တိမ်ယံသစ္စာ အပိုင်း ( ၄ )

alinsettJune 4, 20121min2888

‘အပြင်မှာ ဘုရားသာ တကယ်ရှိလို့ကတော့ ဘာဘာ စကော့ဝီစကီ သောက်တာတို့၊

ဝက်သားစားတာတို့ … ဒါတွေထက် ပိုအရေးကြီးတဲ့ကိစ္စတွေ သူလုပ်ပါစေ

ဆုတောင်းတယ်။ ကဲ သွားတော့။ ဒုစရိုက်အကြောင်းပြောရတာ ရေငတ်လာပြန်ပြီ”
_______________________________________

ဘားတွင် ဘာဘာ အရက်ဖြည့်သည်ကို ကျွန်တော်ကြည့်ရင်း ယခုလို

စကားပြောပုံမျိုး နောင်ဘယ်လောက်ကြာကြာ စောင့်ရဦးမည်နည်းဟု တွေးမိသည်။

အမှန်မှာ ဘာဘာသည် ကျွန်တော့်ကို နည်းနည်းတော့မုန်းတီးသည်ဟု ကျွန်တော့်

စိတ်ထဲ သိနေခဲ့သည်။ ဘာကြောင့် မမုန်းရမည်နည်း။ သူချစ်မြတ်နိုးရသော

မင်းသမီး ကို သတ်ခဲ့သူမှာ ကျွန်တော်ပေပဲ။ ကျွန်တော် ဘာမှမတတ်နိုင်တော့။

တတ်နိုင်သည့် နည်းနည်းကလေးမှာ ဘာဘာနှင့်တူအောင် ကိုယ်နှုတ်ဆောက်တည်

ယဉ်ကျေးဖွယ်ရာ ရှိဖို့ပင်။ သို့ရာတွင် ကျွန်တော်သည် ဘာဘာနှင့်တူမလာခဲ့။

လုံးလုံးတူမလာခဲ့ပေ။
္ထ

ကျောင်းတွင် ‘ရှာဂျန်ဂီ’ သို့မဟုတ် ‘ကဗျာတိုက်ပွဲ’ ကစားနည်းကို

ကျွန်တော်တို့ ဆင်နွှဲလေ့ရှိသည်။ ဖာစီဆရာက ကစားပွဲဒိုင်လုပ်သည်။

ကစားနည်းမှာ တစ်ယောက်က ကဗျာတစ်ပုဒ်ကို စတင်ရွတ်လိုက်သည်နှင့်

ပြိုင်ဘက်သည် စက္ကန့် ခြောက်ဆယ်အတွင်း ပထမလူရွတ်သည့် ကဗျာပုဒ်၏အဆုံးနှင့်

အစပ်ညီသော ကဗျာတစ်ပုဒ်ဖြင့် တုံ့ပြန်ရသည်။ အတန်းထဲမှလူတိုင်း

ကျွန်တော့်ကို သူတို့အဖွဲ့ထဲ ပါစေချင်သည်။ ထိုစဉ်က ကျွန်တော်အသက်

ဆယ့်တစ်နှစ်။ ခိုက်ယမ်၊ ဟာဖိဇ်နှင့် ရူမီ၏

နာမည်ကျော်ကဗျာပုဒ်ပေါင်းများစွာကို ကျွန်တော်အလွတ်ရွတ်နိုင်သည်။

ကျွန်တော်သည် တစ်ခန်းလုံးကို နိုင်ခဲ့ဖူးသည်။ ထိုညက

ထိုအကြောင်းပြောရာ ဘာဘာက ခေါင်းညိတ်ရုံသာညိတ်ပြပြီး ”ကောင်းပါတယ်” ဟု

မပွင့်တပွင့်ဆိုသည်။

တမလွန်မှ အမေ့စာအုပ်တွေထဲ ခေါင်းနှစ်ထားလိုက်ခြင်းဖြင့် ဘာဘာက

ကျွန်တော့်အား အဖက်မလုပ်ခပ်တန်းတန်း ဆက်ဆံခြင်းမှ ကျွန်တော် လွတ်မြောက်

လာခဲ့သည်။ စာအုပ်နှင့် ဟက်ဆန် ‘ဒါပဲဖြစ်သည်။ တွေ့သမျှစာ ကျွန်တော်ဖတ်သည်။

ရူမီ၊ ဟာဖိဇ်၊ ဆာဒီ၊ ဗစ်တာဟူဂို၊ ဂျူလီဗန်း၊ မတ်တွိန်း၊

အိုင်ယန်ဖလင်းမင်း။ အမေ့စာအုပ်တွေ ဖတ်လို့ကုန်တော့ (ဆိုလိုသည်မှာ

ပျင်းစရာကောင်းသော သမိုင်းစာအုပ်များမဟုတ် – ကျွန်တော်က သမိုင်းထဲ

သိပ်မနစ်ဝင်။ အမေ့စာအုပ် ဝတ္ထုနှင့် သည်းထိတ်ရင်ဖို များကိုဆိုလိုသည်။)

ကျွန်တော့်မုန့်ဖိုးဖြင့် စာအုပ်များ စတင်အားပေးသည်။

ရုပ်ရှင်ရုံပန်းခြံအနီး စာအုပ်ဆိုင်မှ တစ်ပတ်လျှင် ဝတ္ထုတစ်အုပ်ကျဝယ်သည်။

စာအုပ်များကို စက္ကူဘုံးထဲထည့်သိမ်းသည်။

သေချာပါသည်။ ကဗျာဆရာမတစ်ယောက်နှင့် လက်ထပ်လိုက်ခြင်းက တစ်ပိုင်း၊

ကဗျာလင်္ကာများကို မျက်နှာအပ်ထားသော သားတစ်ယောက်ကို အဖေ တော်ရခြင်းက

တစ်ပိုင်း၊ သီးခြားစီဖြစ်သည်။ ဤအဖြစ်မျိုးကို ဘာဘာမျှော်လင့် ထားပုံမရ။

ယောက်ျားစစ်စစ်များ ကဗျာမဖတ်၊ ကဗျာစပ်ဖို့ဆိုလျှင် ဝေလာဝေးလို့ ဘုရားကပင်

တားမြစ်ထားသည်။ ယောက်ျားစစ်စစ်များ၊ ကောင်လေးစစ်စစ်များ

ဘာဘာငယ်စဉ်ကအတိုင်း ဘောလုံးကန်ကြပါသည်။ ခုတော့ ဘောလုံးဆိုသည်မှာ ဘာဘာ

အရူးအမူး သဲကြီးမဲကြီး ဖြစ်ရသောအရာ။ ၁၉၇ဝ ခုကဆိုလျှင် ဘာဘာသည် မိဘမဲ့ဂေဟာ

ဆောက်နေရင်းတန်းလန်း တီဟီရန်သို့ အပြေးအလွှားသွားကာ ရုပ်မြင်သံကြားပေါ်မှ

ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကြည့်သည်။ ထိုအချိန်က အာဖဂန်နစ္စတန်တွင်

ရုပ်မြင်သံကြားစက် မပေါ်သေး။

ကျွန်တော့်ကိုလည်း သူ့လိုဘောလုံးရူး ရူးအောင် ဘောလုံးသင်းထဲ ထည့်ခဲ့

သည်။ သို့ရာတွင် ကျွန်တော်က သနားစရာကောင်းလောက်အောင် အသုံးမကျခဲ့။

ကိုယ့်အသင်းအတွက် အမှားတွေဒင်းကြမ်းလုပ်ခဲ့သည်။ မလယ်မဝယ်နှင့် ကိုယ့်လမ်း

ကိုယ်ပြန်ပိတ်လိုပိတ်၊ အခွင့်ကောင်းရနေပါလျက် ဖောက်မထွက်တတ်။ ခရိုးခရိုင်

ပိန်တာရိုး ခြေထောက်လေးက တစ်ကွင်းလုံးကို ကမောက်ကမ ပတ်ပြေးနေခဲ့သည်။

ဘောလုံးပို့ပေးပါရန် ငိုယိုတောင်းသည်။ လက်နှစ်ဖက် မိုးပေါ်ထောင်ကာ သွေးရူး

သွေးတမ်းအော်သည်။ ကျွန်တော်ကြိုးစားလေ၊ လျစ်လျူရှူခံရလေ။

ဘာဘာကတော့ လက်မမြှောက်သေး။ ဘာဘာ၏ အားကစားပါရမီကို ဆံခြည်တစ်မျှင်စာမျှ

ကျွန်တော် အမွေဆက်ခံမထားမှန်း သိသွားသောအခါ ဘာဘာက သူ့သားကျွန်တော့်အား

ပွဲကြည့်ပရိသတ် ဖြစ်အောင်လုပ်သည်။ သည်လောက်ကတော့ ရနိုင်ပါသည်။

ကျွန်တော့်ဘက်က စိတ်ဝင်စားဟန်ဆောင်ပေးလိုက်သည်။ ကဘူး အသင်းက

ကင်ဒဟာအသင်းဘက် ဂိုးသွင်းသောအခါ ကျွန်တော်ထအော်သည်။ ဒိုင်လူကြီးက

ကျွန်တော်တို့အသင်းကို ပြစ်ဒဏ်ပေးသောအခါ အော်ဟစ်ဆဲရေး ပစ်လိုက်သည်။

သို့ရာတွင် ဘာဘာက သိနေခဲ့သည်။ ကျွန်တော့်ထံတွင် စစ်မှန်သော စိတ်ဝင်စားမှု

မရှိ။ သူ့သားသည် ဘောလုံးဆိုလျှင် ကစားဖို့လည်းမဖြစ်၊ ကြည့်ဖို့ လည်း

မဖြစ်နိုင်ကြောင်း အားရဖွယ်မရှိသည့် အမှန်တရားကိုတွေ့သွားပြီး သူ့ဖာသာ

ကိုယ်ရှိန်သတ်သွားခဲ့သည်။

နွေဦးရာသီ၏ လဆန်းရက် နှစ်သစ်ကူးနေ့တွင် နှစ်စဉ်နှစ်တိုင်း

ကျင်းပမြဲဖြစ်သော ‘ဘူကာရှီ’ ပွဲရှိသည်။ ဘူကာရှီသည် ယနေ့ထိ အာဖဂန်နစ္စတန်

တစ်မျိုးသားလုံး၏ စိတ်ဝင်စားမှုကို ခံယူဆဲ။ ဝါသနာအိုးများ၏ အားပေးမှုကို

ခံယူဆဲဖြစ်သည်။ မြင်းစီးကျွမ်းကျင်သော မြင်းစီးသူရဲက ဆိတ်သေကောင်

သို့မဟုတ် တိရစ္ဆာန်အသေကောင်ကို ထွေးလားလုံးလား လူအုပ်ကြားမှ လုယူရသည်။

ရလျှင် ကစားကွင်းကိုပတ်ပြီး မြင်းကိုဒုန်းစီးကာ သတ်မှတ်ထားသော

စက်ဝိုင်းထဲ သားသေကောင်ကိုချပေးရ၏။ မြင်းကို ကဆုန်စိုင်းစဉ်

အခြားမြင်းစီးသူရဲများက နောက်မှလိုက်၊ ကန်ကြကျောက်ကြ၊ ဆွဲချကြ၊

ကြိမ်ဖြင့်ရိုက်လိုရိုက်၊ နည်းမျိုးစုံ ဟန့်တားကြသည်။

ကွင်းထဲမှ မြင်းစီးသူရဲများ အသံနက်ကြီးဖြင့် တိုက်ပွဲခေါ်သံကို ဟစ်ေြ<ွကး

လိုက်သည်နှင့် ပွဲကြည့်ပရိသတ်မှ စိတ်လှုပ်ရှားသော အသံများ ထိန့်ထိန့်မြည်

လာသည်။ ဖုန်လုံးကြီးကြားမှ သားသေကောင်ကို လုယက်ကြပြီ။ မြင်းခွာသံကြောင့်

ဘူမိမြေလွှာပင် တုန်ဟည်းနေသည်။ ပွဲကြည့်စင်အပေါ်ဆင့်မှ ကျွန်တော်တို့

ကြည့်နေစဉ် မြင်းစီးသမားများ အသံကုန်ဟစ် ဒုန်းပြေးသွားကြသည်။

မြင်းပါးစပ်ထဲမှ အမြှုပ်များ စီဝေခုန်ပျံထွက်လာသည်။ တစ်နေရာကို ဘာဘာ

လက်ညှိုးညွှန်ပြသည်။

''အေမား၊ ဟောဟိုက ထိုင်နေတဲ့လူကို မြင်လား။ လူတွေ သူ့ကိုဝိုင်း နေတယ်လေ''

ကျွန်တော် မြင်ပါသည်။

''အဲဒီလူက ဟင်နရီကစ်စင်းဂျား၊ အေမား''

''ခင်ဗျာ'' ဟင်နရီကစ်စင်းဂျား ဆိုသူကို ကျွန်တော်မသိ။ မသိ၍ မေးမည်အလုပ်

မြင်းစီးသူရဲတစ်ဦး ကုန်းနှီးပေါ်မှ ပြုတ်ကျသည်ကို မြင်လိုက်သည်။ ထိုသူကို

မြင်းခွာများ တက်ကြိတ်ကြသည်။ လူအုပ်ကြားမှ ခန္ဓာကိုယ်သည် အဝတ်ရုပ် လေးလို

မြောက်သွားလိုက်၊ လိမ့်သွားလိုက်နှင့် နောက်ဆုံးမြင်းအုပ်ကြီး ရွေ့သွားမှ

အလှိမ့်ရပ်သွားရရှာသည်။ တစ်ချက်သာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး

ငြိမ်ကျသွားသည်။ ခြေထောက်များ ဒီဂရီမမှန်ဘဲ လည်ထွက်နေသည်။ သဲပြင်ပေါ်ဝယ်

သဲကစုပ် ထားသော သွေးကွက်။

ကျွန်တော် ငိုသည်။

အိမ်အပြန်လမ်းတစ်လျှောက်လုံး ကျွန်တော် ငိုလာခဲ့သည်။ စတီယာရင်ဘီး ကို

ကိုင်ထားသော ဘာဘာ့လက်များ ဆုပ်ချည်ဖြန့်ချည် ဖြစ်နေသည်ကို ကျွန်တော်

အမှတ်ရနေသည်။ ဘာဘာ၏ ဆုပ်ချည်ဖြန့်ချည်လက်ထက် ဘာဘာ၏ကြိုးပမ်း အားထုတ်မှုကို

ကျွန်တော် ဘယ်သောခါမှ မေ့နိုင်တော့မည်မထင်။ ဘာဘာသည် စကားမဆိုဘဲ

ကားမောင်းလာစဉ် မျက်နှာပေါ်မှ စိတ်ပျက်ခြင်းကို မပေါ်စေရအောင်

မနည်းကြီးကြိုးပမ်းနေခဲ့သည်။

ထိုနေ့ညတွင် ဘာဘာ့စာကြည့်ခန်းထဲ ဘာဘာနှင့် ရာဟင်ခန်တို့ စကား

ပြောနေသံကို ကျွန်တော်ကြားသည်။ ပိတ်ထားသော တံခါးရွက်ပေါ် နားရွက်ကို

ဖိကပ်၍ ကျွန်တော်နားစွင့်သည်။

''-ကောင်လေး ကျန်းမာနေတာကပဲ ဝမ်းသာစရာကောင်းလှပါပြီ'' ဟု ရာဟင်ခန်ပြောသည်။

''ကျုပ်သိပါတယ်ဗျာ၊ ကျုပ်သိပါတယ်။ ဒါပေမယ့် လူကစာအုပ်ကြားထဲ ရောက်နေတယ်။

တအိမ်လုံး လျှောက်သွားနေပုံကလည်း အိပ်မက်ယောင်နေသလိုမျိုး''

''ဒီတော့ -''
'
'ကျုပ်မကြိုက်ဘူး'' ဘာဘာ့အသံက စိတ်ကုန်စိတ်ပျက်သံ။ ဒေါသသံပင်

စွက်နေသည်။ ရာဟင်ခန် ရယ်သည်။

''ကလေးဆိုတာ အရောင်ခြယ်စာအုပ် မဟုတ်ဘူး။ ခင်ဗျားစိတ်ကြိုက် အရောင်တွေနဲ့

သူတို့ကို ခြယ်လို့မရဘူး''
'
'ကျုပ်ပြောမယ်၊ ကျုပ်ငယ်ငယ်က သူ့လိုမဟုတ်ဘူး။ ကျုပ်နဲ့ အတူတူ ကြီးလာတဲ့

ကလေးတွေလည်း သူ့လိုမဟုတ်ဘူး''

''သိတဲ့အတိုင်းပဲ။ တခါတလေ ခင်ဗျား သိပ်တစ်ကိုယ်ကောင်းဆန်တယ်'' ဟု

ရာဟင်ခန်ပြောသည်။ ကျွန်တော်သိသရွေ့ ဘာဘာ့ကို ထိုစကားပြောဝံ့သူမှာ

ရာဟင်ခန် တစ်ဦးတည်းရှိသည်။

''အဲဒါက ဒီကိစ္စနဲ့ ဘာဆိုင်သလဲ''

''မဆိုင်ဘူးလား''

''မဆိုင်ဘူး''

''ဒါဖြင့် ဘာကဆိုင်သလဲ''

ဘာဘာ ဣရိယာပုဒ်ပြောင်းထိုင်၍ ဘာဘာ့သားရေထိုင်ခုံမှ မြည်သံကို

ကျွန်တော်ကြားသည်။ ကျွန်တော် မျက်လုံးစုံမှိတ်ကာ နားကိုတံခါးနှင့် အတင်း

ဖိကပ်ထားသည်။ ကြားလည်းကြားလိုသည်။ မကြားလည်း မကြားလို။

''တခါတလေများ ကျုပ်ဒီပြတင်းကနေ ကြည့်လိုက်ရင် လမ်းပေါ်မှာ

အေမားကိုတွေ့တယ်။ အိမ်နီးချင်းကလေးတွေနဲ့ဆော့လို့။ ကလေးတွေ သူ့ကို

တွန်းကြတိုက်ကြ၊ သူ့ကစားစရာတွေယူကြ၊ သူ့ကို ထိုးကြကြိတ်ကြပေါ့။ သိတဲ့

အတိုင်းပဲ၊ အေမားတို့များ ဘယ်တော့မှ ပြန်မချဘူး။ ခေါင်းငုံ့ခံရုံပဲ''

''ဒီတော့ သူကအပြင်းစား မဟုတ်ဘူးပေါ့''

''ကျုပ်ပြောတာက ဒီသဘောမဟုတ်ဘူး ရာဟင်။ ခင်ဗျားသိပါတယ်'' ဟုဆိုကာ

''ဒီကောင်လေး တစ်ခုခုမှားနေပြီဗျ'' ဟု ဘာဘာက ဟောဟောဒိုင်းဒိုင်း

ပြောချလိုက်သည်။

''ဟုတ်တယ်၊ ဖျင်းတဲ့ဉာဉ်''

''မိမိကိုယ်ကိုကာကွယ်တာ ဖျင်းတာနဲ့ မဆိုင်ပါဘူး။ အိမ်နီးချင်းကလေး တွေ

သူ့ကိုစရင် ဘာတွေဖြစ်လဲ ခင်ဗျားသိပြီးသားပါ။ ဟက်ဆန်ပဲ ရှေ့တက်ချရတာ

မဟုတ်လား။ ဒါတွေ ကျုပ်မျက်စိနဲ့ တပ်အပ်မြင်တာတွေ။ သူတို့ အိမ်ပြန်

ရောက်တော့ ကျုပ်မေးတယ်။ ဟက်ဆန့်မျက်နှာ ဘာဖြစ်လဲပေါ့၊ ဒီတော့ အေမားက

ဟက်ဆန်ချော်လဲလို့တဲ့။ ကျုပ်ပြောမယ် ရာဟင်၊ ဒီကောင်လေး

တစ်ခုခုမှားနေပြီ''

''သူ့လမ်းသူလျှောက်ပါစေ'' ဟု ရာဟင်ခန်ဖြေသည်။

''ဒါဆို သူကဘယ်ကိုဦးတည်နေသလဲ။ ကိုယ့်နှာခေါင်းနဲ့ကိုယ် အသက်

မရှူချင်တဲ့ ကလေးတစ်ယောက်ဟာ ဘာအတွက်မှ ကြံ့ကြံ့ခံနိုင်တဲ့ ယောက်ျား

တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး''

''ခင်ဗျားဟာ အရင်တုန်းကလို ပေါ့ပြက်ပြက်ပဲ''

''ကျုပ်တော့ မထင်ပါဘူး''

''ခင်ဗျားဒေါသထွက်နေပြီပေါ့။ အေမားက ခင်ဗျားအလုပ်တွေ လွှဲပြောင်း မယူမှာ

ခင်ဗျားကြောက်နေပြီလေ''

''ကဲ၊ ဘယ်သူက ပေါ့ပြက်ပြက်ဖြစ်နေတာလဲ'' ဟု ဘာဘာဆိုသည်။ ''ဒီမှာ

ခင်ဗျားနဲ့အေမား ချစ်ချစ်ခင်ခင် ရှိကြတယ်ဆိုတာ ကျုပ်သိတယ်။ ဒီအတွက်

ဝမ်းလည်းသာပါတယ်။ မနာလိုတောင် ဖြစ်မိသေး။ ကျုပ်ပြောချင်တာ ဒါပါပဲ။ အေမားက

တစ်ယောက်ယောက်ကို လိုအပ်နေတယ်။ သူ့ကိုနားလည်တဲ့ လူတစ် ယောက်ပေါ့ဗျာ။

ဘယ်သူလဲ – ဘုရားပဲသိမယ်။ ဒါပေမယ့်ဗျာ … အေမား နဲ့ ပတ်သက်ပြီး

ကျုပ်ဒုက္ခတစ်မျိုးရောက်နေတယ်။ ပြောမပြတတ်ဘူး၊ ဘာနဲ့တူသလဲ ဆိုတော့ …''

မှန်ကန်သော စကားလုံးဖွေရှာနေသော ဘာဘာ့ကို ကျွန်တော်မြင် ယောင်နေသည်။

ဘာဘာ့အသံတိုးသွားသည်။ သို့သော်ကျွန်တော်ကတော့ ကြားဖြစ်

အောင်ကြားလိုက်သည်။ ''ကျုပ်ဇနီး ဗိုက်ထဲက ဒီကလေးကို ဆရာဝန်ဆွဲထုတ်တာ

ကျုပ်မျက်လုံးတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့လို့သာပဲ။ မဟုတ်ရင်တော့

အေမားဟာ ကျုပ်သားဆိုတာ ကျုပ်ဘယ်တော့မှ ယုံမှာမဟုတ်ဘူး''
္ထ

နောက်တစ်နေ့မနက် ဟက်ဆန်က ကျွန်တော့်အတွက် မနက်စာပြင် ပေးနေစဉ်

ကျွန်တော့်အား ဘာဖြစ်လို့လဲဟုမေးသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ဟု ကျွန်တော်

ပက်ခနဲ ပြောချလိုက်သည်။

'ဖျင်းတဲ့ဉာဉ်' ဟု ပြောသော ရာဟင်ခန့်စကား မှားပါသည်။

________________________________

ဆက်ပါဦးမည်..။

_____________

………………..

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

ပုဂံစာအုပ်တိုက်
___________________________________

လေးစားစွာဖြင့်

……………

8 comments

  • nozomi

    June 4, 2012 at 6:09 pm

    ရှေ့က ဆရာတွေလိုပဲ
    ၁ ကနေ အခု ၄ ထိ ကူးထားပါသည်
    ဆရာမပြုံးရော ဆရာဆက်ရော ကျေးဇူးတင်ပါသည်

    • မောင်ပေ

      June 4, 2012 at 8:12 pm

      ကျုပ်လဲ ကိုနို ့အတိုင်းဘဲ ။
      ဆရာမ မပြုံး နဲ ့အလင်းဇက် ကို ကျေးကျေးဘာ

  • moe minthar

    June 4, 2012 at 6:35 pm

    ဆရာမရေ…….အလင်းဆက်တင်ပြပေးတဲ ့တိမ်ယံသစ္စာ(၄)ကိုထပ်မံဖတ်ဖြစ်ပါတယ်…..
    ကျေးဇူးလည်းတင်ပါတယ်….ဆရာမနဲ ့အလင်းဆက်တို ့လည်းနေကောင်းကြပါစေ
    ဆရာမရေ…မိုးတွေအရမ်းသည်းတယ်နော်
    ချစ်ခြင်းမေတ္တာဖြင် ့……
    မိုးမင်းသား
    moeminthar84@gmail.com

  • အလင်းဆက်

    June 4, 2012 at 7:37 pm

    nozomi …ရေ..
    တင်ပြ ပေးတဲ ့ကျွန်တော့်ကိုရော..
    ဘာသာပြန်ဆိုသူ..ဆရာမ ကိုပါ..အသိအမှတ်ပြု လို ့.ကျေးဇူးပါဗျာ.။

    ဆက်လက် ဖတ်ရှု ပေးပါဦး.နော် ။

    မိုးမင်းသားရေ
    ကျွန်တော်ကတော့ ဒေါင်ဒေါင် မြည်ပါပဲ.။
    ဆရာမ ဝင့်ပြုံးမြင့်လည်း…နေကောင်းတယ်လို ့ ထင်ပါတယ် ။
    ကျန်းမာရေးကို စိုးရိမ်ပေးလို ့ ကျေးဇူးပါပဲ.။

    တိမ်ယံကို အားပေး ဖတ်ရှု ကြလို ့…
    တဆင့် ပြန်လည် တင်ပြရကျိုးလေး..နပ်ပါတယ်.ဗျာ.။

    အားလူံးကို ခင်မင်လေးစားစွာ….
    အလင်းဆက်

  • MaMa

    June 4, 2012 at 8:12 pm

    ရက်ဆက်တင်ပေးနိုင်တဲ့ အလင်းဆက်ကို ချီးကျူးပါတယ်။
    ကိုယ်တိုင်တော့ ဆိုးဝါးလှတဲ့ ကွန်နက်ရှင်ကြောင့် တင်တာကိုတောင် မှီအောင် လိုက်မဖတ်နိုင်ဘူး ဖြစ်နေတယ်။
    အကြံတစ်ခုပေးချင်မိတယ်။
    တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို တင်ပေးရင် တင်ပေးရတဲ့လူအဖို့လည်း သက်သာမယ်
    ဖတ်ရတဲ့လူတွေလည်း ပိုအဆင်ပြေမယ် ထင်ပါတယ်။
    ပြောမယ့်သာ ပြောတာပါ။ များသောအားဖြင့် Print ထုတ်ထားတဲ့သူတွေ ရှိသလို
    ကိုယ်တိုင်တော့ တွေ့ရင် စာမြည်း (အကြမ်း) ဖတ်တယ်။
    နောက်မှ အေးအေးဆေးဆေး ဖတ်ချင်ရင် ရှာလို့ လွယ်အောင် Bookmark လုပ်ထားလိုက်တာမို့ အခုအတိုင်းလည်း အဆင်ပြေပါတယ်။ 🙂

  • အလင်းဆက်

    June 4, 2012 at 8:18 pm

    မမရေ..
    ကျေးဇူးပါပဲ.။
    ကျွန်တော်လည်း…နောက် အပိုင်းတွေက်ို တစ်ရက် ခြား စီ တင်ဖို ့ စဉ်းစားထားပါတယ် ။
    စာအုပ် ကို ကျွန်တော် တော်တော် …စိတ်တိုင်းကျနေတော့…အားလုံးကို မြန်မြန်လေး တင်ပြလိုက်ချင်စိတ်တွေနဲ ့…မြန်မြန်လေးပဲ.တင်နေမိတာ.။

    အကြံလေးတွေလည်း.ပေးကြပါနော် ။

    ဟုတ်ပါတယ် ။ ဂေဇက်ထဲ.နေ ့တိုင်း မဝင်ဖြစ်တဲ ့သူတွေလည်း.ရှိနိုင်တာမို ့.အရမ်း မြန်နေလို ့လည်း..မဖြစ်သေးဘူး..လို ့ ထင်မိပါတယ် ။

    ဘာပဲပြောပြော..စောင့်မျှော် ဖတ်ရှု နေကြလို ့ ကျေးဇူးတင်ပါတယ် ။
    အားလုံးကို ခင်မင်လေးစားစွာ….

  • kyeemite

    June 5, 2012 at 9:37 am

    ကျုပ်ကတော့ ထုံးစံအတိုင်း ကူးထားလိုက်တာဘဲဗျို့
    ရုံးမှာ အဲလောက်ရှည်ရှည် ထိုင်ဖတ်နေဘို့မလွယ်ဘူးဗျ…
    မူရင်းဘာသာပြန်ဆရာမရော…အလင်းစက်ကိုပါကျေးကျေးပါနော်..

  • shwe kyi

    June 5, 2012 at 12:03 pm

    ဆက်ဖတ်ပါဦးမည်။
    ဆရာမရေအားပေးနေပါတယ်။

Leave a Reply