ပျားစွဲသောလမ်းကို ရှဥ့်မလျှောက်ပါ

Thu Htet HmuJune 27, 20102min1071

            သံသရာတစ်ခုလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘဝဆိုတာ အလွန်တိုတောင်းတဲ့ အရာတစ်ခု ဖြစ်သွားပါတယ်။ ဒီလို တိုရေ ရှားရေ နေထိုင်လာကြတဲ့ဘဝထဲမှာ အမုန်းကို ကျွန်တော်တို့ ဘာ့အတွက်ကြောင့် ပျိုးစိုက်ကြမှာလဲ …။

             “ အသက်အရွယ်က အသိအလိမ္မာ ဉာဏ်ပညာကို လက်ဆောင်အဖြစ် ပေးပါသည်။ ထိုအခါ အရာရာကို တစ်ခုလုံးထဲမှာ သူ့နေရာနှင့်သူ နေသားတကျဖြစ်အောင် ရှုမြင်တတ် လာပြီဆိုလျှင် အားလုံးအပေါ် နားလည်ခြင်းဖြင့် အပြစ်မယူဘဲ ခွင့်လွှတ်တတ်လာသည်။” ဒါက Will Durant  ရဲ့ The Pleasure of Philosophy”  ဆိုတဲ့ စာအုပ်ထဲက အဆိုပါ။ သူ့မူရင်း အတိုင်း ရေးပြရရင်တော့  ” So wisdom may come as the gift of age and seeing things in reach the Perspective in which understanding pardons all ” 

                နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်း၊ အသိအလိမ္မာ ဉာဏ်ပညာ၊ အသက်အရွယ် စသည် … အသက်ကြီးလာတိုင်း အသိလိမ္မာ ဉာဏ်ပညာကို လက်ဆောင်ရနိုင်ပါသလား …၊ ကျွန်တော်တို့ရှေ့မှာ ၊ ကျွန်တော့်တို့ လက်လှမ်းမှီရာ ပတ်ဝန်းကျင်မှာ … ကျွန်တော်တို့ ကိုယ်တိုင် ထိုအရာတွေကို တင်းပြည့်ကျပ်ပြည့် ရခဲ့ပါသလား …။ အသက်ကြီးလာသလောက် ဉာဏ်ပညာမဲ့လာသူတွေ၊ အသိအလိမ္မာကန်းသူတွေ၊ ယုတ်မာကောက်ကျစ်မှု ကျွမ်းကျင်လာ သူတွေက များသထက် များနေသလိုပါပဲ။ ရေခံမြေခံ မကောင်းလို့ဘဲလား၊ အဲဒါကိုတော့ ကျွန်တော် ငြင်းပယ်ပါရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရေခံမြေခံက အလွန်တန်ဘိုးကြီးပြီး၊ အလွန်အဆီအနှစ်ပြည့်တဲ့နေရာပါ။ ဗုဒ္ဓရဲ့အဆုံးအမတို့ စည်ပင်ထွန်းတောက်ရာ နေရာ …၊ ဒါဆို မျိုးစေ့မမှန်လို့ အပင်မသန်ခြင်းလား။ ဒါကတော့ တော်တော်လေး စဉ်းစားရမယ့် အချက်ပါ။ မျိုးစေ့တွေက ဘယ်ကလာခဲ့ကြလို့ မမှန်ကြတော့ တာလဲ၊ ဘာ့ကြောင့်လဲ …။ အကုသိုလ်တရားတို့ ထူပြောရာ၊ မတရားမှုတို့ ဆူဖြိုးရာနေရာ၊ မညီမျှခြင်း၊ အနိုင့်အထက်ကျင့်ခြင်း၊ အားကြီးသူစားစတမ်း ကစားပွဲတို့စည်ပင်ရာ ဒီတောအုပ် ကြီးမှာ ကျွန်တော်တို့ ဘာ့အတွက်ကြောင့်များ ကျုံလှီညွတ်ခွေစွာ ချိနဲ့ယိုင်နဲ့စွာ ဘာ့အတွက် ကြောင့် ပေါက်ရောက်ရှင်သန်ကြတာလဲ။

          မိတ်ဆွေညံ့တွေကို ထပ်ခါတလဲလဲ ပေါင်းဖက်ပြီး မဖြစ်သေးတဲ့အကုသိုလ်တွေ ကြီးထွား၊ ရှိပြီးသားကုသိုလ်စိတ်တွေ ပျောက်ကွယ် …၊ ကျွန်တော်တို့ ညံ့ခဲ့တာပါလား …။ ဘယ်ကလာခဲ့ကြလို့လဲ …၊ ဒီအဖြေကို ဗုဒ္ဓက ပြောခဲ့ပြီးသားပါ။ ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓ သာသနာပြု၊ အဘိဓဇ မဟာ ရဋ္ဌဂုရု သက်တော်ရှည်ဆရာတော်ကြီး အရှင်သေဋ္ဌိလက ဗုဒ္ဓရဲ့ အဆိုကို ရှင်းပြဖွင့်ဆိုထားတာက ပိုပြီးရှင်းပါတယ်။

” Now the answer very briefly to the first question, Where did we come From? We come from out of the past. This life is the result of the past life, before this life. We come out of the things we have done before, out of the past labours unfinished.”  ယခုဘဝမတိုင်မီ အတိတ်ဘဝက လာခဲ့ကြခြင်း ဖြစ်သည်။ အတိတ်ဘဝမှ မိမိတို့ပြုခဲ့သော ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်အဖြစ် ဤဘဝကို ရလာခြင်း ဖြစ်သည်။ မကျေသေး သောဝဋ်ကြွေး၊ ကံကြွေးများကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

           ဗုဒ္ဓရဲ့အလိုကို ဖွင့်ဆိုရှင်းပြတဲ့ နေရာမှာ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်က ရိုးရှင်းတိကျတဲ့ အဖြေပါ။ ကျွန်တော်တို့ကသာ ဟိုပုတ်ထုတ် ဒီပုတ်ထုတ်၊ ပြဿနာကို ထမင်းရည်ပူလျှာလွှဲ လုပ်တတ်တဲ့ ခပ်ညံ့ညံ့အကျင့်များကြောင့် အဖြေက မှုန်ဝါးသွားခဲ့တာပါ။ အမှန်က ညံ့ခဲ့လို့ကို ညံ့လာရတာ မဟုတ်လား။ ဒီလိုဆိုတော့လဲ လုပ်နိုင်တဲ့သူ၊ ပြုနိုင်တဲ့သူတို့ ပြုသမျှ ခံစရာရှိလျှင် ကျေနပ်စွာ ခံနိုင်ရည်ရှိဖို့ ကြိုးစားရမှာ မဟုတ်လား။ မကျေနပ်ခဲ့လျှင် ဒါ … ကံကြွေးအအသစ်   … မလုပ်နဲ့ … ၊ ငုံ့စရာရှိလျှင် ငုံ့နေလိုက်ရုံ … ဒီလိုလား …။

             ဆိုတော့ … အမုန်းကို မျိုးမပွားကြဖို့ ပြောချင်တာပါ။ ခက်တာက ကျွန်တော်တို့က လည်း တော်တော်လေးကို နုနယ်တဲ့ လူ့အန္ဓလူညံ့တွေ မဟုတ်လား ..။ အညံ့ခံစိတ်တို့ အငုံ့ စိတ်တို့ကို ပြုစုပျိုးထောင်ခိုင်းတာ မဟုတ်တာတော့ သေချာပါတယ်။ ကျွန်တော် တင်ပြ ဆွေးနွေး နေတာတွေက ဗုဒ္ဓအလိုကျ လောကီနေနည်းထိုင်နည်း အနည်းအကျဉ်းကို ချဉ်းကပ်ပြတာပါ။

            ဗုဒ္ဓအဘိဓမ္မာမှာ ”ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ” .. လမ်းကြောင်း မရှိပါ။ တစ်လမ်း တည်း ဖြောင့်ဖြောင့်ပါပဲ။ ပျားစွဲသောလမ်းကို ရှဥ့်မလျှောက်ပါ။

             ဆရာတော်ကြီး အရှင်သေဋ္ဌိလရဲ့ ” Essential themes of Buddhist Lectrurers given ”  ရဲ့ စာအုပ်ထဲက ဗုဒ္ဓအဆိုတစ်ခုနဲ့ပဲ အဆုံးသတ်ပါရစေ။

” To the wise man the life he lives here is an opportunity to rid himself of the burden which he has accumulated in the past; to rid himsefl of his own wrong doing, his wrong view points, to rid himself of his wrong concepts of life and death, and leaving them all behind, to place his feet upon the middle way. “

” အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသောသူအား ဤဘဝတွင် အသက်ရှင်နေထိုင်ခြင်းသည် အတိတ်က သူရှာမှီးစုဆောင်းခဲ့သော ကံဟောင်းဝန်ထုတ်ကို စွန့်ပစ်ဖို့လည်းဖြစ်၍ သူပြုမှား ခဲ့သမျှ အပြုမှားအမြင်မှားများကို ပယ်ဖျက်ဖို့လည်းဖြစ်၍ အသက်ရှင်ခြင်း၊ သေခြင်းနှင့် ပတ်သက်သော သူ၏အယူအဆမှားများကို သုတ်သင်ဖယ်ရှားထားခဲ့ပြီးလျှင် သူ၏ခြေအစုံကို မဇိ္ဈမပဋိပဒါ ဆိုသော အလည်လမ်းပေါ်မှာ ချမိအောင် ပြုလုပ်ဖို့ပင် ဖြစ်သည်။

 

သုထက်မှူး

 

One comment

  • etone

    June 29, 2010 at 4:27 am

    မိတ်ဆွေညံ့တွေပေါင်းတိုင်း ကုသိုလ်စိတ်တွေပျောက်ကုန်တယ်လို့ရေးတာကိုတော့ လက်မခံချင်ပါဘူး ။

Leave a Reply