အကျဉ်းထောင်ထဲက ကမ္ဘာ့ဖလား။

introJune 18, 20101min480

“သံတိုင်များ နောက်ကွယ်က ၂၀၁ဝ ကမာ္ဘ့ဖလား” ဟု အမည် ပေးထားသော ဘောလုံးပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြောက်ပိုင်း ခုံပရမ် အကျဉ်းထောင်တွင် ယနေ့မှစ၍ ကျင်းပသွားမည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင်ရေး သားထားသည်အဆိုပါ အကျဉ်း ထောင်တွင် နိုင်ငံပေါင်း ၉ဝ ခန့်မှ အကျဉ်းသား တသောင်းကျော် ရှိပြီး အကျဉ်းသားများ အနေဖြင့် မိမိနိုင်ငံကို ကိုယ်စားပြုကာ ယှဉ်ပြိုင် ကစားကြမည်ဟု သိရသည်။

နိုင်ငံ ကိုယ်စားပြု အသင်းတွင် အသင်းသား ဦးရေ ရ ဦး သတ်မှတ်ထားပြီး ကမ္ဘာ့ဖလား ကျင်းပသည့် ပုံစံအတိုင်း အုပ်စုများခွဲကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း၊ ပွဲစဉ်များ ကိုလည်း ကမ္ဘာ့ဖလား ပွဲစဉ်များ နည်းတူ ကျင်းပ သွားမည်ဟု အကျဉ်းထောင် အထွေထွေ ညွှန်ကြားရေးမှူး မစ္စတာ ထာနစ် ဆရီယာဖန်က ပြောသည်။

“ပြိုင်ပွဲက တလကြာမှာ၊ လုံခြုံရေးအတွက် ဝန်ထမ်း ၁၀ဝ ထပ်တိုးထားတယ်၊ လုံခြုံရေးကို အထူးတိုးမြှင့်ထားတယ်”ဟု ၎င်းကဆိုသည်။

ဘောလုံးပွဲနှင့် ပတ်သက်သည့် ထောင်တွင်း လောင်းကစားမှုများကိုမူ တင်းကျပ်စွာ ပိတ်ပင်ထားကြောင်း မစ္စတာ ထာနစ် ဆရီယာဖန်က ပြောသည်။

ပွဲစဉ်များကို ဇူလိုင်လ ၁ဝ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ထိုင်းလူမျိုး အကျဉ်းသားများလည်း အဆိုပါ ဘောလုံးပွဲစဉ်များ တွင် နိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အသင်းတသင်းစီတွင် ကစားသမား ရ ဦး အပြင် အုပ်ချုပ်ရေး ဝန်ထမ်း ၂ဦး ဖြင့် ဖွဲ့စည်းထားပြီး ဘောလုံးပွဲ ကြီးကြပ်မည့် ဒိုင်လူကြီးများကို နိုင်ငံခြားသား အကျဉ်းသားများနှင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

ပွဲထွက်ကစားသမား ရ ဦးမှာ ခုံပရမ်အကျဉ်းထောင်မှ ဖြစ်ပြီး အရံ ကစားသမားများကမူ အမြင့်ဆုံးလုံခြုံရေး အဆင့်ရှိသော ဘန်ခွမ် အကျဉ်းထောင်မှ အကျဉ်းသားများ ဖြစ်ကြသည်။

အဖွင့်ပွဲစဉ်ကိုလည်း မကြာမီ ကျင်းပမည့် ကမ္ဘာ့ဖလားပွဲစဉ်များ အတိုင်း တောင်အာဖရိကနှင့် မက္ကဆီကို အသင်းတို့ ယှဉ် ပြိုင် ကစားမည်ဟု မစ္စတာ ထာနစ် ဆရီယာဖန် က ဆိုသည်။

တောင်အာဖရိက အသင်းတွင် ပါဝင်သည့် ကစားသမားများ အားလုံးမှာ တောင်အာဖရိကနိုင်ငံသားများ ဖြစ်ပြီး မက္ကဆီကို အသင်းတွင်မူ လူဦးရေ မပြည့်သည့်အတွက်  ထိုင်းနိုင်ငံသားများ ပါဝင်ကစားမည်ဟု သိရသည်။

ထောင်တွင်း ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲများကို ၂၀၀၂ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ရာ ပထမဆုံးနှစ်တွင် နိုင်ဂျီးရီးယားတို့ ဗိုလ်စွဲပြီး ၂၀၀၆ ကမ္ဘာ့ဖလားတွင်မူ ဂျာမနီတို့ ဗိုလ်စွဲသည်ဟု အဆိုပါ အကျဉ်းထောင်များ ညွန်ကြားရေးမှူးက ပြောသည်။

“ပြီးခဲ့တဲ့ ထောင်တွင်း ကမာ္ဘ့ဖလားပြိုင်ပွဲတွေမှာ ကစားသမားတွေက ဘာသာစကားဆိုတဲ့ အခက်အခဲကို အမှုမထားဘူး၊ မျိုးချစ်စိတ်နဲ့ ကစားခဲ့ကြတယ်”ဟု၎င်းက ဆိုသည်။

လူရွေးချယ်ရာတွင် ထောင်တွင်း စည်းကမ်းတကျ နေထိုင်သူများကိုသာရွေးချယ်ခြင်း ဖြစ်ပြီး လေ့ကျင့်ရေးနှင့် အုပ်ချုပ် ရေးတို့အတွက် ဒေသခံ ဘောလုံးကလပ်များနှင့် ထိုင်း အားကစား ဝန်ကြီးဌာန တို့မှ တာဝန်ယူပြီး ထိုင်းဘတ် တစ်သန်း ထောက်ပံ့ကြောင်း သိရှိရသည်။

စည်းကမ်းတကျနေထိုင်သော နိုင်ငံခြားသား အကျဉ်းသားများနှင့် ထိုင်းအကျဉ်းသား သုံးရာခန့်ကိုလည်း ပရိသတ်များ၊ ဂုဏ်ပြုအဖွဲ့များအဖြစ် ရွေးချယ်ထားသည် ဟုလည်း သိရှိရသည်။

ယင်း “ထောင်တွင်း ကမ္ဘာ့ဖလား” ဖွင့်ပွဲကို ထိုင်းစံတော်ချိန် ယနေ့ နံနက် ၁ဝ နာရီတွင် ထိုင်းရုပ်သံလိုင်း PBS က ထုတ် လွှင့်ပြသခဲ့သည်။