တိမ်ယံသစ္စာ အပိုင်း ( ရ )

alinsettJune 9, 20121min3785

”ဒီကောင်က ဘာသိလို့လဲ။ စာမတတ်ပေမတတ် ဟာဇာရာကောင်ကများ။ ထမင်းချက်ကလွဲလို့ ဘာမှဖြစ်မလာမယ့်ကောင်ကများ။ မင်းကိုဝေဖန်ရအောင် ဒီကောင် ရဲတင်းလှချည်လား”

”ဒါကတော့ … ”

ကျွန်တော်သည် ထိုစကားကို ပြီးဆုံးအောင်မပြောနိုင်ခဲ့။ အကြောင်းမှာ အာဖဂန်နစ္စတန်သည် ဆိုင်းမဆင့် ဗုံမပါ ထာဝရပြောင်းလဲသွားခဲ့ပြီ။

…………………………..
___________________________________________


အခန်း(၅)

ဝေါခနဲ အသံအကျယ်ကြီး ထစ်ချုန်းသွားသည်။ မြေပြင်သည် သိမ့်ခနဲနေကာ တတက်တက်စက်သေနတ်သံကို ကြားကြရသည်။ ”အဖေရေ …” ဟု

ဟက်ဆန် အော်ခေါ်သည်။ ကျွန်တော်တို့နှစ်ယောက် ခုန်ထကာ ဧည့်ခန်းထဲမှ ထွက်ပြေးကြ သည်။ ခန်းမကိုဖြတ်၍ ထော့နင်းထော့နင်း တရကြမ်းပြေးလာသော

အလီ့ကို တွေ့ရသည်။

”အဖေရေ … ဘာသံကြီးလဲ မသိဘူး”

အလီ့ထံ လက်နှစ်ဖက်ဆန့်တန်းကာ ဟက်ဆန်ငယ်သံပါအောင်အော်သည်။ အလီက သူ့သားကို အပြေးအလွှားသိုင်းဖက်ထားသည်။ ဝင်းခနဲနေသော အဖြူရောင်

အလင်းတန်းကြီးကြောင့် ကောင်းကင်ငွေမှင်ရောင် လင်းသွားကာ နောက်ထပ်တစ်ကြိမ် အဖြူရောင်အလင်းတန်းကြီး ဝင်းခနဲဖြစ်ပြီး တဆက်တည်းမှာပင် စက်သေနတ်သံကို

ကြားကြရပါပြီ။

”ဘဲတွေလိုက်ဖမ်းနေတာ … ညဘက်ဘဲတွေ လိုက်ဖမ်းနေကြတာ။ မကြောက်နဲ့သားရေ” ဟုပြောသော အလီ့အသံက ပြာအက်နေသည်။

အဝေးတစ်နေရာမှ ဥဩဆွဲသံရပ်သွားသည်။ မှန်ကွဲသံနှင့် အော်ဟစ်သံ ကြားရသည်။ လန့်ဖြန့်ထပြေးကြသော အသံများ လမ်းထဲပွက်လောရိုက်သွားသည်။ အချို့က

ညအိပ်ဝတ်စုံနှင့်ပင် ရှိသေးသည်။ ခေါင်းကစုတ်ဖွား၊ မျက်လုံးများ ဖောင်းအစ်လျက်။ ဟက်ဆန်ငိုနေပြီ။ အလီက ဟက်ဆန့်ကို ဆွဲဖက်ကာ ယုယုယယ ထွေးထားသည်။

ဟက်ဆန့်ကို မနာလိုမဖြစ်ပါဘူးဟု နောက်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြောရမည်။

မနက်လင်းအားကြီးရောက်ချိန်ထိ သုံးဦးသား တိုးတိုးဝှေ့ဝှေ့ ပူးကပ် နေကြသည်။ အပစ်အခတ်နှင့် ပေါက်ကွဲသံများက တစ်နာရီမပြည့်ချင်သေးသော်လည်း ကျွန်တော်တို့မှာ

အလွန်အမင်းကြောက်ရွံ့နေကြပြီ။ သေနတ်သံဆိုသည်ကို လမ်းထဲ တွင်ပင် မကြားဖူးခဲ့။ တကယ့်အစိမ်းသက်သက်။ သေနတ်သံ ဗုံးသံမှလွဲ၍ တခြားဘာသံမှ မကြားဖူးသော

အာဖဂန်မျိုးဆက်ကိုမူ မမွေးသေး။

ထမင်းစားခန်းထဲ ပူးကပ်တိုးဝှေ့ရင်း နေအပွင့်ကို စောင့်မျှော်နေကြရင်း ဘဝနေနည်းပုံစံတစ်ခု နိဂုံးချုပ်သွားပြီကို မည်သူမျှ မတွေးမိကြသေးချေ။ ကျွန်တော် တို့၏

ဘဝနေနည်းပုံစံ – ကောင်းကောင်းအဆုံးမသတ်သေးဘူး ဆိုလျှင်တောင် နိဂုံး၏နိဒါန်းကတော့ စနေပြီ။ တရားဝင်နိဂုံးသည် ၁၉၇၈ခု၊ ဧပြီလတွင် ကွန်မြူနစ်တို့

အာဏာသိမ်းမှုနှင့်အတူ ပထမဆုံး ရောက်ရှိလာခဲ့သည်။ ထို့နောက်မှ ၁၉၇၉ခု၊ ဒီဇင်ဘာတွင် ရုရှားတင့်ကားများ လမ်းထဲအလုံးအရင်း ရောက်လာခြင်းဖြင့် –

ဟက်ဆန်နှင့်ကျွန်တော် ဆော့နေကျလမ်းထဲ ရုရှားတင့်ကားများ လှိမ့်ဝင်လာပြီး ကျွန်တော်တို့သိထားသည့် အာဖဂန်နစ္စတန်၏ အကြွင်းမဲ့နိဂုံးကို ဆောင်ကျဉ်း

လာတော့သည်။ ယနေ့တိုင်မဆုံးနိုင်သေးသော သွေးထွက်သံယိုခေတ်၏ တာထွက်ပင် ဖြစ်တော့သည်။

နေမပွင့်မီကလေးတွင် ဘာဘာ့ကား အသာလေးလှိမ့်ဝင်လာသည်။ ကားတံခါးဒိုင်းခနဲ ပိတ်သွားပြီး လှေကားပေါ်မှ အပြေးအလွှား ခြေသံနှင့်တဆက်တည်း တံခါးဝတွင်

ဘာဘာ့မျက်နှာပေါ်လာသည်။ မျက်နှာပေါ်ဝယ် အရိပ်တစ်မျိုး။ ယခင်က ထိုအရိပ်မျိုး ကျွန်တော် မတွေ့ဖူးခဲ့။ အကြောက်တရားပင် ဖြစ်၏။ ”အေမား၊ ဟက်ဆန်”

ကျွန်တော်တို့ဆီ လက်နှစ်ဖက်ဖွင့်၍ အပြေးဝင်လာသည်။ ”လမ်းတွေ အကုန်ပိတ်ထားလိုက်ပြီ။ ဖုန်းလိုင်းတွေလည်း ပြတ်သွားပြီ။ ဘာဘာစိတ်ပူလိုက်တာ”

ဘာဘာ့လက်မောင်းထဲ ကျွန်တော်တို့ ငြိမ်နေသည်။ ထိုညက ဘာကြီး ဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်ဝမ်းသာပါသည်။

———————–

တကယ်တော့ ဘဲပစ်ခြင်းမဟုတ်။ ထိုည ၁၉၇၃ ခု၊ ဇူလိုင် ၁ရ ရက်ညတွင် များများစားစား မပစ်ခဲ့ကြောင်း သိရသည်။ သက်ဦးဆံပိုင်ဘုရင်စံနစ် အတိတ်တွင်

ကျန်ခဲ့ကြောင်းသတင်းနှင့်အတူ ကဘူးမြို့တော်သည် နောက်တစ်နေ့မနက်တွင် နိုးထလာသည်။ ဇဟီရာရှားဘုရင်သည် အီတလီပြည်ရောက်နေသည်။ ရှင်ဘုရင် မရှိခိုက်

ဝမ်းကွဲညီအစ်ကိုတော်က ဘုရင်၏နှစ်လေးဆယ်စိုးစံမှုကို သွေးထွက်သံယိုခြင်း မရှိစေရဘဲ အာဏာသိမ်းခဲ့ခြင်းပင်။

နောက်တစ်နေ့မနက်၊ ဘာဘာ့စာကြည့်ခန်း အပြင်ဘက်တွင် ဟက်ဆန်နှင့် ကျွန်တော် နှစ်ယောက်သား ကုပ်နေကြသည်ကို မမေ့သေး။ ဘာဘာနှင့် ရာဟင်ခန်တို့

လက်ဖက်ရည်သောက်ရင်း ကဘူးရေဒီယိုမှလွှင့်သော အာဏာသိမ်းမှုသတင်းကို နားထောင်နေကြသည်။

”အစ်ကိုအေမား” ဟု ဟက်ဆန် နှစ်ကိုယ်ကြားခေါ်သည်။

”ဘာလဲ”

”သမ္မတစံနစ်ဆိုတာ ဘာလဲဟင်”

ကျွန်တော်ပခုံးတွန့်ပြလိုက်သည်။ ”သိဘူးလေ”

ဘာဘာ့ရေဒီယိုမှ ‘သမ္မတစံနစ်’ ဆိုသောစကားလုံးကို နားမဆံ့အောင် ကြားရသည်။

”အစ်ကိုအေမား”

”ဘာလဲကွ”

”သမ္မတစံနစ်ဆိုတာ အဖေနဲ့ငါ အဝေးကြီးကို ထွက်သွားရမယ်ဆိုတဲ့ အဓိပ္ပါယ်လား”

”ဒီလိုတော့ ငါမထင်ဘူး” ဟု ကျွန်တော် တိုးတိုးပြန်ဖြေလိုက်သည်။

ဟက်ဆန် တွေနေသည်။ ”အစ်ကိုအေမား”

”ဘာများလဲကွာ”

”ငါနဲ့အဖေ့ကို သူတို့မရွှေ့ခိုင်းစေချင်ဘူးကွာ”

ကျွန်တော် ပြုံးမိသည်။ ”မင်းမြည်းပဲ။ ဘယ်သူမှ မင်းတို့ကို မရွှေ့ခိုင်းဘူး”

”အစ်ကိုအေမား”

”ဘာလဲဟ”

”သစ်ပင်တက်ကြမလားဟင်”

ကျွန်တော့် အပြုံးကဝင်းပသွားသည်။ ဤသည်မှာလည်း ဟက်ဆန့် ကောင်းကွက်တစ်ခု။ ဘယ်အချိန် ဘာစကားပြောရမည်ကို ဟက်ဆန်သိသည်။ ရေဒီယိုသတင်းတွေက

ပျင်းစရာဖြစ်လာပြီ။ ဟက်ဆန်က သူ့တဲဆီပြန်သွားပြီး အသင့်ပြင်ချိန်တွင် ကျွန်တော်က အပေါ်ထပ်တက်၍ စာတစ်အုပ်သွားဆွဲ၊ မီးဖိုချောင်ထဲဝင်၊ အကျႌဘောင်းဘီအိတ်များထဲ

ခွံမာသီးတွေ သိပ်ထည့်သည်။ ပြီးမှ အိမ်ပြင်ပြေးထွက်၍ ဟက်ဆန်နှင့်တွေ့သည်။ နှစ်ယောက်သား ခြံရှေ့တံခါး ဝုန်းဝုန်းဒိုင်းဒိုင်း ဆောင့်တွန်းကာ တောင်ကုန်းဆီ

ဦးတည်ကြသည်။

လူနေရပ်ကွက်၏ လမ်းများကိုဖြတ်၍ တောင်ကုန်းဆီအသွား ဖုန်းဆိုးမြေကို ခရီးကြမ်းနှင်ကြစဉ် ဟက်ဆန့်နောက်ကျောကို ကျောက်တုံးတစ်တုံး လာမှန်သည်။

ချာခနဲလှည့်ကြည့်လိုက်ရာ ကျွန်တော် အကြီးအကျယ်စိတ်ပျက်သွားသည်။ အာစွပ် နှင့်သူ့ဘော်ဒါများ ဝေလီနှင့်ကာမဲ။ သူတို့သုံးဦး ကျွန်တော်တို့ထံ လျှောက်လာနေ သည်။

အာစွပ်သည် ကျွန်တော့်အဖေ၏မိတ်ဆွေ လေယာဉ်မှူး မာမွတ်၏သား ဖြစ်သည်။ ကျွန်တော်တို့အိမ်၏ တောင်ဘက်သုံးလေးလမ်းအကွာတွင် သူတို့မိသားစု နေထိုင်သည်။

အိမ်သည် တံတိုင်းမြင့်ကြီးအတွင်းဝယ် အုန်းထန်းပင်တို့ မိုးထိုးနေသော အပျံစားလူကုံထံအိမ်ဖြစ်သည်။ အကယ်၍ သင်သာ ကဘူးမြို့၏ ဝဇီရာအက္ခဘာခန်

ရပ်ကွက်တွင် နေထိုင်သောကလေးတစ်ယောက်ဖြစ်ပါမူ အာစွပ်နှင့် သူ၏နာမည်ကျော် စတီးအစစ် သံလက်သီးအကြောင်း သိမည်မလွဲ။ ကိုယ်တွေ့မသိပါစေနှင့်ဟုသာ

ဆုတောင်းရသည်။ အမေဂျာမန်၊ အဖေအာဖဂန်မို့ မျက်လုံးပြာပြာ၊ ဆံပင်ရွှေရောင်နှင့် အာစွပ်သည် အခြားကလေးများအပေါ် အရပ်ကြီးကမိုးနေသည်။

အာစွပ်၏ ရက်စက်သော ဂုဏ်သတင်းသည် လမ်းထဲတွင် သူ့ရှေ့က အလျင်ပြေးနှင့်နေသည်။ လက်ပါးစေ အပေါင်းအသင်းတွေ တစ်လှေကြီး ဝန်းရံကာ

ရပ်ကွက်ထဲလျှောက်သွားနေပုံက ခန်ဘုရင်တစ်ပါး ဖော်လံဖားခြွေရံသင်းပင်းများနှင့် တိုင်းခန်းလှည့်လည်နေသလား အောက်မေ့ရသည်။ သူ့စကားက ဥပဒေဖြစ်နေသည်။

ပညာပြဖို့လိုလျှင် သူ့သံလက်သီးများက ပညာပြကိရိယာ ဖြစ်နေသည်။

ကာတာခါးမြို့နယ်မှ ကလေးတစ်ယောက်အား ထိုသံလက်သီးများ သုံးခဲ့ပုံကို ကျွန်တော်တွေ့ဖူးထားသည်။ ထိုသူငယ်အား သတိလစ်သွားသည်အထိ

ဆက်တိုက်ထိုးနှက်နေစဉ် အာစွပ်၏ အားပါးတရအပြုံးနှင့် မျက်လုံးများ အရောင် လက်နေပုံကို ကျွန်တော် မမေ့။ ထိုမျက်လုံးများသည် စိတ်မမှန်သူ၏မျက်လုံးများ။

ဝဇီရာအက္ခဘာခန်ရပ်ကွက်မှ ကလေးအချို့က အာစွပ်အား ”နားရွက်စား အာစွပ်” ဟု ကွယ်ရာတွင်ခေါ်ကြသည်။ သေချာပါသည်။ ထိုအမည်ကို သူ့မျက်နှာ

တည့်တည့်ကြည့်ပြီး ခေါ်ရဲသူမရှိ။ အာစွပ်နှင့် စွန်တိုက်ပွဲဆင်နွှဲခဲ့သူ ကလေးတစ် ယောက်သည် သူ့ညာနားရွက်တစ်ဖက်ကို ရွှံ့ပုပ်ရေမြောင်းထဲ ဟိုစမ်းဒီစမ်းရှာရခြင်းဖြင့်

အဆုံးသတ်ခဲ့ဖူးသည်။

အလီ့ကို နှိပ်စက်သူ ရပ်ကွက်ထဲမှ ကလေးအားလုံးထဲတွင် အာစွပ် အနင့်သီးဆုံးဖြစ်သည်။ ”ဘာဘာလူ” ဟူသော သရော်တော်တော်အမည်ကို

စဦး ခေါ်ဝေါ်ခဲ့သူစင်စစ်ဖြစ်၏။ ”ဟေး၊ ဘာဘာလူ။ ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ။ ဟူရေး … လာပါဦးကွ … ဘာဘာလူကြီးရ၊ ပြုံးပြစမ်းပါဦး” အာစွပ်

ထူးထူးခြားခြား ဉာဏ်ရွှင်သောနေ့ဆိုလျှင် မွမ်းမံမှုပိုသည်။ ”ဟေး … နှာပြားကြီး ဘာဘာလူ … ခင်ဗျားကြီး ဒီနေ့ဘယ်သူ့ကိုစားလဲ။ ပြောစမ်းပါဦး

… ခြောက်စောင်းကြီးရေ … မြည်းကြီးရေ”

အဆိုပါအာစွပ်နှင့် ယခုမှ မတွေ့ချင်မြင်လျက်သား လာတိုးနေသည်။ လက်များတင်ပါးပေါ်ထောက်လျက်သား၊ ပတ္တူဖိနပ်က နင်းလိုက်တိုင်း ဖုန်လုံး ဝေ့သွားသည်။

”မင်္ဂလာပါ … ဟေး” ဟု အာစွပ်လက်ဝှေ့ရမ်းပြီး ခေါ်နေသည်။ ”ဟိုလင်မယား” ဤသည်မှာလည်း အာစွပ် အာအတွေ့ဆုံး စော်ကားမှုတစ်ခု။

ကျွန်တော်တို့ထက်ပိုကြီးသော သုံးဦးအုပ်စု ချဉ်းကပ်လာစဉ် ဟက်ဆန်က နောက် ဆုတ်ပြီး ကျွန်တော့်နောက်တွင် ကွယ်ရပ်နေသည်။ ဂျင်းပင်တီရှပ် ကောင်လေးသုံးဦး

ကျွန်တော်တို့ရှေ့ရောက်လာပြီး ကျွန်တော်တို့ကိုမိုးနေသည်။ လက်မောင်းတုတ် တုတ်ကြီးများကို လက်ပိုက်လိုက်သည့် အာစွပ်မျက်နှာပေါ်ဝယ် တိရစာ္ဆန်သဖွယ်

ရိုင်းစိုင်းရက်စက်သော သွားဖြီးပြုံးက ပေါ်ထင်လာသည်။ အာစွပ်ကို စိတ်မကျန်း မာသူဟု ကျွန်တော်တွေးမိသည်က ယခုမှပထမဆုံးမဟုတ်။ ဘာဘာ့ကို

အဖေတော်ရခြင်းသည် ကံကောင်းလိုက်လေခြင်း။ ဤအကြောင်းတစ်ကြောင်း ကြောင့်သာလျှင် ကျွန်တော့်ကို အာစွပ် မနှိပ်စက်နိုင်ခြင်းဟု ကျွန်တော်ယုံသည်။

အာစွပ်က ဟက်ဆန့်ထံမေးထိုး၍ ”ဟေ့ကောင် နှာပြား၊ ဘာဘာလူကြီး နေကောင်းရဲ့လား” ဟု မေးသည်။

ဟက်ဆန် ခွန်းတုံ့မပြန်ဘဲ ကျွန်တော့်နောက်ကို ခြေတစ်လှမ်းတိုးလာသည်။

”သတင်းတွေကြားပြီးပြီလား” ဟု အာစွပ်မေးသည်။ သွားဖြီးနှုန်း စံချိန် ကျမသွားသေး။ ”ဘုရင်ကြီးကတော့ ဂျောင်းပြီ။ ဂျောင်းတော့ကောင်းတာပေါ့ကွာ။ သမ္မတကြီး

သက်တော်ရာကျော်ရှည်ပါစေ။ ငါ့အဖေက သမ္မတဒါဝတ်နဲ့ သိတယ်ကွ။ သိရဲ့လား၊ အေမား”

”ငါ့အဖေလည်း သိတာပဲ” ဟု ကျွန်တော်ပြန်ဖြေလိုက်သည်။ အမှန်မှာ ကျွန်တော်ရမ်းတုတ်လိုက်ခြင်းဖြစ်သည်။

”ငါ့အဖေလည်း သိတာပဲ” ဟု အာစွပ်က ကျွန်တော်ပြောပုံကို တုပပြီး သံညောင်လေးဖြင့် အီပြသည်။ ကာမဲနှင့် ဝေလီတို့ ခွက်ထိုးခွက်လန်ရယ်ကြသည်။ ဘာဘာ့ကိုသာ

ကျွန်တော်တောင့်တမိတော့၏။

”မနှစ်တုန်းက ဒါဝတ် ငါတို့အိမ်မှာ ညစာလာစားတယ်ကွ။ ဒါကိုကော မင်းဘယ်လိုသဘောရလဲ” ဟု အာစွပ် လေဆက်ကန်သည်။

လူသူမနီးသည့် ဤဖုန်းဆိုးမြေပေါ်တွင် အော်မကြားခေါ်မကြား ဖြစ်မလား ကျွန်တော်ပူနေရသည်။ ဘာဘာ့အိမ်က အလှမ်းဝေးနေပြီ။ ကိုယ့်အိမ်ကိုယ်နေ အကောင်းသား။

”ငါတို့အိမ်ကို သမ္မတကြီး ညစာလာစားရင် ငါဘာပြောမလဲ မင်းသိရဲ့လား” အာစွပ် မပြီးသေး။ ”ယောက်ျား ယောက်ျားချင်း စကားနည်းနည်းတော့ ပြောမှာပေါ့ကွ။

ဟစ်တလာအကြောင်းပြောမှာ။ ငါ့အမေကိုတောင် ပြောခဲ့ဖူးသေးတယ်။ ခေါင်း ဆောင်ကြီး တစ်ယောက်ရှိခဲ့ဖူးတယ်။ အင်မတန် အမြင်ကျယ်တဲ့ ခေါင်းဆောင်ကြီးလို့။

ဟစ်တလာကိုသာ သူ့အလုပ်သူ ပြီးအောင်လုပ်ခိုင်းခဲ့ရင် ခုဆို ကမ္ဘာကြီး ပိုသာယာ နေမှာကွ။ ဒါကိုပြောမှာ”

”ဘာဘာပြောတော့ ဟစ်တလာက အရူးတဲ့။ အပြစ်မရှိတဲ့လူတွေ အများ ကြီးကိုသတ်ဖို့ အမိန့်ပေးခဲ့တဲ့လူတဲ့” ကိုယ့်ပါးစပ်ကိုယ် လက်ဝါးမအုပ်နိုင်မီ

ကိုယ့်အသံကိုယ်ကြားလိုက်ရသည်။

အာစွပ် ကျိတ်ရယ်သည်။ ”ဒီကောင်က ငါ့အမေနဲ့ တစ်လေတည်းပါလား။ ဒါတောင် အမေက ဂျာမန်မို့။ အမေ ပိုသိသင့်တာပေါ့။ ဒါဆို သူတို့က မင်းကို ဒီအတိုင်း

ယုံခိုင်းတာပေါ့၊ မဟုတ်ဘူးလား။ သူတို့က မင်းကို အမှန်မသိစေ ချင်ဘူးပေါ့”

‘သူတို့’ဆိုတာ ဘယ်သူတွေမှန်း ကျွန်တော်မသိ။ သူတို့က ဘယ်လိုအမှန် တရားတွေ ဖုံးကွယ်ထားသလဲ သိလည်းမသိချင်။ စောစောကစကား မပြောခဲ့မိ

အကောင်းသားဟုသာ နောင်တရမိသည်။ မော့ကြည့်လိုက်လို့ ဘာဘာ တောင်ကုန်း ပေါ် တက်လာသည်ကိုပဲ မြင်ချင်သည်။

”ကျောင်းမှာ မသင်တဲ့စာအုပ်တွေဖတ်ဖို့တော့ လိုတာပေါ့ကွ။ ဒီလိုစာ အုပ်တွေငါ့မှာရှိတယ်။ ငါက မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားတယ်။ ဒီတော့ အမြင် ရှိတယ်ပေါ့။

ဒီအမြင်ကို ငါတို့ရဲ့သမ္မတအသစ်ကြီးနဲ့ ဖလှယ်မှာကွ။ ဘာလဲသိလား”

ကျွန်တော် ခေါင်းခါပြလိုက်သည်။ တစ်နည်းနည်းဖြင့် သူပြောပြပါလိမ့် မည်။ အာစွပ်သည် အမြဲတစေ ကိုယ့်မေးခွန်းကိုယ်ပြန်ဖြေသူ။

အာစွပ်၏ မျက်လုံးပြာများ ဟက်ဆန့်ထံ စူးခနဲနေသည်။ ”အာဖဂန် နစ္စတန်ဆိုတာ ပက်ရှ်ထန်တွေရဲ့မြေကွ။ အရင်တုန်းကလည်း ဒီလိုပဲ။ နောင်လည်း ဒီအတိုင်းပဲ။

ငါတို့ကမှ အာဖဂန်စစ်စစ်တွေ။ ဒီနှာပြားကောင်က အာဖဂန် မဟုတ်ဘူး။ ဒီကောင်တွေကြောင့် အာဖဂန်မြေဟာ ညစ်ညမ်းတယ်။ အာဖဂန်သွေး ညစ်ညမ်းတယ်”

ထိုနေရာတွင် အာစွပ်သည် လက်ကိုအကျယ်ကြီး ဝိုက်ပြကာ ခမ်းကြီးနားကြီးမူယာကို ပြသသည်။ ”ငါပြောမယ်၊ အာဖဂန်နစ္စတန်ဟာ ပက်ရှ်ထန်တွေအတွက်။ ဒါငါ့အမြင်ပဲ”

အာစွပ်၏အကြည့် ကျွန်တော့်ထံ ရောက်လာသည်။ သူ့ကြည့်ရသည်က အိပ်မက်ကောင်းကောင်းထဲမှ လန့်နိုးလာသလိုလို။ ”ဟစ်တလာအတွက်ကတော့

သိပ်နောက်ကျသွားပြီ။ ငါတို့အတွက်ကတော့ နောက်မကျသေးပါဘူး” ဟု အာစွပ် ဆိုကာ ဂျင်းဘောင်းဘီအိတ်ထဲမှ တစ်ခုခုနှိုက်နေသည်။ ”ဟိုဘုရင် မလုပ်ခဲ့သမျှတွေကို

လုပ်ဖို့ သမ္မတကြီးကို ငါတောင်းဆိုမှာကွ။ အာဖဂန်နစ္စတန်မြေပေါ်က ညစ်တီး ညစ်ပတ် ဟာဇာရာကောင်တွေကို မောင်းထုတ်ဖို့”

”ငါတို့သွားချင်ပြီ အာစွပ်။ ငါတို့မင်းကို ပြဿနာရှာမနေဘူး” ဟုကျွန်တော်ပြောသည်။ တုန်နေသည့် ကိုယ့်အသံကိုပဲ မုန်းမိတော့သည်။

”ဟား … မင်းတို့ ပြဿနာရှာတာပေါ့ကွ” အာစွပ် အိတ်ထဲလက်နှိုက်ပြီး ဆွဲထုတ်လိုက်သည့်အရာကြောင့်

ကျွန်တော့်စိတ်ဓာတ် မြေကြီးထိုးဆင်းသွားသည်။ သေချာပါသည်။ နေရောင်ထဲဝင်းပြက်နေသော စတီးအစစ်သံလက်သီး။ ”မင်းပြဿနာ ရှာတာပေါ့ကွ။ တကယ်က

ဟိုဟာဇာရာကောင်ထက် မင်းကပိုပြဿနာရှာတယ်။ မင်းမို့ သူနဲ့ရောတာ။ စကားပြောရတာနဲ့၊ ကစားရတာနဲ့”

ဝေလီနှင့် ကာမဲ သဘောတူဟန်ဖြင့် ခေါင်းညိတ်အသံပေးသည်။ အာစွပ်က မျက်လုံးများကျဉ်းယူလိုက်သည်။ ခေါင်းကိုခါသည်။ နောက်တစ်ခွန်း ထပ်ပြောချိန်တွင်

အာစွပ်၏အသံသည် သူ့နည်းတူ ခေါင်းရှုပ်စရာကောင်းနေသည်။ ”ဟာဇာရာကောင် ကိုများ မင်းက ဘယ်လိုလုပ် သူငယ်ချင်းတော်ထားရတာလဲ”

ဟက်ဆန်က ငါ့သူငယ်ချင်းမှ မဟုတ်ဘဲ၊ ငါ့အစေခံပဲဟာဟု ကျွန်တော် ရှေ့နောက်မစဉ်းစားမဆင်ခြင် ပြောချမိတော့မလို ဖြစ်သွားသည်။ ကျွန်တော် တကယ်ပဲ

ထိုအတိုင်းတွေးနေမိရော့သလား။ သေချာပါသည်။ မတွေးခဲ့။ ဟက်ဆန့်ကို ကျွန်တော် ကောင်းကောင်း ဆက်ဆံသည်။ မိတ်ဆွေသူငယ်ချင်း အဆင့်ထက်ပင်ပိုသည်။

ညီအစ်ကိုထက်ပင် ပိုဦးမည်။ ဤသို့ဆိုလျှင် ဘာဘာ့မိတ်ဆွေများ သူတို့သား သမီးတွေ အိမ်ကိုအလည်ခေါ်လာလျှင် ကျွန်တော်သည် ဟက်ဆန့်ကိုပါ

အတူ ခေါ်ဆော့ဖူးသလော။ ဘေးနားတွင် အခြားကလေးများမရှိမှ ဟက်ဆန်နှင့် ကျွန်တော် ဆော့သည်။ အဘယ်ကြောင့်နည်း။

အာစွပ်က သံလက်သီးကို လက်တွင်စွပ်သည်။ ကျွန်တော့်အား အေးစက်စွာကြည့်ပြီး ”မင်းကပြဿနာပဲ အေမား။ မင်းလို အရူး၊ မင်းအဖေလို အရူးတွေကသာ

ဒီဟာဇာရာကောင်တွေကို ခေါ်မထားဘူးဆိုရင် ငါတို့လည်း ခုလောက်ဆို ဟာဇာရာတွေကို နှင်ထုတ်နိုင်ပြီ။ သူတို့နဲ့ဆိုင်တဲ့နေရာ သူတို့ဟာသူတို့ သွားကြပစေပေါ့။

မင်းကသာ အာဖဂန်နစ္စတန်ရဲ့ ရှက်စရာကွ”

အာစွပ် မျက်လုံးထဲကို ကျွန်တော်ကြည့်လိုက်ရာ သူတကယ်ပြောခြင်း ဖြစ်နေသည်။ ကျွန်တော့်ကို သူထိုးတော့မည်။ လက်သီးကိုမြှောက်ပြီး ကျွန်တော့်ဆီ ဝင်လာနေသည်။

ထိုစဉ် ကျွန်တော့်နောက်ကျောတွင် ယောက်ယက်ခတ် လှုပ်ရှားသွားသည်။ ဟက်ဆန် တစ်ခုခုကုန်းကောက်ပြီး ရုတ်ချည်းပြန်ထလာသည်ကို

ကျွန်တော့်မျက်လုံး ထောင့်မှ မြင်ရသည်။ ကျွန်တော့်နောက်ဘက်ကို အာစွပ် အကြည့်ရွှေ့သွားပြီး မျက်လုံးကြီးပြူး အံ့ဩနေသည်။ ကာမဲနှင့် ဝေလီတို့လည်း အာစွပ်နည်းတူ။

ကျွန်တော် လှည့်ကြည့်လိုက်ရာ ဟက်ဆန့်လောက်လေးကို ရင်ဆိုင်ရသည်။ ဟက်ဆန်က သားရေကြိုးကို တင်းအားအကုန် ဆွဲထားသည်။ လောက်စာအိမ်ထဲတွင်

သစ်ကြားသီးအရွယ် ကျောက်ခဲ။ စိုက်ထုတ်ထားရသည့်အားကြောင့် ဟက်ဆန့် လက်များတုန်ယင်ကာ ဇီးကင်းချွေးလုံးကြီးများ နဖူးတွင်သီးနေသည်။ ချိန်ထားသည်က

အာစွပ်မျက်နှာတည့်တည့်။

”တို့ဖာသာ နေပါရစေ” ဟု ဟက်ဆန် မင်သေသေပြောသည်။

အာစွပ် သွားတကျိကျိကြိတ်သည်။ ”မင်းလောက်လေးချထား၊ ဟာဇာရာ ကောင်”

”တို့ဖာသာ နေပါရစေ”

အာစွပ်ပြုံးသည်။ ”မင်းမမြင်ဘူးပေါ့၊ မင်းတို့ကနှစ်ယောက်၊ ငါတို့က သုံးယောက်”

ဟက်ဆန် ပခုံးတွန့်ပြသည်။ သူစိမ်းတစ်ဦး၏အမြင်တွင် ဟက်ဆန် ကြောက်နေသည်ကို မြင်မည်မဟုတ်ပေ။ ဟက်ဆန့် မျက်နှာသည် ကျွန်တော်စောစီးစွာ

ရင်းနှီးခဲ့ရသောမျက်နှာ။ ထိုမျက်နှာပေါ်မှ သိမ်မွေ့မှုအားလုံး – ရိုးခနဲရိပ်ခနဲ ဖြတ်သန်းသွားမှု အလုံးစုံကို ကျွန်တော်သိသည်။ ဟက်ဆန့်အကြောက်တရားကို

ကျွန်တော်မြင်နေရပြီ။ ကြောက်သမှ နည်းနည်းနောနောမဟုတ်။

”မှန်တယ်။ ဒါပေမယ့် မင်းမမြင်ဘူးပေါ့၊ လောက်လေးကိုင်ထားတာကတော့ ငါတစ်ယောက်တည်း။ မင်းတစ်ချက်လှုပ်တာနဲ့ မင်းနာမည် ‘နားရွက်စားအာစွပ်’ ကနေ

ဘဝပြောင်းပြီး ‘တစ်ဖက်ကန်းအာစွပ်’ ဖြစ်သွားမယ်။ ငါ့လောက်လေးက မင်းရဲ့ဘယ်ဖက်မျက်လုံးကို တည့်တည့်ပဲကွ”

ထိုစကားကို ဟက်ဆန်က အင်မတန်မင်သေစွာပြောသဖြင့် ကျွန်တော် သိထားပြီးသော အကြောက်တရားကို သူ့စကားထဲမှ မနည်းကြီး အားစိုက်နားထောင်ရ သည်။

အာစွပ်၏ပါးစပ် လိမ်တွန့်သွားသည်။ အပြောင်းအလဲကို ဝေလီနှင့် ကာမဲတို့ ကြည့်နေကြသည်။ တစ်ယောက်ကတော့ သူတို့အရှင်သခင်ကြီးကို စိန်ခေါ်နေပြီ။ အရှက်ခွဲနေပြီ။

အဆိုးဆုံးက ထိုတစ်ယောက်သည် ပိန်တာရိုးဟာဇာရာ ဖြစ်နေခြင်းပင်။
…………………………………………………

……………………………………………………
___________________________________________
ဆက်ပါဦးမည် .။
_____________________________________________-

_____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________–
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ..

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

ပုဂံစာအုပ်တိုက်
_____________

လေးစားစွာ.ဖြင့်

…………………………………………

5 comments

  • မောင်ပေ

    June 9, 2012 at 7:51 pm

    အလင်းစက် ရေ..
    နောက်တစ်ပိုင်းကြရင်
    စာအုပ် တန်ဘိုးလေးပါ ထည့်ရေးပေးပါလားဗျာ ။
    ဝယ်ချင်တဲ့သူတွေအတွက် ဈေးသိရတာပ

  • ဝင့်ပြုံးမြင့်

    June 10, 2012 at 7:54 am

    ဘောလုံးဂုရုကြီး ကိုပေရေ …
    စာအုပ်က ဝယ်မရတော့ဘူးနော်။ ပုဂံတိုက်မှာတောင် လက်ကျန်ပြတ်သွားပြီ။ ဒီစာအုပ်ကို ကိုအလင်းဆက် ဆစ်ပိုင်းပြီးတင်ပေးတဲ့အတိုင်းသာ ဖတ်ကြည့်ပါ။ အခန်းဆက်မှာ ဝတ္ထုကို ဘယ်နေရာမှာ ဘယ်လိုဆစ်ပိုင်းရမလဲ သူကောင်းကောင်းနားလည် ပါတယ်ရှင်။ ဒီစာအုပ်ဟာ ယခုလို ရခိုင့်အရေးမှာ ဖတ်ကြည့်ဖို့ ထိုက်တန်တဲ့စာတစ်အုပ်ဖြစ်ပါလိမ့်မယ်။ ပြောသာပြောရ ဘောလုံးပွဲတွေ သိပ်ကောင်းနေလို့ မဖတ်နိုင်မှန်းသိပါ့ရှင်။ ပြုံးရဲ့ အမျိုးသားကလည်း ဘောလုံးဂုရုတစ်ပါး ဆိုတော့ မသိခံနိုင်ရိုးလား။

  • shwe kyi

    June 10, 2012 at 9:49 am

    ဆက်ပါဦးရှင့်။ စောင့်ဖတ်ပါမည်။
    ဘာဆက်ဖြစ်မလဲ အရမ်းကိုသိချင်နေပါပြီ။

  • အလင်းဆက်

    June 10, 2012 at 6:26 pm

    ကိုပေရေ.ကျွန်တော့် ပိုစ်လေး အတွက် အကြံပေးလို့ကျေးဇူးပါနော် ။
    ဝယ်ရမှာတော့ ခက်နေပြီ..တဲ ့ဆရာမဝင့်ပြုံးမြင့်ပြောသလိုပါပဲ.။ဆိုင်တွေမှာ ရှာရတာ ခက်နေပါပြီ။

    ဆရာမ ရေ…
    ကျေးဇူးပါပဲ.နော် ။

    shwe kyi..ရေ
    မပြတ်…ဖတ်ရှုနေလို ့.ကျေးဇူးပါ ။
    ကျွန်တော်လည်း..မပြတ်..တင်ပြနေပါ့မယ်.လို ့ ကတိပေးပါတယ်..နော် ။

    အားလုံးကို ခင်မင်လေးစားလျက်
    alinsett.art@gmail.com

  • ကြောင်ကြီး

    June 14, 2012 at 10:57 am

    ဟားဟားဟား… ကြေးမုံဂျီးကိုလည်း ဟက်ဆန့်နည်းအတိုင်း ခြောက်ရမယ်..။ ကြေးမုံဂျီး မြစ်ဆုံဒေသကို သူ့အတိုင်း ထားလိုက်ပါ။ နို့မို့ရင် ကြောင်ကြီးကို အဆိုးမဆိုနဲ့… တားမရလို့ဂတော့ မြင်မြင်ရာ ကိုက်မှာဗဲ… ခွီး ဂရား…. 😡

Leave a Reply