ဒီလိုမျိုးလည်းလိမ်တတ်သည်။
ပထမနေ့။
ဟဲ့ ဟဲ့ ရေမလောင်းခင် အရင်သေချာတိုက်ဦးလေ .. မတိုက်ဘဲ ရေလောင်းလိုက်ရင်ဘယ်လာပြောင်မှာလဲ။
မောင်သောင်းရယ် နင့် ပုလင်းတွေ ခွက်တွေ သေသေသပ်သပ်ထားပါ ပြောတာလည်း ဘယ်နှစ်ခါရှိပြီလဲ။ ဧည့်သည်တွေ ဝင်လာလို့တွေ့ရင် မီးဖိုချောင်ကလည်း ညစ်ပါတ်နေတာဘဲဆိုပြီး အပြောခံရဦးမယ်။ ပြောသွားရင်တော်သေး။ တော်ကြာနေ အင်တာနက်တက်ရေးမှ ငါ့ဆိုင်နံမည် အကြီးအကျယ်ပျက်နေပါ့မယ်အေ..
အောင်မလေး ကြည့်စမ်းပါဦး အသားတွေလာရင် တစ်ခါချက်စာလေးတွေ သေသေချာချာ ပလပ်စတစ်နဲ့ ့ထည့်ထုပ်ပြီးမှ ရေခဲသေတ္တာထဲ ထည့်ဆိုတာ။ ပြီးလွယ်စီးလွယ်ထိုးထည့်ထားတယ်။ လာစမ်းလာစမ်း အကြော်ဆရာ။ ဒါနောက်ဆုံးဖြစ်ပါစေ။ နောက်တစ်ခါဆိုရင် နင်တော့ မလွယ်ဘူး။ အခုခုတ် ပြီးပြန်လုပ်။
ဒေါ်မိုးသီ ၏ အသံကား မရပ်မနား အဆက်မပြတ်ထွက်နေသည်။သူနောက်ဖေး မီးဖိုဝင်ပြီဆိုလျှင် ကြားနေကျအသံဖြစ်သည်။
ဒေါ်မိုးသီ က သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနှင့် လုပ်ချင်သလောက် သူ့ အကြော်ဆရာ အဖွဲ့ကဗြဲလရမ်း။ ဘယ်လောက်ပြောပြော။ ပြောတုန်းခဏ ။ ဟုတ်ကဲ့ အမ ဟုတ်ကဲ့ အမ ဆိုကာ ဒေါ်မိုးသီရှေ့တွင်သာလုပ်ပြီး ဒေါ်မိုးသီပြန်သွားသည်နှင့် ဒုံရင်း ဒုံရင်းပြန်ရောက်သည်သာ။
အိမ်သာတွေလည်း သေသေချာချာ သန့်ရှင်းပါစေနော်။ တစ်ချို့ က အိမ်သာတောင် သန့်နေရင် နင်တို့ချက်ပြုတ်တာလည်း သန့်မှာဘဲဆိုပြီး အိမ်သာကြည့်ပြီး ဆုံးဖြတ်တတ်သေးတာ။ သေသေချာချာ သန့် ရှင်းရေးလုပ်။ ဟုတ်ပြီလား။
ဟဲ့ အကြော်ဆရာ။ဈေးစာရင်းပေး။ နောက်ကျနေမယ်။ ငါသွားမယ်။ ဟဲ့ နင့်ဆီကလည်း ကုန်ပြန်ပြီလား။ မနေ့ကတင် တစ်ပိဿဝယ်ထားပေးသေးတယ်မဟုတ်လား။ ဆီနဲ့များရေချိုးနေကြလား မသိပါဘူး ။ ဝယ်လို့ကို မလောက်ဘူး။
ဒေါ်မိုးသီ၏ မြည်တွန်တောက်တီး သံမှာ မပြတ် ။ သူ့ဆိုင်မှာ ကြေးအိုးနှင့် ဘီယာ တွဲရောင်းသော ဆိုင်ဖြစ်သည်။ ဘူတာရုံလမ်းတွင် ဖြစ်သောကြောင့် လူ အသွားအလာများကာ ရောင်းအားလေးက မဆိုး။ သို့သော် စာရင်းမကြွမ်းကျင်မှု၊ မီးဖိုချောင်သမားများအား သေသေချာချာ မကိုင်တွယ်နိုင်မှု့တို့ကြောင့် အကျိုုး အမြတ်ရသင့်သလောက်မရ။ အလေ အလွင့်များ နေသည်ဟု ပြောရပေမည်။
အန်တီ အန်တီ ဆီဝယ်မလားတဲ့ ။
စားပွဲထိုးကောင်မလေး အေးမြ က ဒေါ်မိုးသီအားမေးလိုက်ခြင်းဖြစ်သည်။
ဟေ အေး ဝယ်မလို့ဟဲ့။
ရှေ့မှာ အဖိုးကြီး တစ်ယောက်နဲ့ အဖွားကြီး တစ်ယောက်ရောက်နေလို့။ဆီရောင်းချင်လို့တဲ့။
ဟယ် ရူပ်ရှုပ်ရှက်ရှက် ဘာဆီလည်း ဆီကောင်းလားမသိ မကောင်းလားမသိ။ မဝယ်ဘူးလို့ပြောလိုက်။ ကဲကဲ နေပါ ငါဘဲထွက်ပြောလိုက်မယ်။
ဒေါ်မိုးသီ ပြောပြောဆိုဆိုနှင့် အပြင်ထွက်လိုက်သည်။ ဆိုင်ရှေ့ပလက်ဖောင်းတွင် ဆောင့်ကြောင့်ထိုင်နေသော အသက်ငါးဆယ်ကျော် လူကြီးတစ်ဦးနှင့်အဒေါ်ကြီး တစ်ဦး ။လူကြီးက ပင်နီအကျီဝတ်ထားပြီး အဒေါ်ကြီးမှာ ဘီးဆံပါတ်နှင့် ခပ်နွမ်းနွမ်းနှင့် ရိုးသားသော တောသူတောင်သား ပုံတွေနှင့် ။ ဘေးတွင် ဆီပုံးဟုယူဆရသော ပုံးအညိုတစ်လုံး။
ဒေါ်မိုးသီ စကားမစမီပင် အဒေါ်ကြီးကထလာပြီး
သမီးရေ အဒေါ်တို့ လင်မယား ဦးကြီးရဲ့ဆရာက ပဲဆီမှာထားလို့လာပို့တာ လမ်းမှားပြီး အိမ်ရှာမတွေ့လို့။ဒီ ပဲဆီလေး သမီးများလိုရင် ပြန်ဝယ်ထားလိုက်ပါလား သမီးရေ။ ပြန်စရာလမ်းစားရိတ်လဲ မရှိလို့ပါ။
နေပါစေ ဒေါ်ဒေါ်။ ဒေါ်ဒေါ်တို့ဆီက ဘာဆီမှန်းမသိ။ စားအုန်းဆီ တွေနဲ့ရောထားရင်ဘယ်လိုလုပ်မလဲ။ မယူသေးပါဘူးရှင်.
ဒေါ်မိုးသီ အားမနာတန်းပြောလိုက်ပြီး ကိုယ့်ကိုယ်ကိုကျေနပ်နေသည်။ ဟုတ်သည်။ပဲဆီကို စားအုန်းဆီတွေနဲ့ရောပြီး ပဲဆီဆိုကာ လာညာရောင်းနေလျှင် ဘယ်လိုလုပ်မလဲ။ မိုးသီကို ဒီလို လာဖြီးလို့ ဘယ်ရမလဲဟု တွေးလိုက်မိသည်။
ပဲဆီစစ်စစ်ပါ တူမကြီးရယ်။ ဦးတို့က မြေပဲ ကိုယ်တိုင်စိုက်ပြီး ကိုယ့်ဟာကိုယ် ကိုယ်တိုင်ကြိတ်ထားတဲ့ ဆုံဆီစစ်စစ်ပါ။ စားအုန်းဆီမရောပါဘူးကွယ်။ ဦးကြီးဆရာက မှာထားတာ သူ့အိမ် မမှတ်မိတော့လို့။ သယ်ပြီးသွားရတာလည်း မောလှပြီကွယ့်။ ဒါကြောင့်ပါ သမီးရယ်။
ဟုတ်ပါတယ် သမီးရယ်။ ဒီမယ် မယုံရင် ကြည့်။ ဟို သမီးကလေး အဖွားကို ပန်ကန်တစ်လုံးလောက်ယူလာပေး။
ှအဒေါ်ကြီးက ပြောပြောဆိုဆို အေးမြထံမှ ပန်းကန်လုံး လှမ်းတောင်းပြီး သူ့ဆီပုံးကိုဖွင့်လိုက်သည် ။ ဆီပုံးမှာ ဆီအပြည့်။ အဖုံးနားထိရောက်နေသည်။
ှဆီလည်း အပြည့်ပါ သမီးရယ်။ ကိုယ့်ဆရာအတွက်ဆိုတော့ အချိန်တစ်ဆယ်ဆိုပေမဲ့ အများကြီးပိုပါတယ်။ ဆီပုံးအပြည့်နဲ့ပါ။ ဒီမှာနမ်းကြည့်။မြေပဲနံ့မွှေးနေတာဘဲ။ ရောမှာစိုးလို့ မယုံရင် သမီးရေခဲသေတ္တာထဲမှာ ထည့်ခဲကြည့်။ မခဲစေရဘူး။
ဒေါ်မိုးသီခေါင်းခါလိုက်သည် ။ ဆီများ မြေပဲ အနံ့ ထည့်ထားပြီး မြေပဲဆီလုပ်ရောင်းနေတာ မသိခက်သွားမယ် ဟုစိတ်ထဲမှကြိတ်ပြောလိုက်သည်။
ဒီလိုလုပ်လိုက်ပါလား တူမကြီးရယ်။ တူမကြီးစိတ်ထဲ စားအုန်းဆီရောမှာစိုးရင် စားအုန်းဆီဈေးဘဲပေးလိုက်။ ဦးကြီးတို့ ဒီပုံးကြီးပြန်သယ်မသွားနိုင်တာကော ။ လမ်းစားရီတ်မလောက်တာကောရောပါကွယ်။ ဦးကြီးတို့အခက်အခဲဖြစ်နေလို့ပါ။
အချိန်လည်း တစ်ဆယ်ဘိုးဘဲံပေး။ ပုံးဘိုးလည်းမပေးပါနဲ့ သမီးရယ်။
ဒေါ်မိုးသီ နဲနဲတွေသွားသည်။ အချိန်တစ်ဆယ်တော့ မကတာ အမှန်။ ပြီး မြေပဲဆီနံ့ မွှေးနေတာလည်း အမှန်။ မြေပဲဆီမှန်ခဲ့လျှင် မြေပဲဆီနှင့် စားအုန်းဆီက တစ်ပိသာ တစ်ထောင်ကျော် ကွာတော့ တစ်သောင်းကျော်လောက်ကွာသွားပြီ။ အနိမ့်ဆုံးစားအုန်းဆီဖြစ်ခဲ့လျင်လည်း အချိန်တစ်ဆယ်ကျော်သည့် အတွက် သူမနာနိုင်။
တစ်ပိသာ သုံးရာလောက်တော့ လျှော့လိုက်ဦး။ အဲ့ဒါဆိုကျွန်မယူလိုက်မယ်။ လိုလို့ယူတာမဟုတ်ဘူးနော်။ ဦးတို့ကို ကူညီချင်လို့ယူတာ ။
ဒေါ်မိုးသီ နဲနဲလေးဆစ်လိုက်ရမှကျေနပ်သော အကျင့်အတိုင်းထပ်ဆစ်လိုက်သည်။အမှန်တစ်ကယ် ဆီလို၍ ဆီသွားဝယ်ရမည်ကို မလိုချင်ယောင်လည်း ဆောင်လိုက်သေးသည်။
အေးပါ သမီးရယ်။ ယူပါ။ သမီး အဒေါ်ကြီးတို့ ဦးကြီးတို့ကို ကူလိုက်တယ်သဘောထားပါ့မယ်ကွယ်။
ဒေါ်မိုးသီ ကျေကျေနပ်နပ်ပြုံးလိုက်ပြီး ပိုက်ဆံထုတ်ပေးလိုက်သည်။စားအုန်းဆီ ဖြစ်ဦး သူ အနည်းဆုံး လေးထောင်လောက် သက်သာသွားပြီ ။ ပဲဆီ အစစ်ဆိုလျင်က ဆိုဖွယ်ရာမရှိ ။ အနည်းဆုံးတစ်သောင်းခွဲလောက် သက်သာသွားပြီ။ ရေခဲသေတ္တာထဲ ပန်းကန်လုံးထဲမှ ဆီထည့်ပြီး စမ်းလိုက်ဦးမည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒုတိယနေ့
ဒေါ်မိုးသီ အပျော်ကြီးပျော်သွားသည် ။ ပန်းကန်လုံးထဲမှ ဆီမှာလည်းခဲမသွား ။ အကြော်ဆရာက လည်းမြေပဲဆီဖြစ်ကြောင်းထောက်ခံလိုက်သည် ။ သူ တစ်သောင်းခွဲကျော်ကျော်လောက် သက်သာသွားကြောင်း အိမ်ရောက်လျှင်လင်တော်မောင်ကို ကြွားလိုက်ဦးမည်ဟု။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
တတိယနေ့
ဒေါ်မိုးသီ အကြီးအကျယ်ဒေါပွနေသည် ။ သူ့ကို လိမ်သွားသော ထိုလူကြီးနှင့် အဒေါ်ကြီးအား တွေ့သည့်နေရာ ပါးဆွဲရိုက်မည်ဟု ကြုံးဝါးနေသည်။
အကြော်ဆရာ ဆီထည့်ရန်လောင်းချလိုက်တော့ ပုံးထဲမှ ဆီသာမက ရေများပါထွက်လာသောကြောင့်ဖြစ်သည်။
အပေါ်ယံမှာသာ ဆီထည့်ထားပြီးအောက်မှာ ရေများထည့်ထားသောကြောင့်ဖြစ်သည်။
(အဖြစ်မှန်ပေါ် အခြေခံရေးသားပါသည်)
22 comments
water-melon
March 21, 2012 at 7:28 am
ဒါကြောင့်ပြောပါတယ်
ခုခေတ်မှာ ဘယ်သူကိုမှမသနားနဲ့တဲ့
ဖရဲတို့ကတော့ ဘယ်သူကိုမှ မသနားဘူး
ကိုယ့်ကိုကိုယ်ဘဲ သနားတယ်
ဖားသက်ပြင်း
March 21, 2012 at 7:38 am
ထွီ ….
ရိုးရိုးသားသား လုပ်မစားချင်ဂျတဲ့ဟာဒွေ……
ချဉ်ပါတယ်အေ…..
😀
kyeemite
March 21, 2012 at 8:25 am
ဘယ်သူ့ကိုမှမယုံရတဲ့ခေတ်ကြီးပါ…
မိုးသီ တို့လိုလောဘသမားများဆို
ပိုလိမ်လို့လွယ်သေး…
ကျုပ်အကြော်ဆိုင်ကတော့..ရှင်းတယ်..
ပဲဆီ နှမ်းဆီတွေ မစစ်တဲ့အတူတူ
စားအုန်းဆီစစ်စစ်ဘဲသုံးတယ်..
water-melon
March 21, 2012 at 8:34 am
အမလေး နင်စားအုန်းဆီတွေကလည်း နာမည်ခံပါအေ
အကြော်ခံဆီတွေက ခပ်များများ
ဟဲ့ ကောင်မ အရင်ဆီအကြွေးဖိုးလာပေးအုန်း
နာ အမ်ဒါဝဲဝယ်မလို့အေ့
နတ်ဆိုးတင်ထားတဲ့ ပို့စ်မှာရှိတယ်
ညည်းရော တစ်ထည်လောက်မဝယ်ချင်ဘူးလား
စွဲဆောင်အားကောင်းတယ်အေ့
အဲလိုုဝတ်ပြီး အကြော်ရောင်းရင် မိုုက်တယ်
etone
March 21, 2012 at 10:21 am
အဲ့တော့ … ဇာတ်လမ်းတစ်ခုလုံး … ဆိုင်ရှင်မိန်းမကြီးကို … ညှာတာမှုအားနည်းတယ် ၊ မယုံသင်္ကာစိတ်များတယ်ဆိုပြီး အပြစ်တင်စောလာခဲ့တာ … ဇာတ်လမ်းဆုံးမှ … သတိဆိုတာ ပိုတယ်လို့မရှိဘူးဆိုတာလေး ပြေးသတိရမိတယ် … ။
မရှိလို့ လိမ်တယ် … လိမ်တော့ .. ထပ်မွဲတယ် .. ထပ်မွဲတော့ မရှိဘူး … ဒါနဲ့ပဲ သံသယာလည်နေကြတာ … ။ သူတို့က ဒီလိုလိမ်တော့ .. တကယ်ဒုက္ခရောက်သူတွေပါ .. နောက်ပိုင်း ကူညီရာမဲ့တော့မှာပဲ ….. ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ လို့ပဲ …. ကော့မန့်လေးထဲက ဆုတောင်းပေးလိုက်ပါတယ် … ။
(ဒါနဲ့ … ရေထည့်ထားလျှင် .. စောင်းလိုက်တဲ့အခါ …. ဆီနဲ့အတူ .. ရေပါရောထွက်မလာဘူးလားဟင် … ။ ဆီထက်ရေကလေးတော့လေ … တွေးမိတာလေးပွားတာပါ ဟီး 😀 )
ကြောင်လေး
March 22, 2012 at 7:46 am
သူတို့က ဒီလိုလိမ်တော့ .. တကယ်ဒုက္ခရောက်သူတွေပါ .. နောက်ပိုင်း ကူညီရာမဲ့တော့မှာပဲ ….. ။
တကယ်ကိုအဲဒီလိုဖြစ်ကုန်တာအိတုန်ရေ့။ ဒုက္ခရောက်နေသူတွေ့ရင် သူလိမ်တာဖြစ်နိုင်တယ်လို့ တွေးမိရင်တောင်မှ ကိုယ့်စေတနာ အဓိကပါလို့ စိတ်ထဲမှတ်ပြီး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလောက် ကူညီလိုက်ပါ။
htoosan
March 21, 2012 at 10:43 am
အိတုန် ရဲ့ ဆီက ရေပေါ် နေတော့ အပေါ်ယံ မှာ ဆီ အပြည့်ဖြည့်ထားတော့ ပထမ ပန်ကန်လုံးလောက် ထွက်လာတာက ဆီဘဲလေ။ အဖုံးနားအထိ အဲ့ဒါကြောင့် ဖြည့်ထားတာ။ တကယ်ခံလိုက်ရတာ ။ လိမ်တဲ့ သူတွေက ကြံဖန်လိမ်တယ်။
Thel Nu Aye
March 21, 2012 at 10:51 am
အဲလိုအဖြစ်တွေတော်တော်များများကြားဖူးတယ်။ ခဏခဏခံလိုက်ကြရတယ်။ တကယ်မလွယ်တာ။
htet way
March 21, 2012 at 11:06 am
အော် ဖြစ်မှ ဖြစ်ရလေကွယ်
လိမ်နည်းတွေက လည်းအများကြီးဆိုတော့
Khaing Khaing
March 21, 2012 at 11:34 am
အင်း ….. မကောင်းတော့ပါဘူး လူတွေလည်း တရားပျက်လာကြပြီ အများမိုးခါးရေသောက်လို့ ငါလိုက်သောက်မယ်ဆိုတဲ့အတွေးတွေများဝင်လေသလား မကောင်းတာလုပ်ရင် မိမိကိုယ်တိုင်ပဲ ဘဝအဆက်ဆက် မကောင်းကျိုးကိုခံရမယ်ဆိုတဲ့ အသိအတွေးတွေ မေ့လျှော့နေကြလေသလား မခံရဘူးလို့များထင်လေသလား ဒီဘဝပြီးနောက်ဘဝမရှိတော့ဘူးလို့များထင်လေသလား ဒါကလည်း ဗုဒဘာသာဝင်တွေကိုပြောတာပါ အခြားလူမျိုးခြားတွေရဲ့ ခံယူချက်နဲ့ဆို ကျွန်မပြောတာနဲ့ မဆိုင်နိုင်ပါဘူး ….. ဒီပို့စ်လေးတွေ့လို့ စိတ်ထဲပြောချင်တာလေးတွေကို ပြောလိုက်က်ဦးမယ် ကျွန်မတို့အိမ်ကို ဘုန်းဘုန်းတစ်ပါး ကြွဖူးတယ် အိမ်မှာက လုပ်ငန်းလုပ်တော့ အလှူခံတွေကဝင်ချင်သလိုဝင်လို့ရတယ်လေ ခြံဝင်းထဲဝင်လာတဲ့ ဘုန်းကြီးကိုလည်း ဘယ်သူကမှ နှင်မထုတ်ပါဘူး အဲသည် ဘုန်းဘုန်းက ဝင်လာရင် ဧည့်ဝတ်ပြုစရာမလိုပဲ သူ့ဘာသာ ခုံတွင်ဝင်ထိုင်လေ့ရှိသည် ကျွန်မကတော့ အလုပ်လုပ်နေတော့ အရင်ကမဆုံဖြစ်ဘူး ကျွန်မအလုပ်ပိတ်ရက်တစ်နေ့မှာ အိမ်တွင်လာရောက်အလှူခံလေသည် ရခိုင်ပြန်ရန် ခရီးစရိတ်အလှူခံလေတော့သည် ဖေဖေက ဘုန်းဘုန်းဘုရား တပည့်တော်အလုပ်ပါးနေသဖြင့် မလှူနိုင်သေးပါဘုရားလို့ပြောလိုက်လေသည် ကျွန်မလည်း စိတ်ထဲတစ်မျိုးဖြစ်သွားသည် ဘုန်းကြီးအနေဖြင့် မလှူလိုက်ရသည့်အတွက်ရယ် ဘုန်းဘုန်းကရောဘာလို့ အိမ်ထဲအထိတောင်ဝင်အလှူခံရသနည်းစိတ်ထဲတွေးနေမိသည် ဘုန်းဘုန်းပြန်ကြွ သွားတော့မှ ဖေဖေကရှင်းပြသည် အဲသည်ဘုန်းဘုန်းက တစ်ခါလာတစ်မျိုးအလှူခံသည်တဲ့ ပထမတော့ရိုးရိုးသားသားအထင်နှင့်ဖေဖေလည်းလှူခဲ့ပါသေတယ် အခုတော့ ဆက်တိုက်လိုဖြစ်လာလို့တဲ့ ကျွန်မလေ အဲဒါမျိုးတွေကိုတွေ့တော့ ဘုန်းဘုန်းတွေ အဖိုးအိုအဖွားအိုတွေကို တွေ့ရင်လှူချင်တန်းချင်စိတ်တွေကုန်ကုန်လာတယ် ဒါကိုမေမေကပြောတယ် ညည်းလိုလူမျိုး ရဟန္တာနဲ့တွေ့ရင်တောင် လှူလိုက်ရမှာမဟုတ်ဘူးတဲ့ အဲသည်လိုပြောတော့ တွေဝေသွားပြန်တယ် ကျွန်မရဲ့စိတ်တွေက …..
ဒီလိုခေတ်ကြီးမှာ အခုလိုလိမ်လည်လှည့်ဖျားတွေသူတွေကများလာတော့ အမှန်နဲ့အမှားကိုဘယ်လိုခွဲခြားရမလဲ … မိမိက သနားလို့လှူ မသိကျိုးကျွံပြုပြီးလှူပြန်ရင်လည်း မကောင်းတာကိုအားပေးနေသလိုဖြစ်နေပြန်ဦးမယ် ….
စိန်ပေါက်ပေါက်
March 21, 2012 at 12:13 pm
အဟေး..အဟေး..
ဘာလုပ်စားရမှန်းမသိ..အကြံ အိုက်နေတာနဲ ့ ကွိတတ်ပဲ
နောက်လဲ ပညာလေးတွေ မျှဝေပါဦး
မှတ်သွားတယ်နော် တိုင်းကျူး
ပြန်လိုက်ဦးမယ်နော်..
ကျလိ..ကျလိ..
နွယ်ပင်
March 21, 2012 at 12:29 pm
လိမ်တဲ့ လူတွေကတော့ ဒီတစ်နည်းရိုးသွားရင် နောက်တစ်နည်းနဲ့
အမျိုးမျိုးကို လိမ်နေတော့တာတာပါပဲ ..
chel gyi
March 21, 2012 at 12:33 pm
မအအောင် စာဖတ်…ဖလတ်,,,,,,,ဖလတ်
TTNU
March 21, 2012 at 1:21 pm
အမေပြောခဲ့ဖူးတယ်။
လောဘကြီးတဲ့သူ ပိုအလိမ်ခံရတတ်သတဲ့။
windtalker
March 21, 2012 at 1:24 pm
ကျုပ်တို ့ဆီ က လူတွေများ ၊ ဉာဏ်တိမ်တယ် လို ့ဘယ်သူပြောမလဲ နော။
ကလိန်ကျတတ်တာများ ကို အကွက်စေ့နေတာဘဲ နော။
Khin Kha
March 21, 2012 at 3:51 pm
လိမ်တဲ့သူကလည်း နည်းမျိုးစုံနဲ့လုပ်ကြတယ်။
ဝယ်တဲ့သူကလည်း မတန်တဆဈေးရအောင်ပြောတယ်။
ငွေကြေးအမြတ်ပေါ်မူတည်ပြီ မြတ်တယ်လို့ထင်ခဲ့တာ။
တကယ်တော့ဒီအဖြစ်မှာ နှစ်ဖက်လုံးရှုံးပါပေါ့။
ဝယ်တဲ့သူက ရေတွေကိုလိမ်ညာလို့ ငွေရှုံးတယ်။
လိမ်ရောင်းတဲ့သူက အကျင့်စာရိတ္တရှုံးတယ်။
kai
March 21, 2012 at 4:11 pm
အပေါ်မှာ.. ကိုရင်ထူးဆန်းစာနဲ့.. လုံမခိုင်ခိုင်စာကို..ကုတ်ထားတယ်..။
တကယ်တော့.. ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာဟာ.. လိမ်တာထက်ဆိုးပါတယ်..။
ဒီလို.. စရိုက်အကျင့်တွေထိမ်းသိမ်းလမ်းညွှန်နိုင်တာ.. စံနစ်မဟုတ်ပါဘူး..။ နိုင်ငံရေးနဲ့ပြုပြင်..မလုပ်နိုင်ပါဘူး..။
စိတ်ပိုင်းဆိုင်ရာတွေပါ..။ ဘာသာရေးနဲ့ဆိုင်တာပါ.။
တောသူတောင်သားရိုးသားမှုနဲ့ ပင်နီအကျီ င်္၊ သင်္ကန်း.. ဒါတွေပြပြီး.. လိမ်ညာကြတာပါ..။
ဒီကြားထဲ.. မျက်စိမှိတ်.ပစ်ယုံ. ရှေးလူကြီးစကားပါလိုက်သေး…
မြန်မာ့ ရှေးစွန်းစွဲယဉ်ကျေးမှုနဲ့.. ဓလေ့ကို..အခြေခံကစ.. ပြင်ရမယ်ထင်ပါကြောင်း.. 😆
နေဝန်းနီ
March 21, 2012 at 6:48 pm
သူကြီးရေ့…. အဲဒါကြီဘယ်လိုပြင်လို့ ရနိုင်မလဲ…။ အဲသဟာကြောင့် အားလုံးကိုဖျက်ပြီးပြန်ဆောက်ချင်တာ ခုတော့သူတို့ဟာက ဟိုနားကဖာလိုက်ဒီနားကထေးလိုက်နဲ့ အဝေးကကြည့် ရင် လုံးဝနေချင်စရာမကောင်းတဲ့ အိမ်စုတ်ကြီးဖြစ်နေပြီ…………..။
Khin Latt
March 21, 2012 at 7:43 pm
ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာ က တော့ နေရာတိုင်း၊ နိုင်ငံတိုင်း မှာ သူ့ ဓလေ့ နဲ့ သူပါဘဲ သူကြီးရယ်။
မြန်မာပြည်မှာမှ တော့ မဟုတ်လောက်ပါဘူး။
အထောက်အထား ရှာကြည့်ဦးမယ်။ 😉
Khin Latt
March 21, 2012 at 7:40 pm
သများ နိုင်ငံ တွေမှာ တော့ လိမ်ချင်သူ တွေ ရဲ့ တာ့ကက် က အဲလို ရိုးသားတဲ့ အဖိုးအဖွား တွေ ကို ရွေးလုပ်တာ။
ဒီက အဖိုးအဖွား တွေ ကလဲ တော်ရုံ အစိုးရ ထောက်ပံ့ခံ ထားရတော့ ကြီးမှ လိမ်ညာပြီး ရှာဖွေစားစရာ မလိုတာလဲ တစ်ကြောင်းပေါ့လေ။
အီ ….. နောက်ဆုံးတော့ ဒီဘူတာဘဲ ပြန်ဆိုက် နေပြန်ပါရော့လား။
alinsett
March 21, 2012 at 9:41 pm
အတုယူ ရမယ့် အရေးအသားမို ့..။ တင်ပြပုံလေးမို ့…အတုယူ..သွားပါကြောင်း…
mg mg
March 22, 2012 at 2:30 pm
“မြန်မာ့ ရှေးစွန်းစွဲယဉ်ကျေးမှုနဲ့.. ဓလေ့ကို..အခြေခံကစ.. ပြင်ရမယ်ထင်ပါကြောင်း”
ကီးဘုတ်နဲ့လိမ်နေတဲ့သူတွေ ဘယ်လိုပြင်ရမလဲရေးပါဦးသူကြီး