ဘူးသီးတောင်နှင့် မောင်းတော ရေကြီး၊ လူ ၂၈ ဦးခန့် သေဆုံး

guestktyJune 17, 20101min833

ခိုင်ပြည်နယ် ဘူးသီးတောင် မြို ့နယ်နှင့် မောင်းတော မြို ့နယ်များ၌ ယခုရက်ပိုင်း အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်များ ပြိုကျကာ ရေကြီးရေလျှံ ဖြစ်သောကြောင့် လူ၂၈ ဦးခန့် သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘူးသီးတောင်တွင် ရေကြီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ထိုသို့ မိုးရွာသွန်း မှုကြောင့် မြို ့တွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများ ရေမြုပ်ကာ လူနေအိမ်များ၊ လမ်းများ ပျက်စီးပြီး သစ်ပင်များ လည်း ကျိုးကျပြိုလဲလျှက် ရှိကြောင်း၊ ယခု သေဆုံးသူများမှာ ဘူးသီးတောင် မြို့နယ်တခုတည်းက ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။

ရခိုင်ဒေသ အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)ရုံး တာဝန်ရှိသူ တဦးက“မိုးတွေ ဆက်တိုက်ရွာပြီး ရေတွေကြီးတယ်၊ တောင်တွေလည်း ပြိုတယ်၊ ဘူးသီးတောင်မြို ့နယ်မှာပဲ လူ ၂၈ ယောက်သေတယ်လို ့စာရင်းရထားတယ်၊ လောလောဆယ် ကယ် ဆယ်ရေး စခန်းတွေမှာ လူ ၃၀၀ဝ လောက် ရှိနေတယ်၊ ရေကြီးလွန်းလို ့တံတားတွေ မျောပါတယ်၊ အိမ်တွေပျက်စီးကုန်တယ်၊ ကျမတို့ ဌာနက ဆန်အိတ်တွေ တော်တော် ရေထဲကိုမျောပါသွားတယ်”ဟု ဧရာဝတီသို့ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်ကလည်း“မုတ်သုန်ရာသီ အစ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရှိ ချင်း၊ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိနိ္ဒယ တို့မှာ ယခုလောလောဆယ် မိုးများရွာသွန်း နေခြင်း ဖြစ် တယ်”ဟု ပြောသည်

ဇွန်လ ၁၄ ရက်နေ ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းပြီး ၁၅ ရက်နေ ့နံနက်၂ နာရီခန် ့မှ စတင်ကာ ရေကြီးရေလျှံဖြစ် လာခြင်းဖြစ်ကြောင်း၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ရပ်ကွက် ရ ရပ်ကွက်စလုံး ရေနစ်မြုပ်ခဲ့ရကြောင်း၊ မြေနိမ့်ပိုင်းများမှာ အဆိုး ဆုံးဖြစ်ကြောင်း ဘူးသီးတောင်မြို့ဈေးအနီးတွင် နေထိုင်သူတဦးက ပြောပြသည်။

“တမြို့လုံးပဲ ရေမြုပ်တယ်၊ ဈေးပိုင်းကတော့ အဆိုးဆုံးပဲ၊ နိမ့်တော့လေ၊ လူအသေအပျောက် များမှာတော့ သေချာတယ်၊ လူတွေ ပြောနေကြတာတော့ ရာနဲ ့ချီသေတယ်လို ့ပေါ့၊ အတိအကျတော့ မပြောတတ်ဘူး၊ တော်တော်သေတာတော့ သေချာတယ်” ဟု ဒေသခံ ရေဘေးဒုက္ခသည်တဦးကလည်း ဆိုသည်။

ယခုအခါ ဘူးသီးတောင်မှ ရေဘေးဒုက္ခသည်များကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ ့အစည်းများက ဦးဆောင်ကာ အကူအညီ ပေးလျက်ရှိပြီး မောင်းတောတွင် ခယက မှ ဦးဆောင်ကာ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြာင်းသိရသည်။

ယင်းသို့ ရေကြီး ရေလျှံဖြစ်သဖြင့် ဘူးသီးတောင်သို့ လာသော လှေသင်္ဘောများလည်း ရပ်ဆိုင်းထားရပြီး ဘူးသီးတောင်နှင့် မောင်တောကြားရှိ တောင်ကိုဖြတ်ဖောက်လုပ်ထားသည့် လိုဏ်ခေါင်းကြီးမှာလည်း မြေပြိုသဖြင့် လမ်းပန်းဆက်သွယ်ရေး ရပ်ဆိုင်း နေကြောင်း ဒေသခံ တာဝန်ရှိသူများက ဆိုသည်။

နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး(နစက)မှ ဝန်ထမ်းတဦးက“ဘူးသီးတောင်မှာက တောင်ကုန်း တခုလောက်ပဲ ပေါ်တာပေါ့ နော်၊ ရပ်ကွက်တွေ အကုန်ပဲ ရေနစ်တာ၊ ကုန်သွယ် လယ်ယာက ဆန်အိတ် သုံးသောင်းကျော် လောက်ပါသွားတယ်၊ ဒီနေ့ မနက် မိုးရေချိန် ၁၃.၄ရလက်မ ရှိတယ်လို ့သိရတယ်၊ မိုးကလည်း အဆက်မပြတ်ရွာတယ်၊ ရေလည်း ရေတက်ရက်လေ၊ ရေတက်ရက် ဆိုတော့ အောက်ရေတောင့်ခံထားလို့ အပေါ်ရေကျလာတာကို မထိန်းနိုင်ဘူး အပေါ်မှာ လျှံထွက်သွားတယ်”ဟု ပြောပြသည်။

မောင်းတောမြို ့နယ်မြို ့မှ ရပ်ကွက် ၄၊ ဗိုလ်မှူးရွာနှင့် မောင်နီရွာများမှ လူများကို ရေဘေးလွတ်ရာသို့ ရွှေ ့ပြောင်းပေးထားကြောင်း မောင်းတောမြို့မှ ဆရာမ တဦးကလည်း ပြောသည်။

“လောလောဆယ် ကျမတို့ဆီမှာ ဒုက္ခသည်တွေကို အထက်တန်းကျောင်းထဲမှာ နေရာချပေးထားတယ်၊ ကြက်ခြေနီ၊ စည်ပင်၊ ခယက တို့က အရေးပေါ် အထောက်အပံ့တွေ ပေးနေကြတယ်”ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်ဆိပ်ကမ်းတွင် လူသေ အလောင်း ၁ဝ လောင်း ဆယ်ယူရရှိခဲ့ကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့နယ်ဘက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း၊ အတည်မပြုနိုင်သော သတင်းများအရ လွန်ခဲ့သော ၃ ရက်ခန့်က တောင်ကုတ်နှင့် သံတွဲကြား ရွှေလှေရွာရှိ သူဌေးချောင်း ရေကာတာ ပေါက်ကျမှုကြောင့် ဘူးသီးတောင်မြို ့နယ်နှင့် မောင်းတောမြို ့နယ်အတွင်း ရေကြီးရခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့တောင်ပိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြိုမှုကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း AFP သတင်း တရပ်တွင် ရေးသားထားသည်။

3 comments

  • etone

    June 18, 2010 at 2:29 am

    အင်း ကပ်ဘေးတွေကလည်း မနည်းပါလားနော် ။

  • chitlay

    June 18, 2010 at 2:42 am

    တိုင်းပြည်မင်းလုပ်အုပ်ချုပ်နေတဲ့လူကမှ ကိုယ်ကျင့်တရားမကောင်းတာ ….. တိုင်းပြည်ကတော့ ကပ်ဆိုက်နေအုံးမှာပဲ……..

  • snow

    June 18, 2010 at 2:44 am

    မြန်မာသတင်းမှာလဲ မတွေ ့ဘူး ကွယ်
    သတင်းအမှောင်ချတယ်နော်
    ကူညီချင်ရင်တောင်မသိဖြစ်နေပြီ

Leave a Reply