နေဝန်းနီ ပါဆယ်ဆွဲတယ်…..၂

naywoon niApril 19, 20121min1114

အင်း ပြောရင်းနဲ့ စကားလမ်းကြောင်းက စောင်းသွားပြန်ပြီ…။ သောက်နေကျ ဆေးလေးသောက်ပြီး အသာပြန်မှိန်းနေလိုက်တယ်….။ ဗိုက်အောင့်တာက မသက်သာဘူး ဒါကြောင့် သက်သာလိုသက်သာငြား အိမ်မှာရှိတဲ့ မုန့်လေးတစ်ခုကောက်ဝါးလိုက်တယ်…။ ပြီးတော့ရေသောက် အဲ…. ရေသောက်ပြီးတော့ ရှူးရှူးပေါက်ပေါ့….။ အဲဒါက နေဝန်းနီရဲ့ အကျင့်ပဲ…။ ဘယ်အချိန်အပြင်ကပြန်လာလာ ရှူးရှူး တန်းပေါက်တာ …။ အဲ ည အိပ်ယာဝင်ချိန်ဖြစ်ဖြစ် တစ်ရေးနိုးဖြစ်ဖြစ် ရေထသောက်ပြီးရင်လည်း ပေါက်ရမှ ဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ…..။ အဲဒိမှာပြဿနာက စတော့တာပဲ….။ ဗိုက်အောင့်နေရာက ဆီးပါအောင့်လာတယ်…။ ရေသောက်ပြီး ရေအိမ်ဘက်အသွား ကျင်ချောင်းထဲကို ဆီးကျသလိုခံစားရပြီး ထိပ်နားဆီက အောင့်လာတာပါ…။ အောင့်နေတဲ့ အထက်နားဆီက ဆီးပြည့်လျှံလာသလိုခံစားရပြီး အပြင်းအထန်းဆီးသွားချင်လာတယ်…။ အဲဒါနဲ့ ရေအိမ်ဘေးဘက်မှာ ဆီးသွားဖို့လုပ်တော့ အောင့်နေတဲ့နေရာက တစ်ဆို့ဆို့နဲ့ နာလာတယ်…။ အဲဒါနဲ့ ဆီးကို ဇွတ်အတင်းညှစ် ကြည့်တယ်…။ ကြားထဲမှာခံနေတဲ့ အရာ ဆီးအားနဲ့ ပါသွားမလားလို့ပါ…။ လူပိန်းဆိုတော့ လူပိန်းတွေးပဲ တွေးလိုက်တာလေ…။ ခံစားနေရတဲ့ အချိန်မှာ သက်သာလိုသက်သာငြား လုပ်ကြည့်တာလည်းပါမှာပေါ့…။ မရဘူး …။ နွေညလယ်မှာ ချွေးပဲပြန်လာတယ်….။ မသက်သာတာနဲ့ စိတ်ပျက်လက်ပျက် အိမ်ပေါ်ပြန်တက်လာပြီး အိပ်ယာပေါ်ပြန်ခွေနေလိုက်တယ်…။ စောင်းအိပ်လို့ မသက်သာတော့လည်းမှောက်အိပ်ပေါ့လေ……..။ ခုမှသေချာ ဆန်းစစ်မိတယ် …။ အခုဟာ အောင့်နေကျနေရာက မဟုတ်ပြန်ဘူး …..။ အောင့်နေကျနေရာက ရင်ခေါင်းအောက်တည့်တည့်နေရာက အခုဟာက ညာဘက်နည်းနည်းရောက်တယ်…။ ဘာပဲဖြစ်ဖြစ်လေ…။ ဒီဝမ်းထဲက အသုံးမလိုတာတွေ ထွက်သွားရင်တော့ သက်သာ မလားတွေးမိပြန်တယ်…။ အောင့်နေတာကိုမှ ကိုယ်က သဘောမကျပဲကိုး….။ ဒါနဲ့ အစာတွေ အန်ထုတ်ပစ်ဖို့ ကြိုးစားမိတယ်….။ အန်တာလား ။လွယ်ပါတယ်….။ တစ်ချိန်က အရက်ချစ်သူတစ်ယောက်ပဲ ….။ ကိုယ်အရက်ဆက်မသောက်ချင်ရင် ဝိုင်းအပြင်ထသွားပြီး တစ်နေရာမှာ အကျအနထိုင်…။ ပါးစပ်ကို အသာဟ…..။ လက်ညှိုးနဲ့ အာခေါင်ကို ကလိထိုးပေးလိုက် …..။ ဝေါ့ ဆို့ ထွက်ကျလာရော……….။ ခုလည်း အဲဒိနည်းကို သုံးပြီး အန်ဖို့ ကြိုးစားကြည့်မိတယ်….။ မရဘူး…။ လေတွေတော့ အနည်းအပါးထွက်ချင်ထွက်ပေမပေါ့…။ ဒါပေမဲ့ အောင့်တဲ့နေရာက နည်းနည်းသက်သာသွားတယ်…။ ကျင်ချောင်းထိပ်ကအောင့်နေတာလည်းပျောက်သွားတယ်…။ ဒါနဲ့ အာလုပ်ကျင်းပြီး ရေနည်းနည်းသောက်လိုက်မိတယ်…။ နာရီကြည့်လိုက်တော့ ည 12 နာရီ ကျော်နေပြီ….။ အိပ်ဖို့ပဲ ကြိုးစားလိုက် လိုက်တော့တယ်…..။ အိပ်ဖို့ ကြိုးစားကာမှမနက်ကအကြောင်းက ပြန်သတိရလာတယ် …။ အဲဒါကြောင့်ဆီးအောင့်တာလားပေါ့လေ……..။ မနက်က အဒေါ်က မြို့နဲ့ နှစ်မိုင်ခွဲလောက်ဝေးတဲ့ရွာတစ်ရွာကိုလွှတ်ပါတယ်…။ အကြွေးရစရာရှိလို့ပါ….။ ယူထားတာတစ်နျစ်ကျော်ပြီလို့ဆိုပါတယ်…။ အတိုးမပါဘာမပါ ဒီအတိုင်းထုတ်ပေးထားတာ ဘာမှလည်း အကျိုးအကြောင်းလာမပြောတော့ ဘာဖြစ်နေလို့လဲ သိရအောင်လွှတ်လိုက်တာပါ…။ လမ်းကကောင်းနေတော့ ပြီးလွယ်စီးလွယ် သွားပေးမယ်လို့ ပြောပြီး စက်ဘီးနဲ့ မနက်စောစောထွက်လာခဲ့တယ်….။ အကြောင်းတစ်စုံတစ်ရာမပေါ်ပေါက်တာကြောင့် ဒီဘက်ကို မရောက်ဖြစ်တာကြာပါပြီ….။ သွားရမဲ့ရွာက နေပြည်တော်ဘက် ဒါရိုက်ဖောက်ထားတဲ့ ကွန်ကရစ်လမ်းဘေးတင်မှာပါ…။ ရန်ကုန်-မန္တလေးလမ်းကနေ ကွန်ကရစ်လမ်းပေါ် တက်လိုက်တော့ လမ်းက ကျယ်ပြီးရှင်းနေတာပါပဲ….။ ဟိုဘက် ယာဉ်အသွားအလာများထက် လမ်းထက်နှစ်ဆလောက် ကျယ်နေတာ တွေ့ရတယ်……။ ကုန်တင်ကားတွေ သွားလို့မရပါဘူး …။ သွားခွင့်မရှိတာပါ….။ အဲ…. လစ်ရင်တော့ အနီးအပါး ရွာက သံဘီးတပ်လှည်းတွေ ကွန်ကရစ်လမ်းပေါ် တက်မောင်းနေတာတွေ့ဖူးတယ်…။ (အဟိ … ဖွတာမဟုတ်ဘူးနော်)လမ်းကကောင်းနေတော့ နှစ်မိုင်ခွဲခရီးက ခဏပါပဲ….။ ရွာထဲလမ်းကိုချိုးဝင်လိုက်တော့ စတင်မိတ်ဆက်လိုက်တာက အသံချဲ့စက်သံပါပဲ ….။ အင်းရွာထဲ အလှူရှိနေပြီထင်ပါ့ ….။ ရွာလည်လမ်းမှာတွေ့တဲ့သူကို နေဝန်းနီ သွားချင်နေတဲ့ သူရဲ့ အိမ်နေရာကိုမေးလိုက်တော့ အခု စက်ဖွင့်ထားတဲ့ အလှူမဏ္ဍပ်ရဲ့ အနောက်ဘက်မှာတဲ့….။ သွားပြီ….။ အသံချဲ့စက်ဒဏ် မခံနိုင်တဲ့ အကောင် အသံချဲ့စက်နဲ့ တည့်တည့်တိုးတာပါပဲ….။ သွားရမဲ့အိမ်ရောက်တော့ မတွေ့ပါဘူး…။ သူ့သမီးလေးက အလှူ မဏ္ဍပ်မှာ ရှိမလားမသိဘူးတဲ့ …။ သွားကြည့်ပါတယ်…။ တော်တော်နဲ့ ပေါ်မလာပြန်ဘူး…။ စက်ကဖွင့်လိုက်တာက နားတယ်လို့ မှမရှိတာ…။ နားလိုက်လည်း ဒစ်စ်ပြောင်းချိန်လောက်ခဏပဲ….။ တစ်မိနစ်တောင်ပြည့်အောင်မနားရဘူး…။ အဲဒိလိုကြားပေါက်ရပ်လိုက်တဲ့ အချိန်လေး သာယာမယ်ကြံကာရှိသေး နောက်အသံတစ်ခုကပေါ်လာလိုက်နဲ့ ….။ သံသရာလည်နေတော့တာ…။ အိမ်မှာရှိတဲ့ မိန်းမကြီးနဲ့ ကလေးတွေကတော့ ဒါမျိုးရိုးနေပြီ ထင်ပါ့…။ ပုံမှန်ပဲ သူတို့လုပ်စရာရှိတာလုပ်လို့…. ပြောစရာရှိတာပြောလို့ ….။ အနေအထားမပျက်ဖူးပြောရမှာပဲ…။ ကိုယ်တွေ့ချင်တဲ့သူကို စောင့်နေရလို့သာ နေဝန်းနီ ပေကပ်ပြီးထိုင်နေတာ …။ ဒီနေရာက မြန်မြန်ရွေ့ချင်လှပြီ…။ ဧည့်ခန်းကို အကြည့်ဝေ့လိုက်တော့ စားပွဲတင်နာရီသွားတွေ့တယ် ။ ကိုးနာရီကျော်ပြီ…။ ဆိုတော့ နေကကောင်းကောင်းပူနေပါပြီ…။ ဒီဘက်လမ်းခွဲတစ်လျှောက် တစ်မိုင်ခရီးလောက်က အရိပ်လုံးဝ ရှိတာမဟုတ်ဘူး…။ ကွန်ကရစ်လမ်းတိုတော့ အပေါ်ပူအောက်ပူ နဲ့ ……။ အင်းခက်ပြီ..။ ကိုးနာရီးခွဲလို့ မှ မလာရင် မှာစရာရှိတာမှာခဲ့ပြီး ပြန်မယ်ပေါ့…..။ အပူချိန်က ဒိထက်တိုးဖို့ပဲရှိတော့တာကိုး….။ အဲ စဉ်းစားနေတုန်းမှာပဲ….။ မျှော်တုန်မျှော်ဆဲ ရောက်လာပါတယ်…။ ထုံးစံအတိုင်းပဲ သီးနှံ ရှူံးလို့ ဈေးမကောင်းလို့ ပိုးသတ်ဆေးေတွေက ဈေးကြီး မြေဆီ မြေဩဇာတွေ ကဈေးကြီးနဲ့ ထွက်လာတဲ့သီးနှံကျပြန်တော့ ဈေးကကျ…။ တတ်ထားတဲ့ပညာလေးနဲ့ လက်သမားအလုပ်လေးလုပ်မယ်ဆိုပြန်တော့လည်း အိမ်သာလေးတောင်မရိုက်ရ ဆိုတာမျိုးလိုပေါ့……။ အရင်းအနှီး ကများပြီး စားရမဲ့ အချိန်ကျတော့ ဈေးကျတော့ အရှူံးပေါ်နေတော့ အင်း ဒါမျိုးတွေကြောင့် နိုင်ငံခြားကို ရွာလုံးကျွတ်ထွက်တယ်ဆိုတာ ရှိမှာပဲ…။ ဟုတ်တယ်…။ ဘယ်ရွာကတော့ဖြင့် အသက်နှစ်ဆယ်နဲ့ ငါးဆယ်ကြား တစ်ယောက်မှမကျန်ဘူး ….။ ကြားတုန်းက သိပ်မယုံဘူး…။ ကိုယ်တိုင်ကြုံဖူးတာမှမဟုတ်တာ…။ အပိုအမို အလွန်အကျွံ ပြောတတ်တဲ့ ကိုယ့်လူမျိုးအကြောင်းလည်းသိနေတော့ ဖာသိဖာသာပဲ သဘောထားလိုက်တယ်…..။ ခုရွာထဲဝင်လာတော့ သတိထားကြည့်မိတယ်….။ ဟုတ်တယ်….။ ရွာလယ်လမ်းမှာတွေ့ခဲ့တဲ့ လူကလည်း ငါးဆယ်ကျော်လောက်ရှိပြီ…။ အိမ်တွေမှာလည်း ကလေးတွေ ချည့်ပဲရှိသလို …။ ဒါနဲ့ နွေစပါးဘယ်တော့ ပေါ်မလဲ ဆိုတော့ ကဆုန်လကုန်လောက်တဲ့….။ အဲဒိကျရင်တော့ တစ်ဝက်လောက်ဖြစ်ဖြစ် ရအောင်လုပ်လိုက်ပေါ့ဗျာလို့ ပြောလိုက်မိတယ်…။ အင်း သင်္ကြန်ပြီးရင် ဘဏ်က စုဆောင်းငွေတွေ ပြန်ထုတ်ပေးမယ်လို့လည်း ကြားပါတယ်…။ အဲဒိအခါကျရင်လည်း ဖဲ့ဆပ်ပါ့မယ်လို့ ပြောပါတယ်….။ (အဲဒါက သီသန့် ဖွရဦးမယ်….။ အကြွေးမှတ်ထားဦး) အဲဒိတော့ နေဝန်းနီက
“ ခင်ဗျားစုဆောင်းငွေက ဘယ်လောက်ရှိမှာမှတ်လို့ ငွေတစ်ရာချေးမှ တစ်ကျပ်စုတဲ့ဥစ္စာ…။”
ခပ်ငေါက်ငေါက်လေးမေးလိုက်တယ်…။ ဟုတ်တယ်လေ…။ စိုက်ပျိုးစရိတ်ပေးတဲ့ နေရာမှာနေဝန်းနီ ကလုပ်လာခဲ့တာ …။ တောင်သူတွေ ငွေတစ်ရာချေးတိုင်းတစ်ကျပ် မဖြစ်မနေစုဆောင်းခိုင်းထားတာ ….။ ပြီးတော့ ဆေဗင် ပတ်စဘွတ်တွေ ထုတ်ပေးပြီး စုဆောင်းငွေပေါ်မှာအတိုးပြန်ပေးတယ်…။ တစ်သိန်း ပြည့်အောင်ချေးဖူးမှ စုဆောင်းငွေလေး တစ်ထောင်လောက်ရှိမှာပေါ့….။ သူကတော့ရယ်ကျဲကျဲနဲ့
“ ရှိပါတယ်ကွ…။ အဲဒိအကြွေးသာမကျေရင်ရှိမှာ …။ နောက်ပိုင်းချေးငွေတွေ မြင့်လာပြီး စုဆောင်းငွေ နှုန်းလည်းမြင့်လာတာကိုး …။”
ဟုတ်ချင်လည်း ဟုတ်မှာပေါ့ …။ နေဝန်းနီတောင်ရုံးနဲ့ အဆက်အသွယ်ပြတ်နေတာ ဆယ့်ခွန်နှစ်လောက်ရှိပြီပဲ….။ ဒါနဲ့ စပ်စုချင်စိတ်နဲ့ ခင်ဗျားတို့ဆီမှာ ဒီလို စက်ကြီး ဖွင့်တားတာ နားမငြီးဘူးလား လို့ မေးကြည့်တော့ …..။ ငြိးတော့ ငြီးတာပေါ့တဲ့ …။ ဒါပေမဲ့ စက်ဖွင့်ထားမှ ဘေးရွာက အလှူ ရှိတာ သတိရကြသတဲ့….။ ဒီတော့ လူလာအောင်မဏ္ဍပ်ထိုးတဲ့ နေ့ကတည်းက စက်က ဖွင့်ပေးရသတဲ့….။ ဒါမှလုပ်စရာရှိတာဝိုင်းလုပ်…။ ပြီးတော့ ဒီမှာတင် ဝိုင်းပြိးချက်ပြုစားသောက်ကြပေါ့ကွာ…..။ အင်းပြီးတော့ အလှူ ပွဲကြီးနေ့ကျတော့ မင်္ဂလာဆောင်လို စာရေးခုံကြီးချ အလှူငွေ လက်ခံ…။ အလှူပြီးတော့ အရှူံး အမြတ်ပြန်တွက်…။ ငါလိုက်တာတဲ့လူတွေပါသလား လက်ခံစာအုပ်ကို သဲသဲမဲမဲ အပြန်အလှန်ရှာ ….။ အင်း ကုသိုလ်တွေတော့ တော်တော်ရ ရှာမှာပဲ…။ အဲဒိကုသိုလ်တွေ ကိုပဲ အမျှ ……အမျှ ဆိုပြီး ဝေ…။ ယူတဲ့သူတွေက ယူ …။ ဒါတောင် အရက်မူးတဲ့ အဖွဲ့ နဲ့ ရုံဖောက်တာမကျေနပ်လို့ရန်ဖြစ်တာတို့ ရှင်လောင်းဖွက်ပြီး ပြန်ရွေးခိုင်းတာမကျေနပ်လို့ လူကြီးအိမ်ရောက်တာတို့ မပါသေးဘူး…။ သူ့အရပ်နဲ့ သူ့ဇာတ်ပဲလေ…။ တောဓလေ့ ဆိုတာတော်ရွုနဲ့ ဖျက်မရဘူးတဲ့…။ ကောင်းရော…….။ ဒါနဲ့ နေဝန်းနီ ပြန်လာတော့ တော်တော်နေပူကောင်းနေပြီ…။ စောစောက ပြောသလိုပါပဲ…။ အထက်ပူအောက်ပူ …။ အဲဒိလို မသွားစဖူး နေပူထဲ အသွားထူးလို့ ဆီးအောင့်တာလားပေါ့…။ ဟုတ်တယ်…။ အရင်ရုံးမှာတုန်းကတော့ ဒီလောက်ခရီး က အိမ်ရှေ့နဲ့ အိမ်နောက်လောက်ရှိတာ…။ ငှက်ဖျားရောဂါရပြီး ပင်ပင်ပန်းပန်း မရှိခဲ့တာ ဆယ်နှစ်ကျော်လာပြီ…။ အင်းပန်းတဲ့ဒဏ်နဲ့ နေပူမိလို့ဖြစ်မှာပါလို့ ဖြေသိမ့်ရင်း ဆီးကသွားချင်လာတယ်…။ စောစောကမအောင့်ဆီးစ က ပြန်တင်းလာတယ်…။ ကျင်ချောင်းထိပ်ကို တစ်ခုခုနဲ့ စည်းကျပ်ထားသလိုခံစားရပြီး အဲဒိအပေါ်မှာ ဆီတွေ ပြည့်လာသလိုခံစားရတယ်…။ အပြင်းအထန်းဆီးသွားချင်လာတယ် …။ မအောင့်နိုင်ဘူး…။ အမြန်ထပြီး အောက်ကိုဆင်း….။ သွားရမယ့်နေရာကျတော့ ကိုယ်တော်ချောက ချောချာ ခြူခြူ မထွက်ပြန်ဘူး…။ အောင်းပြီး တစ်ဆို့ဆို့နဲ့ မနက်ကျဆေးခန်းသွားမှဖြစ်မယ်…။ နာရီကြည့်တော့ သုံးနာရီ ထိုးပြီ….။

4 comments

  • Khaing Khaing

    April 19, 2012 at 3:48 pm

    ကိုနေရေ ကန်တော့နော် ……… ရှားစောင်းလတ်ပတ်ကို အလယ်က အချွဲလေးတွေခြစ် သကြားလေးနဲ့ ခေါက်သောက်လိုက် သက်သွားလိမ့်မယ် အဝင်ဆိုးတယ်လို့မပြောနဲ့ အရက်လောက်မဆုံးဘူး …… ၂ ခါ လောက်သောက်လိုက်ပါ အရမ်းကောင်းတယ် ….. ဘေးဥပါဒ်မဖြစ်စေရဘူး အခိုင်ကိုယ့်တွေမို့ပါ ……..

    စကားမစပ် အခိုင့်ကိုလည်း ပိုက်ဆံလေးချေးပါလားဟင် အတိုးမယူပဲ မကြာစေရပါဘူး ၃ လလောက်ပါပဲနော်… လာတောင်းစရာလည်းမလိုဘူး ဘဏ်ကနေပြန်လွှဲပေးပါ့မယ် အဟီးးးးးးး ဆေးဖိုးဝါးခ ပေ့ါ ……. သမားတော်ကြေးပေးတယ်လို့သဘောထားပြီးချေးပါနော် ………

  • ဗိုက်ကလေး

    April 19, 2012 at 4:14 pm

    အူးလေး..ပြွန်နဲ ့ စုပ်ထုတ်ပါလားဗျ 😆
    လဂါးနောက်ဒါ..
    ဘာဖြစ်တာလဲမသိဘူး..တစ်လစ်ကြီးလုပ်နဲ ့
    လေ့လာမှတ်သားရအောင် မြန်မြန်ဆက်ပါ

  • blackchaw

    April 19, 2012 at 7:58 pm

    ကဲကြည့် ဗိုက်ကလေး က အကျင့်ကို မပျောက်ဘူး။
    အသည်းယားစရာကြီး ကိုနေရယ်။
    အဲဒါမျိုးကျတော့ ဆရာ ဗိုက်ကလေးတို့က
    ချက်ခြင်းပျောက်အောင်ကုနိုင်တယ်ဆိုလား…
    ပြောကြတာပဲ ပြောကြတာပဲ…။
    :mrgreen:

    • နေဝန်းနီ

      April 19, 2012 at 9:22 pm

      ကိုချောရေ….. ဗိုက်ကလေး ကပေါက်ဖော် ကချက်ချင်းပျောက်အောင်ကုနိုင်တယ်တယ်ဆိုတာက အသက်ကိုပြောတာလား….။
      @ ဗိုက်ကလေးရေ့….။ နင်ကသာမြန်မြန်ဆက်ရေးခိုင်းနေတာ မနေ့က အပိုင်း-၃ ရိုက်ပြီး မင်မိုရီ စတစ်ထဲထည့်သိမ်းလိုက်တာ ဘယ်လိုကဘယ်လို ဖြစ်သွားတယ်မပြောတတ်ပါဘူး….။ ရှိပြီးသားအပိုင်း=၂ ပျောက်သွားပြီး သူ့နေရာမှာ ထပ်သိမ်းလိုက်တဲ့ အပိုင်း-၃ ပဲ ပေါ်နေလို့ …။ ဒီနေ့မှ ရှိပြီးသား ၁ နဲ့ ၃ ကြားထဲ အကြမ်းရေးထားတဲ့ အထဲက ပြန်ရှာရိုက် အဲဒါနဲ့ စကားတွေ ဖောင်းပွကုန်ရော….။
      @ ခိုင်ခိုင်ရေ…။ ငွေချေးသွားတဲ့သူက ကိုယ့် အဒေါ်ဆီကချေးသွားတာပါ…။ ချေးသွားပုံကလည်း ပြောဦး …။ လက်သမားလုပ်ရင်း ပျဉ်ဝယ်ပေးမယ်ဆိုပြီး ငွေတောင်းသွားတာ…။ နောက် ငွေမလာ ပျဉ်မလာဖြစ်ပြီး အကြွေး စာရင်း မှတ်လိုက်ရတာပါတဲ့ ….။ တစ်ယောက်ယောက်ကို ငွေချေးပေးနိုင်လောက်အောင် ဘဏ္ဍာရေး မတောင့်တင်းပါဘူးကွယ်…။ တစ်ကောင်ထဲတောင် ဂဏန်းသွားသွားနေရတယ်ဆိုပဲ…။

Leave a Reply