လူမှုကိစ္စအဝဝ ဆိုရာဝယ် …
လူမှုကိစ္စအဝဝ ဆိုရာဝယ် …
– သူရဿဝါ –
(၁)
ခေတ်က မြန်တယ်လေ … သိတယ် မဟုတ်လား။ IT ကနေ ICT ပြောင်းသွားပြီ။ သတင်း အချက်အလက်နဲ့ နည်းပညာ မဟုတ်တော့ဘူး။ သတင်း အချက်အလက်၊ ဆက်သွယ်ရေးနဲ့ နည်းပညာခေတ် ဖြစ်နေပြီ ခင်ဗျ။ အရင်က မောင်ဝါဝါတို့မှာ တစ်ဘဝပဲရှိခဲ့တာ …။ အခုတော့ နှစ်ဘဝ ဖြစ်နေကြပြီ။ မောင်ဝါဝါ တို့မှာ ပင်ကိုယ် မူလ အပြင်ဘဝ ရှိသလို အွန်လိုင်း ဆိုတဲ့ ဖန်ကြိုးမျှင် ဆက်သွယ်ရေး လေလှိုင်း တွေထဲမှာလည်း မောင်ဝါဝါ တို့ရဲ့ ဒုတိယ ဘဝတွေ ရှိကြတယ် မဟုတ်လား။ မောင်ဝါဝါတို့မှာ တစ်နေ့ .. တစ်နေ့ ပထမ ဘဝထဲ ပြန်ဝင်လိုက်၊ ဒုတိယ ဘဝထဲ ခုန်ကူးလိုက်နဲ့ အလုပ်တွေ ရှုပ်လိုက် ကြရတာ။ တချို့များဆို ကိုယ့်ရဲ့ အပြင်ပန်း မူလဘူတ ဘဝထက်ကို အွန်လိုင်းပေါ်က ကိုယ့်စိတ်ကြိုက် ဖန်တီး တည်ဆောက် ထားကြတဲ့ ဒုတိယ ဘဝကိုတောင် ပိုပြီးတော့ ခုံမင်နှစ်ခြိုက် နေတတ်ကြတာကိုး ခင်ဗျ။
အခုဆို ပိုပြီးတော့ အဆင့်မြင့် လာကြပြီ။ ဆက်သွယ်ရေး စနစ်ကို ဟိုဖက် ဒီဖက် လွန်းထိုး ယက်ဖောက် လာကြပြီ။ ပြင်ပ မူလ ဘဝထဲက လူမှုကိစ္စ တွေကို အပြင် ကမ္ဘာမှာတင် ထားခဲ့လို့ မရကြတော့ဘူး။ အွန်လိုင်း ဆိုတဲ့ ဒုတိယ ကမ္ဘာသစ် ထဲကို ကိုယ်စီ ကိုယ်စီ ဆွဲငင် သိမ်းသွင်း လာကြပြီလေ။ အွန်လိုင်းမှာ အစပြုတဲ့ အချို့ လူမှုရေး၊ စီးပွါးရေး ကိစ္စတွေကို ပြင်ပ ကမ္ဘာမှာ ပြီးမြောက်အောင် ဆောင်ရွက် လှုပ်ရှား ရတာမျိုး ရှိလာသလို ပြင်ပ လူမှုဘဝ ထဲက ကိစ္စတွေကို အွန်လိုင်း မှာတင် အပြီးအပြတ် လုပ်ကိုင် ဆောင်ရွက် ကြတာမျိုးလည်း ရှိလာပြီ။ မနက် မိုးလင်း ကွန်ပျူတာ ရှေ့မှာထိုင်၊ အင်တာနက် ချိတ်ဆက် ပြီးတာနဲ့ ဒုတိယ ကမ္ဘာ ထဲမှာ နေပြီး ပြင်ပ လူမှုကိစ္စ တွေကိုပါ အွန်လိုင်း မှာပဲ ပြီးမြောက် စေကြပြီးတော့ မိုးချုပ်လို့ အိပ်ရာဝင် ခါနီး အချိန်မှ ပင်ကိုယ်မူလ ဘဝထဲကို ပြန်သွားကြတဲ့ သူတွေလည်း ဒုနဲ့ဒေး။ ကဲ … အဲဒီလို ICT ခေတ်ကြီးနဲ့ ခုနက မောင်ဝါဝါ ပြောတဲ့ “အွန်လိုင်း အခြေပြု လူမှုဘဝ ပိုင်ရှင်များ” တည့်တည့်ကြီး တိုးကြတဲ့ အခါကျတော့ …..
(၂)
မြို့ထဲ တစ်နေရာမှာ မီးလောင်တယ်။ မီးသတ်ကား၊ လူနာတင်ကား အသံတွေ ကြားရပြီ။ ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ။ အဲဒီ မီးလောင်တဲ့ နေရာနဲ့ အနည်းငယ် လှမ်းတဲ့ တိုက်ခန်းလေး တစ်ခန်းထဲက လူတွေလည်း မငြိမ်မသက်နဲ့။ ဝရံတာကို ထွက်ပြီးတော့
“ဘယ်မှာလောင်တာလဲ”
“တို့နဲ့ နီးလား”
“ဒုက္ခပါပဲ” အစချီ ပြီးတော့ တစ်ယောက် တစ်ပေါက် ဆူဆူညံညံ စပ်စုစူးစမ်း နေကြတယ်။ ဒါပေမယ့် အဲဒီလို လှုပ်ရွနေတဲ့ အခန်းလေး ထဲမှာပဲ သူများတွေနဲ့ မတူဘဲ၊ ထူးထူးခြားခြား အိန္ဒြေ ရနေတဲ့ မိန်းကလေး တစ်ဦးတော့ ရှိတယ်။ သူများတွေ လှုပ်ရှား ဆူညံပြီး ဝရံတာထွက် ကြည့်ရှု နေကြတဲ့ အချိန်မှာ သူမကတော့ အင်တာနက် ချိတ်ဆက် ထားတဲ့ ကွန်ပျူတာ ရှေ့ကနေ မျက်လုံးတောင် မခွါဘူး။ ခဏနေတော့ အဲဒီလို ဆူညံ နေကြတာကို နားငြီး လာတဲ့ဟန်နဲ့ တစ်ခွန်း ထပြောတယ်။ ဒါပေမယ့် သူမရဲ့ မျက်လုံးတွေ ကတော့ ကွန်ပျူတာ ကနေ ဘယ်ကိုမှ ခွာမသွားဘူး။ တကယ့်ကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး လှမ်းပြောတာ …
“အို .. ဘာလို့ တစ်ယောက် တစ်ပေါက် ထွက်ကြည့် နေကြတာလဲ၊ ဝရံတာကနေ လှမ်းကြည့်နေတယ်၊ တွေ့ရ မှာလည်း မဟုတ်ဘဲနဲ့၊ အောက်ဆင်း ကြည့်လည်း အချိန်ကုန် ဦးမယ်၊ အင်တာနက် ရှိနေတာပဲ၊ အွန်လိုင်းမှာ ခဏနေ သတင်း တက်လာမှာ၊ အဲဒါကိုပဲ စောင့်ဖတ်တာ မဟုတ်ဘူး” တဲ့။ ဟုတ်ပ … မှန်ပ။
(၃)
သူငယ်ချင်း ဖြစ်ဟန်တူတဲ့ မိန်းကလေး နှစ်ဦး အပြန်အလှန် စကားပြော နေကြတယ်။
“ဟဲ့ .. ဟိုတလောက ဟိုအဆိုတော်လေးရဲ့ ဓါတ်ပုံတွေ တွေ့ပြီးပလား”
“ဟေ့အေး .. မတွေ့သေးဘူး၊ ရပါတယ် .. အွန်လိုင်းမှာ ရှာကြည့်လိုက်မယ်”
“ဒါနဲ့ .. ဟိုမိတ်ကပ်ပစ္စည်း တံဆိပ်လေး ကောင်းတယ်တဲ့တော့ သိလား”
“ဟေ့အေး .. မသိသေးဘူး၊ ရပါတယ် .. အွန်လိုင်းမှာ ရှာကြည့်လိုက်မယ်”
“အဟိ .. ငါစိတ်ဝင်စားနေတဲ့ ကောင်လေးရဲ့ ပရိုဖိုင်လေ .. ဖေ့စ်ဘွတ်ခ်မှာ ရှိတယ်တဲ့အေ့”
“ဟုတ်လား .. ရှိတယ်ပေါ့၊ ရပါတယ် .. ငါ အွန်လိုင်းမှာ ရှာကြည့်ပေးမယ်လေ”
အော် … တစ်ဖက်လူ သိချင်တာ မှန်သမျှကို အေးအေးဆေးဆေး အွန်လိုင်းကနေ အကုန်လုံး ရှာဖွေ လုပ်ကိုင် ပေးနိုင်တဲ့ မိန်းကလေး ပါလား။ မောင်ဝါဝါ စိတ်ထဲက ကျိတ်ပြီး ချီးကျူးရတယ် ခင်ဗျ။ တကယ့် “အွန်လိုင်း အခြေပြု လူမှု ဘဝ” ကို စနစ်တကျ တည်ထောင် ထားကြရှာသား။
(၄)
အထက်မှာ ပြောခဲ့တဲ့ ဖြစ်ရပ် နှစ်ခုကို မောင်ဝါဝါ ကိုယ်တွေ့ ကြုံခဲ့ပြီး နောက်မှာတော့ မောင်ဝါဝါ သူတို့ကို သဘောကျ သွားခဲ့တယ်။ ကြည့်စမ်း .. အပြင်မှာ လှုပ်ရှား သွားလာ ရှာဖွေ လုပ်ကိုင် ရမယ်ဆိုရင် ကုန်လိုက်မယ့် အချိန်၊ ကုန်လိုက်မယ့် ငွေ။ အခုတော့ အင်တာနက် ရှိရုံနဲ့ အချိန်နဲ့ငွေကို ချွေတာပြီးသား ဖြစ်သွားပြီ။ အွန်လိုင်းကနေ အကုန် လုပ်လို့ ရနေတာပဲ။ အဲဒီ အချိန်က စလို့ …
“ဟေ့ .. မောင်ဝါဝါ၊ မင့်ကိုငါ မွေးနေ့ ဖိတ်တယ်လေ၊ ဘာလို့ မလာတာလဲ”
“ငါ .. လာပါသော်ကော၊ မင်း ငါ့ကို ဘယ်လိုဖိတ်တုန်း”
“Facebook မှာ Event တင်ပြီးတော့ မင့်နာမည် Tag ပြီး ဖိတ်သလေ”
“အိမ်း .. ငါလည်း အဲဒီ Event မှာ Go နှိပ်လိုက်သလေ၊ ဒါ .. လာတဲ့ သဘောပေါ့ကွ”
“ဟင် … အဲဒါ လူကိုယ်တိုင် ရောက်လာတာမှ မဟုတ်ဘဲ၊ အွန်လိုင်းက လာတာကြီးပဲကို”
“အေးလေ .. မင်းလည်း ငါ့ကို အွန်လိုင်းမှာ ဖိတ်တာပဲ၊ ငါလည်း အွန်လိုင်းကနေပဲ လာတာပေါ့လကွယ်”
“ဒါဖြင့် .. မွေးနေ့ လက်ဆောင်ရော”
“ရတယ် .. မင်း ဘာလိုချင်လဲ၊ Google Search ထဲကနေရှာပြီး ပုံတွေ၊ လင့်ခ်တွေ ပို့ပေးလိုက်မယ်” ဆိုတာက တစ်မျိုး ..
“ဟေ့ .. မောင်ဝါဝါ၊ ဟိုအနားမှာ ဟိုအဝှါ ဖြစ်နေသတဲ့၊ သွားကြည့်ကြ ရအောင်လား”
“နိုး .. နိုး၊ အင်တာနက်ကြီး ရှိသကွယ်၊ ခဏနေ သတင်း တက်လာမှ အခန့်သား ထိုင်ဖတ်တော့မယ်”
“ဟေ့ .. မောင်ဝါဝါ၊ ရှိုးပွဲ သွားမလို့ .. လိုက်ဦးမလား”
“ဟေ့အေး … အခွေ ထွက်တော့မှ အွန်လိုင်းကနေ Download လုပ်လိုက်တော့မယ်”
ဆိုတာက တစ်ဖုံနဲ့ မောင်ဝါဝါ တစ်ယောက် မြင်ကြ တွေ့ကြ တဲ့အတိုင်း ကိုယ့်ကို ဦးတည်ပြီး ဖိတ်သမျှ ကြားသမျှ ခေါ်သမျှ ဆိုသမျှကို ထိုင်ရာမထ အင်တာနက်ပါးဝပြီး အင်ဗိုက်တေးရှင်း အဖုံဖုံ၊ လူမှုကိစ္စ အစုံစုံတို့ကို အေးအေးလူလူကြီး ပြုလုပ် နေတော့တာ ဖြစ်ပါတယ်။ အဲ .. သို့ပေမယ့်၊ ဒီလို အင်တာနက် ကနေ လူမှုကိစ္စ အဝဝ ဖြောင့်ဖြောင့် တန်းတန်း ပြီးမြောက်ဖို့ ဆိုတာမယ် … အင်တာနက်ရဲ့ ကော်နက်ရှင် ဆိုတာကြီး ဂျောင်းဂျောင်းပြေး နေဖို့တော့ လိုပေတာ အမှန်အကန် ပါပဲလို့တော့ ဆိုပါရစေ ခင်ဗျား။
Techspace Journal
Vol (1), Issue (11)
6 comments
SkyHeart WinKo
June 11, 2012 at 4:40 pm
အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်ကြပါ။
စကားလုံးတစ်ခုတိုင်းမှာ အဖြေတွေသေချာရှာပြီးပြန်ခွပ်ကြကွာ။
မောင်ပေ
June 12, 2012 at 9:29 am
ဒဲ့ကို ခံစားရတယ် ကိုသူရရေ … ၂ဘဝ နဲ့ကျင်လည်နေမှန်း အခုမှ ပြန်စဉ်းစားမိတယ် ။ အိုက်ဒီယာ နဲ့ စဉ်းစား ရေးထုတ်ပုံ ကို လေးစားတယ်ဗျာ
Shwe Ei
June 12, 2012 at 10:42 am
ရှိုးပွဲကြည့်တာတော့ အွန်လိုင်းက ဒေါင်းလုပ်တာနဲ့ Show ပွဲထဲကိုယ်တိုင်ရောက်သွားပြီးကြည့်ရတာက မတူပေါင်ဗျာ။ တခြားစီမှ တခြားစီ။ သများတို့ကတော့ တခြားဟာတွေ ဘဲ (သတင်း၊ အတင်း) အင်တာနက်ကကြည့်တယ်။ ရှိုးပွဲတော့ကိုယ်တိုင်ဘဲသွားတယ်။ အာဟိ(ကြွားတာ):D
Phaung Phaung
June 12, 2012 at 2:11 pm
ရှိုးပွဲတော့ တခါမှမကြည့်ဖူးဘူး ( တို့လည်းကြွားတာ..အဟိ)။ ဟုတ်ပ…သူရဿဝါပြောသလို 2 ဘဝနဲ့ ငါပါလားနော်….။
စနေ
June 12, 2012 at 2:20 pm
ကိုဝါဝါပြောမှပဲ ..
ကိုယ့်ကိုယ်ကို ၂ ဘဝဖြစ်နေမှန်း သိတော့တယ် …. 😀
koko thant
June 12, 2012 at 3:02 pm
ko thu ya tha wah ပြောသလို့ပါပဲ ကမ္ဘကြီးက တစ်နေ့ထက်တစ်နေ ့တိုးတက်လာသလို ဆက်သွယ်ရေးကိုလည် းတစ်နေ့ထက်တစ်နေ့တိုး တက်အောင် လုပ်ဆောင်ဖို့လိုပါတယ်
အင်တာနက်ကလည်းကမ္ဘာသုံး ဖြစ်နေပါပြီ ကျနော်တို့နိုင်ငံလည်း လူတိုင်းအင်တာနက်သုံး တက်ဖို့လိုပါ
တယ် အင်တာနက်ရဲ့ ကော်နက်ရှင် ဆိုတာကြီး တာလည်းကောင်းပါစေလို့ဆုတောင်းလိုက်ပါဂျောင်း