ကျွန်ုပ်တွေ့ခဲ့သော လွတ်လပ်ရေးဖခင်ကြီးနှင့် ဒီမိုကရေစီမိခင်ကြီး

စနေနေ့ နေ့လည်ပိုင်းအချိန် ဂန္ဓမာ Whole Sales မှာ သူငယ်ချင်းတစ်ယောက်ကို အလုပ်တစ်ခုနဲ့ချိန်းထား တာနဲ့ ရောက်ခဲ့တယ်…

အချိန်းထားတဲ့အချိန်ထက် နာရီဝက်ခန့်စောရောက်နေတော့… ပျင်းပျင်းလဲရှိ အိမ်အတွက် လိုအပ်တာလေးလဲ ဝယ်မယ်ဆိုတဲ့စိတ်နဲ့ ဂန္ဓမာထဲမှာ ပတ်ကြည့်မိတယ်…

ကျွန်တော်ကိုယ်တိုင်ကလဲ စာရေးကိရိယာတွေကို စိတ်ဝင်စားတတ်တော့ ဝင်ပေါက်နဲ့အနီးဆုံး စာရေးကိရိယာ ရောင်းတဲ့ဘက်မှာ တအံ့တဩတွေ့လိုက်ရတာက ဗိုလ်ချုပ်ပုံ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဗလာစာအုပ်တွေ…

ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် နိုင်ငံရေးသမားမဟုတ်ပေမယ့်…ဗိုလ်ချုပ်ကို ဘာ့ကြောင့်ချစ်တယ်ဆိုတာတော့ ရေရေရာရာသိတယ်…

ဗိုလ်ချုပ်ကို ဘာလို့လေးစားတယ်ဆိုတာ လေးလေးနက်နက်ခံစားနိုင်တယ်…

အခုလို ဗိုလ်ချုပ်ကို ကိုရီးယားမင်းသားမင်းသမီးတွေ၊ ကျန်ကျောင်းတို့ ပေါင်ချိန်တို့နဲ့ တစ်တန်းထဲ ထားတာကျတော့ ရင်ထဲမှာတမျိုးပဲခံစားရတယ်…ဗိုလ်ချုပ်ကို မလေးစားသလိုမြင်မိတယ်…

သေချာစဉ်းစားကြည့်ရင် ဝတ်မှုန်ရွှေရည်ကို မေတ္တာရှိတာနဲ့ ဗိုလ်ချုပ်ကို မေတ္တာရှိကြတာ နှိုင်းယှဉ်လို့မရအောင် ကွာခြားတယ်…

တိုင်းပြည်ကိုအသက်ပေးချစ်ပြီး၊ ပြည်သူပြည်သားတွေအကျိုးကို မိသားစုထက်ပိုပြီးအလေးပေးလို့ ဗိုလ်ချုပ်ကို ချစ်ကြတာ…

ဝတ်မှုန်ရွှေရည်က ပိုက်ဆံရဖို့ ချစ်စရာကောင်းအောင်လုပ်ပြတာ…ဗိုလ်ချုပ်ကအသက်ပါပေးပြီး တိုင်းပြည်ရဲ့ မေတ္တာကို သဲ့ယူသွားတာ…

တူနိုင်မလားဗျာ….

ရပ်ကွက်ထဲမှာ လွတ်လပ်ရေးနေ့ ဘောလုံးကန်တော့ လူငယ်တွေက ဗိုလ်ချုပ်ပုံပါတဲ့ ဝတ်စုံဝတ်တယ်…

သူတို့ စိတ်ထဲမှာ ဗိုလ်ချုပ်ကိုချစ်လို့ ဗိုလ်ချုပ်ပုံကိုသုံးတယ်ဆိုပြီး ဝမ်းသာမိတယ်…

လိုင်းကားတွေ၊ ကိုယ်ပိုင်ကားတွေ၊ ဆိုက်ကားမှာ ဗိုလ်ချုပ်ပုံရယ်… ဒေါ်အောင်ဆန်းစုကြည်ပုံရယ်… သမိုင်းဝင်ခွပ်ဒေါင်းအလံကို ကပ်ကြတယ်…

ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုတာလား…ပြုတ်မကျနိုင်သေးတဲ့ စစ်တစ်ပိုင်းအစိုးရကို အမြင်ကပ်လို့ ရွဲ့လုပ်တာလား…သူတို့ ကိုယ်တိုင်သေချာဝေခွဲနိုင်ပြီလား…

မြန်မာလိုအခေါ်အဝေါ် ဗိုလ်ချုပ်အောင်ဆန်း…အဲဒါကို အင်္ဂလိပ်ဘာသာနဲ့ရေးတော့ “Bogyoke Aung Sann” ပေါ့…မြန်မာ့သင်ရိုးညွှန်းတန်းထဲကအတိုင်းပြောတာနော်…

သေချာစဉ်းစားကြည့်တိုင်း ရင်နာဖို့ကောင်းပါတယ်…မြန်မာ့တပ်မတော်ကို တည်ထောင်ခဲ့တဲ့ General (ဗိုလ်ချုပ်) အဆင့်ရှိတဲ့၊ အသက်ပါပေးလိုက်ရတဲ့လူတစ်ယောက်ဟာ General (ဗိုလ်ချုပ်)ဆိုတဲ့ တရားဝင်စစ်ရာထူးကိုတောင် ခံစားခွင့်မရှိပဲ…မြည်သံစွဲ “Bogyoke” ဆိုတဲ့ဘာမှန်းမသိတဲ့ဟာကြီးနဲ့ နေခဲ့ရတာဆယ်စုနှစ်တွေတော်တော်ကြာခဲ့ပါပြီ…

ဗိုလ်ချုပ်ရဲ့သဏ္ဍာန်ကို ပြည်သူတွေရင်ထဲက ဖျောက်ဖျက်ဖို့ကြိုးစားခဲ့ကြတယ်…ဖျက်ပစ်လို့မရလို့ နောက်ဆုံးပြောင်ပြောင်တင်းတင်းအသုံးပြုခွင့်ပေးရလဲရလိုက်ရော…

တိုင်းပြည်အတွက် အသက်ပါပေးခဲ့တဲ့ ဗိုလ်ချုပ်ဘဝဟာ…မော်တော်ကား၊ ဆိုက်ကားပေါ်ကစတစ်ကာ၊ ဗလာစာအုပ်အဖုံး၊ နောက်ဆို ကြွတ်ကြွတ်အိတ်နဲ့ ရုပ်စွအဆုံး ဇီးထုပ်နဲ့ ဗိုလ်ချုပ်တံဆိပ်အိမ်သာသုံးစက္ကူပါ ထုတ်ကြတော့မလားပဲ…

ထုတ်လုပ်သူတွေ သိပ်ပြီးတော့ ပိုက်ဆံမပေးရတဲ့ မော်ဒယ်လိုချင်ရင်…ရှင်သီဝလိပုံနဲ့ စာရင်းစာအုပ်တို့၊ အဘဘိုးမင်းခေါင်ပုံနဲ့ ဗလာစာအုပ်တို့များ ထုတ်ပြီးရောင်းစားကြပါလားဗျာ…

နိုင်ငံခေါင်းဆောင်ကို နိုင်ငံတော်ငွေကြေးလဲလှယ်မှုစနစ်ပေါ်မှာ မတွေ့ရတော့ပေမယ့်… ဗိုလ်ချုပ်ပုံကိုတလေးတစား နေရာမှာထားသုံးကြတာကို လက်ခံပေမယ့် အခုလို ပေါက်လွှတ်ပဲစားဗိုလ်ချုပ်နဲ့ လုပ်စားတာ၊ မိသားစုကိုပစ် အကျယ်ချုပ်မှာ ဆယ်စုနှစ်များစွာနေပြီး နိုင်ငံတော်အတွက် အနစ်နာခံခဲ့တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ကို မော်ဒယ်ဖိုး ပိုက်ဆံမပေးရလို့ ဗလာစာအုပ်တို့ ရိုက်ရောင်းတာမျိုးကျတော့ ကျွန်တော်တို့ မြန်မာတွေ လွတ်လပ်ပြီးဆိုပြီး လမ်းဘေးမှာ ဆေးရိုးလှမ်းကြသလိုဖြစ်မနေဘူးလား…

ဗိုလ်ချုပ်ကို တကယ်ရင်ထဲမှာရှိရင်…စတစ်ကာတွေကပ်ပြနေစရာ၊ အကျီ င်္တွေဝတ်ပြနေစရာမလိုပါဘူး…

သူပြောခဲ့သလို မြန်မာပြည်သားအချင်းချင်းစည်းလုံးပြရမယ်…လေးစားပြရမယ်…

တိုင်းပြည်ကောင်းကျိုးအတွက် ကျရာနေရာမှာ အကောင်းဆုံးထမ်းဆောင်ပြရမယ်…

ပြောလက်စနဲ့ ခွပ်ဒေါင်းဆိုတဲ့အကြောင်းပြောပါရစေဦး…

ဒေါင်းဆိုတာ နေမင်းကိုယ်စားပြုသင်္ကေတ…

မြန်မာဘုရင်လက်ထက်ကတည်းက မြန်မာ့ကိုယ်စားပြုသင်္ကေတ၊ အမေရိကန်ရဲ့ Eagle သင်္ကေတလိုပဲ…

ခွပ်နေတဲ့ဒေါင်းဆိုတာ…ရန်သူကိုရဲရဲတောက်တိုက်ခိုက်တဲ့ သတ္တိအပြည့်၊ အင်အားအပြည့်နဲ့ မြန်မာ့သင်္ကေတ…

အခုတော့ အဲဒီအဓိပါယ်တွေအကုန်ပျောက်ပြီး ခွပ်ဒေါင်းဆိုတာ နိုင်ငံတော်အစိုးရကို ဆန့်ကျင်တဲ့သင်္ကေတ တစ်ခုဖြစ်မှန်းမသိဖြစ်နေပါပြီ…

ကျွန်တော်တို့ မြန်မာလူမျိုးတွေလဲ…

ကိုယ်ပိုင်သင်္ကေတတွေနဲ့ ကိုယ့်လူမျိုးအတွက် အသက်ပေး၊ အနစ်နာခံခဲ့တဲ့ နိုင်ငံခေါင်းဆောင်ကြီး၊ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ်ကို တွန်းတင်ပေးတဲ့ ဒီမိုကရေစီမိခင်ကြီး စတဲ့ မြန်မာ့လူတော်လူချွန်တွေကို ဒီထက်ပိုပြီး ဂါရဝဖြစ်စေမယ့်နေရာတွေမှာပဲ မြင်ချင်မိပါတော့တယ်…

 

ခင်တဲ့-

ကြောင်ဝတုတ်

၂၀၁၂၊ မတ်လ

11 comments

  • Khaing Khaing

    March 21, 2012 at 2:11 pm

    ဟုတ်ပါတယ် ထောက်ခံပါတယ် ကိုဖက် …. အခုလမ်းဘေးမှာ လုပ်စားတာတွေများနေတယ် မီးမီးလည်းဒါ ကိုမကြိုက်ဘူး ….

  • နွယ်ပင်

    March 21, 2012 at 2:22 pm

    ဟုတ်ပ အခုတစ်လော လမ်းဘေးတွေမှာ ဗိုလ်ချုပ်နဲ့ အမေစုပုံတွေချည်းပဲ ကြည့်ရတာ စိတ်ထဲ
    အမြင်မတော်သလို ခံစားရတယ် . နွယ်ပင်တို့က အဲလိုလမ်းဘေးက ရောင်းတာ ဝယ်ဘူး NLD ရုံးကနေပဲ သွားဝယ်တယ် …. 🙂

  • myanmarcitizen

    March 21, 2012 at 2:36 pm

    မြန်မာနိုင်ငံလွှတ်လပ်ရေးဖခင်ကြီး တစ်ယောက်နဲ့သက်ဆိုင်တဲ့ အတွက်မြန်မာပြည်သူတွေအနေနဲ့ သူတို့နဲ့သက်ဆိုင်တာတွေကိုသုံးမယ်ဆိုရင် အများကြီး စဉ်းစားဖို့လိုတယ်လို့မြင်မိပါတယ်။ ဒီနှစ်ယောက် က hot နေတယ် ဒါနဲ့စီးပွားရှာလိုက်မယ် ဆိုတဲ့အတွေးတွေကိုပြောင်းသင့်ပါပြီ။ (ဥပဒေပြု ပြီးကန့်သတ်ရ မလိုတောင်ဖြစ်နေတယ်)။ ဟိုမှာကပ်လိုက်ဒီမှာကပ်လိုက်နဲ့ သစ်ပင်မှာ၊ ဆိုက်ကားဂိတ်မှာ ကပ်၊ ကွမ်းယာ ဆိုင်ဘေးမှာကပ်၊ လမ်းဘေးကပ်နဲ့ အမျိုးမျိုးနေရာတွေမှာကပ်နေတာတွေတွေ့နေရတယ်။ ဝမ်းလဲသာမိသ လို တစ်ဖက်ကလဲ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ မြန်မာနိုင်ငံသားတွေအနေနဲ့ သင့်တင့်လျောက်ပတ် တဲ့နရာလေးမှာတော့ သူတို့ကိုနေရပေးသင့်တယ် လို့မြင်မိတယ်။ သစ်ပင်မှာ သွားချိတ်ထား လေကတိုက် အောက်ပြုတ်ကျ မမြင်တဲ့သူကနင်းတော့ ကောင်းရောလား။ အရာရာကို ဉာဏ်လေးနဲ့စဉ်းစားပြီးလုပ်ကြပါလို့ပဲ အကြံပြူချင်ပါတယ်

  • သူရဇော်

    March 21, 2012 at 2:38 pm

    ကိုဖက်ကပ်ထောက်ပြမှပဲ ကားပေါ်က ကောင်မလေးတွေ ဝစီမှုတ်တော့တယ်……….အဲလေ…….. ကိုဖက်ကပ် အမြင်လေးကောင်းတယ်ဗျာ………. သင်္ကေတလေးတွေဟာ အဓိပ္ပါယ်တစ်မျိုးသက်ရောက်လေ ပြီဆိုတာကို ဒီပို့စ်လေးကို ဝင်ဖတ်သွားသူတွေတိုင်း ဗဟုသုတဖြစ်သွားစေသဗျာ…………… ကောင်းတယ် အားပေးတယ်ဗျာ……….လက်မလေးပါထောင်သွားပါတယ်

  • Rose Minn

    March 21, 2012 at 2:45 pm

    ဗိုလ်ချုပ်ကိုုချစ်လို့ ပုံတွေ ဟိုနေရာဒီနေရာတွေ့ရပေမယ့်။ စိတ်ထဲတကယ် မချစ်ရင်အလကားပဲ။ ဗိုလ်ချုပ်ပုံတင်လိုက်တာနဲ့ စစ်အဆိုးရကိုဆန့်ကျင်တယ်ဆိုတဲ့ စိတ်က အလိုလိုကိန်းနေကြတာ ထုံးစံလိုလိုတောင်ဖြစ်နေပါပြီ ကိုဖက်ရယ်။ ရင်ထဲနှလုံးသားထဲက သူရဲကောင်း ဗိုလ်ချုပ်၊ လူငယ်တွေရဲ့စံပြ တို့ဗိုလ်ချုပ် အဖြစ် သမိုင်းအဆက်ဆက် သားစဉ်မြေးဆက်ကို ပြောပြဖို့ Rose တို့လူငယ်တွေတာဝန်ပေါ့နော်။

  • ဖားသက်ပြင်း

    March 21, 2012 at 2:49 pm

    အယ်….
    လုပ်စားရက်ကြတယ်….
    မချဉ်တော့ဘူး …ခါးသွားဘီ…..
    ကိုငဲက ပြောတယ်…
    ခါးရင်….
    ထွီ…..

    တဲ့..

  • အသူရာ

    March 21, 2012 at 3:06 pm

    အဲ့ဒါမျိုး ပေါ်ပင်လုပ်စားတာမျိုးတွေက မဖြစ်သင့်ပါဘူးဗျာ။

  • blackchaw

    March 21, 2012 at 4:34 pm

    လက်မလေးတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ညီလေးရေ။
    :mrgreen:

  • yaungchikha

    March 21, 2012 at 8:21 pm

    ကျနော်တို့ ငယ်တုန်းက ဗိုလ်ချုပ်ပုံဆိုတာ ကျောင်းအုပ်ကြီးရုံးခန်း၊ အစိုးရဌာနတွေရဲ့ ရုံးခန်း၊ အိမ်ရဲ့ ဧည့်ခန်း၊ စာကြည့်ခန်းတွေမှာ အမြတ်တနိုးချိတ်ဆွဲထားတာပါ၊ အခုလို လမ်းဘေးနေရာတိုင်းမှာ မြင်နေရတော့ စိတ်ထဲမှာ မကောင်းတာတော့အမှန်ပါ….

  • MaMa

    March 21, 2012 at 10:00 pm

    တစ်ခုမကောင်း တစ်ခုကောင်းတယ်တော့ ပြောရမယ်။
    ပြီးခဲ့တဲ့လက နယ်ကိုသွားတော့ မိတ်ဆွေတစ်ယောက်အိမ်မှာ ဗိုလ်ချုပ်ပုံနဲ့ အမေစုပုံတွေ ကပ်ထားတာတွေ့ရတယ်။
    သူတို့ တစ်အိမ်တည်း မဟုတ်ဘူးနော်။
    အဲဒီရွာက အိမ်တော်တော်များများမှာ တွေ့ရတာ။
    အဲဒီတော့ လူထုရင်ထဲ ဝင်ကြည့်ရသလို ဖြစ်မနေဘူးလား… 🙂
    ဒါပေမယ့် ကိုပေါက်ပြောသလို စဉ်းစားမိတော့လည်း လုပ်စားကြသူတွေကို
    (ဂီဂီ့စကားနဲ့ပြောရရင်) ချဉ်ပါတယ်အေ။

  • mocho

    March 22, 2012 at 8:55 am

    ဗိုလ်ချူပ်နဲ့ အမေစုကို တကယ် ချစ်တယ်ဆိုရင် သူတို့ဖြစ် စေချင်တဲ့အတိုင်း ကြိုးစားရမှာ၊စိတ်ဓါတ်တွေကိုပြုပြင် ရမှာပါ။ မြန်မာတွေ ထုံးစံ က အနှစ်ထက် အကာကို ပို ယူတတ်ကြတယ်။ တဘက်ကကြည့်ရင်လည်း အခုမှစပြီး လွတ်လပ် ခွင့် ရတာဆိုတော့ပြည်သူတွေရဲ့ရင်ထဲကမေတ္တာကို ဒီလိုနည်းနဲ့ ပဲဖေါ်ပြတယ်လို့ယူဆပါတယ်။ စီးပွားရေးသမားများကိုမဆိုလိုပါ။

Leave a Reply