စားရိတ်စက အသက်သာဆုံးနိုင်ငံခြားခရီးသွားချင်ကြလား?
စားရိတ်စက အသက်သာဆုံးနိုင်ငံခြားခရီးသွားချင်ကြလား
စားရိတ် အသက်သာဆုံးဖြစ်နိုင်မယ့်ထင်တဲ့ နိုင်ငံခြားခရီးစဉ်လမ်းညွှန်လေးကို ဝေမျှပေးလိုက်ပါတယ်။ ရေမြေခြားပြီ – နိုင်ငံ ခြားသွားပြီ ဆိုကတည်းက အကွာအဝေး ဘယ်လောက်ပဲခြားခြား oversea trip ပဲပေါ့နော်။
ကျမ ဝေမျှချင်တာကတော့မြဝတီ၊ မဲဆောက် ခရီးစဉ်ပဲဖြစ်ပါတယ်။ ရွာသူရွာသားတွေထဲမှာရောက်ဖူးတဲ့သူတွေလည်းရှိမှာပါ။ ကျမကတော့ ၃ခါရောက်ခဲ့ပြီးပြီးပေါ့နော်။ ပထမတစ်ခေါက်ရောက် တုန်းကတော့ သာသမညဆရာတော်ဘုရားကြီးသက်တော် ထင်ရှားရှိနေသေးတယ်။ ဆရာတော်ဘုရားကြီးက အဲဒီမြဝတီလမ်းကို အသစ်ပြန်လည်ပြုပြင် ချဲ့ထွင်ခဲ့တာပေါ့။ ပထမဆုံးအခေါက်မှာတော့ ဆရာတော်ဘုရားကြီးကျေးဇူးနဲ့လမ်းတွေက အရမ်းချောမွေ့ကောင်းမွန်ပြီး ဒေါနတောင်တန်းနဲ့သဘာဝအလှတွေကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရပါတယ်။ ဒုတိယ တစ်ခေါက် လွန်ခဲ့တဲ့၄နှစ်လောက်မှာတော့ လမ်းတွေပျက်စပြုနေပြီ ပေါ့။ အဲဒီတခေါက်မှာကတော့ ကျမတို့မသွားခင်တစ်ရက်မှာ ဖြစ်ထားတဲ့ ဖြစ်စဉ်တခု ရဲ့ အကြွင်းအကျန်တွေကို ကော့ကရိတ်မြို့ကထွက်ပြီး တောင်ပေါ်စတက်တဲ့အချိန်မှာတွေ့လိုက် ရတယ်။ တကယ့်ကို စိတ်ထဲလေးသွားသလိုခံစားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ အသွားအပြန် ဘေးကင်းခဲ့ပါတယ်။ အခုနောက်ဆုံးအခေါက်ကတော့ ဒီနှစ်ဆန်းပိုင်းက သွားခဲ့တဲ့ခရီးလေးပါ။ ငြိမ်းချမ်းနေတဲ့အတွက်စိတ်အေးစွာသွားခဲ့ရပေမယ့် စိတ်ပင်ပန်းခဲ့ရတာကတော့ လမ်းကြမ်းလွန်း လို့ပါ။ လမ်းတွေကတစ်ခေါက်ဆို ဆိုသလောက်ပျက်စီးနေတာက တော်တော်လေးဆိုးပါတယ်။ လမ်းတွေပျက်စီးရခြင်းကတော့ ကားကြီးတွေတနေ့တနေ့ အတက်အဆင်းလုပ်နေတာကလည်း နည်းမှမနည်းတာကိုး။ သတ်မှတ်တန်ချိန်ဆိုတာက တော့ဝေလာဝေးပေါ့။ ဗင်ကားလေးတွေတောင် ကိုယ့်ကားအလေးချိန်ထက်နှစ်ဆလောက် များတဲ့ကုန်ချိန် တင်ကြတာဆိုတော့လေ။ အဲသည်တော့လည်းလမ်းက မပျက်ခံနိုင်ရိုးလား။
ကျမက တစ်ယောက်ကတော့ကားလမ်းကြမ်းတာကို စိတ်ပျက်စိတ်ပင်ပန်းဖြစ်ချင်တာပါ…အရင် ဆယ်စုနှစ် ၃ခု်လောက်ကတော့အဲဒီ မြဝတီကနေ ကော့ကရိတ်၊ဘားအံတို့ကိုလမ်းလျှောက်ရပါတယ်တဲ့။ လမ်းခရီးမှာလည်း အနုနည်းနဲ့ မုန့်ဖိုးတောင်းတဲ့သူ အကြမ်းနည်းနဲ့ တောင်းတဲ့သူတွေလည်းရှိပါတယ်တဲ့။
ဘယ်လောက်ပဲခရီးကြမ်းကြမ်း ကိုယ်ရောက်ချင်တဲ့ နေရာကိုရောက်ပြီးဆိုရင်တော့ ပင်ပန်းသမျှမေ့သွားမှာပါ။
မြဝတီကို ရန်ကုန်ကနေ တိုက်ရိုက်ကားရှိပေမယ့် ကျမတို့ကတော့ ဘားအံကတဆင့် သွားဖြစ်တယ်။ ရွာသူရွာသားတွေသွားမယ် ဆိုရင်တော့ ကိုယ့်နဲ့အဆင်ပြေမယ့် ခရီးစဉ်ကိုရွေးပေါ့နော်။ ရန်ကုန်ကတိုက်ရိုက်ကားနဲ့သွားတာ တော့ရှင်းပါတယ်။ ကားစီးသွားမြဝတီရောက်မှဆင်းဒါပဲပေါ့နော်။ ကိုယ်ပိုင်ကားနဲ့သွားမယ်ဆို ရင်တော့ ဘားအံ၊ ဒါမှမဟုတ်ကော့ကရိတ်အထိပဲကိုယ့်ကားနဲ့တက်ဖို့အကြံပေးချင်ပါတယ်။ တောင်ပေါ်လမ်းကိုတော့ ယခုလမ်းအခြေအနေနဲ့က သူတို့ဆီကလိုင်းဆွဲနေတဲ့ သုံးစီး တစ်ရာတန်ကား လိုင်စင်မဲ့တွေကအဆင်အပြေဆုံးပါ။ ဘားအံနဲ့ကော့ကရိတ်တွေမှာ မြဝတီကိုလိုင်းဆွဲနေတဲ့ Super-custom ကားတွေရော Van တွေရောအများကြီးပါ။
ရန်ကုန်ကနေ ညကားစီးသွား မနက်ဘားအံရောက် ကားဂိတ်မှာပဲမြဝတီတက်ဖို့ ဗင်ကားတွေအများကြိးရှိပါတယ်။ ဗင်က ၁ယောက်ကို ၁သောင်း၊ စီးလုံးငှားရင်မြဝတီအထိ အိမ်အရောက် ၅သောင်းပေးရပါတယ်။ Supercustom တွေကတော့ ၈၀၀ဝကျပ်ပါ။ အတက်လမ်းမှာကတော့လူကိုအဓိကတင်သွားတာဖြစ်လို့ သက်တောင့်သက်သာ သွားရပေမယ့် အပြန်လမ်းဆိုရင်တော့ ကုန်ကိုသူတို့ကအဓိကပြန်တင်တာပါ။ ခရီးသည်ကတော့ ကိုယ့်ဒူးလေးကိုယ်ပိုက်ပြီး ကားပေါ်ထိုင်ရပါတယ်။ မြဝတီလမ်းက အတက်တစ်ရက် အဆင်းတစ်ရက်သွားရတဲ့လမ်းလေးပါ။ ဥပမာ ဒီလက မဂဏန်းရက်တွေကအဆင်းနေ့ စုံဂဏန်းနေ့တွေက အတက်နေ့ဆိုပြီးရှိတယ်။ ကိုယ်သွားချင်တဲ့ နေရာကို ဘယ်အချိန်ရောက်မယ်ဆိုတာ ဘယ်လိုမှကြိုတင်ပြောလို့မရတဲ့ လမ်းပါ။ လမ်းရဲ့နေရာတော်တော်များများက ကျဉ်းပြီး တဖက်ကကမ်းပါး တစ်ဖက်က တောင်ဆိုတော့ ကားတစ်စီးစီး တခုခုဖြစ်ရင်စောင့်ပေတော့ပဲ။ အတက်တစ်ရက် အဆင်းတစ်ရက်သတ်မှတ်ထားပေမယ့် ဆိုင်ကယ်တွေကတော့ချွင်းချက်ပါ။ ဆိုင်ကယ်တွေက တော့ကယ်ဒီတွေများပါတယ်။ သူတို့လည်း ဝမ်းရေးအတွက်လုပ်နေတာဆိုပေမယ့် တော်တော်လေးကို အသဲယားချင်စရာကောင်းလှပါတယ်။ ညီမတို့သွားတဲ့နေ့ ကတော့ကားကြီးတစ်စင်းလဲလို့ တောင်မတက်ခင်တစ်နာရီလောက်စောင့် လိုက်ရပါသေးတယ်။ ကားတန်းစထွက်တော့ကားတွေက တစ်စီးနဲ့တစ်စီ်းအလျော့မပေးပဲ အပြိုင်အဆိုင်တစ်လက်မချင်းရွှေ့ကြတာလည်း အသဲယားစရာပါ။ ကားတွေကလည်း သုံးစီးတရာဆိုတော့သူတို့က ထိမိချိတ်မိတာလောက်တော့ အရေးမလုပ်သလိုပဲ။ တကယ့်ကို ဂျိမ်းစ်ဘွန်းတွေပါပဲ။ တခါတလေ အတက်နေ့မှာ ဆင်းမယ့်လမ်းကြောင်းရှိလို့ဆိုပြီး ကားတန်းကြီးက စောင့်နေရတာလည်းရှိပါတယ်တဲ့။ တခါတလေ မနက်ကကားတန်းကြီးက ညမှ တောင်ပေါ်စတက်ရတာတွေလည်းရှိပါတယ်တဲ့။ အမြဲဖြစ်တတ်တာမဟုတ်ပေမယ့် ဖြစ်လေ့ဖြစ်ထရှိတာတစ်ခုပါ။ အဆိုးတွေကိုကြိုသိထားတော့လည်း အဲဒီလိုအတွေ့အကြုံမျိုးနဲ့ ကြုံလာခဲ့ရင်မဆန်းတော့ဘူးပေါ့နော်။
အခုလောလောဆယ်လမ်းကတော့ကြမ်းသလားတော့မမေးနဲ့ ညီမတို့ကားဆရာဘွန်း လည်းကားတွေကိုကျော်တက်ကောင်းလိုက်တာ ဘီးပဲ့သွားတယ်။ ဒီမှာလိုဘီးပေါက်တာ မဟုတ်ဘူးနော်။ ကျောက်ခဲတုံးကြီးတွေ ကျောက်ခြမ်းကြီးတွေပေါ်မောင်းတော့ ဘီးက ဓါးနဲ့လှီးချသလိုကိုပဲ့ပြီးပေါက်သွားတာ။
မြဝတီမြို့လေးက နယ်စပ်မြို့လေး တိုးတက်လား ဆိုတော့ မဆိုးပါဘူးလို့ဆိုရမှာပေါ့နော်။ ညဈေးဆိုလည်းအရမ်းစည်းကားတယ်။ အစားအသောက် အဝတ်အထည် အသုံးအဆောင်ယိုးဒယားဖြစ်ထွက်ကုန်တွေပေါ့။ မြဝတီမှာက မြန်မာငွေသုံးပေမယ့် ဆိုင်ကြီးတွေမှာဈေးဝယ်ရင်တော့ ဘတ်ငွေနဲ့လည်းအဆင်ပြေပါတယ်။ မဲဆောက်ဖက်ကိုကူး မယ်ဆိုရင်တော့ မဖြစ်မနေ ငွေလဲသွားရမှာပေ့ါနော်။ ငွေလဲတဲ့နေရာတွေလည်းအများကြီးရှိပါ တယ်။ မဲဆောက်ဖက်ကူးတဲ့ချစ်ကြည်ရေး တံတားနားမှာငွေလဲတဲ့နေရာအများကြီးရှိပါတယ်။ မဲဆောက်ကိုသွားလည်မယ်ဆိုရင် ဒီဖက်ကမ်းကနေကားစီးလုံးငှားသွားမလား သူကတော့ ကားခဘတ်တစ်ထောင်ကျပါတယ်။ ဘတ်တစ်ထောင်ကို မြန်မာငွေနဲ့တွက်ရင် ၂၇၀၀ဝကျပ်လောက်ရှိတယ်ဆိုတော့ ့တန်တယ်လို့ပြောရမှာပါ။ ကားကလည်း Supercustom လိုကားမျိုးဆိုတော့ လူခြောက်ယောက်လောက်ဆန့်တယ်လေ။ အိမ်အထိလာခေါ်ပေးတယ်။ သွားချင်တဲ့နေရာအနှံ့လိုက်ပို့ပေးပြီး အိမ်အရောက်ပြန်ပို့ပေးတယ်။ ကားခတစ်ထောင်ဆိုပေမယ့် ကိုယ်သွားလိုက်တာ ကမနက် ၈နာရီက ညနေတံတားမပိတ်ခင် ၅နာရီအထိဆိုရင်တော့ ကားဆရာကိုနည်းနည်းပါးပါးပိုပေးပေါ့နော်။ ကားဆရာကအိမ်တိုင်ရာရောက်လာခေါ်ပြီးရင် ချစ်ကြည်ရေး တံတားကိုသွားတယ် တံတားရောက်ရင်တော့ဆင်းပြီး ယာယီနိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်လုပ်ရပါတယ်။ မှတ်ပုံတင်ပေးလိုက်ရင် နံပါတ်ရိုက်ထည့်ပြီးမသွားဖူးတဲ့သူဆို အဲဒီအရှေ့မှာပဲဓါတ်ပုံရိုက် တစ်ထောင့်ငါးရာပေး ၃မိနစ်တောင်မစောင့်ရပါဘူး စာအုပ်အစိမ်းလေးထွက်လာတယ်။ ညီမကတော့ ၂၀၀၉ကသွားထားတဲ့မှတ်တမ်းကသူတို့ ဆီမှာရှိသေးတော့ဓါတ်ပုံ ရိုက်စရာမလိုပါဘူး။ တစ်ထောင်ပဲပေးရတယ်။ ဓါတ်ပုံကတစ်ခါရိုက်ပြီးရင်နောက်နေ့တွေ ထပ်ရိုက်စရာမလိုတော့ပါဘူး။ အရင်က စာအုပ်တစ်ခါလုပ်ရင်တစ်ပတ်သက်တမ်းပေးပေမယ့် အခုတော့တရက်ပဲပေးပါတယ်။ အဲဒီစာအုပ်လေးနဲ့ တဖက်ခြမ်းက ကောင်တာမှာတန်းစီ ငါးရာထပ်ပေး တုံးထုပြီး ကိုယ်ကားပေါ်ပြန်တက်ပေါ့။ ကားကချစ်ကြည်ရေးတံတားကို ဖြတ်ပြီးတဖက်နိုင်ငံဂိတ်ကိုရောက်မယ်။ ကားပေါ်ကပြန်ဆင်း ကိုယ်စာအုပ်အစိမ်းလေးကို ထိုင်းကောင်တာမှာတင် ဘတ် ၂ဝပေး သူတို့စည်းထုပေးတယ်။ ပြီးရင်ကားပေါ်ပြန်တက်ပြီး မဲဆောက်ဧရိယာအတွင်းကိုလည်လို့ရပြီးပေါ့။ မဲဆောက်မြို့ထဲလည်ပတ်ခွင့်ဆိုပေမယ့်လည်း ကိုယ့်မှာထိုင်းစကားတတ်တဲ့သူမိတ်ဆွေတွေရှိရင်တော့ သတ်မှတ်ဧရိယာပြင်ပအထိ ခြေဆန့်လို့ရပါတယ်။ ညီမမှာတော့အသိမိတ်ဆွေ တွေရှိတော့သူတို့ကလိုက်ပို့ပေး လို့ဧရိယာပြင်မေနေရာ တော်တော်များများ ကိုလည်းရောက်ခဲ့ပါတယ်။ ထိုင်းဖက်ခြမ်းကိုရောက်တာနဲ့ပတ်ဝန်းကျင်မြင်ကွင်း ပြောင်းသွားပါတယ်။ နယ်စပ်မြို့ချင်းတူပေမယ့် မတူတာလေးတွေတွေ့ရမှာပါ။ မဲဆောက်မှာကတော့လည်စရာဆိုရင် သံလိုက်တောင်ရှိမယ်၊ ဘုရင်မပန်းခြံရှိမယ်၊ မဲဆောက်ဈေး၊ ကုန်တိုက်နဲ့တခြားသွားသင့်တဲ့ နေရာတွေလည်း ရှိတာပေါ့နော်။ ကားဆရာတွေက မြန်မာတွေပဲဆိုတော့ ပထမဆုံးခရီးဆိုရင်သူတို့က မဲဆောက်ရဲ့အထင်ကရနေရာတွေကိုပို့ပေးပါ လိမ့်မယ်။ အဲဒီမှာဈေးဝယ်ရတာလည်းတန်ပါတယ်။ ဘန်ကောက်လိုတော့ဖက်ရှင်အသုံးအဆောင်တွေ branded တွေမစုံလင်ပေမယ့် သူ့နေရာနဲ့သူဝယ်ချင်စရာလေးတွေရှိပါတယ်။ ဒါဇင်လိုက် ပါကင်လိုက်ဝယ်ရင် ရန်ကုန်ဈေးနဲ့အများကြီးကွာပါတယ်။ ကိုယ်ပိုင်ကားနဲ့ ဘားအံလောက် အထိတက်တဲ့သူတွေဆိုရင်တော့အများကြီးဝယ်လို့ရတယ။် မမတွေအတွက် လက်ဆောင်ပေးလို့ရမယ့် ပါတိတ်တွေဆိုလည်း အစည်းလိုက်ဝယ်ရင် အရမ်းတန်ပါတယ်။ မဲဆောက်ဈေးထဲပတ်ရင်တော့ အမျိုးအမည်စုံလှတဲ့ အစားအသောက်တွေကိုတွေ့ရမှာပါ။ စားသောက်ဆိုင်တွေမှာလည်းစားရတာ ကျမအတွက်ကတော့ ယိုးဒယားစာကို အရင်ကတည်းကကြိုက်သူဆိုတော့ ခံတွင်းတွေ့သလို ဈေးလည်းအရမ်းသက်သာပါတယ်။ နောက်တခုက မဲဆောက်က ကုန်တိုက်တွေမှာရော ဈေးထဲ စားသောက်ဆိုင်တွေမှာပါ များသောအားဖြင့် ထိုင်းလူမျိုးတွေလည်း မြန်မာစကားကိုထမင်းစားရေသောက် ပြောနိုင်ကြတယ်။ မြန်မာတွေသွားအလုပ်လုပ်တာလည်းအများကြီးပါ။ ဈေးဝယ်လို့အဆင်ပြေပါတယ်။ ကျမတို့ရွာက ဓါတ်ပုံဆရာကြီးတွေအတွက်ကတော့ ုကားစီးလုံးငှားပြီးမဲဆောက်ကို လည်တာပိုအဆင်ပြေမယ်ထင်ပါတယ်။ အဲဒါမှလည်း ကိုယ်ကြိုက်တဲ့ location တွေ့ရင်ကားရပ်ခိုင်းပြီး အမုန်းဆွဲလို့ရမှာပေါ့နော်။ ဘုရင်မပန်းခြံကလည်း သဘာဝမဟုတ်တဲ့ပြုပြင်ဖန်တီးထားတဲ့အလှဖြစ်ေပေမယ့် တော်တော်လေးကိုသာယာလှပတဲ့နေရာလေးပါ။ ရွာကအလှပဂေးမမ တွေ တော်တော်ကို ဂိုက်ပေးကြမ်းလို့ကောင်းမယ့်နေရာလေးဖြစ်သလို ၊ ဓါတ်ပုံဆရာကြီးတွေ လည်းအပြိုင်အဆိုင်လက်စွမ်းပြလို့ကောင်းမယ့်နေရာလေးပါ။ သံလိုက်တောင်ကတော့ ကားကိုအဲဒီလမ်းမှာရပ်ထားလိုက်သူဖာသာသူရွှေ့သွားတာပါ။ လည်စရာနေရာတွေကတော့ ဘန်ကောက်တို့လိုအများကြီးမရှိပေမယ့် ကိုယ့်ကုန်ကျစားရိတ်နဲ့ညီမျှတဲ့ အတွေ့အကြုံ ဗဟုသုတတို့ရမှာပါ။ လည်လို့ပတ်လို့ဝယ်ခြမ်းလို့ဝရင်တော့ ညနေ၅နာရီတံတားမပိတ်ခင် အရောက်ပြန်လာ ထိုင်းဂိတ်မှာတုံးထု၊ နောက်မြန်မာဂိတ်မှာကိုယ့်စာအုပ်စိမ်းလေးကို ခြင်းလေးထဲထည့်ခဲ့။ ဒါပါပဲ။ နောက်ကိုယ့်ကားဆရာက အိမ်အရောက်ပြန်ပို့ပေးလိမ့်မယ်။
နောက်တနည်းကတော့ ငွေချွေတာချင်သူတွေအတွက်ပါ။
ငွေချွေတာချင်တယ်ဆိုရင်တော့ ကို်ယ်တည်းတဲ့နေရာကနေ တံတားကို အဆင်ပြေသလိုသွား ဆိုင်ကယ်စီးမလား၊လမ်းလျှောက်မလား၊ သူတို့ဒေသက ဆန်မ်လေ့ာစီးမလား တံတားရောက်ပြီးဆိုရင် အပေါ်ကပြောထားတဲ့အတိုင်းစာအုပ်လုပ် နောက်တံတားကိုလမ်းလျှောက်ဖြတ် ၁ဝမိနစ်လောက်တော့လျှောက်ရမယ် ထိုင်းဂိတ်ကိုကျော်ပြီးတာနဲ့ မဲဆောက်ကားဂိတ်ရှိတယ်။ သူကတော့ဘတ် ၂ဝပေးရတယ်။ လမ်းမှာကျောင်းသားဆေးခန်းမှာတခါရပ်တယ်။ နောက်ပြီး မဲဆောက်ဈေးကိုပဲ တန်းပို့ပေးတယ်။ အပြန်လည်းအဲဒီကားဂိတ်မှာပဲကားပြန်စီးပေါ့နော်။ ဈေးဝယ်ရုံသက်သက်ကတော့ အဲဒီလိုသွားတာ စားရိတ်စကအများကြီးသက်သာတယ်။ လည်ပတ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ကားငှားတာပိုအဆင်ပြောပါတယ်။
နောက်တမျိုးကတော့ ထိုင်းဖက်မှာ ကုန်အများကြီးဝယ်ချင်တဲ့သူ၊ ညအိပ်ချင်တဲ့သူတွေနဲ့မှတ်ပုံတင်မရှိတဲ့ သူတွေအတွက်ပါ။ သူကတော့အောက်လမ်းနဲ့သွားတယ်။ အဓိကကုန်တွေသယ်တာ။ အပေါ်လမ်းကတော့ကိုယ့်တစ်နိုင်ပဲသယ်ခွင့်ပေးတယ်လေ။ အောက်လမ်းကတော့စက်လှေတစ်စီးတိုက်လည်းသယ်တယ်။ အောက်လမ်းဆိုတာကတော့ DKBA ဂိတ်ကဖြတ်သွားတာပါ။ သူကလည်း ငါးရာပေးရတယ်။ နောက်ပြီး စက်လှေနဲ့ တဖက်ကမ်းကိုကူး အဲဒါလည်း ငါးရာပဲ။ တဖက်ကမ်းရောက်ရင် ထိုင်းအောက်လမ်းဂိတ် ရှိတယ်။ သူ့ဂိတ်မှာတန်းစီ ဘတ်၂ဝပေး ကိုယ့်နာမည်နဲ့အသက်ကို မြန်မာလိုပြော သူဖာသာထိုင်းလို ရေးချင်ရာရေးပြီးတုံးထုပြီး စာရွက်လေးပေးမယ်။ တရားဝင်ဂိတ်မှာလုပ်တဲ့ ယာယီပါ့စ်ပို့လိုပဲ။ ယာယီနိုင်ငံကူးလက်မှတ်ကိုတော့လုပ်ဖြစ်အောင်လုပ်နော်။ ရဲနဲ့တွေ့ရင် သဘောကောင်းတဲ့ရဲဆိုရင်တော့ ထိုင်းသံနဲ့ မြန်မာလို ဘတ်၁၀ဝပေးဆိုပြီးတောင်းလိမ့်မယ်။ ရစ်တဲ့လူဆိုရင်တော့ရုံးသွားဖို့သာပြင်။ ဒါပေမယ့်သူတို့ကလည်း အလုပ်ရှုပ်မခံပါဘူး ၁၀ဝပေးဆိုတာပဲတွင်တွင်ပြောတယ်လေ။ မြန်မာနိုင်ငံက ယာဉ်ထိ်န်းရဲတွေလိုပဲ။
ခရီးစဉ်လေးကိုစိတ်ဝင်စားပြီး သွားမယ်ဆိုရင်တော့ ကားအတက်နေ့အဆင်းနေ့ကို အရင်စုံစမ်းပြီးမှသွားပေါ့နော်။ တစ်ကိုယ်တည်း ကျောပိုးအိတ်တစ်လုံးနဲ့သွားမယ့်သူတွေ ကတော့ အဲဒီအတက်နေ့အဆင်းနေ့ကိုဂရုစိုက်စရာမလိုပဲ အသက်ကိုဖက်နဲ့ထုပ်ပြီးဘားအံ၊ ကော့ကရိတ်ကနေပြီး ဆိုင်ကယ်ကယ်ဒီနဲ့တက်လို့ရပါတယ်။
ကိုင်း…ဒါကတော့ကျမရဲ့ အသက်သာဆုံး နိုင်ငံခြားခရီးစဉ်လေးပါ။ မြန်မာငွေတစ်ပုံးလောက်လောက်ရှိရင်ပဲ သက်သက်သာသာနဲ့ပူပင်စရာမလိုပဲ နိုင်ငံခြားသွားလို့ရတဲ့ခရီးစဉ်လေး ဆိုတော့လည်းမဆိုးဘူးလို့ဆိုရမှာပေါ့နော်။ တစ်ပုံးဆိုပေမယ့်ကိုယ်က အများကြီးဝယ် ဟော်တယ်အကောင်းစားကြီးမှာတည်းပြီး စားသောက်ဆိုင်တက်ပန်းကုံးစွပ်မယ်ဆိုရင်တော့ မရဘူးနော်။
နောက်ထပ်ထူးခြားခရီးစဉ်လေးတွေကိုလည်းဝေမျှပေးပါအုန်းမယ်နော်
ခင်တဲ့
Crystalline
21 comments
ကြောင်ကြီး
May 21, 2012 at 10:47 am
ခရစ်စတယ်လေးနဲ့
အတူတူသွား
ငယဲပြည်ထိဗျား (ခရစ်စတယ်လေးအရှေ့ဂနေပေးနော်)
ဘယ်ဂိုရောက်ရောက်
ဒို့မပေါက်
ရေငတ်ခံဂါလျောက် 🙄
ဘုရားလည်းဖူး
လိပ်ဥတူး
သေမည့်အတူ မထူး…။
Crystalline
May 22, 2012 at 9:39 am
အဲဒီ ဦးဦးကြောင်ကတော့လေ..ငရဲကိုတော့သူများမသွားသေးဘူး…ဦးကြောင်အတွက် သင်ဇာဝင့်ကျော်လေးကို စပွန်ဆာလုပ်ပြီးထည့်ပေးလိုက်မယ်….
ိ
htet way
May 21, 2012 at 10:49 am
မျှဝေပါ ဝေမျှပါ
ကျုပ်ကတော့ ခရီူးသွားရင် ဇနီးမယားက ဆူ
အတူတူလည်း မသွားချင်တော့ အားရင်ပေါ့လေ
အာဖရိက ပဲ သွားပြီး ခြင်္သေ့ ရှာ ထွက်ချင်တယ် ။
Ch@vez
May 21, 2012 at 11:01 am
နောက်လ နာရ(奈良) သွားမည်
အမှတ်တရ တခုခု ဆောင်ယူလာခဲ့ပါ့မည်..
(တိန် ..ဘိတ်လိုပြောမိပြန်ဘီ..)
တော်သေးဘီ
ခင်တဲ့
ဂီ
😀
etone
May 21, 2012 at 11:20 am
Crystalline ရေ .. ဗဟုသုတများစွာရတဲ့ ပို့စ်လေးပါပဲ … ။ ဒါနဲ့ … လမ်းခရီး လုံခြုံရေးရော ..စိတ်ချရဲ့လားဟင် ။ …
ပြီးခဲ့တဲ့ အပတ်က .. ကျွန်မအစ်ကိုအပါဝင် …စာနယ်စင်းသမားလေးဆယ့်နှစ်ယောက်လည်း … DKBA ဘက်က ဗိုလ်နှုတ်ခမ်းမွှေး သတင်းစာရှင်းလင်းပွဲ ဖိတ်လို့ သတင်းသွားယူကြတယ် ။ အဲ့ဒီဘက်က DKBA နဲ့ အစိုးရ … ခွဲခြားအုပ်ချုပ်တဲ့ နယ်မြေတွေလည်း ရှိတယ်ဆိုတော့ … သူတို့ တွေ သိပ်ဝေးဝေးတောင် သွားမလည်ကြဘူးတဲ့ ….. ။ 🙄
Ma Ei
May 21, 2012 at 11:33 am
ခရစ္စတယ်လေးရေ…
လမ်းကြောင်းတွေ အဆင်ပြေရင်ကောင်းမှာနော်…
ခရီးစဉ်သစ်လေးတစ်ခုတော့မှတ်ထားလိုက်ပါပြီနော်…
ကျေးဇူးပါ…
ရွာစားကျော်
May 21, 2012 at 12:37 pm
Crystalline ရေ .. ဒေသန္တရဗဟုသုတများစွာရတဲ့ ပို့စ်လေးပါပဲ ..။ စာရေးကောင်းတယ်။
နောက်ခရီးစဉ်လေးတွေလည်း ရေးတင်ပါဦး
အတိသဉ္ဖာ နာဂရချစ်သူ
May 21, 2012 at 12:49 pm
ကျနော်အတွက်တော့. ရှယ်အတွေ ့အကြုံပါ။နောက်နှစ်တော့ မဲဆောက်ကို
ဆိုင်ကယ်ဝယ် သွားမလို ့စဉ်းစားထားတာ ခုလို အတွေ ့ကြုံရှိရောက်ဖူးသူက
ပြောပြပေးလို ့ကျေးဇူးပါ
Crystalline
May 21, 2012 at 3:53 pm
Ma Etone,
လမ်းခရီးအခြေအနေက အခုတော့လုံခြုံစိတ်ချရပါတယ်။ Christmas မတိုင်ကတော့ သူတို့က ခြိမ်းခြောက်ထားတယ်။ သူတို့နဲ့နီးစပ်သူတွေကိုတော့ မသွားလာဖို့သတိပေးထား တာမျိုးဖြစ်လိုက်သေးတယ်။ ဒါပေမယ့်ညှိနှိုင်းပြီးပြန်ပြေလည်သွားကြပြန်တယ်။ အဲဒါကြောင့်လည်း ကျမတို့ နှစ်ဆန်းပိုင်းလောက်ကသွားဖြစ်တာပါ။ သတိပေးထားတဲ့အချိန်တုန်းကလည်း ကားတွေကတော့သွားလာနေကြတာ ပါပဲတဲ့။ ကျမတို့သွားတုန်းကတော့ ကားတန်းကြီးက တောင်တက်လမ်းမှာ မျက်စိတဆုံးပဲ။
အစ်ကိုတို့အစ်မတို့သွားမယ့်အချိန်ကြရင်တော့ လမ်းတွေပြန်ကောင်းရင်လည်းကောင်းနေမှာပါ။
ထိုင်းဖက်က ပြင်ပေးဖို့အစီအစဉ်ရှိနေတယ်။ သူတို့ရဲ့အဓိက စီးပွားရေးတံခါးပေါက်တွေထဲက တခုပဲလေ.
ကားလမ်းတွေကို ထိုင်းတွေဦးစီးလုပ်ရင်တော့ လမ်းကောင်းသွားပြီးဆိုတာနဲ့ သွားချင်တဲ့အချိန်သွား ဒီကအင်ဂျင်နီယာတွေနဲ့ဆိုရင်တော့ …လမ်းပြင်ပြီးတာ တစ်လအတွင်းသာသွားပေတော့
ရဲစည်
May 21, 2012 at 4:12 pm
မဲဆောက်မှာ သုညကနေ နှစ်ဆယ့်ငါးထိ ဂိတ်တွေရှိတယ် လို့ကြားဖူးပါတယ် ဟုတ်ပါလားဗျ။
စကားမစပ် DKBA ဗိုလ်နှုတ်ခမ်းမွှေး ညီဝမ်းကွဲ တယောက် ဒီရွာထဲရှိတယ်ကြားတယ် ဘာတဲ့
ဗိုလ်နှာခေါင်းမွှေး(ခ)စောအံစာတုံး ဆိုလားဘဲ… 🙂
manawphyulay
May 21, 2012 at 4:18 pm
အသက်အသာဆုံးမဟုတ်ပဲ တစ်ပြားမှမကုန်တဲ့နည်းက ပိုမကောင်းဘူးလားဟင်… 😛
လစ် သူ
May 22, 2012 at 2:06 pm
ဦးကျော်သူနဲ ့အဖွဲ ့က စီစဉ်ပေးပါတယ် ။ တစ်ပြားမှမကုန်မှာ အသေအချာပါဘဲ။
windtalker
May 21, 2012 at 4:47 pm
ယပလက်သွား
ညမနက်ကား
တအားပျက်ခါး
စားတတ်သလား
အလကားမှတ်နား…….
ခရစ်နဲ့မောင်ပေ သွားမယ်ဗျား
ဗိုက်ကလေး
May 21, 2012 at 5:59 pm
သွားရဲဘူးဗျို ့
နယ်စပ်တွေဒိုးရမှာ တားကြောက်ဒယ် အန်တိရဲ့
water-melon
May 21, 2012 at 6:05 pm
အောက်လမ်းကတော့သွားဘူး
ပေါ်တင်ဘဲသွားမယ်
အဟိ
Gipsy
May 21, 2012 at 6:13 pm
အောက်လမ်းရော အပေါ်လမ်းရော သွားရဲဘူးဗျို့…
တော်ကြာ ခုတမျိုးတော်ကြာတမျိုးနဲ့ညိနေရင် ဒွတ်ခ….
မြင်သမျှ ကြားသမျှတွေက ကြောက်စရာ…..။
Crystalline
May 22, 2012 at 9:42 am
အဲဒီ ဦးဦးကြောင်ကတော့လေ..ငရဲကိုတော့သူများမသွားသေးဘူး…ဦးကြောင်အတွက် သင်ဇာဝင့်ကျော်လေးကို စပွန်ဆာလုပ်ပြီးထည့်ပေးလိုက်မယ်….
ိ
မြဝတီမဲဆောက်က လူတိုင်းသွားလာနေတဲ့လမ်းပါ။..ဘာမှစိတ်ပူစိုးရိမ်မရာမလိုပါဘူး…
အောက်လမ်းကသွားလို့အဖမ်းခံရတယ်ဆိုတာလည်းမကြားမိပါဘူး..ညီမလည်းဒီတခါသွားတုန်း ကအတွေ့အကြုံလိုချင်လို့ အောက်လမ်းကတစ်ရက်သွားလိုက်သေးတယ်.
ခလေးချင်းအဆင်မပြေဖြစ်လို့ ဂိတ်တွေပိတ်ထားတဲ့အချိန်တုန်းကဆိုရင် လူတိုင်းအဲဒီ အောက်လမ်းကသွားကြတာပဲလေ…ဘာမှမကြားမိပါဘူး..
ညီမတို့သွားတဲ့အချိန်က တော့အိမ်ခြံမြေတွေအရမ်း ဟော့တ် နေတဲ့အချိန်ပေါ့…အာရှလမ်းမကြီး ဘေးကနေဖဲ့ဆင်းသွားရင် အတွင်းဖက်မှာအရင်က ကျူးကျော်နေအိမ်တွေကို ဖျက်ပြီး မြေကွက်သစ်တွေဖော်ထုတ်ထားတာ…ယခင်နေထိုင်တဲ့သူတွေပဲ တဲလေးတွေဆောက်ပြီးနေကြတဲ့နေရာတွေလည်းရှိတယ်။ တမျှော်တခေါ်ပါပဲ..အဲဒီမှာလည်း မြေယာပိုင်ဆိုင်မှု့တွေဘာတွေအတွက် တရားဝင်စာရွက်စာတမ်း အထောက်အထားတွေခိုင်ခိုင်လုံလုံမရှိပေမယ့် အဲဒီမြေကွက်တွေက
လည်းအရောင်းအဝယ်ဖြစ်နေတာပါပဲ…အဲဒီအချိန်ကတော့ တည်နေရာ အကျယ်အဝန်းလိုက်ပြီး ၂၀၊၂၅ပေ့ါ…အခုတော့လည်း နှစ်ဆကျော်တက်နေပြီးပြောတယ်..တော်တော်လေးအတွင်းကျပြီး ကိုယ်ဖာသာထွန်ယက်စိုက်ပျိုးနေတဲ့ သစ်တောလို အကွက်ကြီးတွေလည်း ၁ဝဧကကို ဘယ်လောက်ဆိုပြီးလက်ညှိုးထိုးရောင်းနေသလို ဝယ်တဲ့လူတွေလည်းရှိနေတာပဲ.. တကယ်တမ်းပိုင်ဆိုင်ခွင့်အထောက်အထား နေထိုင်ခွင့်ခိုင်ခိုင်လုံလုံရှိရင်တမျိုးပေါ့လေ…ဒါပေမယ့်လည်း အဲလိုရှိတယ်လို့ထင်ရတဲ့နေရာတွေတောင်မသေချာတာပဲဆိုတော့လည်း ထီထိုးသလိုပါပဲ..ရင်းနှီးနိုင်သူတွေအတွက်ကတော့ စမ်းသပ်ကြည့်သင့်တဲ့နေရာပါပဲ. အာရှလမ်းမကြီးနဲ့ကပ်ရက်မျက်နှာစာမြေကွက်တွေကတော့ ဈေးက မျှော်ကြည့်ရတဲ့အနေအထားမှာပေါ့…
အတိသဉ္ဖာ နာဂရချစ်သူ
May 22, 2012 at 1:29 pm
အောက်လမ်းတွေရော၊အပေါ်လမ်းတွေ. ရော ဦးဂျစ် ဘယ်သူ ့ကို
ပြုစားမလို ့တုန်းဗျ။
Moe Z
May 22, 2012 at 10:02 am
မဲဆောက်ကိုလား ရောက်ဖူးတယ် 🙂
ဘုရင်မပန်းခြံက အရမ်းလှတယ် ဟိုလုံမှာလည်း ဈေးဝယ်လို့ကောင်းတယ်
သဘောအကျဆုုံးကတော့ အမှိုက်တို့ ကွမ်းတံတွေးတို့မရှိပဲ သပ်ရပ်သန့်ရှင်းနေတာပဲ
ဪ … ချောင်းလေးတစ်ခုခြားတာနဲ့ အဲလောက်ကွာသွားရတယ်လို့ …
တောင်တက်လမ်းကတော့ တော်တော်ဆိုးတယ်နော်
မိုးစက်တို့သွားတုန်းက မြေပြိုတာနဲ့ကြုံသေးတယ်
သစ်ပင်တွေကားလမ်းပေါ် ကန့်လန့်ဖြတ်လဲကျတာ ကြောက်စရာကြီး 🙁
ဆူး
May 22, 2012 at 11:22 am
အဲဒိ ဘက်ကို တခါမှ မရောက်ဘူးဘူး။
တခါလော်တော့ သွားကြည့်ချင်ပါတယ်။ ခဏခဏတော့ သွားချင်စိတ်မဖြစ်မိဘူး။
လမ်းညွန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်။
kyeemite
May 22, 2012 at 2:46 pm
မသွားချင်ဘယ်ရှိပါ့မလဲ…မသွားဖြစ်သေးတာ..
အင်း ကျုပ်လည်း နာမည်သာ ကြီးမိုက်..
သူပုန်တော့ ကြောက်သဗျ..