စင်္ကာပူ မြန်မာသံရုံးအကြောင်း

mgwaloneApril 28, 20121min977

မြန်မာ မီဒီယာအသိုင်းအဝိုင်းနှင့် ဂုဏ်သိက္ခာရှိမြန်မာအမှုထမ်း အရာထမ်းများရှင့်

ကျွန်မ စင်ကာပူနိုင်ငံ တွင်  ကွန်ပျူတာပညာဖြင့် အလုပ်လုပ်ကိုင်လျက်ရှိတဲ့မြန်မာ အမျိုးသမီးတစ်ဦးပါရှင်။

စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုးအများစုကြုံတွေ့နေရတဲ့ဒုက္ခတစ်ချို့နှင့် မြန်မာလူမျိုးများကို ကာကွယ်ခြင်း ကူညီခြင်းမရှိတဲ့ စင်ကာပူနိုင်ငံမြန်မာသံရုံးအကြောင်းပြောပြချင်ပါတယ်ရှင်။

ရှေးဦးစွာ သံရုံးသို့ ဖုန်းခေါ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်။ မြန်မာလူမျိုးများ အကြောင်း ကိစ္စကြီးငယ် ရှိသည်ဖြစ်စေ စုံစမ်းမေးမြန်းစရာရှိသည်ဖြစ်စေ သံရုံးကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း အွန်လို်င်း Website များတွင်ဖော်ပြထားသော်လည်း အမှန်တကယ်တွင် မည်သူကမျှ အရေးတယူဖြေကြားခြင်းမရှိပါဘူးရှင်။ အကြောင်းကြီးငယ်ရှိပါက မိမိအလုပ်အကိုင်ကိုဖျက်ကာ သံရုံးကို ကိုယ်တိုင်သွားရပါတယ်။ သို့သော်ကောင်းမွန်ပျူငှါသောဆက်ဆံရေးကိုမူ မည်သည့်အခါမျှမျှော်လင့်၍မရနိုင်ပါ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က သံရုံးသို့ ဖုန်းခေါ်သည့် အတွေ့အကြုံနှင့် လွန်ခဲ့သည့် တစ်လခန့်က သံရုံးဖုန်းခေါ်သည့် အတွေ့အကြုံတို့ကို ဦးစွာတင်ပြလိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ကျွန်မတို့ သူငယ်ချင်းတစ်စု စင်ကာပူနိုင်ငံမှ ဒစ်ပလိုမာ တစ်ခု ပြီး ၍့ အလုပ်အကိုင် စတင်ရှာဖွေခဲ့ကြပါတယ်။ ကျွန်မ သူငယ်ချင်း တစ်ယောက် မှာ အလုပ် ရရှိခဲ့သော်လည်း အလုပ်သမား လက်မှတ်လျောက်ထားရန် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးခါနီးဖြစ်နေပါသဖြင့် သံရုံး သို့ သက်တမ်းတိုးရန် သွားရောက်ခဲ့ပါတယ်။ သို့သော် သံရုံးမှ အခွန်မဆောင်လျင် တိုးမပေးပါဟုပြောကြားခဲ့ကြောင်းကျွန်မကို ပြန်ပြောပါတယ်။ ကျွန်မ နားလည် ထားသလောက် အလုပ်မလုပ်ကိုင်သေးသော ကျောင်းသားတစ်ယောက်ကို နိုင်ငံတော်က အခွန်စည်းကြပ်ခြင်းမရှိဘူးဆိုတာပါ။ သို့သော် သံရုံးမှ တိုးမပေးပါက ပတ်စ် လျောက်ထားရန် အခက်ခဲရှိပါသဖြင့် ထိုသူက သဘောတူညီကာ ဆောင်ပါမည်ဟု ကတိပြုလိုက်ပါသည်။ ထိုအကြောင်းကို ကြားသိသောအခါ အလွန်အမင်း တရားမမျှတမှုကို ခံစားရပါသဖြင့် သံရုံးကို ကျွန်မဖုန်းဆက်ခဲ့ပါတယ်။ အကြိမ်ကြိမ်ဖုန်းဆက်ခဲ့ပါသော်လည်း နိုင်ငံခြားသူ အမျိုးသမီး တစ်ယောက်နှင့်သာတွေ့ဆုံရွေ့ မည်သည့် သံအရာရှိကို မှ ဖုန်းလွှဲပြောင်းပေးခြင်းမရှိခဲ့ပါဘူး။ အရာရှိများ အစည်းအဝေးရောက်နေသည် အလုပ်ရှုပ်နေသည်ဟူသော အကြောင်းပြချက်ကိုသာ အကြိမ်ကြိမ် ရရှိခဲ့ပါသည်။ ကျွန်မ တို့ဘက်က အမှန်တကယ် လိုအပ်နေသည်က တကြောင်း ကာယကံရှင်ကိုယ်တိုင်က စိတ်အားထက်သန်မှုမရှိသည်က တစ်ကြောင်း ထိုခေတ် နိုင်ငံအခြေနေအရ ကျွန်မတို့ ဘက်ကို ရပ်တည်ပေးနိုင်မည့်သူ တစ်ဦးတစ်ယောက်မှ မရှိနိုင်သည့် အခြေနေကို နားလည်သည်က တစ်ကြောင်းတို့ကြောင့် ကျွန်မ ထိုကိစ္စကို ထိုတွင်ရပ်ခဲ့ပါသည်။

 

ဒုတိယတစ်ခါက လွန်ခဲ့ သော တစ်လခန့်ကပါ။ သံရုံးမှ အွန်လိုင်း Q နံပါတ်ယူခြင်းဆိုတာကို စတင်မိတ်ဆက်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခင်က လူပေါင်းများစွာတန်းစီပြီးမှ မိမိကိစ္စပြီးပြတ်မှု သံရုံး မှ ယနေ့အတွက် ဆောင်ရွက်ပေးမယ့် သူပြည့်ပြီဆို စောဒကတက်ခွင့်မရပဲ ပြန်ရမှုစတာတွေကို ရှောင်ကွင်းနိုင်အောင်လုပ်ခဲ့တာဟု သိရပါသဖြင့် အလွန်မင်းဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့တိုးတက်မှုကိုလည်း ကြိတ်ဝမ်းသာခဲ့ရတာအမှန်ပါပဲ။ ဒီလိုနဲ့ ကျွန်မ ပတ်စပို့သက်တမ်းလည်း ကုန်တော့မှာဖြစ်လို့ Q ယူဖို့ စဉ်းစားလိုက်ပါတယ်။ Q ရယူနိုင်တဲ့ နေ့စွဲတွေကို ရွေးချယ်ကြည့်လိုက်တော့ ကျွန်မ ပတ်စ် ကုန်မယ့် နေ့ရက်နဲ့နီးကပ်နေတာ တွေ့ရလို့ စိတ်ပူသွားပါတယ်။

သံရုံးဝန်ထမ်းတွေများ တစ်ခုခု အကြံဉာဏ်ပေးနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မ သံရုံးကို ဖုုံးဆက်ပါတယ်  ။ အဲ့မှာလည်း နိုင်ငံခြားသူတစ်ယောက်ပဲလာကိုင်ပါတယ်။ သူ့က ကျွန်မ ကို သံရုံးပဲလာခဲ့ဖို့တွင်တွင်ပြောပါတယ်။ အရာရှိတစ်ယောက်ယောက်ကို ဖုန်းလွှဲပေးဖို့ ပြောတဲ့ အခါ လွှဲပေးဖို့ကြိုးစားပါတယ်။ ပြီးရင် ဘယ်သူမှဖုန်းမကိုင်ဘူး အကုန် အစည်းဝေးခန်းထဲရောက်နေတယ်လို့ပြောပါတယ်။ ကျွန်မ အပါအဝင် တခြားသူငယ်ချင်းတွေရဲ့အတွေ့ကြုံအရ သံရုံးအရာရှိများ မည်သည့်အခါမှဖုန်းမကိုင်တတ်မှန်း သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်မ ထို နိုင်ငံခြားသူကိုမေးပါတယ် ။ အခုလွှဲပေးတဲ့ အရာရှိက ဘယ်သူလဲ။ တခြားအရာရှိမရှိတော့ဘူးလားဆိုတော့ အခုလွှဲပေးတာ ဦးတင်ဝင်း ပြီးတော့ တခြားသူတွေလည်းမအားဘူး နင် သံရုံးလာခဲ့လို့ပြောတယ်။ ကျွန်မလည်း ငါ ဘာလုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာလေး အရာရှိတစ်ယောက်ဆီက အကြံဉာဏ်လေး သိရဖို့ ငါက ရုံးတရက်ဖျက်ရမယ်ဆိုတာ ဖြစ်သင့်သလား။ ပြီးတော့ ငါက သံရုံးကိုဖုန်းဆက်ပြီး သိချင်တာလေးမေးတာကို ငါ့ကို သံရုံးလာခိုင်းရအောင် ငါ ကသိပ်အားနေတယ်ထင်လား။ ဟုတ်ပြီ အရာရှိတွေကိုပြောလိုက် ။ ကျွန်မ နောက် ၃ဝ မိနစ်မှာပြန်ဆက်မယ်။ အဲ့ဒီချိန်မှာ ဆက်လို့ မအားသေးဘူး ဒါမှမဟုတ် အစည်းဝေးထဲမှာဆိုရင် ကိစ္စမရှိသေးဘူး။ နောက်ထပ် ၃ဝ မိနစ်မှာထပ်ဆက်မယ်။ ဆက်တိုင်းဆက်တိုင်းမှာ နင်ဘာပြောတယ် ဘယ်သူ့ကို လွှဲပေးတယ် အဲ့သူက ဘာပြန်ပြောတယ်ဆိုတာအားလုံးကို ငါ သက်သေယူထားမယ်။ သုံးခါမြောက်လို့မှ ဘယ်သူမှမဖြေဘူးဆို ရင် အဲ့ ဒီအကြောင်းအရာ ကို သက်ဆိုင်ရာကို ငါ သတင်းပို့မယ်လို့ပြောပြီး နှုတ်ဆက်ဖို့လုပ်ပါတယ်။ အဲ့တော့မှာ ခဏနေပါဦးဆိုပြီး သူ နောက်ထပ်ထပ်လွှဲပေးပါတယ်။ မသီရိအောင် ဆိုတဲ့ အမျိုးသမီး တစ်ယောက်လာကိုင်ပါတယ်။ ကောင်းကောင်းမွန်မွန်ပါပဲ ။ ကျွန်မကို ကိုယ် ထုတ်စရာရှိတဲ့ နံပါတ်ကို ကိုယ်ထုတ်ပြီး သံရုံးလာပြီး အကျိုးအကြောင်းလာဆွေးနွေးဖို့ နဲ့ အဲ့လိုလူတွေကိုစဉ်းစားပေးတဲ့အကြောင်းပြောသွားပါတယ်။ ကျွန်မလည်း ကျေးဇူးတင်ကြောင်းပြောပြီးဖုန်းချလိုက်ပါတယ်။

ဒီမှာ ကျွန်မသုံးသပ်ချင်တာတွေရှိပါတယ်။

၁) နိုင်ငံသားတစ်ယောက်ဟာ အခြားနိုင်ငံတစ်ခုကို ရောက်ရှိနေပြီဆိုရင် သူတို့ရဲ့အဓိကအားကိုးရာ ဟာ သံရုံးပါ။  သံရုံးဆိုတာ မိမိနိုင်ငံသားကို အကာအကွယ်ပေးဖို့ တခြားနိုင်ငံက မိမိနိုင်ငံနဲ့ဆက်ဆံတဲ့ အခါအဆင်ပြေချောမွေ့ဖို့ ကိုယ်စားလှယ်အဖြစ်ထားတာလို့လက်ခံထားပါတယ်။ ဒီလိုနေရာမျိုးမှာ ဘာလို့ လုပ်ပိုင်ခွင့်မရှိ ဆုံးဖြတ်နိုင်ခွင့်မရှိတဲ့ နိုင်ငံခြားသူတစ်ယောက်ကို Information ကောင်တာမှာထားထားပါသလဲ။

၂) တခြားသံရုံးများတော့မသိပါဘူးရှင်။ စင်ကာပူသံရုံးကတော့ မြန်မာနိုင်ငံရုံးပိတ်ရက် ရော စင်ကာပူနိုင်ငံရုံးပိတ်ရက် မှာပါ  ရုံးမဖွင့်ပါဘူး။ ရုံးဖွင့်ရက်တွင်လည်း မနက် ၉း၃ဝ မှာ ညနေ ၅ နာရီထိပဲဖွင့်ပါတယ်။  ကျွန်မယူဆတာကတော့ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံသူနိုင်ငံသားတွေ အဆင်ပြေရေးကို ဦးစားပေးသင့်တယ်လို့ ယူဆပါတယ်။ နိုင်ငံခြားမှာ လာရောက်အလုပ်ကိုင်တဲ့သူတွေ ကို အဆင်ပြေစေချင်တဲ့ စေတနာ တစ်စုံတစ်ရာသာရှိမယ်ဆို ရုံးပိတ်ရက်မှာ သံရုံးဖွင့်သင့်တယ်လို့ ကျွန်မယူဆပါတယ်။ အခုလောလောဆယ်တော့ မည်သည့် ကိစ္စကြီးငယ်ရှိသည်မဆို သံရုံး နှင့်ပက်သက်ပါက အလုပ် ကျောင်း တို့ကို မဖျက်မနေရဖျက်ရပါတယ်။ ဒိလိုဖျက်လို့ လွယ်ကူ အဆင်ပြေစွာပြီးမြောက်မယ်လို့လည်း မှန်းထားလို့မရပြန်ပါဘူး။ ငါ့ ဘာများ ရစ်ဦးမလဲ ဆိုတာကို ပဲ ရင်တထိတ်ထိတ်နဲ့ပါ။ ဖြစ်နိုင်ရင်  Shift နဲ့ ဖြစ်စေ သံရုံး ကို စနေတနင်ဂနွေမှာပါ ဖွင့်စေချင်ပါတယ်။ ကျွန်မ အမြင်တော့ ယခု စင်ကာပူမြန်မာသံရုံး၏ ပေါ်လစီတွင် ဝန်ထမ်း အခွင့်ရေးကိုသာ ဦးစားပေးထားရွေ့ ပြည်သူ့လိုအပ်ချက်ကို ထည့်သွင်းမစဉ်းစားထားဘူးဆိုတာ သိသာထင်ရှားပါတယ်။

 

ဒါက ဖုန်းဆက်တဲ့ ပြဿနာပါ။

 

တနေ့က ဖြစ်ပျက်သွားတဲ့ စင်ကာပူမြန်မာသံရုံးနဲ့ပက်သက်တဲ့ ကျွန်မအတွေ့ကြုံကတော့ ထင်တာထက်ကို ပိုဆိုးပါတယ်။

အဲ့ဒီနေ့က ၂၃ ရက် ဧပရယ်လ ၂၀၁၂ ခုနှစ်ပါ။ အွန်လိုင်း မှ Q နံပါတ်ရယူပြီး ပတ်စ်ပို့သက်တမ်းတိုးဖို့ ကျွန်မရုံးမှခွင့်ယူ ပြီး မြန်မာသံရုံးသို့ သတ်မှတ်ထားတဲ့ အချိန်ရောက်အောင်ထွက်လာခဲ့ပါတယ်။

သံရုံးနားအရောက်မှာတော့ကိုယ့်မျက်လုံးကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်။ လူပေါင်း ၅၀ဝ လောက် ကို်ယ့်ရှေ့မှာတန်းစီနေတာကိုတွေ့လိုက်ရလို့ပါ။ နောက်တော့ အွန်လိုင်း စနစ်မှားယွင်းပြီး အကန့်သတ်မရှိ Q နံပါတ်ထုတ်ပေးမိတာဖြစ်ကြောင်းသိရပါတယ်။ မေးမြန်းကြည့်တော့ စနစ်ပျက်နေတယ်ထင်လို့ မသင်ကာလို့ သံရုံးကို အီးမေလ် ပို့ခဲကြောင်း သို့သော်ရတယ် လာခဲ့ဟုသာ အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ ဒါနဲ့ စောင့်နေရင်း မနက် ၁ဝ နာရီနီးပါးလောက်မှာ ဝန်ထမ်းကားတွေရောက်လာပြီး သံရုံးစဖွင့်ပါတယ်။ လူတန်းကြီးအရှည်ကြီးကိုလည်းမြင်ပါတယ်။ (မှတ်ချက် ။ ။ သံရုံးတွင်၁၀ဝ ကျော်ပါက ပလက်ဖောင်းပေါ်တွင်သာ ထိုင်စရာ မတ်တပ်ရပ်စရာရှိပါတယ်)

သူတို့တစ်ခုခုလုပ်မယ်လို့မျှော်လင့်ခဲ့ပေမယ့် ဘာမှလုပ်ဆောင်တာမတွေ့ရပါဘူး။ အဲ့ဒီချိန်မှာ ရုတ်တရက်ကြေငြာလိုက်တာက စာရွက်တွေထပ်လိုက် Q နံပါတ်ပြန်ပေးမယ် ဆိုတာပါ။ အမှားအယွင်းက အဲ့ မှာစတာပါ။ တကယ်ဆို လူတွေက တစ်ယောက်ချင်း အတန်းလိုက်စီနေတာပါ ။ တစ်ယောက်ပြီးတစ်ယောက် တလှည့်စီဝင်သွားရင်ဒီလောက်ပြဿနာမကြီးနိုင်ပါဘူး။ စာရွက်ပေးဆိုတာနဲ့ လူတွေကလည်းဝုန်းဆို အနားရောက်သွားပြီးဝိုင်းပေးကြတာပေါ၊ အရင်ရောက်တဲ့သူတွေကနောက်ရောက်လိုရောက် နောက်ကလူတွေရှေ့တက်နဲ့ ရှုပ်ရှက်ကိုခတ်ကုန်တော့တာပါပဲ။ ၁နာရီလောက်ကြာတော့ စာရွက်ထပ်တာ ပြီးသွားတွေ့ Q နံပါတ်ပေးဖို့ နံမည်စခေါ်ပါတယ်။ ခေါ်ရင်းခေါ်ရင်းနဲ့ နေ့ ခင်းရောက်သွားတော့ နံပါတ် က ၅၀ဝ ကျော်သွားတယ်။

အဲ့ဒီချိန်မှာအော်တယ် အခု ၅၀ဝ ကျော်က စပြီးခေါ်တဲ့နံပါတ်တွေကို နောက်နေ့မှပြန်လာခဲ့တဲ့

တောင်းပန်ခြင်းအာမခံချက်ပေးပြီး  အကျိုးကြောင်းရှင်းပြခြင်းမရှိဘဲပြန်ခိုင်းတော့ လူတွေက ဒေါသထွက်ကုန်တယ် ။ငါတို့ ဒီလာတာ အားလို့လာတာမဟုတ်ဘူး

ခွင့်ယူရတယ် မလွယ်ဘူး ဘာညာပြောတော့ ပြင်းပြင်းထန်ထန်ပြောတဲ့ လူတွေကို ရှေ့တက်လာခဲ့ဆိုပြီး ဝန်ထမ်းက စိန်ခေါ်တယ်(ကြားပဲကြားရတာပါ။ လူအုပ်နဲ့ ဘယ်ဝန်ထမ်းဆိုတာကျွန်မမမြင်ရပါဘူး ။ တကယ်တက်သွားပြီးထိန်းမရတော့မှန်းသိမှ ငြိမ်သွားတယ် ။)  ။ လူတွေက နင်တို့ လည်းမ ပြန်နဲ့ ငါတို့လည်းစောင့်မယ်ဆိုပြီးစောင့်ကြတယ်။

အဲ့ဒီမှာ ပထမဆုံးအဆင့်က လိုအပ်တဲ့ စာရွက်စာတမ်းစစ်ဆေးခြင်း။အဲ့ အဆင့် က စာရွက် ၃ ရွက် ပါမပါစစ်တာ။  အနည်းဆုံး တစ်ယောက်ကို ၂ မိနစ်ကြာရင် လူ ၁၀၀ဝ ကိုစဉ်းစားကြည့် ။ပြီးတော့ လုပ်ငန်းစဉ်တိုင်းကို တဆင့်ပြီးတဆင့် အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိဘူး ။  တစ်ခါပြီးတိုင်း နောက်တဆင့်အတွက် အစကပြန်တန်းစီရတယ်။

အဲ့ အဆင့်ပြီးရင် အခွန်တွက်ချက်ခြင်း  အခွန်ပေးဆောင်ခြင်း  ပတ်စ်ပို့ သက်တမ်းတိုးဖို့ ဓါတ်ပုံရိုက်ခြင်း ဆိုတဲ့ အဆင့်တွေကို အဆင့်တိုင်းအဆင့်တိုင်း တန်းစီပြီးလုပ်ဆောင်ရတယ်။

ထိုင်စရာ အလုံအလောက် နားခိုးရာအလုံအလောက်မရှိလို့ လမ်းပေါ်မှာထိုင်ခဲ့ရတယ်

အသက်ကြီးတဲ့ လူကြီးတွေအပေါ်ဦးစားပေးခြင်းဆိုတာလုံးလုံးမတွေ့ရဘူး။  ဒါပေမယ့် သူတို့ လုပ်ပေးနေတာပဲဆိုပြီးဘယ်သူမှ စောဒကမတက်ဘူး။ အဖိုးကြီးအဖွားကြီးတွေစောင့်ရှာတယ်။

နောက်တနေ့ မနက် ၄ နာရီမှာ အဖိုးကြီး အဖွားကြီးလင်မယား အလှည့်ရောက်တယ်

အဲ့ဒါနဲ့ အဲ့ဒီဝန်ထမ်းက ဘာပြောလဲဆိုတော့ အဖိုးကြီးအဖွားကြီးကို သက်တမ်းမတိုးပေးနိုင်ဘူးတဲ့  ဘာလို့လဲဆိုတော့ သူတို့ သမီးက အခွန်မကြေလို့တဲ့။ ဒါနဲ့ သူတို့ကပြန်ပြောတယ်

မင်းတို့ အခွန်ဆောင်လို့ ငါ့ သမီးကပတ်စ်ပို့ကိုင်ထားတာ သူ့ပတ်စ်ပို့ကလည်းသက်တမ်းရှိတယ်

သူအဲ့သက်တမ်းကုန်ရင်လည်း မဆောင်မနေရ ဆောင်ရမှာ။  ဒါဥပဒေနဲ့ညီတယ်ဆိုတာကို ခင်ဗျားချင်းကိုထပ်နေတာပဲဝန်ထမ်းကပြန်ပြောတာ။ အဖွားကြီးအဖိုးကြီးလည်း မင်း ငါတို့ကို ခင်ဗျားချင်းထပ်နေအောင်ပြောစရာမလိုဘူး မင်း အဖေအရွယ်လောက်ရှိတယ်ဆို ပြီး ဒေါသထွက်ကြပြီး အော်တာ ဟစ်တာတွေဖြစ်ကုန်တယ်။ သူကတော့မခိုးမခန့်နဲ့ တခြားဘယ်ဝန်ထမ်းကမှလည်း စိတ်ဝင်စားဟန်မပြပါဘူး ပြည်သူတွေပဲမခံနိုင်လို့ဝို်င်းပြောပေမယ့်မရပါဘူး ။ကျွန်မ က ကင်မရာနဲ့သွားရိုက်တော့ ကျွန်မ ဆီက ကင်မရာတောင်းတယ်။ကျွန်မလည်း ဘာလို့ပေးရမှာလဲ ငါ ဘာဥပဒေမှမဖောက်ထားဘူး နင်တို့ က မဟုတ်တာလုပ်တော့ ဘယ် အရိုက်ခံနိုင်မလဲလို့ ပြန်အော်လိုက်တယ် ။ အဲ့ဝန်ထမ်းကို ဓါတ်ပုံရိုက်တဲ့သူက ရိုက်နေတာ့ အထဲဝင်သွားရော။ ကျွန်မ ကင်မရာမှာတော့ သူ့ပုံပါမလာဘူး။ သူငယ်ချင်း ဆီမှာပါမယ်ထင်တယ်။   ကျွန်မတို့ မနက် ၆ နာရီမှ ပြန်ရတယ် ။တချို့တွေဆို နောက်နေ့ ၁၂ နာရီမှ။  နေ့ခင်းလောက်ကလည်း ကျွန်မ အရာရှိနဲ့သွားညှိတယ်

စာရွက်စာတမ်းစစ်ဆေးတဲ့ အဆင့်ကို စေတနာ့ဝန်ထမ်းစုပေးမယ် ။ အရာရှိတယောက ် ကြည်းကြပ်မလားလို့ပြောတယ်။မြန်သွားအောင်လို့။  လက်မခံပါဘူး။ အဖြစ်ကတော့အဲ့ဒါပဲ ။

အစောကြီးကတည်းက လူတွေကို ပြေပြေလည်လည်ရှင်းပြ တောင်းပန်သင့်တောင်းပန် ညှိနှိုင်းသင့်ညှိနှိုင်းလုပ်ခဲ့မယ် ဆို ဒီလို အဖြစ်မျိုးတွေမဖြစ်ပါဘူး။ နောက်ဆုံး သတင်း ကတော့ ကျွန်မ တို့ ပတ်စ်ပို့တွေ ကို ၂၄ ရက်နေ့ ညနေ ၅ း၃ဝ ချိန်းပေမယ့် ၆း၃ဝ မှ စပြီးနံမည်ခေါ်ခဲ့ပြီး ၂၅ ရက်နေ့ မနက် ၈ နာရီကျမှ ပတ်စ်ပို့ လက်ထဲရောက်ပါတယ်။

 

နိုင်ငံတကာမှာ Senior Citizen ဆိုတာကို ဦးစားပေးတယ်။အခုတော့ မိုက်ရိုင်းချက်က ကမ်းကုန်တယ်

တကယ်ဆို အဖိုးကြီးအဖွားကြီးတွေပါတာမြင်ကတည်းက တာဝန်ရှိသူတစ်ယောက်က လာခေါ်သွားပြီး  VIP Facility လုပ်ပေးရမှာ။  အခုတော့ စဉ်းစားကြည့်။ တကယ်ပဲ Rule ဖြစ်ခဲ့ရင်တောင် အပြေလည်ဆုံးနည်းလမ်းတစ်ခုကိုစဉ်းစားပေးသင့်တာ။

သံရုံးက ပြည်သူနဲ့ ပြဿနာဖြစ်မှ မဖြစ်မနေလုပ်ပေးတာကလွဲပြီးဘာတာဝန်ယူမှုမှမရှိဘူးဆိုတာကို ထင်ရှားပါတယ်။ ပြည်သူအပေါ်မှာလေးစားခြင်း မရှိသလို အရာရှိတွေအနေနဲ့ PROBLEM SOLVING ပြဿနာ ဖြေရှင်းတဲ့ အရည်အချင်း အရလည်း လုံးဝကို ဟိုးအောက်ဆုံးမှာပါ။ အစကတည်းကသာ လူတွေကို စနစ်ချို့ယွင်းတဲ့ အကြောင်းအကြေအလည် ယဉ်ယဉ်ကျေးကျေးပြောပြမယ် တခြားလက်ခံနိုင်တဲ့ အဖြေတစ်ခုခု ပေးဖို့ကြိုးစားမယ် (ဥပမာ သက်ကြီးရွယ်အိုနဲ့ တခြား မလုပ်မဖြစ်လူတွေကို အရင်ဦးစားပေးပြီး အလျင်မလိုတဲ့သူတွေကိုလည်း နောက်ထပ် အလုပ်အကိုင်မပျက်ရအောင် စနေ တနင်ဂနွေမှာ အစားထိုးလုပ်ပေးသွားမယ်ဆိုတာမျိုးသာကြေငြာခဲ့ရင် သူတို့လည်း ဒီလောက်မပင်ပန်းသလို လူထုလည်း ဒီလောက်ဒုက္ခမရောက်ဘူးဆိုတာ သေချာပါတယ်။ ၂၄ ရက်နေ့လာတဲ့သူတွေကိုတော့ တနင်ဂနွေချိန်းတယ်လို့ကြားပါတယ်။

 

အချုုပ်အနေနဲ့သုံးသပ်ရင် ဝန်ထမ်းအပါ ဝင်သံရုံးအကြီးအကဲမှာပါ ပြည်သူအပေါ်တကယ်ပဲ စဉ်းစားပေးတတ်တဲ့ စေတနာရှိပါရဲ့လား။ တကယ်လို့စဉ်းစားပေးတဲ့စေတနာရှိတယ်လို့ ပြန်ငြင်းခုန်မယ်ဆို ကျွန်မတို့နိုင်ငံရဲ့ ဝန်ထမ်းတွေ အရည်အချင်း ဟာ ရင်လေးဖွယ်သံသယရှိစရာပါ။ ဘယ်မှာလဲ ယဉ်ကျေးမှုဆိုတာကရော။ ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဘတ်စ်ကားစီးရင်တောင် လူကြီးတစ်ယောက်တက် လာရင် လာအမေထိုင် အဘ ထိုင်ဆိုတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေရှိနေသေးတယ်ဆိုတာကိုပါ။ ဒါတွေကို သံရုံးဝန်ထမ်းတွေမှာဘာလို့မတွေ့ရတာလဲ။ ပြည်သူတွေထဲကတော့ နီးစပ်ရာ အဘိုးအဘွား နဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လက်လှမ်းမှီသလောက်ကူညီနေတာ တွေ့ရလို့ဝမ်းသာစရာပါ။

 

ဒီစာကို ဖတ်မိတဲ့ မီဒီယာသမားများ အရာရှိအရာခံများ ဒီလို ဌာနမျိုးကို ဘယ်လို ကိုင်တွယ်သင့်လဲ ဘယ်လို အရေးယူသင့်လဲဆိုတာကို ဝိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်ရှင်။

စာကြွင်း ။ ။ အွန်လိုင်းစနစ်ကိုသုံးရင် လိုက်နာရမယ့် အချက်တွေကို သံရုံးကဖော်ပြထားတာနဲ့ တွဲထားတဲ့ ဓါတ်ပုံတစ်ပုံကို ပါတင်ပေးလိုက်ပါတယ်။ အွန်လိုင်းက ရတာပါ။ လိုက်နာကျင့်သုံးရမယ့် အချက်ဆိုတာ တွေဟာ တကယ်ပဲ တရားမျှတမှန်ကန်မှုရှိမရှိဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့ရှင်။ ကျွန်မနားလည်သလောက် အဲ့ဒီလိုက်နာရမယ့် အချက်တွေဆိုတာကို အကျဉ်းချုံးဘာသာပြန်ရင် ကျွန်မတို့ကို သံရုံးဝန်ထမ်းဘာလုပ်လုပ် ခံပါ့မည် ဟူသောစာကို  လက်မှတ်ထိုးခိုင်းခြင်းဟုသာမြင်မိပါတော့တယ်။

 

Credit to Lwin Htoo Ko : ဆိုးတာကြီးပဲ ပြောရင် မတရားဖြစ်မှာ စိုးလို.၊ ကောင်းတာလေးတွေလည်း ပြောပါမယ်။ တချို.သံရုံးဝန်ထမ်းတွေ ကတော့ ပြုံးပြုံးရွှင်ရွှင်နဲ. လုပ်ပေးပါတယ် (အမျိုးသမီးဝန်ထမ်းတွေ)။ အမကြီး တစ်ယောက်ဆို စာအုပ်ထုတ်ပေးတဲ့ရက်က လူတွေက ကြာလို.ဝိုင်းပြော၊ ဝိုင်းအော်တာတောင် မျက်နှာသူငယ်လေးနဲ. ငြိမ်ခံနေရှာပါတယ် (အထက်က လက်မှတ်ထိုးတာ ကြာနေတာ၊ သူလည်း ဘာမှ မတတ်နိုင်ပါဘူး)။ ၂၃ရက်နေ. ညသန်းခေါင်မှာ (တသက်နဲ.တကိုယ် မကြုံဖူးပါ) စောင့်နေတဲ့ လူတွေကို သံရုံးက အအေးတိုက်ပါတယ်။

 

င်္facebook ကနေ တွေ့တာလေးကို မျှဝေလိုက်ပါတယ်။ link ကတော့ http://www.facebook.com/notes/ei-chaw-san/စင်္ကာပူနိုင်ငံ မြန်မာသံရုံး-pls-share-this-note-if-you-think-it-is-not-fair-/440391665978214

7 comments

  • mgwalone

    April 28, 2012 at 1:52 pm

    ်facebook link မှာ ပါတဲ့ please share this note if you think it is not fair ဆိုတာလေးကို သတိပြုစေချင်ပါတယ်။

  • အိမ်လွမ်းသူ

    April 28, 2012 at 4:24 pm

    ပြောရမှာ တောင်မသတီဘူး အဲဒီ သံရုံးက လူတွေအကြောင်း။ သံရုံးလာဖွင့်ထား တာ ပိုက်ဆံတောင်း ဖို့တစ်ခုတဲအတွက် လားတောင်မှတ်ရတယ်။ ပြည်တွင်းက ရုံးလုပ်ငန်းတွေကတော့ အမြင်မကျယ် ဘူးဆိုပြီးလက်ခံလို့ရသေးတယ်။ ခင်းဗျားတို့ ဒီလဲရောက်နေပြီ Singapore ကရုံးလုပ်ငန်းတွေ ဘယ်လိုအဆင်ပြေပြေနဲမြန်မြန်ဆန်ဆန် ဖြစ်အောင်လုပ်လဲ တစ်ရက်လောက် လေ့လာကြည်ပါအုံး။ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကို တောင်အမှီးမြောက်လိုက်အီးပေါက်လိုက်လုပ် နေပုံတွေကို ပြင်ကြပါလို။

  • လူ ဟား

    April 28, 2012 at 9:19 pm

    ခုမှ သံရုံးအခြေအနေက ပြောင်းလဲရုံရှိပါသေးတယ်။ ချက်ချင်းကြီး အရမ်းတိုးတက်နေတဲ့ စင်္ကပူလိုနိုင်ငံလိုတော့ ဘယ်ဖြစ်နိုင်အုံးမလဲ။ system တစ်ခုဆိုတာ ချက်ချင်းကြီး setup လုပ်တာနဲ့ ချက်ချင်းကြီး အဆင်ပြေချောမွေ့နေမှာမှ မဟုတ်တာ။ တစ်ခါတစ်ရံ trial and error ဆိုတာရှိတယ်။ ဘာဘဲဖြစ်ဖြစ် အရင်တုန်းကထက် ပိုပြီး ဆက်ဆံရေး ပြေပြစ်လာတယ်လို့မြင်တယ်။ (ဒါ လူဟား တစ်ယောက်တည်းရဲ့ အမြင်ပါ .. အမြင်ဆိုတာကလည်း လူးဟား ကိုယ်တိုင် မနေ့တနေ့ကမှ သက်တမ်းတိုးထားတာပါ).. တစ်ချို့သောလူတွေက ဆင်ခြေတွေ အထပ်ထပ်ပေးတတ်တာလည်း မြင်ခဲ့ပါတယ်။ အဲဒီလို ဆင်ခြေမျိုး ICA မှာပေးရဲသလား… အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ကိစ္စအဆင်ပြေဖို့အတွက် သီးခံသင့်ရင် သီးခံလို်က်ပါ။ အုတ်နံရံကို ခေါင်းနဲ့မစောင့်ချင်ကြပါနဲ့။ မြန်မာသံရုံးကို ကာကွယ်ပြောကြားနေခြင်းမဟုတ်ပါ။ တိုးတက်ဖို့ရန် အားလုံးမှာ တာဝန်ရှိပါတယ်။ (အနီတွေကို မြော်လင့်ထားပါတယ်)။ သံရုံးကောင်းကွက်လေးတွေ၊ သံရုံးမှာ လူလည်လုပ်တဲ့သူတချို့တွေ သေသေချာချာ မြင်ခဲ့ဖူးပါတယ်။

    • အိမ်လွမ်းသူ

      April 29, 2012 at 10:34 am

      ကိုလူဟား ရေ ကျွန်တော်က System တစ်ခုရဲ အဆင်ပြေချောမွေမှူ့ ကိုပြောနေတာ မဟုတ်ပါဘူး ဌာနဆိုင်ရာ တစ်ခုမှာရှိတဲ့ ပြည်သူတွေရဲ့ အခွန်ကိုစားနေတဲ့ ဝန်ထမ်း တွေရဲ့ ( Duty and Responsibility )တာဝန်ယူမှူ့နဲ့ တာဝန်သိမှူ့ ကိုပြောနေတာပါ။ အကိုပြောသ လို တစ်ချို့သောလူတွေက ဆင်ခြေတွေ အထပ်ထပ်ပေးပြီး လိမ်လည်ဖို့ ကြိုးစားသူတွေကို ရစ်တာဟာ သံရုံးက ဝန်ထမ်းတွေဘက်က မှန်ပါတယ်။ သူတို့မှာ စီစစ်ရမယ့်တာဝန် ရှိတာကို။ ဒါပေမယ့် မှန်မှန်ကန်ကန်နဲ အပြည်အဆုံပါတဲ့ သူကို ဂရုစိုက်ပြီး လုပ်ပေရမှာ သံရုံးက ဝန်ထမ်းတွေရဲတာဝန်မဟုတ်ဘူးလား??? အကိုပြောတဲ့ “အဲဒီလို ဆင်ခြေမျိုး ICA မှာပေးရဲသလား” ဆိုတာက ဟုက်ကဲ ကိုယ်ဘက်က မှန်ကန်နေရင် ICA မှာလဲ Complaint တက်လို့ရပါတယ်။ နောက်ပြီး အကိုပြောတဲ့ “အုတ်နံရံကို ခေါင်းနဲ့မစောင့်ချင်ကြပါနဲ” ဆိုတာကြီးကို နားမလည်သလို လက်လဲမခံပါဘူး။ Taxpayers တွေမှာ ဝေဖန်အကြံ ပြုဖိုတာဝန် အပြည်အဝရှိပါတယ်။ ဒါကြောင့် တချို့ဌာနတွေမှာ Suggestion Box တွေထားထားတာပါ။ အကိုပြောသလို “တိုးတက်ဖို့ရန် အားလုံးမှာ တာဝန်ရှိပါတယ်” ဟုတ်ကဲ့ ကျွန်တော်တို့လဲ Complaint တက်ရမယ့်တာဝန်ရှိပါသည်။ အစိုးရ လုပ်သမျှ လက်ခံရမယ်ဆိုရင်တော့ အာဏာရှင် စနစ်ကို ပြန်သွားသလို ဖြစ်နေပါလိမ်မည်။

  • Lwin Aung

    April 29, 2012 at 9:25 am

    I always felt liked it. I think, a lot of MOFA authorities aren’t known their work exactly . They only understand to respect paid to the state persons when they visit the embassy.

  • FattyCat

    April 29, 2012 at 11:50 am

    မောင်ဝလုံးရေ-
    သံရုံးဆိုတာ နိုင်ငံသားတွေအဆင်ပြေဖို့ဖွင့်ထားတဲ့ရုံးလို့များထင်နေလို့လားကွယ်…
    နိုင်ငံတော်အကြီးအကဲတွေရဲ့ သန်ရာသန်ရာမိတ်ဆွေတွေ၊ ဆွေမျိုးတွေအတွက် ဖွင့်ပေးတားတဲ့ သန်ရုံးပါကွယ်…
    နိုင်ငံတော်အတွက် အလုပ်လုပ်နေတဲ့လူတွေချည်းဆိုတော့ မအားဘူးကွယ့်…
    တံခါးပိတ်အစည်းအဝေးက တစ်နေ့ကို ၃ကြိမ်လုပ်ရပါတယ်…
    အဲဒီတော့ အဆင်မပြေတာရှိရင် ခွင့်လွှတ်ကြပါကွယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • three colors

    April 29, 2012 at 3:05 pm

    နိုင်ငံတော်တော်များများမှာ ဖွင့်ထားတဲ့မြန်မာသံရုံး ဝန်ထမ်းများ ဟာ ကိုယ်နိုင်ငံသားများ အပေါ် ဆက်ဆံရေး မကောင်းကြပါ၊အကူအညီ မပေးကြပါ၊ အခွန်ကောက်ဖို့တခုပဲ အလုပ်လုပ်ကြပါတယ်။
    လူကြီးတွေလာလည်ရင် ရှိခိုးမယ်၊ဩဝါဒ နားထောင်မယ်၊ပျာပျာသလဲလုပ်မယ်၊လူကြီးတွေလာရင်ပဲ အလုပ်လုပ်တဲ့ရုံးပါ။

Leave a Reply