“မနင်းစကောင်း……………..နင်းစကောင်း”
“မနင်းစကောင်း …………….နင်းစကောင်း…………….”
ဟိုအတော်ဝေးဝေးလွန်ခဲ့တဲ့ ဥပုဒ်တစ်ရက်က ကျနော်ရယ် ကိုသိန်းအောင်ရယ် ရှမ်းခေါက်ဆွဲသွားစားကြပါတယ်။
တနင်္ဂနွေနေ့ နဲ့ ဥပုဒ်နေ့ တိုက်နေတာရယ် မနက်ကိုးနာရီစွန်းစွန်းလောက်ရယ်ဆိုတော့ ခေါက်ဆွဲလာစားတဲ့သူအတော်များတယ်ပြောလို့ရပါတယ်။
စာပွဲတိုင်းမှာလူအပြည့် ။
စားပွဲထုးိလေးကောင်လေးတွေရောကောင်မလေးတွေပါဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်၊
ခေါက်ဆွဲပန်းကန်တွေကို မနိုင်မနင်းနဲ့သယ်လာပြီးလိုက်ချဆိုပြန်တော့
သူတို့ကိုကြည့်နေရင်းနဲ့တောင်မောလာသလိုပါဘဲ။
အတော်လေးကြာမှ ကျနော်တို့မှာထားတဲ့ခေါက်ဆွဲကရောက်လာပါတော့တယ်။
ဖြစ်ချင်တော့ ကျနော်တို့ဝိုင်းနဲ့ ဟိုဘက်စားပွဲဝိုင်းမှာတာတွေကိုပြောင်းပြန်ချမိပါတယ်ထင်ပါတယ်။
ကျနော်တို့နှစ်ယောက်က ဝက်သားနဲ့မှာထားပါတယ်။
လာချတော့ ကြက်သား။
ဟိုဘက်ဝိုင်းက လင်မယားကိုတော့ ကြက်သားနဲ့မှာတာကို ဝက်သားနဲ့သွားချပါတယ်။
စားပွဲထိုးလေးက မှားချတာသိလို့ မုန့်ပန်းကန်ချင်းလဲပေးမယ်လုပ်တော့ ဟိုဘက်ဝိုင်းက မုန့်တွေကိုနယ်ပြီးသားဖြစ်နေတော့ ့ လဲပေးလို့ မရတော့ပြန်ပါဘူး။
အဲတော့ စားပွဲထိုးလေးခင်ဗျာ မှားချတဲ့မုန့်တွေပြန်ယူသွားရပါတယ်။
ကျနော်တို့ဝိုင်းကိုလာပြီး မုန့်လဲပေးမယ်လုပ်တော့
“ရပါတယ်ကွာ…….ငါတို့ဒါဘဲစားလိုက်ပါမယ်၊နောက်တော့ မလွဲစေနဲ့”လို့ဘဲပြောလိုက်ပါတယ်။
“ ပြန်လဲခိုင်းလိုက်ရတာဘဲ သူတို့မှားချတာဘဲဟာ”လို့ပြောတော့
“နေပါစေ့ကွာ နို့မဟုတ်ရင် ကလေးတွေလခထဲက အဖြတ်ခံရမှာ၊
သူတို့မှားတာ ပေမယ့် မနင်းချင်ပါဘူး”လို့ပြန်ပြောပါတယ်။
ကိုယ်စားချင်တာ မစားရတော့ နည်းနည်းလေးတော့ ဖီလင်အောက်ပါတယ်။
အဲဒီနေ့ နေ့လည်ပိုင်းမှာ တော့ ကျနော်ရယ် မိတ်ဆွေတစ်ယောက်ရယ် လက်ဖက်ရည်သွားသောက်ဖြစ်ပါတယ်။
ကျနော်တို့နဲ့ဘေးဘက်က ဝိုင်းမှာတော့ ကောင်လေးတွေရောကောင်မလေးတွေအုပ်စုလိုက်ကြီးထိုင်နေကြပါတယ်။
မရှိဘူးဆိုသူတို့အဖွဲ့ကဆယ်လေးငါးယောက်။
မှာလိုက်ကြတာလဲ တစ်ယောက်တစ်ပေါက်.။
ခဏနေလို့ လက်ဖက်ရည်တွေအအေးတွေလာချတော့ပြဿနာတက်ပါတော့တယ်။
သူတို့မှာတာက ဘလူးမောင်တိန်….စပါကလင်။
စားပွဲထိုးကောင်လေးဖောက်လာတာက မက်စ်စပါကလင်။
ဟိုအဖွဲကလဲ သူတို့မှာတာမဟုတ်လို့ မယူဘူးလို့ပြော။
စားပွဲထိုးလေးကလဲ အမတို့မှာတဲ့အတိုင်းယူလာတာပါလို့ပြော.။
ငါမှန်တယ် သူမှားတယ် ငြင်းရင်းကနေ အခြေအတင်ဖြစ်လာပါတယ်။
သူတို့ အငြင်းအခုန်ဖြစ်နေတာကို ဆိုင်ရှင်သိသွားတော့ ကောင်လေးကိုဆူပြီး သူတို့လိုချင်တာနဲ့လဲပေးလိုက်ပါတယ်။
သူတို့ထဲက ကောင်လေးတစ်ယောက်က “နင်မှာတာ မက်စ်လေ”လို့ပြောတော့
ကောင်မလေးတစ်ယောက်က “ဟုတ်တယ်လေ ငါစိတ်ပြောင်းသွားလို့ ပြောင်းမှာလိုက်တာ”လို့ပြန်ဖြေသံကြားလိုက်ရပါတယ်.။
“နင်လုပ်တာက ကောင်လေးကြားညှပ်သွားတာပေါ့”လို့ပြောတော ့
နောက်ဆက်တွဲစကားသံလေးက “ငါတို့ကအများကြီးဝိုင်းမှာတော့ ငါလိမ်ပြောလိုက်တာ သူတို့မသိလောက်ပါဘူး”တဲ့။
ကောင်တာထိုင်နေတဲ့ပိုင်ရှင်မဆီက မသဲမကွဲကြားလိုက်ရတာကတော့
“နင့်လ ခထဲက တစ်ဝက်ဖြတ်မယ်”လို့ပြောသံလေးခပ်သဲ့သဲ့ ကြားမိသလို။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီအဖြစ်အပျက်လေးတွေကိုတွေးမိတော့ ကိုအောင်မောင်းတို့အလုပ်မှာ ဖြစ်ခဲ့တာလေးတစ်ခုကို
စိတ်ထဲမှာတရေးရေးပေါ်လာပါတယ်။
ဒါကလဲ ကိုအောင်မောင်ပြန်ပြောပြလို့ ကျနော်သိရတာပါ။
လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကဖြစ်ခဲ့တာပါတဲ့။
ကိုအောင်မောင်းတို့ဆီမှာရောင်းတဲ့ သကြားအိတ်တွေက အမျိုးအစားကိုလိုက်လို့ ဈေးကွာပါတယ်။
ဂရိတ်ဝမ်းနဲ့ဂရိတ်တူး ဆိုရင် ဝမ်းက နည်းနည်းလေးပိုပြီး ကွာလတီကောင်း ပိုဖြူပြီး တူးကတော့ နည်းနည်းလေးညိုပါသတဲ့။
တစ်အိတ်ကို ငါးရာလောက်ကွာပါတယ်။
ကိုအောင်မောင်းတို့ အရောင်းဌာနက မြို့ထဲမှာ။
ဂိုဒေါင်ကမြောက်ပြင်မှာ။
မြို့ထဲကဆိုင်ကရောင်းထားတာ ကို ဂိုဒေါင်မှာသွားထုတ်ရပါတယ်.။
အဲတော့ အရောင်းဌာနကနေ ဘယ်သူဘယ်ဝါ ဘယ်အမျိုးအစား ဘယ်နှစ်အိတ်လာသယ်မယ်ဆိုတာကို ဖုန်းနဲ့စာရင်းပေးထားပါတယ်။
တစ်ခါသားမှာတော့ မန်းလေးမြို့တောင်ဘက်က မြို့လေးတစ်မြို့က နေ သကြားအိတ်တစ်ရာ လာတင်တဲ့အခါ
ဒုတိယတန်းစား ဝယ်တာကို ပထမတန်းစားနဲ့မှားတင်ပေးလိုက်ပါသတဲ့။
အဲဒီကုန်လာတင်တဲ့ကား ထွက်သွားပြီးသိပ်မကြာခင်လေးမှာလက်ခံနဲ့တိုက်ကြည့်လိုက်တော့ မှ မှားတင်ပေးတာသိပါသတဲ့။
သိ သိချင်း ပစ္စည်းမှားတင်မိတဲ့အကြောင်း ဝယ်ထားတဲ့ကုန်သည်ဆီကို လှမ်းပြောတော့
“ကိုယ်ပေ့ါဆလို့ ဖြစ်တာ ကိုယ်ခံပေ့ါ”လို့ပြန်ဖြေပါသတဲ့။
တစ်အိတ်ငါးရာ အိတ်တစ်ရာ ငွေငါးသောင်းဆိုတော့ ဂိုဒေါင်ကလူတွေလဲပျားတုပ်ကုန်တာပေါ့။
အဲဒါနဲ့သူတို့လဲ သူတို့အထက်ကမန်နေဂျာဆီ ဒီလိုမှားသွားတဲ့အကြောင်းလှမ်းအသိပေးရတော့တာပေါ့။
သူတို့မန်နေဂျာကလဲ ကုန်သည်ဆီအကျိုးအကြောင်းလှမ်းပြောလို့တောင်းပန်လဲမရပြန်ဘူး။
ကိုယ်ဘာသာကို မှားတင်တာကိုယ်ခံဆိုတဲ့သဘောဘဲပြန်ဖြေပါသတဲ့။
မန်နေဂျာလုပ်တဲ့သူကလဲ အကိုတို့ဆီမှာမှ မရောက်သေးတာ အချိန်မီပါသေးတယ်ပြောတော့
ရောင်းထားပြီးသားတွေလို့ စကားပိတ်ပြောလိုက်ပါတယ်။
ဒီကိစ္စက ပိုင်ရှင်ဆီထိရောက်သွားပါတယ်။
ဒီတော့ ပိုင်ရှင်ကလဲ မှားပါသွားတဲ့လူဆီကို ဖုန်းနဲ့လှမ်းဆက်သွယ်ပါတယ်။
သူလိုချင်တဲ့ အမျိုးအစားကို နောက်ထပ် ပို့လိုက်မယ့်အကြောင်း၊
အခုမှားပါသွားတဲ့ဈေးကြီးတဲ့ဟာကိုလည်း ရောင်းပြီးမှ ငွေပေးပါဆိုတဲ့အကြောင်း၊
တကယ်လို့မယူခြင်ဘူးဆိုရင်လဲ ပစ္စည်းကို မန်းလေးပြန်ပို့ပေးဘို့အကြောင်း
အသွားအပြန်တန်ဆာခ ခံမယ့်အကြောင်း၊
ဝန်ထမ်းပေါ့ဆလို့ဖြစ်တာမှန်ပေမယ့် အချိန်မီပါသေးကြောင်း။
ဒီမှားယွင်းမူ့အတွက် ဝန်ထမ်းက ကျခံရမှာဖြစ်ကြောင်း
နောင်မဖြစ်အောင်ဂရုတစိုက်လုပ်မယ့်အကြောင်း ၊
မှားယွင်းမူ့အတွက် တောင်းပန်ပါကြောင်းပြောပေမယ့်လဲ ဟိုသူကတော့
” နိုးပါ”ဘဲ။
ကားပေါ်က ပစ္စည်းတွေကို ကြိုရောင်းထားပြီးသားလို့ပြောပါတယ်။
အားလုံးတောင်းပန်တာတောင်မှ မရတော့ ကိုအောင်မောင်းတို့ဆရာကလဲ
“ထားလိုက်တော့ကွာ”လို့ပြောပေမယ့် စိတ်တွေ တိုပြီး မျက်နှာကတော့ နီရဲနေပါတယ်။
မှားတင်တဲ့သူတွေကိုလဲ လစာထဲက အချိုးကျဖြတ်ပြီး ကွာခြားသလောက်ကို အလျော်ခိုင်းပါတယ်။
အဲဒီအချိန်ကစပြီး အဲဒီလူကုန်ဝယ်တယ်ဆိုရင် ကိုအောင်မောင်းတို့ဆရာ ကိုယ်တိုင်ရောင်းပါတယ်.။
အဲဒီလူဝယ်ရင် လက်ငင်းငွေချေမှရောင်းပါတော့တယ်။
“ငါတို့ဖက်က မှားတာတော့ မှားတာပေါ့ကွာ။
ဒီလူနဲ့ဒီလူ အမြဲဆက်ဆံနေကြရမှာလေ။
သူများအပေါ်မှာနင်းတတ်တဲ့လူတန်းစားမျုိုး က မယုံကြည်ရတဲ့လူမျိုး၊
သတိထားဆက်ဆံရမယ့်လူတန်းစားထဲမှာပါတယ်ကွ”လို့ကောက်ချက်ချပါတယ်။
********************************************************
တစ်ခါကလို့ဘဲဆိုကြပါစို့။
မမြင်မတွေ့ဘူးတဲ့မိတ်ဆွေတစ်ယောက် ကျနော်တို့နေထိုင်ရာမြို့လေးဆီကို လာမယ်လို့အကြောင်းကြားတော့
ကျနော်တို့မိတ်ဆွေတစ်စုမှာအလုပ်တွေရှုပ်ပါတော့တယ်.။
သူက အဝေးမှာနေထိုင်သူ၊
သူ့အတွေးသူ့အရေးတွေကို ကျနော်တို့က တစ်ဖက်သတ်လေးစားနေရတဲ့သူ။
လူခြင်းတစ်ကြိမ်တစ်ခါမှ မမြင်ဘူးဘဲ လေလှိူင်းများကြားကအသံလေးတွေ စကားလုံးလေးတွေက တစ်ဆင့် ရင်းနှီးနေသူ။
သူမလာခင်ကတည်းက ကျနော်တို့သူငယ်ချင်းတစ်စု မှာ ဧည့်ဝတ်ကျေစေရေးအတွက် တိုင်ပင်ကြရ ငွေစုကြနဲ့ပေါ့။
သူရောက်လာပြီဆိုတာနဲ့ကျနော်တို့မှာ သူဖြစ်ချင်တာဖြစ်ဘို့ဝိုင်းကြဝန်းကြရပါတော့တယ်။
ဘလူးဆို ဘလူး ရက်ဆိုရက် ဧည့်ဝတ်မပျက်စေရပါဘူး။
စားကြသောက်ကြ စကားတွေပြောကြနဲ့ပေါ့။
ဒါပေမယ့်ရှေးလူကြီးစကားများတယ်မှန်ဆိုသလို
“စကား စကားပြောပါများ စကားထဲက ဇာတိပြ”ဆိုသလိုပါဘဲ သူ့အပြော သူ့အမူအယာတွေက
သူအရင်ကရေးထားဘူးတဲ့စာတွေနဲ့ဘာမှမဆိုင်ဘူးဆိုတာသိလာပါတယ်။
သောက်ရင်းမဝတော့ ထပ်မှာ ။
စားရင်းအမြည်းလိုတော့ထပ်မှာ။
ကျနော်တို့ဘက်ကတော့လိုလေးသေးမရှိ.။
အဆုံးမတော့သူမှောက်သွားပါလေရော။
ဒါနဲ့ဘဲပိုက်ဆံရှင်း သူအိမ်အပြန်လမ်းမှာ အမူးပြေလာ။
မဝသေးပါဘူးတဲ့။
ဒါနဲ့နောက်တစ်ဆိုင်ဆက်သောက်စကားတွေ ကပေါက်တိကပေါက်ချာပြော။
ကျနော်တို့ ညတစ်ချက်ထိုး(ဖော့ပြောရင်တော့ မနက်စောစော) အိမ်ပြန်ရောက်ပါတော့တယ်။
နောက်ရက်ရောက်ပြန်တော့လဲဖုန်းဆက်ပြီးလူစု။
သူသွားချင်တဲ့နေရာဆီကိုလိုက်ပို့။
ကားရှိတဲ့ကောင်က ကားစိုက်ပေါ့။
တစ်အုံတစ်မကြီးသွားကြ။
တစ်ဆိုင်ပြီးတော့နောက်တစ်ဆိုင်။
သူပါးစပ်ဟတာနဲ့ ကျနော်တို့က အကုန်ဖြစ်အောင်ဝိုင်းပြီး ဧည့်ဝတ်ကျေကြပါတယ်။
ဒီတစ်ညမှာတော့ တစ်ခုပိုလာပါတယ်။
အညောင်းဖြေ အငြာပြေဆိုပြီး မာဆတ် ပါလိုက်ပို့ပေးရပြန်တော့
မနက်စောစောမှ အိမ်ပြန်ရောက်ပါတယ်။
ကျနော်တို့အဖွဲ့ကလည်း လူစုလို့သူ့ကိုဧည့်ဝတ်ကျေဘို့ စီစဉ်ရပါတယ်။
သုံးရက်မြောက်နေမှာတော့ ကျနော်တို့ရဲ့ပြားကပ်ကပ်အိတ်တွေလဲပိုလို့ပိန်လာပါတယ်။
စိတ်တွေလဲ လိန်လာပါပြီ။
အလုပ်လဲပျက် အိမ်ကလဲမကြည်တော့ပါဘူး။
ဒါပေမယ့် သူခဏလေးလာတာပါဆိုတဲ့အတွေးနဲ့ဆက်ပြီး ဧည့်ဝတ်ကျေဘို့လုပ်ရပြန်ပါတယ်။
ငွေကုန်လူပန်းတာထက်စိတ်ညစ်တာကတော့ သူ့စကားလုံးအကြီးကြီးတွေက ကျနော်တို့နားနဲ့မဆန့်တာပါဘဲ။
ကျနော်တို့က ဒီမြို့မွေးဒီမြို့ကြီးတဲ့သူ။
ဒီမြို့ရဲ့ လက်ရှိအနေအထားပေါ်မှာ မူတည်လို့ ဘဝကိုထိန်းကျောင်းမောင်းနှင်နေရသူ။
သူက သူတို့ရဲ့ဝေးရပ်မြေက အခြေအနေတွေနဲ့နုှိင်းယှဉ်လို့ ကျနော်တို့ကို ညံ့လိုက်တာဗျာ ဆိုတဲ့စကားလုံးမသုံးဘဲနဲ့
ကျနော်တို့ကိုသွယ်ဝိုက်စွာ အပြစ်တင်နေသူ။
ကိစ္စတစ်ခုရယ်လို့ပြောလိုက်ပြန်ရင် သူနေရတဲ့ အနေအထားနဲ့ချိန်ထိုးလို့ ပြောတတ်ပြန်ပါတယ်။
ကျနော်တို့မှာလူညံ့ကြီးတွေကို ဖြစ်လို့ပေါ့၊
ဒါပေမယ့်
“အော်ခဏလာသူဘဲလေ”ဆိုပြီးတော့ ကျနော်တို့က သည်းခံရပြန်ပါတယ်။.
လေးရက်မြောက်နေ့မှာတော့ သူက ဘိုဆန်ဆန်ပါဘဲ။
“Return bonus “ပါတဲ့။
အဲ့တော့ ထုံးစံအတိုင်းလူစု။
ထိုင်နေကြဆိုင်ရောက်တော့ သူ့အလိုရှိတာကိုမေးပြီးစားကြသောက်ကြပေါ့။
စားလိုက်သောက်လိုက် စကားပြောလိုက် ငြင်းလိုက်ခုံလိုက်နဲ့ အချိန်အတော်လေးရင့်လာတဲ့အခါမှာတော့
ဘီယာပုလင်းခွံလဲအစီအရီ။
လမ်းလျောက်တဲ့ကိုဂျော်နီကလဲ အခွံတွေဘဲကျန်။
စားပွဲပေါ်က အမြည်းပုဂံတွေကလဲ အလွတ်။
ရေသန့်ဘူးတောင်မှအလွတ်။
စားစရာသောက်စရာဘာမှမကျန်။
အားလုံးကလဲပြန်ချင်နေပြီ။
ညကလဲ ဆယ့်တစ်နာရီကျော်နေပြီ။
ဒကာခံမယ်လို့ခေါ်ထားတဲ့သူက ပြန်မယ့်အရိပ်အယောင်မပြ။
ဒါနဲ့ဘဲစားပွဲထိုးကိုခေါ်ပိုက်ဆံရှင်းဘို့ဘီလ်တောင်း။
စာရွက်လေးရလာတော့ ဒကာတော်ရှေ့ကိုထိုးပေးတော့ တစ်ချက်ကြည့်ပြီးဟိုဘက်လှည့်သွား။
ဒီမှာအားလုံးက သဘောပေါက်သွားတော့ ပါလာတဲ့ပိုက်ဆံလေးတွေကြွက်စု စုပြီးရှင်းလိုက်ကြ။
သူရယ် နောက်တစ်ယောက်ရယ်က တက္ကစီတစ်စီးငှားပြီးပြန်သွား။
ကျန်တဲ့သူတွေက တော့ တစ်ယောက်စီလမ်းခွဲ။
နောက်ဆုံးကျန်တဲ့သူနှစ်ယောက်မတော့ ကျန်တဲ့ပိုက်ဆံက တက္ကစီခမလောက်။
ဒါနဲ့ဘဲ အိမ်ကလူကိုလှမ်းခေါ် ပြီး လာကြိုဘို့မှာရပါတယ်။
နောက်ဆက်တွဲသတင်းကတော့ ကိုဧည့်သည်နဲ့ အတူပြန်တဲ့မြို့ခံ က
အညောင်းဖြေဘို့မာဆတ်သွား စိတ်တွေလန်းဆန်းလာတော့ ကေတီဗွီကိုခရီးဆက်။
အဲဒီမသွားခင် မြို့ခံလူက သူ့မိတ်ဆွေဆီကို လှမ်းပြီးဖုန်းဆက်လို့ ပိုက်ဆံချေးရပါသတဲ့။
နောက်နေ့မနက်ရောက်တော့ ကျနော်တို့ တစ်တွေအားလုံး မတိုင်ပင်ဘဲ ဖုန်းပိတ်ထားလို်က်ရပါတော့တယ်။
ကျနော်တို့ရှိသမျှငွေလဲကုန် စိတ်လဲကုန် ဆိုတဲ့ အခြေအနေကို ရောက်သွားလို့ပါ။
သူပြန်တဲ့ထိလဲ ကျနော်တို့က သူ့ကို ထပ်တွေ့ဘို့မကြီုးစားတော့ပါဘူး၊
နောက်ဆက်တွဲသတင်းကတော့ ကိုဧည့်သည်ရဲ့ မိတ်ဆွေတစ်ယောက်ထပ်ရောက်လာတာကို
နောက်ဆုံးကျန်သူက အကူအညီတွေထပ်ပေးလိုက်ရပါသေးသတဲ့။
ကားစို်က်လူစိုက် ဆီစိုက်နဲ့ လုပ်ပေးလိုက်ရပါသေးတယ်တဲ့။
နောက် ချေးထားတဲ့ပိုက်ဆံလဲ ဆပ်မသွား တော့ မြို့ခံလူကဘဲ စိုက်ထားလိုက်ရတယ်ဆိုတာဘဲကြားလိုက်ပါတယ်။
လူဆိုတာ ကိုယ်အသာစီးရချင်တာတော့ သဘာဝပါဘဲ.။
စီးပွားရေးနဲ့ပါတ်သက်လို့နင်းလိုက်တယ်ဆိုတာကတော့ကိုယ့်ဘက်ကမှားလို့ဖြစ်သွားတာက ခံသာပါသေးတယ်။
ကိုယ်ညံ့လို့ ကိုယ်ခံရတာ လို့ ဖြေသိမ့်နိုင်ပါတယ်။
ဒီအမှားပေါါ်မှာနင်းတယ်မနင်းဘူး
ခွင့်လွှတ်တယ် မလွှတ်ဘူးဆိုတာကတော့ အသာစီးရသွားသူရဲ့စိတ်အလိုအတိုင်းပါဘဲ။
စားပွဲထိုးကောင်လေးလို ကိုယ်ထက်နိ်မ့်ပါးသူ မှန်းသိပါရဲ့နဲ့ မမှတ်မိနိုင်ဘူးဆိုတဲ့အချက်ကို ဖိနင်းလိုက်တာမျိုးကတော့
မဖြစ်သင့်ဘူးလို့ ယုံကြည့်ပါတယ်။
ပိုဆိုးတာကတော့ ဧည့်သည်တစ်ယောက်ကို တာဝန်ကျေချင်တဲ့ မိတ်ဆွေတွေရဲ့ချစ်ခင်စိတ်အပေါ်မှာအခွင့်အရေးယူြုပီး
နင်းထည့်လို်က်တဲ့သူမျိုးကတော့ စိတ်ဓါတ်ရေးရာ သိမ်ဖျင်းတဲ့လူတန်းစားလို့ဘဲသတ်မှတ်ချင်ပါတယ်။
ဒီနေ့မနက် ရုံးက ကလေးတစ်ယောက်က ဖုန်းလိုချင်တယ်ဆိုလို့ဖုန်းဆိုင်သွားကြပါတယ်။
ကျနော့်ကောင်လေးတွေ ဟန်းဆက်ရွေးနေတုန်းကျနော်က ဘေးနားကခုံမှခဏထိုင်နေပါတယ်။
လူတစ်သိုက်က ဖုန်းရောင်းတဲ့ကောင်လေးကိုမေးခွန်းတွေထုတ်နေပါတယ်။
ဖုန်းအသစ်နံမယ်ပေါက် နံပါတ်ကောင်းတာ ရှားတာက နှစ်သိန်းနှစ်ထောင်ကျပ်
ဘာနံပါတ်မှမရွေးဘူး ကြုံရာကျဘမ်းယူဆိုရင် တစ်သိန်းကိုးသောင်းရှစ်ထောင်။
နံပါတ်တွေကြည့်ကြ ပြုကြ စကားတွေပြောကြနဲ့ အတော်ကြာတာတောင်မပြီးနိုင်။
ဝယ်မယ်ဆိုသူက မဝေခွဲနို်င်။
တစ်ယောက်ကလေးထောင်လေးကွာတာကြည့်မနေနဲ့ နံပါတ်လှတာယူ ဆိုတိုက်တွန်းသူကတစ်ဖက်။
နံပါတ်လှတာ မလှတာဘာအရေးပါလဲ။
ဖုန်းပြောလို့ရပြီးတာဘဲ လေးထောင်ဆိုလဲလေးထောင် ဘီယာသောက်ရတာပေါ့ လို့ ပြောသူကပြော။
နောက်ဆုံးတော့ ဟိုလူက နံပါတ်မရွေးဘူးကွာ လို့ပြောလိုက်လို့ ကဒ်ချိုးမယ်လုပ်ရော ကောင်တာထဲကို
ခုမှဝင်လာတဲ့ကလေးတစ်ယောက်က ကဒ်ချိုးချလိုက်ပါတယ်။
ဟန်းဆက်ထဲ ထည့်မယ်ဆိုပြီးသေချာပြန်ကြည့်လိုက်မှ 9လေးလုံးပူးနေတဲ့နံပါတ်ဖြစ်နေတာသိလိုက်ပါတယ်။
နောက်ရောက်တဲ့ကလေးက မှားချိုးလိုက်တာပါ။
အဲဒီမှာ အရောင်းကောင်လေးက သူတစ်ဝက်စိုက်မယ် 2သိန်းတော့ပေးပါပြောတယ်။
ဟိုဘက်အုပ်စုကလဲ မင်းတို့ဘာသာ မှားချိုးတာ မယူဘူး၊
တစ်သိန်းကိုးသောင်းရှစ်ထောင်ဘဲပေးမယ်။
ကြိုက်တဲ့နံပါတ်ထည့်ပေးလိုက်လို့ပြောပါတယ်။
ကဒ်ချိုးပြီးသားဆိုပြန်တော့လဲ သူများပြန်ရောင်း့ရင်ခက်မယ်ဆိုတော့ ကောင်းလေးတွေမှာအတော်အခက်တွေ့ပုံရ။
အဲဒီအချိန်ကျနော့်ဘေး ကဖုန်းပြောနေသူကလဲ အာကျယ်ပါကျယ်။
“ကိုရင် လာသာလာခဲ့ရောက်ပြီဆိုတာနဲ့ ဖုန်းဆက်လိုက် လာခေါ်မယ်။
ဒီလူနဲ့ဒီလူဗျာ အဝေးကပြန်လာတဲ့လူအပေါ်ကျုပ်တို့က ဧည့်ဝတ်ကျေအောင်ထားမှာပါ။
စိတ်ချ”လို့ပြောနေပါတယ်။
“လာခဲ့စမ်းပါဗျာ”လို့ပြောတာလဲခဏခဏ၊
ကျနော်သူများတွေကို ငေးကောင်းနေတုန်းကလေးတွေပြန်လာပါတယ်။
သူတို့လိုချင်တာရလို့ပျော်လို့၊
ပြန်သာလာရတယ် ကျနော်စိတ်က ဖုန်းဆိုင်ထဲမှာကျန်နေခဲ့ပါတယ်.။
ဖုန်းမှားချိုးလိုက်တဲ့ကလေးလဲ ငွေမစိုက်ရပါစေနဲ့၊
ရွှေဧည့်သည်ကို မျှော်နေတဲ့ ကိုအာကျယ်လဲ ကျနော်တို့လို့အနင်းမခံရပါစေနဲ့လို့ ဆုတောင်းပေးနေမိပါတယ်။
ကဲမိတ်ဆွေရော ဒါမျုိုးကြုံဘူးပါသလား…………………………
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(18-6-2012)
39 comments
ကိုပေါက်(မန္တလေး)
June 20, 2012 at 8:42 am
အခုတလော မန်းလေးမှာ ဖုန်းဟန်းဆက်ရောင်းတဲ့ဆိုင်လေးတွေအတော်လေးလူစည်ကားပြီး
အရောင်းအဝယ်ဖြစ်ကြပါတယ်။
တစ်ရက်ဖုန်းဆိုင်လေးကို အဖော်လိုက်သွားရင်း လူတစ်စုငြင်းခုန်နေကြတာကိုမြင်ရာကနေ
ဒီပိုစ်လေးဖြစ်သွားပါတယ်။
တစ်ခါတစ်ရံမှာတော့ ကိုယ်ရေးလို်က်တဲ့စာတွေထဲမှာ ကိုယ်မှားတဲ့အကြောင်းတွေကိုရောသူများမှားတဲ့အကြောင်းတွေ
ကိုပါရေးမိတတ်ပါတယ်။
အဲလိုရေးရခြင်းရဲ့ရည်ရွယ်ချက်ကတော့ သူ့အမှားကိုထောက်ပြချင်ရုံသက်သက်မဟုတ်ပါဘူး။
ကျနော်တို့အားလုံးသူ့လိုမဖြစ်အောင်ဆင်ခြင်နိုင်ဘို့ပါ။
ကောင်းတာလေးတွေကိုလဲ အတုယူနိုင်အောင်ရေးဘူးပါတယ်။
ကိုယ့်ရှေ့မှာအမှားတွေလုပ်သွားသူကို ကျေးဇူးတင်ပါတယ်။
သူက ကျနော့်ကို မမှားအောင် သင်ပေးသွားတယ်လို့ခံယူပါတယ်။
မောင်ပေ
June 20, 2012 at 8:45 am
ကျုပ်တော့ မသိ။ ကြုံဖူးသူတွေ လာမန့်မှ သေချာမှတ်ရမယ်။
ကိုပေါက် စာက ဖြစ်ရပ်မှန်မို့ထင်တယ်
ဖတ်အပြီး အတွေးပွားစရာတွေရလို့… တွေးဖို့လစ်ပြီဗျို့
ကြည်ဆောင်း
June 20, 2012 at 9:14 am
လူအမျိုးမျိုး စိတ်အမျိုးမျိုးဆိုတာ အရမ်းမှန်တယ်နော်၊ ကြည်ဆောင်းကတော့ စိတ်ထားကောင်းရင် ကံကောင်းမယ်ဆိုတာ ယုံကြည်တယ် ။ မလုပ်သင့်မလုပ်ထိုက်တာကိုလုပ်ရင် တချိန်မှာ ကံတူအကျိုးပေးဆိုတာ အနှေးနဲ့ အမြန်ဆိုသလို လါမှာပါဘဲ။
flamingo
June 20, 2012 at 9:18 am
ကိုပေါက်ရဲ့ စာအများစုကိုဖတ်ဖူးပါတယ်…
ခုရေးတဲ့ရည်ရွယ်ချက်ကိုလဲသဘောပေါက်ပါတယ်…
ကိုပေါက်ကအတွေ့အင်္ကြုရင့်ကျက်ပြီးသားဆိုတော့ခွင့်လွှတ်စိတ်နဲ့
အေးရာအေးကြောင်းပေါ့….ပြည်ပကပြန်လာသူတော်တော်များများကတော့
ူူဒီလိုပါဘဲ…
Shwe Tike Soe
June 20, 2012 at 9:24 am
လေးပေါက်ရေ…. စာပွဲထိုးကို ညာတဲ့ကောင်မလေးနဲ. သကြားအိတ်မှား တာကို ဗြောင်ယူတဲ့ ပိုင်ရှင် တွေ ……အခြားအခြားသောသူတွေ………… ဖတ်ရင်းစိတ်ကုန်မိပါတယ်………
ဒီပို.စ်ကို ဖတ်ရင်းနဲ. တစ်ခုတော့ ရလိုက်တယ်………. အော် ပညာတတ်တွေ ကလိမ်ကကျစ်လုပ်ရင် သူများထက်ဆိုးတယ် ဆိုတာလေးပါ…………….. 😀
ကိုပေါက်(မန္တလေး)
June 20, 2012 at 9:28 am
ဟုတ်တယ်မိတိုက်ရေ
လောကမှာ ဆင်းရဲတာ ချမ်းသာတာ ပညာတတ်တာ မတတ်တာက တစ်ပိုင်း။
စိတ်ထားကောင်းကောင်းလေးနဲ့နေနိုင်အောင်ကြုးိစားလို့နေထိုင်တာက တပိုင်းဘဲ။
နင်းတတ်တဲ့လူကတော့ နင်းမှာဘဲ။
အဓိက ကတော့ ကိုယ်က မနင်းမိဘို့ရယ် ရှောင်နိုင်ဘို့ရယ်ပါဘဲ။
Thel Nu Aye
June 20, 2012 at 9:58 am
ံကြုံဖူးပါတယ်လေးပေါက်ရေ။ ကျွန်မခရီးသွားတော့ အဲဒီသွားတဲ့မြို့က ပစ္စည်းကို ရောင်းဖို့ဆိုတယောက်က မှာတာ။ ပိုက်ဆံစိုက်ထားလိုက်ပါတဲ့။ ရောင်းပြီးကုန်မှပေးမယ်ဆိုပြီး သိန်းချီစိုက်ထားရပါ တယ်။ နှစ်လလောက်နေမှ ပိုက်ဆံပေးတော့ သူသုံးဖို့ရယ် သူက သူများကိုလက်ဆောင်ပေးတာရယ်နှုတ်ပြီးမှ ကျန်တာပေးပါတယ်။ ဒါကတော့လက်ရှိနောက်ဆုံးဖြစ်ခဲ့တဲ့အဖြစ်ကလေးပါ။ ရှေ့တွေမှာလဲ ထိုနည်း လည်းကောင်းတွေရှိပါတယ်။ ဒါကြောင့်လဲလေးပေါက်ရဲ့စာကို ကိုယ်ပိုင်ခံစားချက်နဲ့ဖတ်သွားပါတယ်။
thar ag
June 20, 2012 at 9:58 am
နောက် ဆို ရင် သတိထားရမယ် အချက် ကလေးတွေကို ပြောပြသွားတဲ့ ကိုပေါက် ကို ကျေးဇူးအထူတင်ပါတယ်
mihninlay
June 20, 2012 at 10:03 am
လေးပေါက်ရေ အဲလိုအဖြစ်တွေကတော့များတယ်ကိုယ်တိုင်လဲကြုံတွေ ့ဘူးပါတယ်
ခေါက်ဆွဲစားတိုင်းမှားတာလဲခဏခဏပါပဲ မှားတိုင်းလဲအားနာလို ့ကြိတ်မှိတ်စားလိုက်ရတယ်
တစ်ခါကတော့အတွက်မှားပြီးငွေပိုသွင်းမိတာလုံးဝပြန်တောင်းလို ့ကို
မရတော့တာ အဲလူကလဲအတော်ချမ်းသာတဲ့သူပါပဲ ။ နောက်ပိုင်းတော့အဲလူနဲ ့အလုပ်လုပ်ရင်အတော်သတိထားရတော့တယ်။
mocho
June 20, 2012 at 10:50 am
လောက မှာ လူ အမျိုးမျိုး ၊ စိတ် အထွေထွေ ဆို သလို ပဲပေါ့။လူတွေ ဟာ အချင်းချင်း ဆတ်ဆံ ကြ တဲ့ နေရာ မှာ ဘာကြောင့် များ ကိုယ် ချင်းစာ တရားကို မေ့ လျော့ နေကြတာပါလိမ့်နော်။
water-melon
June 20, 2012 at 10:53 am
လေးပေါက်ရေ
အရမ်းဗဟုသုတရပါတယ်ဗျာ
ဆောင်ရန်ရှောင်ရန်တွေကိုလည်း နားလည်ပါပြီ
ကျေးဇူးပါ။
pan pan
June 20, 2012 at 10:57 am
ဖတ်ခဲ့ဖူူးတဲ့စာလေးတစ်ပုဒ် သွားသတိရမိတယ်
စာရေးဆရာကတော့ ဆရာဖေမြင့်လားမသိ၊ သေချာမမှတ်မိတော့
အဲ့ဒီမှာရေးထားတာက ဥပမာလေးပေ့ါ၊ လူ၁ဝယောက်ရှိတယ်အခန်းထဲမှာ လူ၁၀ဝရှိရင်
လူ၉ဝကအောက်မှာအနင်းခံရမယ်၊ လူ၁၀ဝကနင်းထားမယ်
သဘောကတော့ နင်းမလား၊ အနင်းခံမလား၊ ဒါပဲ၊
(အဓိက ကတော့ ကိုယ်က မနင်းမိဘို့ရယ် ရှောင်နိုင်ဘို့ရယ်ပါဘဲ။) ဒါကအကောင်းဆုံးပါပဲ
ဒါပေမယ့် နှစ်လမ်းပဲရွေးစရာရှိရင်တော့ တစ်ခုခုလုပ်ရမှာပဲနော်
ပန်ပန်ဆိုရင်လည်း ဘာလုပ်မိမယ်မသိဘူး
လေးပေါက်တို့က အတွေ့အကြုံများတော့ ပိုနားလည်မှာပေ့ါ
ဒါနဲ့ စကားမစပ် ပန်ပန့်သူငယ်ချင်းမလေးက အာရပ်စော်ဘွားနိုင်ငံတစ်နိုင်ငံက စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ
အလုပ်သွားလုပ်နေပါတယ်
သူတို့ဆီမှာက ဝက်သားကို ဝေရာမဏိဆိုတော့ လုံးဝမကြိုက်ကြဘူး
အဲဒီမှာ အာရပ်မျိုးနွယ်တစ်ယောက်က စားစရာမှာတာ လာချပေးတော့ အထဲမှာ ဝက်သားဖတ်ကလေးတစ်ဖတ်တွေ့သွားရော
ဒါနဲ့ပဲ အဲ့ဒါချက်တဲ့ စားဖိုမှူးကိုခေါ်ခိုင်းပြီး သေနတ်နဲ့ ပစ်သတ်လိုက်သတဲ့
လေးပေါက်ရဲ့ ရှမ်းခေါက်ဆွဲကိုဖတ်ပြီး သွားသတိရမိလို့ပါ
ကိုယ်ကဝက်သားမှာလို့ ကြက်သားလာချပေးတယ်၊ ကြက်သားလည်းစားတဲ့လူဆို ကိစ္စမရှိပေမယ့်
ဝက်သားမစားတဲ့လူကို ဝက်သားမှားပြီးလာချပေးရင်တော့ ဒွတ်ခနော်
ကိုယ်တိုင်သာဆိုရင်ကော….ပြန်ပဲလဲခိုင်းရမလား
အင်း…မလဲခိုင်းစကောင်း….လဲခိုင်းစကောင်း….. 🙄
မိုက်ကယ်ဂျော်နီအောင်ပု
June 20, 2012 at 11:16 am
ဟုတ်တယ်ဗျ မန္တလေးက အန်ကယ်ဦးလေးပေါက် ပြောတာ ထောက်ခံတယ်
( ကိုယ်မှားတဲ့အကြောင်းတွေကိုရောသူများမှားတဲ့အကြောင်းတွေ ကိုပါရေးမိတတ်ပါတယ်။ )
ဒါကောင်းတယ် မန္တလေးက အန်ကယ်ဦးလေးပေါက်
ကျနော်ဆို ကိုယ့်အကြောင်းကိုယ်ပြန်တွေးတယ် ဘာမှမမှန်တဲ့အတွက် ဘာမှမကောင်းဘူး 😀
အလင်းဆက်
June 20, 2012 at 11:27 am
ကြုံဖူးသေးဘူးဂျ ။
အတွေးပါးပါးလေး.ဖတ်ရတာ အရသာရှိပါ့
ahnyartamar
June 20, 2012 at 11:33 am
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေးပေမယ့် အရှည်ကြီးစဉ်းစားစရာတွေအပြည့်ပါ။
– Order မှာသူ (Customer) ကလည်း ကိုယ်သုံးဆောင်ချင်တာကို သေချာစဉ်းစားပြီးမှာဖို့လိုသလို Order Taker ကလည်း (Waiter) အော်ဒါတိတ်ကာနုပ်နဲ့ သေချာရေးမှတ်ရင် အားလုံး OK မှာပါ။
– အရောင်းအဝယ်ကိစ္စကတော့ Double Check လုပ်သင့်ပါတယ်၊ ကုန်မတင်ခင် ကုန်ပြေစာနဲ့ ကုန်ပစ္စည်းနဲ့ သေချာစွာတိုက်၍ စစ်ဆေးသင့်ပါတယ်။ နှစ်ဦးနှစ်ဖက်မနစ်နာဖို့ပါ။
Ma Ei
June 20, 2012 at 11:38 am
ကိုပေါက်ရေ…
ကျမလဲကိုယ့်ကိုနင်းတက်မယ့်သူတွေနဲ့ချည်း တွေ့နေရပါတယ်…
မနင်းကောင်းတာ အမှန်ပါနော်…
ကိုယ်ချင်းစာကြရင်ဖြင့် ဘဝတွေသာယာပါလိမ့်မယ်…
အမြင်မှန်ရနိုင်ကြပါစေ…
မောင်ပေ
June 20, 2012 at 12:01 pm
မအိ ကို နင်းမယ့်လူတွေထဲမှာ
မောင်ပေ လုံးဝ လုံးဝ မပါပါဘူးနော်
စိတ်ချလက်ချ ဂေဇက်ကို လာခဲ့ပါဗျာ။ ဟီဟိ
kai
June 20, 2012 at 12:02 pm
စနစ်ကြောင့်မဟုတ်. နို်င်ငံရေးစနစ်ကြောင့်.. မဟုတ်..။ 🙂
Mလုလင်
June 20, 2012 at 12:09 pm
(သဘော ကျတယ်ဗျာ) —-> ဒါက သူကြီး comment အတွက် … ဦးပေါက် ရေ .. နောက်မှ ပြန်လာခဲ့မယ်ဗျာ …
ကိုပေါက်(မန္တလေး)
June 20, 2012 at 12:13 pm
သူကြီးရေ သိပ်ဟုတ်တာပေါ့။
ဒါလူတစ်ယောက်ခြင်းရဲ့ အနိုင်ယူလို အသာစီးယူလို့တဲ့စိတ်ရယ် မသိတတ်တဲ့စိတ်ရယ်ပေါ့။
အဲဒါ လောကနီတိမသင်ပေးလို့ဖြစ်တာ
kai
June 20, 2012 at 3:02 pm
မြန်မာပြည်ရဲ့.. တိုးတက်မှုတွေဆုတ်ယုတ်စေတဲ့.. အဓိကအကြောင်းတွေထဲ.. အဓိကတရားခံဟာ.. စနစ်မဟုတ်ဖူးဆိုတာ.. ထပ်ခါရေးနေရတာပါ..
နိုင်ငံရေးစနစ်ကြောင့်ပါတယ်ဆိုပေမဲ့.. နိုင်ငံရေးစနစ်ကြောင့်… ဆိုတာမျိုးက.. ၁၀ဝမှာ.. ၅ဝမရှိလောက်ဘူး..
မြန်မာပြည်တိုးတက်စေချင်ရင်..မြန်မာတွေအောင်မြင်စေချင်ရင်.. ရှေးစွန်းစွဲအတွေးအမြင်.. သင်ကြားမှုတွေ.. အကျင်စရိုက်တွေ…. ချန်ထားခဲ့မှဖြစ်လိမ့်မယ်..
သမ္မတဦးသိန်းစိန်က.. ဒါကိုရိပ်မိသိနေဟန်ရှိတယ်..။ သူမိန့်ခွန်းတွေမှာ.. ရှေးရိုးစွဲတွေ.. ထားခဲ့မယ့်အကြောင်း.. ပါတတ်တယ်..။
–
ရှေးစွန်းစွဲတွေမွေးထုတ်တဲ့..အဓိကလက်သည်တခုဖြစ်တဲ့.. လောကနီတိအကြောင်းတော့… ကျုပ်မပြောတော့ဘူး..
ကိုမိုးသီးဇွန်ရဲ့.. စာအုပ်ဖတ်ကြည့်ပေတော့…
သူ့စာအုပ်ကို.. ကျုပ်က…တော်တော်များများ..သဘောတူတယ်..
အောက်မှာ.. သူ့ဘလော့ဂ်က..စာအတိုင်းကူးပေးထားတယ်..
မိုက်ကယ်ဂျော်နီအောင်ပု
June 20, 2012 at 3:25 pm
ဒါဂဒေါ့သဂျီးမင်းခင်ဗျ
စားသောက်ဆိုင်မှာ စားစရာမှာရင် မှာသူရဲ့ အော်ဒါကို
စားပွဲထိုး သို့မဟုတ် စားသုံးသူ ကိုယ်တိုင်ရေးရပါတယ် ( စနစ် )
ရေးပြီးမှာပါလျှက်နှင့် မှားရင်တော့ အော်ဒါစာရွက်က ဆုံးဖြတ်ပါတယ်
မှားပေမယ့်လို့ တစ်ဖက်က ကြေအေးရင် ( လူ ) ပြေလည်ဘါဒယ်
လွယ်လွယ်တွေးဘာသဂျီးမင်းခင်ဗျ
မိုက်ကယ်ဂျော်နီအောင်ပု
June 20, 2012 at 3:26 pm
ဆိုလိုဒါက လူနှင့် စနစ်ဟာ ဒွန်တွဲနေဘာဂျောင်း
ခြေတော်ဦးခိုက် နှုတ်လှံထိုး ခံပက်ဘာဒယ်
MaMa
June 20, 2012 at 7:15 pm
မိုက်ကယ်ပုက လွန်တာရှိရင် ဝန္ဒာမိ ပါလို့ ချို (ဂျို) ကိုင်ပြီး တောင်းပန်သွားပါသည်။ 😆
may flowers
June 20, 2012 at 1:23 pm
ကိုပေါက်ရဲ့လက်ဆောင်အတွေးပါးပါးလေးပေမဲ့ တော်တော်ကြီးရင်ထဲကိုထိမိတဲ့ ပိုစ့်လေးပါ။
လူအချင်းချင်း အနင်းခံရခြင်းမှကင်းဝေးကြပါစေ……………….။
အရင့်ရောင်
June 20, 2012 at 1:47 pm
ဪ အတ္တ………..အတ္တ……အတ္တ
ကြောက်စရာကောင်းလှပါဘိတကား
Novy
June 20, 2012 at 3:22 pm
လေးပေါက်ရေ..
ကိုယ်က သူများကို မနင်းမိအောင် အတက်နိုင်ဆုံးရှောင်ပါတယ်
ရှောင်ရင်းနဲ့ သူများကိုယ့်ကို နင်းသွားတာတွေလဲကြုံဘူးပါရဲ့ 🙁
မေတ္တာတရားရှေ့ထားမိတော့ သူတို့ အလံဖြူပြရင်
ခွင့်လွတ်ခဲ့တဲ့ အကြိမ်တွေလည်ရှိခဲ့ပါတယ်
etone
June 20, 2012 at 4:02 pm
လေးပေါက်ရေ … ။
ဆိုင်တွေမှာ… မှာလို့ မှားချတာက … ကာစတမ်မာဘက်က ဂဂျီဂဂျောင်ကျတာဖြစ်နိုင်သလို … စားပွဲထိုးတွေရဲ့ ပေါ့လျော့မှုကြောင့်လည်း ဖြစ်နိုင်တယ် .. … ။ ဘယ်သူ့အမှားပဲ ဖြစ်ဖြစ် စားပွဲထိုးက စိုက်လျှော်ဆိုတာကတော့ ဆိုင်ရှင်ဘက်က တာဝန်မဲ့ရာ ကျလွန်းပါတယ် … ။ စားပွဲထိုးဆိုတာ သူ့ဆိုင်က ဝန်ထမ်းပါ .. သူ့လက်အောက်က အလုပ်လုပ်သူပေါ့ … ဒီလို လူတွေအတွက်ကို ပိုင်ရှင်၊ရှယ်ယာရှင် ၊ အထက်လူကြီးတွေက လုံခြုံမှု ၊ စောင့်ရှောက်မှု ပေးရမှာပါ ။ အဲ့ဒီလို လုပ်ငန်းခွင် လုံခြုံမှု မပေးနိုင်တဲ့ နေရာမျိုးမှာ .. အလုပ်မသင့်ဘူး …. ။ ကိုယ့်ဝန်ထမ်းက နားကြားလွဲတတ်လျှင် သေချာအောင် ရေးမှတ်တတ်ဖို့ အလေ့ကျင့်လေးလုပ်ပေးရမယ် …. ။ တချို့သော ဆိုင်တွေမှာ …. စားပွဲထိုးက စာရွက်နဲ့ ရေးမှတ်ပြီး … အားလုံးမှာပြီးတဲ့အခါ သူမှတ်ထားတာတွေကို တခေါက်ပြန်ရွတ်တဲ့ အကျင့်လေးတွေ လုပ်ထားပေးတယ် … ။ အဲ့ဒီလို လုပ်ရမှာပါ … ။ မြန်မာနိုင်ငံမှာ ဆိုင်ရှင်၊ မန်နေဂျာ ၊ စူပါဗိုက်ဆာတွေက စားပွဲထိုးမှားတာနဲ့ မညှာမတာ ဖြတ်မယ်ဆိုတာချည်းပဲကများတယ် …. ။ တာဝန်မဲ့ရာကျလွန်းပါတယ် အဲ့ဒီအပြုမူက ….. ။ ကိုယ့်ဆိုင်ကဝန်ထမ်းရဲ့ တာဝန်ယူတတ်မှုက .. အလုပ်ချိန်၊ အလုပ်ခွင်တွင်း ကိုယ့်အပေါ်မှာတူညီစွာသက်ရောက်နေတယ်ဆိုတာ …. တာဝန်ရှိသူတွေ မေ့နေကြတယ် … ။
အောက်ကြည့်မြင်တိုက်လမ်းပေါ်က … orange ဆိုင်လေးဘေးမှာ ကပ်ဖွင့်တဲ့…. အစားသောက်လမ်းဘေးဆိုင်လေးဆိုလျှင် .. မှားပြီးချတဲ့အခါ …. စားပွဲထိုးကို မဖြတ်ပါဘူး … စားပွဲထိုးတွေ မျှ စားခိုင်းတာပါ … ။(တကြိမ်နှစ်ကြိမ်မဟုတ်ဘူး .. ညတိုင်းလိုလို အဲ့ဆိုင်ရောက်လို့ သိနေခဲ့တာပါ) ဒီဆိုင်က သူများတွေလို အကြီးကျယ်ကြီးလည်း မဟုတ်ပေမယ့် … အလေလွင့်တန်ဖိုးထက် … စည်းလုံးမှုရဲ့ တန်ဖိုး ၊ အလုပ်သမားတွေရဲ့ တန်ဖိုးကို ပိုပြီး အလေးထားပုံရတယ် …။ အလုပ်သမားတွေကလည်း မှားမှာလျှင် ငါတို့ စားရတာပေါ့ဆိုတဲ့ စိတ်မျိုးမထားကြတာလဲ သဘောကျစရာပါပဲ …. ။ မှားမှာလျှင် နောက်မမှားအောင် ဂရုစိုက်ကြတယ် .. လုပ်ငန်း သေးတာ ကြီးတာနဲ့ မဆိုင်ပဲ .. အလုပ်ခွင်ထဲက တာဝန်ယူမှုအပိုင်းလေးတွေကတော့ သဘောကျစရာကောင်းတယ် လေးပေါက်ရေ …. ။ 🙂
pooch
June 20, 2012 at 4:27 pm
မနင်းစကောင်း …. နင်းစကောင်းဆိုတော့ လေးပေါက် စက်ဘီးစီးသင်တဲ့အကြောင်းမှတ်လို့ ။
ဟီး… နောက်တာပါ။ 😀
လေးပေါက်ရေ အရင်တုန်းက လုပ်ငန်းခွင်မှာ အလုပ်လုပ်ကြရင် ဦးနှောက်နဲ့ပဲ အလုပ်လုပ်ပါလို့ MBA ဘွဲ့ရတွေကို ဆရာ့ဆရာကြီးများက သင်ကြပါတယ်တဲ့။ သဘောကတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် ကိုယ်ရဖို့ တခုထဲ တဘို့ထဲကို ဦးတည်ပြီး သင်ပေးခဲ့တာပေါ့။
ဒါပေမဲ့ 2008 ဘဏ်စီးပွားရေးပျက်ကပ်တွေ က စပြီး အားလုံး လိုက်ဆင်းသွားတဲ့ အခါမှာတော့ ပါမောက္ခများက ပြောကြပါတယ်တဲ့။ ငါတို့ သင်တာ မှားသွားပြီ။ ဒါငါတို့အသင်မှားလို့ ဖြစ်တာလို့ ပြောကြသတဲ့။
ဒါကြောင့်မို့ ၂၀၀၉ နောက်ပိုင်းက စပြီး ပြီးတဲ့ ဟားဗတ်က MBA ဘွဲ့ရတွေကို သင်ပေးရာမှာတော့ အလုပ်လုပ်ရင် Head & Heart ( (ဦးနှောက်နဲ့ နှလုံးသား ) တနည်းအားဖြင့် ကိုယ်ချင်းစာစိတ်လေးရော တွဲပြီး လုပ်ကြဖို့ သင်လွှတ်ခဲ့ပါတယ်တဲ့။
ဆိုတော့ လေးပေါက်ရေ သေးသေးမွှားမွှားလေးက စပြီး ကြီးကျယ်တဲ့လုပ်ငန်းတွေအထိ ကိုယ်ချင်းစာစိတ်လေး ထားဖို့က အခရာကျပါတယ်။ ဒါမှသာ ကိုယ်နဲ့အတူ လုပ်ကိုင်နေတဲ့ သူတွေ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းကစလို့ အားလုံး ရေရှည်မှာ ဟန်ချက်ညီညီ ဆက်သွားနိုင်မှာပါ။
ကိုယ်ချင်းစာစိတ် မရှိလို့ကတော့ ပေါင်းသင်းဆက်ဆံရေးကစလို့ နယ်ပယ်အစုံမှာ အနှုတ်ပြပြီး ရေရှည်မှာ ဆုံးရှုံးနိုင်ပါတယ်။
စိန်ဗိုက်ဗိုက်
June 20, 2012 at 6:18 pm
ဆိုက်ကားနင်းနေရင်း ဒီခေါင်းစဉ်ဖတ်မိတော့ ကျုပ်မှာ ဆက်နင်းရမလို. မနင်းပဲ နေရမလိုနဲ ့ စနိုးစနှောင့်..
ကျုပ်ကတော့ နင်းချင်ရင် ဘဲလ်တီးပြီး နင်းတာပဲ.. ကလင်ကလင်..
စနစ်ကြောင့်မဟုတ်.စနစ်ကြောင့်မဟုတ်..တာယာကွဲပြီး စမုတ်တံ ကျိုးနေ၍ဖြစ်အိ..
တိန်..
MaMa
June 20, 2012 at 7:30 pm
မနင်းစကောင်း…. မနင်းစကောင်း ပါ ကိုပေါက်ရေ။
ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်လိုက်တော့ နင်းတဲ့အထဲ ကိုယ်လည်း ပါနေတယ်။
ကိုယ့်ဆီက အလုပ်သမားတွေ ပေ့ါလျော့လို့မှားတာတွေ့ရင်
နောက်မမှားရဲအောင်ဆိုပြီး ဆူလည်း ဆူတယ်။ အပြစ်လည်း ပေးတယ်။
ကိုယ်စားသုံးတဲ့ဆီမှာ ဆိုရင်လည်း မှားနေရင် ပြန်မလဲခိုင်းရင်တောင် နောက်မမှားရဲအောင် ပိုင်ရှင်သိအောင် အော်ပေးလိုက်တယ်။
TTNU
June 20, 2012 at 8:30 pm
ကိုပေါက်ရေ…
အရင်ဆုံးမဖတ်ရပေမဲ့ ပို့စ် မတင်ခင် နားထောင်ခွင့် ရလို့ ကျေးဇူးတင်ပါတယ်။
ကိုပေါက်ရေ လက်ဖက်ရည်ဆိုင်တွေမှာ တစ်ခါတစ်လေ စားပွဲထိုးလေးတွေ
ပေါ့လျော့ တာရှိသလို စားသောက်သူတွေ ကတ်တီးကတ်ဖဲ့ လုပ်တာလည်း
ရှိပါတယ်။ အဓိကကတော့ နှိုင်တိုင်းနင်းချင်စိတ်မပေါက်ဖို့ပါပဲ။
ဧည့်သည်ဆိုတဲ့ ကိစ္စ ကို အားမနာတမ်း ဝေဖန်ပါရစေ။
ဧည့်ဝတ်ကျေပွန်တယ်ဆိုတာ အတိုင်းအတာရှိတယ်လေ။
ဧည့်သည်တစ်ယောက်ကို တာဝန်ကျေချင်တဲ့ မိတ်ဆွေတွေ က စေတနာတော့
စေတနာပေါ့လေ။ လိုတာထက်ပိုသွားလောက်အောင် ဘာမှ မစဉ်းစားကြတာ
ကိုယ်ညံ့တာပဲမဟုတ်လား။ အနှိုင်ကျင့်သွားတဲ့ ဧည့်သည် ကိုမောင်မောင်နင်းက
ကျိတ်ရယ်နေတော့မှာပေါ့။ လအ တွေဆိုပြီးတော့လေ။
padonmar
June 20, 2012 at 9:18 pm
ကိုပေါက်ရေ
စဉ်းစားစရာပါပဲ။
အလုပ်သမားတွေအမှားအတွက်ကို ကျမရဲ့နည်းကတော့
ဆုံးရှုံးတဲ့ ငွေပမာဏကို မှတ်ထားပြီး
သူတို့ကိုဆုကြေး ပေးတဲ့အခါ တာဝန်ရှိမှုအလိုက် အချိုးကျဖြတ်ပါတယ်။
အဲဒီအမှားဖြစ်ရတဲ့ အဖြစ်အပျက်မှာ ကျမရဲ့ သွန်သင်မှုညံ့တာမကင်းဘူးလို့ ကျမစိတ်ထဲမှာ သံသယရှိရင်
ဆုံးရှုံးမှုရဲ့ တစ်ဝက်ကို ကျမကိုယ်ပိုင်သုံးငွေကနေ ထည့်ဝင်ပြီး ကျန်တာကို အလုပ်သမားတွေဆီကဖြတ်ပါတယ်။
ငွေကြေးဆုံးရှုံးမှုမပါတဲ့ နမော်နမဲ့ကိစ္စတွေအတွက်လည်း အပြစ်အလျောက်ဖြတ်ပြီးရင် အဲဒီငွေတွေကို တစ်နှစ်တစ်ကြိမ်ဝန်ထမ်းစုပေါင်းကထိန်မှာ လှူပါတယ်။
ခုထိတော့ ကိုယ်မနင်းမိသေးဘူးလို့ ကိုယ့်ဖက်ကထင်မိပါတယ်။
သူတို့ဖက်ကတော့ မသိဘူးပေါ့နော်။
……………
ကံကောင်းထောက်မစွာဖြင့် အလိုက်မသိတဲ့ ဧည့်သည်နဲ့တော့ မတိုးဖူးပါဘူး။
ကိုယ်ကပဲ အလိုက်မသိဧည့်သည်ဖြစ်ခဲ့ဖူးမှာပါ။
အဲဒီတော့ ကိုပေါက်ရယ် ချစ်စကို ရှည်စေ မုန်းစကိုတိုစေတဲ့။ကိုယ်ပေါင်းစိတ်ခွါ စိတ်ပေါင်းကိုယ်ခွါ သင့်ရာလုပ်ပေါ့နော။
လူ့ဘဝဆိုတာ တိုတိုလေးပါ။ခွင့်လွှတ်တတ်ရင် စိတ်ချမ်းသာပါတယ်။
ကိုပေါက်(မန္တလေး)
June 20, 2012 at 10:49 pm
ကျနော်ဒီနှစ်စာအရေးကျဲပါတယ်။
ခရီးတွေလျောက်သွားနေရတာရော ဓါတ်ပုံဘက်အလိုက်များသွားတာရော
အပျင်းထူတာရော အားလုံးစုသွားတော့ အရေးကျဲသပေါ့။
ဒီနှစ်ကျနော် ပိုစ်တစ်ပုဒ်မရေးခင်စိတ်ကူးနေတဲ့အချိန်မှာ မိတ်ဆွေတွေကို (အထူးသဖြင့်မန်းဂေဇက်ကပါ)
ကို အရင်ဇာတ်ကြောင်းပြောပြပါတယ်။
နားထောင်ပေးတဲ့ မိတ်ဆွေများရဲ့ဝေဖန်ချက်တွေကို ပြန်စီစစ်ပြီးမှ ချရေးပါတယ်။
တစ်ခါတစ်လေ ပြောပြခဲ့တဲ့အတိုင်း၊
တစ်ခါတစ်လေတော့လဲ သွေလွဲစွာ(အခုပိုစ်လိုပေါ့)
ချရေးတတ်ပါတယ်။
ဒီပိုစ်လေးကတော့ မာမီ့ဆီကို အလှူငွေသွားယူရင်း မာမီ ကျနော် မယ်ပု သုံးယောက်ဆွေးနွေးကြပါတယ်။
တကယ်ရေးဖြစ်တော့ ပထမဆုံးအပိုက်နဲ့ဒုတိယအပိုက်သာတူပြီး မပြောပြဖြစ်ခဲ့တဲ့ ဧည့်သည်အကြောင်းကို ဖြည့်ရေးဖြစ်ပါတယ်။
နေ့စဉ်ဝမ်းရေးအတွက်ဖြတ်သန်းတဲ့ဘဝမှာ ကျနော်ကိုယ်တိုင်ကလည်းစည်းကမ်းတင်းကျပ်သော
အုပ်ချုပ်သူတစ်ယောက် မှားတာကို ခွင့်မလွှတ်တတ်သော စိတ်ရှိတဲ့ သူတစ်ယောက်ထဲမှာပါ ပါတယ်။
မမှားအောင်လုပ်ရင်ရ တာဘဲ ဆိုတဲ့အတွေးနဲ့ မှားသူကို အပြစ်ပေးခဲ့ဘူးပါတယ်။
နောက်ပိုင်းမှာ ဘာသွား သတိရသလဲဆိုတော့ စည်းကမ်းတွေဘာတွေအတိအကျရှိပေမယ့်
ဒီစည်းကမ်းတွေကိုလိုက်နာရတဲ့သူ(အထူးသဖြင့် ဝန်ထမ်းကလေးတွေ)မှာလည်း စိတ်ခံစားမူ့တွေရှိတာကို သွားတွေ့လိုက်ပါတယ်။
အိမ်ကစားရေးသောက်ရေးအဆင်မပြေတာ၊မိသားစုအတွင်းပြဿနာရှိတာတွေဆိုတဲ့ခံစားချက်တွေနဲ့
လုပ်ငန်းခွင်ဝင်ရတော့ ဘယ်စိတ်က အလုပ်ထဲအပြည့်ရောက်မလဲ အဲဒီမှာ အမှားလုပ်မိတော့တာပေါ့။
ကျနော်တို့ က ဒါကိုထောက်ထားပြီး ခွင့်လွှတ်ရင်လုပ်ငန်းပျက်တယ်။
ခွင့်မလွှတ်ရင် လဲလူသားခြင်းကိုယ်ချင်းမစာသလိုဖြစ်ပြီး ကလေးတွေက အားငယ်စိတ်ကနေ မထူးဇာတ်ခင်းသွားနိုင်တယ်၊
ဒီတော့ အပြစ်ရှိတဲ့အတွက်တော့ သူပေးဆပ်ရမယ်။
ဒါပေမယ့် သူ့ကောင်းကွက်လေးတစ်ခုကိုပြန်ဖော်ပြိး နှစ်ချုပ်တဲ့ဆုကြေးပေးတဲ့အခါမှာ ပြန်ဖြည်ပေးပေ့ါ။
ဒီလိုုဆို နေချင်သလိုနေဆိုတဲ့သဘောမရောက်သလို နင်းရာလဲမကျတော့ဘူး။
သူမှားတဲ့အတွက်တော့ ပေးဆပ်ရမယ်ဆိုတာ သိမှ သူက မှန်အောင်လုပ်မှာလေ။
ဒါလေးမရေးခင် မယ်ပုနဲ့ကျနော် အများကြီး မတူတဲ့အမြင်နဲ့ဆွေးနွေး။
မာမိကလဲပြောနဲ့ အတော်လေးကို အားရခဲ့ပါတယ်.
ပိုစ်တင်ပြန်တော့လဲ ရွာသူရွာသားတွေရော အခြားဆို်က်မှာရော ဖတ်သူဆွေးနွေးသူများတာကိုတွေ့တော့
ဒီပိုစ်လေး ရေးမိတာကို ကျေနပ်မိပါတယ်။
ဖတ်သူ ရော မန်းသူတွေပါ ကျေးဇူးအထူးတင်ပါတယ်။
အမြင်မတူခဲ့ရင်လဲ ကြိုက်သလိုဆွေးနွေးလို့ရေးနိုင်ပါတယ်။
ဦးဦးပါလေရာ
June 20, 2012 at 11:03 pm
စားပွဲထိုးက အော်ဒါမှားတာကတော့ –
ကျွန်တော်သာစားသုံးသူဆိုရင် သည်းခံပြီးစားပေးလိုက်တာပါပဲ။
(အကြိမ်တော်တော်များနေပါပြီ။ မန္တလေးသားတွေက ရန်ကုန်သားတွေကို မယှဉ်နိုင်တဲ့နေရာတွေထဲမှာ အမှိုက်စည်းကမ်းမဲ့ပစ်တာအပြင် စားပွဲထိုးတွေ အော်ဒါမှားတာလဲ ပါဝင်ပါတယ်။)
ကျွန်တော်သာ ဆိုင်ရှင်နေရာမှာဆိုရင်တော့ ဆူတာ/ဆုံးမတာ/ အပြစ်အနည်းငယ်ပေးတာ လုပ်ရမှာပေါ့..။
ဒါပေမယ့် မှားတိုင်းလျော်ခိုင်းလို့တော့ မတော်ပါဘူး..။ ဝန်ထမ်းတွေအတွက် ပိုက်ဆံဆိုတာ အသက်ပါ..။ အဲဒါကို သွားမထိလေကောင်းလေပါပဲ…။
ဧည့်သည်က တမင်ညစ်တာကတော့ ကျွန်တော်ကိုယ်တိုင် စားသောက်ဆိုင်တခုမှာ ကြီးကြပ်ဖူးလို့ တော်တော်ကြုံဘူးပါတယ်။ အော်ဒါယူတဲ့စံနစ်ကိုလဲ ကိုယ်က ပြင်ပေးလိုက်ပါတယ်..။ အပေါ်မှာ အိတုန်ပြောထားသလို ဧည့်သည်မှာတာကို စာရွက်နဲ့ရေး၊ ပြန်ပြောပြ လုပ်ခိုင်းပါတယ်။
ဒီထဲကပဲ အတင်းငြင်းတာ မူးချင်ယောင်ဆောင်တာ တွေလဲကြုံဖူးပါတယ်။ အဲဒါကတော့ ဆိုင်ရှင်က စိုက်ရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်တယ်ဆိုတာ လူတိုင်းက ကိုယ့်ကို အမြတ်ပေးမယ်လို့ချည်း တွက်မထားသင့်ပါဘူး။
သကြားဘိုးမှားတဲ့ကိစ္စကတော့ တဖက်ကုန်သည်က အဆင့်မရှိတဲ့သူ ဖြစ်လို့ပါပဲ…။
တနေ့ အကြပ်အတည်းကြုံရင် သူ့ကို ကူညီမယ့်သူရှိမှာမဟုတ်ဘူး။
သူဟာ သူများရဲ့မိတ်ဆွေစစ်မဟုတ်တဲ့အတွက်၊ သူ့မှာ မိတ်ကောင်းဆွေကောင်း ရှိမှာမဟုတ်ဘူး..။
အိမ်ရှင်မြို့ခံတွေရဲ့ သဘောကောင်းမှု့ကိုနင်းသွားတဲ့ ဧည့်သည်မျိုးအတွက်ကတော့….
သူ့လိပ်စာကိုသာ တောင်းထား…
ဒီတခါ ကိုပေါက် ရန်ကုန်လာမှ ဗိုက်ကလေးကိုခေါ်ပြီး လက်စားသွားချေကြမယ်…. 😀
ကိုပေါက်(မန္တလေး)
June 20, 2012 at 11:08 pm
ကိုပါနဲ့ကျနော် သဘောချင်းတူပါ၏။
ကိုပါ တစ်ခုတော့လွဲမယ်
ဗိုက်ကလေးခေါ်ပြီး လက်စားချေဘို့သွားမယ်ဆိုရင်မှားလိ်မ့်မယ်။
သူက စာထဲသာ စွာရဲတာ အပြင်မှာအားနာတတ်သတဲ့။
ရွာသူထဲက ရွေးဗျာ။
ကဲ ဘယ်သူလို်က်မလဲ ရွာသူ တို့ရေ……………………………..
မောင်ပေ
June 21, 2012 at 1:53 am
ကိုပေါက်အစားထိုးခံလိုက်ရပါအိ။
စိန်ဗိုက်ဗိုက်
June 21, 2012 at 10:20 am
ဘာ..
လာခေါ်ပြီး လက်စားချေမယ်
ဟုတ်စ..
မရှိဘူး..
မသိဘူး..
အားဘူး..
ဘာဘူး.ညာဘူး..အာလူး..
ဗျစ်..ဗျစ်.စ်..ဗျစ်..
လဂါးပြောတာပါဗျာ..
လူဂျီးတွေစဂါးပြောနေဒါ ဝင်ရှုပ်တော့ပါဘူး..
ဘိုင့်လဘိုင်
ဆူး
June 21, 2012 at 11:24 am
သကြားတဲ့ မှားပို့တဲ့ ကိစ္စ မျိုးဆိုရင်တော့ ကိုယ်က ရောင်းတဲ့ လူဘက်က ဆိုတော့ ကိုယ်မှားတာမို့ သူများကို အပြစ်မတင်တော့ပဲ ကိုယ်သာ ခံရဖို့ အရင်တွေးပါမယ်။
ဝန်ထမ်းတွေ ဒီလို မှားတာတွေ ရှိပါတယ်
လစာထဲက ဖြတ်မယ် ဆိုတာ ခြိမ်းခြောက်ခြင်း တမျိုးလို့ပဲ မြင်မိပါတယ်။ လူဆိုတာ ကိုယ့်အိတ်ထဲက ထွက်မှာ ဆိုရင် နှမျောတတ်ကြတယ် ပိုပြီး ဂရုပြုလာကြတယ်။ ဒါကြောင့် ခြိမ်းခြောက်ခြင်းနဲ့ တွဲထားလို့သာ သတိဆိုတဲ့ အရာနဲ့ တွဲပြီး ပေါ့ပျက်ပျက် မလုပ်ပဲ အလုပ်စွမ်းရည်တွေ တက်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ အလုပ် တခုတိုင်းမှာ ခံစားခွင့် ကော်မရှင် ရတဲ့ အလုပ်မျိုးဆို အားလုံး ကိုယ့်အလုပ်လို သဘောထားပြီး လုပ်ကြတာတွေ ရှိတယ်။
သေးငယ်တဲ့ အမှားဆိုရင်တော့ သူတို့ လျော်နိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ဆုံးရှုံးသွားတဲ့ တန်ကြေးကို လစာထဲက ဖြတ်တာမျိုးကိုတော့ သဘောတူပါတယ်။
သိပ်ကြီးမားပြီး တန်ကြေးမျိုး ဥပမာ အဲဒီဝန်ထမ်း လစာ နဲ့ ၅နှစ်နေလို့တောင် မကျေနိင်တဲ့ အနေအထားဆိုရင်တော့ ဝန်ထုတ်ဝန်ပိုး မထမ်းခိုင်းသင့်ဘူးလို့ ထင်ပါတယ်။ သူရဲ့ အပြစ်ကို ခွင့်လွတ်ပေးလိုက်မယ် သေချာ ကိုင်တွယ်တတ်မယ် အဲဒီ လူက ကျေးဇူးသိတတ်မည့်လူမျိုးဆိုရင်တော့ လူယုံတောင် ဖြစ်နိုင်ပါတယ်။
ကျေးဇူးမသိတတ်ပဲ ပြန်ကိုက်တတ်မဲ့ လူမျိုးဆိုရင်တော့ နောင်အရှည် အတွက် အလုပ်ကို ဝန်ခံ ကတိနဲ့ ဖြုတ်ပလိုက်တာ အကောင်းဆုံးပါပဲ။ အလုပ်ဖြုတ်တယ် ဆိုတာလည်း တကြိမ်မှား ယုံနဲ့ ဖြုတ်ဖို့တော့ မသင့်တော်ပါဘူး။
ဖုန်းကဒ် ပြသနာကတော့ ဆူး အနေနဲ့ ဆိုရင်တော့ ပိုမပေးချင်လို့ လျော့တာ ဝယ်ပါတယ် ဆိုမှတော့ ထပ်ပြီး ပိုပေးရမယ် ဆိုရင်တော့ စိတ်ဆိုးမိမယ် ထင်တယ်။
ဒီကိစ္စက သူမှားပေမဲ့ ကိုယ်အကျိုးရတာ ဖြစ်တော့ တန်ကြေး အပြည့်မဟုတ်ပဲ တဝက်နဲ့ ညှိမယ် ဆိုရင်တော့ ပေးသင့်တယ် ထင်တာပဲ။
စားသောက်ဆိုင်တွေမှာ အော်ဒါတွေ မှား လို့ လျှော်ကြေးပေးရတာတွေတော့ မသိဘူး မှားလာတာတွေ တော့ ကြုံဖူးတယ်။ အမှားကောင်းမဟုတ်တဲ့ အမှားတွေ ရှိတတ်ပါတယ် ဥပမာ မမှာပဲ လာချပြီး မှား စားမိလို့ ပိုက်ပိုက်ရှင်းရတာမျိုးဆိုရင်တော့ လုံးဝ မကောင်းပါဘူး။ စားနိုင်လောက်တဲ့ မှားခြင်းမျိုးဆိုရင်တော့ သည်းခံပါတယ်။ အစပ်လုံးဝ မထည့်ဘူး လို့ မှာထားတာကို ငရုတ်သီး ရဲတောက်နေအောင် ထည့်ထားတယ် ဆိုရင်တော့ သည်းမခံနိုင်ဘူး လဲခိုင်းမှာ အမှန်ပဲ။