ပယင်းယောင် အလင်းမှောင်

koyin sithuMay 2, 20121min23318

ညနေခင်းဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေတဲ့ ကျွန်တော့်ဆီကို ရောက်လာခဲ့၏ ရုတ်တရက်လူတွေကို စေးစေးပိုင်ပိုင် နှုတ်ဆက်ချင်စိတ်ပေါ်လာလို့ ကျွန်တော်လေချွန်လိုက်မိသည်။ လေပြည်တွေက ဝေ့လိုက် ဝဲလိုက် အနည်းငယ်ရှည်စပြုနေတဲ့ ကျွန်တော်ဆံပင်တွေကို ထပ်ညှပ်လိုက်ရင် ပိုကောင်းသွားပါ့မလား။ စဉ်းစားနေလိုက်မိ၏ နောက်တော့လည်း ဒီလိုပဲပေါ့။ လူတွေကို ဖြောင့်ဖြောင့်လေးနေတတ်စေချင်သည်။ ဘေးနားကို ဘုတ်ခနဲပြုတ်ကျသွားတဲ့ စာအုပ်ကို ကျသွားတဲ့ အနေအထားအတိုင်း ကျွန်တော် ကြည့်လိုက်မိသည်။ ပြီးမှ တွေးလိုက်မိ၏။
“ဪ… ကမာ္ဘကြီးမှာ ချီဗွေဗားရားမှ မရှိတော့ပဲ”
အင်တာနက်ထဲမှာ အမျိုးသမီးဟာ ကို်ယ်နေဟန်အမျိုးမျိုးနဲ့ လမ်းလျှောက်ပြနေ၏။ သူငယ်ချင်းတို့ ရင်ခုန်နေလား။ ဒါတွေဟာ သိင်္ဂါရတရားတွေပဲ မဟုတ်လား။ ရိုးဆွေးဟောင်းနွမ်းလှပြီဖြစ်တဲ့ အဲ့ဒီအာရုံတွေကို ကျွန်တော်တို့ စွန့်မပစ်နိုင်ကြဘူးလား။ ပရုတ်လုံးနံ့သင်းတဲ့ အဝတ်အစားဝတ်ရရင် ကျွန်တော် စိတ်ချမ်းသာ၏ ဒါပေမဲ့ နေရင်းထိုင်ရင်းအကုသိုလ်မဖြစ်အောင်တော့ ကျွန်တော် ကြိုးစားပါသည်။ ကြယ်တွေက ဖွေးခနဲ ကြွေကျသွားသည်။ ကောင်းကင်က ခဲရောင်တောက်နေ၏ ဘဝမှာ တစ်ခါတလေ မိုက်တိုင်စန်လိုမျိုး လက်ဝှေ့ထိုးပြီး သူများ နားရွက်ကိုက်သင့်ကိုက်ရမှာပဲ။
ရေဘဝဲနှစ်ကောင်ကို စားပြီးတော့ ဒစ်စကို ကလပ်ထဲကို ကျွန်တော်ဝင်လိုက်မိသည်။ ဟာဝိုင်ယီကျွန်းမှာ ဂေါ့ဖ် ရိုက်ချင်တဲ့စိတ်က ထိန်းမရသိမ်းမရဖြစ်လာသည်။ ကျွန်တော် ဒစ်စကိုဝင်ကနေလိုက်သည်။ စိတ်ကတော့ ဟာဝိုင်ယီမှာ ဂေါက်ဖ်ရိုက်လေသည်။ ဝပ် ၆ဝအားရှိတဲ့ မီးလုံးလေးကို ကျွန်တော့်ရင်ဘတ်မှာ ပလက်တပ်ပြီး ထွန်းညှိလိုက်လေသည်။ ခေါင်းကို မော့ကြည့်လိုက်မိတော့ မိုးသားတွေက ပြိုဆင်းလာလေသည်။
ဘဝဆိုတာ အချိုကုန်ခါနီး ပီကေဝါးရတာလောက်တောင် အရသာမရှိပေ။ ပန်းချီဆရာ ရိုဇင်ဘတ်ရဲ့ ကောင်းကင်ဘားဆိုတဲ့ ပန်းချီကားကို ကြည့်ရတာ မောသလိုခံစားနေရ၏။ မီးခြစ်ကို ခြစ်ကြည့်လိုက်တော့ ဂက်စ်အားကုန်ခါနီးမို့ မီးတောက်ကသေးနေ၏ ဒါပေမဲ့ ဆေးလိပ်ကိုတော့ မီးစွဲသွား၏။ ဆေးလိပ် မီးခိုးတွေကြောင့် ထွက်ပြေးသွားတဲ့ ခြင်တစ်ကောင်ကို ပြန်ပြီး သနားမိသွားသလိုလို။ ရုတ်တရက်ပဲ မာနကြီးဟန် ပေါက်နေတဲ့ ညနေခင်းဟာ ဆော်ဒါနံ့တွေ သင်းပျံလာတော့၏။
ဖြစ်နိုင်မယ်ဆိုရင် သံယောဇဉ်တွေကို ကျွန်တော် ဖျက်ဆီးပစ်ချင်ပါသည်။ ဖိနပ်မှာလာနားတဲ့ လိပ်ပြာလေးကို ကြည့်ပြီး မဖျက်ဆီးလိုက်ရတဲ့ သံယောဇဉ်တွေကို ကျွန်တော် ဦးညွှတ်လိုက်မိ၏။ ကမာ္ဘဝိုင်းဝိုင်းကြီးမှာ အဲ့ဒီအချက်ဟာ အဓိပ္ပါယ်အမဲ့ဆုံး ကိစ္စဟု ကျွန်တော်က သုံးသပ်ပြီး နောက်ဆုံး လက်ကျန် အရက်ခွက်ကို မော့သောက်လိုက်တာ အခုထိ ကျွန်တော် ပြန်မထနိုင်တော့။
ကျွန်တော် တိမ်တွေစီးပြီး လျှောက်သွားနေမိသည်။ ကိုနိုနဲ့ ကိုဘလက်တိုက်ထားတဲ့ ဂျော်နီလူမဲနဲ့ အမူးပြေအောင် လမ်းလျှောက်ထွက်ရင်ကောင်းမလား။ အဲ့ဒီလိုတွေးပေမယ့် ခေါင်းက လုံးလုံးမထူနိုင်ပါ။ ဒီလိုနဲ့ တိမ်တွေစီးနေရင်းနဲ့ လှမ်းကြည့်လိုက်တော့ ကျွန်တော်ဟာ ဂရိတွေဆီရော၊ ဆင်တွေပေါတဲ့ ကင်ညာကိုရော၊ တော်လှန်ရေးတွေ အမြဲရှိပြီး အရက်ကောင်းတဲ့ အိုင်ယာလန်ကိုရော၊ လာမားဘုန်းကြီးတွေနေတဲ့ တိဗက်ကုန်းမြင့်ကိုရော၊ ဩစတေးလျ မြက်ခင်းတွေပေါ်ရော၊ အနုပညာမြို့တော်ကြီး ပဲရစ်မြို့ပေါ်ရော အကုန်လျှောက်သွားတော့သည်။ ရင်တွေက အတိုင်းအဆမရှိခုန်လာလေသည်။ လောကမှာ လိမ်ညာပြောဆို၊ ရေးသားတာကို ကျွန်တေ်ာ အလွန်မုန်းပေမယ့် ကိုယ့်ဖြစ်ရပ်ကို ကိုယ်ပြန်မရေးရဲလို့ ဒိုင်ယာရီကို လိမ်ရေးနေတာ နှစ်လကျော်ခဲ့ပြီ။ ဓာတုဗေဒဓါတ်ခွဲခန်းလို ရှူပ်ရှူပ်ရှက်ရှက် ဟိုရောသည်ရော ဘဝကြီးကို ကျွန်တော် စိတ်နာနေမိသည်။
တိမ်သားစိုင်တွေထဲမှာ သူမလွင့်မျောပျော်ပါးနေခိုက် ကျွန်တော်က တွေ့နေရသည့်အဖြစ်။ ကျွန်တော်ထင်သည်။ စိတ်ဓါတ်အင်အားများ၏ အခြေခံမှာ အလှဗေဒသက်သက် မဟုတ်နိုင်။ ဒါပေမဲ့လူတွေရဲ့ ဘဝမှာ ဒသမနောက်က ကိန်းဂဏန်းတစ်ခုမျှသာ မျှော်လင့်စရာတွေတော့ ရှိနေပါသေးရဲ့။
ကမာ္ဘမြေမှာ သစ္စာတရားထွန်းကားရေး အဓိက။ ကျွန်တော် လိပ်ပြာသန့်သန့်ပြုံးပါရစေ။ ဖောက်ပြန်တတ်သော အထွက်တံခါးပေါက်များ။ ဥက္ကာပျံကြိုးတန်းပေါ်က အီးမေလ်းတစ်စောင်။ ဘာလင်တံတိုင်းဖြစ်ခဲ့ဖူးတဲ့ အုတ်ခဲတစ်လုံး။ ကျောင်းဒကာ၊ အဖျော်ဆရာတို့ရေ… စကားနည်းရန်စဲတဲ့။ စကားဆိုတာ များသင့်တဲ့ အရာမဟုတ်ဘူးလား။ သာယာမှုအတုနဲ့ ရင်ကိုတစ်ဆုံး ဆန့်ထုတ်ပစ်လိုက်။ ရွာထဲမှာတော့ ကျွန်တော်တို့ဟာ ဖေးဘရိတ်များမဟုတ်ကြပါ။ ကော်ကောင်များလည်း မဟုတ်ကြပါ။ အိမ်ဖြည့်သက်သက်များလည်း မဟုတ်ကြပါ။ ဖျက်မြင်းစစ်စစ်တွေ ဖြစ်သွားရင်တော့ မိန်းကလေးရယ်… လှောင်ပြောင်လိုက်တာမျိုးဖြစ်သွားရင် ခွင့်လွှတ်ပါ။
မြစ်၌ရေချိုးပါ။ ငါးဖမ်းပါ။ သိုသိုသိပ်သိပ်ပြီးပါစေ။ မေမေရေ… အနုပညာပြီးရင် သားဘဝဟာ တံငါသည်လောက်ပဲရှိတာ။ ခန္ဓာကိုယ်ထဲမှာ အာဟာရဓါတ်တွေနည်းလာပေမဲ့ ကျွန်တော် ဦးနှောက်ကတော့ ဆန့်ကျင်စွာပဲ ဝေါဟာရတွေ များပြားလာခဲ့သည်။ အားလုံးဟာ လိုအပ်ချက်တွေ၊ အားနည်းမှုတွေ အပြည့်နဲ့။ ဓါတ်ဆားနဲ့ အိုင်အိုဒင်းဆား ဘယ်ဟာ ပိုငန်လဲ မေးတဲ့သူတစ်ယောက်ကတော့ ဂျပန်က တိုက်ရိုက်သွင်းလာတဲ့ သင်္ဘောကျ ပါရာဒိုကား စီးလျက် ထွက်ခွာသွား၏ စကားတတ်အိုးလေးကို ခေါင်းပေါ်ရွက်ပြီး ပညာတတ်လူ့အဖွဲ့အစည်းဆီကို ကျွန်တော် အရောက်လာနေချင်သည်။
အိပ်မက်ထဲမှာ ကိုယ်ငိုနေတုန်းက ချော့မော့ခဲ့သူဟာ ဒုက္ခသူဌေးလေး ဗင့်ဆင့်ဗန်ဂိုးဆိုရင် အပြင်မှာတော့ မင်းဖြစ်သင့်တာပေါ့။ တြာပီဇီယမ်တွေနဲ့ ခရီးဆန့်လိုက်ကြပါ။ လူ့ဘဝဆိုတာ ထောင့်ချိုး ကြီးကြီး၊ သေးသေး ပီပြင်ဖို့ လိုအပ်ကြောင်း သိသာစေပါသည်။ အီတလီနိုင်ငံလုပ် သားရေထည်ကို ဝတ်ဆင်ထားပြီး နေနဲ့ လ တစ်လုံးတည်းလားလို့ မေးနေတာတော့ မဟုတ်သေးပါဘူး။ ဟုတ်တယ်မဟုတ်လား ဖျော်ဆရာရယ်။ ဘဝဆိုတာ ဂျော်ဒန်းနိုးဝတ်ပြီး အိုက်စ်ကော်ဖီသောက်ရတာလောက်တော့ ဘယ်စမတ်ကျနိုင်မှာလဲ။ ကျွန်တော် လူတတ်ကြီးလုပ်ပြီး ဒဏ်ရာတွေကို တန်ဖိုးဖြတ်ပြသောအခါ ထိုနေ့က မိုးများရွာပါသည်။
ငိုမယောင်ယောင် မျက်ဝန်းတစ်စုံကို ကျွန်တော် အသာဖတ်နေလိုက်တော့ ဘဝသည်မရ… အာဟာရသည်မရ… သစ်ပင်သည်မရ… ကဗျာတွေလည်းမရ… အယ်ကိုဟောလ်တော့ ရသည်။ ဟိုမှာ နှင်းဆီ တစ်ပွင့် …. ကျွန်တော် ချစ်ပစ်လိုက်ရမလား…။ မဖြစ်သင့်။ သို့သော် သူ့ရနံ့ကိုတော့ ကျွန်တော် ခုံမင်ခဲ့တာ သေချာသည်။ အချိန်တွေအများကြီး အမှောင်ကျခဲ့စဉ်က တစ်ခုတည်းသော လင်းလက်မှုမှာ လက်ဆုပ်လက်ကိုင် မပြနိုင်သော ဒဏ်ရာများသာဖြစ်၏။ ဘာသာစကားလည်း မခြားဘဲ သူတို့ အဖို့ ဘာကြောင့်ခက်နေသနည်း။ ခံတွင်းတော့ ထက်ချဉ်လာပြန်ပြီ။ ဖျော်ဆရာရေ…
“ချိုကျ ရှယ်တစ်ခွက်လောက်ဗျို့”
ဘာပဲဖြစ်ဖြစ်တော့ ကျွန်တော်တို့က ကွန်ဆာဗေးတစ်တွေမဟုတ်ဘူးဗျို့။
အိပ်မက်တွေမညီ
ဒုက္ခတွေ လင်းပွင့်စေ
သွားနှင့်တော့
နားဖားကြိုးတပ် ဖလော်ဆိုဖီကြီး
ရွာထဲမှာတော့ ကြက်ဖ၊
အပြင်မှာတော့ ကြက်မ
အချစ်ရေ…
ရောက်ရာအရပ်က ပြေးမြင်သာကြည့်
အဟာရနည်းနည်း၊ သိက္ခာနည်းနည်း
အကြွေးများများရှိတဲ့ ကိုယ့်ကို…
အချစ်စစ်ဟာ ရယူခြင်းဆိုရင်
လာထား…. မီးဟုန်းဟုန်းတောက် လေပြေညှင်းတစ်ခွက်……..။¬¬
ဒီလိုနဲ့ ဝိရောဓိညနေခွက်တွေကလည်း တစ်ခွက်ပြီးတစ်ခွက် မှောက်ကုန်ကြရတာ…။
ဂမ္ဘီရခြုံလွှာများ၊ စာအုပ်တို့၏ အစွန်းထွက်ထောင့်များ၊ ဝီရရှိသောလေညင်းတို့ဖြင့် လောကမာယာဆိုသော စကားလုံးကို တွေ့ဆုံခွင့်တောင်း၏ အမုန်းတရားကို တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။ မိုးရေးဗီးယား၏ ရောမက မိန်းမပျက်ကို ကျွန်တော်ချစ်နေမိပြီထင်ပါသည်။ လမ်းမရှိသူတစ်ယောက်နှယ်၊ လေဟာနယ်ထဲပျံဝဲနေကြ၊ ကျွန်တော်၊ တားရော့၊ ဖရဲသီး၊ ပို့စ်မော်ဒန်၊ လေဆာရောင်ခြည်၊ ဗေဒင်၊ မှဲ့တစ်လုံး၊ နှင့် ရယ်စရာကောင်းသော လွမ်းဆွတ်ကြေကွဲမှုများ နောက်တွင်တော့ ကျွန်တော် ပြေပြေပြစ်ပြစ် သေဆုံးသွားလေသည်။
ကျွန်တော်မုန်းခဲ့သော အမည်နှင့် အကြောင်းများစာရင်း-
၁။ ကြက်ဟင်းခါးသီး
၂။ ခြင်
၃။ ဟစ်တလာ နှုတ်ခမ်းမွှေး
၄။ နှုတ်ခမ်းနီအရမ်းရဲနေသော မိန်းမများ၏ နှုတ်ခမ်း
၅။ ဂေဇက်ရွာမှ အတင်းအဖျင်းသတင်း ပို့စ်များ
၆။ လူပြိန်းအတွေး
၇။ အနုပညာသူခိုး
၈။ ဘဝင်ရူး
၉။ အမြဲတမ်းအရေးကြီးနေဟန် လူတစ်ချို့
ဘဝဆိုသည်မှာ ချစ်ခြင်း၊ မုန်းခြင်းကိစ္စများက ဦးဆောင်သောကိစ္စတစ်ခုမဟုတ်မှန်း ကျွန်တော် ပြောပြချင်နေခဲ့မိသည်။

18 comments

  • mandalarthu

    May 2, 2012 at 9:36 pm

    ကိုရင် စည်သူေ၇
    အရမ်းကောင်းတယ် စာသားရေးပုံက …။
    အကြိုက်ဆုံးက..
    ကျွန်တော်မုန်းခဲ့သော အမည်နှင့် အကြောင်းများစာရင်း-
    ဘဝဆိုသည်မှာ ချစ်ခြင်း၊ မုန်းခြင်းကိစ္စများက ဦးဆောင်သောကိစ္စတစ်ခုမဟုတ်မှန်း ကျွန်တော် ပြောပြချင်နေခဲ့မိသည်။

  • windtalker

    May 2, 2012 at 9:55 pm

    ကိုရင်ရေ… သာမန်ပြည်သူတွေရဲ ့ဘဝဆိုတာ ရိုလာကိုစတာ စီးရသလိုပါဘဲ ။ နိမ့်လိုက် မြင့်လိုက် နိမ့်လိုက် မြင့်လိုက် နဲ ့။ အမြင့်ကိုရောက်ချိန်မှာ ပျော်ရွှင်နေရုံနဲ ့မပြီးသေးဘူးလို ့ထင်မိပါတယ်ဗျား။

  • မဟာရာဇာ အံစာတုံး

    May 2, 2012 at 9:57 pm

    စာသားတွေက ကောင်းလှတယ်ဗျာ ..
    ဒီစာသားလေးကိုတော့ အကြိုက်ဆုံးပဲ …..
    “ဖြစ်နိုင်မယ်ဆိုရင် သံယောဇဉ်တွေကို ကျွန်တော် ဖျက်ဆီးပစ်ချင်ပါသည်။ ဖိနပ်မှာလာနားတဲ့ လိပ်ပြာလေးကို ကြည့်ပြီး မဖျက်ဆီးလိုက်ရတဲ့ သံယောဇဉ်တွေကို ကျွန်တော် ဦးညွှတ်လိုက်မိ၏။ …”

    အဲ .. ကဗျာထဲက …
    “… ရွာထဲမှာတော့ ကြက်ဖ၊
    အပြင်မှာတော့ ကြက်မ .. ”
    အပြင်မှာဆို သော့ခလောက် အကြီးကြီး ခတ်ထားတတ်တဲ့ ကျနော့်ကိုများ ဒီစာသားက စောင်းစောင်းကြီး ကြည့်နေသလားလို့ပဲ … 😀

  • Foreign Resident

    May 3, 2012 at 7:12 am

    ကိုရင် စည်သူ ပျောက်နေတာကြာပြီ ။
    ဘယ်ရောက်နေတာလဲ ။ သင်္ဘောတက်သွားပြီလား ။
    အဘ တောင် ဒီလထဲ ရန်ကုန် ရောက်ရင် ၊
    ကိုရင့်ဆီ ဖုန်းဆက် မလို့ စဉ်းစားနေတာ ။

    • ကိုရင်စည်သူ

      May 3, 2012 at 10:00 am

      အဘဖောရေ… ဩစီမှာရား… သင်္ဘောပေါ်မှာရားဟင်…
      long time no see ဂျာ…သတိရပေးတဲ့ အတွက်ကျေးဇူးပါဗျ… 🙂 🙂

  • အိမ်လွမ်းသူ

    May 3, 2012 at 8:08 am

    ကိုရင်စည် အသဲကွဲနေတာလားဗျ။ ဒီလို အနုပညာမျိုးက အသဲကွဲနေတဲ့ အချိန်အရမ်းခံစားလို ကောင်းတာ။ ဟိ.. ဟိ..။ အရားဂါးနောက်တာ….။ Long time no see !

  • ကြောင်ကြီး

    May 3, 2012 at 9:53 am

    ပို့စ်မော်ဒန်
    တို့အဒေါ်ကြံ
    မြို့ပေါ်စံ
    ဗျို့အော်သံ…။

  • kyeemite

    May 3, 2012 at 10:38 am

    ကရင်စည်သူ…စာပေရေးဟန်လေးကိုသဘောကျသဗျာ…
    ကျွန်တော်မုန်းခဲ့သော အမည်နှင့် အကြောင်းများစာရင်း-ဆိုတာလေးလဲ
    တမျိုးဆန်းပီး လှနေတယ်ဗျာ..အဲဒီစါရင်းထဲ ကျုပ်များပါနေလားလို့..
    အတွေးပွားမိပါကြောင်း….

  • manawphyulay

    May 3, 2012 at 10:53 am

    တော်သေးတယ် ကိုရင်စည် မုန်းတဲ့စာရင်းမှာ မပါသေးလို့ အဟိ… ဘယ်ပျောက်နေတုန်း ဆက်ရေးပါဟ…

  • ညလေး အိတုံ

    May 3, 2012 at 4:39 pm

    လူတွေကို ဖြောင့်ဖြောင့်လေးနေတတ်စေချင်သည်။……..
    လှလိုက်တဲ.စကားလုံးလေး………အားပေးသွားပါတယ်……

  • min min san

    May 6, 2012 at 1:02 am

    ko yin!!

    goodposteverbutyourinspirationsstillaliveandfreash!!!!

  • ကိုရင်စည်သူ
    ရန်ကုန်လာတာ မတွေ့လိုက်ရဘူး.
    နောက်တစ်ချက်ဖြည့်ချင်သေးတယ်
    သူများ ငွေကြေးနဲ့မိမိစိတ်အယားဖြေတတ်တဲ့လူတန်းစား မုန်းဘို့ကောင်းတယ်ဗျာ။

    • windtalker

      May 25, 2012 at 1:53 pm

      အခုမှ ပြန်ဖတ်ကြည့်မိတယ်ဗျား ။
      မှန်လွန်းတဲ ့အဆိုတစ်ရပ်မို ့၊ လိုက်နာဖို ့သေချာ မှတ်သွားပါတယ် ခင်ဗျ ။

  • TTNU

    May 6, 2012 at 11:49 am

    ကိုရင်ရေ..
    (၁)” ပရုတ်လုံးနံ့သင်းတဲ့ အဝတ်အစားဝတ်ရရင် ကျွန်တော် စိတ်ချမ်းသာ၏ ”
    (ကျမလည်း ဒီအတိုင်းပဲ။ Deodorant အခဲထက် ပရုတ်လုံးကို ပိုကြိုက်တယ်။
    ဒါပေမဲ့ ပိုကြိုက်တာက ပရုတ်ဆီပါ။)

    (၂)”ဝပ် ၆ဝအားရှိတဲ့ မီးလုံးလေးကို ကျွန်တော့်ရင်ဘတ်မှာ ပလက်တပ်ပြီး
    ထွန်းညှိလိုက်လေသည်။”
    ( ကျမ စာသင်နေတုန်း မီးခဏခဏ ပြတ်တတ်လို့ ကိုရင့် ရင်ဘတ်ကလေး
    လပေးနဲ့ ငှားပါလား။)

    (၃)”ရွာထဲမှာတော့ ကျွန်တော်တို့ဟာ ဖေးဘရိတ်များမဟုတ်ကြပါ။”
    ( ကိုရင် စည်သူဆိုတာ Celebrity တစ်ယောက် ပါ။ ကျမ လို
    အောက်ဒိတ်အဖွားကြီးတောင်သိပါတယ်။)

    (၄)”စကားတတ်အိုးလေးကို ခေါင်းပေါ်ရွက်ပြီး ပညာတတ်လူ့အဖွဲ့အစည်းဆီကို
    ကျွန်တော် အရောက်လာနေချင်သည်။”
    (Chatter Box တွေ ရွက်ရတာ အဆင်ပြေရဲ ့လား ကိုရင်ရယ်။)

    (၅)”ဘဝဆိုတာ ဂျော်ဒန်းနိုးဝတ်ပြီး အိုက်စ်ကော်ဖီသောက်ရတာလောက်တော့
    ဘယ်စမတ်ကျနိုင်မှာလဲ။”
    (သောက်ဂွပဲ ကိုရင်ရေ… ကျမ ကော်ဖီဆို ပူမှ ကြိုက်တာတော့။)

    စိတ်မရှိနဲ့နော်။ နောက်တာ။ 😛 😛 😛

  • favourite

    May 25, 2012 at 5:20 pm

    တိုရင်က ရွာထဲမှာ ဖေးဘရိတ်မဟုတ်ပေမယ့် တူများကတော့ ဖေးဘရိတ်ပါနော် တိရား။

    ဘဝကို အဓိပယ်ဖွင့်နေကြတာတွေ့လို့ တူများလည်း ဖွင့်ခဲ့မယ်နော်

    “ဘဝ”

    ဘဝဆိုတာ လဒလိုပဲ
    မပျံခင်ကတည်းက အရင်ပြေးနေရတယ်

    • ကိုရင်စည်သူ

      May 25, 2012 at 7:12 pm

      ဖေးဘရိတ်ရေ.. ဘဝဆိုတာ လဒလို မပျံခင်ကတည်းက
      ပြေးနေရရင် အပျံသင်တတ်စကတည်းက အမြန်ပြင်တတ်မှ
      ရမယ်မဟုတ်လား…
      ဖေးဘရိတ်လည်း ရွာထဲမှာ အပြေးပိတ်သွင်းနိုင်ပါစေဗျာ… 😀 😀 😀

  • windtalker

    May 25, 2012 at 7:57 pm

    ဆြာစီရေ
    ကွမ်းစားပြီးရင်တော့ ထွေးပစ်ရမှာဘဲ နော်
    နို ့.. ခံတွင်း ဒုတ်ခများတာနဲ ့၊ ကျောက်ကပ်ကျောက်တည် တာတို ့ဖြစ်တတ်တယ် လို ့
    အတိအလင်း ကြေငြာချက် ရှိတာကလား။

    • ကိုရင်စည်သူ

      May 25, 2012 at 11:26 pm

      ဆြာပေ့ရေ့… ကွမ်းစားပြီးဆိုတာနဲ့ ထွေးထုတ်ဖို့တော့ အသင့်ပြင်ထားဗျို့…
      ဒါနဲ့ စကားမစပ်..
      စားပြီး နားမလည် ဝါးပြီး ထွေးထုတ်ဆိုတဲ့ စကား ဘယ်သူက တီထွင်သွားပါလိမ့်နော်..
      စားပြီးတိုင်းသာ နားလည်ရင် ကွမ်းယာဆိုတာ ပေါ်လာပါ့ဦးမလား
      ဝါးပြီးတိုင်း ထွေးထုတ်ရင် ကွမ်းယာနဲ့ ထွက်လာတဲ့ တံတွေးဆိုတာ ရှိပါဦးမလား…
      ကျနော်ပို့စ်ကို နားလည်ချင်သလို နားလည်ကြပင်..
      ကိုရင်ကတော့ နိုးTဂရုပင်…
      ကိုယ့် ကလောင် ကိုယ်ဝင့်လျက်ပင်… 😀 😀 😀

Leave a Reply