ်ခင်ဗျာ။
kyeemite
March 15, 2012 at 9:20 am
ခံစားချက်ကိုတင်စားသွားတာလေး
မိုက်တယ်ဗျို့…အားပေးဖတ်ရှု့ခံစားသွားပါတယ်..
Thel Nu Aye
March 15, 2012 at 3:00 pm
ကိုယ်တိုက်ဝင်ရောက်ခံစားဖတ်ရှု့သွားပါတယ်။ ရင်ထဲထိတဲ့ရေးသားချက်မို့လက်မတချောင်းထောင်သွားပါတယ်။
ကြောင် လတ်လေး
March 15, 2012 at 10:24 pm
ကျီးမိုက်နဲ့ သဲနုအေး၊ဖတ်ရှု ခံစားပေးတဲ့ အတွက် ကျေးဇူးပါ။
ကျီးမိုက်ရေ ကျနော်လည်း ကြီးမှ မိုက်တဲ့ ကြီးမိုက်ပါဗျာ။
MaMa
March 16, 2012 at 7:47 am
ကြောင်လတ်ပြောတဲ့ ဓါးမဆွေးတွေကို မြင်ခဲ့ဖူးတယ်။
ွှီနှစ်မျိုး နှစ်စား ရှိတယ်လို့တောင် ပြောရမလား။
တစ်မျိုးက ကိုယ်အသုံးဝင်စဉ်မှာ အကျိုးဆောင်ခဲ့တာနဲ့ (အသားတွေ၊ ငါးတွေကို လှီးဖြတ်ခုတ်ထွင်ပေးခဲ့သလိုမျိုး)
နောက်တမျိုးက ကိုယ်နေရာရစဉ်မှာ သူတပါးကို အန္တရာယ် ရှိစေခဲ့တာ (လူသတ် ဓားပြတိုက်ရာမှာ သုံးသလိုမျိုး)
ပထမအမျိုးက အသုံးမဝင်တော့သော်လည်း ကိုယ့်အတွက်ရော သူတပါး အတွက်ပါ ဒုက္ခမခံရဘူး။
(ပင်စင်စားပေမယ့် အေးအေးငြိမ်းငြိမ်း ဘဝကို ဖြတ်သန်းသွားတာ)
ဒုတိယအမျိုးအစားကတော့ ဟိုတုန်းက ထွက်ခဲ့တဲ့ အစွယ်တွေ ချိုးနှိမ်ခံရသလိုဖြစ်ပြီး အခံရခက်တဲ့ ဝေဒနာတွေနဲ့ မြန်မြန်ဆန်ဆန်ဘဝဇာတ်သိမ်းသွားတာတွေတောင် ရှိကြတယ်။