ဒီစာကို ရေးဖြစ်သွားတာက ဂျာပွန်ကြီးကြောင့်ပါ..။ စိတ်ကို အရိုးခံအတိုင်း သွားချင်ရာသွားဖို့ လွတ်မထားခဲ့ရတာ အတော်ကြာပါပြီ။ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပြီလို့ ဆိုနိုင်ပါတယ်။ မနေ့ကတော့ ဂျာပွန်ကြီးကို ချစ်သူ ခင်သူတို့ လေးစားသူတို့က… အခုတ်တရ တွေ့ကြဆုံကြတာပေါ့.။ ကမ်းကြီးကတော့ အလုပ်ထဲမှာ သင်္ကြန်နယ်ပြန်သွားကြ တဲ့ကောင်တွေကမရောက်သေး..။ တစ်ယောက်ချင်းစီရဲ့ တာဝန်နဲ့ ယန္တရားတစ်ခုလို လည်ပတ်ရတဲ့အလုုပ်မှာ တစ်ယောက်ယောက် ပျက်ကွက်ရင် အလုပ်ဆက်လက်လည်ပတ်ဖို့က တော်တော်ကသီတာမလား.လေ..။ ဒီတော့ အဲဒီတစ်ယောက်စာ နှစ်ယောက်စာ အလုပ်တွေ တစ်ပုံကြီးကိုတစ်နေကုန်တစ်နေခန်းလုပ်နေ ရင်း ဂျာပွန်ကြီးနဲ့ အပေါင်းအပါတို့ရဲ့ ပါတီကိုတော့ သေချာပေါက်လွဲပါပြီလို့ ဝမ်းနည်းပက်လက် စိတ်လျှော့ထားလိုက်ပါတယ်။ စိတ်လျှော့လိုက်ကာမှ လုပ်သာ လုပ်နေရတယ် အလုပ်မှာလည်း စိတ်က ဘယ်ပါတော့မှာလဲဗျာ။
ဒါပေမဲ့ ဗျာချစ်လှစွာသော ရွာသား နော်တော်တွေ အစ်ကိုတော်တွေရော…ဂျာပွန်ကြီးကရော ငကမ်းကို လာစေချင်ကြတယ်…။ ငကမ်းကလည်း ဒီမှာအလုပ်သာ မပြီးတာ လာချင်လျက် ဆွေ့ဆွေ့ခုန်ဖြစ်နေတယ် ဆိုတော့ သူတို့က ခြောက်နာရီလောက်ကတည်းက ဆုံကြတာကို အားမနာလျှာမကျိုး ကျုပ်ကိုးနာရီလောက် လာရင်ဖြစ်မလားလို့ အရဲစွန့်မေးလိုက်မိတာကိုပဲ ……အားလုံးသော သူတော်ကောင်းပုဂိုလ်မြတ်များက စောင့်နိုင်ပါသတဲ့လေ….။ သို့ပေမဲ့လည်း ငကမ်းတစ်ယောက်မပျော်နိုင်သေးပါဘူး အလုပ်မပြီးသေးတာ ကိုယ်ပဲသိတယ်မလား. ။ နောက်ဆုံးတော့ အလုပ်ကို ခွေးနေရာမရသလို ကတုန်ကယင်ယယောင်ချောက်ခြားလုပ်လိုက်တာ ကိုးနာရီကျော်ပါရောပေါ့။ အလုပ်က တစ်ဝက်လောက်တော့ပြီးသွားတယ်။ အယ်ချုပ်ကို ကျုပ်အပြင်ကို မသွားမဖြစ်သွားရမယ့်အကြောင်း ပြောလိုက်တော့ အယ်ချုပ်မျက်နှာကလည်း တစ်ခါတည်း ပေါင်ချိန်မျက်နှာလိုဖြစ်သွားတာပဲ။ မတတ်နိုင်ဘူး။ သူ့ကို ပြောပြီးတာနဲ့ ကျုပ်လည်း အထုတ် ကောက်စွပ်၊ တွေ့တဲ့ကားတစ်စီးကောက်တက်ပြီး မြန်းခဲ့တာပဲ…။ ပြောချင်တာက အခုမှ စတာဗျ..။
ဂျာပွန်တို့ အုပ်စုဆီကိုရောက်တော့ ကိုးနာရီခွဲနေပြီ.။ သူတို့က ရောက်ရောက်ချင်း ငကမ်းကို ဆောက်နဲ့ထွင်းကြတယ်။ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဗိုလ်ကြီးက ငကမ်းရောက်ရောက်ချင်း ဂျာပွန်ကြီးရှေ့မှာ ငကမ်းကို ကဗျာရွတ်ခိုင်းတာပါပဲ ..။ အဲဒီအခိုက်အတန့် စက္ကန့်ပိုင်းလေးက စိတ်ခံစားမှုဟာ ကျွန်တော်ဒီစာကို ရေးဖို့ဖြစ်လာရတဲ့ အကြောင်းအရင်းခံပေါ့ခင်ဗျာ….။ အဲဒီညက ကျွန်တော်တို့ ပေါ့ပါးခဲ့ကြတယ်။ လွတ်လပ်ခဲ့ကြတယ်။ ကျွန်တော်တို့ဘဝမှာ လေလံနေတဲ့အရာတွေ ထမ်းပိုးထားရတဲ့အရာတွေ အကုန်လုံးကို ကျွန်တော်တို့ ကိုယ်ပေါ်က ခွာချထားခဲ့ကြတယ်။ ဟုတ်တယ် အဲဒီညလေးဟာ ကျွန်တော်တို့ရဲ့ မွေးကင်းစ ကလေးငယ်ဘဝကို ပြန်ရခဲ့တဲ့ ညတစ်ညပါပဲ ။ အဲဒီအတွက် ဂျာပွန်နဲ့တကွ နော်တော်များ မိတ်ဆွေများ ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဟုတ်ပါတယ် ကျွန်တော်လည်း လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က အဲဒီလို လွင့်ခဲ့၊ လွတ်ခဲ့၊ ပေါ့ပါးခဲ့၊ ကြောက်မယ်ဖွယ် သေပွဲဝင်ခဲ့ဖူးပါရဲ့…..။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က………..
……….
သူ့အနေအထိုင်နဲ့ ကိုယ့်အယူအဆတွေ ပေါင်းစပ်ထားပြီး
မင်းကဒို . . .ငါက မီ . . ဟိုကောင်က ရေ့ . .ဆို . .ဖာ. .လာ . .
ဆိုပြီးတော့ . .
ဝါကျတွေအောက်မှာ ကြမ်းတပြေးတည်း ထိုင်နေကြတယ်
………
တစ်ခါသားက ကျွန်တော်တို့ဟာ …မြောက်ဒဂုံက အရာရှိကြီးတွေ …..သူဌေးကြီးတွေရဲ့ အံ့ဘနန်း တိုက်ဖြူခြံဝင်းကြီးတွေ ကြားမှ သေးနုပ်လှတဲ့ ဒုတ်ထိုးအိုးပေါက် အိမ်ကလေးတစ်လုံးမှာ……ဂီတအဖွဲ့လေး တစ်ခုအစပျိုးခဲ့ကြတယ်…။ ခြေတစ်ပေါင်ကျိုး ဂီတသမား၊ တေးရေးဆရာ၊ ပန်းချီဆရာ၊ ကဗျာဆရာတွေလို့ဆိုရမှာပေါ့။ ပိုင်ဆိုင်မှုက တော့ ထမင်းအိုးတစ်လုံးရယ်။ အမှုကိစ္စအားလုံးအတွက် သုံးရတဲ့ ဒယ်အိုးတစ်လုံးရယ်…။ ငရုတ်သီးကြက်သွန်ထည့်ထောင်းတဲ့ ငါးသေတ္တာ ဗူးခွံလေးတစ်လုံးရယ်..အဲဒီငါးသေတ္တာထဲကို ကြက်သွန်ထည့်ထောင်းတဲ့တူလက်ကိုင်ရိုးတစ်ချောင်းရယ်..။ လျှပ်စစ်ကွိုင်မီးဖိုတစ်လုံးရယ်။ ဂစ်တာနှစ်လက်ရယ်…။ ပင်နာဆိုးနစ် ကီးဘုတ်တစ်လုံးရယ်…။ သီချင်းစာအုပ်အထပ်လိုက်ရယ်။ ရေးလိုက်စ စာရွက်အပိုင်းအစတွေရယ်။ လူခုနှစ်ယောက်ရှစ်ယောက် လက်ယောင်လိုက်နေတဲ့ စာအုပ်ကြီးငယ်မျိုးစုံရယ်.။ ဝါးထရံကြားမှာ လွှားထားတဲ့ နဗားနားကက်ကိုဘိန်း ဓါတ်ပုံရယ်. ပေါ့။ စောင်အစုတ်လေးငါးထည်ရယ်။ ဘယ်တော့မှမထောင်ဖြစ်ပဲ ခေါင်းအုံးဖြစ်နေရှာတဲ့ ခြင်ထောင်အစုတ်နှစ်လုံးရယ်ပဲရှိတာပါ။
ဒီအလေအလွင့်တွေ စားသောက်ဖို့ ဝင်ငွေကတော့ စာနယ်ဇင်းက အတိုအစ ရေးလို့ရတဲ့ ဝင်ငွေ မဖြစ်စလောက်ရယ် ။ ရံခါကျရင် တီးဝိုင်းမန်နေဂျာ ထောက်ပံ့တဲ့ ငွေကြေးအချို့ရယ်နဲ့ အဲဒီတုန်းက တစ်ယောက်တည်းသော အလုပ်လုပ်တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ ဝင်ငွေရယ်ပေါ့.။ အဲဒီကာလဟာ ကဗျာတစ်ပုဒ်ကို တစ်ထောင်နဲ့ ထောင့်ငါးရာ ရတဲ့ ကာလလို့လည်း ဆိုနိုင်တာပေါ့လေ.။ ကျွန်တော်တို့ စတင်ဖြတ်သန်းတုန်းကတော့ ကဗျာတစ်ပုဒ်ကို သုံးရာ နဲ့ စာအုပ်တစ်အုပ်လက်ဆောင်ရတဲ့အချိန်က စတင်ခဲ့ရပါတယ်။ ……..
ဒီလိုနဲ့ တစ်နေ့တစ်နေ့ကို ဒီလူအုပ်စားဖို့ သောက်ဖို့ ဝင်ငွေကို နေ့တစ်ဝက်လောက်ပူပန်အချိန်ပေးပြီးရင် ကျန်တဲ့အချိန်တစ်ဝက်ကို အနုပညာအတွက် ရူးသွပ် ပေါက်ကွဲခဲ့ကြပါတယ်။
မနက်ကတည်းက ထွက်သွားတဲ့ အမဲလိုက်မုဆိုးကလည်း
ခုထိ တောထဲမှာပဲ ရှိနေသေးပုံရတယ်
အခန်းထောင့်မှာတော့ ကဗျာနဲ့ သီချင်းစပ်ကျထားတဲ့ စာရွက်အပိုင်းအစတွေ
ငြိမ်ငြိမ်သက်သက် အ ိပ်နေကြတယ်
ဒီမှာဘက်ထောင့်မှာတော့ ( . .) ဝူရှူးဆော့နေပုံပန်းချီကား
ပြီးတော့ (. .) ရဲ့ သူ့ဆံပင်လို ဒေါသကြီးနေတဲ့ သံစဉ်တွေ
မှောက်လျက် လဲကျနေတဲ့စာသားတွေ
ဟေ့ကောင်တွေ . . .ကတ်ကိုဘိန်း ပုံကို
နေထိုးနေတဲ့ ဝါးထရံကြားမှာ ထောင်ထားမှပေါ့ကွ
မြောက်ဒဂုံက အဲဒီအိမ်လေးမှာ
ကတ်ကိုဘိန်း ခဏတစ်ဖြုတ်
အသက်ပြန်ဝင်လာတာကိုပဲ ဒီ မိတိုးကြီးက
ပြောပြောဆိုဆိုရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေတုန်း
ဟေ့ကောင်တွေ မုဆိုးကလည်း ကြာလိုက်တာကွာ
မုဆိုးက သားကောင်များဖြစ်သွားပြီလား
………
ကျွန်တော်တို့ မုဆိုးတွေ ဟာ အလှည့်ကျ ရိက္ခာရှာရပါတယ်။ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင် ရေကြည်ရာမြက်နုရာကရှာလို့ ရတဲ့ ရိက္ခာတွေကို ရှာလာတဲ့ အဖွဲ့ဝင်မုဆိုးတွေ ဟာ ညနေခင်းတင်းကုပ်လေးကို ဆန္ဒဇောအပြည့်သားနဲ့ ချီတက်လာလေ့ရှိကြတယ်။ ဒီ တိုးလျှိုပေါက်စတူဒီယိုလေးထဲက စာရွက်ပုံတွေ ကြားကနေ ကျနော်တို့ဟာ အစာရှာသွားတဲ့ မုဆိုးကို အားကိုးတကြီးမျှော်လေ့ရှိကြပါတယ်။ စတူဒီယို ထဲမှာဆိုရင်တော့ ကိုယ်တို့ဟာ ဘယ်တော့မဆို ပုဆိုး နံငယ်ပိုင်းကလေး ပတ်ထားရုံကလွဲလို့ ဘယ်တော့မဆို အကျီကိုဝတ်လေ့မရှိကြဘူး ။ ပူအိုက်လွန်းတဲ့ ရာသီဥတုကို ကာကွယ်ဖို့က ဒီတစ်နည်းပဲရှိတာကိုး။ အိမ်ရှေ့ ရေတိုင်ကီ အစုတ်ကလေးထဲက တစ်စည်ကို နှစ်ရာပေးရတဲ့ ရေကိုကျတော့ မြို့ထဲသွား ရိက္ခာရှာမယ့်လူအတွက် ဦးစားပေးထားရတာမို့ပါ။ တစ်ခါတစ်ရံ အိ်မ်ကလေးမှာ လူတွေ အများကြီး ရှိလျက်နဲ့ အံ့ဖွယ်တိတ်ဆိတ်နေတတ်ပါသေးတယ်။ တစ်ယောက်က ဂစ်တာကို တိုးတိုးညင်သာ လေး ကုတ်နေပြီဆိုရင် အခြားတစ်ယောက်က ဝမ်းလျားမှောက်ပြီး တကုတ်ကုတ်ရေးခြစ်နေတတ်ပါတယ်။ အခြားတစ်ယောက်ယောက်က မိုးဖိုချောင်ဝင်လိုဝင်။ အခြားတစ်ယောက်ကတော့ အိမ်နောက်ဖေးက ကွင်းထဲမှာ ကနဖော့ ခူးချင်ခူး ကန်စွန်းရွက်ခူးချင်ခူးနေပေါ့။
တစ်ခါတစ်ခါ စိတ်မထင်ရင် မထင်သလို ပြုမူတတ်တဲ့ လူ့အောက်ဆိုက်ဒါတွေ မုဆိုးတွေ ဆိုတော့ အပြင်ကိုသွားတဲ့ မုဆိုးအတွက်လည်း တွေးပူရသေးတယ်။ ပြီးလို့ရှိရင် တစ်ယောက်ယောက်က အလန့်တကြားထအော်မယ်..။ ဟေ့ကောင်တွေ ကြည့်စမ်း ဝါးထရံမှာ ကပ်ထားတဲ့ ကတ်ကိုဘိန်းပုံကို နေထိုးထားတော့ ငါတို့ ကိုဘိန်းကြီး အသက်ပြန်ရှင်လာသလိုပဲဟေ့…။ ဆိုပြီးတော့ ပြောလိုပြော။ ပြီးရင် ဟေ့ကောင်ကြီးကိုဘိန်း မင်း ကိုတော့ ငါတို့တွေ ရေလည်လန်ကျွတ်ပါတယ်ကွာ လို့ စကားပြောလိုပြောပေါ့။
အူတွေ လမ်းဆင်းမလျှောက်ခင်
သိဒ္ဒတ္ထစာအုပ် တစ်ယောက်ယောက်အော်ဖတ်နေစမ်းကွာ
ပြီးတော့ ဒီည မိုးရွာနိုင်တယ်ဟေ့ ဂစ်တာတွေ ၊ စာအုပ်တွေ
သီချင်းတွေကို အလယ်မှာပုံပြီး စောင်ခြုံထားကြစမ်းကွာ
ဟိုမှာ……..သေနတ်ကြီးထမ်းပြီး သီချင်းသွားရောင်းတဲ့ မုဆိုးပြန်လာပြီ
ဟေ့ မုဆိုး မင်းအိမ်ထဲမဝင်နဲ့ဦး
စားစရာဆန်နဲ့သောက်စရာ အရက်ပါတစ်ခါတည်းသွားဝယ်လိုက်ကွာ
ဒီညအတွက်တော့ မုဆိုးဟာ ဖန်ဆင်းရှင်ပဲ
ဟေ့ ငါတို့ မုဆိုးတွေဟာ အမဲလိုက်ဝါသနာ မပါပေမယ့်လည်း
ဒီအတိုင်း သေပြန်ရင် အဖန်ငါးရာ ငါးကမ္ဘာ ဥပေဒသထဲ
အကျုံးဝင်သွားမှာ စိုးလို့ ဆိုပြီး ယုံကြည်ထားကြတယ်
ညရောက်ရင် ကိုယ်စီကိုယ်စီ အတင်းကာရော ပုံပြင်တွေပြောကြတော့
ငါတို့ အိမ်ရှေ့က နီကြင်ကြင် အစင်းကြောင်းဟာ
အလန်ဂျင်းစဘတ်ရဲ့ ဂျက်ဆိုရီ လမ်းမပေ့ါကွာ
………
မုဆိုး ပြန်မလာခင် အိုးထဲမှာ ဆန်မရှိ ဆီမရှိ…..။ အူတွေ လမ်းဆင်းလျှောက်အစာရှင်ချင်နေတဲ့ စိတ်ကို စာအုပ်ထဲကို မောင်းမောင်းပို့ထားရတယ်။ အဲဒီကာလက ကိုယ်တို့ကြွေတဲ့စာတစ်အုပ်အကြောင်း ခဏခဏေြ့ပာဖြစ်ခဲ့တုန်းကပေါ့။ ဆရာပါ ဘာသာပြန်တဲ့ ဂျာမန်စာရေးဆရာ ဟားမန်းဟဲလ် ရဲ့ သိဒ္ဒတ္ထ စာအုပ်။ လမ်းမထိပ်က ကွေ့မယ့်အချိုးလေးဆီကို အားလုံးဟာ မတိုင်ပင်ရဘဲ ငေးနေလေ့ရှိကြတယ်။ အိမ်ပြန်လာတဲ့ မုဆိုးကို လှမ်းမြင်လိုက်ရပြီဆိုရင် အားလုံးဟာ ဟေး ကနဲ တစချက်အော်ပြီး အချင်းချင်း လက်ဝါးချင်း ရိုက်လိုက်ကြတယ်။ မျက်လုံးတွေ လက်လက်တောက်လာကြတယ်။ ငေးမှိုင်နေတဲ့ မျက်လုံးတံခါးတွေ ပွင့်သွားကြတယ်။ အဲဒီအချိန်ဆို အချင်းချင်းသိပ်ကို ကြင်တာတတ်ခဲ့ကြပါတယ်။
မုဆိုးရောက်လာလို့ရှိရင် ကိုုက်တစ်ထောင်လောက်က ရပ်ကွက် ကုန်စုံဆိုင်ကလေးမှာ ညနေစာအတွက် ဝယ်ခြမ်းဖို့အားထုတ်ရတယ်။ အဲဒီကုန်စုံဆိုင်ကလေးကလည်း စာရေးဆရာ၊ သီချင်းရေးဆရာတွေ ဆိုပြီးတော့ ဒီအုပ်စုကို တော်တော်လေး ကောင်းရှာပါတယ်။ အဲဒီတုန်းက ကာလမျိုးမှာ တစ်ခါတစ်ခါဝယ်ရင်တစ်သောင်းနီးပါးတောင်အကြွေးပေးတတ်ပါတယ်။ မုဆိုးတွေကလည်း တစ်ခါတစ်ခါ အနုပညာကြေးကလေးရလာရင် မက်မက်စက်စက်သုံးတတ်ကြတာဆိုတော့ သူတို့ကလည်း ဘီဇနက်တစ်ခုလိုဖြစ်နေတာပေါ့။ ယုတ်စွအဆုံး ဒီလူစုသောက်ဖို့အရက်ကိုတောင် ပါကင်အထပ်လိုက်ဝယ်ထားပြီးတော့ ရောင်းပါသဗျ။ ထိုစဉ်တုန်းက ဂျွန်စတို်င်းဘက်ရဲ့ တော်တီလာဖလက်ကိုလည်း ကိုယ့်လူတွေက ကြွေနေကြတာကိုး။ စားစရာနဲ့ သောက်စရာရလာလို့ရှိရင် …အဲဒီတုန်းက ပယင်းရောင်ညနေဝိုင်းတွေဟာ သ ိပ်ကို စိုပြေခဲ့ဘူးတယ်။ လူစုံပြီး ဝိုင်းကြပြီးဟေ့ဆိုရင် စကားဝိုင်းထဲက မျက်ရည်တွေကို ခြွေယူတဲ့သူနဲ့..။ မြေနီလမ်းနံဘေးက တောပန်းကလေးကအစ ကြင်နာတတ်သူနဲ့….အမြင်မှာ ရိုင်းသလောက် အတွင်းမှာ နုညံ့သိမ်မွေ့ခဲ့ကြဖူးပါတယ်။
…..
အဲဒီလမ်းမမှာ မင်းက မနက်ဖြန်ညကျရင် ဝမ်းစာအတွက်ဖားသွားရိုက်ရမယ်
ကင်မရာမင်းက ဓါတ်မီးရှာလာခဲ့. .
အဲဒီ ကို( . .) က ပုံစပြောတယ် . .
ပြီးတော့ ငါတို့ အိမ်အောက်က ကက်စပီယန်ပင်လယ်မှာ
ထူးဝေက ငါးမျှား
ဒီပုံပြင်တွေကို တော်စတွိုင်းနဲ့ ရှိတ်စပီးယားပုံပြင်တွေကြား ရောပြီး သိမ်းထား
ဝိုင်ချိုတို့ သစ္စာတို့ လာတဲ့နေ့ကျရင် ဖတ်ရတာပေါ့ကွာ
ပြီးတော့ ငါးပိနံ့ရရင် ရာမျိုးကို သတိရရတာနဲ့
အိမ်ခေါင်မိုးကို ခဲမှန်ရင် ဂျူဂျူးလေးလာပြီလို့ ပျော်ရတာနဲ့
အိမ်နောက်ဖေးက ထင်းချိုးနေတဲ့ကောင်တွေ
မြွေနဲ့ (. .) လွွှှင့်ပစ်ထားတဲ့ ခရုခွံတွေကို သတိထား
ဟား . . ဟာ း . . ဟား ရပ်ကွက်ထဲကတော့ တို့ကို ဂစ်တာတီးတဲ့ တာဇံတွေလို့
ခေါ်ကြလိမ့်မယ်ကွ. ..
…
တဖြည်းဖြည်း နဲ့ ကုန်ဈေးနှုန်းက မြင့်လာ။ အလုပ်လက်မဲ့များတဲ့ လူအုပ်ရှိတဲ့အခါကျရင်တော့…မုဆိုးအုပ်စုဟာ စားဝတ်နေရေး အရမ်းကြပ်လာတဲ့အခါမျိုးမှာ ကြံရာမရဖြစ်တတ်ကြပါတယ်။ တကယ့်ကျောက်ခေတ်ကိုရောက်သွားတဲ့အတိုင်း ဗိုက်ထဲကို အစာတစ်ခုခုထည့်နိုင်ဖို့ ကြံစည်ရတဲ့အဆင့်ကို ရောက်ခဲ့ရပါတယ်။
မြို့ထဲက 35 လမ်းကို ဒီနေ့ ဗွီဒီယို ကားရိုက်ရှိလိုရှိငြားသွားတဲ့ ကင်မရာမင်းကို ဓါ့တ်မီးတစ်လုံးရှာလာခိုင်းပြီး ညနေ ဖားရိုက်ဖို့စီစဉ်ရပါတယ်။ နေ့ခင်းက မိုးက သဲကြီးမဲကြီးရွာထားတာကိုး ။
အဲသလိုများ မိုးရွာပြီဆိုရင် ကိုယ်တို့ရဲ့ ကြယ်မြင်လမြင်အိမ်ကလေးမှာ လူကို စိုချင်စိုစေ စာအုပ်တွေ ၊ ဂစ်တာတွေ ကီးဘုတ်တွေကို ရှိရှိသမျှ အနုပညာ ပစ္စည်းတွေကို စောင်တွေနဲမိုးယိုလွတ်ရာမှာ အုပ်ပြီး မိုးရေထဲ ကြောက်မယ်ဖွယ် တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေခဲ့ကြရတယ်။ ညဖက်ဖားရိုက်ထွက်တဲ့အခါ အခြေအနေမသင့်လို့ ရဲစခန်းကို လည်း ရောက်ခဲ့ရဘူးပေါ့။ ရလာတဲ့ဖားတွေကို ဆီကလေး နည်းနည်း ဆားကလေးနည်းနည်းနဲ့….အိမ်နောက်ဖေးက ကင်ပွန်းချဉ်နဲ့ရော်ကြော်ပြီး စားခဲ့ရတဲ့ အချိန်တွေဟာ အခုတော့ အိပ်မက်တစ်ခုလိုပါပဲ။
တစ်ခါတစ်ခါတော့ နယ်က ကယ်တင်ရှင်ကဗျာဆရာတွေ ရောက်လာပြီဆိုရင် မုဆိုးတွေဟာ လက်ထပ်ခါနီး သတိုးသမီးလိုဖြစ်ဖြစ်သွားတတ်ပါတယ်။ ပြည်သား ကဗျာ ဆရာတစ်ယေက်ဟာ ငွေ 7 သိန်းပိုက်ပြီး ရန်ကုန်ဆင်းချလာပါတယ်။ ပြည်မှာ ကြယ်လွဲမိုး ဆိုတဲ့စာအုပ်အရောင်းဆိုင်ဖွင့်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ ဒါပေမဲ့ ဒီ မုဆိုးတို့ရဲ့ ဌာနချုပ်ကို ရောက်တဲ့အခါမှာတော့ ငွေ 3 သိန်းခွဲကို ကြည်ကြည်ဖြူဖြူ အသုံးတော်ခံသွားဖူးပါတယ်။ တစ်ခါသားကလည်း ငါးပိကုန်သည် ကဗျာဆရာတစ်ယောက်ဟာ ဌာနချုပ်ကို ရောက်လာပြီး စိတ်ခံစားမှုကို အဆုံးစွန်ဖွင့်ထုတ်ရင်း လွတ်မြောက်သွားလို့ ပိုက်ဆံအိပ်နဲ့ မှတ်ပုံတင်ပျောက်သွားလို့ အိမ်ပြန်ခရီးကို သရိုးသရီနဲ့ပြန်သွားခဲ့ရဖူးပါတယ်။ တစ်ခါတစ်ခါတော့လည်း ကျောင်းတက်နေတဲ့ ဂီတဘဏ်ရဲ့ ဒရမ်မာလေးဟာ အိမ်ကို လာလို့ရှိရင် အဝေးကြီးကတည်းက အိမ်ခေါင်မိုးကို ခဲနဲ့ပေါက်လေ့ရှိပါတယ်။ အခက်အခဲအမျိုုးမျိုးကြောင့် ကိုယ့်စိတ်နှလုံးသုံးပါး နုံးခွေနေကြတဲ့ မုဆိုးတွေ ဟာ တိတ်ဆိတ်နေတဲ့ အချိန်မှာ မိုးခြိမ်းသံမျှ မြည်တဲ့ ခေါင်မိုးကို ခဲမှန်တဲ့အခါကျရင် ဒေါသထွက်ရမယ့်အစား ဟေးကနဲ ခုန်ပေါက်တဲ့အထိ ပျော်တတ်ကြပါတယ်။ ဒီ ဒရမ်မာလေးဟာ ပုံမှန်ရိက္ခာလာလာပြီး ထောက်ပံ့တတ်လို့ပါပဲ။
တစ်ခါတစ်ခါ ကိုယ်လည်း ငွေကြေးအပိုအစ ရှိရင် ရိက္ခာအတွက် ငါးများကိရိယာတွေဝယ်ပြီး အိ်မ်အောက်က ကက်စပီယန်ပင်လယ်မှာ ငါးမျှားပြီး ရှာကျွေးတတ်ပါသေးတယ်။ အိမ်ပြန်ပြီးတော့လည်း ရိက္ခာစိုခြောက်တွေကို ခိုးလာတတ်ပါသေးတယ်။ တစ်ခါကပေါ့။ ကိုယ်တို့မျှားထားတဲ့ ငါးမျှားတံမှာ ဧရာမ ရေမြွေကြီးတစ်ကောင်မိပါလေရော။ အဲဒီတုန်းက မလေးက အလုပ်လုပ်ပြီး ပြန်လာတဲ့အစ်ကိုကြီးတစ်ယောက်ဟာ အဲဒီမြွေကို သုတ်သင်ပြီး စာဖိုမှူးလက်စွမ်းပြလိုက်တာ…အံ့ဩတုန်လှုပ်တဲ့ မြွေသားမစားတဲ့ ကဗျာဆရာနဲ့ မြွေသားအရမ်းကြိုက်တဲ့ ကဗျာဆရာဆိုပြီး ဂိုးဏ်နှစ်ဂိုးဏ်အခိုက်အတန့် ကွဲသွားဖူးတယ်။ ဆံပင်တွေ ဘုတ်သိုက် …။ လီဗိုက်၊ အောစတာ၊ ကန်ထရီးဒေါက်တွေနဲ့မုဆိုးတွေကို အဲဒီရပ်ကွက်က အလုပ်သွားအလုပ်ပြန် ပျိုပျိုအိုအိုတွေကလည်း ဂစ်တာတီးတဲ့ တာဇံတွေ ဆိုတဲ့ ဘွဲ့ကို ချီးမြင့်လိုက်ကြပါတော့တယ်။
ဒီထဲမှာ ဘူမိနဲ့ကျောင်းပြီးတဲ့ကောင်ရော ပါလား
မင်းက ရေရှာထွက်ရမယ်
၃၃ ထိပ်နဲ့ ပတ္တမြားလမ်းဆုံမှာ ရေအိုးစင်ရှိနိုင်တယ်
ဟော့ဒီမှာ ကဗျာဆရာငါးမျှားချိတ်မှာ မြွေမိတယ်ဟေ့
မြွေသားမစားတဲ့ကောင်တွေ ဟိုဘက်ကိုသွား
ဟေ့ကောင် ဒေးဗစ်ဆင်သိန်း ငါအစာအိမ်ခန်းခြောက်တဲ့
ဝေဒနာ ကဗျာကိုရွတ်နေရင် ကီးဘုတ်ကို အကျယ်ကြီးမတီးနဲ့လို့
ဘယ်နှစ်ခါ ပြောရမလဲ
ဒါလောက် အသံထွက်ချင်နေတဲ့ ကီးဘုတ်ကို
အပေါင်ဆိုင် ပို့ထားလိုက်ကြစမ်းကွာ
လပြည့်ညတွေမှာ
မိုးကောင်းကင်ကို နှုတ်သီးထောင်ပြီး အူတဲ့
မြေခွေးတွေလို ငါတို့ဘဝတွေ
ကြောက်ကြောက်လန့်လန့်နဲ့ ငါတို့ သေပွဲဝင်ခဲ့ရပုံတွေ
မယုံကြည်နိုင်စရာ အရိုင်းကောင်တွေရဲ့ဘဝမှာ
မီးက ရေကြည်ရာ မြက်နုရာ အရပ်မှာ လောင်ခဲ့ပြီကော………။ ။
……..
ှဌာနချုပ်ကို စွန့်ခွာခါနီးမှာတော့ ကဗျာဆရာတွေဟာ အသက်ဓာတ်ခမ်းခြောက်မတတ် ဒုက္ခဝေဒနာကို ခံစားကြရပါတယ်။ အိပ်ရာမထနိုင်တော့တဲ့လူတွေအတွက် ရပ်ကွက်ထဲက ရေအိုးစင်မှာ ရေရှာထွက်ပြီး အဲဒီမှာရေကိုအဝသောက် လဲနေတဲ့လူအတွက် ရေဗူးနဲ့ခပ်ထည့်ပြီး အပြန်အလှန်စောင့်ရှောက်ခဲ့ကြရတယ်။
ကိုဂျာပွန်ရေ့….အခုတော့
အဲဒီထဲက အတော်များများဟာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ တောက်ပဝင့်ထယ်လို့နေနေကြပါပြီ။ တစ်ချို့တွေကလည်း မတူညီတဲ့ လမ်းခရီးကို ခွဲခွာထွက်သွားခဲ့ကြပါပြီ။ မနေ့က ခင်ဗျားဆီက ကူးလိုက်တဲ့ မီးတောက်လေးတစ်စဟာ ကျွန်တော်အခုလို အတိတ်ကို ပြန်ရောက်သွားလောက်အောင် လုံးလောက်ခဲ့ပါတယ် …..ဒါကြောင့် မနေ့က တွေ့ဆုံခဲ့ကြတဲ့ ညီအစ်ကိုတော်များ အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း ပြောလိုက်ပါရစေဗျာ……
ခင်တဲ့..
ဟိုမရောက် ဒီမရောက်
ကမ်းကြီး……
ကဗျာလေး ပြန်ဖေါ်ပြလိုက်မယ်နော…
…………
ဒဏ်ရာပေါင်းချုပ် အသင်း
– marblecommet|189- Hits|
Posted by marblecommet on Oct 9, 2011 in Creative Writing, Poetry | 2 comments
သူ့အနေအထိုင်နဲ့ ကိုယ့်အယူအဆတွေ ပေါင်းစပ်ထားပြီး
မင်းကဒို . . .ငါက မီ . . ဟိုကောင်က ရေ့ . .ဆို . .ဖာ. .လာ . .
ဆိုပြီးတော့ . .
ဝါကျတွေအောက်မှာ ကြမ်းတပြေးတည်း ထိုင်နေကြတယ်
မနက်ကတည်းက ထွက်သွားတဲ့ အမဲလိုက်မုဆိုးကလည်း
ခုထိ တောထဲမှာပဲ ရှိနေသေးပုံရတယ်
အခန်းထောင့်မှာတော့ ကဗျာနဲ့ သီချင်းစပ်ကျထားတဲ့ စာရွက်အပိုင်းအစတွေ
ငြိမ်ငြိမ်သက်သက် အ ိပ်နေကြတယ်
ဒီမှာဘက်ထောင့်မှာတော့ ( . .) ဝူရှူးဆော့နေပုံပန်းချီကား
ပြီးတော့ (. .) ရဲ့ သူ့ဆံပင်လို ဒေါသကြီးနေတဲ့ သံစဉ်တွေ
မှောက်လျက် လဲကျနေတဲ့စာသားတွေ
ဟေ့ကောင်တွေ . . .ကတ်ကိုဘိန်း ပုံကို
နေထိုးနေတဲ့ ဝါးထရံကြားမှာ ထောင်ထားမှပေါ့ကွ
မြောက်ဒဂုံက အဲဒီအိမ်လေးမှာ
ကတ်ကိုဘိန်း ခဏတစ်ဖြုတ်
အသက်ပြန်ဝင်လာတာကိုပဲ ဒီ မိတိုးကြီးက
ပြောပြောဆိုဆိုရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေတုန်း
ဟေ့ကောင်တွေ မုဆိုးကလည်း ကြာလိုက်တာကွာ
မုဆိုးက သားကောင်များဖြစ်သွားပြီလား
အူတွေ လမ်းဆင်းမလျှောက်ခင်
သိဒ္ဒတ္ထစာအုပ် တစ်ယောက်ယောက်အော်ဖတ်နေစမ်းကွာ
ပြီးတော့ ဒီည မိုးရွာနိုင်တယ်ဟေ့ ဂစ်တာတွေ ၊ စာအုပ်တွေ
သီချင်းတွေကို အလယ်မှာပုံပြီး စောင်ခြုံထားကြစမ်းကွာ
ဟိုမှာ……..သေနတ်ကြီးထမ်းပြီး သီချင်းသွားရောင်းတဲ့ မုဆိုးပြန်လာပြီ
ဟေ့ မုဆိုး မင်းအိမ်ထဲမဝင်နဲ့ဦး
စားစရာဆန်နဲ့သောက်စရာ အရက်ပါတစ်ခါတည်းသွားဝယ်လိုက်ကွာ
ဒီညအတွက်တော့ မုဆိုးဟာ ဖန်ဆင်းရှင်ပဲ
ဟေ့ ငါတို့ မုဆိုးတွေဟာ အမဲလိုက်ဝါသနာ မပါပေမယ့်လည်း
ဒီအတိုင်း သေပြန်ရင် အဖန်ငါးရာ ငါးကမ္ဘာ ဥပေဒသထဲ
အကျုံးဝင်သွားမှာ စိုးလို့ ဆိုပြီး ယုံကြည်ထားကြတယ်
ညရောက်ရင် ကိုယ်စီကိုယ်စီ အတင်းကာရော ပုံပြင်တွေပြောကြတော့
ငါတို့ အိမ်ရှေ့က နီကြင်ကြင် အစင်းကြောင်းဟာ
အလန်ဂျင်းစဘတ်ရဲ့ ဂျက်ဆိုရီ လမ်းမပေ့ါကွာ
အဲဒီလမ်းမမှာ မင်းက မနက်ဖြန်ညကျရင် ဝမ်းစာအတွက်ဖားသွားရိုက်ရမယ်
ကင်မရာမင်းက ဓါတ်မီးရှာလာခဲ့. .
အဲဒီ ကို( . .) က ပုံစပြောတယ် . .
ပြီးတော့ ငါတို့ အိမ်အောက်က ကက်စပီယန်ပင်လယ်မှာ
ထူးဝေက ငါးမျှား
ဒီပုံပြင်တွေကို တော်စတွိုင်းနဲ့ ရှိတ်စပီးယားပုံပြင်တွေကြား ရောပြီး သိမ်းထား
ဝိုင်ချိုတို့ သစ္စာတို့ လာတဲ့နေ့ကျရင် ဖတ်ရတာပေါ့ကွာ
ပြီးတော့ ငါးပိနံ့ရရင် ရာမျိုးကို သတိရရတာနဲ့
အိမ်ခေါင်မိုးကို ခဲမှန်ရင် ဂျူဂျူးလေးလာပြီလို့ ပျော်ရတာနဲ့
အိမ်နောက်ဖေးက ထင်းချိုးနေတဲ့ကောင်တွေ
မြွေနဲ့ (. .) လွွှှင့်ပစ်ထားတဲ့ ခရုခွံတွေကို သတိထား
ဟား . . ဟာ း . . ဟား ရပ်ကွက်ထဲကတော့ တို့ကို ဂစ်တာတီးတဲ့ တာဇံတွေလို့
ခေါ်ကြလိမ့်မယ်ကွ. ..
ဒီထဲမှာ ဘူမိနဲ့ကျောင်းပြီးတဲ့ကောင်ရော ပါလား
မင်းက ရေရှာထွက်ရမယ်
၃၃ ထိပ်နဲ့ ပတ္တမြားလမ်းဆုံမှာ ရေအိုးစင်ရှိနိုင်တယ်
ဟော့ဒီမှာ ကဗျာဆရာငါးမျှားချိတ်မှာ မြွေမိတယ်ဟေ့
မြွေသားမစားတဲ့ကောင်တွေ ဟိုဘက်ကိုသွား
ဟေ့ကောင် ဒေးဗစ်ဆင်သိန်း ငါအစာအိမ်ခန်းခြောက်တဲ့
ဝေဒနာ ကဗျာကိုရွတ်နေရင် ကီးဘုတ်ကို အကျယ်ကြီးမတီးနဲ့လို့
ဘယ်နှစ်ခါ ပြောရမလဲ
ဒါလောက် အသံထွက်ချင်နေတဲ့ ကီးဘုတ်ကို
အပေါင်ဆိုင် ပို့ထားလိုက်ကြစမ်းကွာ
လပြည့်ညတွေမှာ
မိုးကောင်းကင်ကို နှုတ်သီးထောင်ပြီး အူတဲ့
မြေခွေးတွေလို ငါတို့ဘဝတွေ
ကြောက်ကြောက်လန့်လန့်နဲ့ ငါတို့ သေပွဲဝင်ခဲ့ရပုံတွေ
မယုံကြည်နိုင်စရာ အရိုင်းကောင်တွေရဲ့ဘဝမှာ
မီးက ရေကြည်ရာ မြက်နုရာ အရပ်မှာ လောင်ခဲ့ပြီကော………။ ။
15 comments
marblecommet
April 24, 2012 at 8:10 pm
သကြီး ဦးကိုင်ခင်ဗျား
ပို့စ်တင်တာလောသွားလို့ ခေါင်းစဉ်မပေးလိုက်ရဘူး
ကျေးဇူးပြုပြီးတော့….
…တစ်ရံရောအခါက …..
ဆိုတဲ့ ခေါင်းစဉ်လေး တပ်ပေးပါလားခင်ဗျာ….
ကျေးဇူးတင်ပါတယ်…..
blackchaw
April 24, 2012 at 8:21 pm
ကမ်းကြီးရေ။
ငါ ခိုက်တာ အဲဒါပဲဗျာ…။
အလကားနေရင်း ခိုက်နေတတ်တာမျိုးတော့ မဟုတ်ပါဘူး။
တစ်ခါတစ်ခါ ဖီလင်ခြင်း ဆုံကြတဲ့ အခါမျိုးမှပါ။
ပြောနေကြာပါတယ်…။
လက်မ နှစ်ချောင်းတိတိ
အဆန်းထွင်ပြီး ထောင်ကြည့်လိုက်ချင်တယ်…။
ရခဲ့ရင်ပေါ့…။
htet way
April 24, 2012 at 9:12 pm
အေးဗျာ အသက်ရှုကြပ်လိုက်ပုံများ
ကိုယ်ပါ ရောကြပ်သွားတယ် အော်..ကမ္ဘာကြီး
ခင်ဗျာမှာ ဖျာကောင်းကောင်းတစ်ချပ်တော့ ရှိလိမ့်မယ် ကိုယ်ကမ်းဝေး
ခင်ဗျားချစ်သူမှာလည်း နာရီတစ်လုံးတော့ ရှိနိုင်တယ်
ခင်ဗျားတို့ နှစ်ယောက်ကြားမှာ အသက်ရှုကြပ်တဲ့ကမ္ဘာကြီးရှိလိမ့်မယ်။
ကျုပ်လည်း …တခါက လှေငယ်ကလေးနဲ့ ပင်လယ်ထဲဖြတ်ခဲ့ဖူးတယ်လေ။
အားပေးဖေါ်တော့ ပါတာပေါ့ဗျာ။
သူမက နာရီ ပျက်နေတာကိုး။
ဂျပန်ကြီးကို ကျုပ်လည်းတွေ့ချင်တယ်
windtalker
April 24, 2012 at 9:25 pm
ကျုပ် သိပ်ကြိုက်တဲ့ အငဲသီချင်းကို ကြားလိုက်ရသလိုဘဲဗျာ ။ ဆိုင်ဆိုင်မဆိုင်ဆိုင်ပေါ့
“ အလင်းမဲ့ညတွေထဲ ၊ တိတ်ဆိတ်မှုတွေနဲ ့၊ ငါ့အိပ်မက်တွေ ပုံဖော်နေခဲ့တယ် …. ”
Khaing Khaing
April 24, 2012 at 9:27 pm
ကိုကမ်းကြီးရေ ………… အားပေးသွားတယ်နော် မြင့်တယ်ဗျာ ……… ဘာဖြစ်ဖြစ်ရင်ထဲက ခံစားချက် တွေကို အခုလိုဖောက်ထုတ်လိုက်တော့လည်း နည်းနည်းသက်သာသွားမယ်ထင်ပ ……. နောက်များလဲပျော်ရွင်နိုင်ပါစေနော် ……… ထပ်ဆုံအုံးမယ်
ခင်မင်စွာဖြင့်
khaing khaing
FattyCat
April 24, 2012 at 9:30 pm
အဲဗျာ….
ပထမဆုံး ကြိုက်မိတဲ့ မော်ဒန်ဗျာ…
ကျွန်တော်က စာပေမှာ နဲနဲခေတ်နောက်ကျတယ်ပြောရမလားဗျာ…
နောက်ထပ် (၂)ခါသေချာထပ်ဖတ်သွားတယ်ဗျာ…
ဂျပန်ကြီးတွေ့ဆုံပွဲကို မော်ဒန်လေးတစ်ခုလောက်ရေးဗျာ…
marblecommet
April 24, 2012 at 9:32 pm
ဂျာပွန်ကြီးနဲ့ တွေ့ဆုံပွဲက အပိုင်းနဲ့ရေးရမှာဗျ
ဆြာတို့က ပထမပိုင်းကိုရေးပေါ့
အနော်က ကိုးခွဲမှ ရောက်တာ ဆိုတော့
ဒုတိယပိုင်းအနော်ရေးပေါ့….
အိုက်ဒီ ဂျာပွန်ကြီးကိုလည်း ရေးခိုင်းပေါ့ဗျာ..
blackchaw
April 24, 2012 at 9:38 pm
ဗျာ… ကို…။
ခွေးဟောင်တဲ့ ကဗျာလေး ရွတ်ဦးဗျာ။
အသံမကြားရရင်တောင် ကဗျာလေး ရေးပြဦး။
ကျွန်တော် သိတ်ကြိုက်နေလို့ပါ။
marblecommet
April 24, 2012 at 9:43 pm
ကိုကိုရေ
အဲဒီကဗျာ အခု တင်လိုက်မယ်ဗျာ ခဏစောင့်
ဒါဆို ဒီနေ့ ပို့(စ်)နှစ်ခုဖြစ်သွားပြီ
Swal Taw Ywet
April 24, 2012 at 11:37 pm
Dear brothers,
I do respect you and your open minded heart.
I missed one chance of it.
Later, I will try to be with your team.
Bravo and once more.
With respect,
Swal Taw Ywet.
marblecommet
April 25, 2012 at 2:12 am
စွယ်တော်ရွက်ခင်ဗျား
အားပေးတာကို ကျေးဇူးတင်ပါတယ်ခင်ဗျ
ကြိုးစားပါမယ်နော့…..
ဗိုက်ကလေး
April 25, 2012 at 10:36 am
အူးကမ်းရဲ့ ရူးသွပ်မှုတွေ တစ်စိတ်လောက်ရချင်မိရဲ့ဗျာ..
ရေလည်ပြင်းထန်တယ်.
ဘုန်းကြီးဝတ်တုန်းကကော တရားမထိုင်ပဲ ကဗျာတွေစပ်သေးလားဟင်
marblecommet
April 25, 2012 at 9:15 pm
ဟဲ့ …….ကိုဗိုက်ရဲ့ ဦးဇင်းဘွတုန်းကလည်း
လောကီနဲ့ လောကုတ်တြာ
သပ်သပ်စီခွဲပြီးဒေါ့ ခံစားခဲ့တာပါကွယ်……..
ရောရောထွေးထွေး မလုပ်ခဲ့ရဘာဂျောင်း……
ခင်တဲ့……
စောကြီးကမ်း…….
သူရဇော်
April 25, 2012 at 10:40 am
ကိုကမ်းကြီး ကျုပ်ခု ဒီစာကို ကဗျာကိုဖတ်ပြီး မြောက်ချင်ချင်ဖြစ်သွားသဗျ…… သင်္ကြန်တွင်းကာလမှာ အခု ရေးထားတဲ့ စာသားတွေကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်နဲ့ အတူတူ ဦးဇင်းဝတ်လိုက်ရတာပါလားဗျ….. ကဗျာတော့ သိပ်မရေးတတ်ဘူးရယ်ဗျ…..ဘာပဲဖြစ်ဖြစ် ပြန်ခံစားပေးဗျာ ဂုဏ်ပြုချင်တာသက်သက်ပါ……………………..
ကလောင်ကိုင်တဲ့လက်တွေက ကြမ်းတမ်းပေမယ့်
သံသာတဲ့ ဂစ်တာအိုတစ်လက်
သိမ်မွေ့တဲ့အတွေးတွေပေါင်းစပ်
နူးညံ့တဲ့ သံစဉ်တွေပေါက်ဖွားပြီး
ပြည်သူ့ထံ လွင့်ပျံလာအောင်
Receiver မလို Pizza လို
အိမ်တိုင်ယာရောက် ပို့ဆောင်ခံစား
ဉာဏ်များ ရန်စကားလဲမပါ
သာယာသောအသံများအလား ကျွန်တော်ခံစားသွားပါတယ်ဗျာ…….
ခင်တဲ့…… ကမ်းကြီး ချမ်းသာထီပေါက် ဆော်ကြည်လောက်တဲ့လူမျိုးဖြစ်စေဗျာ……………
marblecommet
April 25, 2012 at 9:22 pm
ဦးဇင်း နန္ဒမာလာရေ့……
ကဗျာလေးနဲ့ ချီးမြှောက်ပေးတဲ့အတွက်
အကယ်တန်တိ ကျေးဇူးဗဟု တင်ရှိပါကြောင်း
အောက်ဆုံးက ဆုတောင်းလေးအတွက်တော့
ဘယ်ဘက်မျက်ခုံးကလှုပ်ပြီး မျက်ဘက်မျက်လုံးက
ပြူးသွားရပါကြောင်း…..
ပုံ…….
စန္ဒိမာ……….