အညာခရီးစဉ် (၄) လမ်းခရီးတစ်လျှောက် မြင်ကွင်းများ

weiweiApril 23, 20124min16512

ရွှေစက်တော်ကနေ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက် မြို့တွေကို ဖြတ်ပြီး ပုဂံကို သွားခဲ့တဲ့ လမ်းတစ်လျှောက်မှ ပုံရိပ်များဖြစ်ပါတယ်။ ကားပေါ်ကနေ လျှပ်တစ်ပြတ်ရိုက်ထားတာဖြစ်လို့ သေချာရိုက်ထားတဲ့ အလှပုံတွေတော့ မဟုတ်ပါဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ မရောက်တာကြာတဲ့သူတွေအတွက် ကားစီးရင်းမြင်ရတဲ့ မြင်ကွင်းတစ်ချို့ကို တင်ပြပေးချင်လို့ ဒီပို့စ်ကို တင်ဖြစ်ခြင်းဖြစ်ပါတယ်။

အညာဒေသဖြစ်ပေမယ့် ဆည်မြောင်းတွေကျေးဇူးကြောင့် လမ်းခရီးတစ်လျှောက် စိမ်းစိမ်းစိုစိုရှိပါတယ်။ သင်္ကြန်တွင်းမှာ မီးသတ်ပိုက်တွေနဲ့တောင် ရေကစားနိုင်ကြတာ တွေ့ခဲ့ရပါတယ်။ ဆိုးတာကတော့ အမူးသမားတွေနဲ့ ဆိုင်ကယ်သမားတွေပါပဲ။ အပျော်လွန်ပြီး လမ်းလယ်ခေါင်မှာ မူးရူးပြီး ကခုန်နေကြတာကတော့ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ခဲ့ရပါတယ်။ မနက် ၆ နာရီလောက် ငဖဲကနေထွက်ခဲ့ပြီး ပုဂံကို နေ့လည် ၃ နာရီလောက်မှာမှ ရောက်ခဲ့ပါတယ်။ လမ်းသိပ်မကောင်းလို့ အရမ်းမောင်းလို့မရသလို သင်္ကြန်တွင်း အလှူခံ မဏ္ဍပ်တွေလဲ အလွန်ပေါတာကြောင့် ခရီးသွားရတာ အချိန်နှောင့်နှေးနေခဲ့ပါတယ်။

ငဖဲမှ မင်းဘူးအသွား လမ်းတစ်နေရာ
လမ်းတလျှောက် စိမ်းစိမ်းစိုစို မြင်ကွင်း
ပွင့်ဖြူမြို့နယ်တစ်ဝိုက် မြင်ကွင်းများ
မြင်ရတာ မျက်စိအေးတယ်
ကျောင်းတော်ရာအသွားလမ်းဘေးတစ်နေရာမြင်ကွင်း
စေတီလေးတွေကလဲ ကြည်ညိုစရာ
ဆိုင်ကယ်တွေလဲ အလွန်ပေါတယ်
သစ်ပင်ကြီးတွေက အရိပ်ကောင်းကောင်းပေးနေတယ်
သင်္ကြန်ရေပက်နေကြတယ်
တံတားပေါ်ကဖြတ်မိစဉ် လျှပ်တစ်ပြက်ရိုက်ချက်
လမ်းတလျှောက် သာယာပါတယ်
တရုတ်စကားပင်နဲ့ စေတီဟောင်းလေးတွေ
ဆင်ဖြူကျွန်းတံတားပေါ်မှ မြင်ရသည့်လယ်စိုက်ခင်း
ဆင်ဖြူကျွန်းတံတား
ချောက်မြို့နယ်အတွင်းတစ်နေရာ
သဲချောင်းတွေလဲ ရှိသေးတယ်

လမ်းတလျှောက် အဆင်ပြေသလိုရိုက်ထားခဲ့သော ပုံရိပ်တစ်ချို့ဖြစ်ပါတယ် … အညာအလွမ်းပြေပေါ့ …

12 comments

  • weiwei

    April 23, 2012 at 11:57 pm

    ဒီပုံတွေတင်တာ အချိန်တော်တော်ပေးလိုက်ရပါတယ် .. ကော်နက်ရှင်က အတော်ဆိုးနေတယ် ..

  • Mလုလင်

    April 24, 2012 at 2:06 am

    အညာ ကို ခရေစိ တွင်းကျ မရောက်ဖူးပေမယ့် …. နောက် သွားရမယ့် စာရင်းမှာတော့ ထိပ်ဆုံးက ရှိပါကြောင်း …..

  • water-melon

    April 24, 2012 at 6:43 am

    ဦးဝေ မင်းဘူးက နဂါးပွက်တောင်တို့ မရောက်ခဲ့ဘူးလား

    • weiwei

      April 24, 2012 at 9:40 am

      စန္ဒကူးကျောင်းတော်ရာဘုရားတစ်ခုပဲ ဝင်ဖြစ်ခဲ့ပါတယ် …

  • ဆူး

    April 24, 2012 at 10:19 am

    ဆူး တပည့်တယောက်က ပွင့်ဖြူဖက်က သူ အမြဲ ပြောတဲ့ မွေးရပ်မြေ ပုံလေးတွေ ဖြစ်နေတယ်။

    အညာမှာ သင်္ကြန် ဘယ်လိုနေလဲ.. ကြုံရာ ရေနဲ့ ပက်ကြတယ်ဆို.. စိတ်ညစ်စရာ ကောင်းတာတွေ ဖြစ်မိသေးလား။

    • weiwei

      April 24, 2012 at 10:30 am

      အဝေးပြေးလမ်းပေါ်တွေမှာတော့ ဆည်ရေနဲ့ရေပက်ကြတယ် … ရေတွေအရမ်းပေါနေကြတာ တွေ့ရတယ် … မင်းဘူးဘက်အပိုင်းမှာ အလှူခံမဏ္ဍပ်လေးတွေထိုးပြီး ကားတွေကိုတားပြီး မုန့်လဲကျွေးရင်း အလှူခံကြတယ် … ကားကို လမ်းပိတ်ပြီး တားတာမို့လို့ မဖြစ်မနေ အလှူငွေပေးရတာတော့ရှိတာပေါ့ … မုန့်လေးတွေ ပြန်ဝေပေးတာမို့ အဲဒီဓလေ့က မဆိုးဘူးလို့တော့ ဆိုနိုင်ပါတယ် …

      တခြားမြို့နယ်တွေမှာက ဒီအတိုင်းကားကိုတားပြီး ဘိုးဘွားတွေကန်တော့ဖို့ဆိုပြီး အလှူခံတာမျိုးတွေရှိတယ် … အလှူခံနေတဲ့သူတွေက မူးရူးပြီး ကခုန်နေကြတာမို့ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ် …

      ထူးထူးခြားခြား ကျောက်ပန်းတောင်းမြို့က နှစ်ဆန်းတစ်ရက်နေ့မှာ ရေပက်တယ် …

  • မဝေဝေရေ မင်းဘူးကနေ ဆင်ဖြူကျွန်းထိ မိုင်(၅၀)ကျော်တယ်နော်။
    ဆင်ဖြူကျွန်းတော့ ခဏ၊ခဏရောက်ဖူးပါတယ်။ဧရာအနောက်ခြမ်းက
    နေ ပုဂံကိုသွားတာပေါ့ မမဝေဝေ

  • blackchaw

    April 24, 2012 at 1:35 pm

    မဝေရေ။
    မဝေရဲ့ အညာခရီးစဉ်စီးရီးကို ဖတ်ရင်း ကျွန်တော်ကြုံခဲ့ရတဲ့
    အညာ အဝေးပြေးလမ်းမပေါ်က အတွေ့အကြုံလေးတွေ ဝင်အားဖြည့်လိုက်ပါတယ်…။
    မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်မှာ
    အရက်ဖိုး အလှူခံကြတာ တော်တော် များများတွေ့ရတယ်။
    မပေးရင် ဝိုင်းရိုက်မယ့် ပုံစံမျိုးတွေနဲ့…။
    နှစ်ဆန်းတစ်ရက်နေ့
    ကျောက်ပန်းတောင်းကနေ မိတ္ထီလာအထိ
    လမ်းတစ်လျှောက် ရေပက်ကြတာ ကြုံခဲ့ရပါတယ်။
    အရမ်းပူနေတဲ့အချိန်ကြီး ရေပက်တော့
    သိတ်တော့ မကျေနပ်ခဲ့ဘူးပေါ့ဗျာ။
    ဘာပဲပြောပြော လမ်းတွေတော့ တော်တော် ကောင်းနေတာ တွေ့ခဲ့ရပါတယ်ဗျာ။
    အညာပြန်
    ဘလက်။

  • mocho

    April 24, 2012 at 2:53 pm

    အညာကို ငယ်ငယ်တုန်းကပဲရောက်ဖူးတယ် ၊ အဲတုန်း က ခြောက်ကပ်နေတာ မှတ်မိတယ်။ ခုတော့ မဝေရဲ့ ပုံတွေ ထဲမှာ စိမ်းစို နေတာပဲ ။ ရန်ကုန် မှာ တော့ နာဂစ် နောက်ပိုင်း သစ်ပင် တွေ ရှား ပြီး ဟုတ်တိပတ်တိလည်း ထပ်စိုက် တာ မတွေ့ ဘူး။

  • ahnyartamar

    April 24, 2012 at 3:36 pm

    မိုးရာသီဆိုရင် ဒီထက်ပိုလှတယ်၊ ပြီးတော့ ကားလမ်းဘေး ဝဲ၊ ယာ မှာ စိုက်ခင်းတွေက စိမ်းစိုနေတာပဲ မဝေရေ။
    ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။

  • ရောင်ခြည်ခ

    April 24, 2012 at 7:13 pm

    အညာပုံလေးတွေကြည့်ရတာ စိမ်းစိုနေတာပဲနော်.. ရှုခင်းလေးတွေလှလိုက်တာ…

  • ကြောင်ကြီး

    April 25, 2012 at 9:56 am

    အညာမှာ
    အညှာမသိ
    အတာကလိ
    အပါစတိ
    အဝှာအထိ
    အနာမိ
    အထာရှိဒဲ့
    အကာငပိ..။

Leave a Reply