ငါ တွေးသည်…ထို့ကြောင့် ငါ ပျောက်နေသည်

အဇဋာJune 22, 20121min1546

“ငါတွေးသည်။ ထို့ကြောင့် ငါရှိသည်” ဆိုတဲ့ အတွေးအခေါ်ကို အတွေးအခေါ်ပညာရှင် ဒေးကားစ် က ပြောခဲ့ဖူးပါတယ်။ အားလုံးလည်း ရင်းနှီးနေခဲ့မယ့် အတွေးအခေါ်တစ်ခုပါ။

အဲဒီအတွေးအခေါ်ကို ကျွန်တော်စကြားဖူးတုန်းက စဉ်းစားကြည့်တယ်။ တွေးကြည့်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော် တွေးနေလျှက်နဲ့ ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ လုံလောက်မနေဘူး။ ကျွန်တော်ရှိမနေရင်ကော ကျွန်တော်တွေးမနေနိုင်ဘူးလား။ သူဆိုလိုတာက တွေးပြီးမှ ရှိလာတာလား။ ရှိနေတာကို သက်သေပြဖို့ တွေးတာလား။

ကျွန်တော်ရှိနေတာကို ပြဖို့ ကျွန်တော်တွေးနေဖို့လိုသလား ဆိုတာကိုက ကျွန်တော့်အတွက် ပြဿာနာတစ်ခု ဖြစ်လာပြန်ပါတယ်။

အဲဒါနဲ့ ကျွန်တော် ဆက်တွေးပါတယ်။ (တစ်နည်း) ကျွန်တော်ရှိနေတယ်ဆိုတာကို ပြဖို့ ကျွန်တော်ဆက်တွေးပါတော့တယ်။

ငါ တွေးသည်…ထို့ကြောင့် ငါရှိသည် ဆိုတဲ့ အယူအဆဖြစ်ပေါ်လာပုံက အဲဒီ အတွေးအခေါ်ပညာရှင်ဟာ တစ်ရက် မီးပုံနားမှာထိုင်နေရင်းနဲ့ အတွေးခန်းဝင်နေတယ် တဲ့။ အဲဒါနဲ့ သူစဉ်းစားနေတယ်ပေါ့။ သူတွေးနေရင်းနဲ့ သူတွေးနေတယ် ဆိုတာ သူရှိနေလို့တွေးနေနိုင်တာပဲ လို့ သူစဉ်းစားမိတယ်လို့ဆိုပါတယ်။ အတွေးဖြစ်ပေါ်ကြောင်းအစက သူရဲ့ခန္ဓာကိုယ်ဖြစ်တယ်။ ဒါကြောင့် သူရှိနေခြင်းဟာ သူတွေးနေခြင်းကြောင့် ဖြစ်တည်နေတယ်လို့ သူက ဆိုပါတယ်။

တကယ်လို့ သူရဲ့ခန္ဓာကိုယ်ဖြစ်တည်မှုကြီးသာရှိမနေဘူးဆိုရင် သူတွေးနေနိုင်မှမဟုတ်ဘူးလို့ သူယူဆပါတယ်။ တစ်ချက်ရှိတာက ဒီအတွေးအခေါ်ဟာ ဒီနေ့ခေတ်မှာ ဟောင်းနွမ်းနေပြီလားလို့ မေးနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မဟောင်းနွမ်းသေးဘူးလို့ ပြောပါမယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာမွေးတဲ့သူများ(အရှေ့တိုင်းသားများ) အနေနဲ့ အတွေးအခေါ်တွေကို နို့သက်ခံ ရခဲ့တာဖြစ်လို့ပါပဲ။

ကျွန်တော်တို့(အရှေ့တိုင်းသား၊ ဗုဒ္ဓဘာသာနဲ့ နီးစပ်သူများ) ဟာ အတွေးအခေါ်ပိုင်းမှာ အရှေ့တိုင်းအယူအဆ၊ ဝါဒတွေကို ဘာသာရေးအနေနဲ့သာရှုမြင်ပြီးတော့၊ ကိုးကွယ်ရာအဖြစ်နဲ့သာ လက်ခံခဲ့လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အရှေ့တိုင်းသားတွေဟာ အတွေးအခေါ်တစ်ခု၊ အယူအဆတစ်ခုကို ကြိုက်လာပြီ၊ ဒါမှမဟုတ်၊ မစဉ်းစားဘဲ လက်ခံလာပြီးရင် ကိုးကွယ်လိုက်ကြတာများပါတယ်။ အဲဒီအယူအဆကို စဉ်းစားမယ်၊ ဝေဖန်မယ်ဆိုတဲ့အပိုင်းမှာ အရမ်းလက်နှေးခဲ့ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓလို သူ့ခေတ်သူ့အခါက အယူအဆတွေ(တစ်နည်း-ဘာသာတရား) တွေကို တွန်းလှန်ခဲ့တဲ့သူတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် အရှေ့တိုင်းသားတွေရဲ့ ဓလေ့အတိုင်း ဘာသာရေးတွေကို မေတ္တာအပေါ်မှာသာ အခြေတည်ခဲ့ပါတယ်။ ဒါဟာ အနောက်တိုင်း အတွေးအခေါ်တွေရဲ့ဖွံ့ဖြိုးတဲ့ပုံစံနဲ့ကွဲလွဲနေတာကို တွေ့ရပါတယ်။

အနောက်တိုင်း ဘာသာရေး၊ အယူအဆ၊ အတွေးအခေါ်တွေဟာ ယုံကြည်စေမှု(တစ်နည်း-Heroism) အပေါ်မှာအခြေခံခဲ့တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အတွေးအခေါ်ကို သူတို့ခေတ်သူတို့အခါက လူများလက်ခံလာအောင်၊ လူများလက်ခံနိုင်တဲ့သူသာလျှင် အောင်မြင်ကြရတာကို တွေ့ရပါမယ်။ အဲဒီလိုဖြစ်ရခြင်းက ဝေဖန်ခြင်းကို ဆက်လက်ရှင်သန်စေပါတော့တယ်။ တစ်ယောက်ရဲ့အယူအဆကို တစ်ယောက်က လက်မခံရင် သူ့ခေတ်မှာ ပြန်လည်ချေဖျက်ပါတယ်။(ဥပမာ-ဆိုကရေးတီး-ပလေတို)။ (စကားချပ်-ဒီစာပိုဒ်ဟာ ကျွန်တော့်ကိုယ်ပိုင်ထင်မြင်ချက်များဖြစ်ပါတယ်။ သဘောမတူညီသူများ လွတ်လွတ်လပ်လပ် သဘောထားကွဲလွဲနိုင်ပါတယ်။)

ဒီဘက်အရှေ့တိုင်းမှာ အယူအဆစစ်ပွဲဆိုတာကို ခပ်များများမတွေ့ကြရပါဘူး။ နောက်တစ်ခုက လက်လှမ်းမှီသမျှစာတွေထဲမှာလည်း အတွေးအခေါ်စစ်ပွဲ အကြောင်းရေးထားတာကို ကျွန်တော်တို့ လွယ်လင့်တကူ ရှာဖွေမရရှိခဲ့ပါဘူး။ ဒါဟာအရှေ့တိုင်းမှာအတွေးအခေါ်အယူအဆ တိုက်ပွဲတွေ ရှားပါးခဲ့တာကို သက်သေပြနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ဝေဖန်ခြင်းဆိုတဲ့ ကမ္ဘာကို မရောက်ရှိနိုင်ခဲ့ကြပါဘူး။ စကားစစ်ထိုးခြင်း၊ ငြင်းခုံခြင်းများနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။

ဆိုတော့ ကျွန်တော်တို့ နို့သက်ခံခဲ့ရတဲ့ အတွေးအခေါ်များနဲ့သာ ကျွန်တော်တို့ ပျော်မွေ့ခဲ့ကြရပါတယ်။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အနောက်တိုင်းအတွေးအခေါ်တော်တော်များများဟာလည်း အနောက်တိုင်းမှာ အဲဒီအတွေးအခေါ်ပေါ်ပေါက်ခဲ့ချိန်နဲ့ နှစ်ပေါင်း ၅ဝ လောက်(တစ်ချို့-နှစ် ၁၀၀)လောက် ကွာဟနေပါတယ်။ (အဲဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် သိပ်နှမျောစရာကောင်းတဲ့ အချက်တစ်ချက်ပါ)။

ဒါကြောင့် ကျွန်တော်တို့တွေးခဲ့လို့ရှိရင် ကျွန်တော်တို့ကို လွှမ်းမိုးနေတဲ့ အတွေးအခေါ်များနဲ့သာ ကျွန်တော်တို့ တွေးခေါ်နိုင်ကြပါတော့တယ်။ ကျွန်တော်တို့မြေ၊ ကျွန်တော်တို့ ဌာနေက စတင်ပေါ်ပေါက်မလာတဲ့ အတွေးခေါ်တွေနဲ့သာ ကျွန်တော်တို့ကြီးပြင်းရပါတော့တယ်။ အဲဒါ ကျွန်တော်တို့ “ပျောက်” နေရတဲ့ကိစ္စပါ။

ခင်ဗျားလည်း တွေးတယ်။ ကျွန်တော်လည်းတွေးတယ်။ ဘာနဲ့တွေးလည်း ဆိုကရေးတီးရဲ့ လော့ဂျစ်(Logic) နဲ့လား၊ ယန်းပေါဆတ်ရဲ့ ဖြစ်တည်မှုပဒါနဝါဒ(Existentialism) နဲ့လား၊ ဖတ်ဇီလော့ဂျစ်(Fuzzy Logic) နဲ့လား။ ကွဲပြားနိုင်ပါသေးတယ်။ ဒါပေမယ့် နို့သက်ခံ အတွေးအခေါ်တွေပါပဲ။

ဒါကြောင့် ကျွန်တော် ဘယ်လိုပဲတွေးတွေး ကျွန်တော်ပျောက်နေပါတယ်။ ကျွန်တော့်ကို စိုးမိုးနိုင်စေတဲ့ အတွေးအခေါ်တွေကို တွန်းလှန်နေရတာနဲ့တင် ကျွန်တော် ပျောက်နေပါတော့တယ်။

ထို့ကြောင့်….

ငါ တွေးသည်…ထို့ကြောင့် ငါ ပျောက်နေသည်။

(အလျင်းသင့်ပါက-ဆက်လက်ရေးသားပါဦးမည်)

6 comments

  • ဇောက် ထိုး

    June 23, 2012 at 6:37 am

    ငါပျောက်နေတယ်ဆိုတော့.. ငါမရှိဘူးလို့တော့ ပြောတာမဟုတ်သလိုပဲ။ ပျောက်နေတယ်ဆိုတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ရှိနေလို့ ပျောက်နေတာ။
    ငါ့ဘဝငြိမ်းချမ်းဖို့အတွက်.. ငါမရှိဘူး.. ငါပျောက်နေတယ်ဆိုရင် ဘယ်လိုလုပ်ပါ့မလဲ။
    ကျွန်တော်လဲ တွေးခေါ်တာကို သဘောကျပါတယ်။ ဝေဘန်တာကို နှစ်သက်ပါတယ်။
    ဆဲတာကို သဘောမကျပါဘူး။ သိမ်းကျုံးရိုက်ချတာကို မုန်းပါတယ်။

  • kai

    June 23, 2012 at 7:11 am

    ဒါဟာအရှေ့တိုင်းမှာအတွေးအခေါ်အယူအဆ တိုက်ပွဲတွေ ရှားပါးခဲ့တာကို သက်သေပြနေပါတယ်။

    (လွတ်လပ်စွာကွဲလွဲကြည့်မယ်နော..)
    အဲလိုတော့.. မထင်မိပါဘူး..။
    ဘာလို့လည်းဆိုတော့.. အတွေးအခေါ်အားလုံးရဲ့.. အချုပ်ဟာ.. ကိုးကွယ်ယုံကြည်မှု(ဝါ) ဘာသာရေးဖြစ်လို့ပါ..
    ဆိုတော့..
    ဂျူးနဲ့..ခရစ်ယန်သာသနာဟာ.. အာရှတိုက်မြေထဲဖြစ်တဲ့.. ဂျေရုစလင်ဒေသမှာအခြေပြုထွန်းကားခဲ့တယ်..
    အစ္စလမ်သာသနာဟာ.. မဒီနာ..မက္ကာမြို့တွေဖြစ်တဲ့.. အခုဆော်ဒီအာရေဗျ(အာရှ)မှာပဲ.. ဖြစ်စတည်ခဲ့တယ်.
    ဟိန္ဒူသာသနာဟာ.. အိန္ဒိယ..(အာရှ)
    ဗုဒ္ဓသာသနာကလည်း.. အိနိ္ဒယ(အာရှ)
    ကွန်ဖြူးရှပ်နဲ့.. သူ့အတွေးအခေါ်တွေကလည်း.. ချိုင်းနား(အာရှ)..

    ဆိုလိုချင်တာက.. အတွေးအခေါ်တွေအားလုံး စတည်ရာက.. အာရှတိုက်ကပါ.. အရှေ့တိုင်းကပေါ့..။
    အမှတ်မမှားယင်. ဂေါတမဗုဒ္ဓက.. သူ့ခေတ်ပြိုင် ဟိန္ဒူ..ဂျိန်း.. အတွေးအခေါ်ရှင်တွေအားလုံးကို အယူအဆရေးရာတိုက်ပွဲများစွာနဲ့.. ဆင်နွဲခဲ့ရတာပါ..

    အခုခေတ်မှ… 😕

  • MaMa

    June 23, 2012 at 7:49 am

    အချို့ကိစ္စတွေမှာ ကိုယ်လက်လှမ်းမမီနိုင်ရင် ယုံကြည်မှု (ကိုးကွယ်မှု လို့ပဲ ပြောပြော) ကနေပဲ နို့သက်ခံပြီး ကျင့်သုံးရတာပါပဲ။
    ကိုယ့်ရဲ့ဉာဏ်တထွာတမိုက်နဲ့ လိုက်မမီတာတွေကလည်း အများသား။ 🙁

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 4:55 pm

    ဆက်ရေးပါဦးဗျ…
    ဉာဏ်မမီလို ့..နောက်ပို ့စ်တွေ မှ ဉာဏ်မီရင် ဝင်ပြီး အာချောင်ပါရစေဗျာ..
    လိုက်မှတ်သွားပါတယ်…

  • မြတ်ကျော်သူ

    June 23, 2012 at 11:09 pm

    >> ဇောက် ထိုး
    [ဆဲတာကို သဘောမကျပါဘူး။ သိမ်းကျုံးရိုက်ချတာကို မုန်းပါတယ်]
    ဒီပို့စ်ထဲမှာ ဆဲထားတာ ဒါမှမဟုတ် အဲဒီပုံစံမျိုးသက်ရောက်စေတဲ့ အသုံးအနှုန်းမျိုးကို ကျွန်တော် တစ်လုံးတစ်ပါဒမျှ အသုံးမပြုထားပါခင်ဗျာ။ အဲဒီအသုံးအနှုန်းတွေကို ထောက်ပြစေချင်ပါတယ်။ ကျေးဇူးပါ ကိုဇောက်ထိုး….
    >>Ma Ma
    ဟုတ်ကဲ့ ကျွန်တော်အဓိက သဘောမတူချင်တာက အဲဒီအချက်ကိုပါ။ ကျွန်တော်တို့ညာဏ်မမှီလို့ နို့သက်ခံသောက်ခဲ့ရတာဟာ ဒီနေ့မှာ ကျွန်တော်တို့ ပျောက်နေခြင်း(Identity Lack) ပြဿနာကို အဓိက ရင်ဆိုင်နေရတာလို့ ကျွန်တော် မြင်ပါတယ်။
    >>kai
    [ဘာလို့လည်းဆိုတော့.. အတွေးအခေါ်အားလုံးရဲ့.. အချုပ်ဟာ.. ကိုးကွယ်ယုံကြည်မှု(ဝါ) ဘာသာရေးဖြစ်လို့ပါ]
    ဟုတ်ပါတယ် အစ်ကို ကျွန်တော်လည်း အဲဒါကို အပြည့်အဝလက်ခံပါတယ်။
    ဂျူးနဲ့..ခရစ်ယန်သာသနာ
    အစ္စလမ်သာသနာ ဟိန္ဒူသာသနာ ဗုဒ္ဓသာသနာ ကွန်ဖြူးရှပ် စတဲ့ အတွေးအခေါ်တွေဟာ အာရှမှာထွန်းကားခဲ့တာ ဟုတ်ပါတယ် အစ်ကို။ ဒါပေမယ့် သူ့နေရာ သူ့အသိုင်းအဝိုင်း၊ ပထဝီအနေအထားကို ကျော်လွန်ပြီး အတွေးအခေါ်ပိုင်းအရ လွှမ်းမိုးမှု မလုပ်နိုင်ခဲ့ကြပါဘူး။(အစ္စလမ်ဘာသာရဲ့ ဘာသာရေးဖြန့်ကျက်ပုံကတော့ ချွင်းချက်ပေါ့) ကျွန်တော်ဆိုလိုတာက အဲဒီအချက်(ပထဝီအနေအထား) အပေါ်အခြေခံပြီး အတွေးအခေါ်တိုက်ပွဲရှားပါးခြင်းလို့ သုံးနှုန်းလိုက်ရခြင်းပါ။

    [အမှတ်မမှားယင်. ဂေါတမဗုဒ္ဓက.. သူ့ခေတ်ပြိုင် ဟိန္ဒူ..ဂျိန်း.. အတွေးအခေါ်ရှင်တွေအားလုံးကို အယူအဆရေးရာတိုက်ပွဲများစွာနဲ့.. ဆင်နွဲခဲ့ရတာပါ]
    ဟုတ်ပါတယ် ကျွန်တော်အဲဒီအချက်ကို ဒီပို့စ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး
    ဗုဒ္ဓကို လက်ခံလိုက်တာက ကိုးကွယ်ခြင်းပြုခံရသူအဖြစ်ပါ။ ကျွန်တော်ဆိုလိုတာက အဲဒီလိုသဘောပါ။

    မှတ်ချက်-ကျွန်တော်စာရေးသက်ညံ့သည့်အတွက် ကျွန်တော်ဆိုုလိုသည့်သဘော တိုက်ရိုက်မရောက်ခြင်းအပေါ် အနှုးအညွတ်တောင်းပန်ပါသည်။ အထူးတလည်သဘောထားကွဲလွဲကြသည့်အတွက်ရော၊ အခုလို သေသေချာချာ ဝေဖန်ပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။

  • မောင်ပေ

    June 24, 2012 at 9:30 am

    ကျုပ်ဖတ်တယ်
    ကျုပ်ရှိတယ်
    ကျုပ်တွေးတော့မယ်

Leave a Reply