“မောနင်းနဲ့မောမောင်းအပိုင်းတစ်(စက်ဘီးလေးရဲ့ရာဇဝင်)
“မောနင်း………မောမောင်း…………..”
(စက်ဘီးလေးရဲ့ရာဇဝင်)
တစ်ရက်ကျနော်နဲ့ကိုအောင်မောင်းအလုပ်အတူလာကြရင်း သူတို့ရုံးကို
ကျနော်လိုက်သွားပါတယ်။
ရုံးအဝင် လမ်းမှာတွေ့သမျှ ကလေးတွေက
“လေးလေး မောနင်း”လို့နုတ်ဆက်တော့ ခပ်နောက်နောက်နေတတ်တဲ့
ကိုအောင်မောင်းက “မောမောင်း………..ပါကွ” လို့ပြန်နုတ်ဆက်သံကိုကြားရပါတယ်။
သူူ့ရုံးမှာ အလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ် ပြောစရာတွေပြောပြီးပြန်လာပါတယ်။
ကိုယ့်ရုံးပြန်ရောက်တော့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေစီစဉ်အားလုံးပြီးပြီဆိုမှ အမောပြေထိုင်မိပါတယ်။
ထိုင်တုံးလေးခဏမှာဘဲ မောနင်းနဲ့မောမောင်း ဆိုတာလေးက စိတ်ထဲရောက်လာ
တော့ ငယ်တုံးကအဖြစ်တွေကို ပြန်တွေးပြီး ပြုံးမိပါတယ်။
ကျနော်ငယ်ငယ်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာအလုပ် လုပ်တုံးကပေါ့။
ကျနော့် တို့ အလုပ်ရှင်ဆရာက မနက်ဆိုရင် ဝင်းတံခါးအဝင်ဝ
ကနေ စောင့်ပြီးနုတ်ဆက်ပါတယ်။
တစ်ယောက်ဝင်လာရင် “မောနင်း………….”လို့သူကစပြောရင် ကျနော်တို့ကလဲ
“မောနင်း။။။။။။ဆာ…………..”ဆိုပြီးပြန်နုတ်ဆက်ရပါတယ်။
ကျနော်တို့ အလုပ်နောက်ကျလား စောလား ဆိုတာကို သိချင်တော့ အဝင်ပေါက်က
လာစောင့်ရင်းနုတ်ဆက်တာပါ။
သူ့မောနင်းနဲ့ကျနော်တို့ရဲ့မောနင်းအသံထွက်သာတူတာ အဓိပ္ပါယ်ကွာပါတယ်။
သူ့မောနင်းက ဂွဒ်မောနင်း ဆိုတဲ့ မင်္ဂလာနံနက်ခင်း…………………………….
ကျနော်တို့ကတော့ လက်ဖက်ရည်ဆိုင်ကနေ အလုပ်ချိန်မီအောင်
ကမန်းကတန်းအပြေးအလွားတက်သုတ်ရိုက်လို့
စက်ဘီးကို မောမောနဲ့ နင်းလာရတဲ့ မောနင်း…………။
တစ်ခါတော့ ကျနော်တို့ဆရာ အတော်လေးစိတ်ဆိုးသွားတာ ကြုံဘူးပါတယ်။
ဆရာက ထုံးစံအတိုင်း “မောနင်း………….”တာကို ခပ်နောက်နောက်တစ်ယောက်က
“မောလျှောက်….ဆာ………….”လို့ပြန်ဖြေလိုက်ပါတယ်။
အဲဒီမှာဆရာက “မောင် ဟဝှာ ဘာဖြစ်တာတုံး”လို့ပြောတော့
“ဒီနေ့ စက်ဘီးပေါက်နေတော့ လမ်းလျှောက်လာရလို့ မောလျှောက်လို့ပြောတာပါဆရာကြီး”
လို့လဲဖြေရော ကျနော်တို့ဆရာ အတော်လေးဒေါကန်သွားပြီး ပွစိပွစိနဲ့တနေကုန်ပြောလို့မပြီး။
နေလည်ရောက်တော့ ခါတိုင်းတိုက်နေကျလက်ဖက်ရည်လဲမတိုက်။
ဒါဏ်ပေးတာတဲ့။
အဲဒီတုန်းကတော့ စိတ်တွေလေလိုက်တာ အခုပြန်တွေးတော့ ရီစရာ။
ဟိုးရှေးရှေးကနေ အခုချိန်ထိ မန္တလေးနဲ့စက်ဘီးခွဲလို့မရနိုင်ပါဘူး။
ဒါကြောင့်လဲ ကျနော်တို့မန္တလေးကို စက်ဘီးမြို့တော်လို့ ခေါ်ကြတာပါ။
မန်းလေးသူ မန်းလေးသားမှန်ရင် စက်ဘီးနဲ့ဖက်မွေးလာတယ်လို့လွန်လွန်ကဲကဲလဲဆိုတတ်ကြပါရဲ့။
စက်ဘီးမစီးတတ်ရင် မန်းလေးသား မစစ်ဘူးလို့တောင်ပြောလို့ရပါတယ်။
ဒီစက်ဘီးနဲ့ပါတ်သက်ရင် ကျနော်ဦးလေးတစ်ယောက်ပြောတာကို အမှတ်ရမိပါတယ်။
“စက်ဘီးကို မရွှေ့တယ်ဆိုရင်အဲဒီကောင်မန်းလေးသားမဟုတ်ဘူးကွ”တဲ့။
သူပြောတာလဲဟုတ်ပါတယ်.
မန်းလေးသူ မန်းလေးသားဟုတ်မဟုတ် ရပ်ထားတဲ့ စက်ဘီးကို နေရာရွှေ့တာကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
ကျနော်တို့ မန်းလေးကလူများက ် စက်ဘီးကိုနေရာရွှေ့တယ်ဆိုရင် ဘယ်တော့ မှ ” မ”ပြီးမရွှေ့ပါဘူး။
စက်ဘီးကို ရှေ့တိုးနောက်ငှင်လုပ်ပြီးရွှေ့တတ်ပါတယ်။
မန်းလေးသူမန်းလေးသားမှန်ရင် စက်ဘီးပေါ်တက်တဲ့ အခါ စက်ဘီးကို ရပ်ထားတာကနေ ဘယ်တော့ မှ ခွမတက်ပါဘူး။
စက်ဘီး ကို အရှိန်လေးရအောင် တွန်းရင်းကနေ ခြေနင်းပေါ်ကတစ်ဆင့် စက်ဘီးပေါ်အလိုက်သင့်လေးရောက်သွားအောင် တက်ကြတာပါ။
ဒီလိုမျုးိလေးမှ မန်းလေးသားစစ်တယ်လို့ ဆိုနိုင်ပါတယ်။
မန်းလေးသား မန်းလေးသူတွေစက်ဘီးဘယ်လိုစီးတတ်သလဲလို့မေးရင် လူကြီးတွေအလစ်မှာ သော့ခတ်မထားတဲ့စက်ဘီးကို
ကြားထိုးစီးပြီး ဂျောက်ဂျက် ဂျောက်ဂျက်နင်းရင်းတတ်သွားကြတာများပါတယ်။
ကြားထိုးစီးတယ်ဆိုတာကတော့ စက်ဘီးထိုင်ခုံပေါ်ထိမတက်ဘဲ ခြေနင်းတံကြားထဲကို ခြေထောက်နှစ်ဖက်ထဲ့ပြီး စက်ဘီးကို နင်းတာပါ။
စက်ဘီးခြေနင်းက တစ်ပါတ်ပြည့်အောင်မလည်ဘ တစ်ဝက်နဲ့တင် ပြန်ပြန်လှည့်စီးတော့
ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ အသံတွေထွက်နေတာပါ။
ဒါကတော့ စက်ဘီး အစီးသင်စမှာစီးတာပါ။
လူကြီးတွေလစ်တယ်ဆိုရင် လွတ်တဲ့စက်ဘီးတစ်ဘီးယူပြီး
စက်ဘီးစီးသင်ကြတာ ကျနော့်တို့မှာအလုပ်တစ်ခု။
စီးတတ်တဲ့သူကနည်းပြ။
မစီးတတ်တဲ့တစ်ယောက်ကစက်ဘီးပေါ်တက်ခွ။
ခွဆိုခြေထောက်မှ မမှီတာကိုး။
ဘေးကနှစ်ယောက်က ဝိုင်းထိန်းပေးပြီးကျန်တဲ့လူတွေက နောက်ကဝိုင်းတွန်း။
လက်ကိုင်ငြိမ်ပြီ အရှိန်ရပြီ ဆိုရင် အားလုံးကထိန်းပေးတာ
တွန်းပေးတာကို မသိမသာနဲ့လွှတ်ပေးလိုက်တာပေါ့။
ယိုင်ထိုးယိုင်ထိုးနဲ့စီး အဆင့်မသင့်ရင် ဟန်ချက်ပျက်ပြီး ပစ်လဲ။
ဒူးပြဲ ပုဆိုးကွဲ။
စက်ဘီး သုံးလေးခါလောက်လဲပြီး ဒူးနှစ်ခါလောက်ကွဲပြီး ခြေသလုံးမှာ အစင်းရာ အခြစ်ရာတွေထင်လို့ အမာရွတ်တွေရ လုံခြည်အတော်များများလဲ ကွဲပြီးသွားရင် သင်တန်းဆင်းအောင်လက်မှတ်ရလို့ စက်ဘီးစီးတတ်ပါပြီ။
ကျနော်တို့ငယ်ငယ်က လူကြီးတွေက ဟိုဟာဝယ်ခိုင်းဒီဟာဝယ်ခို်င်းမယ်ဆိုတာကိုအမြဲနားစွင့်နေတာပါ။
ခိုင်းလိုက်တာနဲ့ ရှိတဲ့စက်ဘီးကို ကောက်စီးလို့ သွားတော့တာပါဘဲ။
လူကြီးတွေကလဲ သူတို့ခိုင်းစရာရှိမှဘဲ စက်ဘီးပေးစီးတယ်ဆိုတော့ သူတို့ခိုင်းတယ်ဆိုရင်ကိုပျော်နေတာပါ။
ငယ်ဘဝနဲ့စက်ဘီးကတော့ ခွဲမရလောက်အောင်ပါဘဲ။
ကျနော်ကတော့ မန်းလေးသားစစ်စစ်ဖြစ်ပေမယ့်ဆယ်တန်းအောင်မှဘဲ စက်ဘီးစီးတတ်ပါတယ်။
ကျနော်မှာလဲ စက်ဘီးရာဇဝင်လေးရှိခဲ့တာကိုးဗျ။
အများအားဖြင့်အိ်မ်တစ်အိ်မ်မှာ မရှိဘူးဆိုရင် အနည်းဆုံးစက်ဘီးတစ်စီးတော့ရှိပါတယ်။
ချမ်းသာတဲ့အိမ်ကတော့ တစ်ယောက်တစ်စီး။
အလည်အလတ်အိမ်ကတော့ မျှစီးပေါ့။
ဒါပေမယ့်လဲစက်ဘီးမရှိတဲ့အိမ်မျိုးလဲရှိသပေါ့။
ကျနော်ငယ်ငယ်ကအိမ်မှာ စက်ဘီးသုံးစီးရှိခဲ့ပါတယ်။
အဖေရယ် ဦးလေးနှစ်ယောက်ရယ် တစ်ယောက်တစ်စီးစီ။
ရာလေးယောက်ျားစီးတွေပါ။
ကျနော်ကြားထုးိစီးတတ်တဲ့အရွယ်ရောက်တော့ အိမ်မှာစက်ဘီးတစ်စီးမှမရှိတော့ဘူး။
တစ်စီးက ဘူတာကြီးမှာ တစ်စီးကတော့ရုပ်ရှင်ရုံလက်မှတ်တန်းစီးရင်နဲ့နောက်တစ်စီးက တော့ဆေးရုံကြီးမှာပျောက်တာလေ။
အဲဒီတုံးကအခုလို စက်ဘီးအပ်လက်ခံတာလဲမရှိသေးတော့လွတ်တဲ့နေရာမှာရပ်။
သော့ခတ်ထားခဲ့ရတာ။
အဲတော့ သူခိုးက အသာလေးမသွားတာပေါ့ဗျာ။
ဒီတော့ ကျနော် မှာသင်စရာစက်ဘီးလက်မဲ့ပေါ့။
ဖြစ်ချင်တော့တစ်ရက်မှာ အိမ့်မြောက်ဘက်က အမှတ်တစ်ကျောင်းဝင်းကြီးထဲမှာ
ညီအကိုမောင်နှမဝမ်းကွဲတွေစုပြီးစက်ဘီးစီးသင်ကြတော့တာပေါ့။
လူကအဲဒီနေ့က များတော့များတယ်။
တစ်ယောက်တစ်လှည့်စီးကြ တွန်းကြပေါ့။
ကျနော့်အလှည့်ရောက်တော့ တော်တော်လေးမှောင်နေပြီ။
တွန်းတဲ့လူတွေကလဲမောလဲမော ပြန်လဲပြန်ချင်ဆိုတော့ စိတ်မရှည်ကြတော့ဘူးပေါ့။
ကျနော်စက်ဘီးပေါ်တက်ခွလု့ိ ဘီးလေးလိမ့်ရုံရှိသေးတယ် တွန်းလွှတ်လိုက်ကြတာ
ကျနော်လဲ လက်ကိုင်ငြိမ်အောင် မထိန်းနိုင်ဘဲ ဘတ်စကက်ဘော ဂိုးတိုင်ကြီးကို ဝင်တိုက်ထည့်လိုက်တာပေါ့။
လူလဲကွဲပြဲ စက်ဘီးလဲ ဆင်စွယ်ကောက်သွားတယ်။
ညအိမ်လဲရောက်ရော ဘီးပိုင်ရှင် အမဝမ်းကွဲက အိမ်လာပြီး ဗျောက်ဖောက်တာပေါ့။
အဲဒီမှာ ကျနော့်အဖွားကလဲ အမျိုးအရင်းဒီလောက်ပြောရမလားဆို စကားတွေများတာပေါ့။
အဲလိုဖြစ်တော့ အဖေက ကျနော်ကို ဆူပြီး တစ်သက်စာမှတ်မိနေတဲ့စကားလေးနဲ့ထုသွားပါတယ်။
“ကိုယ်မှာမရှိရင် မဝယ်နို်င်ရင် မလျော်နိုင်ရင် သူများပစ္စည်းဆိုတာကို မထိရဘူး”
နောက်များမှာတော့ သူများတွေ”ဂျောက်ဂျက် ဂျောက်ဂျက်” နဲ့ကြားထိုးစီးနေရင်လဲဝင်မပါ။
တစ်ယောက်တစ်လှည့်စီတွန်းပေးပြီးစက်ဘီးစီးသင်ရင်လဲ မပါတော့ပါ။
အဲဒါဆယ်တန်းအောင်တဲ့အထိ်ပါဘဲ။
အဲတော့ ကျနော်မန်းလေးသားဖြစ်ပြီး စက်ဘီးမစီးတတ်ဘူးဖြစ်နေတာပေါ့။
သူငယ်ချင်းတွေနဲ့လျှောက်လည်ကြရင် ကျနော်က ထိုင်အလိုက်သမားဘဲ။
သူတို့စက်ဘီးပေးစီးပြီး သင်ပေးမယ်ပြောလဲ ကျနော်က “ဟင့်အင်း”ဆိုငြင်းခဲ့တာပါ။
နောက်တော့ ကျနော်တို့ရပ်ကွက်က လူကြီး မဲပေါက်တဲ့ မောင်ဗမာယောက်ျားစီးစက်ဘီးအမဲ
လေးတစ်စီးကို မဲမပေါက်တဲ့ ကျနော်တို့ကဝယ်လိုက်တော့ အိမ်မှာ စက်ဘီးလေးတစ်စီး
ရောက်လာပြန်သပေါ့။
အဲဒီအချိန်ကျတော့ ကျနော်လဲစက်ဘီးစီးသင်ချင်စိတ်ပေါက်လာပါတယ်။
တက္ကသိုလ်တက်ရတော့မှာကိုး။
တက္ကသိုလ်မတက်ခင်လေးမှာ နန်းတွင်းထဲနေတဲ့သူငယ်ချင်းကညနေဆိုအိမ်လာခေါ်ပါတယ်။
ပြီးရင် ဘောလုံးကွင်းတစ်ခုထဲသွား သူက နောက်ကတွန်းလို့ကျနော်က နင်းပါတယ်။
တစ်ပါတ်လောက်လဲရောက်ရော ကျနော်က နင်း သူက လက်ကိုင် ထိန်းလို့ တမြို့လုံးလျှောက်
လည်ကြပါတော့တယ်။
အရင်က သူငယ်ချင်းချင်း စကားနို်င်လုကြရင် ကျနော်စက်ဘီးမစီးတတ်တာကို ဟာသလုပ်တတ်ကြပါတယ်။
မန်းလေးသားမပီသဘူးပေါ့။
ကျနော်ကလဲ ပြန်ချေစရာ စကားက အဆင့်သင့်။
“ဗိုလ်ချုပ်အောင်ဆန်းလဲ ငါ့လိုစက်ဘီးမစီးတတ်ပါဘူးကွာ” လို့ပေါ။
မန်းလေးသားဆိုမှတော့လည့်း စက်ဘီးနဲ့ပါတ်သက်တဲ့သတိရစရာတွေကအများသား။
&&&&&&&&&&&&&&& # &&&&&&&&&&&&&&& # &&&&&&&&&&&&&&& #
အများအားဖြင့်အိ်မ်တစ်အိ်မ်မှာ မရှိဘူးဆိုရင် အနည်းဆုံးစက်ဘီးတစ်စီးတော့ရှိပါတယ်။
ချမ်းသာတဲ့အိမ်ကတော့ တစ်ယောက်တစ်စီး။
အလည်အလတ်အိမ်ကတော့ မျှစီးပေါ့။
ဒါပေမယ့်လဲကျနော်တို့လို စက်ဘီးမရှိတဲ့အိမ်မျိုးလဲရှိသပေါ့။
ကျနော်တို့ငယ်ငယ်က စက်ဘီးတွေက “ရလေး”အမျိုးအစားများပါတယ်။
နောက်တစ်မျိုးကတော့ “ဟမ်းဘား”အမျိုးအစားပါ။
နောက်ဘောင်တန်းပါတာကယောကျာ်းစီး ဘောင်တန်းမပါတာက မိန်းမစီးပါ။
ယောက်ျားစီးက ကယ်ရီယာခေါ်တဲ့နောက်က ထိုင်ခုံပါရင် အပိုထွက်နေသလိုကြည့်မလှသလို
မိန်းမစီးကလည်း ကယ်ရီယာမပါရင် တုံးတိတိနဲ့ ကတုံးကြည့်ရသလို မလှပါဘူး။
အရင်ကတော့ စက်ဘီးဆိုရင ်အနက်ရောင်ဘဲလာတာများပါတယ်။
နောက် တော့ အစိုးရထုတ်”မောင်ဗမာ”စက်ဘီးလေးတွေပေါ်လာပါတယ်။
မောင်ဗမာစက်ဘီးက ယောကျာ်းစီးဆိုရင်အနက် မိန်းမစီးကတော့ အပြာနုရောင်ရော အနက်ရောင်ရော နှစ်မျုးိလာပါတယ်။
မောင်ဗမာ စက်ဘီးကတော့ အစိုးရဝန်ထမ်းတွေဘဲစီးကြတာများပါတယ်။
အဲဒီစက်ဘီးက သိပ်မခိုင်ပါဘူး။နောက်စက်ဘီးတာယာဆိုက်တွေကလည်း မိန်းမစီးက 26လက်မ စကဆိုက်ဆိုတော့ ရှားပါတယ်။
အဲဒီတုံးက စက်ဘီးလက်ကိုင်မှန်သမျှဟာအဖြောင့်ပါ။
နောက်တော့ ဘတ်တာဖလိုင်းဆိုတဲ့ လက်ကိုင်အကွေးလေးတွေနဲ့ မိန်းမစီးးစက်ဘီးလေးတွေပေါ်လာပါတယ်။
အနက်ရောင် အညိုရောင် အစိမ်းပုတ်ရောင်ပါ။
သူ့နောက်မှတော့ စတင်းဒတ်နဲ့မိချောင်းစက်ဘီးတွေပေါ်လာပြန်ပါတယ်။ သူကတော့ အနက်ရောင်နဲ့နီညိုရောင်ပါ။
သူ့နောက်မှာတော့ ဖီးဆင့်လို့လဲခေါ် ပန်းတွေနဲ့ဝေလို့လဲ အမည်တွင်တဲ့ စက်ဘီးလေးပေါ်လာပါရော။
သူကတော့ နီညိုရောင်နဲ့ အစိမ်းရောင် ထူးတာက စက်ဘီးရှေ့မှာခြင်းလှလှလေးပါတယ်။
ရွှေမန်းသူမမများ ကြွကြွလေးစီးလိုက်ရင် ရှိသမျှအလှတွေထင်းကနဲ့ပေါ်လာအောင် အထောက်အကူပြုတဲ့ စက်ဘီးလေးပါ။
အတော်လေးကို လူကြိုက်များခဲ့တဲ့ လူရာဝင်ခဲ့တဲ့စက်ဘီးလေးပါ။
နောက် တော့ ပိုက်ဆံတတ်နိုင်သူများက ရလေးစက်ဘီးမှာ အနင်းရသက်သာအောင် ဂီယာပြောင်းစီးလို့ရတဲ့ “ရလေးစပုတ်”ဆိုတဲ့ စက်ဘီးလေးက တတ်နိုင်သူများ ကြွယ်ဝသူများကြားမှာ ကြွားစရာ စက်ဘီးလေးဖြစ်လာပါတော့တယ်။
စက်ဘီးချိန်းက ထွက်တဲ့ ” တစ် တစ် တစ် တစ် “ဆိုတဲ့ အသံလေးထွက်တတ်တဲ့ “ရလေးစပုတ်”ကို စီးနို်င်ရင် ဂုဏ်ရှိတယ်လို့ထင်ကြတဲ့ခေတ်ပေါ့။
အဲဒီအချိန်မှာကို မန်းလေးမြို့က စက်ဘီးမြို့တော်ဖြစ်နေပါပြီ။
ဒါပေမယ့်လဲ လူတိုင်းစေ့တော့ စက်ဘီးမစီးနိုင်သေးပါဘူး။
မန်းလေးသူမန်းလေးသားတော်တော်များများ က စက်ဘီးစီးတတ်သလို ဘယ်သွားသွား စက်ဘီးကို ဘဲ အားကိုးလို့သွားကြပါတယ်။
ကျနော်တို့ ငယ်ငယ် ကျောင်းသားဘဝမှာလဲ ဘယ်သွားသွားစက်ဘီးနဲ့ပါဘဲ။
စက်ဘီးတစ်စီးကိုလူနှစ်ယောက်ကတော့ သေချာပေါက်စီးလို့ ရပါတယ်။
အဲတော့ စက်ဘီးမရှိသူကို ရှိသူကခေါ်လို့ အတူတူလယ်ကြပါတယ်။
ညနေခင်းမှာဆိုရင် မန်းလေးသူလေးတွေက ကျုံးနံဘေးမှာ စက်ဘီးလေးတွေနဲ့လေညှင်းခံကြတာကို နောက်ကစက်ဘီးတွေနဲ့နောက်ကလိုက်ရတာလဲ အလုပ်တစ်ခုပါဘဲ။
ရှေးကတော့ မသိဘူး ကျနော်တို့ခေတ်မှာတော့ ရွှေခြေချင်းဝတ်လို့ စက်ဘီးစီးသူမရှိသလောက်။
တစ်ယောက်တစ်လေ စီးတာကိုမြင်ဘူးပါတယ်။
နောက်ပြီးအားလုံးကလဲ ထမီဝတ်လို့ လုံလုံခြုံခြုံပါဘဲ။
စက်ဘီးနင်းလိုက်တဲ့ အခါ သနပ်ခါးလိမ်းထားတဲ့ ခြေသလုံးသား ဝင်းဝင်းလေးမြင်ရတာကို က အနုပညာမြောက်လို့ အလှတရားတစ်ခုလို့ထင်မိပါတယ်။
နောက်တော့ ပြိုင်စက်ဘီးလေးတွေကိုယ်စီနဲ့ ကျုံးပါတ် မန်းလေးတောင်ကို ပါတ်လို့ အုပ်စုလိုက်စက်ဘီးစီးလေ့ကျင့်ကြတာလဲ ခေတ်တစ်ခေတ်ပေါ့။
အဲဒီအထဲမှာ “ပြိုင်ဘီး” ကို မီးလုံးတွေ ရေဘူးတွေ တိုင်တွေနဲ့ အလှဆင်လို့ သူများထက် ထူးအောင် အလှအပတွေဆင်လို့ စီးခဲ့ဘူးသူတစ်ယောက်ရှိခဲ့ဘူးပါတယ်။
မန်းလေးသားများကတော့ သူ့ကို မှတ်မိကြသူများမယ်ထင်ပါတယ်။
ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာလည်း စက်ဘီးနဲ့ဘဲကျောင်းတက်ခဲ့ကြ သူငယ်ချင်းတွေ စုပြီး မန်းလေးတောင် ၊တောင်သမန်အင်းတင်မကဘဲ အင်းဝ တို့စစ်ကိုင်းတို့ထိရောက်အာင် ခြေရှည်လို့ မမောမပန်းလည်ခဲ့ကြပါဘူးပါတယ်။
အမှတ်အရဆုံးအဖြစ်ကတော့ ကပ်ကျော်ဘုရားရဲ့နောက်ဘက်မှာရှိတဲ့ဇီးသီးပေါတဲ့ “ရှမ်းကလေးကျွန်း”ကိုသွားကြတာပါ။
အဲဒီတုံးက အခုလိုလမ်းမပေါက်သေးတော့ လယ်ကန်သင်းရိုးပေါ်မှာ စက်ဘီးကို မရရအောင်စီးလို့ လဲလိုက် ပြိုလိုက်နဲ့သွားကြရတာပါ။
ဟိုရောက်တော့ ဇီးပင်တောထဲမှာ ဇီးသီးတွေ မြေခနေတာကို အလုအယက်ကောက်စားကြ အပြန်ကျတော့ လွယ်အိတ်ထဲမှာ ဇီးသီးအပြည့်ထည့်လို့ပြန်လာကြတာပါ။
အဲဒီတုန်းက ဇီးသီးများ က ဘာဆေးမှမပါ သဘာဝအတိုင်းချိုတဲ့ အသီးတွေကို စားခဲ့ရတာကတော့ မမေ့နိုင်စရာ ကျောင်းသားဘဝများထဲက တစ်ခုပေါ့။
ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ စိုင်းထီးဆိုင်နဲ့ မန်းလေးတက္ကသိုလ်ထဲမှာ ဆုံလေ့ရှိပါတယ်။
သူက ကျနော်တို့ထက် တစ်တန်းကြီးပါတယ်။
သူစီးတဲ့စက်ဘီးက မောင်ဗမာစက်ဘီး မိန်းမစီး အပြာရောင်လေး။
ကယ်ရီယာမပါဘူး။
တစ်နှစ်မှာတော့ ဂီတပဒေသာ ကပွဲ ညမှာ စိုင်းထီးဆိုင်ရဲ့နာမယ်ကျော “ဘီးကေးလကိုစီး”ဆိုတဲ့စက်ဘီးသီချင်းလေးကိုဆိုပါတယ်။
ဖြစ်ချင်တော့ ကျနော်တို့ သမီးရီးစား နှစ်ယောက်စီးတဲ့စက်ဘီးလေးက လဲ အပြာရောင် မောင်ဗမာစက်ဘီးလေး၊
အဲတော့ ကျနော်တို့ စုံတွဲ စက်ဘီးစီးလာတာမြင်တဲ့ သူတွေက
“မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး “ဆိုပြီး ဝိုင်းအော်လေ့ စလေ့ရှိပါတယ်။
အဲဒါလေးက တော့ အမှတ်ရစရာလေးပါဘဲ။
ချစ်သူရှိတဲ့ ဘဝမှာတော့ ချစ်သူကို်စက်ဘီးပေါ်တင်နင်းတဲ့အခါတိုင်း ကျနော်ကလည်း စိုင်းထီးဆိုင်ရဲ့ နာမယ်ကျော်သီချင်း စာသားလေးကို ဆိုပြလေ့ရှိပါတယ်။
“ရှေ့နားမှာ အဖြတ်အသန်းသိပ်များတယ်ကွဲ့ ကိုယ့်ခါးကို အချစ်ကလေးဖက်ထားနော်ကွဲ့”
အဲဒါမျိုးဆိုရင် “မကဲနဲ့”ဆိုပြီး ခါးဆွဲအလိမ်ခံရတတ်ပါတယ်။
ပြန်တွေ့ကြည့်မိတော့ ပျော်စရာကြီးပါဘဲ။
မန်းလေးသူ မန်းလေးသားနဲ့ စက်ဘီးကတော့ ခွဲမရတဲ့ သင်္ကေတ လေးဆိုရင်လဲမမှားပါဘူး။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(26-3-2012)
20 comments
water-melon
March 31, 2012 at 8:58 am
အတွဲတွေတဲ့ လွမ်းပြန်ပြီ ဟင့်
မှန်လိုက်တာလေးပေါက်ရေ
စက်ဘီးတို့ ဆိုင်ကယ်တို့ ဆိုတာလဲမတတ်တာ ( အခုချိန်တော့ ဝင်မတိုက်နဲ့ပေါ့ အလျော်တောင်းတဲ့သူတွေပေါလို့)
စက်ဘီးခေတ်ကိုမမှီလို့ ဝမ်းနေမိတယ်
မန်းလေးမန်းလေး ရာဇဝင်ထဲက မန်းလေး
မန်းလေးသားဖြစ်ရတာ ဂုဏ်ယူတယ်
mg mg
March 31, 2012 at 9:32 am
“ရေးတတ်လျင် ဝတ္ထုဖြစ်တယ်”ဆိုတဲ့ ဆရာကြီးမောင်သာရ ရဲ့စကားလေးသတိရမိပါတယ်၊
ရေးတတ်တဲ့သူတွေရေးတော့ စက်ဘီးလေးအကြောင်းက လွမ်းစရာလေး၊ ခုတော့ စက်ဘီးနေရာမှာ
ဆိုင်ကယ်တစ်ဝီဝီ တစ်တီတီနဲ့ သဘာဝပတ်ဝန်းကျင်လဲ ကျန်းမာရေးချို့တဲ့နေပြီထင်ပါရဲ့။
အားပေးသွားပါတယ်လေးပေါက်
ကိုပေါက်(မန္တလေး)
March 31, 2012 at 9:43 am
နောက်တစ်ပိုင်းမှာတော့ ဆိုင်ကယ်တွေအကြောင်းလာပါမယ်။
mocho
March 31, 2012 at 10:41 am
ဟုတ်တယ်ဗျို့ စက်ဘီး စီးတတ် ခါစ ချိန်တွေ များ ဘယ်လို စီးချင်မှန်းကို မသိဘူး။ စက်ဘီး စ စီး တတ်ကာစ ၅တန်းကနေ ၁ဝ တန်း ထိများ စက်ဘီး နဲ့ ကျမ ခွဲလို့ တောင် မရဘူး။ အဲတုန်းကရန်ကုန်မှာ ကားတွေ မများသေးလို့တော် သေးတယ်။ တခါတလေ အိပ်ချင် မူးတူးနဲ့ မျက်စိ မှိတ် ပြီးတောင် စီးတတ်သေးတယ်။
char too lan
March 31, 2012 at 12:44 pm
အော် … စက်ဘီး .. စက်ဘီး …..
ငယ်ငယ်က မှတ်မှတ်ရရ ကျနော်၆တန်းနှစ်တုန်းက အကိုက၈တန်း မောင်တိန်းတရုတ်စက်ဘီးရောင်စုံလေးတွေ
ခေတ်စားလာတဲ့ကာလ အစ်ကိုတွေစက်ဘီစီးကြတာမြင်တော့ ကိုယ်လဲစီချင်တာနဲ့ နောက်နှစ်
အမေ့ကိုနောက်တစ်စီးဝယ်ခိုင်းတာပေါ့ အကိုကြီးနဲ့လုမစီးချင်ဘူး ကိုယ့်ဟာကိုတစ်စီသပ်သပ်စီးမယ်ဆိုပီး ….
ကိုယ်စက်ဘီးပိုင်တဲ့နှစ်ကျတော့ အကိုတွေက စတန့်မင်းသားတွေဖြစ်နေပီး စလစ်ရိုက်ပီးရွှီးခနဲကွေ ့ပစ်လိုက်တာတို့ လက်နှစ်ဘက်လွှတ်စီးတာတို့ ဘီးထောင်စီးတာတို့ စက်ဘီးသမားတွေစုပီး စက်ဘီးနဲ့စိန်ပြေးလိုက်တမ်းဆော့နေကြပီ ကိုယ်တွေကစစီးတုန်း သူတို့လုပ်တာတွေငေးနေရတုန်း လုပ်တတ်ချင်လိုက်တာလဲ တစ်ပိုင်းတင်မကဘူး တစ်ကိုယ်လုံးသေနေပီ ဘေးကနေငေးငေးပီးကြည့်ရတဲ့ အဆင့်လေးရယ် …. အဲ့ဒီမှာ သဘောကောင်းမနောကောင်းတဲ့ ဦးလေးကြီးက ဒါလေးများလွယ်လွယ်လေး ကလေးရယ် ဦးသင်ပေးမယ် ပေးစက်ဘီး ဒီမှာကြည့် ဒီလိုထိန်းပီးနင်း နင်းးး နင်းးးးး နင်းးးးးးး ဆိုပီး နင်းး သွားးး လိုက် တာ ခု ထိ ပြန် ကျနော့်ဆီပြန်ရောက်မလာတော့ဘူးးးး ကျနော်လဲ နောက်ထပ်ဘယ်လိုစက်ဘီးမျိုးမှ မပိုင်ရတော့ဘူးးးးး 🙁
ကိုပေါက်(မန္တလေး)
March 31, 2012 at 12:45 pm
ကျနော်က ကျနော်ညီအကိုဝမ်းကွဲတွေစက်ဘီးစီးသင်ရင် ခပ်ဝေးဝေးနေခဲ့တာရယ်။
ကိုပေါက်(မန္တလေး)
March 31, 2012 at 12:59 pm
ချာတူး အဲတော့ အခုဘာစီးနေသလဲ မင်းအဖြစ်က မောပျောက်လို့ပြောရမယ်ထင်တယ်။
Swal Taw Ywet
March 31, 2012 at 4:51 pm
Dear Ko Pauk,
I think you hide some secret.
Please let me cut / copy and paste from your words-
ကယ်ရီယာမပါ- ယောက်ျားစီး ကို သမီးရီးစား နှစ်ယောက်စီးတဲ့ ့အခါ……???? Wowwww!!!!!
အဲဒါလေးက တော့ အမှတ်ရစရာလေးပါဘဲ။
Thanks you so much for your amazing writing for our past.
With respect,
Swal Taw Ywet.
ကိုပေါက်(မန္တလေး)
March 31, 2012 at 5:11 pm
သူ့ကိုယ်ယနံ့သင်းသင်းလေးရယ် သူ့ဆံနွယ်လေးတွေလွင့်လာတာကို ခိုးနမ်းတော့လဲ
အမောပြောတာပါဘဲ။
ဟုတ်တယ်ဟုတ်။
အခုခေတ်ကလေးတွေက တော့ ဒါလေးများဆို ရီနေမှာမြင်သေးရဲ့.
Khin Latt
March 31, 2012 at 7:24 pm
တစ်ဆင့်ချင်း မျက်စိထဲပေါ်အောင် စဉ်းစားပြီး ဖတ်လာတာ ဖတ်လို့ ကောင်းသဗျို့။
သို့သော် အဆင့် ၂ ခု က အင်ဖို တွေကို အသေးစိတ်မရေးဘဲ ကြဲထားတယ်။
အသေးစိတ်ထပ်ရေးပါဦး။
(၁) စက်ဘီးစီး တာ ဒူးမပြဲ ဘဲ တန်းတတ်သွားခဲ့ သလား ဆိုတာရယ်
(၂) ရီးစား ရတာ အသဲမကွဲ ဘဲ တန်းကြည် သွားခဲ့သလား ဆိုတာရယ်
လူကြီး ကို ရစ်တာတော့ မဟုတ်ပါဘူး။
တကယ်ကြီး သိချင်လို့ပါ။ 😀
pooch
March 31, 2012 at 10:03 pm
လေးပေါက် အနော် ၁ဝတန်း ကျုရှင်တက်တုန်းက ထီး ၂ ချောင်း ကျိုးပြီး စက်ဘီး ၄ ခါလောက်လဲဖူးတယ်။
စက်ဘီး စီးတာ ဘာမြန်သလဲ မမေးနဲ့ ။ အဲ့ဒါကြောင့်လည်း ခဏခဏ တိုက်ခံရတာ။
အမေကဆို နင်ပြန်လာမှ ငါ့မှာ ဟင် ချရတယ် တဲ့ ။ စိတ်ပူလို့တဲ့။
တက္ကသိုလ်တက်တော့ ဆိုင်ကယ် စီးရပြီ။ တော်သေး သတိထားစီးတော့ ဘာမှတော့ ကြီးကြီးမားမား မဖြစ်ဖူးဘူး။ အနည်းအကျဉ်းတော့ ခိုက်မိဖူးတယ်။ အနော်တို့ ကျောင်းတက်တော့ ကီနူးနဲ့တူတဲ့ သူတယောက်က ဒိုကြီး စီးပြီး ကျောင်းထဲ ပတ်နေတာတွေ့ဖူးတယ်။ သူ့ကျောင်းလဲ မဟုတ်ပဲ လာလာ ပတ်တာလေ။ ကဗျာတွေပါဆိုပြီး ကဗျာစာအုပ်တွေ လာပေးလို့ ယူဖူးတယ်။ … ပြောရင်းနဲ့တောင် လွမ်းလာပြီ ကျောင်းကို …….. 😀
လေးပေါက် ရေးထားတာများကွက်ကွက်ကွင်းကွင်း ကိုယ်ပါရောစီးနေရသလိုပဲ..
ကိုပေါက်(မန္တလေး)
March 31, 2012 at 10:05 pm
ဘယ်တတ်မလဲ ကိုလတ်ရ သုံးခါလောက်တော့ လဲတာပေါ့။
ဒူးလဲပြဲသပေါ့။
သို့သော် ကိုပေါက် အသဲကတော့ မကွဲခဲ့ဘူးထင်တာဘဲ။
ပြန်စဉ်းစားပြီးမှေပြောမယ်လေ။
ဒီပိုစ်က နက်ဖြန် ဒုတိယပိုင်း တက်လာမယ်နော်။
စောင့်တော်မူ………………………
KoNyeinChan
March 31, 2012 at 10:28 pm
ကိုပေါက်ရေ.. တမ်းတမိပေမယ့် ဘယ်လိုမှပြန်လည်အစားထိုးမရနိုင်တော့တဲ့ အတိတ်ကာလလေးတွေပေါ့နော…….
padonmar
April 1, 2012 at 12:54 am
ကိုပေါက်
ကျွန်မတို့လည်း တောသူပီပီ စက်ဘီးကောင်းကောင်းစီးတတ်ပါသနော်။
လေးတန်းအတက်မှာ လူကြီးစီးစက်ဘီးကြီးကို စီးချင်လွန်းလို့ ကိုယ့်ဖာသာ တွန်းပြီးစီးသွားတော့ ၁ဝ ပတ်လောက်လည်း လိမ့်ပြီးရော ခြေနင်းနဲ့ခြေထောက်နဲ့လွတ်ပြီး လဲတာ ဒူးလဲပြဲသေး၊အရိုက်လည်းခံရသေး။မှတ်မိပါသေးရဲ့။
စက်ဘီးစီးတာ အမြန်စီးတတ်တာပညာမဟုတ်ဘူးနော်။
ဖြေးဖြေးလေး ရွေ့ရုံစီးတတ်မှ ပညာ။သဘောတူလား။
လမ်းလျှောက်သွားတဲ့ ကောင်မလေးဘေးက လိုက်ကြူချင်ရင် ဒီလိုစီးတတ်မှရမယ်လေ။ 😀
ကိုပေါက်(မန္တလေး)
April 1, 2012 at 8:57 am
သိပ်သဘောတူတာပေါ့ မမာရေ
ကိုယ်က ကောင်မလေးဘေးကလိုက်ပြောဘို့ဆိုတာ စက်ဘီးကို တလိမ့်ခြင်းလိမ့်တတ်မှရယ်။
ဦးဦးပါလေရာ
April 1, 2012 at 9:31 am
တကယ်တော့ ရာလေးဘီးဟောင်းကြီးတွေက တကယ်မာတာ။ ကျွန်တော်တို့ဆို စက်ဘီးတစီးကို လေးယောက်စီးတာ။ ထိုင်နင်းသူကတယောက်၊ ကယ်ရီယာမှာတယောက်၊ ရှေ့ဘားတန်းမှာတယောက်၊ လက်ကိုင်ပေါ်မှာတယောက်။
ပထမ လက်ကိုင်ပေါ်မှာ ရှေ့ဘီးကိုခွပြီး တယောက်ထိုင်ခိုင်းပြီး စနင်းတယ်။ အရှိန်ရစမှာ ဘယ်ဘက်လက်ကိုလွှတ်ပြီး ဟ ပေးလိုက်တော့ နောက်တယောက်က ဘားတန်းပေါ်တင်ပးါလွှဲတက်တယ်။ ပြန်နင်းလို့အရှိန်ရတော့မှ နောက်ဆုံးလူက ကယ်ရီယာပေါ်တက်တာ။
မြို့ထဲတော့ ဒီလိုစီးလို့မရဘူးပေါ့လေ။ ဒီလိုစီးရတာခက်တယ်လို့ထင်ရပေမယ့် တကယ်တော့ စီးရတာကမခက်ဘူး၊ ရပ်တော့မှခက်တာ။ ကြိုက်တဲ့နေရာကွက်တိရပ်လို့မလွယ်ဘူးပေါ့။
ကိုပေါက်(မန္တလေး)
April 1, 2012 at 9:59 am
တစ်နှစ်သင်္ကြန်မှာ စက်ဘီးတစ်စီး လူသုံးယောက် ကယ်ရီယာက မပါ တစ်ယောက်က လက်ကိုင်ပေါ်ထိုင်ခိုင်းပြီးလည်ခဲ့တာကို သတိရမိတယ်။
ရှေ့က ခွက်စုတ်နဲ့ဆော်ထဲ့တော့ စက်ဘီးလဲ လူလဲကွဲ ပုဆိုးလဲပြဲ။
1976 အမှတ်တရပါဗျာ။
MaMa
April 1, 2012 at 10:56 am
ကျမလည်း စက်ဘီးဝါသနာအိုးပဲ။
တောမှာဆိုတော့ စက်ဘီးပဲ စီးစရာရှိတာလေ။
လူနဲ့ စက်ဘီးပဲ ရှိတာဆိုတော့ ကိုယ့်မြို့မှာတော့ အေးဆေးပေါ့။
၁ဝတန်းအောင်လို့ ပုသိမ်ကိုသွားလည်တုန်းက
စက်ဘီးစီးတတ်တယ်ဆိုတော့ အိမ်ရှင်က တစ်စီးသပ်သပ်ပေးစီးတယ်။
တောသားမြို့ရောက် လေ။
လမ်းပေါ်မှာ ကားတွေ၊ ဆိုက္ကားတွေ၊ လူတွေ ရှုပ်ယှက်ခပ်နေတာ
လမ်းလယ်မှာ ကားနဲ့ရင်ဆိုင်တွေ့တော့ မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။
ကားပေါ်ကလူက ကိုယ့်အခြေအနေတွေ့တော့ ကားကိုရပ်ပေးပြီး ရီပြီး အရင်သွားဖို့ လက်ပြပေးတယ်။
တော်ပါသေးရဲ့။ စက်ဘီးနဲ့ပတ်သက်တဲ့ အမှတ်တရပဲ။
kyeemite
April 2, 2012 at 1:52 pm
ကျနော်တို့ငယ်ငယ်က လူကြီးတွေက ဟိုဟာဝယ်ခိုင်းဒီဟာဝယ်ခို်င်းမယ်ဆိုတာကိုအမြဲနားစွင့်နေတာပါ။
ခိုင်းလိုက်တာနဲ့ ရှိတဲ့စက်ဘီးကို ကောက်စီးလို့ သွားတော့တာပါဘဲ။
လူကြီးတွေကလဲ သူတို့ခိုင်းစရာရှိမှဘဲ စက်ဘီးပေးစီးတယ်ဆိုတော့ သူတို့ခိုင်းတယ်ဆိုရင်ကိုပျော်နေတာပါ။
အမှန်ဘဲကိုပေါက်ရေ…ကျွန်တော်စက်ဘီးစီးတတ်ခါစက
အကြောင်းပြန်ပြောင်းအမှတ်ရမိပါရဲ့…ယောက်ကျားဘီးတွေကအများအားဖြင့်
နောက်ကယ်ရီယာဖြုတ်ထားတာများတယ်…သူငယ်ချင်းကိုတင်စီးလည်း
ရှေ့ဘားတန်းပေါ်ဘဲ…ငယ်တုံးကမန်းလေးကိုလွမ်းသဗျာ..
ကိုပေါက်(မန္တလေး)
April 2, 2012 at 2:29 pm
ဟိုပြီးခဲ့တဲ့သုံးလေးလလောက်က ရုံးကကလေးမလေးတစ်ယောက်ရဲ့ စက်ဘီးယူစီးကြည့်တာလေထဲ
လွင့်နေသလိုဘဲ။
လူက ဆိုင်ကယ်အစီးများတော့ ဘဝင်မြင့်သွားတာနေမှာနော်။