Email ပို့တဲ့အခါ ရှောင်ရမယ့် အပြုအမူတွေကတော့

zaylayJune 14, 20101min670

လူတိုင်းမသိစေချင် မဖတ်စေချင်တဲ့ စာမျိုးတွေကို Email ထဲမှာ အတတ်နိုင်ဆုံး
ထည့်မရေးပါနဲ့။ ကိုယ်သတိထားနေတဲ့ကြားက Email ဟာ နေရာမှားရောက်တတ်လို့ပါ။
ဒါကြောင့်
ကိုယ့်စာကို လက်ခံမယ့်သူ (Recipient) စာရင်းကို နှစ်ခါလောက်
သေချာပြန်စစ်ပါ။ ကိုယ့်ဆီကို တခြားလူရဲ့စာ မှားရောက်လာရင်လည်း ပို့တဲ့သူကို
အသိပေးပါ။ (တခါတုန်းက ကျွန်မ university တစ်ခုက professor တစ်ယောက် email
နဲ့ သူငယ်ချင်း email ကို မှားပို့ဖူးပါတယ်။ ရေးထားတဲ့ အကြောင်းအရာကလည်း
လျှောက်ထားတဲ့ သူ့ကျောင်းကို မတက်တော့ဘဲ တခြားကျောင်းကိုပဲ
တက်ဖြစ်မယ့်အကြောင်းပါ။ သူနဲ့မှ တည့်တည့်မှားတာကို မသိလိုက်ပါဘူး။
သူစာပြန်ရေးလာမှ သူ့ကို လူမမြင်ရဘဲ မျက်နှာတွေ အရမ်းပူမိပါတော့တယ်။ (ညီမလေး
သဲသဲ မှတ်မိမယ် ထင်ပါတယ် း) တကယ့်ကို အမှတ်တရ ကိုယ်တွေ့ပါ။)
– Attachment တွေကို Email လက်ခံမယ့်သူက လိုချင်တာမျိုး စောင့်နေတာမျိုး
မဟုတ်ရင် မလိုအပ်ဘဲ မပို့ပါနဲ့။ စာသားတွေကို Email ထဲမှာ တိုက်ရိုက်ဖတ်လိုက်တာက
Attachment ကိုဖွင့်ပြီးမှ
ဖတ်ရတာထက် အများကြီး ပိုမြန်ပါတယ်။ အဲဒီ့အပြင် စာချည်းသက်သက်ရေးထားတဲ့
Email တွေက Attachment နဲ့တွဲပို့တဲ့ Email တွေထက် Email System နဲ့
Network ကို အများကြီး ဝန်လျော့စေပါတယ်။ ပြီးတော့လည်း လူတိုင်းက တူညီတဲ့
Computer နဲ့ Software တွေ သုံးစွဲတာ မဟုတ်ကြပါဘူး။ ဒါကြောင့်
ရိုးရိုးစာသားတွေပဲ ပို့ခြင်းအားဖြင့် စာလက်ခံတဲ့သူက (ဘယ်လို computer
မျိုး software မျိုးပဲ သုံးသည်ဖြစ်စေ) ကိုယ်ရေးလိုက်တဲ့စာကို
ကောင်းကောင်းဖတ်နိုင်ဖို့ ပိုသေချာပါတယ်။
– စာတွေအားလုံးကို (အင်္ဂလိပ်လို ပို့တဲ့အခါမှာ) Capital Letter တွေနဲ့ချည်းပဲ
မရေးပါနဲ့။ အဲဒီလိုရေးတာဟာ အော်ဟစ်ပြောတာနဲ့ တူလို့ပါ။
– အဓိပ္ပါယ်ပြည့်ဝတဲ့ Subject မထည့်ဘဲနဲ့လည်း Email ကို မပို့ပါနဲ့။ Email
တွေ အများကြီးရလေ့ရှိတဲ့သူအတွက် Subject ကို ကြည့်ရုံနဲ့ ဘာအကြောင်းအရာနဲ့
ပတ်သက်တဲ့စာလည်း ဆိုတာကို မှန်မှန်ကန်ကန် ခွဲလို့မရတာ
စိတ်ရှုပ်ထွေးညစ်ညူးစရာ ကောင်းပါလိမ့်မယ်။ “Reply” button နှိပ်ပြီး Reply
ပြန်တဲ့အခါမှာလည်း အလိုအလျောက် (မူရင်း Subject ကိုယူပြီး)
ဖြည့်ပေးထားပြီးသားဖြစ်တဲ့ Subject ကလည်း ကိုယ်ရေးထားတဲ့ အကြောင်းအရာနဲ့
ကိုက်ညီကြောင်း သေချာပါစေ။
– CC (Carbon Copies) ကိုလည်း အလွန်အကျွံ မသုံးမိပါစေနဲ့။
စာလက်ခံရမယ့်သူနေရာက စဉ်းစားပေးပြီး သူဒီစာကို တကယ်ရဖို့ လိုအပ်သလားဆိုတာ
သေချာဆုံးဖြတ်ပါ။ (တနည်းအားဖြင့် စာကို မလိုအပ်တဲ့လူတွေဆီကို မပို့ပါနဲ့။)
– Chain Letter တွေကို မဖန်တီး မဖြန့်ဝေပါနဲ့။ ဒီစာတွေဟာ Network
ရဲ့တန်ဖိုးရှိတဲ့ Resource တွေကို သုံးဖြုန်းပစ်သလို လုပ်ငန်းခွင်ထဲမှာရော
Internet ပေါ်မှာပါ မသင့်တော်ပါဘူး။
(ဒီစာကို လူဘယ်နှစ်ယောက်ကို ဆက်ပြီး Forward မလုပ်ရင် ဘာဖြစ်ပါလိမ့်မယ်။
ဘယ်သူကတော့ မလုပ်မိလို့ ဘာဖြစ်သွားပါတယ် ဆိုတဲ့ Chain Letter မျိုးတွေကို
ကျွန်မသဘောမကျလွန်းလို့ ထူးထူးခြားခြား အကြောင်းအရာမပါတဲ့ စာတွေဆိုရင်
ချက်ချင်း Delete လုပ်ပစ်သလို၊ မူရင်းပို့တဲ့အကြောင်းအရာကို
အရမ်းသဘောကျရင်လည်း အဲဒီခြိမ်းခြောက်စာတွေပါတဲ့ အပိုင်းကို Delete
လုပ်ပြီးမှ သူငယ်ချင်းတွေဆီ Forward လုပ်ပါတယ်။ ကျွန်မတော့ ခုချိန်အထိ
အကောင်းပကတိပါပဲ း)
– ကိုယ့်ကို ဒေါသထွက်စေတဲ့ Email တွေကို ချက်ချင်းပြန်စာ မရေးပါနဲ့။ Email
ဟာ အသံနေအသံထားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု ဘာသာဗေဒတွေကို မြင်သာအောင်
ပြသနိုင်စွမ်း မရှိသလို ဖတ်ရတဲ့စာကလည်း ကိုယ်ထင်သလို အဓိပ္ပါယ်မျိုး
ဟုတ်ချင်မှဟုတ်မှာပါ။ ခဏလောက်စောင့်ပြီးမှ Email နဲ့ အကြောင်းမပြန်ဘဲ
တခြားဘယ်လိုနည်းလမ်းတွေ သုံးပြီး အကြောင်းပြန်နိုင်မလဲလို့
စဉ်းစားဆုံးဖြတ်ပါ။
– ကိုယ့်ရဲ့ User ID နဲ့ Password တွေကို တခြားဘယ်သူ့ကိုမှ မပေးပါနဲ့။
ကိုယ့်ရဲ့ account ကို ပြုပြင်ထိန်းသိမ်းဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့
လိုတဲ့အခါမှာ
System Administrator တွေတောင် ကိုယ့် Password ကို မသိဘဲနဲ့
လုပ်ပေးနိုင်ပါတယ်။
– တခြားသူဆီကရတဲ့ Email Message ကိုပြင်ဆင်ပြီး ကိုယ်ဘယ်နေရာမှာ
ပြင်ထားသလဲဆိုတာ ရှင်းအောင်မပြောဘဲ ထပ်ပို့တာမျိုး မလုပ်ပါနဲ့။
– တစုံတယောက် ဟန်ဆောင်ပြီး Email မပို့ပါနဲ့။ ဥပမာ – သူများရဲ့ Email
Account ကို အသုံးပြုတာမျိုးပါ။

အမတစ်ယောက်ဘာသာပြန်ထားတာပါ……..