အလောင်းတော် ကဿပ ၂

ဆူးApril 19, 20121min24017

မုံရွာမြို့မှ အလောင်းတော် ကဿပ တောင်ခြေ စခန်းဆီသို့ မိုင် ၆ဝ ဝန်းကျင် ရှိပြီး မုံရွာ ကလေးဝ သို့ သွားသော လမ်းမှ တဆင့် အလောင်းတော် ကဿပ လမ်းခွဲမှ ဆက်သွားရပါသည်။ အလောင်းတော် ကဿပ အမျိုးဥယျာဉ် ကြိုးဝိုင်းသစ်တော မှ တဆင့် တောလမ်းကို ဖြတ်သန်းပြီး တောင်ခြေကို ရောက်ရှိရပါသည်။ လမ်းတွင် ဆက်တိုက် ရွာများ ဖြတ်သန်းသွားပြီး ကပိုင်ကျေးရွာ ကတော့ လမ်းခရီးတွင် နောက်ဆုံးရွာဖြစ်ပါသည်။ ဟိုတယ်မှ မနက် ၂နာရီခွဲ စတင်ထွက်ခွာပြီး တောလမ်းခရီးထွက်သည့် ကားကြီးဖြင့် ခုန်ပေါက် ခုန်ပေါက် လိုက်ပါ စီးနင်းပြီး မနက် ၅နာရီခွဲမှာတော့ ကပိုင်ဆိုတဲ့ ရွာကို ရောက်ရှိပါတယ်။ ကပိုင်ရွာတွင် မနက်စာ စားသောက်ရန် ကားရပ်နားပြီး ကျန်းမာရေး အနားယူခွင့်ရှိပါတယ်။ ကပိုင်ရွာ တလျှောက်မှာတော့ လက်ဖက်ရည်ဆိုင်များစွာ ဖွင့်ထားသည်ကို တွေ့ရှိရပြီး ခရီးသွားများကို စောင့်ကြိုနေကြပါတယ်။ တောစပ်ရွာ လက်ဖက်ရည်ဆိုင်မို့လေလား အရသာ တော်တော် အဆင်မပြေစွာ စားခဲ့ရပါတယ်။ မနက်စာ အဖြစ် လက်ဖက်ရည် ကော်ဖီကတော့ အသင့်ဖျော် အထုတ်များကြောင့် အရသာ သင့်တင့်သော်ညား တခြား စားစရာ ထမင်းကြော် အပြင် မရှိသည့် အတွက် ထမင်းကြော် ကြက်ဥဖြင့်သာ စားရပါသည်။ ထမင်းကြော် အရသာကတော့ ဘာအရသာ ထွက်တဲ့ ထမင်းကြော်လို့ ပြောရတော်တော် ခက်လှပါတယ်။ တရုတ်မဆလာ ကုလားမဆာလာ ငရုတ်ကောင်း နဲ့ ပဲငံပြာရည် အနောက်ရည်တို့နှင့် ကြော်လှော်ထားတဲ့ စုံပလုံစိ အရသာ ဖြစ်ပါတယ်။ အဆာပြေရန်သာ အနည်းငယ် စားပြီး ကားဖြင့် ခရီးဆက်ပါတယ်။ ကားမထွက်ခင်မှာတော့ ရွာခံ ဈေးသည်လေးများ အလောင်းတော် ကဿပ တွင် ရွှေဆိုင်းကပ်လှူရန် အတွက် ၅ဆိုင်းကို ၂၀၀ဝ ဖြင့် ရောင်းချကြပါသည်။ ဟိုရောက်လျှင် ၅ဆိုင်းကို ၃၀၀ဝ ဖြင့် ရောင်းမှာမို့ သူတို့ဆီမှာ ဝယ်လျှင် သက်သာကြောင်း ပြောပြီး ရောင်းချသွားပါသည့် အတွက် ခရီးသည်များ တော်တော် အားပေးကြပြီး ကားထွက်ပြီး များမကြာမှီ ရွာလမ်းအတိုင်း ကားဖြတ်မောင်းရသည့် အခါ ကားဘေးတွင် တဆိုင်း ၃၀ဝ ဖြင့် လိုက်ရောင်းနေသော ဈေးသည်ကလေးများလည်း တွေ့ပါသေးတယ်။

ကပိုင်ရွာ စခန်းမှ အလောင်းတော် ကဿပ တောင်ခြေ မိုင် ၂ဝ ကျော် တောလမ်းကို ဖြတ်ကျော်ပြီး ချိန်မှာတော့ ကားများ အစီအရီ ရပ်နားထားပြီး ဈေးဆိုင်ခန်းများစွာ ရှိသည့် တောင်ခြေ စခန်း နှင့် ဆင် များကို တွေ့ရှိပါသည်။ လမ်းမှာတော့ တောနက်ထဲ ရောက်ရှိသည် ဟု သိသာစေသည့် အချက်မှာ ရန်ကုန်မြို့ရှှိ တိုက်အိမ် ရထပ် ၈ထပ် ထက်မက ပိုမြင့်သည့် သစ်ပင် အမြင့်ကြီးများက ဆီကြိုနေသည့် အပြင် တချို့နေရာများဆိုလျှင်လည်း နေရောင်ခြည် တိုက်ရိုက် မြေပေါ်မကျနိုင်အောင် အပင်မြင့်ကြီးများက ပိတ်ကာပေးထားသည်မှာလည်း တမျိုးပင် အမြင်ဆန်းလှပါသည်။ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသကဲ့သို့ ဝါးပင်များသည်လည်း ဖြတ်သန်းသွားသော နေရာ အနှံ အပြားမှာ အလုအယက်ဖြင့် သစ်ပင်ကြီးများ ကြားတွင် တိုးကြိတ်ကာ ပေါက်ရောက်နေကြ ပုံမှာလည်း မြို့ပြနဲ့ မတူ တမူကွဲပြားချက်များပင်ဖြစ်ပါတယ်။ သစ်ပင်မြင့်ကြီးများ၏ ထိပ်ပိုင်းတွင် အုန်းသီး အရွယ်ခန့် ရှိသော ပျားအုံများနှင့် ထိုထက်မက ကြီးမားသည့် ပျားကြီး ပျားအုံများလည်း တွေ့ရှိခဲ့ပါသေးသည်။ တောင်ခြေစခန်းတွင် နေ့လည်စာ စားပြီး တောင်ပေါ်ခရီးဆက်ရန် အတွက် စားသောက်ဆိုင်တခုတွင် အဖွဲ့မှ နေ့လည်စား ကျွှေးမွေးပါတယ်။ မုံရွာမြို့မှ မထွက်ခင် ခရီးလမ်း အစားအသောက် အဆင်မပြေကြောင်း သတင်းကြားသဖြင့် မုံရွာမြို့ ညဈေးတန်းမှ ကြက်ကြော်များ နှင့် ဆိတ်သားခြောက်ကြော်များ ဝယ်လာခဲ့သဖြင့် တောင်ခြေ စခန်း စားသောက်ဆိုင်တွင် ထမင်းဖြူ မှာပြီး စားကြသဖြင့် အစားအသောက် အခက်အခဲ မရှိ အဆင်ပြေသွားပါတယ်။

သေချာတာကတော့ အလောင်းတော် ကဿပ ကို သွားမယ် ဆိုရင် အစားအသောက် စောစောစီးစီး ကတည်းက ကြိုတင် စီစဉ်ထားသင့်တယ်။

ပိုက်ဆံ တတ်နိုင်တိုင်း မစားရတဲ့ နေရာလို့ ပြောလို့ ရတယ်။

 

နောက်အပိုင်းတွေမှ ဆင်စီးတဲ့ အကြောင်း ဆက်ရေးပေးမယ်။

ဆက်ရန်..

စားသောက်ဆိုင်တွေ နာမည်တွေကတော့ ထုံစံ အတိုင်း ကုန်းဘောင်ကြော် တောက်တောက်ကြော် စုံနေတာပဲ.. ဘာတွေ ချက်မှန်း ကို မသိတာ.. မချက်တတ်ပဲ ဆိုင်ဖွင့်စားနေကြ သလို ဖြစ်နေတယ်။

သူတို့ ချက်တဲ့ အထဲမှာ ပါတဲ့ အမယ်တွေကို ကိုယ့်ဟာကို ယူပြီး ဝင်ချက်ရင်တောင် ဒီထက် ပိုစားကောင်းမယ် ထင်တယ်။

17 comments

  • ဗိုက်ကလေး

    April 19, 2012 at 1:00 pm

    ဂျီးဒေါ်
    ဒီတစ်ခါတော့ ပုံမပါလာပါကလားဗျ
    ဆင်စီးချင်တဲ့လူတွေ တတိယအပိုင်းမျှော်ာ်.

  • ဆူး

    April 19, 2012 at 1:06 pm

    ဆင်စီးတဲ့ အကြောင်း အခုရေးတော့မယ် ပုံတွေလည်း ပါမယ်။
    ဒါကတော့ သွားမယ် ဆိုရင် ပြင်ဆင်ရမှာတွေကို သတိထားမိအောင် ရေးထားတာပါ။
    စာသိပ်များလွန်းရင် အီသွားမှာ စိုးလို့ ရေးထားတာကို ဖဲ့ဖဲ့ ပြီး တင်ပေးတာ မိုလို့ပါ။

  • FattyCat

    April 19, 2012 at 1:20 pm

    ခရီးမှာ အဖော်ကောင်းရင် အစားအသောက်က ပြသနာမရှိဘူး…
    ရေကောင်းကောင်းရှိရင်ရပြီ…
    အာလူးကြော်တို့ စာကလေးခွေကြော်တို့ရှိရင်ကို အိုကေပြီးသား

  • ဆူး

    April 19, 2012 at 1:27 pm

    မုံရွာ ညဈေး တော်တော် စည်ကားပါတယ်။
    ဈေးထဲမှာ အခြောက်အခြမ်းတွေ ဝယ်သွားလိုက်ရင် ကောင်းမှ ကောင်း အရသာလည်း ရှိတယ်။
    ရန်ကုန်က သွားတဲ့ လူတွေ အဖို့ကတော့ နယ်သွားရင် အစားအသောက်က ဘယ်လိုဟာ ဝယ်စားစား အရမ်းကို တန်တယ်။ တန်ကြေးနည်းတယ် အများကြိး ပါတယ်။
    ဆိတ်သား အခြောက် အစစ် တော်တော် ကောင်းတယ်။ ၁ဝသား ကို ၂၀၀ဝ ရှိတယ် ၃၀၀ဝ ရှိတယ်။
    ဆိတ်သား အစစ် ကို လုပ်ထားတာမို့ အမဲသားနံ့ မညှိဘူး။

  • marblecommet

    April 20, 2012 at 6:14 am

    ဒီစာကိုဖတ်ပြီးတော့မှ
    ငကမ်းလည်း ဘိဇနစ်အမြင်တစ်ခုရမိတယ်
    အိုက်ဒီလမ်းမှာသွားပြီး စားသောက်ဆိုင်ဖွင့်ရင်ကောင်းမလားလို့
    ဖွားဆူးပြောတဲ့လက်ရာမျိုးနဲ့ ငကမ်းလက်ရာနဲ့ဆိုရင်တော့ အာဟိ
    မိုးနဲ့မြေလောက်ကွာလောက်ရဲ့
    ငကမ်းလည်း ဘီလယံနာ ငကြွတစ်ယောက်ဖြစ်လောက်ရဲ့…..
    အော် အပေါ်ဆုံးက အသင်ဗိုက်ကလေးနဲ့ ကြောင်ဝတုတ်ငဲ့
    ရှယ်ယာထဲ့ချင်ရင်ဖြင့် အမြန်လာငဲ့……..

    • ဆူး

      April 20, 2012 at 8:43 am

      အဲဒီနေရာတွေမှာ ဆိုင်ဖွင့်တာ သစ်တော က မိသားစုဝင်တွေကိုပဲ ပေးဖွင့်တာပါ။
      ၁နှစ်စာ လုပ်ခွင့်ကို ၁သိန်းဆိုလား ၂သိန်း အဲလောက် ပေးပြီး လေလံဆွဲရတာတဲ့ကွယ်။

      ဘာတွေ ချက်မှန်း မသိအောင်ကို ချက်တာမို့.. ပြောရတော်တော် ခက်တယ်။ ကိုယ့်ဟာကိုယ်သာ ဝင်ချက်ချင်စိတ်တောင် ပေါက်မိတယ်။

  • ရောင်ခြည်ခ

    April 20, 2012 at 8:07 am

    အလောင်းတော် ကဿပကို တစ်ခေါက်မှ မရောက်ဘူးသေးဘူး၊ ဆူးရဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးလို့ ကျေးဇူးနော်၊ အခုလို သိထားတော့ သွားမယ်ဆိုရင် ကြိုတင်ပြင်ဆင်လို့ရတာပေါ့…

    • ဆူး

      April 20, 2012 at 8:48 am

      ဆူး ဆက်တိုက် တင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ ပစ္စည်းတွေကတော့ ကိုယ့်မှာ အစုံပါရင် စိ်တ်ချမ်းသာရတယ်လေ။

  • weiwei

    April 20, 2012 at 11:27 am

    အလောင်းတော်ကသဖကို မရောက်ဖူးသေးဘူး … အိမ်က မိသားစုတွေသွားတုန်းက မလို်က်သွားဖြစ်ခဲ့ဘူး … အခုလို အသေးစိတ်ရေးထားတာ ဖတ်ရတော့ သွားချင်တဲ့အခါ ကြိုတင်သိထားပြီးဖြစ်နေနိုင်လို့ ကျေးဇူးတင်ပါတယ် … နောက်အပိုင်းတွေကိုလဲ အားပေးနေပါတယ် … မြန်မြန်တင်ပါ …

  • Foreign Resident

    April 20, 2012 at 1:27 pm

    ကြီးတော်ဆူး
    ဆင်စီးတာ မကောင်းကြောင်း တော်တော်ပြောပုံထောက်တော့ ။
    မှန်းကြည့်မယ်နော် ။
    ၁ ။ ဆင်မွေး စူးတာ ဖြစ်နိုင်တယ် ။
    ၂ ။ ဆင်စီးဖို့ တန်းစီတာ VIP တွေက ဖြတ်ဝင်ခံရလို့ဖြစ်နိုင်တယ် ။

    အဘတို့ သွားတုန်းက ဆင်စီးဖို့ တန်းစီပြီးစောင့်နေယုံမက
    အပေါ်ကို အတင်းတိုးတက်ပြီးတဲ့လူတွေကိုပါ ပြန်ဆင်းခိုင်းခဲ့တာတွေ့ရတယ် ။
    အဖွားကြီး တစ်ယောက်ဆို ” ငါတို့က ဘယ်တော့မှ စီးရမှာလည်း ၊
    ငါ မလျှောက်နိုင်လို့ပါဟာ ” ဆိုပြီး ငိုသံပါကြီး နှင့် အော်ဟစ်နေတာတွေ့ခဲ့တယ် ။
    စိတ်မကောင်းဘူး ။ အပြစ်ရှိသလို ခံစားရတယ် ။ ဒါပေမယ့် ၊

    ၁ ။ အုပ်စု နှင့်သွားတာ ချန်နေခဲ့လို့ မရဘူး
    ( ဆင် ၁ဝ ကောင်လုံးကို ကြိုစီစဉ်ထားပြီးသား ဖြစ်နေတယ် )
    ၂ ။ အသွားတုန်းက တော်တော်ဝေးမယ် လို့လဲထင်တယ် ။
    လမ်းလဲမသိတော့ ။ လမ်းလျှောက် မတက်ရဲဘူး ။

    စိတ်မကောင်းဘူး ။ အဘတို့လည်း စီးပြီးရော ဆင်တွေကို
    ခေါက်ရေပြည့်ပြီဆိုပြီး အနားပေးလိုက်တယ် ။
    အဘတို့ အပြန်လမ်းမှာ ၊ မနက်က
    ” ငါ မလျှောက်နိုင်လို့ပါဟာ ” ဆိုပြီး အော်ဟစ်နေတဲ့ အဖွားကြီး
    တုတ်ကောက်ကြီးနှင့် ထောက်ပြီး တက်လာတာတွေ့ရတယ် ။
    တကယ့်ကို စိတ်မကောင်းဘူး ။ အဖွဲ့နှင့်လေ ၊ ဘယ်တတ်နိုင်မလဲ ။

    အမှန်က သစ်လုပ်ငန်းက ဆင်ခေါင်း ကို VIP အနေနှင့် ကြိုစီစဉ်ထားမှ ရတယ် ။
    နို့မို့ရင် ခရီးသည်တင်ကားတွေက တစ်ချိန်တည်းနီးပါး
    ပြုံရောက်လာတတ်တော့ ဆင်စီးရဖို့ တော်တော် အခက်ခဲ ရှိတယ် ။

    • Moe Z

      April 20, 2012 at 1:51 pm

      ဘဘ FR ရေ မမဆူးတော့မသိဘူး
      မိုးစက်ကတော့ နောက်တစ်ခါအဲဒီကိုထပ်သွားဖြစ်ရင်တောင် ဘယ်တော့မှဆင်မစီးဘူးလို့ဆုံးဖြတ်ထားတယ်
      ဘဘ FR ပြောထားတဲ့အချက်တွေကြောင့် တစ်ခုမှမဟုတ်ဘူး
      ဆင်တွေကိုသနားမိလို့ .. သူတို့ခမျာ တောင်တက်တောင်ဆင်းကို အခေါက်ခေါက်အခါခါသွားနေရတာ ဒီကြားထဲ ဆင်ထိန်းတွေက ချွန်းနဲ့ထိုးထားလို့ပေါက်ပြဲနေတဲ့ဒဏ်ရာတွေက မြင်ရတာလည်းစိတ်မချမ်းသာဘူး
      ဪ … အဲဒီမှာ ဆင်တွေကို သနားလိုက်တာလို့မပြောရဘူးတဲ့
      ပြောရင်ဘာဖြစ်လည်းတော့မသိဘူး မိုးစက်ကတော့ဘာမှမဖြစ်ဘူး 😀
      ဆင်တွေကလည်း ၁ဝ ကောင်ပြည့်မှ ထွက်ရတာတော့မဟုတ်ဘူး
      ၂ ကောင်လည်းသွားကြတာပဲ ဆင်မိသားစုဆိုရင်တော့ ခွဲလို့မရဘူး
      ၃ ကောင်ဆိုရင် ၃ ကောင်လုံးလူပြည့်မှထွက်တယ် …

      မမဆူးရေ အလောင်းတော်ကဿပဂူမှာ ရွှေသင်္ကန်းကပ်တော့ အမှိုက်ပုံးတွေချပေးထားပါရဲ့နဲ့ မြင်မကောင်းအောင်ပြန့်ကျဲနေတဲ့ စက္ကူစတွေ မတွေ့ခဲ့ဘူးလား 😀

      • ဆူး

        April 20, 2012 at 2:33 pm

        ရွှေသင်္ကန်း ကပ်တဲ့ အမှိုက်တွေ ပြန့်ကျဲနေတာ တွေ့ခဲ့သလို ရသလောက် လိုက်ကောက်ပြီး ပုံးထဲ ထည့်ခဲ့ပါတယ်။
        အဲဒီမှာ ဘုန်းကြီးတပါး စက္ကူစတွေ လိုက်ကျုံးနေတာ မြင်လို့ လမ်းမှာ လှူချင်တဲ့ နေရာ လှူလို့ ရအောင် အသင့်ဆောင်သွားတဲ့ မျက်နှာသုတ်ပုဝါ အလတ်စား လေး တထည် ထုတ်ပြီး လှူခဲ့ပါသေးတယ်။

        ဆင် နဲ့ ပတ်သတ်တဲ့ အတွေ့ အကြုံကတော့ မကြာမည် လာပါမည်။
        မိုးဇတ် ပြောတဲ့ ဆင်စီးတဲ့ အတွေ့အကြုံနဲ့ တထပ်တည်းပါပဲ။

  • Foreign Resident

    April 20, 2012 at 1:41 pm

    ရီစရာ တစ်ခု ပြောရအုံးမယ် ။
    အများအားဖြင့် သူဋ္ဌေးတွေက တော်တော် ဝ ကြလေ့ရှိတယ် ။
    အဘတို့ အုပ်စု ဆင်ပေါ်တက်တော့ ( တကောင် ၄ ယောက် )
    ( အဘ စီးတာ ဆင်မ အငယ်လေး )
    အဘတို့ အုပ်စုထဲက ၄ယောက်မြောက် အနေ နှင့်
    မိန်းမ ဝဝ တစ်ယောက် ( ၂၅ဝ + ) ဆင်ပေါ်တက်တော့
    ဆင်သမားက ထအော်တယ်
    မရဘူး မရဘူး ကျနော်ဆင်မရတော့ဘူး ဆိုပြီး ။
    ဘေးက ကြည့်နေတဲ့သူတွေပြောတာကတော့
    ဆင်မ ငယ်လေး ခမျာ ဒူးတွေတောင် ညွတ်သွားတယ်ပြောတယ် ။

    အဲဒါနှင့် အကောင်ကြီးတဲ့ဆင်ကို ပြောင်းပေးလိုက်ရတယ် ။
    အဲဒီ မိန်းမကြီးလည်း ကွယ်ရာမှာ ” ဆင်တက်မခံ / ဆင်လက်လန် ” ဘွဲ့ရသွားတယ် ။
    ရှေ့တင်တော့ မပြောရဲဘူး ။ သူတို့က ဒိတ်ဒိတ်ကျဲတွေ ။

    ဘွားဆူး ရော ။ ဘာဘွဲ့တွေ ရခဲ့သေးလဲ ။
    နောက်တာ ။ ဟီဟိ ။

    • ဆူး

      April 20, 2012 at 2:36 pm

      ဆင် အတက်မခံတော့ မရှိပါဘူး။ ဆင်တစီးကို လူ ၃ယောက် စီးခဲ့ပါတယ် စီးလုံး အပြတ်ငှားပြီး တက်သွားတာပါ။ အလှည့်မစောင့်ရပဲ အဆင်ပြေစွာ တင်ခဲ့ပါတယ်။

  • သမိန်ဂီ့

    April 20, 2012 at 1:50 pm

    ခရီးသွားလုပ်ငန်းက သေချာပေါက်
    renovate လုပ်ကိုလုပ်ရတော့မယ် ပြောပြန်ရင်
    ကျုပ်ကို ဂျူးလူမျိုးသေလို့ ဝင်စားသလား ရိကြဦးမယ်ထင့်…..
    😛

    ဘယ်တော့များမှ ဘဇ္ဇနက် ဒူး ဂျမလဲ ဂျာ…
    ကျုပ် ဟိုဘက်ပိုစ့်မယ် တင်ထားတဲ့.. ရေတံခွန် ခရီးစဉ်က
    ဆင်နာရီယိုလေးတွေ ပလေးချင်ထှာ …

    အားပေးသွားပါတယ်..
    ဂတ္တူဆို ဂျီးရယ်….

    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • ဆူး

      April 20, 2012 at 2:38 pm

      ဆင် စီးခြင်း နဲ့ တောတွင်း ခရီးထွက်ခြင်း အဖြစ်တော့ တိုး လုပ်ငန်း အတွက် လုပ်သင့်တဲ့ နေရာပါပဲ။
      ပြုပြင် သင့်တာကတော့ သူ့လူအချင်းချင်း လက်သိပ်ထိုး ဆိုင်တွေ မပေးပဲ အပြင်လူ ကို ခွဲပေးသင့်တယ်။ အဲဒီက ဆိုင်တွေက အစားအသောက် ညစ်ပတ်တယ် ညံ့တယ်။

  • manawphyulay

    April 20, 2012 at 3:20 pm

    ပုံလေးတွေနဲ့ဆို ပိုပြီး ဖတ်ရတာ အရမ်းအသက်ဝင်တယ် ဆူးရဲ့။ ခုတော့ ဆင်စီးတာ တတိယပိုင်း ဆက်လက်မျှော်နေတယ်နော်. … လှော်ကားဥယျာဉ်မှာတောင် ဆင်သွားမစီးတော့ဘူး။ မရောက်ဖူးပေမယ့် ခုလိုလေးတွေ ပြောပြထားတော့ သွားတဲ့အခါ အဆင်ပြေတာပေါ့။

Leave a Reply