ပြောင်းလဲမှုကို အောက်ခြေလူတန်းစားကနေ မစတင်သင့်ဘူးလား
အခြေခံလက်လုပ်လက်စားဘဝတွေ ဘာကြောင့် မတိုးတက်တာလည်းလို့ ခုတစ်လော စဉ်းစားနေမိတယ်။ သူတို့တွေရဲ့ တစ်နေ့တာ ပုံမှန်ဝင်ငွေတွေကော ဘယ်လောက်ရကြလို့လဲ။ နိုင်ငံကြီး တစ်နိုင်ငံပြောင်းလဲဖို့ဆိုတာ အလွှာပေါင်းစုံက ကြိုးစားမှု လိုတယ်လို့ မြင်မိတယ်။ ခုကတော့ ပြောင်းလဲနေပြီလို့ လူအတော်များများက ပြောကြတယ်။ အင်း မြင်ရတာကတော့ ခုဆို လှည်းတန်းခုံးကျော်တံတားစီမံကိန်းလည်း စနေတာ မြင်နေရသလို ဘုရင့်နောင်ခုံးကျော်အတွက်လည်း အလံတိုင်တွေစိုက်ပြီး အလုပ်စနေတာကို တွေ့ရှိရတယ်။ ဒါဆိုရင်တော့ ပြောင်းတော့ ပြောင်းလဲနေပြီး လူတွေပဲ ပြောင်းလဲဖို့လိုတော့တယ်ဆိုတာ သိသာထင်ရှားနေပါပြီ။ ဒါဆိုရင်တော့ တစ်နေ့တာ လက်လုပ်လက်စားဘဝတွေကိုလည်း မြှင့်တင်ပေးဖို့ မလိုပေဘူးလား။ သူတို့တွေရဲ့ဘဝက လစာနေလို့ ဒီနေရာကနေ မတက်တာလား ဒါလည်း မဟုတ်ဘူးဆိုတာ လေ့လာမိသလောက် သိရတယ်။ ဘယ်လိုကြောင့်ဆိုတာ စဉ်းစားလို့ကို မရဘူး။ တစ်နေ့ ကားစီးရင်း ဘေးက အစ်မတစ်ယောက်နဲ့ စကားစမြည် ပြောကြည့်မိတယ်။ သူက ဘယ်ပြန်မှာလဲ မေးရင်းနဲ့ ကိုယ်ကလည်း အပြန်အလှန်ပြန်မေးကြည့်မိတယ်။ သူနေတာက ကြည်မြင်တိုင်တစ်ဖက်ကမ်း အေးရွာလေးမှာ နေတယ်တဲ့။
မနော ။ ။ အစ်မ ခုချိန် ကူးတို့လှေရှိလို့လား။ မေးကြည့်လိုက်တော့
အေးရွာလေး။ ။ ရှိပါတယ်။ တစ်ညလုံး သမ္မာန်လှေလေးတွေ လှော်ခတ်တယ်။
မနော ။ ။ လှေစီးခက တစ်ဖက်ကမ်းကိုဆို ဘယ်လောက်ရှိလဲ။
အေးရွာလေး။ ။ လူတစ်ဦးကို ၂၀ဝ ကျပ် ပေးရပါတယ်။
မနော ။ ။ တစ်စီးကို ဘယ်နှယောက်တင်ပါသလဲ။
အေးရွာလေး။ ။ တစ်စီးကို ငါးဦးပဲတင်ပါတယ်။
မနော ။ ။ အစ်မတို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိလဲ။
အေးရွာလေး။ ။ ရွာကတော့ အိမ်ခြေအတော်များပါတယ်။ ၃၀ဝ ကျော်လောက်တော့ရှိပါတယ်။
မနော ။ ။ အစ်မတို့ဘက်က ဘာလုပ်ငန်းတွေ လုပ်ကိုင်တာများလဲ။
အေးရွာလေး။ ။ အစ်မတို့က ဒီဘက်ကမ်း စံပြငါးဈေးမှာ ညပိုင်း ငါးခြစ်တဲ့ လုပ်ငန်းကို လာရောက် လုပ်ကိုင်ပါတယ်။ အချိန်ကတော့ ည ၂ နာရီကနေ မနက် ၅ နာရီ၊ ၆ နာရီလောက်ထိ လုပ်ပါတယ်။
မနော ။ ။ ငါးခြစ်လုပ်ငန်းဆိုတာ ဘယ်လိုမျိုးလဲ။ ဘာငါးတွေခြစ်တာလဲအစ်မ။
အေးရွာလေး။ ။ ငါးခြစ်ဆိုတာ ငါးမြစ်ချင်းကို ခြစ်ရတာပါ။ ဒိုင်တွေကနေ ဒီလုပ်ငန်းကို အကြီးအကျယ်လုပ်ပါတယ်။ ကျွန်မတို့တစ်ရွာလုံးလည်း ဒီငါးခြစ်လုပ်ငန်းမှာ လုပ်တာနဲ့ လှေသမ္မာန်လုပ်ငန်းကို လုပ်ကိုင်စားသောက်ကြတဲ့သူတွေပါပဲ။ ကျွန်မတို့ဆီမှာ ကလေးရော လူကြီးရော ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးပါတယ်။ အဆင်လည်း ပြေကြပါတယ်။
မနော ။ ။ ငါးခြစ်တာက ဘယ်လောက်ရလဲ။ နေ့စားသဘောမျိုးလား။ လပေးရှင်းတာလား။
အေးရွာလေး။ ။ ငါးခြစ်တဲ့အခါ နေ့စားသဘောမျိုးပေါ့လေ။ တစ်နေ့မှာ ကိုယ် ပြီးသလောက်ကို ရှင်းပေးပါတယ်။ ငါးတစ်ပိဿာခြစ်ပြီးရင် ၃၀ဝ ကျပ်ရပါတယ်။
မနော ။ ။ ဟင် ဒါဆို အများကြီးခြစ်ရမှာပေါ့။ တစ်နေ့ကို ဘယ်လောက်ခြစ်ပြီးလဲ။
အေးရွာလေး။ ။ တစ်ပိဿာခြစ်တာက ခဏလေးနဲ့ပြီးပါတယ်။ အမ ပုံမှန်တစ်ညကို အချိန် ၂ဝ လောက်ပြီးတယ်။ လုပ်ခကတော့ တစ်နေ့ကို ၆၀၀ဝ ကျပ်လောက်ရတာပေါ့။
မနော ။ ။ ဟာ ဒါဆို မနည်းဘူးပဲ။ ကျွန်မတို့ ကုမ္ပဏီဝန်ထမ်းတွေတောင် တစ်နေ့ကို ဒီလောက်မရဘူး။ ငါးခြစ်ရတာ ခက်လားအစ်မ။ ဒီလောက်တောင် ရတယ်ဆိုရင် ကျွန်မလည်း လုပ်ငန်းပြောင်းလုပ်ကြည့်ရင် ကောင်းမလားမသိ။(ပြုံးလျှက်)
အေးရွာလေး။ ။ အစပိုင်းကတော့ ခက်တာပေါ့။ ခုံးခွံတွေနဲ့ ခြစ်ရတာလေ။ နောက်ပိုင်းကျတော့လည်း လွယ်သွားတာပေါ့။ ကျွန်မတို့ဆီက ကျောင်းမတက်တော့တဲ့ကလေးတွေဆို ဒီငါးခြစ်တာကိုပဲ ပုံမှန်လုပ်တာ ခြစ်ရုံနဲ့မရဘူး အိတ်တွေထဲမှာ တစ်ခါထဲ ထည့်ပေးရတာ။ သူတို့က နယ်တွေကော ဆိုင်ကြီးတွေကောတစ်ခါထဲပို့တာဆိုတော့ မနက်မလင်းခင်ကို အပြီးလုပ်ရတာဆိုတော့ နားတော့ မနားရဘူးပေါ့။ ဝင်ငွေကတော့ လောက်ပါတယ်။ တစ်နေ့ကို ၆၀၀ဝ လောက်ကတော့ ပုံမှန်ဝင်တယ်။
မနော ။ ။ ဒါဆို စံပြငါးဈေးကြီးရွှေ့သွားမယ်ဆို အစ်မတို့ ဘယ်လိုလုပ်မလဲ။
အေးရွာလေး။ ။ အစ်မတို့ကတော့ ရွှေ့သွားလည်း လိုက်လုပ်ရမှာပဲလေ။ နောက်ပြီး ဒီနေရာက ကုန်ပစ္စည်းပို့တာ သယ်တာလည်း အဆင်ပြေတယ်လေ။
မနော ။ ။ အစ်မတို့ အလုပ်လုပ်ရတာ နေရာကျယ်လို့လား။ အဲဒီစံပြငါးဈေးဆိုတာကြီးကို မရောက်ဖူးဘူး။
အေးရွာလေး။ ။ ဒီလုပ်ငန်းကြောင့် ကိုယ်ပိုင်အိမ်နေရာရှိတဲ့သူတွေက ကိုယ့်ရဲ့အိမ်ရှေ့လေးတွေမှာ လူတစ်ယောက်စာ နေရာတောင် ရောင်းစားလို့ရတယ်လေ။ ငါးခြစ်ဖို့အတွက် နေရာငှားတဲ့သဘောပေါ့။ တစ်နေရာကို ၂၅၀ဝ ကျပ်နဲ့ တစ်နေ့ကို ငှားတယ်။ ကိုယ့်အိမ်ရှေ့ နေရာ သုံးလေးနေရာဆို ဘာမှမလုပ်ရင်တောင် အလုပ်ဖြစ်တယ်လေ။
မနော ။ ။ အစ်မတို့ တစ်နေ့ကို ဝင်ငွေဒီလောက်ကောင်းတာ မစုဘူးလား။
အေးရွာလေး။ ။ သုံးတာနဲ့ပဲ လည်နေတာ။မစုဖြစ်ဘူးလေ။ အစ်မဆင်းတော့မယ်နော်။
ဒါကတော့ လက်လုပ်လုပ်စားဘဝ စံပြငါးဈေးက နေ့စားတစ်ယောက်နဲ့ မေးမြန်းစုံစမ်းမိတဲ့အကြောင်းလေးတွေပါပဲ။ ဒီလောက်တောင် ဝင်ငွေ ဝင်ပြီး ဘယ်လိုသုံးနေကြသလဲဆိုတာ စဉ်းစားမရပြန်ဘူး။ ဒီနေရာကနေ ဒီနေရာပဲ ဒုံရင်းပဲ ရောက်နေတော့ ဘယ်လို ဘဝတွေ မြှင့်တင်ကြမလဲဆိုတာ တွေးနေမိပါတော့တယ်။
12 comments
pazflor
June 7, 2012 at 3:09 pm
ရပ်ကွက်ထဲမှာ အရင်တုန်းက အမှိူက်လာသိမ်းတဲ့ ကလေးတွေတောင် တနေကုန်လုပ်စရာမလိုဘဲ ၃၀၀ဝ လောက်တော့ အသာလေးရတယ်လို ့ထင်ပါတယ်အမရေ၊ ဒါဟာ company ဝန်ထမ်းအချို ့ထက်တောင်သာနေပါသေးတယ်။ ဘတ်စ်ကားသမားတို ့စပယ်ယာတို ့ဝင်ငွေကလည်းမနည်းကြပါဘူး။ ဒါပေမဲ့ သိပ်ပြောင်ပြောင်ရောင်ရောင်ဖြစ်မလာသလိုဘဲ။
manawphyulay
June 7, 2012 at 3:17 pm
ဟုတ်ပါတယ်။ ဒါတွေက ဘာကြောင့်လဲဆိုတာ အဖြေရှာချင်မိတာပါ။
Shwe Ei
June 7, 2012 at 4:30 pm
ရှာသမျှ ဖွေသမျှ မစုဆောင်းနိုင်ဘူးဆိုကထဲက မှီခိုသူများလို့ ဒါမှမဟုတ်ဖြုန်းမဲ့သူများလို့လဲ ဖြစ်နိုင်တာပါဘဲ။ အလုပ်လက်မဲ့ပေါများတဲ့ဒီတိုင်းပြည်ကြီးမှာ တယောက်ရှာစာတနေ့ ၆ထောင်လောက်ကို အလုပ်မရှိ/မလုပ်နိုင်တဲ့ (ဥပမာ အဖိုး၊ အဖွား၊ လူမမယ်ကလေးတွေ) နောက်ထပ် လူ၅ယောက်စာလောက်ဝိုင်းစားနေတာမျိုးဆို ဘယ်ကိုက်မလဲ။ ဒါတောင်ကလေး ကျောင်းနေစရိတ်မပါသေးဘူး။ နောက်ပြီးတော့ နေ့စားဆိုကထဲက ပုံမှန်ဝင်ငွေရှိနေဖို့ခဲယဉ်းနေပြီးသားဘဲ။ ကိုယ်အလုပ်လုပ်နိုင်တဲ့အချိန်ဘဲ ပိုက်ဆံရမှာကိုးဗျ။
(တော်သေဘီ။ ကွန်မန့်ရှည်ရှည်မန့်ချင်တာနဲ့ ဖျစ်ညှစ်စဉ်းစားလိုက်ရတာ ခေါင်းတောင်မူးသွားတယ်။)
ကိုရင်မောင်
June 7, 2012 at 5:35 pm
ရေမြင့် ယင် ကြာမြင့်လာသလို
ကျနော်တို့နိုင်ငံမှာလုပ်ငန်းတွေပေါလာယင်
လုပ်အားခလဲတိုးလာမှာပါ….
လုပ်ငန်းနဲ့လုပ်ခွင့်တွေနည်းနေသေးတဲ့အချိန်မှာ
လုပ်အားခကိုမတရားတောင်းဆိုလာယင်
လုပ်ငန်းရှင်တွေအနေနဲ့လဲ လုပ်ရကိုင်ရခက်ခဲသွားနိုင်ပါတယ်..
တရုတ်ပြည်မှာဆို ၂၀၀ရခုနှစ်က နေ့စားအခြေခံလစာ ၉၀၀..၁၂၀၀
လောက်ဘဲရကြတာပါ အဲ့ဒီတုန်းကတရုတ်ငွေ၆၀ဝကိုမြန်မာငွေတသိန်းရတယ်
ခု၂၀၁၂မှာအခြေခံလစာ၁၈၀ဝကနေစရနေပါပြီ လုပ်သက်တွေနဲ့ဆို၂၅၀ဝ နဲ့အထက် ထိ
ရကြပါတယ် ခုငွေလဲနှုန်းက၇၈ဝကိုတသိန်းရပါတယ် အလုပ်ချိန်ကတော့
တနေ့ကို၁၁နာရီလောက်လုပ်ကြရပါတယ်
လုပ်သားတွေရှားပါလာလို့နောက်နှစ်တွေဆိုလုပ်ခတိုးယင်တိုး ဒါမှမဟုတ်
လုပ်ချိန်လျော့လာမယ်လို့ထင်ပါတယ်..
pan pan
June 7, 2012 at 7:20 pm
တပိဿာ၃၀၀
အချိန်၂ဝခြစ်ခ ၆၀၀၀
တနေ့ဝင်ငွေက ၆၀၀ဝဆိုတာထားပါတော့
နေရာငှားတာက ၂၅၀ဝရှိသေးတယ်လေ
၆၀၀၀-၂၅၀ဝ = ၃၅၀ဝပဲကျန်မှာပေ့ါ
ခရီးစရိတ်နှုတ်လိုက်ဦး
အမြီးနှုတ် ခေါင်းနှုတ်နဲ့
ဘာကျန်တော့မှာလဲ
ဂယ်ဘဲ 😕
manawphyulay
June 8, 2012 at 2:57 pm
နေရာငှားတယ်ဆိုတာ အဲလိုအိမ်တွေရှိရင် အလုပ်ဖြစ်တယ်ပြောတာလေ။ နေ့စားသမားတွေက ငှားပြီး လုပ်တာမဟုတ်ဘူး ညီမလေးရဲ့။ သူတို့က အလုပ်ရှင်တွေ ပေးတဲ့နေရာမှာ လုပ်တာဆိုတော့ ၆၀၀ဝ က ပုံမှန်ဝင်ငွေပေါ့။ ပိုပြီးလုပ်နိုင်တယ်ဆိုရင်တော့ ပိုရကြတာပေါ့။
ahnyartamar
June 7, 2012 at 8:31 pm
တနေ့ လူတယောက်ဝင်ငွေ ၆၀၀ဝ က တယောက်တည်းသမားအတွက်တော့အဆင်ပြေမှာပါ။ တနေ့ လူတယောက်ဝင်ငွေ ၆၀၀ဝ က အလုပ်မလုပ်နိုင်သေးတဲ့ ကလေး နှစ်ယောက်လောက်ကို ကျောင်းပညာသင်ပေးရမယ်ဆိုရင်တော့ လက်ရှိအခြေအနေအရ တိုင်ပတ်နေမှာပဲ။ မောတယ်…မောတယ်…
padonmar
June 7, 2012 at 9:53 pm
ဖြည့်လို့မပြည့်တဲ့တွင်းဟာ ဆင်းရဲတွင်းတဲ့။
များသောအားဖြင့် ဆင်းရဲတာဟာ
ငွေရှာမရတာထက် ရလာတာကိုအဝင်အထွက်မျှအောင် မသုံးတတ်တာ အဓိကပါ။
အသုံးနဲ့ အဖြုန်းမခွဲခြားတတ်တာလို့ ပြောချင်ပါတယ်။
မနောနောက်တစ်ခါကြုံရင်မေးကြည့်လိုက်ပါအုံး။
နှစ်လုံးသုံးလုံးလေးများရော ဝါသနာပါလားလို့။
နေ့ပြန်တိုး အပေါင်ဆိုင်ဆိုတာကလည်း တစ်ခါ ဆက်ဆံမိရင် ကျားမြီးဆွဲမိသလိုပါဘဲ။
asiamasters
June 7, 2012 at 10:38 pm
များများဆုတောင်းပါ။
mocho
June 8, 2012 at 11:05 am
တကယ်တော့ လက်လုပ်လက်စားတွေဟာ ငွေလည်း ရှာတတ်သလို ငွေလည်း သုံးတတ် ကြပါတယ်။ ဒါပေမယ့် ရှာတာနဲ့ သုံးတာထက် ပို အရေး ကြီးတဲ့ ငွေကြေး ကို စီမံခန့် ခွဲ တတ်တဲ့ အသိ မရှိကြတာများပါတယ်။ အဲလို အသိရှိတဲ့ လူက မကြာခင် မှာ တိုးတတ် သွားတတ် တာ တွေ့ ရပါလိမ့် မယ်။
fatty myat
June 10, 2012 at 4:46 pm
အဓိကတော့ ရတဲ့ဝင်ငွေကိုစုတတ်ဖို့ ပဲလိုတာပါ။ စုတဲ့အကျင့်လေး လုပ်ကျပေါ့။ ကိုယ့်ဝင်ငွေရဲ့ ၁၀% လေးပဲ စုရင် လုံလောက်ပါတယ်။
manawphyulay
June 10, 2012 at 6:11 pm
ဒါဆို ခုဖက်တီးမြတ်က စုနေပြီပေါ့ ဟုတ်လား….