အသက်ကို ချူစားတဲ့ သစ်ပင်
အမှောင်ရောင် ကောင်းကင်မှာ
နုညံ့တဲ့ စံပါယ်တစ်ခင်း စိုက်ပျိုးဖို့
ငါ…..ကြိုးစားမယ် နန္ဒာ…..
တိုက်ပွဲအောင်နိုင်လာတဲ့
စစ်သူကြီး တစ်ယောက်ရဲ့
ဓားချက်နဲ့ ခုတ်သတ် ခံရသလို
အပိုင်းပိုင်းပြတ်ကျေနေတဲ့ နှလုံးသား
ဝရုန်းသုန်းကား
မငိုချင်ပါဘူး…။
ငါ့ရင်ထဲမှာ
လျှပ်စစ်ပန်း နွယ် တွေ
ထွေးလိမ်ရစ်ပတ်
ဆူးရိုင်းတော အထပ်ထပ်နဲ့
ကာဆီးထားရင်တောင်
နောက်မဆုတ်တမ်း မင်းကိုချစ်တယ် . . .။
ကဗျာနဲ့ မြို့တော်တည်
ဂစ်တာနဲ့ တိုက်ဆောက်
စာအုပ် အထပ်ထပ်နဲ့
ကျုံးရိုးဆောက်ထားတဲ့
အန္ဒတို့ရဲ့ အနုပညာမြို့တော်မှာ
ဖြစ်တည်မှု သမိုင်းမရှိဘဲ
အပြိုင်းအရိုင်း အသည်းကွဲကြတဲ့
အုံ့ပုန်းလို တစ္ဆေကောင်တွေ
နေထိုင်ကြတယ်. . . နန္ဒာ . . .။
ခန်းခြောက်နေတဲ့
ငါ့ရဲ့အိပ်မက် လွင်ပြင်ထဲက
ပိရမစ် လှိုဏ်ဂူဟောင်းကြီးတွေမှာလည်း
အနာဂတ် လောင်ကျွမ်းနေတဲ့
မံမီ ရုပ်အလောင်းတွေပဲ
လဲလျှောင်း ကွယ်လွန်နေကြတယ် . . .။
နန္ဒာရေ့ . . .
မင်းက ငါခိုချင်တဲ့ အရိပ်ကို
ဝင်္ကပါ အထပ်ထပ်နဲ့ တည်ဆောက်ထားပေမဲ့
ငါကတော့ မင်းရဲ့
နန်းတော်ဦးလေးဆီ ရောက်ဖို့ကိုပဲ
ရင်နဲ့ခင်းပြီး လမ်းလျှောက်ရတာ
မျက်စိလည် လမ်းမှားလို့
အခမ်းခမ်း အနားနား
ကျဆုံးရမှာပါလား …..
ရဲရင့်နန္ဒာနွယ် . . .ရယ် . . .။
ငါ့ရင်ထဲက
ရင်ခုန်သံ စည်းချက်
မြန်ဆန်လွန်းတဲ့ ရထား
မင်းအနားမှာ
တစ်ဘဝလုံး
ခုတ်မောင်းနေခဲ့ပေမဲ့
အသံမဲ့ တိတ်ဆိတ်
မင်းအတွက်တော့
မျက်စိ တစ်မှိတ်စာတောင်
ရုန်းရင်းကြမ်းတမ်း မဟုတ်ခဲ့ရဘူး။
သစ္စာတရားကို ကယ်တင်ပါ နန္ဒာ . ..
ကမ္ဘာမြေကြီးက
ထမင်းသိုး ဟင်းသိုးတွေကို ထမ်းပိုးလို့
ငါတို့ရဲ့ မနက်ဖြန်တွေကို
ရိုက်ခတ်တဲ့အခါ
ငါတို့မှာ . . .
စစ်ရယ် . .အနာဂတ်ရယ် . .
ဂုဏ်သိက္ခာရယ် . .ရိက္ခာရယ်. . .
သိုလှောင်သိမ်းဆည်းခဲ့ကြ
ဘာကြောင့်များ
ရိုးသားတဲ့ ချစ်ခြင်းကို
နှင်ထုတ် ရိုက်မောင်း ရဲခဲ့ကြသလဲ . . .။
မင်းမမြင်ရတဲ့ တစ်နေရာက
ငါ့ကိုယ်ငါ ပုန်းခို
ကိုယ့်ဘာသာ ချစ်တာတောင်
ခိုးကြောင်ခိုးဝှက် ကြောက်ရွံ့ရတဲ့အဖြစ်မျိုး
ဒီကမ္ဘာမှာ ……
ဘယ်နှစ်ယောက် နုံခဲ့ဖူးသလဲ
ဒီကမ္ဘာမှာ …..
ဘယ်နှစ်ယောက် ရဲရင့်ဖူးသလဲ….။
နန္ဒာရေ့…..
ငါ့ကို မုန်းတီးခွင့်တစ်ကြိမ်သာပေး…
အကြိမ်ကြိမ်ပြိုပျက်ရင်းနဲ့
နင့်နင့်ပိုးပိုး ချစ်တတ်လာတာ
ကံကြမ္မာအရိုင်းက
စလွယ်သိုင်းသိုင်းလို့
ငါ့ အပေါ် ဖြတ်ကျလာတဲ့အခါ
ရယ်ရယ်မောမော ရင်ဆိုင်တတ်ဖို့လား . . .။
ရူးရူးမိုက်မိုက် မူးဝေအော့အန်ရနံ့များ
ဆေးလိပ်မီးခိုးရဲ့ ရုပ်ပုံလွှာမှာ
မင်းလိပ်ပြာကို ပန်းချီဆွဲလို့
မျက်ဝန်းကို ချောင်းပြီးဖမ်းဖို့
အခါတစ်ရာ ရဲတင်းရင်း
တစ်ကြိမ်တစ်ခါလေး
တွေ့ဆုံမိရင်
ပတ်ဝန်းကျင် မျက်နှာကို ရှက်ရွှံ့
ရာဇဝင်ထဲက ဝတ်ရုံကို
ပြန်လည်အသက်သွင်းဖို့
ကြယ်တာရာ နတ်ဘုရားတွေ
ချီတက်စစ်ခင်းကြ
ငါ့ကဗျာထဲက ချုပ်ကြောင်းမှာ
ဒဏ်ရာ မကျက်သေးတဲ့…
မင်းကလေးရဲ့….
ရက်စက်ခြင်း အငြိုးတွေ ရှိတယ်.။
နန္ဒာရယ် …
တစ်ကန်လုံး နောက်ကျနေရတဲ့အထဲ
ကြာမျိုးငါးပါးကို အဆိပ်ခတ်မသွားပါနဲ့…
နှလုံးသားနဲ့ သိမြင်ပါ
ငါတို့ရဲ့ မျက်ဝန်း
အရင်အတိုင်း ပြန်လင်းလက်ဖို့
မင်းပြန်စဉ်းစားရလိမ့်မယ်
အတိတ်ကို အတိတ်မှာထားခဲ့…တဲ့..
ရောဂါကို မနေ့ကထားခဲ့ပြီး
ဒီကနေ့ထိ အသက်ရှင်လွတ်မြောက်လာသူ
ဘယ်နှစ်ယောက် ရှိသလဲ
ကံကြမ္မာကို
ပဒိုင်းသီးအမှတ်နဲ့ဝါးပြီး
ရဲရဲဝံ့ဝံ့လက်မြှောက်အရှုံးပေးတာတောင်
အကျဉ်းသား တစ်ယောက်ကိုမှ
ပစ်..သတ်ရဲတဲ့ စည်းဖျက်မှု
ဘာ အမှုနဲ့မှ
အပြစ်မတင်ရက်ပါဘူးကွယ်….
အချစ်ဟာ
စံပါယ်တစ်ပွင့်လို ဖူးငုံပြီး
နှင်းဆီ တစ်ပွင့်လိုပွင့်ကာ
ခေါင်ရမ်းတစ်ပွင့်လို
ရနံ့ပြယ်သွား ခဲ့လေသလား..။
နန္ဒာနွယ်……
အခုတော့ တောရိုင်းတွေ
ထူထပ်ခဲ့ပါပြီ
မျှော်လင့်ခြင်းတွေ အရည်ပျော်
ရှေ့ဆက်လျှောက်ဖို့ မဖြစ်တော့တဲ့အခါ
ပြန်ပြန်ပြီး ဟားတိုက်ရယ်မောဖို့
ဆီစိမ် ညနေခင်းတစ်ခု အမြဲရှိတယ်
ငါသိပ်မြတ်နိုးတဲ့လက
ဘာကြောင့်များ.
ငါ့အပေါ်မှာ
တကူးတက သာရပါသလဲ
ကျေးဇူးပြုပြီး
ပြတင်းတံခါး မပိတ်လိုက်ပါနဲ့…..
အတွေးနဲ့သာ ဆန့်ထွက်ကြည့်နေရုံ..။
အချစ်ဟာ
ဒရောသောပါး…ပြေးဆင်းလာတဲ့
ဝံပုလွေ အုပ်ထဲက
သင်းကွဲတစ်ကောင်ပါပဲ.။
လမ်းသွားရင်း အိပ်မက်မက်တဲ့
မင်းရဲ့ ဆံနွယ်စလေးတွေအကြောင်း
အတွေးက ရထားတစ်စီးစာ ဆိုက်ရောက်လာ…
အဲဒီအခါ လက်ရှိ ဘဝက
ထွက်ပြေးဖို့
ငါ ဘယ်နေရာကို ရွေးရပါ့မလဲ
ဥယျာဉ်ကလေးက ဆန်းတယ်
ဝင်မရ ထွက်မရနဲ့
ကိုယ့်ဂစ်တာ ကိုယ်တီးလို့
အလိုလို အလွမ်းသီချင်းဆို
ကလေးက ကိုယ့်ကို
ဝင်္ကပါ ထဲမှာ ထားခဲ့ပြီး
တိတ်တဆိတ် ထွက်ခွာသွားချိန်
နှုတ်မဆက်ပါရစေနဲ့…
နှုတ် မ ဆက် ပါ ရ စေ နဲ့….
နှုတ် မ ဆက် ပါ ရ စေ နဲ့ ….။
18 comments
blackchaw
May 31, 2012 at 5:29 pm
အပြင်မှာ အရှင်လတ်လတ်ကြီးရွတ်ပြတာကို
အကြိမ်ကြိမ်နားထောင်ခဲ့ဘူးပါတယ်…။
မိုက်တယ်ဆိုတာထက်
ပိုမိုက်တယ်လို့ မြင်ပါတယ်။
အပြင်မှာရွတ်တာက ပိုကောင်းတယ်လို့ ထင်ပါတယ်။
စကားမစပ်…
နန္ဒာဆိုတာ ကလေး ၂ ယောက်အမေ နန္ဒာလှိုင်ကြီးလားဟင်င်င်င်…
blackchaw
May 31, 2012 at 5:30 pm
လက်မလေး တစ်ချောင်းထောင်ခဲ့တာကို
တမင်မေ့ဟန်ဆောင်ပြီး
၁ဝ ထပ်ယူသွားပါတယ်…။
မိုက်တယ်ဗျာ..
amatmin
May 31, 2012 at 5:44 pm
ကဗျာညဏ် တော့မရှိပေမဲ့.
ခံစားတတ်သလို ခံစားတာတောင်
စကားလုံးတိုင်းက ခပ်ရှရှနဲ့ ရင်ကိုထ်ိတယ်ဗျာ.
သိပ်လှ စိတ်ကြိုက်စကားလုံးတွေကတာ့ အများကြီးပဲ..
ရင်ထဲ အထိဆုံးကတော့..
ကိုကမ်းရေ.. ဘရာဗိုပါဗျာ..
လက်အမြင့်ကြီးလည်းထောင်သွားပါတယ်..
nozomi
May 31, 2012 at 5:48 pm
ဘယ်ဟာကောင်းတယ် ဘယ်လိုကောင်းတယ် ဆိုတာ မပြောတတ်ပေမဲ့
ကောင်းမှန်းတော့ သိတယ် ဗျ
ကိုကမ်းကြီး တချို့ ပို့စ် တွေ ဝင် မမန်းဖြစ်ပေမဲ့ ပို့စ် တိုင်း အားပေးနေပါတယ် ခင်ဗျာ
ဗိုက်ကလေး
May 31, 2012 at 5:52 pm
ရေလည်မိုက်ဒယ်..ကိုကမ်းရာ..
နောက် ဆုံဖြစ်ရင် အဲဒီကဗျာကို ကျုပ်ကို ရွတ်ပြပါဦး
ရေလည်ခိုက်လို ့
marblecommet
May 31, 2012 at 5:59 pm
ကိုကြီး ဘလက်အတွက်
ခွေးဟောင်တဲ့ကဗျာကို ပြန်မရှာရသေးလို့
လာမတွေ့ရဲဘူးဗျို့…..ဟဲဟဲ အဲဒီကဗျာ
ရှာလို့တွေ့မှ ….အားကိုဂျီးဆီ လာဂဲ့ပါ့မယ်…..
ရဲရင့်နန္ဒာနွယ်ကလေးပါ..ကိုကိုရယ်….အာဟင့်
မှားရက်လိုက်ထှာ……
…………
ကိုမတ်ရေ့….
ရှဲရှဲ…
လက်မကို အခြားနေရာမှာထောင်ဖို့လည်း
ချန်ထားဦးနော့…ဟဲဟဲ…
……….
အစ်ကို နိုဇိုကြီးခင်ဗျား..
အားပေးတဲ့အတွက် ကျေးဇူးဗျာ
……..
ကိုဗိုက်ရေ့….
ခင်ညား ဘီအီးဖိုး
ငါးထောင်မတောင်းဘူးဆိုရင်
တွေ့ချင်ဘာဒယ်….
အဲကျ ရွတ်ပြပါ့မယ်နော့…..
ဟဲဟဲ……
pooch
May 31, 2012 at 7:22 pm
” တို့နှစ်ယောက်သစ္စာတိုင်တယ်
ခုမျက်ရည်စ အင်္ကျီ င်္လက်ဖျားမှာ စိုရတယ်၊
သမုဒ္ဒရာမှာ လှိုင်းဘယ်လောက်ကြီးကြီး
ထင်းရှူးပင်အုပ်ပေါက်ရာ တောင်ထိပ်ကို ရောက်မှာလား ? ”
(ကပျာကယာဂျပန်ကဗျာတစ်ရာ ၊ ဒေါက်တာသန်းထွန်း စာအုပ်ထဲက ပါ)
ကိုကမ်းကြီးရေ ကဗျာကို ကြိုက်သွားလို့ စိတ်ထဲပေါ်ရာ ကဗျာတပိုင်းတစ ဝင်ရွတ်သွားပါတယ်။
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 7:27 pm
ကောင်မလေး နာမည်ကအလှသားဗျ “နန္ဒာနွယ်”
အော် နွယ်တို ့မည်သည် ရစ်ပတ်နှောင်ဖွဲ ့တဲ့သဘော
ပါလား။ဆရာကြီး လေသံဖြင့် မန် ့သွား၏။လူဇိုး
windtalker
May 31, 2012 at 7:38 pm
နန္ဒာနွယ် အဖန်တစ်ခါရယ်ပြီး
ငါ့နှလုံးသားကို စကစ်ပါနဲ ့နယ်
ရွှေကလွဲရင် ကျန်တာဝယ်ပေးပါမယ်ဆိုခဲ့တာတောင်
ဝမ်းနည်းမှုတွေကို ကြံရည်ကြိတ်သောက်သလို
ငါ့မျက်ရည်တွေနဲ ့နင်ယစ်မူးသွားခဲ့…
အချစ်ဦး မှားခဲ့
အလစ်ခူးသွားခဲ့
နှုတ်မဆက်လိုက်ပါနဲ ့ ။
( ကီးဂျမ်း ၏ ကဗျာကို ဆက်လက် ဆင့်ပွား ခံစားထားပါဒီ )
htet way
May 31, 2012 at 8:13 pm
ဒီနေ့ တစ်နေ့ လုံးဂေဇက်ကို ၂ခါဖွင့်တယ် ဖတ်တယ် ကွန့်မန့်မရေးဖြစ်ဘူး
အမှန်ပြောရရင် မရေးချင်တာပါ။
အခု တော့ ကဗျာ ဓါတ်က နိုးလိုက်တယ် ထင်ပ။
ငါ့ကဗျာထဲက ချုပ်ကြောင်းမှာ
ဒဏ်ရာ မကျက်သေးတဲ့…
မင်းကလေးရဲ့….
ရက်စက်ခြင်း အငြိုးတွေ ရှိတယ်.။
တကယ်လွမ်းတတ်တဲ့ တကယ် ချစ်တတ်တဲ့ လူတော်တော်ရှားတဲ့ အထဲမှာ ကိုယ့်လူက
တကယ် ချစ်တတ်တာပဲ။ရက်စက်တယ်လို့ ထင်တာဟာ နှလုံးသားခြင်းလွဲချော်လို့ပဲ
နာကျင်တာဟာ အချစ်ပဲ ဆရာ။
ငါတို့ရဲ့ မျက်ဝန်း
အရင်အတိုင်း ပြန်လင်းလက်ဖို့
မင်းပြန်စဉ်းစားရလိမ့်မယ်
အေသင်ချိုဆွေ ဆိုတဲ့ သီချင်း `စာ´ဆိုတာ နားထောင်မိတယ် တခြားလူ ဖွင့်တာပါ
ကိုယ်မြတ်နိုးတဲ့ လူရေးတဲ့ စာတဲ့ ..ဒီစာကို ဖွင့်လို့ မဖတ်တော့ ဘူးတဲ့ ….ကိုယ့်ဆရာ
အနေဝေးလို့ သွေးအေးသွားတယ် ထင်လိမ့်မယ်တဲ့ … သီချင်း ကိုပြောပါတယ်
တကယ်တော့ အချစ်ရဲ့ ဆန့်ကျင် ဘက်ဟာ အမုန်း မဟုတ်ဘူး လုံးဝ မချစ်တာပဲ။
ကဲကို ကမ်းဝေးရေ ရင်နဲ့ ခံစားလိုက်ပါတယ် ခံစားချက်တွေ က တူနေလိုက်တာ…………။
surmi
June 1, 2012 at 12:27 am
သောက်ရမ်းမိုက်တယ်ဗျာ …..
ဒီကဗျာဖတ်ပြီး တတိယအရွယ်၏ ဒုတိယဝေဒနာတောင် ဖြစ်ချင်သလိုလို ဘဲ ….
တနေ.များကြုံခဲ.ရင်တော. ……….သူတို.တွေပြောသလို ရင်ထဲကအသံလေး နားထောင်ချင်မိသား ……….။
မဟာရာဇာ အံစာတုံး
June 1, 2012 at 11:24 am
ကောင်းလိုက်တဲ့ ကဗျာ ..
ဘာပြောရမှန်းတောင် မသိတော့ပါဘူး ကိုကမ်းကြီးရာ ..
ရေလည် မိုက်တယ် .. ချယ်ပဲဗျာ ..
လက်မအကြီးကြီး ထောင်သွားခဲ့ပါတယ်ဗျို့ …
kyeemite
June 1, 2012 at 2:21 pm
ဆြာကမ်းကြီး ရဲ့ ရင်ထဲကကဗျာ
ကြီးမိုက်ရဲ့ နုနယ်တဲ့ နှလုံးသားကို လာမှန်တယ်ဗျာ…
တစ်ရက်တော့ ဘလောချက်ပြောသလို
အပြင်မှာ အရှင်လတ်လတ်ကြီးရွတ်ပြတာကိုနားထောင်ချင်ပါသေး…
ahnyartamar
June 1, 2012 at 3:52 pm
ကောင်းတယ်ဗျာ။ ဒါနဲ့စကားမစပ် နန္ဒာနွယ်……ဆိုတာ ကိုကမ်းရဲ့ ကောင်မလေးလား…
marblecommet
June 2, 2012 at 10:28 am
ဟဲဟဲ……
ကဗျာထဲက
ဇာတ်ဆောင်လေးပဲ
ဆိုပါတော့
ကိုအညာတမာရယ်…….
……..
ကိုမိုက်ရေ့…..
ကျနော်တို့
အရှင်လတ်လတ်
တစ်ရက်တော့
တွေ့ကြတာပေါ့ဗျာ…..
……
ကိုအံစာနဲ့
ကိုဆာမိရေ့….
အားပေးတာ ရှဲရှဲ
ဗျို့……
marblecommet
June 2, 2012 at 10:32 am
အပေါ်က အားပေးကြတဲ့
မိတ်ဆွေများအားလုံးကိုလည်း
ရှဲရှဲဗျာ……
yuiio
June 2, 2012 at 1:50 pm
ကောင်းလိုက်တာဗျာ …….. စာသားတွေ ၊ ခံစားချက်တွေက တော်တော်ကို ထိတယ်ဗျ။
“အမှောင်ရောင် ကောင်းကင်မှာ
နူုးညံ့တဲ့ စံပါယ်တစ်ခင်း စိုက်ပျိုးဖို့
ငါ…..ကြိုးစားမယ် နန္ဒာ…..”
အိမ်မက် တစ်ခုမက်လိုက်ရသလိုပဲ …… မျောသွားတယ် ……
ဒီကဗျာက ကျွန်တော့် အရှိုက်ကိုထိုးလိုက်သလိုပဲ………..
maung khinmin
June 21, 2012 at 8:19 pm
လွှတ် ကောင်းလွန်းလို ့…အဖန်ဖန်အထပ်ထပ် ရင်နင့်အောင် ဖတ်သွားပါရဲ့……