သိ မြင်သမျှ ယူ အေ အီး ဆိုတဲ့နိုင်ငံ လက်စသပ်လေး

စဆရ ႀကီးApril 11, 20121min23312

ရေးရင်းတန်းလန်းနှင့် လက်စမသပ်ရသေးသည်များလဲရှိသည်။ ရေးချင်စိတ်မရှိတော့သောကြောင့် ဆက်မရေးတော့သည်များလဲရှိသည်။ ရေးရင်း ရေးရင်း အခန့်မသင့်တော့သည်နှင့် မရေးတော့သည်များလဲရှိသည်။ ကျွန်တော်သည်ကား အပျော်တန်း စာရိုက်သူပေမလား… ကြိုကြားကြိုကြားသာ ရေးသားခြင်း ပြုနိုင်တော့သည်။ ယနေ့တော့ ရေးလက်စ တန်းလန်းလေးတစ်ခုကို အဆုံးသတ်ခြင်း ပြုရပေတော့မည်။ ပညာရှင်အနေဖြင့် လေ့လာရေးသားခြင်းမဟုတ်ပဲ သိသမျှ၊ မြင်သမျှကိုသာ စာစီရိုက်ခြင်းဖြစ်သည့်အတွက် ကွဲလွဲမှုများ၊ မစေ့စပ် မသေချာမှုများရှိပါက ခွင့်လွှတ်ကြပါကုန်…။

+++++++++++++++++++++++++++++++++++++++++++++++++++++
ကျမ်းမာရေးပြီးသည့်အခါ လမ်းပန်းဆက်သွယ်ရေးကို ဆက်ရပေတော့မည်။

ဆက်သွယ်ရေး

မြန်မာပြည်ရှိ ဆက်သွယ်ရေးများနှင့် နင်လား၊ ငါလား ရှိသလောက်ပင်ဖြစ်သည်။ အနည်းငယ်သာ သာသည်ဟု ပြောရပေမည်။ အမှန်အတိုင်းဆိုပါမူ ကျွန်တော်သည်ကား စင်္ကာပူ မှိုင်းမိနေသော လူသားတစ်ယောက်ဖြစ်သည့်အတွက် စင်္ကာပူစံနှင့်သာ နှိုင်းယှဉ် ချိန်ထိုးကြည့်မိလျက်သားဖြစ်လေရာ အမှတ်ပေးစရာ တစ်ကွက်မှ မရှိသလိုပင်ဖြစ်တော့သည်။

ဦးစွာပထမ ဆက်သွယ်ရေးဟုဆိုရာတွင် မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်ကို မကြိုက်လှကြောင်း ဝန်ခံရပေမည်။ လွန်စွာပင် စရိတ်အကုန်အကျများလှသော ဆက်သွယ်ရေးစနစ်ဖြစ်သည်။ ဦးစွာပထမ Sim ကဒ်ဝယ်မည်ဆိုလျင် စီစစ်ရေး အထောက်အထားတစ်ခုခုပေးရသည်။ ဖုန်းလိုင်းမှ တရားဝင်ဖွင့်ထားသော အရောင်းဆိုင်တွင်သာ ဝယ်ခွင့်ရှိသည်။ (စင်္ကာပူတွင်မတော့ ကြိုက်သည့်နေရာ ဝယ်စနစ်ဖြစ်သည်။) ကနဦး ပေးရငွေမှာ ၁၀ဝ ဒါဟန်း (မြန်မာငွေဖြင့် ၂၅၀၀ဝ ) ခန့်ဖြစ်သည်။ ၂၅ ဒါဟန်းဖိုးသာ ငွေဖြည့်ထားလေသည်။ (စလုံးတွင်နေထိုင်စဉ်က ဖုန်းကဒ်တစ်ခုကို ၇၅ ကျပ်ဖြင့် ဝယ်ရာ ၂၅ ကျပ်တန် ငွေဖြည့်ကဒ်၊ မူရင်း ၂ဝ ကျပ်၊ ဘီယာတစ်ဗူး၊ မီးပူတစ်လုံး၊ ကျောပိုးအိတ်တစ်လုံး၊ ဟန်းဆက်တစ်လုံးနှင့် Lucky Draw ကူပွန်တစ်ခုရခဲ့ခြင်းကို အမှတ်ရသေးတော့သည်။ ယခုအခါတွင်မတော့ ၂ ကျပ်မျှ ရှိရုံဖြင့်Sim ကဒ်တစ်ခု ဝယ်ယူရရှိနိုင်ပြီလဲ ဖြစ်သည်။)

ဆက်သွယ်ရေးလိုင်းကို လုပ်ကိုင်နေသော ကုမ္ပဏီနှစ်ခုရှိရာ Etisalat နှင့် Du ဟူပြီး ဖြစ်သည်။ အီးတီဆလပ်မှာကား အစိုးရပိုင်ဖြစ်ပြီး ဒူမှာမူ အများပိုင်ဖြစ်သည်ဟုဆိုကြသည်။ ထိုနှစ်ခုမှလွဲ ကျန်တာဘာမှမရှိပါ။ ဖုန်းခေါ်ဆိုခမှာ လွန်စွာ ဈေးကြီးလေသည်။ အထွက်သာကုန်သည်ဟုဆိုသော်လည်း ၂ဝ ဒါဟန်းတစ်ကဒ်ဝယ်လျင် ၂၃ ဒါဟန်းဖိုးသာရသည်။ မြို့တွင်း တစ်မိနစ် ပြား ၈ဝ ခန့်ကုန်လေသည်။ မြန်မာနိုင်ငံသို့ ခေါ်ဆိုခမူကား တစ်ကမ္ဘာလုံးခေါ်ဆိုခနှင့် ယှဉ်ပါမူ ဈေးအကြီးဆုံးဖြစ်သည်။ တစ်မိနစ် ရ ဒါဟန်း ကျသင့်လေသည်။ ကျန်သည့်နိုင်ငံများသို့မူကား တစ်မိနစ် တစ်ဒါဟန်းသာ ကျသင့်သည့်အတွက် ချင့်ချိန်ကြပါကုန်။ (စလုံးတွင်ကား ၂၅ ကျပ်ဖိုးဝယ်လျင် မြို့တွင်း ၁၀ဝ ဖိုး၊ နိုင်ငံတစ်ကာသို့ ၂၈ ကျပ်ဖိုး ခေါ်ဆိုနိုင်လေသည်။)

အင်တာနက် လိုင်းများ သုံးလိုသဖြင့် ဝယ်ယူရခြင်းကိုမူကား လွန်စွာ အမုန်းဆုံးဖြစ်တော့သည်။ အကြိမ်ကြိမ်အခါခါ သွားရောက်စုံစမ်းပြီးသည့်အခါ အတော်လေး နှံ့နှံ့စပ်စပ်လေးသိလာရပြီးသည့်နောက် ဝယ်လိုခြင်းမရှိတော့ပေ။ Broadband Mobile Internet ဝယ်ယူရန်အတွက်-
(၁) Passport မူရင်း
(၂) Credit Card မိတ္တူ
(၃) ၃လစာ Bank Statement
(၄) ကုမ္ပဏီမှ လစာထောက်ခံစာ
(၅) ၆ လစာချုပ်
(၆) ကနဦးပေးသွင်းငွေ ၅၀ဝ ( USB Modem + မှတ်ပုံတင်ကြေး )

စသည်ဖြင့် လွန်စွာ စိတ်ပျက်စရာကောင်းလှသည်။ ဆိုက်တော်တော်များများကိုလဲ ပိတ်ထားသေးသည်။ ကျော်ခွကြည့်လိုသူများအတွက် Hotspot Shield ဖြင့်သာ ကျော်ခွသွားရလေသည်။(စလုံးတွင်မတော့ ပိုက်ဆံ ၃၅ ကျပ်ဖြင့် ကြိုက်သည့်ဆိုင် ဝယ်သုံးဖြစ်တော့သည်။ ပိတ်ဆို့ထားသည်များလဲမရှိ၊ ထိုမျှ စိတ်ကျေနပ်စရာ ကောင်းလှပါ၏။)

နောက်တစ်ခုကား လမ်းပန်းဆက်သွယ်ရေး။ ဒီနေရာတွင် နှစ်ပိုင်းခွဲရပေမည်။ Public Transportation နှင့် ကိုယ်ပိုင်သုံးဟု ဖြစ်သည်။ အများပြည်သူ ပို့ဆောင်ရေးပိုင်းတွင်မူကား လွန်စွာမှပင် ဖရိုဖရဲ၊ စည်းကမ်းမကျနလှကြောင်း ဦးစွာ ပြောရပေမည်။ ကားတစ်စီးနှင့် တစ်စီးကြား လွန်စွာ အချိန်ကွာခြားလှသဖြင့် မှတ်တိုင်တွင် ကားစောင့်ဆိုင်းစီးနင်းသူမရှိသကဲ့သို့ လိုင်းကားအများစုမှာ ဂိတ်စမှ ဂိတ်ဆုံးသို့သာ ပြေးဆွဲကြပြီး လမ်းတွင် လူချ၊ လူတင်ခြင်းလဲ မလုပ်ကြသဖြင့်တစ်ကြောင်း၊ လိုင်းကားကွန်ယက်မှာ နယ်ပယ်တစ်ခုလုံး ခြုံငုံမိစေရန် ပြေးဆွဲခြင်း မရှိသောကြောင့်တစ်ကြောင်း၊ ထွက်ချင်တဲ့အချိန်ထွက်၊ ရောက်ချင်တဲ့အချိန်ရောက်ဟူသော ပေါ်လစီကြောင့်တစ်ကြောင်း တစ်ပြားကို နှစ်ပြားခွာသုံးတတ်သော အိနိ္ဒယလူမျိုးများသာစောင့်ဆိုင်း စီးနင်းကြတော့သည်။ လိုင်းကားမှတ်တိုင်များမှာမူ ဒူဘိုင်းတွင်သာ မှန်လုံခန်းများလုပ်ပေးထားပြီး ကျန်နေရာများတွင်မတော့ အမိုး၊ အကာမရှိ၊ ကားမှတ်တိုင်ဆိုသည်ကို မနည်းရှာယူရလေသည်။ ပြောရမည်ဆိုလျင်တော့ Public Trasportation ကောင်းစွာ မဖွံ့ဖြိုးသေးဟု ဆိုရမည်ပင်။ ထို့အတွက်ကြောင့် ကားများမှာ ယာဉ်ကြောကြပ်ခြင်းကို နေ့စဉ်ကြုံတွေ့နေရလေသည်။

တစ်နိုင်ငံလုံးတွင် ဒူဘိုင်းတစ်ခုတည်းသာ Metro ရထားစနစ်ရှိလေသည်။ ဘူတာရုံတိုင်းတွင်တော့ စစ်သားများစောင့်ကြပ်နေသည်ကိုတွေ့ရသည်။ တစ်ခါကများဆိုလျင် (တိတိကျကျဆိုရလျင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က) ရထားဖြင့်သွားလျင် ပိုမြန်မလားဟုဆိုကာ မြေပုံကိုကြည့်ပြီး သွားရမည့်နေရာကိုတွေ့သဖြင့် စီးသွားရာ ဘူတာ ၅ ခုခန့်ကျော်ပီးမှ ရထားရပ်လေသည်။ နောင်တွင်မှသိရသည်မှာ ဘူတာများမှာ မြေပုံတွင်သာရှိပြီး အပြင်တွင် အလုပ်မလုပ်ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်က အသည်းအသန် ဖွင့်ချင်လွန်းလှသဖြင့် ဘာမှ မပြီးစီးသေးပါပဲ အရမ်းကာရော ဖွင့်လိုက်ခြင်းဖြစ်သည်။ ရထားနောက်ဆုံးတွဲမှာ အမျိုးသမီးများအတွက် သီးသန့်သာဖြစ်သဖြင့် အကြောင်းမသိပဲ နောက်ဆုံးတွဲမှ စီးရန် မကြိုးစားသင့်။

ကိုယ်ပိုင်ယာဉ်စီးနင်းသူများမှာ အတော်လေးပင်များပြားလှသည်။ ၂၀၀၅ အောက် မော်ဒယ် ကားဟောင်းများကို မြန်မာကျပ်ငွေ ၁ဝ သိန်းခန့်မျှဖြင့် ဝယ်ယူစီးနင်းနိုင်သည်ဆိုလျင် ယုံကြပါ့မလားမသိ။ ယာဉ်မောင်းလိုင်စင်လုပ်ခမှာတော့ ၈ သိန်းခန့်ကုန်လေသည်။ ဆိုင်ကယ်လိုင်စင်သက်သက်အတွက်တော့ ၂ သိန်းခွဲမှ ၄ သိန်းခွဲသာကုန်သည်။ ပြောရမည်ဆိုလျင်တော့ ကားတစ်စီး ဝယ်ပျော်ပါသည်။ နေ့စဉ်နှင့်အမျှ အသစ်ထွက် မော်ဒယ်ကားများကိုလည်း စိတ်တိုင်းကျ ဝယ်နိုင်သေးသည်။ အများစုမှာ ကားအမြင့်ကြီးများကိုသာ ကြိုက်ကြသည်။ အပြိုင်အဆိုင် ဈေးကြီးသည့်ကားများကို ဝယ်လဲစီးကြသည်။ အနည်းငယ် မော်ဒယ်အောက်သည်ဟုထင်လာလျင် ရောင်းထုတ်လိုက်ကြမြဲဖြစ်သည်။ အိမ်တိုင်းနီးပါး ကားတစ်စီးတော့ ပိုင်ကြသည်ချည်းဖြစ်သည်။

တစ်ခုတော့ဆိုးသည်။ ကွန်ဒိုများဆောက်ကြသော်လည်း ကားပါကင်နေရာများ မပါရှိကြပေ။ အများစုမှာ လမ်းဘေးတွင် အရိပ်၊ အကာမရှိ ဒီတိုင်းထိုးရပ်ထားကြသည်ချည်းဖြစ်သည်။ ပျောက်ခြင်း၊ ပျက်ခြင်းလဲမရှိပေ။ ပြောရမည်ဆိုလျင်တော့ သူခိုး၊ သူဝှက် အတော်လေးကို နည်းပါးသောကြောင့်ဖြစ်သည်။ ဘာသာတရားကို ဥပဒေပြုထားသောကြောင့် ဖြတ်မည်၊ သတ်မည်ဆိုသော ဥပဒေကြောင့် ခိုးလို၊ ဝှက်လိုသူများ မရှိဟု ဆိုလို့ရသကဲ့သို့ ချမ်းသာသောကြောင့်ဟုလည်း ပြောရမည်ဖြစ်သည်။

နေထိုင်မှု အကျင့်စရိုက်

ဒီနေရာတွင် ကျွန်တော်သည်ကားကိုယ်ပိုင်အမြင်ဖြင့်သာ တင်ပြပါမည်။ ဦးစွာပထမ အမျိုးသားများ..။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ် ကျားသည်ကား ကျားသာဖြစ်၏။ ဖိုသဘာဝ မ ဆိုလျင် စွဲမက်တတ်ပြီးသားဖြစ်သည်။ သို့သော် ဘာသာတရားအရ သမီးရည်းစားပင် ဖြစ်လင့်ကစား နမ်းဖို့ပင် အတော်မလွယ်သောကြောင့် တစ်ခြား စိတ်ဖြေရာ ရှာကြရာ တစ်နုယ်ရပ်ခြားမှ အလုပ်လာလုပ်ကြသော နိုင်ငံခြားသူများနှင့် ပလဲပနံသင့်ခြင်းဖြစ်ကြလေသည်။ အများစုမှာ ဖိလစ်ပိုင်မများဖြစ်သည်။ အာရပ်အမျိုးသမီးများကို လက်ထပ်ခွင့်ရရေးအတွက် အာရပ်အမျိုးသားများမှာ ငွေကြေးများစွာ ရှာဖွေရန်လိုသော်လည်း ဖိလစ်ပိုင်မများနှင့်မူကား မဆိုစလောက်သော ငွေလေး ပေးကမ်းစွန့်ကျဲရုံဖြင့် ရရှိနိုင်သဖြင့်တစ်ကြောင်း၊ လက်ထပ်ရန်မလို၊ အတူကြိုက်သလောက်နေနိုင်သဖြင့်လည်းကောင်း၊ နေရာတစ်ကာတွင် ဖိလစ်ပိုင်မများနှင့် အာရပ်အမျိုးသားများကို တရုန်းရုန်းမြင်ရလေသည်။ ယခုနောက်ပိုင်းတွင်မတော့ ခေါင်းမြီးခြုံ ဖိလစ်ပိုင်မများကို အတော်လေး မြင်နေရပြီဖြစ်သည်။

ထိုကဲ့သို့ဆိုလျင် ကျွန်ုပ်တို့ မြန်မာအမျိုးသမီးများသည် ဂုဏ်ယူစရာကောင်းလိမ့်ဟု ထင်မှတ်ကြပေမည်။ မြန်မာမများသည်လည်း သွေးနှင့် သားနှင့်ပေမို့ ကိုယ့်လူမျိုးအချင်းချင်းကို စိတ်မဝင်စားတတ်ကြပေ။ သိကြသည့်အတိုင်း မြန်မာအမျိုးသားများမှာလည်း ငွေရှာရန်သက်သက်အတွက်သာ လာကြခြင်းဖြစ်သောကြောင့် ၎င်းတို့အား ပံ့ပိုးရန် မတတ်နို်င်ကြောင်းသိကြသည့်အတွက် ၅၀% ခန့်မျှသော မြန်မာအမျိုးသမီးများသည်လည်း Sponsor များနှင့် အသီးသီးရှိကြလေသည်။ များသောအားဖြင့် အလုပ်ပြီးလျင် အိမ်မပြန်ကြတော့ပေ။ အစကတော့ ရင်နာမိသည်။ နောင်တော့လည်း သူ့ကိုယ်ပိုင်ဥစ္စာနဲ့ သူပဲလေဟု နားလည်လိုက်ပါတော့၏။

ကလပ်များမှာတော့ ဒူဘိုင်းတွင်သာ အများစုရှိလေသည်။ ထိုကလပ်များတွင် လိုတာအကုန်ရနိုင်လေသည်။ လိုအပ်တာ အကုန်ဝယ်ယူလို့ ရနိုင်ပေသည်။ (ဒါက သူကြီးစပ်စုတာလေး) ဈေးပေါပေါ ဝယ်ယူလိုသူများအတွက်မူ ဒူဘိုင်း၊ ဒဲရာအရပ်တွင် ညဘက် မယောင်မလည်ဖြင့် လမ်းသလားနေလိုက်ပါက လမ်းဘေးတွင် ရပ်နေသော ဈေးခေါ်ကုလားလေးများမှ မယောင်မလည်ဖြင့် သင့်အားလိုက်လံခေါ်ဆောင်ပါလိမ့်မည်။ သူ့တွင်ရှိသည့် နိုင်ငံများကို ရေရွတ်ပြပြီး အချိတ်အဆက်လုပ်ထားသည့် ဟိုတယ်များသို့ ခေါ်ဆောင်သွားစေမည်ဖြစ်ပါသည်။ ဒီမျှနှင့်ပင် တော်လောက်ပီထင်၏။

အာရပ်အမျိုးသမီးများ၏ အလုပ်မှာကား မျိုးဆက်ပြန့်ပွားရေးတာဝန်သက်သက်မျှသာဖြစ်သည့်အတွက် ကလေးတစ်ပြုံတစ်မကြီးနှင့် ပုံပျက်ပန်းပျက်ကြီး အိမ်တွင်နေကြခြင်း၊ ဈေးဝယ်ထွက်ကြခြင်း၊ အလှပြင်ခြင်းတို့သာ လုပ်ကြသည်။ အလုပ်လုပ်ကိုင်ကြခြင်း အတော်လေးနည်းလေသည်။

+++++++++++++++++++++++++++++++++++++++++++++++++++

ဆက်ရဦးမည်ဆိုလျင် ယခုထက်မကသည့် ရေးစရာများ များပြားစွာ ရှိပါသေးသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မတော့ ရွာထဲမှ ပညာတတ်ကြီးများကဲ့သို့ အထောက်အထား၊ အချက်အလက် စုံစုံလင်လင်၊ ပုံများဝေဝေဆာဆာဖြင့် ရေးသားနိုင်အောင် ကြိုးစားပါမည်ဖြစ်ကြောင်းနှင့် ထပ်ဆင့်သိလိုသည်များကို ကွန်မန့်မှတစ်ဆင့်သာ ပြန်လည်ဖြေဆိုပါမည်ဖြစ်ကြောင်း….။

မြန်မာလူမျိုးများ မြန်မာနှစ်သစ်မှာ ကောင်းကြီးမင်္ဂလာတွေနဲ့ ပြီးပြည့်စုံနိုင်ပါစေကြောင်း…

ရှူံးနိမ့်မှုများနဲ့.. လူ
ခေတ္တလူ့ပြည်

12 comments

  • akswe

    April 11, 2012 at 7:48 am

    ကိုရှုံး ရေ..
    ခေတ်မီ ဟိုတယ်တွေ အကြောင်းမပါသေးဘူး Burj Al Arab, Emirate tower, Jumeirah Beach burj Dubai နဲ့ Palm Island ,
    Deira, Karama,Bur Bubai,Satwa နဲ့ Al Ain ရပ်ကွက်တွေ..မြန်မာတွေ များတဲ့ Al Quoz
    တူးမြောင်းအောက်ကဖောက်ထားတဲ့ ကားဥမင်လှိုင်ခေါင်း
    ရက်စ် အယ်ခိုင်မာ တောင်တွေ အကြောင်း
    Fujira တံငါရွာနဲ့ ကောဖကန် ပင်လယ် ကမ်းခြေ အကြောင်း
    ယောက်ျား တစ်ယောက် ကို မိန်းမလေးယောက် တရားဝင်ယူ ခွင့်ရှိပြီး အိမ်ဖော်တွေ ပါ ချမ်းသာမပေးဘဲ ဆွဲစိတာ တွေ..
    မှတ်မိသလောက် တွေးပြီး အစဖော်ပေးတာ နော်..ဆက်ရေးပါဦး..

    • ဟင့်အင်း အဘဆွေရေ.. ကျွန်တော်နဲ့ မနီးစပ်လို့ ရေးဖြစ်မယ်မထင်ဘူး.. အလုပ်နဲ့ အိမ်နဲ့၊ စာရေးချိန်နဲ့၊ အုပ်ထိန်းသူနဲ့ တွေ့ချိန်နဲ့၊ အိပ်ချိန်နဲ့ အချိန်ပိုကိုမရလို့ စပ်စုဖို့ အချိန်မပေးနိုင်သေးတဲ့အတွက် ရေးဖို့ရာ မလွယ်သေးပါကြောင်း…

  • ကိုရင်မောင်

    April 11, 2012 at 9:25 am

    အတွေ့အကြုံလေးတွေဆက်ရေးပါအုံး….
    အားတဲ့အချိန်ပေါ့..

  • ဆူး

    April 11, 2012 at 1:15 pm

    အားပေးနေတယ်နော်.. နေရာတိုင်းကို မရောက်နိုင်တဲ့ အခါ တထိုင်တည်းနဲ့ နေရာ အစုံ ရောက်အောင် ဒီလို မျှဝေ ပြောပြပေးတဲ့ လူတွေ ရှိမှ ဖြစ်မှာမို့.. စောင့်ဖတ်နေတယ်။

  • pooch

    April 11, 2012 at 2:45 pm

    ရှုံးလူရေ နှစ်သစ်မှာ ကိုယ်စိတ်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။

    နောက်အဘဆွေ ပြောထားတဲ့ အကြောင်းအချင်းအရာများကိုလည်း အချိန်ရရင် ရေးစေလိုပါတယ်။

  • kai

    April 11, 2012 at 4:52 pm

    ဆောင်းပါးနဲ့.. ဆက်စပ်ဓါတ်ပုံလေး.. ၂ပုံ ၃ပုံလောက်မရနိုင်ဘူးလား ကိုရင်ရေ…
    အဲဒါဆို.. သတင်းစာထဲ… ထည့်လိုက်ချင်ပါတယ်..။

    ဒေသန္တရ ဗဟုသုတဆောင်းပါးအနေနဲ့ပါ…။ :mrgreen:

    • သူကြီးရေ… အဲလိုဆိုတော့လည်း ကျွန်တော်လဲ ဆက်စပ်ဓါတ်ပုံလေးတွေကို စိတ်လိုလက်ရ ကိုယ်တိုင်စုဆောင်းရိုက်ကူးပြီး တင်ပေးပါ့မယ်။ ဘာပဲပြောပြော ခုတစ်ခါပဲ ခုလိုလေးရွေးချယ်ပေးမယ် အပြောခံရတဲ့အတွက် စိတ်လိုလက်ရ ကြိုးစားပေးရမှာပေါ့။

      သို့သော် ၃ ရက်ခန့်တော့စောင့်ပေးပါရန်၊ ခုရက်ပိုင်း သူတို့အလုပ်အားရက်ဖြစ်နေတော့ ဆိုင်မှာ လူအရမ်းကျနေတဲ့အတွက် အပြင်မထွက်ဖြစ်သောကြောင့် ဖြစ်ပါကြောင်း…။

      • kai

        April 12, 2012 at 5:32 pm

        ပုံမမှီတော့ပါဘူး..
        နောက်နေ့မနက်ဆို.. ပုံနှိပ်စက်တင်မှာ…

        ဆိုတော့.. အချိန်မှီလေး.. စာမူထဲသုံးဖို့.. ကလောင်နာမယ်လေးရွေးပါဦးနော..
        လောလောဆယ်.. ကိုစိုင်းလို့ပဲ.. ရွေးထားတယ်..
        ဒီအတွက် စာမူခ ၁ဝဒေါ်လာသတ်မှတ်ပါမယ်နော..
        ဘာလုပ်ပေးရမလည်းပြောပါခင်ဗျား…

        အဲ..
        ကိုရင် ယူအေအီးမှာ နေခဲ့တဲ့..နှစ်တွေစုစုပေါင်းလည်း ခန့်မှန်းရေးပေးပါဦး.. 😆

        • သူကြီးရေ.. ကလောင်ကတော့ သူကြီးပေးချင်တာသာပေးလိုက်ပါဗျို့.. ပုံပါ အချိန်မှီ မပေးလိုက်နိုင်တဲ့အတွက် စိတ်မကောင်းပါဘူး.. စာမူခကိုတော့ ဆိုက်အတွက် ရံပုံငွေအနေနဲ့ ထားစေလိုပါကြောင်းနဲ့ ခုလိုရွေးချယ်ပေးတယ်ဆိုတဲ့အတွက်လဲ ဝမ်းသာမိပါကြောင်း…

          နှစ်သစ်မှာ မင်္ဂလာအရှိဆုံးလက်ဆောင်လေးကို ရလိုက်လို့ သူကြီးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းလေးပါ တစ်ဆက်တည်း..

          🙂

Leave a Reply