အမှတ်တရ သင်္ကြန် လေးများ

မိုခ်ိဳApril 10, 20121min1948

မြန်မာလူမျိုး မှန်ရင် သင်္ကြန်နဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေ ရှိတတ်စမြဲပါ။ ကျမရဲ့ ပထမဆုံး သင်္ကြန် အမှတ်တရလေးက ကိုယ်တိုင် မမှတ်မိပေမယ့် မိဘတွေ ပြန်ပြော ပြတာပါ။ ဒီဇင်ဘာဘွန်း ကျမ က ၁ နှစ်နဲ့ ၄ လ အရွယ် တည်းက သင်္ကြန် စလည် ဖူးတာပါ။ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ် တွေက ကျမကို တယောက်တလှည့် ချီပြီး သင်္ကြန်မဏ္ဍပ်တခုမှာ စတိတ် ရှိုး ငေးနေကြပါသတဲ့။ အဲဒီအချိန်မှာ ကျမ လည်ပင်း က တမတ်သား ဆွဲကြိုးလေးကို ခါးပိုက်နှိုက်က ဘလိပ်ဓါးနဲ့ ဖြတ်နေတာကို အဖေက တွေ့နေပေမယ့် သူတခုခု တုံ့ပြန်လိုက်ရင် ခါးပိုက်နှိုက်က ကျမကို အန္တရာယ် ပေးမှာစိုးလို့ သူ့မှာ ဘုရားတပြီး အသာလေး ကြည့် နေပါသတဲ့။ နောက်ပိုင်း အားလုံး သိသွားပြီး ဦးလေးတွေက အဖေ့ကို သိသိကြီးနဲ့ ငြိမ်နေ ရလားလို့ အပြစ်တင်တော့ အဖေက ငါ့သမီး အသားနုနုလေး ကို မထိအောင် ဖြတ်သွားတာပဲ ကျေးဇူးတင်လှပြီလို့ ပြန်ပြောသတဲ့။

နောက်သင်္ကြန် တခုက ကျမသူငယ်တန်းဖြေပြီးတဲ့ နှစ်မှာ အဖေ တာဝန်ကျတဲ့ စစ်တွေ မြို့ကို ကြယ်ငါးပွင့် က ဟားခါး သင်္ဘောနဲ့ မိသားစုလိုက် သင်္ကြန် တွင်း ကြီး ပြောင်းကြတာပါ။ စစ်တွေ ရောက်တော့ မှောင်နေပါပြီ။ ကားငှား၊ ပစ္စည်းတွေ တင်ပြီး ဆေးရုံဝင်းထဲကို အရင် သတင်းပို့တော့ စစ်တွေ သင်္ဘောဆိပ်ကနေ ဆေးရုံကို အကြာကြီးပတ်မောင်း ပြီး လမ်းတလျောက် မှာလည်း လမ်းမီးမှိန်မှိန်နဲ့ ရေတွေကပတ်လို့။ အဖေနဲ့ အမေကတော့ ပစ္စည်းတွေ ရေစိုမှာ စိုးလို့ အုပ်လိုက် ကာလိုက်နဲ့၊ ကျမတို့မောင်နှမတွေကတော့ ပျော်လို့ပေါ့။ အဖေနဲ့ ဂျူတီချိန်းတဲ့ ဆရာဝန် ကမပြောင်း သေးတော့ အဲဒီည ဆေးရုံထဲက အခန်းလွတ် တခုမှာ ပစ္စည်းတွေ ပါချပြီး ကျမတို ့မိသားစု ညအိပ်။ နောက်နေ့ မိုးလင်းလို့ အခန်းရှေ့ ဝရံတာက ထွက်ထွက်ချင်း တွေ့လိုက်ရတာက ကစ္ဆပနဒီ မြစ်ဝကျယ်ကြီးနဲ့ ဆိပ်ကမ်းမှာ ရပ်ထားတဲ့သင်္ဘောတစီး။ အဲဒီ သင်္ဘော ကတော့ကျမတို့၃ ရက်တိတိ စီးလာတဲ့ ဟားခါး သင်္ဘောကြီးပါပဲ။ တကယ်တော့ ကြယ်ငါးပွင့် သင်္ဘောဆိပ်နဲ့ စစ်တွေဆေးရံကြီးက လမ်းပဲခြားတာပါ။ ညက ကားသမားတွေက ပိုက်ဆံ တောင်းကောင်းအောင် ပတ်မောင်းနေတာပါ။ နောက်တော့ ဘိုတဲမှာ ပြောင်းပြီး အိမ်မရမချင်း နေရတယ်။
အဖေနဲ့ အမေက ဘယ်နယ်ပ ဲရောက်ရောက် သင်္ကြန်ဆိုရင် ရန်ကုန် ကို အရောက်ပြန်တတ်ပါတယ်။ ကျမတို့ မောင်နှမတွေ လည်း အဖိုးအဖွားတွေနဲ့တွေ့ရ တောကနေ ရန်ကုန် ပြန်လည်ရတော့ ပျော်ပါတယ်။ ကျမ ၅တန်းဖြေပြီးတဲ့ နှစ်ရောက်မှ ကျမတို့နေတဲ့ရွာလေးရဲ့ရခိုင် ကျေးလက်ရိုးရာသင်္ကြန် ကို ကြုံ ဖူးပါတော့တယ်။ ရခိုင်မှာ အကြိုနေ့မှာ အစောကြီး ရေမပတ်ရသေးပါဘူး။ ညနေပိုင်းမှာ ရွာထဲက အပျို၊ လူပျိုတွေ စုပြီး သနပ်ခါး၊ နံ့သာတွေ သွေး၊ ပြီးတော့လူကြီး၊ လူငယ်၊ ကလေး အားလုံး သွားပြီး ရွာထိပ်က ဘုရားတွေ၊ဘုန်းကြီးကျောင်း ဝင်းထဲက ဘုရားတွေ ကို အရင် ရေသပ္ပါယ်၊ နံ့သာတွေနဲ့သပ္ပါယ် ပြီး အပြန်ကျမှ အချင်းချင်း အပြန်အလှန် လောင်းကြတာပါ။ အဲဒီတုန်းက ကျမက ၁၁ နှစ် ဆိုတော့ အပျိုမကျ ကလေးမက အရွယ်၊ ဝတ်သွားတာက အဖြူရောင ်ဇာဂါဝန်၊ ရေလည်း စိုရော ဂါဝန်က ကိုယ်နဲ့ကပ်ပြီး အောက်ခံ ဘောင်းဘီ ကအစအတိုင်းသား ပေါ်ကုန်လို့အိမ်ပြန် အဝတ်လဲ ပြီး ပြန်ထွက်မယ် ဆိုတော့ ကျမကို အပျိုစိတ် ပေါက်မှာ အရမ်း စိုးရိမ်တဲ့ အဖေက အပျို၊ လူပျိူ တွေ အပြန်အလှန် ရေ ဆော့ နေတဲ့ဆီ ပေးမသွားတော့ပါဘူး။ တကယ်တော့ အပျို၊ လူပျိူ တွေ တင်မကပါဘူး တရွာလုံးက ကလေး ၊ လူကြိး အားလုံး ဆော့နေကြတာပါ။ ကျမလည်း သူငယ်ချင်းတွေ ရေကစားကြတာကို အိမ်ထဲက ပ ဲလှမ်းငေး ရပါတော့တယ်။
အဖေ ဆုံးပြီး နောက်ပိုင်း ကျမတို့ ရန်ကုန်မှာပဲ ပြန်နေဖြစ်တော့ ဦးလေးတယောက်က ကျမတို့မောင်နှမ ဝန်းကွဲတွေ သင်္ကြန်လည်ဖို့ ကား တရက် နှစ်တိုင်းစီစဉ်ပေးတယ်။ တနှစ်တော့ နေ့လည်ဘက် ကန်တော်ကြိးထဲ နားနေတုန်း မျက်စိရှေ့တင် ရေထဲဆင်းတဲ့ ကောင်လေးတယောက် ရေနစ် သွားတာ သူနဲ့ အတူ လာတဲ့ သူငယ်ချင်းတွေ ဝိုင်း ဆယ်တာမရဘူး။ လုံခြုံရေးတွေ ၊ရဲတွေ ပါရောက်လာပြီး ပိုက်ဆိပ်တိုက် ရှာတာ ၁နာရီ လောက် ကြာ မှ ရေမှော်တွေနဲ့ ပတ်နေတဲ့ အလောင်း ကို ပြန်ရှာတွေ့တယ်။ ကျမဆိုရင် ညနေပိုင်း ဆက်လည်တာ ဘယ်လိုမှ မပျော်တော့ ပဲ မျက်စိထဲမှာ အဲဒီ ကောင်လေး အလောင်းပဲ မြင်နေတော့တယ်။
နောက် နှစ်ကျမှ ပိုဆိုးတော့တယ်၊ မောင်လေး သူငယ်ချင်း တယောက် က သူ့ဒိုင်နာ ကားကို အမိုးဖြုတ်ပြီး ရှိသမျှ သူငယ်ချင်း တွေ ခေါ်တင်လာတာ၊ ကျမတို့မောင် နှမတွေလည်း လိုက်သွားကြတာပေါ့။ ကားပေါ်မှာ ကိုယ်နဲ့ သိတဲ့သူကော၊ မသိတဲ့ သူကော အားလုံး ၃ဝ ကျော် လောက် ပါတယ်။ ထုံးစံအတိုင်း နေ့လည်ဘက် ကန်တော်ကြိးထဲ သွားနားတော့ ကားရပ်ရပ်ချင်းပဲ ရေထဲဆင်းပြေးကြတာ၊ မောင် လေးသူငယ်ချင်း တယောက် ရေ စ နစ်တော့ ကျန်တဲ့သူတွေ ဆင်းဆယ်၊ ဆယ်တဲ့ သူတွေထဲကလည်း ထပ်နစ်၊ အနားကရှိတဲ့ လူတွေ လည်း ဝိုင်း ဆယ်ကြ ရေလည်း မကူးတတ်ပဲ သူငယ်ချင်းဇောနဲ့ ပြေးဆင်းသွားတဲ့မောင်လေးကို ကျမက လိုက်ဆွဲ၊ နဲ့ တော်တော်ကို ဝရုန်းသုန်းကားဖြစ်ပြီး သိပ်မကြာလိုက်ပဲ နစ်တဲ့ သူတွေအားလုံး ကို ဆယ်လိုက်နိုင်တယ်။ ဒါပေမယ့် ၂ ယောက်က အသက် မပါတော့ဘူး။ ၃ယောက်ကတော့ ဆေးရုံပို့လိုက်ရတယ်။ရေ စ နစ်တဲ့ မောင် လေးရဲ့ သူငယ်ချင်းကတော့ ဘာမှမဖြစ်ဘူး။ အပျော်နဲ့ ထွက်လာတဲ့ ကျမတို့ ကားက အပျက်နဲ့ ပြန်လာရတယ်။
နောက်တခုက ဗိုင်းကောင်းကျောက်ဖိ မိဘတွေနဲ့နေရပြီး တသက်လုံး သင်္ကြန်မလည် ဖူးပဲ ကျမတို့နဲ့မှ သင်္ကြန်စလည်ဖူးတဲ့ ချစ်သူက ၊ နဂိုကမှ သဝန်တိုတတ်တဲ့ သူဆိုတော့ သင်္ကြန်မှာ စ တာ၊ နောက် တာကို တခြားကားတွေပေါ်ကနေ ကြောကုန်းလှမ်းပုတ် သွားတာတို့၊ သားပြော မယားပြော ပြောတာတို့ ကို လုံးဝ သည်းညည်း မခံတတ်ပါဘူး။ ကားတွေ ရပ်စောင့်နေရ တဲ့ အချိ်န်မှာ ဘေးက ကားက ခရမ်းသီးကြီးကို ငါးမြှားတံ လို ကြိူးနဲ့ ချည်ပြီး တခြားကားတွေ ပေါ်က မိ်န်းကလေးတွေ ကို လိုက်တို့ နေတာ၊ ကျမကို လာတို့တော့ သူကစိတ်တွေဆိုးပြီး ပြသနာ တွေသွားရှာ၊ ဟိုကောင်လေးတွေက ပြန်တောင်းပန် လို့ တော်သေးတယ်။ ကျမှာ မောင်တွေ ကို မထိ်န်းရပဲ၊ ကိုယ့်ထက် ကြီးတဲ့ သူ့ ပဲ လိုက်ထိန်းနေရတယ်။
နောက်ပိုင်းတော့ သင်္ကြန် ဆိုတာ ပျော်စရာထက် စိတ်ညစ်စရာတွေပဲ များလာသလို ခံစားမိတော့ သူက ဒုလ္လဘက် ရဟန်းဝတ် ကျမက ယောဂီ ဝတ်ပြီး တရားစခန်းတွေပဲ ဝင်ဖြစ်တော့တာ အိမ်ထောင်ကျပြီးတဲ့ ထိပါပဲ။ ကလေးရလာပြီးနောက်ပိုင်း တရားစခန်းတွေ လည်း မဝင်ဖြစ်တော့ဘဲ သင်္ကြန် ဆိုတာ တီဗွီ ကနေ သီချင်း ကြည့်ရုံ၊ မုန့် လုပ်စားရုံ လောက်ပဲရှိတော့တယ်။
ကျမ နေပြည်တော် က ဝန်ထမ်းဘဝ ၊ သင်္ကြန်ပိတ်ရက် ၁ဝ ရက် စလုပ်တဲ့နှစ်တုန်း က တော့ ကုသိုလ် ကောင်းမှု တခု လုပ်ဖြစ်ပါတယ်။ သင်္ကြန်ပိတ်ရက် မှာ ဝန်ထမ်းတွေအားလုံးက ရန်ကုန် ပြန်ချင်ကြပါတယ်။ ရုံးမှာ ဂျူတီ စောင့်ဖို့ ၁ဝ ယောက် နေပေးရပါမယ် ဆိုတော့ ဆက်ရှင် အလိုက် မဲတွေ နှိုက်ကြပေါ့၊ ကျမတို့ ဆက်ရှင် အတွက် ကျမက ဘော်လန်ဒီယာလုပ်ပြီး နေပေးလိုက်တယ်။ ရန်ကုန်ုပြန်လည်း ချစ်ချစ်က စလုံးမှာဆိုတော့ ကျမအတွက်က မထူးဘူးလေ၊ ရုံးမှာကမှ အင်တာနက ်တနေကုန် သုံးလို့ရသေးတယ်။ သူများတွေ အတွက်လည်း အဆင်ပြေ၊ ကိုယ်လည်း အဆင်ပြေပေါ့။ ဒါတွေကတော့ သင်္ကြန်နဲ့ပတ်သတ် တဲ့ ကျမရဲ့ အမှတ်တရ တွေ ပါပဲ။

8 comments

  • Moe Z

    April 10, 2012 at 2:53 pm

    မမမိုချိုအဖေရဲ့ ကိုယ့်သမီးအပေါ်ထားတဲ့မေတ္တာကို လေးစားပါတယ်
    မိုးစက်အတွက်သင်္ကြန်အမှတ်တရဆိုပြီး သိပ်မရှိဘူး
    နေ့ရက်တိုင်းကအမှတ်တရချည်းပဲ 😀 အလကားနောက်တာ
    sensitive skin ကိုရထားလို့ ရေပက်ခံလည်းမထွက်ရဲဘူး
    ကိုးတန်းဖြေပြီးတဲ့နှစ်ကသွားဖူးပါရဲ့ ပြန်လာတော့ allergy ဖြစ်ပြီးကတည်းက
    သင်္ကြန်ရေဆိုကြောက်လွန်းလို့ (အဲဒီအမှတ်တရပဲရှိတယ်) …

    • ဗိုက်ကလေး

      April 10, 2012 at 3:25 pm

      ဂျီးဒေါ်
      မယ်သီလရှင်ဝတ်လိုက်ပါလားဗျ
      စဂါးမစ်
      အပေါ်ကအန်တီမိုချို ့ဆွဲကြိုးဖြတ်တဲ့လူ မိပြီတဲ့ဗျ.
      မန်းလေးက အူးပေတဲ့
      ဘီအီးဖိုးမရှိလို ့ ကျုပ်ဆီလာပေါင်တုန်း ဆွဲစိထားလိုက်တာ

      • Moe Z

        April 10, 2012 at 3:42 pm

        ကတုံးတော့မတုံးပါရစေနဲ့သားရယ် ရိပ်သာတော့သွားမှာပါ
        မနက်ဖြန်ကစပြီး 🙂
        မသွားခင် ဘီအီးဖိုးအကြွေးပြန်လိုချင်တယ်ကွယ်
        ရိပ်သာမှာလှူရအောင်ပါ

        • ဗိုက်ကလေး

          April 10, 2012 at 3:47 pm

          ရဘူး..ရဘူး..
          ဂျီးဒေါ်ဝတ်ရင်ဝတ်
          ဂျီးဒေါ်မဝတ်ရင် အန်တီနိုမိုချို ဝတ်
          အန်တီနိုမိုချိုမဝတ်ရင် အောက်က ခိုင်ခိုင်ဝတ်..
          ရွာသူတွေ သာသနာပြုတာကြည့်ပြီး သာဓုခေါ်ချင်တာပဲသိတယ်

  • Khaing Khaing

    April 10, 2012 at 3:24 pm

    မမိုချို သင်္ကြန်ဆို ညီမတို့က ပိုးရှိတယ်ချင့် …… ရန်ကုန်မှာ ဗုံးပေါက်ပြီး နောက်ပိုင်းသာမလည်ဖြစ်တော့တာ သင်္ကြန်ဆိုလည်ရရင်လည်ရ မလည်ရရင် ရေပက်တယ် ………. မမိုချိုလိုပါပဲ ညီမမှာ အခုသင်္ကြန်ခံစား ချက်နည်းနည်းမဲ့နေတယ် ဘာလို့လဲဆိုတော့ ဗုံးမပေါက်ခင်တစ်နှစ်မှာ ချစ်ချစ်က ကားမောင်းညီမကဘေးက ထိုင်လိုက်တယ်လေ အဲမှာ ကားရှေ့မှာကောင်လေးတစ်ယောက် အရိုက်ခံထားရပြီး ခေါင်းပေါ်ကနေသွေးတွေ ကျနေတာတွေ့ခဲ့ရတယ် နောက်တော့ တစ်ခြားကားတွေက ညီမတို့ကား ရှေ့က ကျားဖြတ်ဝင်တယ်လေ ကားပေါ်ကကောင်လေးက ညီမတို့ကားထွက်တာတောင် အရှေ့ဘောနပ်ပေါ်မှာ ထိုင်နေတယ်လေ ညီမက စိတ်ကခပ်တိုတိုရယ် ညီမချစ်ချစ်ကိုပြောလိုက်တယ် တိုက်ပလိုက်လို့ ကားပေါ်မှာ ရှိတဲ့သူငယ်ချင်းကောင်လေးတွေကလည်း အရှေ့မှာ ညီမတို့လမ်းရဲ့မဏ္ဍပ်ရှိတော့ သွားသတင်းပို့ထားတယ် ညီမတို့ကားရဲ့အရှေ့ကကားလာရင် အဲကားပေါ်မှာပါတဲ့ကောင်လေးကို ရိုက်ဖို့ …. နောက်တော့ အရှေ့ကနေကြားဖြတ်တဲ့ကားကထွက်သွားတယ် ကားပေါ်မှာပါတဲ့ အန်ကယ်ကြီးက အဲကောင်လေးလွန်မှန်းသိတော့ ညီမတို့ကိုလာတောင်းပန်ပြီး ကောင်းလေးကို နပန်တွေကျင်းပလိုက်တယ်… ညီမလည်း သင်္ကြန်ကိုပျော်တာထက် လန့်တာတွေများလာတယ် …… အအေးလည်းမခံနိုင်တော့ဘူး …. အသက်ကကြီးလာပြီလေ ……. စိတ်တွေပြောင်းကုန်တာလဲပါမယ် ……. အဟိ ချစ်ချစ်မရှိလို့ ဒီစကားပြောတာ ချစ်ချစ်ရှိရင် ဒီနှစ်ကဲဦးမှာ……..

  • mocho

    April 10, 2012 at 4:25 pm

    Moe Z ရေ
    သင်္ကြန်လည်ပြီးပြန်လာရင် တကိုယ်လုံး ယားပြီး အရေပြားတွေအဖက်လိုက် ကွာ ကျတာ တော်တာ်နဲ့ ပြန်မကောင်းဘူး။
    ဗိုက်ကလေး ရေ
    တခါတော့ဝတ်ဖူးတယ်၊ ခုတော့ သားသားနဲ့ ဖြစ်ပါဘူးကွယ်.။
    Khaing Khaingရေ
    သင်္ကြန်လည်ရတာ အဲဒါတွေ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။အဲတာနဲ့ပဲ သင်္ကြန်နဲ့ဝေးသွားတာကြာပြီ။

  • htoosan

    April 11, 2012 at 9:52 am

    စလုံး သင်္ကြန် သွားကဲလေ .. သားသား ကိုကဲ ခို်င်းရမယ့် အလှည့်ရောက်ပြီမဟုတ်လား … .
    အခုတော့ မြန်မာတွေ စလုံးမှာများနေပြီဆိုတော့ စလုံးတွေ သင်္ကြန် သိ်ပ်စိမ်းတော့မှာ မဟုတ်ဘူး..
    အရင်တုန်းက မြန်မာဘုန်းကြီးကျောင်းမှာ ရေတွေပက်ကြရင် အရှေ့က တရုတ်ကျောင်းလာတဲ့ သူတွေက ဘာတွေ အရှုးထနေကြတာလဲ ပုံစံနဲ့ လာကြည့်တတ်ကြတယ် ..

  • mocho

    April 11, 2012 at 10:23 am

    သွားပြီးပါပကော။ တနင်္ဂနွေနေ့က ဆမ်ဘာဝမ်း သွားတာ ကိုယ်တွေ က နောက်ကျတော့ တိုးမပေါက်လို့ ပြန်လာရတယ်။

Leave a Reply