ပန်းပျိုးလက် ဝေဠုဝန် ပရဟိတ ဘုန်းတော်ကြီးသင် ကျောင်း

ဆူးMay 14, 20121min48527

တနင်္ဂနွေနေ့က သူငယ်ချင်း ရဲ့ ဖိတ်ကြားချက်ဖြင့် ဝေဠုဝန် ပရဟိတ ဘုန်းတော်ကြီး ပညာသင်ကြားပေးတော့ ကျောင်းကို ရောက်ရှိခဲ့ပါတယ်။ သူငယ်ချင်းကတော့ မွေးနေ့ အထိမ်းအမှတ် အာရုံနဲ့ နေ့လည်စာ ကျွေးထားတဲ့ အလှူကို ဖိတ်လို့ ရောက်ရှိသွားတာပါ။
ရောက်သွားတဲ့ အခါမှာတော့ တကယ်ကို ဝမ်းသာ ပီတိဖြစ်ဖွယ် ကောင်းတာလေးတွေ တွေ့မြင်ခဲ့ရပြီး နောက်ထပ် နောက်ထပ် သွားချင်စိတ်လည်း ဖြစ်မိတယ်။ အသိမိတ်ဆွေများကိုလည်း ပြန်ပြောချင်စိတ်ဖြစ်မိလောက်အောင်ပါပဲ။

နေရာကတော့ ပဲခူးတိုင်းထဲမှာပါ။ ရန်ကုန် ပဲခူး လမ်းအတိုင်းသွားပြီး ဆယ်မိုင်ကုန်း ပဏ္ဍိရာမ ကျောင်း သွားတဲ့ လမ်းခွဲကနေ ဆက်တိုက်သွားမယ် ဆိုရင် ကွန်ကရစ် လမ်းအတိုင်း ချောချောမွေ့မွေ့ သွားနိုင်ပြီးတော့ မြေနီလမ်းခွဲလေး တခု ကိုတွေ့တဲ့ အခါ ဝေဠုဝန် ကျောင်းတိုက် ကျောက်တန်း ဆိုတဲ့ ဆိုင်းဘုတ် ဘက်ကို ကွေ့ပြီး မြေနီလမ်းကလေး အတိုင်း လှုပ်စိ လှုပ်စိနဲ့ သွားပြီး လမ်းဆုံးတဲ့ အခါမှာတော့ ဝေဠုဝန် ကျောင်းတိုက်ကို ရောက်ရှိပါတယ်။

ပထမဆုံး ကားပေါ်က ဆင်းတဲ့ အချိန် ကြားမိတဲ့ အသံသာကလေးကတော့ ဆရာတော် တပါးမှ ကလေးများကို ဘုရားရှိခိုးတိုင်ပေးပြီး ဘုရားရှိခိုး သင်ပေးနေတာဖြစ်ပါတယ်။
အသံလာတဲ့ ဦးတက်ဘက်ကို ကြည့်လိုက်တဲ့ အခါ ပထမဆုံး စီစီရီရီ ချွတ်ထားတဲ့ ဖိနပ်ကလေးများကို မြင်တွေ့လိုက်တဲ့ အခါ စည်းကမ်း စနစ်တကျ ရှိလိုက်တာ ဆိုတဲ့ အတွေးကလေး ဝင်မိပါတယ်။ ကျောင်းပေါ်ကို တချက် ဝေ့ပြီး မျက်စိနဲ့ ကြည့်လိုက်ချိန်မှာတော့ ကိုရင်တွေ သီလရှင်တွေ ကျောင်းပေါ်မှာ လက်အုပ်ကလေးချီလို့ ဘုရားရှိခိုး သင်ကြားပေးတာကို လိုက်ဆိုနေကြပုံကလည်း ပထမဆုံး အနေနဲ့ ဆွဲဆောင်မှု ရှိလှတဲ့ မြင်ကွင်းပါပဲ။

ကျောင်းက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုဆိုကြပြီး မနက်စာ စားပြီးပြီလား စားပါ ဆိုပြီး မုန့်ဟင်းခါးများနဲ့ တည့်ခင်း ဧည့်ခံကျွေးမွေးပါတယ်။ ကျောင်းရဲ့ တည်ဆောက်ပုံ ကို သတိထားမိလိုက်တာကတော့ တောဓလေ့ ဆန်ဆန် သပ်သပ်ယပ်ယပ် ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။
ထန်းလက် အမိုးလေးတွေ မိုးထားပြီး စားပွဲ လေးတွေကိုလည်း နာဂစ် အခါက လဲပြိုသွားတဲ့ နှစ်၁၀ဝ ကျော် သစ်ပင်ကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲတွေ စားပွဲ ခြေထောက်ကတော့ လဲပြိုခဲ့တဲ့ ထန်းသားတုံးကြီးတွေ နဲ့ သဘာဝ ကျလှပြီး ဆွဲဆောင်မှု ရှိအောင် လုပ်ထားတာမျိုး ဖြစ်ပါတယ်။
ရောက်ရောက်ချင်း လှူဖွယ်များ ကားပေါ်မှ ချပေးပြီး ကျောင်းဝင်း အတွင်း စာသင်ချိန်ဖြစ်တဲ့ အတွက် ကြည့်ရှုပြီး နားနေ စားပွဲကို ရွေ့ပြီး သူငယ်ချင်းများ အုပ်စုဖွဲ့ စကားပြောဖို့ လမ်းညွန်ပါတယ်။ ထိုစားပွဲ ရှိရာကို ကြည့်လိုက်တဲ့ အခါ ကမ်းခြေတွေမှာ ထီးပုံစံ အမိုး အဝိုင်း ဖြစ်အောင် မိုးထားတဲ့ ထန်းလက် နဲ့ လုပ်ထားတဲ့ အဆောက်အအုံ အသေးစားလေးပါပဲ။ ကိုရင် နဲ့ သီလရှင် မဟုတ်တဲ့ ကလေးတွေကတော့ ကျောင်းဝင်းထဲမှာ သစ်ရွက် တစတောင် လေတိုက်ပြီး လွင့်ကျ မခံပဲ အပြေးအလွား လိုက်ကောက်ကြပါတယ်။ ကလေးတွေ ရဲ့ စိတ်မှာ အမှိုက်ဆိုတာ ဘယ်နေရာမှာ မှ မရှိရဘူး ဆိုတဲ့ အသိကလေးကလည်း သင်ကြားတဲ့ သူတွေရဲ့ စနစ်ကျမှုပဲ ဖြစ်ပါတယ်။ ကျောင်းဝင်း နေရာ အနှံမှာ အမှိုက်ပုံးတွေ ရှိပါတယ်။ အမှိုက်ပုံးတိုင်းမှာ မြေဩဇာ ဖြစ်သည့် အမှိုက်ထည့်ရန် မြေဩဇာ မဖြစ်သည့် အမှိုက်ထည့်ရန် စသဖြင့် စာတွေ ရေးကပ်ထားပါတယ်။ နားနေဆောင်က စားပွဲမှာ ထိုင်လိုက်ရင်ပဲ မျက်စိရှေ့မှာ အဆင်သင့်ချ ထားတဲ့ မတ်ခွက်သန့်သန့်ကလေးတွေ ဆေးကြောပြီး မှောက်ထားတာရယ် ဘေးမှာတော့ ရေနွေးဓါတ်ဘူး ကလေး နဲ့ ဘူးကလေးတွေ ထဲမှာ ကော်ဖီထုတ်နဲ့ လက်ဖက်ရည်ထုတ် တွေရှိပါတယ်။ ဘာအတွက်လဲ မသိဘူးလို့ ပြောတာ ကြားတော့ ကျောင်းမှာ ဆရာမ တာဝန်ယူပေးထားတဲ့ ဆရာမ တယောက်က အဲဒါ ဧည့်သည်တွေ သောက်ဖို့ ကော်ဖီ နဲ့ မုန့်ပါ။ ကြိုက်သလောက် စားကြပါ သောက်ကြပါ။ အဆင်ပြေသလို စားနော် အားမနာနဲ့။ ပြောပြီး ပြန်ထွက်သွားမသွားခင် စပ်စု လိုက်ပါတယ်။ ဆရာမ ဒီမှာ လုပ်အားပေးတာ လစာ ရလား မေးတဲ့ အခါ လစာရပါတယ် ၃သောင်းရပါတယ်ဖြေပါတယ်။ ဘေးကပ်လျက်မှာ လက်ဆေး ဘေစင် တခု မြင်မိပါတယ်။ ဘယ်သူမှ မရှိပဲ လွတ်လပ်ပေါ့ပါးပြီး စိတ်ချမ်းသာစေတဲ့ စိတ်ကလေး ဖြစ်မိသွားတယ်။ ဘေးပတ်ဝန်းကျင်မှာ ကလေးတွေ တခါတရံ သစ်ရွက်ခြောက်ကလေး လိုက်ကောက်ပြီး ပြန်ထွက်သွားတဲ့ အခါက လွဲလို့ ကော်ဖီ ဝိုင်းမှာ စိတ်တိုင်းကျ ကော်ဖီ ဖျော်သောက်နေတုန်း တာဝန်ရှိသူ တယောက် က လာပြောပါတယ် ဆရာတော် က မနက် ၉ခွဲမှ အတန်းချိန်ပြီးမှာ ဖြစ်တဲ့ အတွက် နေသိပ်မပြင်းခင် တောစခန်း ဘက်ကို သွားလေ့လာလို့ ရတယ်။ ကားပါတယ် ဆိုတော့ ကားနဲ့ သွားကြည့်ကြ ဘုန်းကြီးတွေနဲ့ ကိုရင်တွေကို နေ့ဆွမ်း ကပ်တဲ့ အချိန်က ၁၁နာရီ ဆိုတော့ လိုပါသေးတယ် အေးအေးဆေးဆေး လည်ပတ်အနားယူပြီး ပြန်လာခဲ့ကြပါဆိုတာနဲ့ ကားနဲ့ ကျောင်းဝင်း အပြင်ကို ထွက်သွားပြီး တောစခန်း ဘက်ကို သွားခဲ့ပါတယ်။ တောစခန်းရဲ့ အမြင်ဆန်းပြီး နားနေဖို့ကောင်းအောင် သာယာမှု ကိုတော့ နောက်များမှ ရေးပါတော့မယ်။
တောစခန်း အပြန်မှာတော့ ဘုန်းတော်ကြီးပညာသင် ကျောင်းတည်ထောင်တဲ့ ဆရာတော် ဦးပညောဘာသ ကို နှုတ်ဆက်ပါတယ်။ ကျောင်းဝင်းထဲမှာ ကွန်ပြူတာခန်းရှိပြီး နောက်ထပ် ဆောက်လုပ်ဖို့ ရှိတာတွေလည်း ရှိကြောင်း ရှင်းပြပါတယ်။ ကျောင်းက ကွန်ပြူတာခန်းမှာလည်း အင်တာနက် ရကြောင်းနဲ့ အင်တာနက်ကို ကျောင်းက သက်ကြီးတဲ့ ကျောင်းသားတွေ အသုံးပြုနေကြတာတွေ့ခဲ့ရပါတယ်။ စာအုပ်စင်တွေ ရှိပြီး ကောင်းမွန်စွာ စာဖတ်နိုင်အောင်လည်း စီစဉ်ပေးတာမြင်ခဲ့ပါသေးတယ်။ ဆရာတော် ထိုင်နေတဲ့ နေရာကလည်း ထန်းလက် အမိုးကလေး မိုးထားတဲ့ တဲ အဝိုင်းကလေးပါပဲ။ ဒါဟာ ဦးဇင်း ရုံးခန်းပါတဲ့။ လေဝင်လေထွက် ကတော့ သဘာဝတိုင်း ဖြစ်ပြီး ပကာသဏ မပါနဲ့ အဆောင်ကလေးမှာ နေပြီး ကလေးတွေ အတွက် ရင်းနှီးမြုပ်နှံထားတာ တကယ်ကို ချီးကျူးစရာ ကောင်းလှပါတယ်။
၂၀၀၄ လောက်က စပြီး ကလေးများကို မူလတန်းကနေစပြီး ပညာများ သင်ကြားပေးခဲ့ပြီး ထိုအချိန်ကတော့ ကျောင်းသားဦးရေ ၁၈၅ ယောက်လောက်ကနေ ယခုနှစ် ၂၀၁၂ မှာတော့ ကျောင်းသားဦးရေ ၄၀၆ ယောက် ထိ များပြားနေခဲ့ပါပြီ။
ငွေကြေးခက်ခဲ ဆင်းရဲ နွမ်းပါးလှတဲ့ မိဘများရဲ့ သားသမီးများကို ပညာသင်ကြားရေး အထောက်အပံ့များပေးနေခြင်း ဖြစ်ပြီးတော့ ယခင်ကတော့ ကလေးများကို နေ့လည်စာ ဘဲဥ တစ်ခြမ်းနဲ့ စတင်ကျွေးမွေးခဲ့ပြီး အလှူရှင်များ တတ်နိုင်သူတွေ ရှိတဲ့ အတွက် ဘဲဥ တလုံးစီ နေ့လည်စာကျွေးပါတယ်။ ကြက်သား ဝက်သား ကျွေးရင် ကလေးတွေ သိပ်မကြိုက်ကြပဲ ထမင်း သိပ်မစားကြလို့ ဘဲဥဟင်းချက်ရင်တော့ အရမ်းကြိုက်ကြတယ်လို့ သိရပါတယ်။
မီးဖိုချောင် ဘက်ကို လေ့လာရေး သွားတဲ့ အခါမှာလည်း သန့်ရှင်းပြီး ဝိုင်းကူဟင်းချက်နေတဲ့ အမျိုးသမီးတွေ တွေ့ခဲ့ပါတယ်။ သူတို့ကတော့ သားသမီးတွေကို စာသင် ထမင်းကျွေး အဝတ်အစား စာအုပ်စာပေ လိုလေသေးမရှိအောင် ထောက်ပံ့ ပေးတဲ့ ဆရာတော် ရဲ့ ကျောင်းမှာ လုပ်အားပေး လာချက်ပြုတ်ပေးနေကြခြင်း ဖြစ်ပါတယ်။ ကလေးတွေ ၄၀ဝ ကျော်ရှိပေမဲ့ ကူညီနေတဲ့ ဝေယျာဝစ္စ အမျိုးသမီး ၁ဝဦးလောက် ရှိတယ်လို့ ပြောပါတယ်။ အလှည့်ကျလည်း ဖြစ်နိုင်ပါတယ်။
ဆရာတော် ရှင်းပြတဲ့ စကားများကို နားထောင်ပြီး နေ့လည် ၁၁နာရီ ဘုန်းဘုန်းတွေ ဆွမ်းကပ်ချိန် ရောက်တဲ့ အခါ မှာတော့ ဆွမ်းကပ်ဖို့ ကျောင်းထဲမှာ ခင်းကျင်းထားပြီးသားဖြစ်တဲ့ အတွက် ဆွမ်းကပ်ဖို့ ကျောင်းထဲကို ဝင်သွားကြပါတယ်။ ဘုန်းဘုန်းများကို ဆွမ်းများ ဆက်ကပ်ပြီးနောက်မှာတော့ ကိုရင်နဲ့ သီလရှင်များ ညီညီညာညာ လမ်းလျှောက်ပြီး ကျောင်းထဲကို ဝင်ပြီး စားပွဲ ကိုယ်စီမှာ နေရာယူကြပါတယ်။ ဆရာတော်မှ ယနေ့ ဆွမ်းအလှူရှင် အကြောင်း ဖတ်ကြားပြီးနောက်မှတော့ မစားခင် ဘုန်းဘုန်းများ က ဦးဆောင်ပြီး ကိုရင်တွေ သီလရှင်တွေကတော့ ကလေးပီပီ စီစီညံအောင် အသံသာသာ လေးဖြင့် ဆုတောင်း သံကလေးများက ပီတိ ဘဝင်လှိုင်းများ ထပ်ခါ ထပ်ခါ ရိုက်ခတ်စေခဲ့ပါတယ်။ ဆွမ်းစားပြီး ကိုရင်တွေ ဥိးဇင်းတွေ ပြန်ကြွသွားပြီး ကျောင်းက အထွက်မှာတော့ ကိုယ့်ဟာကို သိမ်ငယ်စိတ် ဖြစ်ခဲ့မိလောက်အောင်ပါပဲ။ အလျင်စလို ဆွမ်းကပ်ဖို့ ကျောင်းထဲ ဝင်သွားကြတာ အဆင်ပြေသလို ဖိနပ်ကို ဟိုနားချွတ် ဒီနားချွတ်ခဲ့ကြတာကို မည်သူ စီသွားတယ် မသိပေမဲ့ ကျောင်းရဲ့ စည်းကမ်း အတိုင်း ဖိနပ်တွေ အားလုံးကို စီပြီး ထားတာကို မြင်တွေ့လိုက်ရပါတယ်။ စိတ်ထဲမှာတော့ ငါ တော်တော် ညံ့ပါလားလို့ တွေးမိလိုက်တယ်။
ကိုရင်တွေ သီလရှင်တွေ များနေတာတော့ ယခု အချိန်က ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် ကိုရင် နဲ့ သီလရှင် ဝတ်ချင်တဲ့ ကလေးတွေကို ဝတ်ပေးထားခြင်း ဖြစ်ပါတယ်။ ကိုရင် သီလရှင်များ ငယ်ငယ်ကလေးတွေ ဆိုပေမဲ့ သူတို့ ကို တရားထိုင်ခိုင်းတယ် ဘာသာရေးနဲ့ ပတ်သတ်လို့ အများကြီး နည်းမှန် လမ်းမှန် ဖြစ်အောင် သင်ကြားပေးထားတဲ့ အတွက် ဆွမ်းစားတဲ့ အခါမှာလည်း ဦးဇင်း ရဟန်းများလိုပဲ တည်တည် ငြိမ်ငြိမ် နဲ့ အသံ ဗလံ လုံးဝ မရှိပဲ စားနေကြတာကလည်း သင်ကြား လမ်းညွန်ပေးတဲ့ ဦးဇင်း ရဲ့ အထိန်းအကျောင်း ကောင်းမှုလို့ပဲ မြင်မိတယ်။
ကိုရင်တွေ သီလရှင်တွေ ဆွမ်းစား အပြီးမှာတော့ နောက်ထပ် တစ်နေရာမှာ ကျောင်းသားတွေ အတွက် ထမင်းဟင်းတွေ စီစဉ်ထားပါတယ်။ ကလေးတွေ ကို ထမင်းကျွေးတာကလည်း အသက်ကြီးတဲ့ ကျောင်းသားက အသက်ငယ်တဲ့ ကလေးတွေကို ထိန်းတဲ့ စနစ်နဲ့ စီစဉ်ထားတာ ဖြစ်ပြီးတော့ ကလေးငယ်များ အတွက် ထမင်းဟင်း ကို တစ်ယောက်စာ ဟင်းထမင်း ပုံစံခွက်တွေနဲ့ ထည့်ပေးထားပါတယ်။ ထမင်းကတော့ စိတ်ကြိုက် ဟင်းကတော့ ဘဲဥဟင်းဖြစ်ပြီးတော့ အရည်ကတော့ ကန်ဇွန်းရွက် ချဉ်ရည်ဟင်းဖြစ်ပါတယ်။ ပါလာတဲ့ မုန့်ကတော့ ကလေးတွေ အတွက် သူတို့ရဲ့ ထမင်းပန်ကန်တွေ နားမှာ တယောက်စာ လိုက်ဖြည့်ကြပါတယ်။ ပြီးနောက်မှာတော့ ကလေးတွေက တန်းစီ ဝင်လာကြပြီး ထုံစံ အတိုင်း ဖိနပ်များ စီစီရီရီ ချွတ်ပြီး လက်ပိုက်ကာ ထမင်းစားပွဲမှာ နေရာယူပြီး ထိုင်ကြပါတယ်။ ထမင်းမစားခင်မှာတော့ အလှူရှင် နာမည်နဲ့ အလှူ အကြောင်း တိုင်ပေးပြီး ထမင်းမစားခင် မေတ္တာပို့ပါတယ်။
ထမင်းစားတဲ့ အခါမှာလည်း ကလေးများ စည်းကမ်းတကျ ရှိစေရန် လိုအပ်တဲ့ ကလေးက လက်ညိုးကလေး ထောက်ပါတယ်။ လက်ညိုးထောင်တာ မြင်ရင်တော့ သားသား မီးမီး ဘာလိုလဲ မေးတဲ့ အခါ ထမင်းလိုရင် ထမင်း လိုက်ပေးရပါတယ်။ အရည်လိုရင်လည်း ကန်ဇွန်းရွက် ချဉ်ရည် လိုက်ပေးရပါတယ်။ ကလေးများ အားရပါးရ စားနေတာနဲ့ ကလေးများ လိုအပ်လို့ လက်ထောင်တဲ့ အခါ အပြေးအလွား သွားမေးပြီး ဖြည့်ဆည်းပေးရတဲ့ အခါကလည်း အင်မတန်မှ ကြည်နူးပြီး စိတ်ချမ်းသာဖွယ် ကောင်းလှပါတယ်။ ထမင်းလိုတယ် ဟင်းလိုတယ် အော်နေလျှင် ဆူညံ နေမှာ စိုးတဲ့ အတွက် လက်ထောင်တတ်တဲ့ အကျင့်ဖြစ်အောင် လုပ်ပေးထားတာ ဖြစ်ပါတယ်။ ထမင်းစားပြိးတဲ့ အခါ ကလေးများ ကိုယ့်ပန်ကန် ကိုယ်သယ်ပြီး အပြင် ထွက်သွားကြပါတယ်။ ပန်းကန် မပြီး ထွက်သွားပေမဲ့ စားပွဲပေါ်မှာ ထမင်းလုံး ဟင်းဖတ် ပေကျန်မနေခဲ့ပါဘူး။ သူတိုရဲ့ လုပ်ဆောင်ချက် ကို ကြည့်ပြီး ကြည်နူးပီတိ တစ တစ တိုးပွားပြီးရင်း ကို တိုးပွားမိလာပါတော့တယ်။ ဝမ်းသာအားရ ဖြူဖြူစင်စင် ဟန်ဆောင်မှု ကင်းကင်းဖြင့် အားရပါးရစားနေသော ကလေးများကို ကြည့်ပြီး အလှူ အပေါ် ဝမ်းသာ အားရ ထပ်ခါ ထပ်ခါ ဖြစ်မိခဲ့ပါတယ်။
ကလေး အငယ်တွေ စားပြီးနောက်မှာတော့ ကလေး အကြီးလေးတွေ စားဖို့ ပြင်ဆင်ပြီး ထုံးစံ အတိုင်း မေတ္တာပို့ လိုအပ်တာ ဖြည့်ဆည်းပေးရင်း ကိုယ်တိုင် ဗိုက်ဆာ တယ် ဆိုတဲ့ ခံစားချက်တောင် ပျောက်နေခဲ့ပါတယ်။ ပီတိ ကို စားအားရှိ၏ ဆိုတာ ဒီလို အချိန်အခါလည်း ဖြစ်မယ် ထင်ပါတယ်။
ကလေးတွေကို ထမင်းကျွေးပြီး ဧည့်သည်တွေ အတွက် စားဖို့ ပြင်ထားပြီးပါပြီ လာကြပါ ဆိုပြီး လှမ်းခေါ်တဲ့ အတွက် နောက် အဆောင် တခုမှာ ထမင်းစားဖို့ ထွက်လာပါတယ်။
ဆရာတော် က လမ်းမှာ အဆာင် အဟောင်းကလေး တခုကို လက်ညိုးထိုးပြပြီး အရင်က ဒီလို အဆောင်တွေ မရှိခင်တုန်းက အဲဒီ အဆောင်မှာ ကလေးတွေကို ထမင်းကျွေးတာ အဆောင်က ယိုင်ထိုးနေတာ ကလေးတွေ တက်ပြီး စားနေရင်းနဲ့ အဆောင်ကြမ်းပြိုကျတာ ဒီကလေးတွေက ထွက်မပြေးပဲ ဘဲဥ လိုက်ကောက်နေကြတယ် ဆိုပြီး ပြောတာကို ကြားမိတော့ စိတ် မကောင်းဖြစ်မိသွားတယ်။ ထမင်းကျွေးတုန်းကလည်း ကလေးတယောက်ကို ၄ခါလောက် ထမင်းတောင်းပေမဲ့ ထမင်းကုန်တဲ့ အထိ ဘဲဥ တလုံးကို ကုန်အောင် မစားရက်ပဲ ပန်းကန်လေး ကိုင်ပြီး ထွက်သွားတဲ့ ကလေးနဲ့ ဘဲဥကလေး တဝက် နဲ့ ပန်းကန် ကိုင်ပြီး ထွက်သွားတဲ့ ကလေးတွေကို မျက်စိထဲ ပြန်မြင်လာမိပါတယ်။ ကလေးများ သူတို့ စားထားသော ပန်းကန်များ ဆေးကြောပြီး ကျောင်းလာပြန်ထားတာလေးတွေ တယောက်စ နှစ်ယောက်စ ကိုင်ပြီး ဝင်လာ ကြတာလည်း မြင်မိပါတယ်။
ထိုကျောင်းမှာကောင်းတဲ့ စနစ်ကတော့ ကိုယ့်တာဝန် ကိုယ်ယူတဲ့ စနစ်လို့ မြင်မိတယ်။
သူများကို ဝန်မပို တစ်ကိုယ်ရေ တာဝန် ထမ်းဆောင်ခြင်းဟာ မပင်မပန်း ဖြစ်စေတယ်လိုလည်း ထင်ပါတယ်။

နေ့လည်စာ ထမင်းစားပြီးနောက်မှာတော့ ခဏနားပြီး အဆောင်တခုမှာ လှူဖွယ်များ ဆက်ကပ် လှူဒန်း ရေစက်ချ တရားနာပြီး ပြန်အထွက်မှာတော့ ကလေးများ စာသင်သံကို ပြန်ကြားနေရပါပြီ။ စာသင်ပေးတဲ့ ဆရာတော် က အသက်တော် ၈ဝ ကျော်ပြီ လို့ သိရပါတယ်။ အသက် ၈ဝ ကျော် ဆိုပေမဲ့ အသံအားကောင်းကောင်းနဲ့ သင်နိုင်နေတာ လုံးဝ အသက်ကြီးတယ်လို့ မထင်ရပါဘူး။ စေတနာတွေ ဦးဆောင်မှု အားကောင်းလွန်းတဲ့ အတွက် ကျန်းမာပြီး အသံမာနေတာ ဖြစ်မယ် ထင်ပါတယ်။

ကလေးများ စာသင်သံ တွေ ပြိုင်တူ ရွတ်သံတွေကို နားထဲမှာ တလွင့်လွင့်ဖြင့်ပဲ အလှူခရီးစဉ်ကနေပြန်လာပြီး ရိပ်သာ မဝင်တဲ့ ကလေးတွေကတော့ ဆော့ကစားနေရာကနေ အပြေးလာပြီး ပြန်ထွက်သွားတဲ့ ကားကလေးကို ဝိုင်း လက်ပြ နှုတ်ဆက်နေကြပုံကလည်း မခွဲနိုင်စရာ မြင်ကွင်းကလေး တခု အဖြစ် စိတ်ထဲ စွဲထင် ကျန်ရစ်နေရင်း ရန်ကုန်သို့ ဦးတည်မောင်းနှင်ကာ အိမ်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

27 comments

  • weiwei

    May 14, 2012 at 1:59 pm

    အဲဒီလိုကျောင်းမျိုး ရပ်ကွက်တိုင်းမှာ ရှိနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ် ….
    ဆူးရေးတာ ကောင်းလွန်းလို့ သွားလှူချင်စိတ်တောင်ပေါက်မိပါတယ် …
    မွေးနေ့ကျရင် သွားလှူချင်တဲ့နေရာတစ်ခုအနေနဲ့ မှတ်ထားလိုက်ပါ့မယ် …

  • mocho

    May 14, 2012 at 2:02 pm

    ဆူး ကတော့ ဒီ လိုနေရာမျိုးလေးတွေ တွေ့ လည်းတွေ့ တတ်၊ ရောက်လည်းရောက်တတ် ပါပေတယ်။ ဒီလို ဖေါ်ထုတ်ပေးလို့ လည်း ဒီလိုနေရာလေးတွေ ရှိတယ် ဆိုတာ လှူ ချင်တဲ့ သူတွေ လည်း သိခွင့်ရတော့ တင်ပေးတဲ့သူလည်း ကုသိုလ်ရပါတယ်။
    လမ်း ပေါ် မှာ ဝမ်းစာရှာ စားနေတဲ့ ကလေးတွေ ကို လည်း ဒီလို အထိန်းအကွပ် ရှိတဲ့ နေရာ မျိုး ကို ရောက်စေချင်ပါတယ်။

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 14, 2012 at 2:24 pm

    မမဆူးရေ …
    ွှအဲဒီဘုန်းကြီးကျောင်းကို ကျွန်တော်လဲရောက်ဖူးတယ်ဗျ …. 2010 ခုနှစ်လောက်တုန်းက Local Volunteer Team တစ်ခုနဲ့ အဲဒီကျောင်းက ကလေးတွေရော အနီးအနားဝန်းကျင်ရွာတွေက ဆေးဖိုးမတတ်နိုင်တဲ့ သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ဆိုတဲ့ ခေါင်းစဉ် နဲ့ သွားတာဗျ …. မမဆူးပြောသလိုပဲ ကလေးတွေက စည်းကမ်းရှိတယ် … အရမ်စိတ်ချမ်းသာဖို့ကောင်းတာပဲ …. ဘုန်းကြီးကျောင်းက ဘုန်းကြီးကအစ ရှိသမျှလူအဆုံး ဧည့်ဝတ်ကျေကြတာများ ကိုယ်ကတောင်ပြန်အားနာနေရတယ် …. ကောင်းတယ်ဗျာ … ကျွန်တော်လဲအဲဒီကို ထပ်သွားချင်နေတာ … မမဆူးပြန်ပြောတော့မှပဲ တစ်ကယ်ပြန်ရောက်သွားသလို ခံစားရတယ် …. ကျေးဇူးတင်ပါတယ်

  • ဆူး

    May 14, 2012 at 2:28 pm

    အဲဒီ ကျောင်းထဲမှာ သဘာဝ ပုံစံ အတိုင်း ထားရှိပြီးတော့ စိုက်ခင်းတွေကိုလည်း ဘယ်လိုစိုက်ရင် ဘာဖြစ်မယ် ဆိုတာတွေက အစ သင်ကြားပေးပါတယ်။
    အောဂန်းနစ် အသီးအနှံတွေ စိုက်ပျိုးတတ်အောင် သင်ပေးပြီးတော့ ကျောင်းထဲက အသီးအနံတွေ ကို အသုံးပြုပြီး ကလေးတွေ အတွက် ဟင်းစား ဖြစ်စေပါတယ်။
    အသီးအနှံ အသီးအရွက် အားလုံးကတော့ သဘာဝက ပေးတဲ့ အော်ဂန်းနစ် စစ်စစ် ဖြစ်အောင် စိုက်ပျိုးတယ်လို့ သိရပါတယ်။

    • char too lan

      May 18, 2012 at 10:53 am

      အယ်… ဒါမျိုးတွေလဲရှိတယ်ဆိုတော့ မဆိုးဘူးပဲ.. အရမ်းကောင်းတယ် တော်တော်လဲ စနစ်ကျတယ်..
      ဆြာဆူး နောက်သွားလှူအုံးမယ်ဆိုအကြောင်းကြားပါအုံးနော်
      ကိုယ်တိုင်မသွားဖြစ် မရောက်ဖြစ်တဲ့နေရာတွေမို့ မီသလောက်အချိန်လေးမှာ ရှိသလောက်လေးလှူလိုက်ချင်လို့ ပါ…

  • Ch@vez

    May 14, 2012 at 2:31 pm

    သိနေဒယ် သိနေဒယ် …
    ဟို လေးလုံးပြူးကြီး ဘာဝင်ပြောမလဲဆိုတာ ..
    အဘ မနော ကနေ သိနေပါတယ် ကွယ်…..

    ဇဂါးမစပ် ..
    သာဓုပါ ကိုဆူးရေ…

    ဒက်ဂလောက် ဒက်ဂလောက်

  • Ma Ei

    May 14, 2012 at 2:37 pm

    ဆူးရဲ့ အရေး
    ကလေးတွေရဲ့ အပြုံး
    လှူချင်လာအောင် ဆွဲဆောင်နေပါတယ်…
    ကလေး 400 ကျော်အတွက် တစ်နေ့စာ ဘယ်လောက်ကုန်ကျနိုင်လဲ သိချင်ပါတယ်ဆူးရေ…
    ကူညီပေးပါ…

    • weiwei

      May 14, 2012 at 8:16 pm

      နေ့လည်စာတစ်နပ်ကို နှစ်သိန်းတစ်သောင်းကျပ် ကုန်ကျတယ်လို့ သိထားပါတယ် ..

      • ဆူး

        May 15, 2012 at 9:27 am

        နှစ်သိန်း ၁ထောင်ပါ..
        ကလေးတွေ အများကြီး အတွက် ဆန် ၁အိတ်သာ ကုန်ပါတယ်။
        ဘာလို့လဲ ဆိုတော့ ကိုရင်တွေ သီလရှင်တွေ ဝတ်ထားတဲ့ ကလေးတွေက ဆွမ်းဆန် အလှူခံ ထွက်လို့ ရတဲ့ ဆန် ကလေးတွေ နဲ့မို့ ဆန် ၁အိတ်သာ ကုန်တယ်ဆိုတာ သိခဲ့ ရပါတယ်။

        ပွဲလန်း သဘင်တွေနဲ့ တယောက် ခန်းခန်းနားနား ကျွေးမယ် ဆိုရင် တယောက် ၅၀၀ဝ လောက်ဆိုရင်တောင် လူ ၄၀ဝ အတွက် သိန်း ၂ဝ လောက် ကုန်နိင်ပါတယ်။
        ပကာသန မပါ အလှ မဖက်ပဲ အားရပါးရ ဗိုက်အဝ တွယ်တဲ့ အလှူပွဲကလေးပါ။

  • Yin Nyine Nway

    May 14, 2012 at 6:49 pm

    မဆူးရေ
    အဲဒီကျောင်းက ဘုန်းဘုန်းနဲ့ နွေးသီးနဲ့ ခင်တယ်လေ
    အဲဒီမှာ ဘိုင်အိုနီကာ ဂါးဒင်းလေးလုပ်ထားတာကို သဘောအကျဆုံးပဲ
    ပြီးတော့ အဲဒီမှာ ကွန်ပြူတာ သွားသင်ပေးဖို့တောင လုပ်လိုက်သေးတယ်
    အခြေအနေမပေးတာကြောင့်
    သွားမသင်နိုင်သေးပေမဲ့
    တရက်သွားမယ်လို့တော့ အားခဲထားသေးတယ်

    • ဆူး

      May 15, 2012 at 9:33 am

      ဆူး လည်း အဲဒီ ကျောင်းမှာ လုပ်အားပေးချင်စိတ်ဖြစ်မိပါတယ်။
      နေထိုင်ရာ အရပ်နဲ့ ဝေးကွာတဲ့ အတွက် တခါတခါ သွားဖို့ လာဖို့နဲ့ စီးပွားရေးကြီးပွားရေးက ရှိနေသေးတော့.. လုပ်ချင်ပေမဲ့ လုပ်နိုင်သေးဘူး။
      ပရဟိတ လုပ်ငန်းတွေ များစွာ ရှိပြီး ငွေအားလည်း လိုအပ်နေတာ ရှိသလို လူအားလည်း လိုအပ်နေတာတွေ များစွာ ရှိပါတယ်။

  • ဦးဦးပါလေရာ

    May 14, 2012 at 8:09 pm

    စာတင်မက အလေ့အကျင့်ကောင်းလေးတွေပါ သင်ပေးတဲ့ကျောင်းကလေးပဲ။
    အဲဒီကျောင်းမျိုးကိုပံ့ပိုးရတာ ပီတိဖြစ်စရာလဲကောင်းမယ် အကျိုးလဲများမယ်…။
    နောက်တခေါက်ကို အဲဒီကိုသွားဘို့ စီစဉ်ရင်လဲ မဆိုးဘူးနော်…။

    • ဆူး

      May 15, 2012 at 9:39 am

      မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတာ စည်းကမ်း နဲ့ စနစ် လိုတယ်လို့ ထင်ပါတယ်။
      လမ်းပေါ်မှာ အမှိုက်တစ မပွရအောင် အမှိုက်တွေ့ရင် ကောက်သိမ်းရမယ် ဆိုတဲ့ စိတ်ဓါတ်ကလေး ကလေးတွေကို သွန်သင်ထားတာ တကယ်တော်ပါတယ်။

      ဆူး တို့ မြန်မာပြည် တပတ် မပြောနဲ့ ရန်ကုန် တပတ် လမ်းတလမ်းလောက် သွားလိုက်ရင်တောင် အမှိုက်မတွေ့တဲ့ နေရာ မရှိပါဘူး။
      အရှည်မတွေးပဲ လွယ်လွယ် လုပ်တတ်တဲ့အကျင့် ကိုယ့်တာဝန် ကိုယ်မယူတတ်တဲ့ အကျင့် ကြီး စွဲနေကြတဲ့ လူတွေ များတဲ့ တိုင်းပြည်ကြီးမှာ ဒီလို လူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့ ကလေးတွေ ရှိအောင် သွန်သင်ထိန်းကျောင်းပေးမှု ကို သိပ်သဘောကျစေခဲ့တာပါ။

  • windtalker

    May 14, 2012 at 9:31 pm

    တစ်ကယ်လှူသင့်တယ် လိုအပ်ချက်ရှိတဲ့ ပရဟိတလေးတွေ ကို မြင်ရတိုင်း ၊ လက်ရှိ စီးပွားအဆင်မပြေမှု တွေ ကို စိတ်နာမိတယ် ၊ ဖူးဆွားရေ ။

    • ဆူး

      May 15, 2012 at 9:42 am

      ထပ်တူ ထပ်မျှပါပဲ.. စိတ်ရှိတိုင်း လှူနိုင်ဖို့ ဆူး လည်း အများကြီး ကြိုးစားရပါအုန်းမယ်။
      ဆန္ဒတွေ များကြီး ရှိပါတယ်။
      လုပ်နိုင်တဲ့ အလုပ်ကို လုပ်ဖို့တော့ စဉ်းစားထားပါတယ်။

  • surmi

    May 15, 2012 at 12:13 am

    ဒီလိုကျောင်းမျိုးတွေ ဒီလိုလေ.ကျင်.မှုမျိုးတွေများများလိုအပ်ပါတယ် ။
    ခက်တာက အလှူရှင်ပဲလေ ….။
    တော်တော်လေးကိုမပြည်.စုံတဲ.ကျောင်းတွေတွေ.ဖူးတယ် ……
    ချို.ချို.တဲ.တဲ. ရပ်တည်နေကြရတာပါ …။

    • ဆူး

      May 15, 2012 at 9:59 am

      ဦးဆာမိ ရေ.. အဲဒီ ကျောင်းကို ရောက်သွားတော့ သတိထားမိလိုက်တာ..
      ၁။ မြန်မာနိုင်ငံမှာ ဒီလို ကျောင်းတွေ ရှိသင့်တယ်။
      ၂။ ဒီလို ကျောင်းတွေကို စနစ်တကျ လုပ်တတ်တဲ့ သူတွေလည်း လုပ်ပေးဖို့ အဆင်သင့်ရှိသူတွေ ရှိသင့်တယ်။
      ၃။ လုပ်မည့်သူ ရှိသော်ငြားလည်း ထောက်ပံ့သူတွေ လိုပါသေးတယ်။
      ၄။ ထောက်ပံ့ချင်သူတွေ ရှိသော်လည်း လိုအပ်ချက်ကို သိဖို့လိုပါတယ်။
      ၅။ ထောက်ပံ့ချင်သူနဲ့ ထောက်ပံ့ပေးသူနှင့် လုပ်ဆောင်ပေးတတ်သူ လုပ်ဆောင်ပေးချင်သူ စသဖြင့် အဖက်ဖက်က ပြီးပြည့်စုံနိုင်မှ ရှိမှာမို့.. လိုအပ်တဲ့နေရာတွေကို တဆင့်ဆင့် သိရလေအောင် ရှိနေတာလည်း သိအောင် ရှိသင့်တာလည်း သိအောင်.. လိုအပ်တာလည်း သိအောင် ဒီပိုစ်လေး ရေးလိုက်တာပါ။

  • ကြောင်ကြီး

    May 15, 2012 at 10:03 am

    ပန်းပျိုးသောလက်
    လှမ်းနိုးစောမနက်
    ယမ်းအိုးပေါချက်
    ထမ်းပိုးတောကြက်..။
    မှတ်ချက်။ တိုက်ကြက်မဟုတ်ပါ..။ 😀

  • ဆူး

    May 15, 2012 at 10:09 am

    ဒီပိုစ်လေး ရေးလိုက်ရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။
    ဒီလို လိုအပ်နေတဲ့ နေရာတွေနဲ့ စေတနာ ထားပြီး စနစ်တကျ လုပ်ဆောင်နေတာ လူတွေ သိစေချင်တယ်။
    နောက်တချက်ကတော့.. ဒီတလောမှာ ခရိယာန်သာသနာပြု တရားဟော ဆရာတွေရဲ့ တရားဟောချက်တွေက ဗုဒ္ဓဘာသာကို တိုက်ခိုက်တာတွေ နားထောင်ရပါတယ်။
    ဘာသာခြားတွေ က လူမှုရေး လုပ်ဆောင်ချက်တွေ များစွာရှိပြီး ဘုန်းကြီးတွေက မလုပ်ပဲ လှူတာ ထိုင်စားကြတယ် ဆိုတဲ့ စကားကို ငြင်းပါယ်ချင်တယ် သက်သေပြချင်လို့ ထုတ်ဖော် ရေးသားခဲ့တာပါ။
    နောက်ထပ်လည်း တွေ့ရှိထားတဲ့ အချက်လေးတွေ အင်တာနက် ကောင်းတဲ့ အခါ ထပ်ရေးပါအုန်းမယ်။

    • ဦးဦးပါလေရာ

      May 15, 2012 at 11:51 am

      ဒီအကြောင်းကို တခြားနေရာဆိုရင်တော့ လက်ရှောင်ချင်ပါတယ်..။
      ဆူးက ပြောတာဆိုတော့ ဦးလေးလဲ နဲနဲဝင်ပြောချင်သေးတယ်..။
      အခုတလော ဗုဒ္ဓဘာသာကို တိုက်ခိုက်ကြရာမှာ-
      ဘုန်းကြီးတွေ ပြည်သူ့အကျိုးမလုပ်ပဲ လှူတာထိုင်စားကြတယ်ဆိုတာရယ်
      ဘုန်းကြီးတွေ ချဲထိုး ဘောလုံးလောင်း ချက်တင်ထိုင်ကြတယ် ဆိုတာမျိုးတွေရယ်
      မကြာခဏ ကြားနေရတယ်။
      တကယ်တော့ ဘုန်းကြီးကျောင်းတွေအနေနဲ့ ကောင်းတာ/အကျိုးရှိတာ တခုမဟုတ်တခုတော့ အမြဲလုပ်နေကြတာပါ။ နယ်ဘုန်းကြီးကျောင်းတွေဆို ဘယ်အကျိုးပြုလုပ်ငန်းမဆို ဝင်ပါနေကြတာပါ။ မမြင်ချင်ယောင်ဆောင်ဘို့တောင် ခက်ပါတယ်။
      ဘရုတ်ကျတဲ့ ရဟန်းငယ်တချို့ရှိတာတော့ မှန်ပါတယ်။ အရေအတွက်မများပါဘူး။
      အဲဒါကို ပြည်သူနဲ့ အစိုးရနဲ့ သာထွန်းပြန့်ကဝိုင်းထိန်းရမှာပေါ့။
      ဗုဒ္ဓသာသနာကို အပြစ်ပြောနေမယ့်အစား သာသနာကို တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးရှိအောင် အသုံးပြုရမှာ..။

  • နွယ်ပင်

    May 15, 2012 at 10:38 am

    တကယ့်ကို အလေ့အကျင့်ကောင်းလေးတွေနဲ့ ပြုစုပျိုးထောင်ပေးတဲ့ ကျောင်းလေးပါပဲ ..
    ပိုစ့်ရေးထားတဲ့ ဆူးရဲ့အရေးအသားကလည်း ကောင်းတော့ ချက်ခြင်းကို သွားပြီးလှူချင်စိတ်တောင် ဖြစ်မိတယ် ..

  • ဗိုက်ကလေး

    May 15, 2012 at 2:30 pm

    အနာဂတ်ရဲ့ ကြယ်ပွင့်တွေကို ပျိုးပေးနေတဲ့ လက်တွေပေ့ါနော်..
    သာဓုပါဗျား..

  • marblecommet

    May 15, 2012 at 3:16 pm

    တကယ့်
    စည်းကမ်း၊ စနစ်ကျတဲ့ ကျောင်းပါပဲ..
    ……ဒီပို့စ်လေး ဖတ်ပြီး
    ဇဂါးအတင်းစပ်ခေါ်မလား..မဆိုင်မဆိုင်ပြောမလား……
    ဂျော့ချ်ဝါရှင်တန်ကာဗာ ဆိုတဲ့ပုဂ္ဂိုလ်ကြီး
    စာသင်ခဲ့တဲ့ကျောင်း
    ဒဂိုးရဲ့…..
    ရှန်တိနိကေတန်..ကျောင်းတို့ အကြောင်း
    ဖတ်ဖူးတာ အတွေးကရောက်သွားတယ်…..
    …..
    ဒီကျောင်းလေးကိုလည်း တစ်နေ့သား ရောက်ဖူးချင်သား…..

  • kai

    May 15, 2012 at 3:52 pm

    .. ကျောင်းထိုင်ဆရာတော်ကို.. ခေတ်မှီကျောင်းအုပ်ချုပ်ပုံ.. ငွေကြေးစီမံခန့်ခွဲပုံ.. စတဲ့.ခေတ်မှီပညာရပ်တွေ.. ဥပမာ. MBA လို.. ပညာရပ်ကို.. အနည်းဆုံး စင်္ကာပူလောက်မှာ..further study ဆက်သင်ဖို့ တကာ/တကာမ တွေဝိုင်းထောက်ပံ့သင့်..တိုက်တွန်းသင့်တယ်လို့ထင်မိတယ်..
    ပထမဦးစားပေး (အရေးတကြီး) လုပ်ရမှာလို့ မြင်တယ်..။

    ဒါဆို..
    သူ့လက်ကထွက်လာတဲ့.. ကလေးတွေ.. အနာဂတ်ထွန်းတောက်လာမယ်လို့.. ရိုးရိုးလေး..မြင်မိပါတယ်..။
    ကလေးတွေအနာဂါတ်ကောင်းမှာက.. တိုင်းပြည်အနာဂါတ်ကောင်းမှာပဲပေါ့…။ 😆

    • ဆူး

      May 15, 2012 at 4:21 pm

      ဆူး အမြင်နဲ့ ပြောရမယ် ဆိုရင် အဲဒီ ဆရာတော် က ခေတ်ပညာတတ်ဖြစ်တဲ့ အတွက် ခေတ်မမြင်ရှိပြီး စနစ်တကျ ဖြစ်အောင် လုပ်နိုင်တာလို့ မြင်မိတယ်။
      လိပ်စာကဒ်ထဲက လိပ်စာလေး ကူးပေးလိုက်တယ်။
      Dr. Ashin Pyin Nyaw Bha Tha
      Dhammacariya, M.A,Ph.D
      (Patron & Chief Adviser)
      Int’l Buddhist Sangha Trust
      ANADA NAGAR, MAHUABAD, BODHGAYA
      826231, GAYA BIHAR, INDIA.

      ဒေါက်တာ အရှင်ပညောဘာသ
      (ပန်းပျိုးလက်)
      ဓမ္မစရိယ M.A, Ph.D.
      တာဝန်ခံကျောင်းအုပ် ဆရာတော်
      အမှတ် ၁ရ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း
      ကျောက်တန်းရွာ၊ ပဲခူးမြို့နယ်။
      ဖုန်း 0949450611 095122641

  • Moe Z

    May 18, 2012 at 9:19 am

    မမဆူးရေ လက်မနှစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ..
    လောလောဆယ် ဘက ကျောင်းတစ်ကျောင်းရှာနေတာနဲ့အတော်ပဲ ..

    သဂျီးရေ တကယ်ပြောတာ လက်မနှစ်ချောင်းထောင်လို့ရတယ် 😀

  • Tun Tun Win

    August 9, 2012 at 8:11 pm

    မင်္ဂလာပါ …ဆူးရေ …. ကျွန်တော် ထွန်းထွန်းဝင်း ပါ အမှတ်၁ရ ဝေဠုဝန်ဘုန်းတော်ကြီး သင်ပညာရေးပရဟိတကျောင်းရဲ့ ကျောင်းအကျိုးတော် ဆောင် တစ်ယောက်ပါ …ညီမ ရေးတဲ့ Post ကို တွေ့ပြီး ကျောင်းကို လာရောက် လှူဒါန်းတဲ့ အလှူရှင် ၂ ဖွဲ့ ပေါ်ပေါက်ခဲ့ပါတယ်…ကလေးတွေ အတွက် စာအုပ်တွေနဲ့ ကျောင်းသုံးစာရေးကိရိယာ တွေ လှူဒါန်းခဲ့ ကြသလို ..ကလေးတွေ အတွက် နေ့လယ်စာတွေလည်း လှူဒါန်းခဲ့ ကြပါတယ် ..ဆရာတော် ကို လည်း ညီမရဲ့ Post ကို ပြပြီးပါပြီ..အထူးကျေးဇူးတင်ပါတယ်ဆိုတာ ထပ်လောင်းပြောကြားလိုပါတယ်….ညီမရော ညီမ မိသားစုတွေပါ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးအစစအရာရာ အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အချိန်ရရင်လည်း ကျောင်းကို လာလယ်ဖို့ ဖိတ်ခေါ်ပါတယ် ညီမတွေ့ခဲ့တဲ့ တောစခန်းက ရေ ကန်ကြီး က ရေတွေ ပြည့် ပြီး သာယာ လှပနေပါပြီ မိုးရာသီအလှကို လာရောက်ခံစားဖို့ ဖိတ်ကြားလိုပါတယ် …

Leave a Reply