မလေးရောက်သူတစ်ဦးကို အတွေ့အကြုံ အင်တာဗျူး အပိုင်း ၃

manawphyulayApril 28, 20121min1063

မလေးရှားအဝင် ကြုံတွေ့ပုံလေးများ

ကျွန်တော်တို့ စီးလာတဲ့ ဗင်ကားလေးဟာ ထိုင်းနိိုင်ငံနယ် စပ်လူဝင်မှုကြီးကြပ်ရေးဂိတ်မှာ ချောချောချူချူနဲ့ အထွက်တုံးထုပြီးတဲ့နောက် တော်တော်လှမ်းလှမ်းကို သွားရတဲ့ မလေးရှားနိုင်ငံ ဆာဒါအို လူဝင်မှုကြီးကြပ်ရေးဂိတ်ကိုရောက်ခဲ့ပါတယ်။ ရောက်တာနဲ့ တစ်ပြိုင်နက် ကားပေါ်မှ အားလုံးဆင်းပြီး အဝင်တုံးထုဖို့ တန်းစီရပါတယ်။ ဘာလာလုပ်တာလဲ မေးခွန်းကိုတော့
အလည်အပတ်လို့ဖြေရင်းငြိမ်သက်နေခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်န့လာတယ်ဆိုတာ ပြောလို့ မရဘူးလေ။ အဲဒီ အချိန်တုန်းက မလေးရှားမှာ တရားဝင် အလုပ်လုပ်တဲ့ ခေတ်မှ
မဟုတ်သေးတာလေ။ အဝင်တုံးထုပြီးတဲ့အခါမှာတော့ ကားပေါ်မှ အထုပ်အပိုးတွေကိုချခိုင်းပြီး ခွေးနဲ့ လှည့်ပတ်စစ်ပါတော့တယ်။ ခွေးက အထုပ်တစ်ထုပ်နားရောက်တော့ တရူးရူးနဲ့
နမ်းနေပါတော့တယ်။ အင်း ဘာဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်နေရတာပေါ့။ ကျွန်တော်တို့နဲ့ အတူတူ ပါလာတဲ့ကောင်လေး တစ်ယောက်ရဲ့ ကြိမ်ခြင်းတောင်းကြီးပေါ့ဗျာ။
အရင်ခေတ်ကဆိုတော့ နိုင်ငံခြားကို သွားတာ မြန်မာဖြစ်တွေနဲ့ပေါ့နော်။တစ်ကောက်ဖာကြီးကိုထမ်းကာထမ်းကာပေါ့။တောက နေမြို့တက်ရင် ပြောပါတယ်နော်။နိုင်ငံခြားကိုတော့ ဖါတောင်းသယ်လို့ မကောင်းပါဘူးနော်။ကြိမ်ခြင်းတောင်းက တော်သေးတယ် မဟုတ်လားဗျာ။နောက်တော့ အဲဒီအထုပ်ကိုဖွင့်စစ်ဖို့ အထုပ်ပိုင်ရှင်ကောင်လေးကို ဖွင့်ခိုင်းပါတယ်ခင်ဗျာ။ ဖွင့်လိုက်တော့လေ ဘာထင်လဲ

ဟင် မေးခွန်းတွေ ၊အတွေးတွေ ကိုယ်စီနဲ့ပေါ့။ ဘယ်ကလာ ဘိန်းတို့၊ ကိုးကင်းတို့ ဟုတ်ရမှာလဲ ထွက်လာတာက ငါးခြောက်ဖုတ်ကို ဆီဆမ်းထားတဲ့
ပလပ်စတစ်အထုပ်လေးဖြစ်နေပါတော့တယ်လေ။ ဟူး းးးးးးးးးးးဆိုပြီး သက်ပြင်းနဲ့ အတူ အားလုံးတက်လို့ရပါပြီ ဗင်ကားလေးပေါ်ကိုပေါ့။ ပူနေတဲ့ရင်ကသောက်ရေအိုးက
မြေအိုးနဲ့ထည့်ထားတဲ့ရေအေးသောက်ရသကဲ့သို့ အေးချမ်းသွားပါတော့တယ်ခင်ဗျာ။ တင်စားတာ
မြင်သာအောင်ပါ။ မြန်မာပြည်မှာသာ ရေအကျိုး(၁၀)ပါးကို မျှော်ကိုးပြီး လမ်းဘေးရေအိုးစင်တွေရှိတာလေ။တစ်ခြားနိုင်ငံတွေမှာရှိပါဘူးနော်။ဒါကတော့ မြန်မာပြည်ရဲ့အားသာချက်ပေါ့။

ဘာလို့ပြောရလည်းဆိုရင် နောက်ပိုင်း မှာ တွေ့ကြုံစရာတွေပါလို့ပါ။ ဒီလိုနဲ့ မလေးရှားနိုင်ငံအတွင်းပိုင်းသို့ ဗင်ကားလေး ဆက်လက် မောင်းထွက်လာပါတော့တယ်ခင်ဗျာ။ ဘဝ သံသရာ

မနေမနားရွေ့ရှားအလုပ်အတွက် တစ်ခရီးတည်းသွားကြတာ။ ဘဝသံသရာဆိုတဲ့ သီချင်းလေးက မိဘနဲ့ ချစ်ခင်သူတွေဝေးနေတဲ့နေရာမှာ အဆွေးဓါတ်ခံရှိသူတွေ အဘို့တော့ လွမ်း
စရာ လေးပေါ့နော်။ထမင်းစားဘို့ ဆိုင်တစ်ဆိုင်ကို ရောက်တော့ ပါလာတဲ့ သူငယ်ချင်းကောင်လေး(အတူတူသွား သူငယ်ချင်းဖြစ်ကြပြီပေါ့ဗျာ)က အားရပါးရ ဒဏ်ခရားလေးထဲက ရေတွေကို

ခွက်တစ်ခုတောင်းပြီး အတင်းသောက်လိုက်တာပေါ့နော်။သူက ရေ တော်တော် ငတ်နေပုံရတယ်လေ။ သူ့အထင်က မြန်မာပြည်ကလို အလကားချပေးထား တဲ့ရေထင်တာကိုး။ နာက်တော့ အေးဂျင့် မြန်မာတစ်ယောက်ကလှမ်းတားပြီး အဲဒါ သောက်ရေ မဟုတ်ဘူးကွ ထမင်းမစားခင် လက်ဆေးတဲ့ရေတဲ့ “မှားတဲ့ အခါလည်း
မှားပေမပေါ့နော်” ဆားပုလင်းကိုနှင်းမောင်ခေတ်ကိုး(စံရှားနဲ့ ဒိန်းဒေါင် ခေတ်လေ) လူကြီးတွေ သိကြပါတယ်နော်။
သိမှာ မသိတာကိုး။ မှတ်သားစရာပေါ့နော် မလေးရှားလူမျိုးတွေက မြန်မာတွေလို လက်နဲ့ ထမင်းစားတာကိုး၊တရုတ်တွေက တူကို သုံးတယ်လေ။အင်း တစ်ကျောင်းတစ်
ဘာသာ တစ်ရွာ တစ်ပုဒ်ဆန်းပေါ့နော်။ မလေးရှား အချက်အပြုတ်တွေက မြန်မာ ပါးစပ်နဲ့ အစပ်အဟပ်တွေ့တယ်ပေါ့ဗျာ။ငရုတ်သီးတွေ။ငပိတွေသုံးတာကိုး ဟင်းတွေအများစုကတော့ အုန်းနို့ရည်ကို သုံးကြပါတယ်ခင်ဗျာ။ကဲ လိုရင်းပြောရ ရင်တော့ စားပြီးပြီပေါ့ဗျာ။နောက်တော့ တစ်ညအိပ်လောက် ခရီး နှင်ခဲ့ရာက မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာ လမ်ပူကို ရောက်လာပြီပေါ့ ခင်ဗျာ။အဲဒီ အခါမှာတော့ အေးဂျင့် စီစဉ်ထားတဲ့ အခန်းမှာ တည်းပြီး နောက်နေ့ အတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်မျှော်ရင်း မလေးရှားမြို့တော် ကွာလာလမ်ပူရဲ့ လမ်း လင်းထိန်နေသော မီးရောင်များကို ခံစားကာ တစ်ညတာခရီးကို ကျော်ဖြတ်ဖို့ အိပ်ရာထက်သို့ လဲလျောင်းမိခဲ့ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။

3 comments

  • ဗိုက်ကလေး

    April 28, 2012 at 11:14 am

    ငါးခြောက်ဆီစမ်းတောင် စားချင်လာဘီ ဂျီးဒေါ်ရာ..
    တခြားကမ္ဘာရောက် အူးလေးတို ့ ဒေါ်ရီးတို ့လဲ ခုလို အတွေ ့အကြုံလေးတွေ ရေးပေးကြရင် သိပ်ကောင်းမှာဘဲဗျာ..
    ဒါနဲ ့..
    ဗိုက်ကလေးရဲ့ အီသီယိုးပီးသီးယားသွား တောလား မကြာမီလာမည် မျှော့်

  • Diamond Key

    April 28, 2012 at 11:57 am

    KL ထိလိုက်ခဲ့ပြီနော် ……….. မနက်အိပ်ရာထမှာ တွေ့ရမယ့် ကိစ္စတွေ ?

  • zaw min

    April 28, 2012 at 8:27 pm

    အေးဂျင့်(ပွဲစား)ခဘယ်လောက်ပေးရတယ်ဆိုတာလေးပါဖြည့်ပေးပါ့စေ။အဲဒီခေတ်က ထိုင်းကနေ ဗီစာကြီး (၃)လ မလေးမှာနေလို့ရတယ်။မလေးအရောက် Rm.250_300 လောက်ပေးရမယ်။
    ဒီဘက်ရောက်ပြီး အလုပ်ကို နောက်တစ်ယောက်ကရှာပေး(သို့)သူငယ်ချင်းအပေါင်းအသင်းမှရှာပေး။ပွဲစားခ
    ပုံမှန် Rm.150 လောက်ပေးရတယ်။အကြွေးလည်းရတယ်၊။ နဲနဲတောင်လွှမ်းလာပြီ။
    ငယ်ငယ်တုန်းက တို့ဘဝရယ် ပျော်စရာကောင်းလို့အောင့်မေ့တယ်…။

Leave a Reply