URBANIZATION IN MYANMAR (ဒေါက်တာကျော်လတ် နှင့် ဦးကိုကိုလှိုင်)
ကျွန်တော် တို့ မြို့ကြီးက ပျင်းစရာ ကောင်းလိုက်တာ ဦးလေးရေ။
ပိုပျင်းဖို့ကောင်းတာက မီးမလာတဲ့ ကိစ္စပဲဗျာ။
မီးများလာခဲ့ရင် အဲဒီ ပျင်းစရာကောင်းတာတွေကို ကျော်လွှားနိုင်ဖို့ ကိစ္စတော်တော်များများ ရှိနေတာပဲ
မဟုတ်ဘူးလားဗျာ။
အခုတော့…။
သတင်းတွေဖတ်ကြည့်ပြန်တော့လည်း လျှပ်စစ်မီးမလာလို့ မြို့တွေမှာ ဖယောင်းတိုင်တွေနဲ့ ဆန္ဒပြပွဲတွေ လုပ်ကြသတဲ့။
တချို့မြို့တွေများ လျှပ်စစ်မီးကို ဘယ်လောက်တမ်းတကြသလဲဆိုရင် ဒီမိုကရေစီထက်တောင် လျှပ်စစ်ကို အရင်လိုချင်ကြသတဲ့။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှပ်စစ်မီးမလာတာ စံနစ်ကြောင့်တဲ့။
ကျွန်တော် တို့သူကြီးကလည်း ထုံးစံအတိုင်း စံနစ်ကြောင့်မဟုတ်ဘူးလို့ ပြောဆဲပဲ။
သတင်းမှန်သမျှ လျှပ်စစ်မီးသတင်းတွေနဲ့ ပြည့်နှက်နေလို့ လျှပ်စစ် မိုးကောင်းကင် လို့တောင် နာမည်ပေးလိုက်ချင်သေး ဟေးဟေး။
အဲဒီလောက် ပျင်းစရာကောင်းတဲ့ မြို့ကြီးမှာ ပျင်းစရာကောင်းတဲ့ ပို့စ်တစ်ပုဒ်တင်မလို့ ကြံစည်နေမိပါတယ်ဗျာ။
အခုတလော MRTV-4 တို့ Sky-Net တို့မှာ ပညာရှင်ကြီးတွေကို ဖိတ်ပြီး စကားဝိုင်းလေးတွေ ကျင်းပပေးနေတာ သတိထားမိပါတယ်။
တချို့ စကားဝိုင်းတွေဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတာကိုလည်း တွေ့ရပါတယ်။
အခုပို့စ်က MRTV-4 က ထုတ်လွှင့်သွားခဲ့တဲ့ Intellectual Talk အစီအစဉ်က စကားဝိုင်းလေးတစ်ခုကို စာရိုက်ပြီး ပြန်တင်ပေးထားတာပါ။
URBANIZATION IN MYANMAR ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆရာဦးကိုကိုလှိုင်နဲ့ ဆရာ ဒေါက်တာကျော်လတ်တို့ရဲ့
ဆွေးနွေးမှုကို MRTV-4 ရုပ်သံက ထုတ်လွှင့်သွားခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်တာရယ် (အထင်)၊
အားလုံးလည်း သိထားသင့်တယ်လို့ ထင်တာရယ် (အထင်) ကြောင့် ထုံးစံအတိုင်း စာစီစာရိုက်သမားလုပ်ပြီး တင်ပေးလိုက်ပါတယ်။
ပညာရှင်တွေရဲ့ ဆွေးနွေးမှု ဖြစ်တာကြောင့် မူရင်းအတိုင်း ပြန်ရေးတင်ပေးခွင့်ပြုပါခင်ဗျာ။ ကျေးဇူးပါ…။
ဦးကိုကိုလှိုင် –
အခုအစီအစဉ်မှာ ရွေးခြယ်ထားတဲ့ ခေါင်းစဉ်က
Urbanization In Myanmar
မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးမှု အကြောင်း နဲ့
ပတ်သက်ပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။
Urbanization လို့ခေါ်တဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဟာ တကယ်တမ်းကျတော့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတွေသိပ်ပြီး မသိကြသေးတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပေမယ့်လည်း
ကမ္ဘာပေါ်မှာ အင်မတန်အရေးကြီးတဲ့ ဘာသာရပ်တစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ရဲ့
ကမ္ဘာ့အနေအထားကို ကြည့်လိုက်မယ်ဆိုရင် Globalization Process နဲ့အတူ ကမ္ဘာရဲ့ မြို့ပြတွေကလည်းပဲ
အင်မတန်မှ လျင်မြန်စွာ ကြီးထွားလာကြပါတယ်။ မြို့ပြတွေဟာ ကျေးလက်တွေကနေ စွန့်ခွာပြီး
အခြေစိုက်လာတဲ့ လူတွေနဲ့ အလျင်အမြန်ပဲ တိုးတက်ကြီးထွားလာကြပါတယ်။ ဒါတွေကို
စံနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်ဘူးဆိုရင် ဘာတွေဖြစ်လာကြသလဲ ဆိုတာကျတော့ Slum လို့ခေါ်တဲ့
ကျူးကျော်လူဦးရေ များပြားလာပြီးတော့မှ မြို့ပြမှာ နေထိုင်ကြတဲ့ လူတွေအကုန်လုံးရဲ့
ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေမှာ အကြီးအကျယ် ထိခိုက်လာကြတာမျိုးတွေ တွေ့ရှိရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ စစ်ဘေး၊ စစ်ဒဏ်ခံရတဲ့အကြိမ်တွေ
အရေအတွက် များလာတာနဲ့ အတူ တောနယ်က လူဦးရေတွေက မြို့ပေါ်ကို ရောက်လာကြပါတယ်။
မြို့ပေါ်ကိုရောက်လာကြတဲ့ အခါမှာလည်းပဲ မြို့ကြီးတွေက နေရာလွတ်တွေမှာ အတင်းဝင်ပြီးနေရတဲ့
အတွက်ကြောင့် ကျွန်တော်တို့မှာလည်း ကျူးကျော်ရပ်ကွက်ကြီးတွေ အများကြီးပေါ်ပေါက်လာခဲ့ဘူးပါတယ်။
ရွှေတိဂုံပတ်လည်မှာ ဆိုရင် သံပုံချိုင့်၊ နောက်တစ်ခု ဦးဝိစာရအိမ်ရာ ဖြစ်နေတဲ့ နေရာမှာဆိုရင်
မင်းမနိုင်ဆိုပြီးတော့မှ အစိုးရက တစ်ခါဖျက်လိုက် ပြန်ပြီးတော့ နိုင်ငံရေးပါတီတွေကနေ ဆောက်လိုက်နဲ့
နောက်ဆုံးမှာ အစိုးရတောင် မဖျက်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်သွားရ၊ ပြီးတော့ မင်းမနိုင် ဆိုတဲ့
နာမည်မျိုးတွေ ရခဲ့တာလည်း ရှိပါတယ်။ ဒါတွေကို အစိုးရအဆက်ဆက်ကနေ ပြန်ပြီး မြို့သစ်တွေနဲ့
နေရာချထားပေးတဲ့ အခါမှာ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ သုဝဏ္ဏ စသည်ဖြင့်
ဒီလိုမျိုး မြို့သစ်တွေလည်း ပေါ်ခဲ့ပါတယ်။ သို့သော်ငြားလည်းပဲ အခြေအနေအရ၊ လိုအပ်ချက်အရ
အလျင်အမြန် လုပ်ခဲ့ရတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ Town Plan တွေဟာ လိုအပ်ချက်တွေလည်း
ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေကြောင့် ကျွန်တော်တို့ရဲ့ ပြည်သူလူထုမှာလည်း
ထိခိုက်သက်ရောက်မှုတွေ ရှိကောင်းရှိနိုင်ကြမှာ ဖြစ်ပါတယ်။ အလားတူပါပဲ။ ကျန်တဲ့မြို့ကြီးတွေမှာလည်း
ဒီလိုပုံစံမျိုးတွေ ရှိခဲ့ကြပါတယ်။ စံနစ်တကျနဲ့ Town Plan ကို ရေးဆွဲနိုင်တဲ့မြို့ဆိုလို့ ကျွန်တော်တို့ မြန်မာနိုင်ငံ
ကျွန်တော်မှတ်မိသလောက်တော့ ရှင်ဘုရင်တွေ နေပြည်တော် ရွှေ့ပြီးတော့ ဆောက်ကြတဲ့ အခါမျိုးတွေမှာ
လုပ်ခဲ့တာမျိုးတွေ ရှိသလို ကိုလိုနီခေတ်မှာလည်းပဲ အင်္ဂလိပ် ဗြိတိသျှတွေကနေ မြို့ပြ အစီအစဉ် လေးတွေ
ချပြီး ဆောက်ခဲ့တဲ့ မြို့အနည်းစုလေးတွေ၊ တောင်ပေါ်မြို့လေးအနည်းငယ် တော့ ရှိခဲ့ပါတယ်။
အခု ဖြစ်ပေါ်တိုးတက် လာတဲ့
မြို့ပြစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ ဆရာကြီး ဒေါက်တာကျော်လတ် က များစွာ အတွေ့အကြုံရှိတဲ့ ပညာရှင်ဖြစ်ပါတယ်။
ရန်ကုန်စက်မှုတက္ကသိုလ်၊ ဂျာမဏီနိုင်ငံ Cologne တက္ကသိုလ်မှာ ပါမောက္ခအဖြစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ ဗိသုကာပညာရှင်တွေ အများစုက ဆရာကြီးရဲ့ တပည့်တွေ ဖြစ်ပါတယ်။
ဆရာကြီးက Clolgne တက္ကသိုလ်ကနေ အငြိမ်းစားယူပြီးနောက်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းကြီး နဲ့
တွဲဖက်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော မြို့ပြဥပဒေကို ရေးဆွဲတဲ့နေရာမှာ ဦးဆောင်လမ်းညွှန်မှုတွေ
ပေးနေတာ ဖြစ်ပါတယ်။ ဆရာကြီးကို ကျွန်တော်တို့က အကူအညီတောင်းပြီး အခုနိုင်ငံသစ်ကို ထူထောင်တဲ့နေရာမှာ
အင်မတန်အရေးကြီး လိုအပ်နေတဲ့ Urbanization နဲ့ Town Management, Town Plan
အကြောင်းတွေကို ဗဟုသုတဖြစ်ဖွယ် ပို့ချပြီး ချီးမြှင့်ပေးဖို့ အတွက် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ဒေါက်တာကျော်လတ် –
မင်္ဂလာပါ။ လူနေမြို့ရွာ ပြသနာဟာ အရေးကြီးတယ် ဆိုတာ တကယ်ကျတော့
ကျွန်တော်တို့ တိုင်းပြည်မှာလည်း အင်မတန်အရေးကြီးပြီး လိုအပ်နေတဲ့
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်နေပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ ကမ္ဘာ့အတိုင်းအတာနဲ့ ပြန်ကြည့်လိုက်မယ်ဆိုရင်
ကမ္ဘာပေါ်မှာ လူဦးရေနဲ့ ပတ်သက်ပြီးတော့အရေးကြီးတဲ့ ပြသနာနှစ်ရပ်ဖြစ်နေပါတယ်။
ပထမတစ်ခုကတော့ ကမ္ဘာ့လူဦးရေ တိုးတက်ပွားများလာတဲ့ ပြသနာပါ။
နောက်တစ်ခုကတော့ ကမ္ဘာပေါ်မှာ လူဦးရေ တိုးတက်ပွားများလာတာနဲ့ အမျှ မြို့ပြဒေသတွေမှာ
လူဦးရေ ပိုမိုပြီး ကြီးထွားလာတာဖြစ်ပါတယ်။ ကျွန်တော်တို့ တွေ့ရှိနေရတဲ့ ဇယားအရဆိုရင်
သက္ကရာဇ် ၂၀၀ဝ ပြည့်နှစ်လောက်မှာ လူဦးရေ သန်း ၆၁၀ဝ ပတ်ဝန်းကျင်လောက်
ရှိပြီးတော့ အဲဒီတုန်းကဆိုရင် အကြမ်းအားဖြင့် ၅ဝ ရာခိုင်နှုန်းလောက်သာ မြို့ပြဒေသတွေမှာ
နေထိုင်ကြပါတယ်။ အခုလက်ရှိမှာ ပညာရှင်တွေ တွက်ချက်မှုအရ ဆိုရင် နောင်လာမယ့်
အနှစ် ၄၀၊ ၂၀၅ဝ ခုနှစ်လောက်မှာ ကျွန်တော်တို့ ကမ္ဘာကြီးဟာလူဦးရေသန်းပေါင်း ၈၉၀ဝ နဲ့
မြို့ပြဒေသတွေမှာ နေထိုင်တဲ့လူဦးရေ ဟာ အကြမ်းအားဖြင့် အဲဒီလောက်ရှိပြီးတော့မြို့ပြမှာနေထိုင်တဲ့
လူဦးရေ တိုးတက်ကြီးထွားလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်အတိုင်းအတာနဲ့
ပြန်ကြည့်မယ်ဆိုရင်လည်းပဲ အဲလိုသဘော အဲဒီလို ခပ်ဆင်ဆင် တွေ့ရပါလိမ့်မယ်။
၁၉၈၃ ခုနှစ်ကဆိုရင် တစ်တိုင်းပြည်လုံးရဲ့လူဦးရေဟာ ၃၅ သန်းပတ်ဝန်းကျင်လောက် ရှိပြီးတော့
အဲဒီတုန်းက ၂၅ ရာခိုင်နှုန်းလောက်သာလျှင် မြို့ပြဒေသတွေမှာ နေထိုင်ကြပါတယ်။
၇၅ ရာခိုင်နှုန်းလောက် ကတော့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။ အဲဒီလို မြို့ပြဒေသတွေမှာ
လူဦးရေတဖြည်းဖြည်းတိုးလာပြီး လက်ရှိအကြမ်းအားဖြင့် ၂၀၁ဝ လောက်မှာ မြန်မာပြည်ရဲ့လူဦးရေဟာ
သန်း ၆ဝ လောက်ရှိပြီးတော့ မြို့ပြဒေသတွေမှာ နေထိုင်တဲ့ လူဦးရေက လူဦးရေက အကြမ်းအားဖြင့်
၃ဝ ရာခိုင်နှုန်းအထိအောင် တိုးပွားလာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တိုင်းနဲ့ ပြည်နယ်အလိုက်
ယှဉ်လိုက်မယ်ဆိုရင်လည်း အချို့သောတိုင်း၊ အချို့သော ဒေသ တွေမှာ မြို့ပြဒေသတွေမှာ
နေထိုင်တဲ့ လူဦးရေက နည်းပြီးတော့ တချို့သောတိုင်း၊ တချို့သောဒေသတွေမှာ များတာကို တွေ့ရှိရပါတယ်။
အကြမ်းအားဖြင့် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကရင် ပြည်နယ်ဟာဆိုရင် ၁ရ ရာခိုင်နှုန်းခန့်သာ
မြို့ပြဒေသတွေမှာ နေထိုင်ကြပြီးတော့ အလယ်အလတ်ဖြစ်တဲ့ မန္တလေးတိုင်းဆိုရင်တော့ ၅ဝ ရာခိုင်နှုန်း
လောက်သာ မြို့ပြဒေသတွေမှာ နေထိုင်ကြပါတယ်။ ရန်ကုန်တိုင်းကတော့ ထူးခြားသော အခြေအနေလို့ပဲ
ပြောရမှာပါ။ ရန်ကုန်မြို့ကြီးက ကြီးပြီးတော့ အခုပဲ ၅ သန်းကျော် ၆ သန်းလောက် ရှိနေတဲ့အတွက်ကြောင့်
ရန်ကုန်တိုင်းမှာကတော့ မြို့ပြဒေသတွေမှာ နေတဲ့လူဦးရေက ကျေးလက်ဒေသတွေမှာနေတဲ့လူဦးရေနဲ့
စာရင် ၃ ဆလောက် ပိုများနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လူဦးရေ သိပ်သည်းမှု နဲ့
ပတ်သက်လို့ ကြည့်မယ်ဆိုရင် အတော်လေး ကွဲပြားခြားနားကြတာကို တွေ့ရှိရပါတယ်။
ထုံးစံအတိုင်းပဲ လူဦးရေ အသိပ်သည်းဆုံးတိုင်းကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ဒုတိယအနေနဲ့ကတော့
မွန် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ မြို့ကြီးတွေရဲ့ အရွယ်အစားကို ကြည့်လိုက်မယ်ဆိုရင်
ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်လို့ ခေါ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မြို့နယ်ပေါင်းများစွာ စုစည်းထားပြီး
အကြမ်းအားဖြင့် ၂၀၀ရ ခုနှစ် စာရင်းဇယား များအရ ၄၄ သိန်းကျော်ရှိပါတယ်။ အဲလိုနဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့
မန္တလေးမြို့ဆိုရင်တော့ ရန်ကုန်မြို့နဲ့စာရင် ၄ ဆ ပတ်ဝန်းကျင်လောက် လျော့နည်းပြီး ၂၀၀ရ ခုနှစ်မှာ
မန္တလေးက ၉ သိန်းကျော်ကျော်ပဲ ရှိပါတယ်။ ကျန်တဲ့ မြို့လေးတွေကတော့ အကြမ်းအားဖြင့်
တဖြည်းဖြည်းနဲ့ နိမ့်နိမ့်သွားလိုက်တာ အင်မတန်သေးတဲ့ မြို့ဆိုရင် သောင်းဂဏန်းလောက်ပဲရှိတဲ့
မြို့လေးတွေလည်း ရှိပါတယ်။ အဓိကမြို့ပြဒေသတွေမှာ လူဦးရေတိုးပွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့
အရေးကြီးဆုံး အဓိကပြသနာကတော့ ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် စာရင်းဇယားအရဆိုရင် အဲဒီခေတ်လောက်တုန်းက ရန်ကုန်မြို့မှာ လူဦးရေ
သုံးသန်းလောက်ရှိပြီးတော့ ၂၀၁၀-၂၀၁၁ ခုနှစ်လောက်မှာ လူဦးရေက ၅ သန်းနဲ့ ၆ သန်း ဝန်းကျင်မှာ
ရှိနေပါတယ်။ ဖြစ်နိုင်လို့ရှိရင် ရန်ကုန်မြို့မှာ တိုးလာတဲ့ လူဦးရေ တိုးနှုန်းကို လျှော့ချနိုင်ရင်
အကောင်းဆုံးဖြစ်ပါတယ်။ ဒီအတိုင်းဆက်ပြီးတော့ လူဦးရေ တိုးပွားနေမယ်ဆိုရင်
၂၀၅ဝ ခုနှစ်မှာ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ လူဦးရေ သန်း ၂ဝ အထိ အောင် ဖြစ်သွားနိုင်ပါတယ်။
အကယ်၍ ဝိုင်းပြီးကြိုးစားကြလို့ ပုံမှန် သဘာဝတိုးတက်မှုနှုန်း သာသာလောက်နဲ့ သွားကြမယ်ဆိုရင်
ဒီနှုန်းလောက်နဲ့ပဲ လူဦးရေဆက်တိုးလာမယ်ဆိုရင်တောင်မှ ၂၀၅ဝ ခုနှစ်မှာ ရန်ကုန်မြို့ကြီးဟာ
လူဦးရေ ၁၂ သန်း ၁၅ သန်း ဝန်းကျင်လောက်ရှိတဲ့ မြို့ကြီးတစ်မြို့ဖြစ်သွားနိုင်ပါတယ်။
ရန်ကုန်မြို့ကြီးဟာ စတုရန်းမိုင် ၂၃ဝ နီးပါးလောက်ရှိပါတယ်။ ၁၉၅ဝ ခုနှစ်တုန်းကဆိုရင်
ရန်ကုန်မြို့ကြီးဟာ စတုရန်းမိုင် ၃၃ ပဲ ရှိတဲ့အတွက် အခု ၁၉၅ဝ ကနေ ၂၀၁၁ ဒါမှမဟုတ်
၁၉၉၅ ခုနှစ်လောက်မှာ မြို့ရဲ့ ဧရိယာဟာ ၁ဝ ဆလောက် တိုးသွားတာကို တွေ့ရှိရပါတယ်။
သို့သော် ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ အကြမ်းအားဖြင့် လူဦးရေ ၅ သန်း ၆ သန်း ရှိတယ်ဆိုတော့
သိပ်ပြီး ဆိုးဝါးတဲ့ အခြေအနေကို မရောက်သေးပါဘူး။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ
ဘယ်နေရာပဲသွားသွား စိမ်းလန်းစိုပြည်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။ တွေ့ရပါသေးတယ်။
ရန်ကုန်မြို့ကြီးက လေအားဖြင့်သော်လည်းကောင်း၊ ကျန်တဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှုနဲ့ ပတ်သက်၍သော်လည်းကောင်း
အခြားသောမြို့ကြီးတွေနဲ့စာရင် တော်သေးတယ်လို့ သုံးသပ်နိုင်ပါတယ်။
လူဦးရေ ၅ သန်း ၆ သန်း လောက်ရှိတဲ့ မြို့က အတိုင်းအတာ တစ်ခုအလျောက်
ထိန်းသိမ်းနိုင်တယ်။ သာယာတဲ့မြို့ ပဲ ဖြစ်ပါတယ်။ ဒီထက်ထပ်ပြီးတော့ ကြီးထွားလာပြီး
ရန်ကုန်မြို့လူဦးရေက ၁ဝ သန်း ပတ်ဝန်းကျင်လောက် ကျော်ပြီးတော့ လာလို့ရှိရင်
ကျွန်တော်တို့အခေါ်အရ Mega City မြန်မာလိုအရ ၁ဝ သန်းကျော်မြို့၊
ဒါမှမဟုတ် ဧရာမမြို့ကြီးတွေ ဖြစ်လာမှာပါ။ အဲဒီလို Mega City ဧရာမမြို့ကြီးတွေမှာ
ပြသနာအမျိုးမျိုးရှိပါတယ်။ ပထမဦးဆုံး အရေးကြီးတဲ့ ပြသနာကတော့ စက်ရုံတို့၊
ယဉ်တို့ကနေပြီးတော့ ထုတ်လွှတ်လိုက်တဲ့ အဆိပ်ဖြစ်စေတဲ့ အငွေ့တွေက လူတွေက ရိုးရိုးတန်းတန်း
ပုံမှန်သွားလို့လာလို့ မလွယ်ကူဘဲနဲ့ မျက်နှာဖုံးတွေစွပ်ပြီးတော့ နှာခေါင်းမှာ ပိတ်ပြီးကာပြီးတော့
သွားနေရတာ တွေ့ရှိပါလိမ့်မယ်။ စောစောကပြောတဲ့ Mega City လို့ပြောတဲ့ ၁ဝ သန်းကျော်ရှိတဲ့
မြို့တွေမှာ ရင်ဆိုင်ရတဲ့ ပြသနာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ယဉ်ကြောပိတ်ဆို့မှုပါ။ ဒါကလည်းပဲ
တော်တော်များများ မြို့ကြီးတွေမှာ ကြုံနေရပါတယ်။ နေ့စဉ် မော်တော်ကားရှိတဲ့ လူတွေတောင်မှ
အလုပ်ကို သွားကြမယ်ဆိုရင် အသွား ၂ နာရီ၊ အပြန် ၂ နာရီ၊ အကြမ်းအားဖြင့် ၄ နာရီလောက်က
သူတို့ရဲ့ ယာဉ်တွေပေါ်မှာ မောင်းပြီးတော့ အချိန်ကုန်ရပါတယ်။ ကိုယ်ပိုင်ကားမရှိတဲ့
လူတွေဆိုလို့ရှိရင် သူတို့ခရီးသွားတဲ့ အချိန်က တစ်ခါတစ်လေ ၅ နာရီ၊ ၆ နာရီ ထိအောင်
လည်းပဲ ဖြစ်တတ်ပါတယ်။ ဒီလို အဖြစ်တွေဟာ ၁ဝ သန်းကျော်ရှိတဲ့ Mega City လို့ခေါ်တဲ့ မြို့ကြီးတွေမှာ
နေ့စဉ်ကြုံတွေ့နေရပြီးတော့ လူတွေကို ဒုက္ခပေးနေတဲ့ ပြသနာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာလည်းပဲ
အခုလို ဘတ်စ်ကားကျပ်တယ်ဆိုတာလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ နောက်ပြသနာတစ်ခုကတော့
အမှိုက်ပြသနာပါ။ တော်တော်များများလည်းပဲ ကြားနေရပါတယ်။ သတင်းစာတွေမှာလည်း ရေးသားနေကြပါတယ်။
အမှိုက်က ပြသနာ အကြီးကြီး တစ်ခုပါပဲ။ နောက်ပြသနာ တစ်ခုကတော့ စောစောတုန်းက တင်ပြသွားတဲ့အတိုင်းပဲ
အိမ်ရာပြသနာ ဖြစ်ပါတယ်။ အိုးအိမ်ပြသနာပါ။ Illegal Slum လို့ ခေါ်ပါတယ်။ Shantytown လို့ခေါ်တယ်။
ကျူးကျော်လို့ခေါ်တယ်။ အမျိုးမျိုးခေါ်ကြပါတယ်။ ရန်ကုန်မြို့ကြီးကတော့ အဲဒီလို အိမ်ရာပြသနာနဲ့
ပတ်သက်ပြီးတော့ နည်းနည်းလေး ကံကောင်းခဲ့တယ်လို့ ပြောရမှာပါ။ ၁၉၉ဝ ပတ်ဝန်းကျင်
လောက်ကစပြီးတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် စတာတွေကို တိုးချဲ့လိုက်ပြီးတော့
အိမ်မရှိ ယာမရှိတဲ့လူတွေကို မြေပိုင် အိမ်ပိုင်နဲ့ နေရာချပေးလိုက်တဲ့ အတွက်ကြောင့် ရန်ကုန်မြို့ကြီးရဲ့
အိမ်ရာပြသနာကတော့ အတိုင်းအတာတစ်ခုအတွင်း အတော်လေး ဖြေရှင်းသွားပါတယ်။ သို့သော်
ဒါဟာ သိပ်ပြီး ရေရှည်ခံမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ လူဦးရေက တိုးနေတယ်။
လူဦးရေတိုးတာက သဘာဝလူဦးရေ တိုးနှုန်း ရှိမယ်။ နောက်ပြီးတော့ တခြားမြို့တွေ၊
တခြားရွာတွေကနေပြီး လာနေကြတဲ့ ပြသနာလည်း ရှိပါတယ်။ အခုလို မြို့ပြဒေသတွေမှာ
လူဦးရေတိုးရတဲ့ အဓိက အကြောင်းရင်းကတော့ ကျေးလက်ဒေသတွေမှာ လူနဲ့ လုပ်ကိုင်စားသောက်စရာ
မြေအချိုးအစား Land-man Ratio အဲဒါက ပြောင်းလဲ ကျဆင်းတဲ့ ကိစ္စပါ။ ကျွန်တော်တို့ နိုင်ငံတော်
အစိုးရက ထုတ်တဲ့ စာအုပ်တွေရဲ့ အချက်အလက်တွေကပဲ တွက်ချက်ထားပါတယ်။ ၁၉၅၃ ခုနှစ်လောက်မှာ
ဆိုရင် ကျေးလက်ဒေသတွေမှာနေတဲ့ လူဦးရေဟာ ၁၄ သန်း၊ ၁၅ သန်း လောက်ရှိပြီးတော့
အဲဒီတုန်းကဆိုရင် စိုက်ပျိုးမြေဧက သန်း ၂ဝ ကျော် ၂၂ သန်းလောက်ရှိပါတယ်။ အဲဒါက တဖြည်းဖြည်းနဲ့
ပြောင်းလဲသွားလိုက်တာ အခု ကျွန်တော်တို့ ရရှိတဲ့ အချက်အလက်တွေအရ ၂၀၀၃ ခုနှစ်မှာဆိုရင်
ကျေးလက်ဒေသတွေမှာနေတဲ့ လူဦးရေဟာ ၃၉ သန်း ပတ်ဝန်းကျင်လောက် ရှိပြီး စိုက်ပျိုးမြေကတော့
ဧကပေါင်း ၂၆ သန်းကျော်ကျော်လောက်ပဲ ရှိပါတယ်။ ကျေးလက်ဒေသတွေမှာ လုပ်ကိုင်စားသောက်ဖို့
အခွင့်အရေး အခွင့်အလမ်း ရှားပါးလာတဲ့အတွက်ကြောင့် သူတို့မှာ အခြားနည်းလမ်း မရှိတဲ့အတွက်ကြောင့် ြ
မို့ပြဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်။ ပြောင်းရွှေ့နေထိုင်ကြတဲ့ အခါမှာလည်းပဲ ပြသနာက
ဘာကြုံရလဲဆိုတော့ သူတို့ရောက်လာတဲ့မြို့တွေမှာ စက်မှုကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေက မရှိသေးတဲ့အတွက်ကြောင့်
စက်ရုံအလုပ်ရုံတွေမှာ ကျွန်တော်တို့ ခေါ်တာက Productive Sector ထုတ်လုပ်မှု ကဏ္ဍတွေမှာ ပါဝင် မလုပ်ကိုင်နိုင်ဘဲ
အများအားဖြင့် က Services လို့ခေါ်တဲ့ ဝန်ဆောင်မှုကဏ္ဍမှာပဲ ဝင်ပြီး လုပ်ကြရပါတယ်။ တော်တော်များများက
အလုပ်မဲ့ မဟုတ်ရင်တောင်မှ လူတို့အလုပ်ကို အချိန်ပြည့် မလုပ်နိုင်ဘူးပေါ့။ အဲဒီလို ပြသနာ ပေါ်ကြပါတယ်။
အခုလိုမကြာမကြာ သတင်းစာတွေထဲမှာ ဖတ်နေရတဲ့ လမ်းဘေးဈေးသည်တွေ ပြသနာ၊ ဒါတွေဟာ
အခုလို ကျေးလက်ဒေသတွေကနေပြီးတော့ မြို့ပြဒေသတွေကို ရောက်လာကြတယ်။
အလုပ်အကိုင်ကျတော့လည်းပဲ စက်ရုံတွေမှာမရှိဘူး။ မရဘူး ဖြစ်တဲ့အတွက်ကြောင့်
သူတို့ ဖြစ်သလိုပဲ ကျပန်း တနည်းတစ်ဖုံပဲ ပိုက်ဆံရှာရတယ်။ အဲဒီ ပြသနာကြောင့်လည်းပဲ
မြို့ပြဒေသတွေမှာ Service Sectors လို့ခေါ်တဲ့ ဝန်ဆောင်မှု ကဏ္ဍမှာ အများကြီးမြင့်နေပါတယ်။
အဲဒီတော့ အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် ရန်ကုန်မြို့ကို အခုလိုဆက်ပြီးတော့ သာသာယာယာ
သန့်သန့်ရှင်းရှင်းလေးနဲ့ ဆက်ပြီးတော့ ထိန်းနိုင်မယ်၊ ထိန်းချင်ကြတယ် ဆိုရင်တော့ လူဦးရေတိုးပွားနှုန်းကို
နည်းနည်းလေးလျှော့ဖို့သင့်ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေတိုးပွားလာရင် အခြားသောပြသနာတွေ
ဘာပေါ်လာလဲဆိုရင် Infrastructure လို့ ခေါ်တဲ့ အခြေခံအဆောက်အအုံပါ။ လူတွေကို ရေပေးရမယ်။
လူတွေ အညစ်အကြေးစွန့်ပစ်တာတွေကို ထိန်းရမယ်။ လူတွေကို လျှပ်စစ်ပေးရမယ် စတဲ့ ပြသနာ တွေ
အများကြီး ရှိပါတယ်။ အခု ကျွန်တော် လက်တွေ့ ဥပမာလေးတစ်ခုပဲ ယူပါ့မယ်။ ရေပေးရေးပြသနာပါ။
ရေဟာ လူတိုင်းအတွက် အရေးကြီးတဲ့ ပြသနာတစ်ခုပါ။ ယခုလက်ရှိ ၂၀၁ဝ လောက်မှာ ရန်ကုန်မြို့ရဲ့
လူဦးရေ ၅ သန်းကျော် ၆ သန်းလောက်ရှိတယ်ဆိုရင် လူတစ်ယောက်ကို ပုံမှန် တစ်နေ့ကို ဂါလံ လောက်ပဲ
ပေးမယ်ဆိုရင်တောင်မှ လိုအပ်မယ့် ဂါလံက တစ်နေ့တစ်နေ့ ဂါလံပေါင်း သန်း ၃၀ဝ လောက်ဖြစ်နေပါမယ်။
အကယ်၍သာ ရန်ကုန်မြို့မှာ ဆက်ပြီး လူဦးရေကြီးထွားသွားမယ်ဆိုရင် နောင်လာမယ့် နှစ်ပေါင်း ၄၀၊
၂၀၅ဝ ပြည့်နှစ်လောက်မှာ ရေပေးဖို့လိုအပ်မှာက တစ်နေ့ကို သန်း ၉၀ဝ နဲ့ သန်း ၁၃၀ဝ ပတ်ဝန်းကျင်လောက်မှာ
ရှိပါတယ်။ အခု ရန်ကုန်မြို့တော်စည်ပင်ဟာဆိုရင် လက်ရှိ ရှိနေတဲ့ လူဦးရေ ၅ သန်း ၆ သန်း ကိုတောင်မှ အပြည့်မပေးနိုင်ပါဘူး။
အဲဒီအတွက် ကုန်ကျစရိတ်တွေကလည်း အများကြီးရှိပါတယ်။ ဒီလိုနဲ့ ဆက်စပ်ပြီးတော့ လျှပ်စစ်၊ ရေမြောင်း၊
အမှိုက် ဆိုတာတွေကလည်း အများကြီးပေါ်လာပါလိမ့်မယ်။ အခု ကျွန်တော်တို့ မြို့ပြဒေသတွေမှာ
လူဦးရေတိုးတဲ့ဒေသကို ပြောခဲ့ပြီးတော့ အကြမ်းအားဖြင့် ဘယ်လောက်တိုးမလဲ ဆိုတာကို မှန်းကြည့်ကြရအောင်။
အခု ၂၀၀ဝ ခုနှစ်ကနေ ၂၀၅ဝ ပြည့်နှစ်အထိ နှစ်ပေါင်း ၅ဝ အတွင်းမှာ အကြမ်းအားဖြင့် မြို့ပြဒေသတွေမှာ
လူဦးရေ သန်း ၃ဝ ပတ်ဝန်းကျင်လောက် တိုးလာမှာ ဖြစ်ပါတယ်။ မြို့ပြဒေသတွေမှာ တိုးတက်လာတဲ့
လူဦးရေကို ဖြစ်နိုင်ရင် ပညာရှင်များရဲ့ အယူအဆအရတော့ ရန်ကုန်မြို့လို မြို့ကြီးတွေမှာ မတိုးစေဘဲနဲ့ မြို့အလတ်စား၊
အကြမ်းအားဖြင့် အခုလက်ရှိ လူဦးရေ တစ်သိန်းခွဲလောက် ရှိတဲ့မြို့လေးတွေကို ဖြန့်ပေးလိုက်မယ်။
အဲဒီ မြို့လေးတွေကို ဖွံ့ဖြိုးအောင်လုပ်ပေးလိုက်မယ်ဆိုရင် ရန်ကုန်မြို့တို့လို မြို့ကြီးတွေမှာ လူဦးရေတိုးတာ
နည်းနည်းသက်သာတယ်လို့ ယူဆပါတယ်။ အဲဒီမြို့လေးတွေအပြင် အခု တိုင်းနဲ့ ပြည်နယ်တွေမှာ
ရှိတဲ့ မြို့တော်တွေရှိပါတယ်။ အဲဒီမြို့တော်တွေကိုလည်းပဲ အဲလိုပဲ နည်းနည်းလေး လူဦးရေကို
ပိုမိုစုပ်ယူနိုင်အောင်လို့ ဖွံ့ဖြိုးပေးမယ်ဆိုရင် ရန်ကုန်မြို့မှာတိုးတဲ့ လူဦးရေနှုန်းက နည်းနည်းလေး
လျော့သွားမယ်လို့ ယူဆပါတယ်။ အဓိကအားဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ မြို့ပြလူဦးရေ တိုးတာနဲ့
ပတ်သက်ပြီး နည်းဗျူဟာက အမျိုးသားစီမံကိန်းနဲ့ တွဲပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့
ကိုယ်ပိုင်အဆိုပြုချက်အရ လက်ရှိရန်ကုန်မြို့နဲ့ မန္တလေးမြို့က လူဦးရေသန်းကျော်ရှိတဲ့ မြို့နှစ်မြို့ဖြစ်ပါတယ်။
မြို့အလယ်အလတ်ဖြစ်တဲ့ လူဦးရေ တစ်သန်းခွဲလောက်ရှိတဲ့ မြို့တွေကို ဖွံ့ဖြိုးအောင် လုပ်နိုင်မယ် ဆိုရင်
ရန်ကုန်မြို့လို နေရာမျိုးမှာ လူဦးရေတိုးတာ နည်းနည်းလျော့သွားမယ်လို့ ယူဆရပါတယ်။ နောက်ပြီးတော့
တိုင်းနဲ့ မြို့နယ်တွေ တိုင်းနဲ့ ပြည်နယ်တွေရဲ့ မြို့တော်တွေ အဲဒီနေရာတွေကိုလည်းပဲ ဖွံဖြိုးအောင် စီမံခန့်ခွဲဖို့
လိုအပ်လာပါတယ်။ နောက်တစ်ချက်ကတော့ အဲဒီ ပေါ်ပေါက်လာမယ့် မြို့တွေထဲမှာ လမ်းပန်းဆက်သွယ်ရေး၊
တယ်လီဖုန်း စတာတွေကို ကောင်းကောင်းမွန်မွန် ပေးလိုက်မယ်ဆိုရင်၊ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်ရေး။
ပညာရေးတို့ကို ပေးလိုက်မယ်ဆိုရင် လူတွေက ရန်ကုန်မြို့ကြီးကိုပဲ အတင်းဝင်ပြီး နေထိုင်ချင်တယ်ဆိုတဲ့
စိတ်ဓါတ်က လျော့ပြီး သူတို့မြို့ သူတို့နဲ့နီးစပ်သောမြို့ သူတို့ရဲ့ ပြည်နယ်ကမြို့တွေကိုပဲ ပြောင်းရွှေ့နေထိုင်ဖို့က
ပိုပြီး အလားအလာ များပါတယ်။ အဲဒီလို ရှိခြင်းအားဖြင့် ငါတို့တိုင်း ငါတို့ပြည်နယ် ငါတို့မြို့ကလည်းပဲ ဖွံ့ဖြိုးတယ်။
ငါတို့မြို့မှာလည်းပဲ အစစအရာရာ ကျန်းမာရေးစောင့်ရှောက်မှုလည်း ရှိတယ်။ ပညာရေးလည်းပဲ ကောင်းတယ်။
တယ်လီဖုန်း တယ်လီဗေးရှင်း Service တွေလည်း အကုန်ရှိတယ် ဆိုရင် ရန်ကုန်မြို့ကိုလာရောက်နေထိုင်တဲ့
ပြသနာက လျော့သွားမယ်လို့ ယူဆပါတယ်။ နောက်တစ်ခုစဉ်းစားဖို့သင့်တာက အခုအကြမ်းအားဖြင့်
သန်းကျော် မြို့ ၂ မြို့ရှိပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ပါ။ သန်းကျော် မြို့ ၂ မြို့ အပြင် မြောက်ပိုင်းတစ်နေရာမှာ
အဲဒီလိုပဲ မန္တလေးနီးပါးလောက်ရှိတဲ့ သန်းကျော် မြို့ တစ်မြို့ကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်မယ်ဆိုရင် ဒီလိုစံနစ်ကို မြို့ကြီးသုံးမြို့ရှိသော
စံနစ်လို့ ခေါ်ပါတယ်။ အဲဒီဘက်ကို လုပ်သင့် မလုပ်သင့်ဆိုတာကို ကျွန်တော်တို့ တစ်မျိုးသားလုံး အတိုင်းအတာနဲ့
ဝိုင်းဝန်းဆွေးနွေး တိုင်ပင်ပြီးတော့ စဉ်းစားသင့်ပါတယ်လို့ ပြောချင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောချင်တာက
လူနေမြို့ရွာပြသနာများဟာ အရေးကြီးပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့လည်း ပတ်သက်နေတဲ့အတွက်
ကြောင့်မို့လို့ အလေးထားသင့်ပါတယ်။ လူနေမြို့စီမံကိန်းဟာ တစ်မျိုးသားလုံးစီမံကိန်းနဲ့ တွဲဖက်ပြီးတော့ အရေးကြီးသော
အစိတ်အပိုင်းမှာ ပါဝင်သင့်ပါတယ်။ နောင်လာမယ့် နှစ်ပေါင်း ၄ဝ အတွင်းမှာ မြို့ပြလူဦးရေ သန်း ၃ဝ လောက်တိုးမှာ ဖြစ်ပါတယ်။
ဒါဟာ တိုးကို တိုးမယ့် ကိစ္စပါ။ အဲဒီ တိုးလာသော လူဦးရေ သန်း ၃ဝ ကို ရန်ကုန်မြို့လို မြို့ကြီးမှာ
အဝင်ခံတာထက် မြို့အလတ်စားလေးတွေကို ဖွံ့ဖြိုးအောင်လုပ်ပြီးတော့ အဝင်ခံတာက ပိုပြီးတော့ သင့်လျော်မယ်လို့
အဆိုပြုလိုပါတယ်။ နောက်တစ်ခုအနေနဲ့ စောစောကပြောတဲ့ သန်းကျော်ရှိတဲ့မြို့ကြီး ရန်ကုန်မြို့နဲ့ မန္တလေးအပြင်
မြောက်ပိုင်းတစ်နေရာမှာလည်းပဲ မြို့တစ်မြို့ ဖေါ်ထုတ်သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။
ဆရာကြီးဒေါက်တာကျော်လတ် ပြောပြီးတော့ ဆရာ ဦးကိုကိုလှိုင် ကလည်း အပြန်အလှန်ဆွေးနွေးပါတယ်။
အဲဒီအထဲက စိတ်ဝင်စားစရာ ကောင်းတဲ့ အမေးအဖြေလေးကို ရွေးထုတ် ဖေါ်ပြပေးလိုက်ပါရစေ။
ဦးကိုကိုလှိုင် –
ဟုတ်ကဲ့ပါ။ နောက်တစ်ခုက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အခုရန်ကုန်ကို
အစိုးရရုံးစိုက်တဲ့ နေရာကနေပြီးတော့ နေပြည်တော်မှာ အစိုးရအဖွဲ့ရုံးစိုက်တဲ့ အခါမှာ
နေပြည်တော်မှာ နေ့ချင်းညချင်း ဆိုသလိုပဲ မြို့ပြစီမံကိန်းတွေက အရမ်းကို တိုးတက်လာပါတယ်။
အဲဒါနဲ့ အတူတူပဲ၊ ဒီ Commercial ပေါ့လေ။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့
အဲဒီကို အများကြီး ရွှေ့လာကြတာ တွေ့ပါတယ်။ Hotel Zone တွေ နောက်ပြီးတော့ ဆိုင်တွေပေါ့လေ။
အဲဒီလိုမျိုး လုပ်လိုက်တဲ့အတွက်ကြောင့် အကျိုးကျေးဇူးတွေ အနေနဲ့လည်းပဲ ဆရာကြီး တင်ပြခဲ့သလိုပဲ
ရန်ကုန်မြို့မှာ သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရန်ကုန်မြို့ရဲ့ စီးပွားရေးရာ ဖွံ့ဖြိုးတိုးတက်မှု တွေမှာများ လျော့များသွားနိုင်မလား
ဆိုတာလေးကိုလည်း ရှင်းပြပေးပါခင်ဗျာ။
ဒေါက်တာ ကျော်လတ် –
ပညာရှင်တွေ အမျိုးမျိုးရှိတဲ့အထဲမှာ ယူဆချက်တွေ ကွဲမလားတော့ မပြောတတ်ပါဘူး။
ကျွန်တော့် ယူဆချက်ကတော့ နေပြည်တော်ဟာ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အုပ်ချုပ်သော
အုပ်ချုပ်မှုဗဟိုအနေနဲ့ပဲ ရှိစေချင်ပါတယ်။ နေပြည်တော်ကို စီးပွားရေးလုပ်ငန်းတွေ အများကြီးတိုးလာပြီး
စီးပွားရေးဗဟိုဌာနတစ်ခုအနေနဲ့ မဖြစ်စေချင်ပါဘူး။ အဲဒီလို ခပ်ဆင်ဆင် ကမ္ဘာပေါ်မှာ
ဥပမာလေးတွေလည်း ရှိပါတယ်။ ဩစတြေးလျ ပေါ့။ ဩစတြေးလျမှာရှိတဲ့ Canberra မြို့
ဆိုရင် သူက တစ်တိုင်းတစ်ပြည်လုံးရဲ့ မြို့တော်တော့ ဟုတ်ပါတယ်။ သို့သော် မြို့လေးက သေးသေးလေးပါပဲ။
တခြားသော ဆစ်ဒနီတို့ ပက်သ်တို့က စီးပွားရေးတွေကို ဖွံ့ဖြိုးပြီးတော့ Canberra က
စီးပွားရေးမြို့တော်မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်ထင်တယ်။ နေပြည်တော်ကလည်း
အစိုးရများ ရုံးစိုက်ရာ ဌာနအနေနဲ့ပဲ ဆက်ပြီး ရှိစေချင်ပါတယ်။ နောက် အဲဒီလို
နေပြည်တော်ရှိတဲ့အတွက်ကြောင့်မို့လို့ ရန်ကုန်မြို့ရဲ့ Growth က လျော့သွားမလားဆိုတဲ့
ကိစ္စကတော့ ခုနောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ Decentralize လုပ်တယ်ခေါ်တာပေါ့။
ဒီလုပ်ငန်းရပ်တွေကို အစစအရာရာ နေပြည်တော်ပဲ သွားရတယ်။ နေပြည်တော်မှာပဲ
ဆုံးဖြတ်တယ်ဆိုတဲ့ ကိစ္စတွေ တဖြည်းဖြည်းနဲ့ လျော့သွားမယ်လို့ ထင်ပါတယ်။
ရန်ကုန်မြို့ကြီးကို လူဦးရေလျော့စေချင်တာက မန္တလေးတို့လို အခြားသော စီးပွားရေးနဲ့
အချက်အချာကျတဲ့ နေရာတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတာက ပိုကောင်းမယ်
ထင်ပါတယ်။ နေပြည်တော် အနေနဲ့ကတော့ အခုလို သာသာယာယာ လေးပဲ၊
ကျွန်တော်မြင်တာတော့ နေပြည်တော်က သာယာပါတယ်။ နေပြည်တော်ကို
သာသာယာယာ အေးအေးဆေးဆေးလေးပဲ ရှိတာ ထားတာ ကောင်းပါတယ်။
16 comments
Ch@vez
May 24, 2012 at 11:14 am
မြို့ပြ ဝန်ထုပ်ဝန်ပိုး လျှော့ချဖို့ decentralization လုပ်ဖို့ လိုတဲ့ အကြောင်း
က ဗဟုသုတ အများကြီး ရပါတယ်ဗျို့..
ထုံးစံအတိုင်း လက်မကြီးကြီး မြင့်မြင့် ၁ချောင်း ထောင်ခဲ့ပါတယ်..
ဒီလိုလေး ..စိတ်ကူးယဉ်ကြည့်လိုက်မယ်ဗျာ ..
မန်သ့်လေး တောင်ဘက် ၁မြို့ ..မာထီလိပ်ဗျာ..
ရန်ကုန်မြောက်ဘက် ၁ မြို့ .. ပဲခူး ဒါမှ မဟုတ် တောင်ငူ
အနှီ ၂မြို့ကို ပရိုမုတ်လုပ်နိုင်ရင် ရန်ကုန်မန်သ့်လေး load လျော့သွားမလားပဲ..
အဲ ..မြို့သစ်စီမံကိန်းတွေတော့ ဟိုလူဂျီးဒွေကို မပေးနဲ့နော..
တခါတခါ ပရုပ်လုံးလေးတွေ ပေါင်းလုပ်တာ အားပေးချင်သားဗျာ.
ခင်တဲ့
nozomi
May 24, 2012 at 12:08 pm
ဦးချောကြီး မြန်မာပြည်မှာ ရှိသေးတယ်နော် ၊ ကျွန်တော်က သူကြီး အပြန် အမေဒီးကားကို လိုက်သွားတယ် ထင်လို့ ဗျို့
စာတွေကကောင်းမယ် အချိန်ယူဖတ်ချင်လို့ ကူးထားပြီးမှ ထပ်ဖတ်တော့မယ်
မြို့ပြနဲ့ ပတ်သက်ရင် အလွဲလွဲဖြစ်နေတဲ့ မြို့တစ်ခုကို ပြန်တည့်အောင် ပြန်ပြင်ရတာထက် မြို့သစ်တစ်ခု တည်ရတာ ပိုအဆင်ပြေမယ် ထင်တယ်
ဆရာဂီ ပြောသလို ရန်ကုန်အတွက်ဆို ပဲခူးနဲ့ ရန်ကုန်ကြားမှာ မြို့သစ်ကြီး တစ်ခုတည် စ ကတည်းက လက်တန်းတော့ မလုပ်ကြနဲ့ နားလည်တတ်ကျွမ်းတဲ့ သူတွေကို နေရာပေး ဟံသာဝတီ လေဆိပ် ပရောဂျက် ကရှိပြီးသား ဟို ဦးချော အချစ်တော်ကြီး ဦးရွှေခင်ကို တာဝန်ပေးလိုက်ရင်တော့ ဟေ ဟေး
စကားအတင်းစပ် ရရင် ကျုပ်တို့ ကိုဂီလဲ အခုတစ်လော ပရုပ်လုံးလေး ကို ပါးစပ်က မချပါလား ဗျို့
ရွာစားကျော်
May 24, 2012 at 3:15 pm
နေပြည်တော် မြို့သစ်ကြီး လောလောလက်လက် ဆောက်ပြထားတာ မှတ်သေးဝူးလား… ဟင်း
asiamasters
May 24, 2012 at 12:13 pm
ဒီမှာပြောထားတာက သိပ်ပြီးတော့ ရှည်လျှားတော့ လိုရင်းပဲနဲနဲပြောပါရစေ။ မြို့ပြ ဆိုတာ လူတွေနေလို့ရအောင်လုပ်ထားတာ။ ဘာအတွက် နေဖို့လုပ်ထားသလဲဆိုတဲ့ရည်ရွယ်တဲ့အကြောင်းရှိရမယ်။ လူတွေနေပြီဆိုတာနဲ့ သန့်ရှင်းဖို့လိုတယ်။ သန့်ရှင်းဖို့ဆိုရင် ရေလိုတယ်။ ရေလို့ဆိုလိုက်ရင် စီးဆင်းသွားဖို့လိုတယ်။ ရေက မစီးပဲနဲ့ ရပ်နေပြီဆိုရင် ဗိုင်းရပ်၊ ဗက်တီးရီးသား၊ ခြင်၊ယင်၊ ကြွက်၊ ပိုးဟပ် မလိုလားအပ်တဲ့ သတ္တဝါတွေ မျိုးစုံးပေါက်မယ်။ လူတွေရောဂါရမယ်။ မြို့ပြလို့ဆိုမယ်ဆိုရင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ကောင်းကောင်းလုပ်ရမယ်။ လျှပ်စစ်ဓါတ်အားကို ပုံသေဖြစ်နေအောင်လုပ်မှရမယ်။ မြို့ပြတွေတည်ဆောက်တဲ့ရည်ရွယ်တဲ့အကြောင်းက ရောင်းဝယ်ဖေါက်ကားမှုတွေများများလုပ်နိုင်ပြီး ဖွံ့ဖြိုးစည်ပင်လာဖို့ဖြစ်တယ်။ မြန်မာအများစု ထင်သလို ဒီလောကကြီးက ထွက်ပြေးပြီး ငြိမ်းအေးရာကို ရှာတာ မဖြစ်ဖို့အရေးကြီးတယ်။ မြို့ပြမှာနေတဲ့သူတွေကို မြို့ပြရဲ့ကောင်းမွန်တဲ့စနစ်တွေကို သင်ပေးဖို့လိုတယ်။ ဖွံဖြိုးတိုးတက်မှုအားလုံးဟာ သန့်ရှင်းမှုမှာပဲမူတည်တယ်။ ညစ်ပတ်တဲ့ လူတွေ၊ လူ့အသိုင်းအဝိုင်းတွေ၊ မြို့တွေ နိုင်ငံတွေဟာ ဘယ်တော့မှ မဖွံ့ဖြိုးမတိုးတက်နိုင်ဘူး။
ဗိုက်ကလေး
May 24, 2012 at 12:20 pm
လိုရင်းတိုရှင်းနဲ ့ ထိတဲ့ဟာလေးမို ့ ခိုက်သွားမိပါကြောင်း အူးလေးခင်ဗျား
ဗိုက်ကလေး
May 24, 2012 at 12:17 pm
အူးလေးဗွီလိန်ချောရေ..လောလောဆယ် နေရာဝင်ဦးတွားတယ်ဗျား..
စာတော်တော်များလို ့..အချိန်ယူဖတ်ရမှာမို ့..အမူးလဲ မပြေသေးသမို ့ ခွလွှတ်ပါဗျား.
သံပုရာရည်သောက်ပြီး ကြန်လာခဲ့ပါ့မယ်
kyaw koko
May 24, 2012 at 1:39 pm
Australia’s capital city is not Canadian. It is Canberra
marblecommet
May 24, 2012 at 2:45 pm
မြန်မာပြည်မြောက်ပိုင်း
မြို့သစ်ကြီး မြန်မြန်တည်ကြပါခင်ဗျား
အဲကျမှ မောင်ကမ်းတို့လည်း မြိုု့သစ်ကြီးမှာ
အရိုးသွားထုတ်တော့မယ် ဟဲ…ဟဲ…..
အခုတစ်လော မြောက်ဘက်၊ မြောက်အရပ်
သိပ်ခံတွင်းတွေ့နေမိတယ်….
ကိုဘလက်ကြီးရယ်..
…..
ဒါနဲ့ လက်ဘက်ရည်မတိုက်
တော့ဘူးလား ကိုဘလက်ရယ်…..
weiwei
May 24, 2012 at 2:55 pm
အလွန်ပျင်းစရာကောင်းနေတဲ့အချိန်မှာ ပျင်းစရာကောင်းတဲ့ပို့စ်ကို ဖတ်ရှုသွားပါတယ် ..
ခေါင်းနောက်သွားလို့ ချိုပေါ့ကျတစ်ခွက်လောက် သွားသောက်လိုက်အုန်းမယ် …
kai
May 24, 2012 at 3:51 pm
ကြည့်ရတာ..တော်တော်အကြံကြီးပုံရတယ်..
အတွေးလည်းကောင်းတယ်..
ဖတ်ရင်းနဲ့ကို.. ချီးကျူးမိပါတယ်..
မြန်မာပြည်မြောက်ပိုင်းဖက်မှာ.. မြို့သစ်တည်တာကို.. ထောက်ခံကြောင်းပါ… ဒေါက်တာ ကျော်လတ်ခင်ဗျား….
ဧရာဝတီရေလမ်းကြောင်းနဲ့.. နီးတဲ့ ဗန်းမော်..မြစ်ကြီးနားလိုမြို့ကို.. သန်းကျော် မြို့အဖြစ်ချဲ့ရင်..တိုင်းပြည် တော်တော်အကျိုးရှိသွားမယ်ထင်မိပါကြောင်း…။
ဧကန္တ.. မြေပြေးဝယ်ရတော့မယ်နဲ့တူတယ်..
ahnyartamar
May 24, 2012 at 3:58 pm
ဒီဆွေးနွေးပွဲကို MRTV4 မှာ Live လွှင့်သွားတာတော်တော်ကြာပြီထင်တယ် ကိုဘလက်ရေ…ကျတော်လဲ အဲဒီတုန်းက စိတ်ဝင်စားတာနဲ့ အစအဆုံးနားထောင်ဖြစ်လိုက်တယ်။ ဒါကြောင့်မို့ထင်တယ် အလွန်ပျင်းစရာကောင်းနေတဲ့အချိန်မှာ ပျင်းစရာကောင်းတဲ့ပို့စ်မို့ “ချိုပေါ့ကျ” လောက်အရသာမတွေ့ဘူးဗျို့…အရသာစုံတဲ့ “ချိုပေါ့ကျ” ကိုပဲသောက်ချင်မိပါ၏။
လင်းဝေ
May 24, 2012 at 4:21 pm
ကျနော့်အမြင်တော့ ဆရာကျော်လတ် ( ကျောင်းပြီးပြီချင်း အလုပ်စလုပ်တော့ သူနဲ့တွဲခဲ့ရတာပဲ )ပြောသလို မြောက်ပိုင်းမှာ ရှိသင့်တာအပြင် ကမ်းရိုးတန်းမှာလည်း မြို့ကြီးတွေ ဆက်ဖွံ့ဖြိုးဖို့လိုပါတယ်။ မြောက်ပိုင်းမှာ ဆိုရင် လားရှိုးဖြစ်စေ၊ ဗန်းမော်ဖြစ်စေ ကို တွန်းတင်ပေးသင့်ပြီး မုံရွာ နဲ့ မြစ်ကြီးနားကိုလည်း ဖွံ့ဖြိုးရေး စီမံကိန်း(တကယ့်စီမံကိန်းကိုပြောတာပါ) ပြင်ဆင်ပြီး တင်ပေးသင့်တယ်။ ကမ်းရိုးတန်းမြို့ကြီးတွေကတော့ ကျောက်ဖြူကို တရုပ်လက်က ပြန်ယူပါ၊ မဟာမြို့ကြီးဖြစ်အောင်လုပ်ပေးလို့ရပါတယ်။ (ကျောက်ဖြူ ကမ်းခြေမှာ အိမ်လေးတစ်လုံးသွားဆောက်ပြီး နေလိုက်ဦးမှာ )။ စစ်တွေကိုလည်း ဆိပ်ကမ်းထပ်ဆောက် မြို့ကွက် အသစ်ဖော်ပြီး ဖွံ့ဖြိုးရေး အားဆက်ပေးသင့်တယ်။ နောက် ငရုပ်ကောင်း နဲ့ ပုသိမ် တစ်ခု ဆိပ်ကမ်းဆောက်ပြီး ဖွံ့ဖြိုးရေးလမ်းပေါ်တင်ပေးထားလိုက်။ အောက်မှာ မော်လမြိုင် နဲ့ မြိတ်။ ထားဝယ်ကတော့ လုပ်နိုင်ရင်ကောင်းတာပေါ့။ ထိမ်းထိမ်းသိမ်းသိမ်းတော့ လုပ်မှ အခုလုပ်မှာကြီးက နည်းနည်း လွန်လွန်းတယ်။
ဗိုက်ကလေး
May 24, 2012 at 5:43 pm
သေချာဖတ်ကြည့်တော့ အတော်ကောင်းသဗျား
အတော်လဲ လေ့လာမှုအားကောင်းပြီး အမြှော်အမြင်လဲ တယ်ကြီးသမို ့ ဩချရလောက်အောင် လွှတ်ကောင်းတဲ့ ပညာရှင်များရဲ့ဆွေးနွေးခန်းပါ အူးလေးရေ..
နောက်ထပ်..အချောသပ်ဆွေးနွေးတိုင်ပင်ကြီး.လက်တွေ ့….အကောင်အထည်ဖော်ဖို ့ပဲ လိုတော့တယ်..
blackchaw
May 24, 2012 at 5:53 pm
ကျေးဇူးပါ ကိုကျော်ကိုကို ရေ။
ကျွန်တော် ပြင်လိုက်ပါ့မယ် ခင်ဗျာ။
မှားသွားတဲ့အတွက် ဆောရီးပါဗျ။
ရဲစည်
May 29, 2012 at 4:29 am
ပညာရှင်တွေ ပညာရပ်ဆိုဒ်က ပြောသွားတာ မမှားပေမဲ့ ဒီဆရာကြီးများ ခရီးများများ သွားစေချင်တယ်။
ကျနော်တို့လို ခြေသလုံး အိမ်တိုင်တွေဘက်က ကြည့်ရင် မွန်၊ကရင်နဲ့ တနသာင်္ရီမှာ ဒေသခံတွေ မလေးရှား၊ယိုးဒယား ရောက်နေတယ် အိမ်ရှိလူ ကုန်သလောက်ဘဲ။ အညာဒေသ တစ်ခုလုံး တရုတ်နယ်စပ်မှာ၊ မုန့်လက်ဆောင်း၊ ကြံရည်သည်တောင် ရှိတယ် ပြီးတော့ ကျနော်တို့ တိုင်းပြည်က ပြောင်းပြန် အမြဲလုပ်တတ်ကြတယ် မြို့ပြအသစ်တခု ဖွံ့ဖြိုးရင် ကိုယ့်မြေ ဈေးကောင်းကောင်းနဲ့ ရောင်းပီး ချောင်တနေရာမှာ ဆိုင်ကလေဖွင့်ပြီး အခြေချချင်ကြတယ်။ အဲဒီတော့ မြို့ပြတွေ တိုးတက်လာတာနဲ့ အမျှ မြေယာပိုင်ဆိုင်မှုတွေ လျော့နည်းလာပီး နောင်နှစ်ဆယ်လောက်ကျ ကိုယ့်မြေကိုယ် မပိုင်တဲ့ ဘဝရောက်တော့မယ် တင်းခံနေတာဆိုလို့ ရန်ကုန်တမြို့တော့ ကျန်သေးတယ်။ရန်ကုန်တောင် ကြာရင် မြစ်ရေအထက်က မြို့ရေကြီးလို့ ပြေးချင်နေကြပီ။
ဆိုတော့ ……နောက်ပြန်ဆွဲတယ်လို့ဘဲ ပြောပြော နလပိ်န်းတုံးလို့ဘဲ ပြောပြော ခံပါ့မယ်။
ဖွံ့ဖြိုးမှုအသစ်တွေ မတိုင်ခင် လက်ရှိနေရာတွေ အပေါ်မှာ ကျစ်လစ်သိပ်သည်းတဲ့ မူကောင်းတွေနဲ့ အရင်ဆုံး ပြင်ဆင်ရေးဆွဲ တည်ဆောက်ပေးရန် လိုအပ်နေပါကြောင်း…………………………..
လေးစားလျှက်
pooch
May 31, 2012 at 3:07 pm
ကိုဘလက်ရေ ဟိုရက်တွေက ဒီပိုစ့်က မန့်လို့ မရဘူး ။ စာတွေကလည်း တဝက်တပျက်ဖြစ်နေတာနဲ့ မရေးခဲ့ရဘူး။
အဲ့ဒီ အစီအစဉ်လေး မကြည့်ဖြစ်ခဲ့ဖူး ။ ခုလို တင်ပေးတော့ သိရတာပေါ့။
ကျမ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါက်တာအောင်ထွန်းသက်ရဲ့ ဟောပြောပွဲတခုကို ရောက်ခဲ့ပါတယ်။ ဆရာကြီး ပြောတာတွေ နားထောင်ပြီး အသိတွေတိုး အတွေးတွေ တလှေကြီးနဲ့ ပြန်ခဲ့တာပါ။
သုံးသပ်ပြသွားတာတွေကလည်း အတော်လေးကောင်းပါတယ်။ ဆရာကြီး စကားလေး ကိုးကားပြီး ပြောရရင် ကိုဘလက်ရေ ကျမတို့ က အဆင်းရဲဆုံး စာရင်းဝင် တိုင်းပြည်ဆိုတော့ ပျော်စရာကောင်းတယ်လို့ တွေးလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီထက်ပိုပြီး နိမ့်ဆင်းသွားလို့မှ မရတော့တာလေ။
အဲ့ဒီတော့ အတက်ပဲ ရှိတယ် ။ တက်အောင် ကြိုးစားကြတဲ့ နေရာမှာလည်း ဒီမို ကရေစီ ဘိုးအေကြီးများ ရဲ့ တိုင်းပြည်ကို နမူနာယူပြီး သူတို့ မှားသလို ကိုယ်မမှားအောင် ကြိုးစားလို့ ရတဲ့ အခွင့်အရေးတွေလည်း ရှိတယ်။ ဆိုတော့ တတ်သိပညာရှင်များ တတ်တဲ့ ပညာမနေသာဆိုသလို တဖက်တလမ်း ဝိုင်းဝန်းအဖြေရှာ ကြိုးစားကြတာကို ကြိုဆိုပါတယ် ။