“ချစ်ရပါသာ ပိန်တာရိုးမလေး ဂွိစိန်သို့”

သို့ \\\

ချစ်လှစွာသော ပိန်တာရိုးမလေး ဂွိစိန်water………(water=ရေလို့ဖတ်ပါ)

ကိုယ် ဂွိအတွက် စာရေးလိုက်ပါတယ်။ ခေါင်းက အိမ်မှာ ကျန်ခဲ့လို့ ကိုယ်ကပဲ ရေးရတာပါ…အဲ စစချင်းမှာပဲ ရှုပ်ကုန်ပြီ။ ကိုယ် ဂွိကို စွဲလမ်းရတဲ့ သမုဒယ ချစ်ခြင်းတွေအဖြစ် နှလုံးသားနဲ့ ရင်း ရေးထားတာပါ(အမှန်က ကီးဘုတ်နဲ့ လက်ကွက်ရိုက်ပြီ ရေးထားတာ အဟီး)။ ဒီစာကို ဂွိနှလုံးသားနဲ့ မဖတ်ပါနဲ့။ အင်..ဘယ်လိုကြီးလဲလို့ မတွေးနဲ့အုံး။ နှလုံးသားက မျက်စိမှ မရှိတာ ဘယ်လိုလို့ ဖတ်လို့ရမှာလဲ မဟုတ်ဘူးလား။ အဲ့ဒါကြောင့် ဂွိကို မျက်စိနဲ့ ဖတ်ပြီး နှလုံးသားနဲ့ ခံစားစေချင်တယ်။ ဂွိခံစားဖို့အတွက် ခွက်တစ်လုံး ပို့လိုက်မယ် အဲ ယောင်သွားလို့ အဟီး။

ဂွိရယ်(ရယ်ပါဆို မရယ်ဘူး ရိုက်လိုက်ရမလား)… ငါရဲ့ ရင်ထဲမှာ မင်းကို ဘယ်လောက်မြတ်နိုင်းသလဲ သိလား။ အင်း ငါမှ မပြောရသေးတာ ဂွိက ဘယ်လိုလို့ သိမှာလဲနော်။ ကိုယ်ရဲ့ အိမ်မက်တွေထဲမှာ ဂွိ နင်အမြဲပါတယ်။ ပါတယ်ဆိုလို့ ချီးပုံ အကြီးကြီးလို့ မထင်နဲ့ အုံး။ အင်း ငါပြောမှ ပိုထင်ကုန်ပြီ အဟီး။ အိမ်မက်ထဲမှာတော့ ဂွိနဲ့ ကိုယ်နဲ့ပေါင်းရင်တော့ သုံးယောက်ပေါ့နော်။ တော်လိုက်တဲ့ ပညာရှိကြီး တစ်နဲ့ တစ်ပေါင်းတာ သုံးရတယ်လို့ ရွဲ့ မပြောနဲ့အုံး။ ကိုယ်နဲ့ မင်းနဲ့ အိမ်မက်ထဲမှာ ပေါင်းရတော့ ကလေးလေး တစ်ယောက်မွေးတယ်လေ။ အဲ့တော့ ကိုယ်နဲ့ မင်းနဲ့ ပေါင်းတာ ကလေး တစ်ယောက်တိုးတော့ သုံးယောက်ပေါ့နော် သိပြီလား ခိခိ။ ကိုယ်တော်တယ်မှတ်လား ဂွိရ။ ဂွိဟာ သူများတွေ အတွက်တော့ ကမဋ္ဌာန်းရုပ်ဖြစ်ပေမဲ့ ကိုယ့်အတွက်တော့ အမဲရိုးလေးလိုပါပဲနော်။ အရိုးကြိုက်တတ်တဲ့ ကိုယ့်အတွက်တော့ ဂွိက လူမြင်တာနဲ့ ကိုက်ချင်စရာ ရုပ်ပေါက်တယ်ဟိဟိ။ ပြောနေရင်းနဲ့တောင် ဂွိမျက်နှာ မြင်ယောင်ရင်း အရိုးကိုက်ချင်လာပြီ…ဂလု။ တံတွေးကို မနည်းမြိုချရတယ်။

ဂွိရေ… ကိုယ့်ရဲ့ အသည်းထဲ၊ နှလုံးသားထဲ၊ ကျောက်ကပ်ထဲ၊ ကလီစာထဲ၊ အူသိမ်၊ အူမချေးခါးမကျန် ချစ်နေခဲ့ရတော့ အမုန်းတွေ မရလိုဘူးနော်။ ဂွိသာ မုန်းရင် ဒီကမ္ဘာပေါ်မှာ မသာတစ်ယောက်တိုးသွားမယ် သိလား။ တော်ကြာ ဂွိတရားခံဖြစ်မှာနော်။ အဲ့တော့ ကိုယ်သေရတာ ဂွိကြောင့်လို့ မဖြစ်ရအောင် ပြန်ချစ်လှည့်ပါကွာ။ ကိုယ်လို ဥစ္စာချော ရုပ်ပေါလေးကို သနားစိတ်နဲ့ ချစ်ကြည့်စမ်းလှည့်ပါ။ မီးခြစ်နဲ့ အုန်းခြစ်နဲ့ သခွားခြစ်နဲ့တော့ မချစ်နဲ့နော်။ ငိုလိုက်မှာ သိလား။ ကိုယ်က အသည်းနုတယ်။ လေတိုက်ရင်တောင် နှလုံးရောဂါဖောက်တတ်တဲ့အထိ အသည်းက နူတာ အဲ မှားလို့ နုတာ အဟီး။ သူငယ်ချင်းတွေက ပြောကြတယ် သိလား။ ဂွိနဲ့ ကိုယ်နဲ့ ချစ်သူတွေဖြစ်ရင် ရာဝင်အိုးမှာ ပီကေ ကပ်သလိုဖြစ်မှာတဲ့။ ကိုယ့်ကိုယ် ရာဝင်အိုးနဲ့ နှိုင်းပြီး ဂွိကို ပီကေနဲ့ နှိုင်းတာ ဒါနှိုင်းစရာလား အဲ့ဒီအရာတွေ သိက္ခာကျတာပေါ့နော်..ဟုတ်ဘူးလား ဂွိရ။

ကိုယ့်ကိုလေ“ ဂွိနဲ့ မင်းလက်ထပ်ရင် နွားဖြစ်မှာ ကျိန်သေးတယ်”တဲ့ ဘေးလူတွေက ပြောကြတယ်။ ဖြစ်ဖြစ်ပေါ့…ဂွိရာ။ မိန်းမမြင်ရင် ယောက်ျားတွေက ချိုပေါက်ချင်ကျတာချည်းပဲဟာ…ဘွတ်အဲ… အဲ နာတောင် နွားဘဝ မြန်မြန်ရောက်သွားပါလားဟ။ ဂွိကို ချစ်တဲ့အတွက် ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး ဘွတ်အဲမယ်။ အဲ…ဆက်ချစ်မယ်။ ဘာဖြစ်သလဲ။ ဘာဖြစ်သလဲ။

ကိုယ်နဲ့ ဂွိနဲ့ ဟိုမရောက် ဒီမရောက် တောမရောက် တောင်မရောက် ဖြစ်နေသေးတာမို့ သူများတွေက ပြောကြတယ် သိလား။ “မင်းကို ကောင်မလေးက ပါချင်နေတာ မင်းက မဟလို့တဲ့” အဲ့လို အပြစ်တွေ စုပြီး တင်ကြတယ်လေ။ အဲ့တော့ ဂွိရယ် မအောင့်အီးနိုင်လို့ ဂွိပါချတော့မယ်ဆိုရင်လည်း ကိုယ့်ကို ကြိုပြောပေါ့နော်။ ကိုယ် ကြွပ်ကြွပ်အိတ်ကြီးကြီး ပို့လိုက်မယ် သိလား။ အားရပါးရသာ…ပါနော် အားနားစရာ မလိုပါဘူး… ဂွိ အဟိ။

ဂွိအကြောင်းကို တွေးလိုက်တိုင်း ညညဆို ကိုယ်အိပ်လို့ မရဘူး။ ကုတင်အောက်က ဂျပိုးတွေက အရမ်း အရမ်းကိုက်တာပဲ။ အဲ ဟုတ်ပါဘူး။ သိပ်ချစ်လို့ ခံစာချက်တွေ ပြန်တွေးနေလို့နော် အဟီး။ အဲ့ဒီအတွက်ပဲ ဂွိကို တံတွေးစွတ်ပိတ်ထားတဲ့ စာအိတ်ကလေးနဲ့ ရင်ဖွင့်မိတာပါ။ ဒီချစ်သဝဏ်လွှာဖတ်ပြီးရင်တော့ ဂွိကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက် အဲ ကိုယ့်ကို အဖြေပေးနိုင်အောင်လို့ပါ။ ဒါပဲနော်… ဖတ်ပြီးတာနဲ့ ဂွိ ချက်ခြင်း ချစ်တယ် အဖြေပေးရမယ်။ ချစ်တယ်လို့ ပြန်မပြောရင်တော့ ဂွိတော့ ကိုယ့်ရဲ့ ကျိန်စာစူးမှာပဲ။ ဘာကျိန်စာလဲ ဟုတ်လား။ သိချင်တယ်ပေါ့ ဟုတ်လား။ မပြောပါဘူး။ သိချင်ရင် ဖတ်ကြည့်။ အောက်မှာ ရေးထားတယ်။

“ဒီစာဖတ်ပြီး ငါ့ကို ချစ်တယ် မပြောသူများသည်

ဖတ်သည့်နေမှ စလို့ ထမင်းစားတိုင်း ခဲကိုက်မိပါစေ

ယောက်ျားယူတိုင်း အခြောက်မနဲ့ ညားပါစေ

လမ်းလျှောက်သွားတိုင်း ခွေးချီးပုံ နင်းမိပါစေ

ဘတ်စ်စကားစီးတိုင်း ပိုက်ဆံ အတန်ကြီး ကုန်ပါစေ

ဤကား အတိုချုံး ငါ၏ ကျိန်စာပင်တည်”

တွေ့လား…ဂွိ။ ဒါကြောင့် ကို်ယ့်ကို ချစ်တယ်လို့ အဖြေ ဖတ်ပြီးပြီးချင် ပေးခိုင်းတာပါ။ အတိုချုံးကျိန်စာတောင် အဲ့လောက် ဆိုးနေရင် အကျယ်ချဲ့လိုက်ပါက ဂွိရဲ့ မျက်ရည် ဘူးသီးလုံးလောက် ငိုချင်းချသွားနိုင်တယ်။ ဒါကြောင့် ဂွိက ကိုယ့်ကို ပြန်ချစ်တာပဲ လိုချင်တယ်။ ဒါကြောင့် ကိုယ့်ကို အဖေ မြန်မြန်လာပေး အဲမှားလို့……..အဖြေ မြန်မြန်လာပေး….အဖြေမြန်မြန်လာပေး…အဖြေမြန်မြန်လာပေးနော်။ မပေးရင်တော့ ဟင်းဟင်း။ သိတယ်မှတ်လား။

အင်း…ဒါကတော့ နိဂုံးမှာ ဂွိအတွက် စပ်ထားတဲ့ ကဗျာ။ သေချာဖတ်နော်..ဂွိ။

“ဂွိသို့ သတိပေးလွှာ ဤကဗျာ”

အရိုးဖြင့်ဖွဲ့စည်း မဒီပျိုဂွိစိန်

ချစ်ရတာ ရင်မှာပျို့တက်လို့

သဝဏ်လွှာ အော့အန်မိတယ်

“ချစ်ပါတယ်” မြန်အဖြေ

လိုချင်တယ်…. အခု

မရရင် လည်ပင်းကို ညှစ်ကာ

ဒယ်အိုးထဲ ပစ်ကာသွင်း

မီးဖိုပေါ် ကြာကြာတင်လို့

အရိုးစွပ်ပြုတ် လုပ်သောက်ပစ်မယ်

ငါ့….ဘာမှတ်သလဲ ဟင်း ဟင်း ။ ။

တစ်နေ့ထက် တစ်နေ့

သတ်ပစ်ချင်လောက်အောင် ချစ်တဲ့

မင်းရဲ့ ဝက်ပုတ်

စေပိုင်ထွဋ်(ပုသိမ်)

*** တစ်ချက်ပြုံးလိုက်တိုင်း ကောင်းမွန်ခြင်းများ ဒီရေအလား တိုးပါစေသော်***

2 comments

  • FattyCat

    April 15, 2012 at 9:44 pm

    ငါ့ဝတ္တုကို သေချာဖတ်ပြီး ဂေါက်သွားတာ မင်းတစ်ယောက်ပဲရှိသေးတယ်…ဟီးဟီး…

    • စေပိုင်ထွဋ် (ပုသိမ်)

      April 17, 2012 at 2:34 pm

      လူမှာ မထူးရင် အရူးတဲ့
      ထူးသွားရင်တော့ ဘယ်သူ့မှ ငါ့ကို အရူးခေါ်တော့မှာ မဟုတ်ဘူး
      အဟီး

Leave a Reply