အလွဲတွေနဲ့ သင်္ကြန်ပွဲ – Ven Ravika
အတာသင်္ကြန်ဆိုတာ မွန်နဲ့သက္ကတကို ယူထားတယ်။ အတာဆိုတာ နှစ်တနှစ်ကုန်သွားလို့ နှစ်သစ်စခြင်းကို ဖော်ညွှန်းတယ်။ သင်္ကြန်လည်း ထိုနည်းကောင်းပါပဲ။ လတန်ခူးမှာ နှစ်သစ်ကူးလို့ပေါ့။ အတာသင်္ကြန်ဓလေ့ဟာ အစမှာ ဗုဒ္ဓဘာသာဓလေ့ ဖြစ်ဟန်မတူပါ။ ဟိန္ဒူဓလေ့ ဖြစ်ဖို့များပါတယ်။ နောက်ပိုင်းကျမှ ဗုဒ္ဓဘာသာနဲ့အညီ ပြောင်းလဲကျင့်သုံးခဲ့ခြင်းပါ။
နောက်တစ်ခု သင်္ကြန်ရောက်ယင် အပျော်ကြူးကြမယ်လို့ အားခဲကြတယ်။ သင်္ကြန်ဆိုတာ ကဲဖို့ မဟုတ်ပါ။ သင်္ကြန်ရဲ့အစမှာ ပန်းခက်ကလေးနဲ့ ရေစွတ်ရုံမျှပါပဲ။ သနပ်ခါးရည်နဲ့ မျက်နှာကို လေးလေးစားစားနဲ့ ကဗျာဆန်ဆန် ခြယ်ပေးရုံမျှပါပဲ။ အခုအချိန်မှာ ခေတ်အလီလီပြောင်းလို့ လူတွေက ပြောင်းသွားကြတယ်။ သင်္ကြန်ကိုလည်း မိမိတို့နဲ့အဆင်ပြေအောင် ပြောင်းပစ်လိုက်ကြတယ်။
ပန်းစည်းကလေးနဲ့ သနပ်ခါးရည်ကလေးနဲ့ စွက်ရာကနေ ခွက်ကလေးနဲ့ ပက်ကြတယ်။ ခွက်ကလေးနဲ့ ပက်ရာကနေ ပိုက်ကလေးနဲ့ ဖျန်းကြတယ်။ နောက် ဘာနဲ့ပက်ကြဦးမလဲမသိ။ သင်္ကြန်မှာ ရာဂအခိုးတွေ မိုးအထိ ရောက်လို့ မီးသတ်ကားနဲ့များ ပက်ဖို့ လိုနေပြီလား။
ရန်ကုန်သင်္ကြန်၊ မန္တလေးသင်္ကြန်တွေ ပျော်စရာကောင်းကြတယ်။ မော်လမြိုင်သင်္ကြန်လည်း သူ့နည်းသူ့ဟန်နဲ့ ပျော်စရာကောင်းတာပါပဲ။ ရန်ကုန်နဲ့မန္တလေး႟ထက် အန္တရာယ်ပိုများတဲ့ သင်္ကြန်ပါ။ ကျိုက်ခမီဘုရားမှ ကျိုက်မရောဘုရား မိုင်ပေါင်း (၇၀)ဝန်းကျင်မှာ ကားတွေက ခေါက်တုန့်ခေါက်ပြန် လမ်းသလားကြတယ်။
မှတ်မှတ်ရရ ၁၉၉၈-ခုမှာ စာရေးသူက နပသကနေ ဘီအေဘွဲ့ကို အောင်တဲ့နှစ်။ သာသနတက္ကသီလဓမ္မာစရိယနဲ့ အစိုးရဓမ္မာစရိယကို တစ်နှစ်ထဲ အောင်လို့ ဖားအောက်တောရကို ရောက်ခဲ့တယ်။ အခု အများသိဖားအောက်ရိပ်သာကို မဟုတ်။ ခေမိကသိပ္ပံကျောင်းကိုပါ။ လက်ရှိဆရာတော်က ဘာဝနာပွားမှုအလုပ်များကို အရင်ဆရာတွေလောက် မလုပ်ပေမယ့် ကျောင်းဝင်းက ကျယ်တယ်၊ အရိပ်ရတယ်၊ ဆိပ်ငြိမ်ရာ ဖြစ်တယ်၊ ရိပ်သာစည်းကမ်းလည်း မရှိလို့ အေးအေးလူလူ မိမိသဘောကျရာ ကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်မယ်လို့ မျှော်လင့်လို့ အဲဒီကျောင်းမှာ သကြန်းကာလ ကုန်စေခဲ့တယ်။
နှစ်ဆန်း(၁)ရက်နေ့မှာ ရွာမှာ ဦးဆောင်လုပ်စရာကိစ္စတွေ ရှိလို့ ညနေပိုင်းမှာ ကျောင်းကနေ ထွက်လာခဲ့တယ်။ စာရေးသူက ရွာမှာ သက်ကြီးပူဇော်ပွဲရှိလို့၊ ဘုရားကို ရေသပ္ပါယ်ခြင်း၊ သံဃာတော်များကို ရေဝတ်ဖြည့်ပေးခြင်း အစရှိတဲ့ ယဉ်ကျေးလိမ္မာ ရိုးရာဓလေ့ထုံးစံအတွက် ရွာပြန်ရခြင်းဖြစ်တယ်။ သင်္ကြန်ပြီးပြီလို့ အောက်မေ့တယ်။ ဘယ်ဟုတ်မလဲ။ အိုးမဲသင်္ကြန်နဲ့ သွားတိုးရတယ်။ ကောင်လေးတွေ ကောင်မလေးတွေ သက်ကြီးရွယ်အိုအချို့တောင် ပါသေးတယ်။
ကောင်မလေးတွေရဲ့ လက်ထဲမှာလည်း ဘီယာဗူးတွေနဲ့။ အဲဒီတုန်းက ရန်ကုန်သူရန်ကုန်သားတွေ ရွှေမန်းသူရွှေမန်းသားတွေ ဘီယာစုပ်ဖို့ သိကြဦးမယ်မထင်ပါ။ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က ထိုင်းနဲ့ နီးနေလို့ ထိုင်းက အကျင့်တွေ ကူးလာလို့ ထင်ပါတယ်။
မုဒုံရောက်ခါနီး ကော့ခပုံဝမှာ စာရေးသူတို့ စီးလာတဲ့ကားကို အရှိန်နဲ့ ကျော်သွားတဲ့ ကားတစ်စီးကို တွေ့ရတယ်။ ကားမောင်းတဲ့လူလည်း တစ်မတ်သားလောက် သောက်ခဲ့တယ်နဲ့ တူတယ်။ ကားက သိပ်လမ်းကြောင်းမတည့်ချင်ဘူး။ အမိုးပွင့်ကား။ လူ(၁၂)လောက် ဆံ့တဲ့ကားမှာ အယောက်(၂၀)ထက်မနည်း စီးလာကြတယ်။
မိန်ကလေးယောကျာင်္း အကုန်ရောနေတယ်။ ထမိန်ရင်လျှားနဲ့ မဟုတ်ဘူးဆိုတာကိုတော့ ပြောစရာမလိုတော့ဘူး။ သူတို့ ဘယ်တုန်းကမှ မဝတ်ဖူးတဲ့ ဂျင်းဘောင်ဘီတွေနဲ့။ အဖော်ကို ဦးပေးစားတဲ့ ဘာမှန်းမသိတဲ့ အကႚျတွေနဲ့ ။ မျက်နှာကိုလည်း အိုးမဲသုတ်ထားလိုက်သေးတယ်။
သူတို့ကပုံကလည်း မမြင်ဖူးတဲ့ အကတွေ ဖြစ်နေတယ်။ တစ်ပတ်လုံးလုံး တောရဆောက်တည်လာမိတာ စာရေးသူကတော့ ကုန်ပါပြီ။ သူတို့ဘဝကတော့ ပျက်မပျက်တော့ မသိ။ သူတို့ ငှားလာတဲ့ တိုယိုတာကားကတော့ ပျက်ဖို့ သေချာသလောက်ပါပဲ။
ကိုင်း ပြောလက်စနဲ့ ဘယ်ရောက်ကုန်ပြီလဲမသိ။ စာရေးသူတို့ကားရှေ့က သွားနေတဲ့ အဲဒီကားပေါ်မှာ ခြေနင်းခုံကနေ ခြေထောက်ကလေးချပြီး ထိုင်လျက်နဲ့ ကသွားတဲ့ မိန်ကလေး သုံးလေးယောက်လောက်ပါတယ်။ သူတို့က ကားရှေ့ခန်းမှာ ဘုန်းကြီးပါလာတယ်လို့ ဘယ်မြင်မလဲ။ peace တွေ လုပ်ပြလိုက်၊ ဘာမှန်းမသိတဲ့ သင်္ကေတတွေ ပြလိုက်နဲ့။ တစ်ယောက်က ဘီယာဗူးကို ကိုင်မြှောက်ပြီး ယူမလားတဲ့။ တစ်ယောက်က ဘီယာဗူးမဟုတ်ဘဲ ဘေးက ကောင်မလေးတစ်ယောက်ကို လက်ညှိုးထိုးပြီး ယူမလားပေါ့။
ကားပေါ်က ကောင်လေးတွေကလည်း အကိုင်အတွယ်တွေက ကြမ်းသလား မပြောနဲ့။ စာရေးသူကလည်း မြင်ဖူးတာ ဒီတစ်ခါပဲဆိုတော့ မျက်နှာကို ဘယ်လိုထားရမှန်းမသိ။ နောက်လှည့်ထားဖို့ကလည်း မဖြစ်နိုင်။ ဒီနေ့ အပြင်ထွက်လာမိတာ မှားပြီလို့ပဲ သဘောထားလိုက်တယ်။
ရှေ့က မောင်းတဲ့ကားက မြန်မြန်ကလေး မောင်းလိုက်၊ လိပ်လို မောင်းလိုက်နဲ့ဆိုတော့ ဒို့ကားဒရိုင်ဘာလည်း မနည်းသတိထားမောင်းရတယ်။ ဟိုကားက လူတွေ ပြုတ်ကျယင် အလွဲတကူး ရှောင်နိုင်ဖို့၊ ဟိုကားက ချက်ချင်း ဘရိတ်အုပ်ယင် အချိန်မီ အုပ်နိုင်ဖို့ ခပ်ခွာခွာ မောင်းသင့်တယ်လို့ စာရေးသူတောင် ပြောမိတယ်။
ဒီအချိန်မှာ ရှေ့ကားက ကောင်မလေးတစ်ယောက်က စာရေးသူက ဘုန်းကြီးမှန်း မြင်သွားတယ်။
“ဟေ့ ဘုန်းဘုန်း၊ ဒီကားကို ကူးမလား။ လာလေ ဒီမှာ ….”
ဒါ ခန့်မှန်းပြီး ကြားလိုက်တဲ့စကား။ ဆောင်ပေါက်တွေကို ကျယ်ကျယ်ဖွင့်ထားတာကိုး။ ကောင်းကောင်းမကြားရဘူး။ ဘေးနားက ကောင်လေးက စာရေးသူကို မှတ်မိသွားတယ်။
“ဟေ့ အဲဒါ ဒို့ရွာက ဘုန်းကြီးပါဟ”
ဒီလူ့အသံကိုတော့ ကောင်းကောင်းကြားလိုက်တယ်။ သူက အလန့်တကြားနဲ့ အော်လိုက်တာကိုး။ သူတို့က ဒို့ရွာက ဘုန်းကြီး ပြောလို့ သူတို့ကို မှတ်မိအောင် မနည်းကြည့်ရတယ်။ မလွယ်ပါ။ သူတို့မျက်နှာက အိုးမဲသုတ်ထားတာကိုး။
ရွာမှာ ဇီဝိတဒါနပွဲလေး ရှိတယ်၊ သက်ကြီးပူဇော်ပွဲလေး ရှိတယ်။ ကျောင်းမှာ ဘုရားကို ရေသပ္ပါယ်ဖို့ ရှိတယ်။ သံဃာတော်များကို ရေချိုးပေးဖို့ ရှိတယ်။ တစ်နှစ်လုံးလုံး ဆည်းပူးလာတဲ့ ကုသိုလ်ကောင်းမှုတွေကို အတူတူ ရေစက်ချအမျှဝေဖို့ ရှိတယ်။ ဒီကရွာသူရွာသားတွေက တန်ဖိုးထားရကောင်းမှန်း မသိတော့ပြီတကား။
သင်္ကြန်ကို အနှစ်သာရရှိရှိ မကျင်းပနိုင်တော့တာ ကြာပါပြီ။ ထိုင်းမှာလည်း သင်္ကြန်တွင်း သေတာပဲ။ မြန်မာမှာလည်း အတူတူပါပဲ။ သင်္ကြန်တွင်း အသေအပျောက် ရှိတာပါပဲ။ သင်္ကြန်ဆိုတာ သေလောက်တဲ့အထိ ပျော်ရသလား။ အဲဒီလိုပျော်တဲ့အခါ သင်္ကြန်အတွက် ဘာအကျိုးရှိမလဲ။ မိမိအတွက်လည်း ဘာအကျိုးရှိမလဲ။ ပျော်တာတစ်ခုပဲ ရှိမယ်။
အိမ်မှာ ကျန်ခဲ့တဲ့ မိဘတွေက သင်္ကြန်ရေထွက်ကစားမယ့် မိမိတို့သားသမီးများကို ကချင်ရှေ့တန်းထွက်စစ်သားစစ်သမများကို မျှော်ရသလို သားသမီးများရဲ့ ပြန်အလာကို အိမ်မှာ ရင်တမမနဲ့ စောင့်မျှော်နေရတယ်။
၂၀၀၃-လောက်မှာ ထင်တယ်။ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဌာနက ဦးစီးဖွင့်လှစ်တဲ့ နွေရာသီ ဗုဒ္ဓအဘိဓမ္မာသင်တန်း (မြန်မာအင်္ဂလိပ်)မှာ လာရောက်သင်တန်းတက်တဲ့ တပည့်မလေးတစ်ယောက်ရဲ့ ပြောပြချက်ကလည်း စိတ်ဝင်စားစရာကောင်းလို့ ပြောပြပါရစေ။
အဆိုပါမိန်းကလေးက ဗုဒ္ဓဘာသာကို အင်မတန် ကိုင်းရှိုင်းပါတယ်။ ယဉ်ကျေးလိမ္မာတဲ့ မြန်မာ့မိန်ကလေးတစ်ဦးပါ။ သင်တန်းတက်သူအတော်များများဟာ အဘိဓမ္မာကို နားလည်ဖို့ထက် အင်္ဂလိပ်စာကို ရချင်လို့၊ နောက်ပြီး မိဘတွေက အတင်းလွှတ်လိုက်လို့၊ ဝန်ကြီးဌာနက ဖွင့်လို့ အစိုးရသင်တန်းလို ဖြစ်နေလို့ အခြားဝန်ကြီးများကလည်း သူတို့သားသမီးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တက်ခိုင်းလို့ အစုံပါပဲ။
ဒါပေမယ့် ဒီမိန်းကလေးလို အချို့သင်တန်းသားများက ဂုဏ်အတွက် တက်တာမဟုတ်ဘဲ ဗုဒ္ဓအဘိဓမ္မာကို တကယ်တတ်သိနားလည်ချင်လို့ တက်ရောက်တာ ဖြစ်တယ်။ ဒီမိန်းကလေးက အဲဒီနှစ်သင်္ကြန်မှာ အပျော်မကြူးဘဲ တရားထူးရအောင် တိုက်တိုက်ဆိုင်ဆိုင် ဖားအောက်မှာ တရားအားထုတ်ခဲ့သတဲ့။
ဖားအောက်ကို သွားဖို့ သူငယ်ချင်းကို အဖော်ညှိုသေးတယ်။ သူငယ်ချင်းဖြစ်သူက သင်္ကြန်မှာ ပျော်ချင်တယ်၊ ရိပ်သာ မသွားချင်ဘူးဆိုလို့ တစ်ယောက်ထဲ မော်လမြိုင်ကို ထွက်သွားတယ်။ တရားကို အားထုတ်ရင်းနဲ့ သဘောတွေ့လာတယ်။ အဲဒီမှာ တလနီးပါး တရားအားထုတ်ဖြစ်တယ်ဆိုပဲ။
ရိပ်သာက ထွက်ပြီး ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းကို ရှာတော့ မရှိတော့ပြီ။ သင်္ကြန်တုန်းက ကားအက်ဆီဒင့် ဖြစ်လို့ ပါသွားပြီ။
စာရေးသူက သူတို့နှစ်ဦးရဲ့ ရွေးချယ်မှုကို ဝေဖန်စရာမရှိပေမယ့် ရိပ်သာသွားသူက ရွေးချယ်မှုမှန်တယ်လို့ပဲ ပြောချင်တယ်။ ဟို ၁၉၉၈ ခုနှစ်တုန်းက ကားပေါ်ကသွားတဲ့ ရွာသူရွာသားတွေကိုလည်း မျက်စိထဲ မြင်ယောင်သေးတယ်။ အန္တရာယ်များတာက ပြောစရာတောင် မလိုပါ။ အရက်သောက် မူးရူးပြီး စက်စဲကမ်းခြေမှာ ရေဆင်းကစားယင်လည်း အန္တရာယ်က အင်မတန်များပါတယ်။ မတော်တဆ ကားပေါ်က ပြုတ်ကျယင်လည်း ကိစ္စက ချောသွားနိုင်တယ်
အရေးကြီးဆုံးအချက်မှာ သင်္ကြန်(၃)ရက်အတွင်းမှာ ဗြဟ္မစရိယအကျင့်ကို ကျင့်သင့်တယ်။ မေထုန်အမှုကို ရှောင်ကြဉ်ခြင်း၊ ဥပုသ်ရှည်ကို စောင့်ခြင်း၊ ကုသိုလ်ကောင်းမှုကို ပြုခြင်းနဲ့ နှစ်ဟောင်းကို အဓိပ္ပါယ်ရှိရှိ ကျော်လွန်စေသင့်ပါတယ်။ နှစ်သစ်အတွက် အားမွေးသင့်လှပါတယ်။
ရိုးရာဓလေ့ထုံးစံအရ သင်္ကြန်တွင်းမှာ မဖွယ်မရာများကို မပြုသင့်။ လူမြင်ကွင်းမှာ မဆိုဘိ၊ ကွယ်ရာမှာတောင် စောင့်စည်းသင့်တယ်။ ပါတီပွဲတက်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ မဖွယ်မရာပြုခြင်းမှာ လုံးဝလျှော်ကန်သင့်မြတ်မှု မရှိ။ သင်္ကြန်တွင်းမှာ အဃာတတရား ထားပြီး ရန်ရှာခြင်း၊ အခွင့်အလမ်းများ ပိတ်ပင်ခြင်း၊ စီးပွားရေးအရ အမြတ်ထုတ်ခြင်းများကို ရှောင်ရှားသင့်ပါတယ်။
သင်္ကြန်(၃)ရက်မှာ အတာရေကို ပက်ဖျန်းခြင်းဖြင့် နှစ်ဟောင်းက အပြစ်များ ပပျောက်ကင်းလို့ နှစ်သစ်ကို အဖြူရောင်သန့်စင်ခြင်းဖြင့် သွားဖို့ ဖြစ်တယ်။ အပြစ်အနာဆာကင်းတဲ့ရက်များ၊ အာဃာတရား ကင်းမဲ့တဲ့ရက်များ၊ ဗြဟ္မစိုရ်တရား ထွန်းကားတဲ့ရက်များ၊ ဗြဟ္မစရိယအကျင့် ကျင့်တဲ့ရက်များ၊ မင်္ဂလာရှိတဲ့ရက်များ၊ ဖြူစင်သန့်ရှင်းတဲ့ရက်များအဖြစ် ဖော်ဆောင်သင့်ပါတယ်။
မှတ်ချက်။ ။ Facebook မှ ဆရာတော် Ven Ravika ၏ ဆောင်းပါးကို ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။
11 comments
တာတီး
April 14, 2012 at 8:46 am
ခုတော့ဗျာ လူအများစုတွေဟာ အရက်သေစာသောက်စားမူးရူးပြီး အော်ဟစ် ပျော်မြူးနေ
ကြတာပါ ။
ဦးဦးပါလေရာ
April 14, 2012 at 9:16 am
ဒီပိုစ့်က ကောင်းပါတယ် ။ ကြိုက်တယ်။
ဒါပေမယ့် ဒါ သူကြီးတင်တဲ့ပိုစ့် ဆိုတာ မယုံနိုင်အောင်ဖြစ်နေတယ်..။ 😛
တယောက်ယောက်ကများ အာဏာသိမ်းလိုက်တာလားမသိ…:D
kai
April 14, 2012 at 3:23 pm
အဲဒါ..သေသေချာချာထည့်လိုက်ရဲ့သားနဲ့.. ဘယ်လိုကျန်သွားသလည်းမသိ..
တောက်စ်… 🙂
htoosan
April 15, 2012 at 11:23 am
အမှန်ဘဲ ဦးဦးပါလေရာ.. ကျွန်တော်လည်း သူကြီး ဘုန်းကြီးဝတ်သွားပြီဆိုပြီး ကြေညာမောင်းခတ်တော့မလို့ … 😀
ကိုရင်မောင်
April 14, 2012 at 9:20 am
ဟုတ်ပါတယ် သဂျီး အသက်အန္တရာယ်ရှိလောက်အောင်
အရှက်သိက္ခာမဲ့လောက်အောင်တော့ အပျော်မကြူးသင့်ပါဘူး
မသကာပျော်ချင်လွန်းယင်သူရဇော်တို့သမဂ္ဂထဲအဖွဲ့ဝင်လိုက်
တနေရာထဲမှာငြိမ့်နေမှာနော့…..
အင်ပြောလို့သာပြောရတယ်ခုလိုငြိမ်နေပုံထောက်ယင်
သူရဇော်တို့အဖွဲ့မဟုတ်တာတခုခုလုပ်နေပုံရတယ်ဗျို့……
Ko out of...
April 14, 2012 at 9:22 am
အတာသင်္ကြန်ဓလေ့ဟာ အစမှာ ဗုဒ္ဓဘာသာဓလေ့ ဖြစ်ဟန်မတူပါ။ ဟိန္ဒူဓလေ့ ဖြစ်ဖို့များပါတယ်…
ဆိုတာ သိပ်မှန်တာပေါ့ဗျာ..ဘယ်ဒီမှာ ရေပက်ခံတာလောက်ဘဲရှိတယ် အင်္ဂါမြစ်မှာချိုးတာကမှ ကျွန်တော်
တို့ထက်ပိုကြီးကျယ်ပါတယ်..
ဘယ်လိုဘဲဖြစ်ဖြစ် ယဉ်ကျေးမှုပိုပြီးစောတဲ့ ဒီနိုင်ငံကြီး နှစ်ခုကြားမှာ ရှိနေတဲ့ မြန်မာ့ယဉ်ကျေးမှုတွေဟာ
လည်း သူတို့ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတာကတော့ အမှန်ပါဘဲ…
လူသားလောကကြီး အမှန်တကယ်ငြိမ်းချမ်းစေတဲ့ အလုပ်ကိုဘဲများများ လုပ်စေချင်တယ်..
ကျွန်တော်ကတော့ ဒီအတာ သင်္ကြန်မှာပျော်နေတဲ့လူတွေကိုကြည့်ပြီး..
ငယ်ငယ်တုံးက အိုးဖုတ်ကြိုးရုပ်နဲ့ ကစားခဲ့တဲ့ ကလေးဘဝလိုဘဲ မြင်မိတယ်…
နေဝန်းနီ
April 14, 2012 at 5:04 pm
သင်္ကြန်မှာကဲတဲ့ ဓလေ့က ဟို ဟင်းခွက်သုံးရာ နဲ့ပွဲတော်တည်တဲ့ ဘုရင်က စခဲ့တယ်ထင်ပါ့….။ ရေကစားရုံအားမရပဲ ခါးရမ်းအောင် ပစ်ခဲ့တဲ့ လုံပဏီသီးတောင် ခါးရမ်းသီးလို့ အမည်တွင်ခဲ့အောင် ကဲခဲ့ကြသေးတာ….။
ဦးဦးပါလေရာ
April 14, 2012 at 5:16 pm
သင်္ကြန်မှာ တရားစခန်းဝင်မယ့်သူတွေ ဥပုသ်စောင့်မယ့်သူတွေကို အားပေးပါတယ်။ လေးစားပါတယ်။
တကယ်တော့ သင်္ကြန်မှမဟုတ်- ဘယ်အချိန်ဖြစ်ဖြစ် တရားစခန်းဝင်မယ့်သူတွေ ဥပုသ်စောင့်မယ့်သူတွေကို အားပေးပါတယ်။ လေးစားပါတယ်။
အစကတည်းက ဥပုသ်စောင့် တရားအားထုတ်ချင်စိတ်မရှိသူတွေ အတွက်တော့
သင်္ကြန်ဟာ အင်မတန်ပျော်စရာကောင်းတဲ့ အချိန်ပါ။ အဲဒီအချိန်လေးမှာ အကျိုးရှိရှိ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ရေကစားကြတာကို နှစ်သက်သဘောကျမိတယ်။
ကိုယ့်ပျော်ရွှင်မှု့ဟာ ကိုယ့်ကိုယ်ကို ရော သူတပါးကို ပါ မထိခိုက်စေဘို့တော့ လိုတာပေါ့။
အဲဒါကလွဲရင် ပျော်နိုင်တုန်း ပျော်ကြတာ ကို အားပေးပါတယ်။
အလုပ်လုပ်စရာရှိရင် တင်းတင်းရင်းရင်းလုပ်- ပျော်ရမယ့်အချိန်မှာ ပေါ့ပေါ့ပါးပါးပျော်ကြစေချင်ပါတယ်။
(ဗြဟ္မာ့စရိယအကျင့်ကတော့ မြန်မာသင်္ကြန်နဲ့ ဘာမျှမဆိုင်ပါဘူး။ အဲဒါ ဟိန္ဒူအယူပါ။ )
Don Juan Ronald
April 14, 2012 at 5:31 pm
သင်္ကြန်မှာအူစီပေါင်းနဲ့ရေထည့်ပြီးလိုက်ပေါက်တာလည်း၊အင်မတန်မှရိုင်းစိုင်းတဲ့အကျင့်တခုဘဲ။
metallic
April 15, 2012 at 12:37 am
သင်္ကြန်လည်တာတော့မကြိုက်
ပိတ်ရက်များတာတော့ကြိုက်တယ်
တရားအလုပ်လုပ်တာလည်းကောင်းတယ်
ကိုယ်ကြိုက်တာကိုယ်လုပ်လည်းကောင်းပါတယ်
သူများမထိခိုက်ရင်ပေါ့လေ
ရဲစည်
April 15, 2012 at 1:53 am
အင်း..အပေးအယူ မတည့်ပေဘူး နည်းနည်းလွဲနေပြီ။