သူရဿဝါနှင့် ပညာရှာပမာသူဖုန်းစား

သူရႆဝါMarch 15, 20121min4092

(၁)
ဆိုရိုး တစ်ခု ရှိသည်။ ပညာရှာ ပမာ သူဖုန်းစားတဲ့။ ဆိုလိုရင်းက ပညာရှာရာတွင် သူတောင်းစား တစ်ဦးကဲ့သို့ မရှက်မကြောက်၊ အငမ်းမရ အာသာငမ်းငမ်း ရှာဖွေ ဆည်းပူး ကြရမည် ဟူသည့် သဘော။ ဘာပညာပဲ ဖြစ်ဖြစ်ပါ။ တခြား မကြည့်နှင့်.. အိုင်တီ နည်းပညာ လောကမှာပဲ ကြည့်။ အဆင့်မြင့် Network ပိုင်း ဆိုင်ရာလား.. စာတွေ့တွေ လက်တွေ့တွေ အများကြီး လုပ်ရမည်။ စာတွေ ဖတ်ရမည်၊ လက်တွေ့ပိုင်း ဆိုင်ရာတွေ ကြိုးပမ်း လုပ်ဆောင်ရမည်။ စာစီစာရိုက် အလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်း ပြုချင်တာလား။ အလကားနေရင်း စာစီ စာရိုက် အလုပ်ကို ကျွမ်းကျင် လာကြတာတော့ မဟုတ်။ Typing မြန်အောင် လက်နှင့် ကွန်ပျူတာ ကီးဘုတ်ကို တဒေါက်ဒေါက် တဒက်ဒက် ကျင့်ကြ ရသည်။ အခုခေတ် ကလည်း ပညာခေတ်ဟု ဆိုကြပြန်သည်။ လူတိုင်းလိုလို မိမိ တတ်ကျွမ်းသော ပညာကို အသုံးချ၍ မိမိဘဝကို တည်ဆောက် ကြရသည့်ခေတ်။ သူရဿဝါ ပတ်ဝန်းကျင်တွင် အချိန်ပြည့် ပညာရှာ၍ နေကြသည့် သူဖုန်းစား လေးတွေ အများကြီး။

(၂)
ဟိုး… တလောက… လောလောလတ်လတ် ဆယ်တန်း အောင်ထားသော ကောင်လေး တစ်ယောက် သူရဿဝါကို လာ၍ မေးသည်။

“အစ်ကို.. ကျွန်တော် ဆယ်တန်း အောင်ပြီးပြီ၊ ကွန်ပျူတာ တက်ချင်လို့”

“အေး… အခြေခံကနေ စတက်လေကွာ”

“ဟုတ်.. ဟုတ်ကဲ့ အစ်ကို… အိမ်ကနေ သင်တန်းဖိုး တောင်းလိုက်ဦးမယ်”
သိပ်မကြာပါ။ လမ်းတွင် ထိုကောင်လေးကို ကွန်ပျူတာ သင်တန်း တစ်ခု၏ သင်ရိုးညွှန်းတမ်း စာအုပ်များ တပွေ့တစ်ပိုက် ကိုင်လျက် တွေ့ရသည်။ အစစ အရာရာ အဆင်ပြေသည် ဟူသည့် သဘောဖြင့် သူရဿဝါကို ပြုံးလျက် လက်မ ထောင်ပြသွား၏။ ကောင်းပါ၏။ သင်တန်းကြေး နှစ်သောင်း၊ သုံးသောင်း သွင်း၍ နှစ်လ၊ သုံးလလောက် အချိန် ပေးနိုင်လျှင် ကွန်ပျူတာ အခြေခံတော့ ရပြီ။ ဒါလည်း ပညာတစ်မျိုး တိုးတာပ။

သုံးလေးလ ကြာတော့ ထိုကောင်လေး ကျွန်တော့်ဆီ ထပ်ရောက် လာသည်။
“ကွန်ပျူတာ အခြေခံတော့ ပြီးပြီ အစ်ကို”

“အေးလေ.. ကောင်းတာပေါ့ဟ”

“ကွန်ပျူတာလည်း အိမ်မှာ ဝယ်လိုက်တော့ … ကိုယ့်စက်လေး ပျက်တာ ပြုတာဆို ဆီပျောက် မီးပျောက် လောက်တော့ ပြင်တတ် ဆင်တတ် ချင်သေးတယ် အစ်ကို၊ ဘာထပ် တက်ရမလဲ”

“အေး.. ဒါဆိုလည်း A+ Hardware လေး ဘာလေး တက်ကြည့်ပေါ့”

“ဟုတ်ကဲ့.. အစ်ကို၊ ကျေးဇူးပဲ၊ ကျွန်တော် အိမ်ကနေ သင်တန်းဖိုး တောင်းလိုက်ဦးမယ်”

Hardware A+ သင်တန်း တက်တော့လည်း ကောင်းတာပဲ။ ကိုယ့်စက်ထဲက Program တွေ ဘယ်လို လည်ပတ် လှုပ်ရှားနေလဲ သိရတာပေါ့။ အခြေခံ ကျကျ ကွန်ပျူတာ အကြောင်း နားလည် ထားတော့ အဆင်ပြေနိုင်သည်။ မကြာခင် ထိုကောင်လေးအား A+ Hardware သင်တန်း စာအုပ်များ တစ်ပွေ့တစ်ပိုက်နှင့် တွေ့ရသည်။ ကျွန်တော့်ကို လက်မထောင် ပြသွားပြန်၏။

ဒီလိုနှင့်.. ပညာကို အပတ်တကုတ် ရှာချင်သော ပညာသူဖုန်းစား ထိုကောင်လေးသည် ကျွန်တော့် မျက်စိရှေ့မှ အတန်ကြာ ပျောက်သွားလိုက်၊ ရံဖန်ရံခါ ဆုံလိုက်၊ ဆုံဖြစ်သည့် အချိန်တွင် သူ့နောက်ဆုံး သတင်းတွေ အကြောင်း ပြောပြ လိုက်နှင့်။
“အစ်ကို.. ကျွန်တော် A+ တက်ပြီးတော့ အခု Networking ကို စိတ်ဝင်စား နေတယ်ဗျို့.. အဲဒါ… NE (Network Engineer) သင်တန်း ဆက်တက် လိုက်ဦးမယ်.. သင်တန်းကြေး တွေကလည်း ဈေးကြီးတယ်ဗျာ… အိမ်မှာ မျက်နှာငယ် လေးနဲ့ သင်တန်းဖိုး တောင်းရတာ အိမ်က အမေ အဖေတို့က ပွစိပွစိနဲ့”

သူနှင့် အတော်ကြာကြာ မတွေ့ဖြစ်ပြန်။ တစ်နေ့က လမ်းမှာ ပြန်တွေ့တော့ သူ့လက်ထဲမှာ ထုံးစံအတိုင်း Netwoking နှင့် သက်ဆိုင်သော စာအုပ် စာတမ်းတွေ အပြုံလိုက်နှင့်။ ဒီတစ်ခါတော့ ကျွန်တော်က အရင်ဦးအောင် ပြုံး၍ လက်မထောင် ပြလိုက်သည်။ သို့သော် ကောင်ကလေးက မျက်နှာကို ရှုံ့မဲ့၍ သူ့လက်မကို အောက်စိုက်ပြသည်။ လုံးဝ အဆင်မပြေဘူး ဆိုသည့် သဘော။ ဒါနှင့် ကျွန်တော်လည်း မေးရသည်။ ဘာဖြစ်လို့လဲပေါ့။
“စိတ်ညစ်ပါတယ် အစ်ကိုရယ်.. အခု CCNA စာမေးပွဲ ဖြေဖို့ လုပ်နေတယ်လေ”

“အော်… စာတွေ သိပ်များ၊ သိပ်ခက်လို့ စိတ်ညစ်နေတာလား”

“မဟုတ်ပါဘူးဗျာ.. ကိုယ်ဝါသနာပါလို့ လေ့လာ လိုက်စားတဲ့ ပညာတွေပဲ၊ စာလုပ်ရတာ ကျွန်တော် ပျော်ပါတယ်”

“ဟေ.. ဒါဖြင့် ဘာက အဆင်မပြေတာလဲ”

“အိမ်နဲ့ အဆင်မပြေတာ”

“ဘယ်လိုဖြစ်လို့…”

“ဒီလိုလေ… ကွန်ပျူတာ အခြေခံ စတက်တုန်း ကတော့ အိမ်က ကြည်ကြည်ဖြူဖြူပဲ.. ခေတ်က ပညာခေတ်တဲ့၊ ပညာရှာ ပမာသူဖုန်းစားတဲ့၊ အဖေတို့ အမေတို့ ပြောတာပဲ၊ သင်တန်းခလည်း ကောင်းကောင်းမွန်မွန် ထုတ်ပေးတယ်၊ နောက် A+ တက်တော့လည်း ရသေးတယ်၊ သင်တန်းကြေး သုံးလေးသောင်း ဆိုတော့ ပြဿနာ မရှိဘူး၊ နောက်ပိုင်း သင်တန်းက တစ်ခုပြီး တစ်ခု သူ့လိုအပ်ချက်အရ ဆက်တက်ရတော့ သင်တဲ့ပညာ အဆင့်မြင့် လာလေလေ၊ သင်တန်းကြေး ပေးရတာလည်း မြင့်လာလေလေပဲ၊ NE တက်ဖို့ သင်တန်းကြေး တောင်းကလည်းက အိမ်က ပွစိပွစိ ဖြစ်လာတာပဲ၊ ဒါတွေ တက်ပြီးရင် အလုပ်ကောင်းကောင်း ရမရတော့ မသိဘူးတဲ့၊ ပေးရတာတော့ နင့်နေတာပဲတဲ့၊ အဲဒီ တုန်းကလည်း မျက်နှာငယ်လေးနဲ့ အိမ်မှာ တော်တော်ကို ရှင်းပြ တောင်းပန်ပြီး တက်ရတယ်၊ အခုလည်း CCNA စာမေးပွဲ ဖြေဖို့က စာမေးပွဲကြေး သွင်းရဦးမှာ.. အများကြီး၊ အိမ်ကလည်း အရမ်း ချမ်းသာတာ မဟုတ်တော့ အဲဒီပိုက်ဆံတွေ တစ်ခါပေးရရင် နင့်ကနဲပဲ၊ အဖေတို့ အမေတို့ကိုလည်း သနားပါတယ်၊ ဒါပေမယ့် ကျွန်တော့်မှာလည်း လမ်းတစ်ဝက် ရောက်နေပြီ၊ နောက်ပြန်လှည့်လို့မှ မရတော့တာ၊ အဲ့တော့ လိုတဲ့ပိုက်ဆံကို မရရအောင်ပဲ တောင်းရတော့တာပေါ့၊ သူတောင်းစား ကျနေတာပဲ၊ တကယ်ဗျာ… ပညာရှာ ပမာ သူဖုန်းစား ဆိုတာ သိပ်မှန်တာပဲ”

“ဟေ…”

(၃)
သူကတော့ သူ့သောကနှင့်သူ ပြောဆိုပြီး ထွက်သွားသည်။ သူရဿဝါမှာတော့ သူ့မှတ်ချက်ကို ကြားရချိန်တွင် ဟေခနဲ ဖြစ်ကျန် ခဲ့၏။ အော်… သင်တန်းတွေ တက်ဖို့ အိမ်ကနေ သူဖုန်းစားလို မရှက်မကြောက် အတင်းကို ပိုက်ဆံတောင်းရတာတဲ့။ ပညာရှာ ပမာ သူဖုန်းစား ဆိုတာ အဲဒါတဲ့။ တကယ့် ဆိုလိုရင်းနှင့် လွဲနေသော်လည်း သူ့ဖက်က ကြည့်တော့ သူပြောတာ အမှန်၊ သူကောက်ချက်ဆွဲတာ အမှန်။ သူရဿဝါလည်း သူ့ကိုပဲ သနားရမလား၊ သင်တန်းကြေး တနင့်တပိုးကို ဆူဆူအောင့်အောင် ကြားမှ ပေးနေရသော မိဘများကိုပဲ ကိုယ်ချင်းစာ ရမလား၊ မြင့်မားခန့်ညားသော သင်တန်းကြေး တွေကိုပဲ အပြစ်တင်ရမလား… ဝေခွဲမရနိုင်။ နောက်ဆုံးတော့ “ပညာရှာ ပမာ သူဖုန်းစား” ဆိုသည်မှာ ပညာရှာရန်၊ သင်တန်းများ တက်ရန်အတွက် အိမ်ရှိမိဘများထံမှ သင်တန်းကြေးကို မရှက်မကြောက် မျက်နှာ ပြောင်ပြောင်နှင့် လက်ဖြန့် တောင်းခံခြင်းကို ဆိုလိုပေသတည်း ဟူသော ဆိုလိုရင်း အသစ်ကို သူရဿဝါ၏ မှတ်စုစာအုပ်ထဲ သတိတရ ထည့်သွင်း မှတ်သားရင်းဖြင့် နောင်အနာဂတ် အချိန်များတွင် ပညာငယ်၊ ပညာသေး၊ ပညာ ပိစိညှောင့်တောင့် များမှအစ ပညာလတ်၊ ပညာကြီး၊ ပညာ ဂေါ်ဇီလာများအထိ တတ်မြောက်ရန် တက်ရောက်ရသည့် သင်တန်းခများကို မကြုံစဖူး တစ်မတ်၊ ငါးမူး နှုန်းလောက်ဖြင့် တက်ရောက်ခွင့် ရလာနိုင်ကြ ပါစေကြောင်း ဆုတောင်းပေး လိုက်ရပေသတည်း။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 25 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါး သရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

သူရဿဝါ
15. March. 2012

www.thurathawah.net

www.facebook.com/ThuRaThaWah

www.facebook.com/LiteraryArtBlog

 

2 comments

  • blackchaw

    March 15, 2012 at 8:05 pm

    မော်ဒန် ပညာရှာသူ တစ်ယောက်အကြောင်း
    ဖတ်သွားပါတယ် ကိုသူရသဝါ ရေ။
    မော်ဒန် သူဖုန်းစား လေးတွေအတွက်
    ရင်လေးမိပါတယ်ဗျာ။ :mrgreen:

  • chel gyi

    March 16, 2012 at 12:52 pm

    တက်ထားတဲ့ ပညာကို သာထိထိမိမိ အသုံးချနိုင်ရင် ကောင်းတာပေါ့….ဗျာ

Leave a Reply