သိ၊ မြင်သမျှ ယူ အေ အီး ဆိုတဲ့ နိုင်ငံ

စဆရ ႀကီးApril 7, 20121min25517

ကျွန်တော် အိပ်ချင်နေပါသည်.. အတော်လေးကိုပင် လေးလံလှသော မျက်ခွံကြီးကို ထမ်းပိုးထားရသည့် အဖြစ်ဆိုးကို လူတော်တော်များများ ကြုံဖူးကြမည်ထင်ပါ၏။ ကျွန်တော်သည်ကား သံယောဇဉ်နည်းလွန်းလှသောသူဖြစ်သည့်အားလျော်စွာ ဝိုင်းပြီးဆော်ပလော်တီးခံလိုက်ရပြီးသည့်နောက် ငြိမ်သက်စွာပင် မိခင်ဆိုက်လေးကို တိတ်တခိုး ဝင်ရောက်ပိုးပန်းရုံသာရှိနေရာမှ ခုတစ်လော စိတ်ထပြီး ရေးလိုက်သည့်စာများ အတော်လေး အကောင်းမြင်ခြင်းခံရသည့်အတွက် အနည်းငယ်မျှ ထပ်မံရေးသားချင်စိတ် ပေါက်လာသည်ကတစ်ကြောင်း.. စိတ်ကူးလေးလဲ အတော်လေး ကွန့်မြူးနေသည့်အတွက်က တစ်ကြောင်း၊ ယခင်ပုံစံများနှင့်မတူသည့် ဒေသန္တရ ဗဟုသုတအကြောင်းလေးကို သိသမျှ ရေးသားလိုက်ရပေ၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အာရပ်စော်ဘွားများ ပြည်ထောင်စုသည်ကား ပြည်နယ်(၇)ခုကို ၁၉၇၁ ခုနှစ်တွင် စုပေါင်းပြီး နိုင်ငံတစ်ခု ထူထောင်ထားခြင်းဖြစ်သည်။ နိုင်ငံဟုဆိုသော်ငြား ပြည်ထောင်စုဟုခေါ်သည့် မြန်မာနိုင်ငံနှင့်မတူပေ၊ ပြည်နယ်တစ်ခုနှင့်တစ်ခု ဥပဒေ၊ စည်းမျဉ်းခြင်းမတူပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည်။ ကိုယ့်စိတ်ကြိုက် ဥပဒေထုတ်ပြီး အုပ်ချုပ်ကြခြင်းဖြစ်သည်။

ဥပမာအားဖြင့်ဆိုလျင်မူ Abu Dabi သည်ကား အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် Islamic ဘာသာတရားအတိုင်း ဥပဒေပြုထားသည်။ Dubai သည်ကား Tourism မြို့တော်ဖြစ်သည့်အတွက် အလွပ်လပ်ဆုံးသော ပြည်နယ်၊ မြို့ တစ်ခုဖြစ်သည်။ ထိုမြို့တွင်မတော့ လိုတာအကုန်ရနိုင်လေသည်။ ပိုက်ဆံရှိဖို့သာလိုသည်။ ညမအိပ်သည့် မြို့တော်ကြီးဖြစ်သည်။ Sharjah သည်ကား ထိုကဲ့သို့မဟုတ်၊ စီးပွားရေးမြို့တော် (သို့မဟုတ်) ကုန်ထုတ်မြို့တော်သက်သက်သာဖြစ်သည့်အတွက် အတန်ငယ် တင်းကျပ်လေသည်။ လူစည်ကားရာနေရာ (သို့မဟုတ်) အများပြည်သူနှင့် သက်ဆိုင်ရာနေရာ (Public Area) များတွင် လင်မယားပင် ဖြစ်လင့်ကစား လက်ချင်းချိတ်သွားသည်ကိုက ဥပဒေကျူးလွန်မှု၊ အများပြည်သူအား နှောင့်ယှက်မှုဖြင့် ထောင်ဒဏ်(၂)လထိ ကျခံနိုင်သည့်အပြင် ပြည်နှင်ဒဏ်ပါ အပေးခံရမည်ဖြစ်သည်။ အရက်သေစာ ရောင်းဝယ်၊သောက်သုံးမှုကိုလည်း တင်းကျပ်စွာ ပိတ်ပင်တားမြစ်ထားသည်။ Ajman သည်ကား ဖွံ့ဖြိုးစ ပြည်နယ်ဖြစ်သည့်အတွက် အတန်ငယ် လွတ်လပ်ထားလေသည်။ ပြီးခဲ့သည့်လ (၂၀၁၂ ခုနှစ်၊ မတ် လ) မှစပြီးတော့မူ ဆေးလိပ်အခွန်များကို တိုးမြှင့်လိုက်သည့်အတွက် အိမ်ဆိုင်များတွင် ဆေးလိပ်မရောင်းကြတော့ပေ။ အရက်၊ ဘီယာကိုတော့မူကား တရားဝင်ဖွင့်လှစ်ထားသည့်ဆိုင်မှ ဝယ်ယူရရှိနိုင်သည်။ Umm Al Quwain သည်ကား တောနယ်လေးသာသာမျှ ပြည်နယ်ဖြစ်တော့သည်။ အရက်၊ ဘီယာ၊ ဆေးလိပ် အစုံ အလွယ်တကူဝယ်လို့ရနိုင်သည်။ သွေးသားအရောင်းအဝယ်ဈေးကွက်တော့မရှိပေ။ ကျန်သည့် ပြည်နယ်များသည်လည်း သူ့နည်းသူ့ဖုံ ဥပဒေများနှင့်ဖြစ်သည်။

လူမျိုး

နိုင်ငံသားများမှာ အာရပ်လူမျိုးများဖြစ်ကြပြီး Islmic ဘာသာကိုသာ ကိုးကွယ်ကြသည်။ နိုင်ငံသားတိုင်း အစိုးရအလုပ်ကို လုပ်ကြလေသည်။ လစာများမှာမူကား ပျမ်းမျှအားဖြင့် နိုင်ငံသုံးငွေကြေး ၃၀၀၀ဝ ဒါဟန်း ( ၃.၅ ဒါဟန်း = US 1 $ ) နှင့် ညီမျှသည့်လစာကို ရကြသည်။( နိုင်ငံခြားသား အလုပ်သမားများမှာမူ အခြေခံ ၁၀၀ဝ -၂၀၀ဝ ဒါဟန်းသာ ရကြသည့်အတွက် ချင့်ချိန်ကြပါကုန်။)

ယေဘူယျအားဖြင့်မူ ၎င်းတို့မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် စိတ်ရင်းစေတနာကောင်းကြသူများဖြစ်ကြသည်။ တစ်ခါတစ်ရံတွင်မတော့ အတန်ငယ် ရိုင်းစိုင်းကြလေသည်။ မြို့ကြီးသားပီသမှု၊ မြို့ပြအင်္ဂါ ဖွင့်ဖြိုးမှုကို ပြောရမည်ဆိုလျင်တော့ စည်းကမ်းမဲ့ကြလေသည်။ အမှိုက်များ ပြီးစလွယ်ပစ်ကြခြင်း၊ လူ လူချင်း ကိုယ်ချင်းစာတရား ကင်းမဲ့သည့် အပြုအမူများ ပြုကြခြင်းတို့ရှိသည့်အပြင် လွန်စွာမှပင် ကပ်စေးလဲ နှဲကြလေသည်။ အိမ်တွင်းပိုင်းကိုသာ ကောင်းမွန်စွာ ပြင်ဆင်လေ့ရှိကြပြီး အိမ်ပြင်ပ အပြင်အဆင်ကိုတော့မူ ဖြစ်သလိုသာ ဆောက်ကြသည်။ ကားကောင်းကောင်း စီးရခြင်းကို နှစ်သက်ကြသည်။ ရိုးရာဝတ်စုံကို ခုံခုံမင်မင် ဝတ်ဆင်ကြသည်။ ဘာသာတရားတော့ လွန်စွာ ကိုင်းရှိုင်းကြသည်။
အမျိုးသမီးများမှာမူ ယခင်က မျက်နှာဖုံးများ ဝတ်ဆင်ကြသော်လည်း ယနေ့ခေတ်သမီးပျိုများမှာမူ မဝတ်ဆင်ကြတော့ပေ။ အလှအပကိုတော့ လွန်စွာ စိတ်ဝင်စားကြသည်။ အသားအရေ လွန်စွာလှသည်။ အရပ်အမောင်းများလဲ ကောင်းကြပါ၏။ Gym များသို့သွားပြီး ကိုယ်ကာယအလှ ကစားခြင်းတော့ မရှိကြပေ။ ထို့အတွက်ကြောင့် အိမ်ထောင်ကျပြီး အမျိုးသမီးများမှာကား မျက်နှာနှင့် အသားအရေသာ လှပကြပြီး ကိုယ်ခန္ဒမှာမူ ပုံပျက်၊ ပန်းပျက် ဖြစ်သွားကြသည်။ ရင်နှင့်တင် မတန်တဆ ကြီးထွားလာကြပြီး တစ်လှုပ်လှုပ်ဖြင့်သာ လမ်းလျှောက်နိုင်ကြသည်။ ကလေးများလဲ တစ်ပြွတ်ပြွတ်နှင့် မွေးကြပါ၏။ ဈေးဝယ်ရာတွင်လည်း အလွန်ဈေးဆစ်ကြသည်။ ဂဂျီဂဂျောင်လဲ များကြသည်။ အလှအပ ပြင်ဆင်ရေးအတွက်သာ ငွေကို ရေလိုသုံးကြ၏။

အလုပ်အကိုင်

အများစုမှာ ကိုယ်ပိုင်အလုပ်ကို မလုပ်ကိုင်ကြပဲ အစိုးရအလုပ်ကိုသာ လုပ်ကိုင်ကြသည်။ အစိုးရအလုပ်များမှာ များသောအားဖြင့် နံနက် ၉းဝဝ မှ နေ့လည် ၂းဝဝ ခန့်ထိသာဖြစ်သည်။ အလုပ်ချိန်တွင်း ဝတ်ပြုဆုတောင်းချိန်များလဲ များစွာရှိသေးပြန်သည်။ သောကြာနေ့သည်ကား ရုံးပိတ်ရက်ဖြစ်တော့သည်။

တန်ဖိုးကြီး အသုံးအဆောင်များကို အပြိုင်အဆိုင် ဝယ်သုံးကြလေသည်။ ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် စင်္ကာပူနှင့်ယှဉ်ပါမူ အတော်လေးကို နှေးကွေး၊ လေးလံ၊ စနစ်မကျလှကြောင်း တွေ့ရသည်။ ခေတ်မှီပစ္စည်းများကိုသုံးပါသော်ငြား လုပ်ကိုင်ကြသည်မှာ ရှေးကျလှသော ပုံစံဖြစ်သည်။

ဘာသာစကား

အာရဗီဘာသာစကားကိုသာ အများစုသုံးကြသည်။ ၎င်းတို့ဘာသာစကားကိုသာ ခုံမင်နှစ်သက်စွာ သုံးကြလေသည်။ အင်္ဂလိပ်စာ အများစုပြောတတ်၊ နားလည်ကြသော်လည်း အာရဗီစကားကိုသာ ခုံမင်နှစ်သက်စွာ ပြောတတ်ကြသည်။ လူမြင်ကွင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ဆိုင်းဘုတ်များရေးသားရာတွင် အာရဗီစကားကို ဦးစွာ ရေးစေပြီးမှ အောက်တွက် အင်္ဂလိပ်စကားကို ရေးစေသည်။ တစ်ခြားဘာသာစကားများ ရေးသားခြင်းကို အားမပေးပေ။

ကျန်းမာရေး

အမျိုးသားအများစုမှာ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ရခြင်းများကို စိတ်ပါဝင်စားကြသကဲ့သို့ ပိုက်ဆံအကုန်အကျများသည့် အားကစားများကိုလည်း လုပ်ကိုင်ကြသည်။ အများစုမှာ အရပ် ၆ ပေနီးပါးခန့်ရှိကြသည့် ထောင်ထောင်မောင်းမောင်း၊ ကျမ်းမာသန်စွမ်းကြသူများဖြစ်သည်။ အသက် ၃၅ ကျော်ခန့်ရှိလာလျင်တော့မူ ဗိုက်တော်တော်ပူလာကြလေသည်။

(ဒီလောက်နှင့် ရပ်ပါဦးမည်။ အလုပ် တစ်နေကုန် လုပ်ထားရသောကြောင့် အနားယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။)

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

17 comments

  • weiwei

    April 7, 2012 at 10:59 am

    ယူအေအီးက ကောင်လေးတစ်ယောက်နဲ့ သိခဲ့ဖူးတယ် …. သူ့မှာ မောင်နှမ အယောက် ၄ဝ တောင်ရှိတယ်တဲ့ … တော်တော်ချမ်းသာပုံရတယ် … တရုတ်ပြည်မှာ ကျောင်းလာတက်တာကို သူတို့နိုင်ငံအစိုးရက တစ်လကို ဒေါ်လာ သုံးထောင် တောင်မှ ထောက်ပံ့ထားတယ် …. ကိုင်ပိုင်ကားနဲ့ ကွန်ဒိုတိုက်ခန်းနဲ့ တရုတ်မတွေ ထည်လဲတွဲနိုင်တယ် … တော်တော်လေးလဲ လူရည်လည်ပါတယ် ..

  • Gipsy

    April 7, 2012 at 10:59 am

    အနားယူုပါ .. ပီးရင် ဆက်ရေးပါဦး …
    အဲဒီလောက် စည်းကမ်းတင်းကျပ်တဲ့ နိုင်ငံမှာ နေဖို့က မလွယ်ပါဘူး
    ကျုပ်တို့နိုင်ငံမှာ ကျုပ်တို့ ဗရမ်းဗတာ နေလာခဲ့ကြတာ အရိုးစွဲနေလို့…၊
    ကျုပ်တို့ နိုင်ငံမှာလဲ ဆေးလိပ်နဲ့ အရက် ခွန် အများကြီး တိုးကောက်စေချင်တယ်
    ဒါမှ ဆေးလိပ်နဲ့ အရက်ကြောင့် ရလာတဲ့ အကျိုးအပြစ် သက်သာမယ်လားလို့ပါ….။

  • kai

    April 7, 2012 at 11:47 am

    အပြင်ကနေ.. ကြားသိရသလောက်ကတော့.. အစ္စလမ်မစ်နိုင်ငံတွေက.. သွားလည်ရ.. အခြေချရမှာ.. ဘာသာမတူရင်.. ဖြုန်စိန်ကြီးပါ..
    အခုလည်း အထဲကနေ အမြင်လေးတွေကို စိတ်ဝင်စားမိပါတယ်..။

    အရက်သောက်တာ တင်းတင်းကြပ်ကြပ်ရှိကြပုံရတာ မို့.. မိန်းမနဲ့..လိင်ကိစ္စတွေမှာတော့ လွယ်ကြပုံရသလား သိချင်ပါတယ်..။
    ကလပ်တွေ.. ပရောစတီကျုတွေများသလား သိချင်ကြောင်းပါ..

    လူက.. လူသားဆန်ဆန် တခုခုတော့.. တခုခုဖြစ်ရမှာလေ.. 😆

    • သူကြီးသိချင်တယ်ဆိုတာလေးတွေ ဖတ်ပြီးတော့ လက်ကျန်လေးကို ဘယ်လိုစပြီး ဘယ်လိုအဆုံးသတ်ရမယ်ဆိုတာ အကြံရသွားတဲ့အတွက် ဆက်လိုက်ပါဦးမည်ဖြစ်ကြောင်း

  • pooch

    April 7, 2012 at 1:45 pm

    သူကြီး Sex and City နောက်ဆုံးထွက်ထားတဲ့ကားထဲမှာ အဲ့ဒီနိုင်ငံအကြောင်းပါတယ်လေ။ နောက် လီယိုနာဒို စစ်ပွဲနောက်ခံဇာတ်ကားတကားလည်း ရှိတယ်လေ ။ နာမည်မေ့နေလို့ ။ အဲ့ဒီဇာတ်ကားထဲမှာ လီယိုနာဒိုက အဲ့ဒီဒေသခံ ဆရာဝန် အမျိုးသမီးကို (ဇာတ်ဆောင်) လူမြင်ကွင်းမှာ လက်ဆွဲနှုတ်ဆက်ချင်တာ ဟိုက တိုက်ခန်းပတ်ပတ်လည်က လူတွေ အများကြီးက ဝိုင်းကြည့်နေလို့ လက်တောင် မပေးရဲဘူး။

    နောက်အသိတယောက်ရဲ့ အကိုက အဲ့ဒီက ဘာသာရေးကျောင်းတခုမှာ သွားတက်ခဲ့ဖူးတာမို့ သူပြောပြပုံအရ တော်တော်များများ သိခဲ့ရဖူးတယ်။ သူတို့ ဆီက အမျိုးသမီးတွေလည်း သူများ တွေလိုပဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်တဲ့ သူကြီး ။ အိမ်ပြန်ရောက်တာနဲ့ ဝတ်ထားတဲ့ ဝတ်ရုံကို ချွတ်ပြီး အော်ကြဟစ်ကြ ခုန်ကြပေါက်ကြတဲ့။

    • pooch ရေ.. လီယိုနာဒိုကားထဲက အမျိုးသမီးက ဆီးရီးယားသူလေးပါ.. သူက သူနာပြုဆရာမအနေနဲ့ အီရတ်မှာလာအလုပ်လုပ်နေတာ ဖြစ်ပါကြောင်း

      • pooch

        April 7, 2012 at 2:13 pm

        အော်ဟုတ်တယ် ဟုတ်တယ် ကြည့်တာကြာလို့ မေ့နေတာ။ ကျောရိုးလောက်ပဲ သိတော့တာ။ နောက်ပိုင်း လီယိုနာဒို လည်း အဲ့ဒီဒေသမှာပဲ ပြေးပြေးလွှားလွှား နေသွားတဲ့ပုံမျိုးနဲ့ ဇာတ်သိမ်းသွားတယ် မှတ်တာပဲ ။

        • kai

          April 7, 2012 at 3:52 pm

          Body of Lies (2008) အဲဒါထင်တယ်..

  • ကိုရင်မောင်

    April 7, 2012 at 4:34 pm

    ဒီUAEနိုင်ငံအကြောင်းသိချင်နေတာ..
    ကျေးဇူးဘဲကိုလူရှုံးရေ……
    ဆက်ရေးပါစောင့်မျော်နေပါတယ်

  • alinsett

    April 7, 2012 at 7:51 pm

    ကျွန်တော် မအိပ် ချင်သေးပါ ။ အင်တာနက် မြန်နှုန်းကလေးလည်း.မကောင်းစဖူး.ကောင်းနေသဖြင့်.ရှုံးနိ့်မ့်မှုများနှင့်လူ..ရေးသော.ပို ့စ်ကို ထိုင်ဖတ်နေလိုက်ပါသည် ။
    ထို ့ကြောင့်…. တွေးတော စဉ်းစားစရာလေးများ…တပုံကြီး ရသွားပါတော့သည် ။

  • ဦးဦးပါလေရာ

    April 7, 2012 at 10:10 pm

    မြေကြီးထဲကဟာတွေကို ထိုင်စားနေတဲ့ နိုင်ငံပေါ့…။
    အဲဒါတွေ ကုန်သွားတဲ့ တနေ့တော့ ရှိလာမှာ..။
    စဉ်းစားမိတာလေးပါ..။

    • အဲဒါတွေကုန်သွားရင် ရှေ့ဆက်သွားဖို့အတွက် ဒူဘိုင်းကို Tourism မြို့တော်အနေနဲ့ ပြုပြင်ပြီး ဆောင်ရွက်နေပါကြောင်း… ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကျရင်တော့ ဒီယူအေအီးနိုင်ငံလဲ အခြေခံအဆောက်အဦး အတော်များများ ပြည့်ပြည့်စုံစုံ ကျန်ခဲ့ပြီထင်ပါတယ်။

  • ချာလီဂဇက်ဒလဝမ်

    April 7, 2012 at 10:43 pm

    အယူသီးတဲ့ နိုင်ငံဖြစ်တာရယ်
    နေရထိုင်ရ တင်းကျပ်တာရယ်
    သူတို့ဆီ စိတ်ကူးနဲ့ ခဏနေကြည့်မိတော့ မလွယ်ဘူးပဲ
    မိန်းမနဲ့ လိင် ကိစ္စတော့ ကွယ်ရာမှာ တအားဆိုးမလားပဲ ။

  • Khin Latt

    April 8, 2012 at 4:24 am

    ကျွန်မ သူငယ်ချင်း တစ်ယောက် ရှိတယ်။
    မူဆလင်မ ချောချောလေး။
    ကျောင်းပြီးတာနဲ့ သူ့ အိမ်က သူ့အမေညီမ ရဲ့သား နဲ့ ပေးစားတယ်။
    အဲဒီလူက ဒူဘိုင်းမှာ နေတယ်။ တစ်ခါမှ အပြင်မှာ မမြင်ဖူးဘူး။
    နောက် သူလဲ ဒူဘိုင်းကို လိုက်သွားတယ်။
    အဲဒီမှာ နေရတာ မပျော်လို့ဆိုပြီး နောက်ပိုင်း မိသားစုလိုက် မြန်မာပြည် ကို ပြောင်းလာကြရော။
    အဲဒီလူကလဲ မြန်မာပြည်ကို ပိုပြီး သဘောကျသတဲ့။
    အခုတော့ မသိတော့ဘူး။ အဆက်အသွယ်ပြတ်သွားတာ အနှစ် ၂ဝနီးပါးရှိတော့မယ်။
    အဲဒီဘဲ ပြန်ရောက်သွားပြီလား မသိဘူး။

    စိတ်ဝင်စားစရာလဲဖြစ်၊ အကျိုးလဲ ရှိတာမို့ အိပ်ချင်မူးတူးဖြစ်နေလဲ ဆက် ရေးပါဦး။ 🙂

  • ကြောင်ကြီး

    April 9, 2012 at 10:00 am

    ယူအေအီး
    ူထူပေတီး
    ရှုနေမငြီး
    သူရှည်တာ
    မပြီးပေမဲ့
    လှူနေတာ
    သဂျီးဟဲ့
    ပြန်လာခဲ့ချက်ခြင်း…။

Leave a Reply