ကျွန်တော့်အဖေ (၂)
အရင်တစ်ပတ်က ကျွန်တော့အဖေ ပိုစ့်ရဲ့ အဆက် ဆက်ရေးလိုက်ပါပြီ …။
ကျွန်တော့အဖေ နဲ့ အမေ ရခဲ့တဲ့ လွပ်လပ်ရေးမော်ကွန်းဝင် တံဆိပ် ကို နောင်လာနောက်သားတွေ မြင်ဖူးအောင် တင်ပေးလိုက်ပါတယ် …။လက်ဝဲဘက်က ဒုတိယဆင့် ..ဖေဖေရခဲ့တဲ့ တံဆိပ် .။ လက်ယာဘက်က တတိယဆင့် မေမေ ရခဲ့တဲ့ တံဆိပ်ပါ ..။ တံဆိပ်နှစ်ခု ရှေ့ဘက်ကကြည့်ရင် ရွှေရောင် နဲနဲ ကွာခြားပါတယ်..။နောက်ဘက်မှာတော့ ဒုတိယဆင့် ၊ တတိယဆင့် လို့ စာပါပါတယ်.။
အတုလွတ် အတုမရှိ တဲ့တံဆိပ်လို့ ဖေဖေ ပြောခဲ့ဖူးတယ်.။သူတို့ကို မော်ကွန်းဝင်တံဆိပ် ချီးမြင့်ပွဲတုန်းက အမွှန်းတင် ပြောကြားလေသလား ကျွန်တော်မသိပါ။
စဉ်းစားကြည့်မိတော့ လွပ်လပ်ရေးမော်ကွန်းဝင်ဆုတံဆိပ်ဆိုတာ နောက်တစ်ခါ ဘယ်သူမှ မရနှိုင်တော့တဲ့ ဆုတံဆိပ် ပေကိုး ..။
ဖေဖေတို့ အပါအဝင် သူရဲကောင်းတွေရဲ့ သွေးချွေး ၊ အသက် တွေ မြောက်များစွာ စတေးပုံအောပြီး လွပ်လပ်ရေးကို အရမယူနှိုင်ခဲ့ခင်တုန်းက တိုင်းပြည်ဟာ သူတစ်ပါးလက်အောက် ကျွန်သဘောက် ဖြစ်ခဲ့ရတယ် .။တိုင်းပြည် စစ်တလင်း/ပြာပုံ ဖြစ်ခဲ့ရတယ်။ တစ်မျိုးသားလုံး အရက်စက်ဆုံးနည်းတွေနဲ့ နှိပ်စက်ခံရတယ် .။ချွေးတပ်ဆွဲခံရတယ်.။အမျိုးကောင်းသမီးတွေ အဓမ္မ သူများ မယား ဖြစ်ခဲ့ရတယ်။ ငတ်တယ်။ အလိုတော်ရိတွေပေါ်လာပြီး အမျိုးသားအချင်းချင်း နှိတ်စက်တာခံခဲ့ရတယ်။ မြင်မြင်သမျှ ကြောက်ရတဲ့ ဘဝနဲ့ နေ့သေမလား ၊ ညသေမလား လူ့ဘဝရဲ့ အဆိုးဆုံးငရဲကာလတွေကို နှစ်ပေါင်းရာချီ ခံစားပြီးမှ ကိုယ့်မင်း ကိုယ့်ချင်းနဲ့ နေနှိုင်အောင် ဘယ်အကျိုးခံစားခွင့်ကိုမှ မမျှော်ကိုးပဲ အသက်ကို ဖက်နဲ့ထုတ်ပြီး တော်လှန်ရေးလုပ်ခဲ့တဲ့ သူရဲကောင်းတွေသာ ရရှိနှိုင်တဲ့ ဆုတံဆိပ် ဖြစ်တာကြောင့် အတုလွတ် ၊ အတုမရှိ ဆိုရင်လဲ သူပြောခဲ့တာ မမှားဘူးပေ့ါဗျာ ..။
ဖေဖေဆိုရင်လဲ အသတ်ခံရမဲ့ဘေး၊ နှိတ်စက်ခံရမယ့်ဘေးတွေက သီသီလေး လွတ်ခဲ့တာ အများကြီးပါ..။
တစ်ခါတုန်းက ရန်သူတွေ သိမ်းထားတဲ့ လယ်ကွင်းပြောင်ပြောင် အလယ်က ရွာငယ်လေးကို သူတို့ ပျောက်ကျားတွေ ဝင်သိမ်းတုန်းက အဖြစ်အပျက်ကို ဟန်နဲ့ပန်နဲ့ အားရပါးရ ဒီလို ပြန်ပြောခဲ့ဘူးတယ် …။
တို့တွေက ရွာကို ဝင်သိမ်းဖို့ လယ်ကွင်းပြောင်ပြောင်ထဲ အတင်းပြေးတက်လိုက်…။လယ်ကန်ဇင်းရိုးလေးတွေ့ရင် မှောက်ဝပ်နေလိုက် နဲ့ တက်သွားလိုက်တာ ရွာနားလဲ ရောက်ရော ကိုယ်ဘေးက ဝပ်နေတဲ့ကောင်လဲ ကားကနဲ … ( ဟာ ) ဟိုဘက်ဘေးကြည့်လိုက်တော့လဲ ကားကနဲ ( အဲ ) ဘယ်ကနေ ပစ်နေမှန်း မသိဘူး .. ငါ့အနားလဲ ကျည်ဆံတွေ တစ်ဝီဝီ နဲ့ပေါ့ကွာ ..။
ဆက်တက်ဖို့ ဝေလာဝေး ခေါင်းလေးတောင် မပြုရဲတော့ဘူးဟေ့ ..။ နောက်ပြန်ဆုတ်တော့လဲ အဆင်မပြေဘူးကွ .။ အတက်တုန်းကတော့ ပြေးတက်လိုက် ထိုးဝပ်လိုက်နဲ့ အဆင်ပြေတယ် ..။ လယ်ကန်သင်းရိုးတွေက တို့အတွက် ကာဘာတွေကို … ဖြစ်လို့ …။ ပြန်ပြေးတော့မှ အဲဒီ့လယ်ကန်သင်းရိုးတွေက ဒုက္ခလှလှ ပေးတာပဲဟေ့ ..။ ဒေါက်လျှောက် ပြေးလို့လဲ မရ … လယ်ကန်သင်းရိုးခုန်ကျော် .. ခလုတ်တိုက်လဲ … နာလို့ လဲ ရပ်မနေရဲဘူး … ရွာထဲက ရန်သူက သစ်ပင်တွေပေါ်ကနေ စနိုက်ပါ နဲ့ လိုက်ပစ်နေတာကိုး … ။အတက်တုန်းက ကျေးဇူးတင်မိတဲ့ ကန်သင်းရိုး … ပြန်ပြေးရတော့မှ သေချင်စော်နံအောင် ဒုက္ခပေးတာပဲဟေ့ …။ အမယ်လေး သေလုမျောပါးကွာ .. တံတောင်ဆစ်တွေ ဒူးတွေဆိုတာ စုတ်ပြတ်နေတာပဲ ……. ဆိုပြီး သူကတော့ သူတို့တပ်ဖွဲ့ စနိုက်ပါရန်ကြောင့် ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာကို ရယ်ရယ်မောမော ပြောပြခဲ့ပေမယ့် ကျွန်တော်ကတော့ မရယ်နှိုင်ခဲ့ပါဘူး…။ အဲဒီ့ မထင်မရှား ရွာငယ်လေးကို တက်သိမ်းတဲ့ တိုက်ပွဲမှာ အဖေ့ရဲ့ အပေါင်းအသင်း သူငယ်ချင်း ပျောက်ကျားရဲဘော် ၈ ယောက် ကျဆုံးခဲ့ပါသတဲ့ ..။
စနစ်တကျ လေ့ကျင့်ထားတဲ့ ဂျပန်တပ်မတော်ကို အဖေတို့ခင်မျာ စစ်ပညာ ဘာမှမတတ်ပဲ ရပ်အတွက် ရွာအတွက် နိုင်ငံလွပ်လပ်ရေးအတွက် လက်နက်ကိုင်ပြီး အသက်စွန့်ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြတာ၊ မသေလို့ ဒီအဖြစ်သနစ်တွေကို ပြန်ပြောတဲ့အခါ ရယ်စရာအဖြစ် ပြောနှိုင်သေးတာ အံ့ပါရဲ့ဗျာ ..။
လောကကြီးမှာ ရယ်စရာဟာသလုပ်ပေမယ့် မရယ်ရတဲ့အခါ ရှိသလို … တကယ်အသက်စွန့်ပြီး စွမ်းစွမ်းတမံလုပ်ခဲ့ကြတာတွေလဲ တခါတခါမှာ ဟာသ ဖြစ်သွား တတ်ကြတာပါပဲနော် …..။
ရွှင်လန်း ချမ်းမြ့ပါစေ …..
အန်ကယ်မျိုး
12 comments
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:15 pm
အင်းးးးးပြေးရင်းလွှားရင်းနဲ ့ဆက်ပါအုံး အန်ကယ်ရေ။လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ်ဆိုတာ ခုမှ
မြင်ဖူးပါတယ်ဗျာ
Uncle Myo
June 1, 2012 at 12:49 am
စိတ်ဝင်စားမှုလဲရှိအောင်၊ဗဟုသုတလဲရအောင်
ြ့ကိုးစားနေပါတယ်
Foreign Resident
June 1, 2012 at 8:32 am
ဟုတ်ပါတယ် ။
ရင်ဘတ် ညာခြမ်းမှာ တပ်ရတဲ့ တံဆိပ်တွေဟာ ၊ အထူး တံဆိပ် တွေပါ ။
အတုလွတ် ၊ အတုမရှိ တဲ့ တံဆိပ်လို့ တော့ မပြောရဲပါဘူး ။
အခုနောက်ပိုင်းတော့ ၊ ဗိုလ်မှူးချုပ် နှင့် အထက်တွေတပ်ဖို့ ရာထူးတံဆိပ် ဆိုတာရယ် ၊
တပ်မတော် ရွှေရတု နှစ် အစိတ် စစ်မှုထမ်းကောင်းတံဆိပ်တွေ ပေါ်လာပါပြီ ။
စကားမစပ်ပါ ။
အဲဒီ ရွှေရတု နှစ် အစိတ် စစ်မှုထမ်းကောင်းတံဆိပ် က ၊
ရင်ဘတ် ညာခြမ်းမှာ တပ်ရတဲ့ ၊ ဖဲပြားအဝါရောင်နှင့် တံဆိပ်လေးပါ ၊
စစ်မှုထမ်းသက်တစ်ခုလုံး ပြစ်ချက် လုံးဝ မရှိမှပေးတာပါ ။
တချို့ ဗိုလ်ချုပ်တွေတောင် မရပါဘူး ။
ဟိုတစ်ခါ လွှတ်တော်ထဲမှာ အမေစုကို ဝိုင်းကြည့်နေတဲ့ပုံမှာ ၊
ဗိုလ်မှူးချုပ်တွေ ရဲ့ ရင်ဘတ်မှာ တချို့ ရှိ ၊ တချို့ မရှိပါ ၊ ဟီဟိ ။
အဘ ရဲ့ ယောက္ခထီးကြီး ကလည်း ၊
မော်ကွန်းဝင် ရထားတယ် ပြောပါတယ် ။
ပ လား ၊ ဒု လား ၊ တ လားတော့ မသိပါ ။
အဘ မျက်စိနှင့်တွေ့ရတာကတော့ ၊
ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ်ထိုး ထားတဲ့ ၊
သူရဲကောင်း မှတ်တမ်းဝင် တံဆိပ်ပါ ။
အဲဒါ ကြာလာတော့ ၊
ဗိုလ်ချုပ် အောင်ဆန်း ရဲ့ လက်မှတ် က မှိန်လာလို့ဆိုပြီး ၊
သူ့မြေးက အပေါ်ကနေ ဘောပန် နှင့် ထပ်ရေးတယ်လေ ။
အင်း ၊ စိတ်လေတယ် ။ 😛
Foreign Resident
June 1, 2012 at 8:37 am
သူရဲကောင်း မှတ်တမ်းဝင် လား
စစ်မှုထမ်းကောင်းတံဆိပ်လား ၊ သိပ်မသေချာပါ ။
ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လက်မှတ်ထိုး ထားတာပဲ သေချာတယ် ။
Uncle Myo
June 1, 2012 at 9:50 am
ဂုဏ်ယူပါတယ်၊လေးစားပါတယ်ဗျာ-ဖြစ်နိုင်ရင် ပုံလေးပါတင်ပေးပါလား
မြင်ဘူးကြရအောင်ပါ
Foreign Resident
June 1, 2012 at 10:12 am
ကျနော် ဒီတစ်ခေါက် ရန်ကုန် ရောက်ရင် ၊
ကြိုးစားကြည့် ပါ့မယ် ။
windtalker
June 1, 2012 at 9:51 am
အန်ကယ်ရေ စစ်မြေပြင်ထဲကို ကိုယ်တိုင်ရောက်သွားသလို သဲထိတ်ရင်ဖိုဖြစ်ရပါတယ်။
kyeemite
June 1, 2012 at 11:19 am
အားပေးဖတ်ရှု့နေပါတယ်ဗျာ..
ဝလုံး လေး
June 3, 2012 at 4:09 pm
အန်ကယ်မျိုးရေ….
ဆက်လက်ပြီးရေးပါဦး….. မျှော်ဖတ်နေရတယ်………….ဗဟုသုတရပါတယ်… အန်ကယ်မျိုးရဲ့ ဖေဖေနဲ့မေမေ အတွက် ဂုဏ်ယူပါတယ်။ အားပေးလျှက်
ခင်မင်စွာ
ဝလုံးလေး
MaMa
June 3, 2012 at 8:08 pm
အဖေရော အမေရော နှစ်ယောက်စလုံး လွတ်လပ်ရေး မော်ကွန်းဝင် တံဆိပ် ရတယ် ဆိုတော့ တော်တော်ဂုဏ်ယူစရာပါပဲ။
အဲဒီဆုတံဆိပ်တစ်ခုရဖို့အတွက် အသက်နဲ့ရင်းနှီးရတဲ့ တန်ဖိုးက မနည်းပါလား။ 🙂
ကိုရင်စည်သူ
June 3, 2012 at 9:21 pm
အန်ကယ့်ရဲ့ မိဘနှစ်ပါးလုံးကို လေးစားပါတယ်ဗျာ…
ဂုဏ်ယူသင့် ဂုဏ်ယူထိုက်တဲ့ မော်ကွန်းတံဆိပ်တွေပါပဲ…
🙂 🙂
ကြောင်ကြီး
June 4, 2012 at 9:48 am
မော်ကွန်းဝင်တံဆိပ်
တော်စွမ်းရင်ထိပ်
ပျော်လွန်းကြင်ဖိတ်
ကျော်ဒွန်းဖင်ဆိတ်..။