Prime Minister to visit Burma သတင်းကို ဗြိတိန်သံအမတ်ကြီး ရေးတင်ထားတဲ့စာ

kaiApril 14, 20121min2409

ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်
ဝန်ကြီးချုပ် ဒေးဗစ်(ထ်) ခယ်မရော(န်) မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ
ဗြိတိန်နိုင်ငံ သံအမတ်ကြီး အယ်(န်)ဒီ ဟေး(န်)က ကြိုတင်ရေးသားခဲ့ပါသည်။ သင်္ကြန်ရေပွဲတော် အရှိန်အဟုန်အပြည့်
ဖြင့် ဆင်နွှဲနေခိုက်တွင် သူ၏ ဧည့်သည်တော်ကြီး ရေတွေ စိုစိုရွှဲမကုန်ပါစေကြောင်း သူက ဆုမွန်တောင်းနေပါလေ၏။
“မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ခဲ့ပြီးတဲ့နောက် ဧပြီလ ၁၃ ရက်နေ့မှာ ရောက်လာမယ့် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ
ဖြင့်ရင် ဗြိတိန်နိုင်ငံ အကြီးအကဲတစ်ဦး မြန်မာနိုင်ငံကို လာရောက်တဲ့ တကယ့် ပထမဦးဆုံး ခရီးစဉ်ဖြစ်နေတာ
တော်တော်ကြီး သေချာသွားပါတယ်။ “သမိုင်းဝင်”ဆိုတဲ့ စကားရပ်ကို တစ်ခါတလေကျတော့ သည်လိုပဲ လွယ်လွယ်
ကူကူ လျော့လျော့ရဲရဲ သုံးလေ့ရှိကြပေမယ့် သည်ခရီးစဉ်ဟာဖြင့်ရင်တော့ တကယ့် သမိုင်းဝင်ဖြစ်နေတယ်ဆိုတာ
အင်မတန်မှ ကျိန်းသေလှပါတယ်။
သမိုင်းဝင်သလို မယုံနိုင်စရာလည်း အတော့်ကို ကောင်းလှပါတယ်။ ၂၀ဝ၉ ခုနှစ် ဇူလိုင်လမှာ ကျွန်တော် သည်ကို
ရောက်လာတုန်းက အဲသလို ထိပ်တန်းခေါင်းဆောင်တစ်ယောက် လာရောက်မယ့် ခရီးစဉ်မျိုး ပေါ်ပေါက်လာမယ့်
အလားအလာဟာ ဘယ်လိုမှကို မဖြစ်နိုင်လွန်းလှသလို ယုတ္တိလည်း မတန်လွန်းလှတဲ့ အလားအလာမျိုးပါ။ သည်ကို
ရောက်ပြီးတဲ့နောက် ကျွန်တော် လုပ်ခဲ့ရတဲ့ အလုပ်တွေထဲက တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို
တရားရုံးက ကြားနာစစ်ဆေးနေတာကို သွားရောက် နားထောင်ခြင်းပါပဲ။ (သူ့ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားခဲ့ရာ)
နေအိမ် ပရိဝုဏ်ရဲ့ဘေးက ရေကန်ကျယ်ကြီးကို ဖြတ်ကူးပြီး မခေါ်မပင့်ဘဲ ရောက်ရှိလာခဲ့သူ အမေရိကန်နိုင်ငံသား
တစ်ယောက် သူ့အိမ်ကို ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး စွဲဆိုထားတာများအတွက် တရားရုံးကို သူရောက်နေခဲ့ရ
ချိန်ပါ။ သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ (နောက်ပိုင်းမှာတော့ နေအိမ်အကျယ်ချုပ်
သက်တမ်း ၁၈ လ ထပ်တိုးတဲ့နည်းနဲ့ သည်ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။) ကျွန်တော်နဲ့ တွေ့ဆုံခဲ့ကြသူများမှာ
ရင်ဆိုင်ကြရမယ့် ဒုက္ခပေးမှု၊ ဒါမှမဟုတ် သည့်ထက်ဆိုးဝါးတာတွေ မကြုံတွေ့ရလေအောင် ကျွန်တော့်ရဲ့ ချိန်းဆိုမှု
နေ့စဉ်မှတ်တမ်းကို သေသေချာချာ ဂရုတစိုက် ထိမ်းသိမ်းလျှို့ဝှက်ထားရှိခဲ့ရပါတယ်။ ၂၀ဝရ ခုနှစ်တုန်းက ဆန္ဒပြပွဲများ
ကို နှိပ်ကွပ်ခဲ့တာနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကလည်း လူတို့ရဲ့ စိတ်နှလုံးတွေထဲမှာ အဲဒီ့အချိန်က လတ်လတ်
ဆတ်ဆတ်ကြီး ရှိနေခဲ့ဆဲပါ။
မြန်မာနိုင်ငံက အပြောင်းအလဲများနဲ့ ပတ်သက်ပြီး ရေးသားထားတာတွေ အများကြီး ရှိနေနှင့်ပြီးဖြစ်တာမို့လို့
သည်နေရာမှာ အဲဒါတွေကို ကျွန်တော် ထပ်မပြောတော့ပါဘူး။ သို့ပေမယ့် သည်ခရီးစဉ်အကြိုနေ့မှာတော့ ပြီးခဲ့တဲ့
ဩဂုတ်လလောက်အထိက သည်နိုင်ငံမှာ တိုးတက်မှုအရိပ်လက္ခဏာက အနည်းအပါးသာ ရှိနေခဲ့ပုံရတယ်ဆိုတဲ့
အချက်ကို ပြန်ကောက်သင့်ပါတယ်။ အဲဒီ့နောက်မှာတော့ ဧပြီလ တစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲများဆီအထိ
ဦးတည်နေတဲ့ အပြောင်းအလဲတွေဟာ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ စတင်လာခဲ့ပါတော့တယ်။ နိုင်ငံတော်သမ္မတကြီးရော
ဒေါ်အောင်ဆန်းစုကြည်တို့ကပါ လုပ်စရာတွေ အများကြီး ရှိနေတဲ့အကြောင်းကို မဆိုင်းမတွ ထောက်ပြခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဟာလည်းပဲ ပြီးပြည့်စုံဖို့ အဝေးကြီး လိုနေပါသေးတယ်။ ဥပမာအားဖြင့်
တိုင်းရင်းသား လူမျိုးစုများနဲ့ ရင်ကြားစေ့ဖို့ လိုအပ်နေတဲ့အကြောင်းကို သမ္မတကြီးကိုယ်တိုင်က အလေးအနက်ထား
ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက်က ဖြေရှင်းရဦးမယ့် အရေးကိစ္စ အခက်အခဲတေ ွ အများအပြား ကျန်ရှိနေပါ
သေးတယ်။ ဒါပေမယ့် နိုင်ငံခြားရေး ဝန်ကြီးနဲ့ DFID ဝန်ကြီးတို့ရဲ့ ခရီးစဉ်များနောက်မှာ ဆက်လက် ပေါ်ပေါက်လာခဲ့
တဲ့ ဝန်ကြီးချုပ်ရဲ့ သည် ခရီးစဉ်ဟာ သည်လုပ်ငန်းစဉ်ရဲ့ ဒုတိယအဆင့်ကို စတင်လုပ်ဆောင်နေကြတဲ့ သမ္မတကြီးနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ကို ထောက်ခံ အားပေးလိုတဲ့ ဗြိတိသျှ အစိုးရရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း
ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။
နေ့စဉ်ဘဝ အခြေအနေများနဲ့ ပြောရမယ်ဆိုရင် နိုင်ငံရေးအရ နေရာလပ် ဖွင့်ပေးခဲ့မှုကြောင့် မြင်သာထင်သာရှိလှတဲ့
အပြောင်းအလ ဲ တချို့ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂ဝ % လောက်သာ တည်းခိုနေထိုင်ခဲ့ကြတဲ့ ဟိုတယ်တွေမှာ
အခုဆိုရင် အနောက်တိုင်းနဲ့ တခြား အာရှတိုက်ရဲ့ အစိတ်အပိုင်းများဆီက ခရီးသွားဧည့်သည်များနဲ့ ပြည့်လျှံလို့
နေပါတယ်။ ရှေ့မျက်နှာဖုံးမှာ “အမျိုးကောင်းသမီးကြီး (လေဒီ့)”ပုံ မပါရင် သတင်းစာတွေလည်း အဝယ်မလိုက်တော့
မယ့် သဘောမျိုး ဖြစ်နေပါတယ်။ ဒေါ်စုရဲ့ ရုပ်ပုံပါ ပို့(စ်)ကတ်တွေ၊ တီရှပ်တွေနဲ့ တခြားပစ္စည်းအမျိုးမျိုးကိုလည်း
လမ်းဘေးဈေးသည်တွေဆီမှာ အလွယ်တကူ ဝယ်ယူနိုင်နေကြပါပြီ။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကဆိုရင်တော့
အဲသလိုမျိုး ပစ္စည်းတွေ ရောင်းတာနဲ့တင် သည်ဈေးသည်များခမျာ အဖမ်းခံခဲ့ကြရမှာပါ။ အဲတော့ကာ သည်အချိန်
သည်ကို ရောက်နေရတာဟာ အင်မတန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
သည့်ထက် ပိုထူးလာတာကတော့ တစ်နိုင်ငံလုံးမှာ ရှိရှိ လေသမျှ လူတွေအားလုံး တစ်စုတစ်ဝေးတည်းနဲ့
တစ်ယောက်ကိုတစ်ယောက် ရေမစိုစိုအောင်၊ မရွှဲရွှဲအောင် အတာရေစင် ပက်ဖျန်းကြရင်း (ကျွန်တော့်မျက်လုံးထဲမှာ
တော့) အရူးအမူး မြူးတူး ပျော်ရွှင် ဆင်နွှဲကြလေတဲ့ တစ်ပတ်ကြာ မြန်မာ့ရိုးရာ အတာသင်္ကြန်ရဲ့ အကျနေ့မှာ
ဝန်ကြီးချုပ်က ရောက်ရှိလာတာပါပဲ။ မနှစ်က မနက် ၆ နာရီခွဲ အချိန်ကြီးမှာ ဈေးထဲကို ရောက်သွားတော့ ရေ
ကျိကျိချွဲချွဲ၊ နံနံစော်စော်၊ အေးအေးစိမ့်စိမ့်နဲ့ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲနစ်သွားခဲ့ပါတယ်။ ဘယ်သူက ကျွန်တော့်ကို
ပက်လို်က်တယ် ဆိုတာ မမြင်လိုက်ရပါဘူး။ ဝန်ကြီးချုပ်ကိုလည်း အလားတူ ရေမျိုးနဲ့ ပက်ထည့်လိုက်ကြလို့
ကျွန်တော့်မှာ အလုပ်သစ် ပြောင်းရှာနေရတဲ့ ဘဝမျိုးနဲ့တော့ မြန်မာနိုင်ငံရဲ့ သည်အဆင့်သစ်၊ ခြေလှမ်းသစ်က မစတင်
ပါစေနဲ့လို့သာ ဆုတောင်းနေရပါတော့တယ်ခင်ဗျား။”

မှတ်ချက်။ ။ အောက်ပါလင့်က ကူးယူပါသည်။
http://ukinburma.fco.gov.uk/en/news/?view=News&id=752345982

9 comments

  • kai

    April 14, 2012 at 5:22 am

    အရေးအသားလေ ကြိုက်တယ်ဗျာ..
    နောက်ဆို.. သတင်းစာထဲစာရေးပေးဖို့ သံအမတ်ကြီးဆီ.. တောင်းမှနဲ့တူတယ်..။

    လောလောဆယ်တော့..
    သံအတ်ကြီးကို.. တယောက်ယောက်.. ခွက်စောင်းခုတ်ပေးလိုက်ဖို့ကောင်းတယ်..
    ဒီနှစ်အတွက်.. ရေလက်ဆောင်ပေါ့… 🙂

  • htoosan

    April 14, 2012 at 6:46 am

    ဗိုက်ကလေးက အိုးမဲ သုတ်လွှတ်ပေးမယ်တဲ့ .. 😀

  • တာတီး

    April 14, 2012 at 8:40 am

    အန် .. အိုးမဲတော့မလုပ်ပါနဲ့ဗျာ
    လန့် လန် လန်း ပြီး နောက်ထပ် မလာတော့ဘူး ဖြစ်နေပါ့မယ် ။

  • mg mg

    April 14, 2012 at 10:51 am

    ရှူးရှဲ မုန့်လုံးရေပေါ်နဲ့ပါ ဧည့်ခံပေးလိုက်မှ ပိုပြီးပြည့်စုံသွားမှာ။

  • ကြောင်ကြီး

    April 14, 2012 at 10:57 am

    သံအမတ်ကြီး
    အကြံထွက်ဖြီး
    ဖန်ဇာတ်ရွှီး
    နှံအပြတ်တီး
    ကံစပ်သတည်း။

  • Than Htay

    April 14, 2012 at 3:34 pm

    တိုက်တိုက်ဆိုင်ဆိုင်ဗျာ…
    မန်းဂေဇတ်က ဗြိတိန်နိုင်ငံ သံအမတ်ကြီး အယ်(န်)ဒီ ဟေး(န်)ရေးတဲ့စာ မဖတ်ရသေးခင်လေးမှာဘဲ.. ဒီလှိုင်းစာစောင်က NLD အနိုင်ရတဲ့သတင်းတွေ. .ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုရေးသားချက်တွေကို ဖတ်ဖြစ်လိုက်ရပါတယ်..
    သံအမတ်ကြီးက ကြီးကျယ်ခန်းနားတဲ့ သမိုင်းဝင် သူ့ဧည့်သည်တော်ကြီးရဲ့ ခရီးစဉ်မှာ ရေတွေ စိုစိုမရွဲပါစေကြောင်း ဆုမွန်တောင်းနေတဲ့အချိန်မှာ..ကျွန်တော်တို့အမေစုက NLD ကိုမဲပေးလိုက်လို့ မီးကြိုးတွေဖြတ်၊ ရေခေါင်းတွေဖြုတ်. .မိုးကျခါနီးမှာ အိမ်မိုးဖို့၊ စိုက်ပျိုးဖို့ ချေးငွေတွေ မပေးတော့တဲ့. .ဒဏ်ခတ်ခံ ကျေးလက်ပြည်သူတွေရဲ့ ဒုက္ခတွေအတွတ် စီစဉ်နေလေရဲ့..
    အမေစုအပေါ်မှာမတရားဖိနိပ်ချုပ်နှောင်တားစီးခဲ့တာတွေ..၂၀ဝရ ခုနှစ်တုန်းက ဆန္ဒပြပွဲများကို နှိပ်ကွပ်ခဲ့တာနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကလည်း သံအမတ်ကြီးရဲ့ စိတ်နှလုံးမှာ လတ်လတ်ဆတ်ဆတ်ကြီး ရှိနေပေမဲ့..အမေစုကတော့သမိုင်းမှာသေသေချာချာသိမ်ထားခဲ့ပြီးပြီလေ….
    ဂျာနယ်တွေရောင်းကောင်းတာ၊ ဟိုတယ်ကြီးတွေတည်းခိုသူပြည့်တာထက်.. ပြည်သူတွေရဲ့ဆန္ဒပြည့်ဝဖို့ကို အမေစုပိုလိုလားနေပါတယ်..
    စီးပွာရေးပိတ်ဆို့မှုတွေရုပ်သိမ်ပေးဖို့ဆိုတာထက်..တိုင်းရင်းသားလူနည်းစုတွေကို.မတရားလက်နက်ကြီးတွေနဲ့..တိုက်စစ်ဆင်၊ အနိုင်ကျင့်၊ သတ်ဖြတ်နေတဲ့စစ်တပ်ကို..ပြန်ရုပ်သိမ်းဖို့..အမေစုပိုပြီးလိုလားနေပါတယ်..
    ဘာရေနဲ့ ဘယ်နှစ်ကြိ်မ်ဆေးဆေး မပြောင်တော့တဲ့..နေပြည်တော်မဏ္ဍာပ်ကြီးတွေပေါ်က အရာရှိကြီးတွေရဲ့အကျင့်ယုတ်၊အကျင့်ဆိုးတွေ..မြို့ပြလူငယ်အများစုရဲ့ အရှက်မဲ့၊သရုပ်ပျက်ပျော်မြူးတဲ့. .အတာသင်္ကြန်ရေထက်..ဧရာဝတီမြစ်ကြီးအတွင်းက စီးဆင်းနေတဲ့ရေတွေ .မရပ်တန့်ရေးကို. .အမေစုပိုပြီးအာရုံထားနေပါတယ်..
    ဧည့်သည်ဝန်ကြီးချုပ်ကို ကျိကျိချွဲချွဲ၊ နံနံစော်စော်၊ အေးအေးစိမ့်စိမ့်ရေမျိုးနဲ့ ပက်ထည့်လိုက်ကြလို့
    သံအမတ်ကြီးမှာ အလုပ်သစ် ပြောင်းရှာနေရတဲ့ ဘဝမျိုးနဲ့တော့ မြန်မာနိုင်ငံရဲ့ သည်အဆင့်သစ်၊ ခြေလှမ်းသစ်က မစတင်ပါစေနဲ့လို့သာ ဆုတောင်းနေရတဲ့အချိန်မှာ…အမေစုနှင့်တကွ.. NLD ကိုယ်စားလှယ်တွေဟာ.. ကိုယ်ကျိုးစွန့်အနစ်နာခံမှုမှာ အမြင့်ဆုံးအဆင့်၊ ယုံကြည်ချက်ပြည့်ဝ.. အားအင်ရှိလှတဲ့ ခြေလှမ်းသစ်မျာနဲ့.. မကြာမှီကျင်းပမည့် လွှတ်တော်ထဲဝင်ပြီး.. ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကာ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ဘေးဘယာအပေါင်းမှဝေးကွာပြီး ကောင်းကျိုးလိုရာဆန္ဒနဲ့ အမြန်ဆုံးပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းနေကြောင်းကို… သံအမတ်ကြီးအတွတ် သတင်းပြန်လည်ရေးသားလိုက်ရပါတယ်ခင်ဗျား………

  • Thanks Ko Than Htay,

    ဧည့်သည်ဝန်ကြီးချုပ်ကို ကျိကျိချွဲချွဲ၊ နံနံစော်စော်၊ အေးအေးစိမ့်စိမ့်ရေမျိုးနဲ့ ပက်ထည့်လိုက်ကြလို့
    သံအမတ်ကြီးမှာ အလုပ်သစ် ပြောင်းရှာနေရတဲ့ ဘဝမျိုးနဲ့တော့ မြန်မာနိုင်ငံရဲ့ သည်အဆင့်သစ်၊
    ခြေလှမ်းသစ်က မစတင်ပါစေနဲ့လို့သာ ဆုတောင်းနေရတဲ့အချိန်မှာ…အမေစုနှင့်တကွ.. NLD
    ကိုယ်စားလှယ်တွေဟာ.. ကိုယ်ကျိုးစွန့်အနစ်နာခံမှုမှာ အမြင့်ဆုံးအဆင့်၊ ယုံကြည်ချက်ပြည့်ဝ..
    အားအင်ရှိလှတဲ့ ခြေလှမ်းသစ်မျာနဲ့.. မကြာမှီကျင်းပမည့် လွှတ်တော်ထဲဝင်ပြီး.. ပြည်သူ့အကျိုးကို
    စွမ်းစွမ်းတမံ ဆောင်ရွက်ကာ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ
    စွာဖြင့် ဘေးဘယာအပေါင်းမှဝေးကွာပြီး ကောင်းကျိုးလိုရာဆန္ဒနဲ့ အမြန်ဆုံးပြည့်စုံနိုင်ကြပါစေလို့ဆု
    တောင်းနေကြောင်းကို… သံအမတ်ကြီးအတွတ် သတင်းပြန်လည်ရေးသားလိုက်ရပါတယ်ခင်ဗျား………

  • အရှုံးတွေနဲ့ ကျွန်တော်

    April 14, 2012 at 10:46 pm

    မြန်မာပြည်ရဲ့ တိုးတက်လာတော့မယ့် အရိပ်အရောင်တွေလို့ ထင်မိပါတယ် အမှန်တကယ်ပဲ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ပါစေ

Leave a Reply