ကိုယ်ချင်းစာစိတ်များ ဘယ်ရောက်နေပါ့လိမ့်နော်။
တွေ့နေ၊မြင်နေတာတော့ ကြာပါပြီ။ အခုတစ်လောမှာ ပိုပြီးသတိထားမိလာလို့ပါ။ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးမှုတွေ တွေ့လာရပါတယ်။ မိမိကိုယ်သာ အချစ်ဆုံးဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာမှု၊ စာနာမှု၊ ညှာတာမှုတွေဆိုတာ ရှိသင့်တာပဲမဟုတ်လား။ အထူးသဖြင့် bus ကားပေါ်မှာပါ။
အခုခေတ် bus တွေအကြောင်းကိုလည်း အားလုံးသိတဲ့အတိုင်းပါ။ အထူး ဆိုပေမယ့်လည်း မထူးမခြားပါပဲ။ လူကြပ်မြဲ၊ တိုးစီးရဆဲပါ။ ကိုယ်လိုလူငယ်တွေတောင် ကားတိုးစီးရတာ တော်တော့ကိုပင်ပန်းတဲ့ ကိစ္စပါ။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဆိုရင်တော့ မပြောပါနဲ့တော့။ လူကကြပ်၊ ကိုင်စရာက မမှီမကမ်းနဲ့ အတော်ကိုဒုက္ခရောက်ကြတာပါ။ အဲဒါတွေကို မြင်နေတာတောင် အေးအေးဆေးဆေး ထိုင်စီးနိုင်တဲ့လူတွေကို မြင်ရတာ တော်တော်ကို စိတ်တိုပြီး၊ ဒေါသထွက်ချင်စရာပါ။ ကိုယ်ထိုင်တဲ့နေရာကို မဖယ်ပေးချင်ရင်တောင် ပစ္စည်းလေးတွေတော့ ကိုင်ပေးသင့်ပါတယ်။ ကိုယ်ထိုင်စရာမရတဲ့အခါမှာ ကြုံရတာတွေကို ပြန်တွေးပြီး ကိုယ်ချင်းစာကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာတော့ မဟုတ်ပါဘူး။ ငြိမ်းဆို ကားစီးရင် တစ်လမ်းလုံးထိုင်စီးလာရတာရှားပါတယ်။ စတက်တက်ချင်း နေရာရပေမယ့် ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ သက်ကြီးရွယ်အိုတွေတွေ့ရင် နေရာဖယ်ဖယ်ပေးတတ်လို့ပါ။ ကလေးလေးတွေဆိုလည်း ပေါင်ပေါ်ထိုင်ခို်င်းလို့ရရင် ထိုင်ခိုင်းတယ်။ မရလည်း နေရာဖယ်ပေးလိုက်ပါတယ်။ သူတို့ကိုတွေ့ရင် ဆက်ထိုင်နေလို့မရတော့ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ထပေးလို့အဆင်မပြေတဲ့ အခါမျိုးနဲ့ကြုံရင်တော့ စိတ်မကောင်းစွာနဲ့ပဲဆက်ထိုင်နေရပါတယ်။
တစ်ချို့များကျတော့လည်း နေရာလုထိုင်ကြပါသေးတယ်။ လွန်ခဲ့တဲ့ (၂) လလောက်တုန်းကပါ။ (၁၀၂) အထူးကိုစီးပြီး သင်တန်းသွားရပါတယ်။ (၁၀၂) အထူးဆိုတာကလည်း အရမ်းကိုကြပ်တဲ့ကားပါ။ ငြိမ်း စီးတဲ့နေရာကကျတော့ သူတို့ဂိတ်နဲ့ အရမ်းကြီးမဝေးတော့ များသောအားဖြင့် နေရာရတတ်ပါတယ်။ သိပ်လည်းမကြပ်သေးဘူး။ ငြိမ်း တက်တဲ့ မှတ်တိုင်ပြီး နောက်မှတ်တိုင်တစ်ခုရောက်တော့ ထုံးစံအတိုင်းပေါ့ မကျန်ခဲ့အောင် ခရီးသည်တွေ လုတတ်လာတာကိုမြင်ရပါတယ်။ အဲဒီ့ထဲမှာ အဘွားတစ်ယောက်ပါတယ်။ သွားနိုင်လာနိုင်ပုံစံတော့ပေါက်ပါတယ်။ ဒါပေမယ့် အဘွားကိုကြည့်ရတာ အသက်တော့တော်တော်ကြီးပြီထင်တယ်။ ပြီးတော့ ပိန်ပိန်လေးရယ်။ လက်ထဲမှာလည်း အထုပ်တစ်ထုပ်နဲ့လေ။
အဲဒီ့အဘွားတက်လာကတည်းက ငြိမ်းက မြင်တယ်။ နေရာဖယ်ပေးမလို့ချိန်နေတာ။ လှမ်းခေါ်လိုက်မယ်ပေါ့လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဘွားက ငြိမ်းထိုင်တဲ့နားကိုတိုးလာတယ်။ အဲဒါနဲ့ နေရာကထပြီး ” အဘွား လာထိုင်။ ဒီနားမှာ လာထိုင် ” ဆိုပြီး အရှေ့ကိုပြောနေတုန်း ရုတ်တရက်ပဲ တွန်းလိုက်လို့ လဲမလိုဖြစ်သွားတယ်။ လန့်ပြီး အနောက်လှည့်ကြည့်လိုက်တော့ ငြိမ်းထလိုက်တဲ့နေရာကိုလုထိုင်ကြတာလေ။ သူတို့ဘာသာလုရင်းနဲ့ တိုက်မိတာ။ စိတ်တိုလိုက်တာ…။ တကယ်…။ လုတဲ့လူတွေကိုကြည့်တော့ ယောကျင်္ားလေးတွေ။ အသက်ကြီးကြီး ဦးလေးကြီးတွေ၊ အဘိုးကြီးတွေလည်းမဟုတ်။ ငယ်ငယ်ရွယ်ရွယ်တွေရယ်။ ဒေါသလည်းတော်တော်ဖြစ်သွားတယ်။ လုတဲ့ထဲက တစ်ယောက်ကတော့ ထိုင်နေပြီ။ အဲဒါနဲ့ တစ်ချက်ကြည့်လိုက်သေးတယ်။ နားလည်ပြီးထပေးမလားလို့ပါ။ သူ့ပုံစံကြည့်ရတာ နားလည်မယ့်ပုံမပေါက်တာနဲ့ အားလည်းမနာနိုင်တော့ဘဲ ပြောချလိုက်တယ်။ ” ဒီမှာ ဒီမှာ။ ဒီနေရာက ဟောဒီက အဘွားထိုင်ဖို့ နေရာဖယ်ပေးတာ။ အဲဒါကြောင့် ထပေးပါ။ အဘွားထိုင်မလို့။ ” ဆိုပြီး ပြောလိုက်တယ်။ အဲလိုပြောတာတောင် သူကကြည့်နေသေးတယ်။ အဲဒါနဲ့ ဘယ်ရမလဲ ပြန်ကြည့်ပေးလိုက်တာပေါ့။ ပြီးတော့မှ လူကို ဘုကြည့်ကြည့်ပြီး ထသွားတယ်။ အဲတော့မှ အဘွားကိုထိုင်ခိုင်းရတော့တယ်။
ကဲ.. ကြည့် ဘယ်လောက်တောင်များလဲဆိုတာ။ သူသာနဂိုကတည်းက ထိုင်နေတဲ့နေရာဆို ဖယ်ပေးဖို့မပြောနဲ့ ပြန်တောင်အော်မယ့်ပုံစံပါ။ အဲလိုမျိုးတွေ ခဏခဏ ကြုံရပါတယ်။ နေရာလုထိုင်တာတွေ။ ကိုယ့်နားမှာလာရပ်တဲ့လူမှာက ပစ္စည်းတွေနဲ့ကို နည်းနည်းလေးတောင် မကူညီတာတွေ။ ပြီးတော့ မတ်တပ်ရပ် စီးရတဲ့လူအချင်းချင်းကို တည့်တည့်မတ်မတ်မစီးဘူး။ ဘေးကလူပေါ်ကို မှီပြီးစီးတာတွေ အမျိုးမျိုးပါပဲ။ အဲဒါကြောင့် စဉ်းစားမိတယ်။ အခုချိန်ခါမှာ လူတွေဘာကြောင့် ကိုယ်ချင်းစာတရားနည်းပါးလာရတာလဲလို့ပါ။ စာနာမှုတွေ၊ ညှာတာမှုတွေ တော်တော်လေးကို နည်းပါးလာပါတယ်။ မရှိတော့ဘူးလို့မပြောပါဘူး။ ဒါပေမယ့် မရှိတော့သလောက်ပါပဲ။ ကိုယ်မကြုံဘူး၊ မခံစားဘူးလည်း ကိုယ်ချင်းစာတတ်ရမယ်ဆိုတဲ့စကားကို လူတွေမေ့ထားတတ်ကြတယ်နော်။ ကြုံဖူး၊ ခံစားဖူးတာတောင်မှ ကို်ယ်ချင်းမစာကြတာဆိုတော့ မေ့ထားတာလည်း မဆန်းဘူးလို့တောင်ပြောရမလိုဖြစ်နေပါပြီ။
ဂေဇက်ရွာသူ၊ ရွာသားအားလုံးလည်း ဒုက္ခအပေါင်းကင်းဝေးပြီး၊ ဒုက္ခရောက်သူများကို ကူညီနိုင်သူများဖြစ်ကြပါစေ……………………….
bus စီးရင်း တွေ့ကြုံရတာလေးတွေပေါ် စဉ်းစားမိတာတွေထဲက တစ်ခုပါ။ ငြိမ်းက စာသိပ်မရေးတတ်တော့ သည်းခံပြီးဖတ်ပေးကြပါလို့ပဲ တောင်းပန်ပါတယ်။
ရွာသူားအားလုံးကို ချစ်ခင်လေးစားတဲ့
ငြိမ်း
31 comments
etone
June 28, 2012 at 4:58 pm
ငြိမ်းရေ .. ကားပေါ်က ဇာတ်လမ်းတွေကတော့ … ဒီလိုတွေချည်းပါပဲ … ကိုယ်တွေလည်း ကိုယ်ပိုင်ကားမဝယ်နိုင်သေးတဲ့ ဘဝမို့ … ကားတိုးစီးနေရတုန်းပါပဲ … ။
ကားပေါ်မှာက ဦးရာလူစနစ်မို ့… ထိုင်ခုံနေရာ ၊ ယောကျာ်းမို့ မထိုင်ရ မိန်းမမို့ မထိုင်ရတွေ မရှိပေမယ့် …. တချို့လူတွေကတော့ .. စာနာတတ်ကြလို့ ..မိန်းကလေးဆို .. ဦးစားပေးပါတယ် … ။ စာနာမှုကြောင့် ဦးစားပေးတာကို … အခွင့်ရေးယူသလိုဖြစ်မှာ စိုးလို့ .. နေပါစေ …ခဏကြာလျှင် ဆင်းမှာဆိုပြီး refuse လုပ်ခဲ့ရတာတွေလည်း ရှိဖူးတယ် … ကိုယ်အထုတ်နဲက အထည်နဲ့ သယ်လာလို့ .. ဝိုင်းမကိုင်ပေးတာတွေလည်း ရှိဖူးတယ် .. ။ ဒီတော့လေ … ကိုယ့်ကိုယ်ကို သနားတယ်ဆိုလျှင် .. ကိုယ့်ဘာသာကိုယ်ပဲ .. ညှာတာပါငြိမ်းရေ … ။
သွားမယ့်ခရီး အတိုရှည် ၊ ကား ကြပ်ချိန် ၊ ရုံးဆင်းချိန်တွေဆို .. ချင့်ချိန်ပြီး သွားဖို့ လိုမယ် .. မဖြစ်မနေသွားရလျှင်တောင် ကိုယ့်တကိုယ်နိုင်စာလောက်လေးပဲ သယ်သင့်တာမျိုးကိုပြောတာပါ … ဒီဒဏ်မှ မခံနိုင်ဘူးဆိုလျှင်တော့ ကားငှားစီးရတော့မှာပေါ့လေ … ။
တက်ကျိုးလျှင် လက်ထိုးလှော်မယ်ဆိုတဲ့ စိတ်မျိုးထားပြီး .. ဘတ်စ်စကားစီးနိုင်ဖို့ ..စိတ်ခွန်အားတွေ ပေးလိုက်ပါတယ်ငြိမ်းရေ … သာယာပျော်ရွှင်ပါစေ ။
TNA
June 28, 2012 at 6:48 pm
ဟုတ်ပါ့တုန်တုန်ရေ။ အမလဲ ကားစီးတော့မယ်ဆိုအိပ်အကြီးကြီးလွယ်လို့ရတဲ့ဟာကိုင်တယ်။ ပြီးရင် ပါသမျှ အကုန်စုပြုံထည့်တယ်။ အဲဒါမှပဲ ကိုယ်လဲစိတ်အေးချမ်းသာရပ်နိုင်တယ်။ ပိုက်ဆံ ကိုတော့ဟိုးအောက်ဆုံးထားရတယ်။ ဒါတောင်တခါပါသွားသေးတယ်။ ဘယ်လိုနှိုက် လဲမသိပါ ဘူး။ တော်တာတကယ်။
etone
June 29, 2012 at 10:09 am
အစ်မရေ … ခါးပိုက်နှိုက်ဆိုတာကိုတော့ … တစ်ခါမှမကြုံဖူးသေးပါဘူး … ။
သတိလည်း အတော်လေး ထားစီးပါတယ် … ။ သူတောင်းစားတောင် သနားလို့ ကြည်ကြည်ဖြူဖြူပေးချင်ပေးဦးမယ် … အခုလို … ခါးပိုက်နှိုက်အချောင်သမားတွေကိုတော့ စေတနာကို လုံးဝမရှိတာ … ။
ကားစီးရင် … ဥစ္စာခြောက်လို့ ထင်ချင်ထင်ပါစေ.. သုံးရာ့ခြောက်ဆယ်ဒီဂရီလှည့်ပြီး …. ဘေးကလူတွေကိုခဏခဏ အကဲခတ်ရတာ အမောလေ … ။ ခါးပိုက်နှိုက်ထက်ဆိုးတဲ့ … ထိချင် တို့ချင်တဲ့ဟာတွေ တစ်ခါတစ်လေ ကားကြပ်လျှင်ပါလာတတ်တယ် .. အဲ့ဒါမျိုးဆို .. လိုင်းကားမစီးဖြစ်တော့ပဲ …ကားငှားလိုက်တယ် … ။ ပိုက်ဆံ ပိုပေးရပေမယ့် .. အကုသိုလ်ဖြစ်ရတာ သက်သာတယ်အစ်မရေ … ။ 🙄
Nyein Nyein
June 28, 2012 at 5:02 pm
ဟုတ်။ ကျေးဇူးပါ မမအိတုန်ရယ်။ ငြိမ်းလည်း အပြင်ထွက်ရင် တတ်နိုင်သလောက် ဘာမှမသယ်ရအောင် ကြိုးစားပါတယ်။ အခုဟာက သူများတွေကိုကြည့်ပြီး စိတ်တိုရတာပါ။ ဘာပဲဖြစ်ဖြစ် စိတ်ခွန်အားတွေပေးတဲ့အတွက်ကော၊ ပထမဆုံးဝင်မန့်တဲ့ အတွက်ကော ကျေးဇူးပါနော်……….
မိုက်ကယ်ဂျော်နီအောင်ပု
June 28, 2012 at 5:27 pm
နို့ နေဂျဘာအုန်းအေ
ငြီးတို့ပြောတဲ့ အထူးကား ဆိုတာကို သက်ဆိုင်ရာ မော်တော်ယဉ်လိုင်းတွေက
ဘယ်နေရာမှာ ဘယ်လို အဒိတ်ဘယ်ဖွင့်ထားသဒုံးတော့
Nyein Nyein
June 28, 2012 at 5:53 pm
အဲဒါတော့ မော်တော်ယဉ်လို်င်းကိုမေးမှပဲ သိတော့မှာ လေးလေးအောင်ပုရေ……………;)
htoosan
June 28, 2012 at 6:01 pm
လေကာပေါ်မှာ အထူးယာဉ် (သို့) အဲယားကွန်းဘတ်စ် လို့ ရေးပြီးသကာလ အထူးကားဖြစ်သွားလေ၏ ။
TNA
June 28, 2012 at 6:43 pm
အထူးကားအဒိတ်ဘယ်သိချင်ရင် မနောဖြူလေး ရဲ့စီးချင်အုံးဟဲ့အထူးကားကိုဖတ်ပါလေကုန်။
water-melon
June 28, 2012 at 5:45 pm
လူတွေ ကိုယ်ချင်းစာစိတ်တွေ မရှိတာ ကြာပေါ့
ကြီးကြီးငယ်ငယ်ဘာမှနားမလည်ဘူး
ကိုယ်အတွက်ဘဲသိကြတယ်
အဟီ
နာတို့ကတော့ ဆိုင်ကယ်ဘဲစီးတယ်
Nyein Nyein
June 28, 2012 at 5:51 pm
အယ်……………. ဆိုင်ကယ်စီးတဲ့လူလည်း ကိုယ်ချင်းစာစိတ်ထားလို့ရပါတယ်နော်။ ဖရဲတို့ကတော့ မမချောချောလေးတွေကို ကူညီပေးမှာပေါ့ 🙄
water-melon
June 28, 2012 at 5:53 pm
ဟယ် ဘာတွေကြောနေတာရဲ
ရှက်တာဟယ်
များတို့က အတိုကြီးတွေကို ကူညီတာပါဟယ်
အဟတ် အဟတ်
ဖိုးထောင်
June 28, 2012 at 5:54 pm
ပွင့်နှင့်ကစ်ကစ် တစ်ရက်အထူးကားပေါ်တွင်မတ်တပ်ရပ်စီးလာကြရင်း မှတ်တိုင်တစ်ခု၌ နေရာ နှစ်နေရာလွတ်သဖြင့် ပွင့်မှကစ်ကစ်အား ဟေ့လာလာ နေရာရပြီဟုဆိုကာ အတင်း ပြေး၍ထိုင်ချလိုက်ကြသည်နှင့်တပြိုင်နက် ဗျစ် ဂွိ စသည့်အသံများထွက်လာသဖြင့် ကဗျာကယာ ထကြည့်လိုက်သောအခါ အောက်၌ အပိပိအပြားပြားနှင့် ကွဲရွဲနေသည်မှာ ဘဲဥနှင့် ဖြဲမတို့ဖြစ်နေသည်—–ဟုကြားသိခဲ့ရပါကြောင်း————————- လစ်ဟ
သားဦး၊မြေးဦး
June 28, 2012 at 6:26 pm
အမလေး ကိုဖိုးထောင်ဂာ တတ်ပါပေ့ဗျာ။ဘဲဥနဲ ့ဖရဲတော့ ပြားနေအောင်ထိုင်ချခံရ
ပါပေါ့လား။ငြိမ်းငြိမ်းရေ ဘက်စ်ကားစီးသူတွေရဲ့ ကြုံနေရတဲ့ ဘဝတွေကတော့ ဒီစနစ်
တွေနဲ ့သာသွားရင် မလွယ်ရေးချမလွယ်သေးဘူး။
Nyein Nyein
June 29, 2012 at 9:33 am
အဲဒါတော့ အမှန်ပါပဲ ကိုသားဦးမြေးဦးရေ။ ဒီစနစ်အတိုင်းသွားလို့ကတော့ တကယ်ကိုမလွယ်တာပါ။
may flowers
June 28, 2012 at 8:09 pm
ငြိမ်းငြိမ်းရေ ကိုယ်ချင်းစာစိတ်လေးထားမိလို့ကိုယ်တစ်ခါဒေါသထွက်ခဲ့ဘူးသေးတယ်။ ဆယ်မိုင်ကုန်း
ကနေ မြို့ထဲကိုအလာ ခရီး တစ်ခုတုန်းကကြုံခဲ့ရတာလေးပါ။ အဲဒီတုန်းက
ကံကောင်းထောက်မစွာ နေရာလေးတစ်နေရာရပါတယ်။
လမ်းတစ်ဝက်မှာ ကောင်မလေးတစ်ယောက်ကလေးလေးကိုချီလို့တက်လာပါတယ်။
သူ့အမေလို့ခေါ်နေတဲ့ မိန်းမကြီးတစ်ယောက်နဲ့ပါ။ ပထမတော့ကိုယ်လည်း ကလေးကိုယူချီပေးထားမလို့
ကြည့်လိုက်တော့ ကလေးပုံစံလေးကညစ်ပတ်နံစော်နေတော့ မကြီးကျယ်ကိုယ်ကလည်း သားသားနားနား
ဝတ်ထားတာ ဆိုတော့မချီချင်ဘူး။ အဲကောင်မလေးကိုကြည့်လိုက်တော့လဲ ကလေးတစ်ဖက်နဲ့မို့ သနား
တာကြောင့် ကိုယ့်နေရာကိုပေးပြီးထိုင်ခိုင်းလိုက်ပါတယ်။ ကိုယ်ကတော့ကားကျပ်ကျပ်မှာမတ်တပ်ပေါ့လေ။
အဲဒီအချိန်အထိ ကိုယ့်နေရာလေးလှုလိုက်တာကို ပီတိဖြစ်ပြီး တယ်ဟုတ်တဲ့ငါပါလားလို့ သဘောတွေကျ
နေတာပါ (လှုနိုင်ခဲတဲ့အလှုပြုရသလိုမျိုး..ဟိ) ။ ဒါပေမဲ့ အဲဒီကောင်မလေး အနားကလူတစ်ယောက် လှည်း
တန်းမှာ ဆင်းသွားတော့ ကောင်မလေးက ဘေးမှာရပ်နေတဲ့ကိုယ် ထိုင်မှာစိုးလို့ ကိုယ့်ဘက်ကိုအတင်းကပ်
လိုက်ပြီး “ လာလာ…အမေ..လာလာ..ဒီမှာနေရာရာပြီနဲ့” အဝေးကသူ့အမေကို လှမ်းခေါ်နေတော့တာ..။
နေရာကို ထိုင်ချင်လို့တော့မဟုတ်ပေမဲ့ အဲဒီကောင်မလေးရဲ့အပြုအမူကြောင့် ဒေါသထွက်လိုက်တာလေ။
ရနေတဲ့ ကုသိုလ်လေးတောင်ပျောက်သွားတယ်။ နောင် များတော့ ကားနေရာရရင်..မျက်စိမှိတ်ပြီး အိပ်
လိုက်လာတယ်………..မှတ်ကရော။
Nyein Nyein
June 29, 2012 at 9:34 am
မမ မေဖလားဝါး ရေ……. နေရာရပေမယ့် မအိပ်ရဲပါဘူး။ တစ်ခါ အိပ်ပျော်သွားတာ မှတ်တိုင်ကျော်သွားလို့လေ။ အဲဒီ့နောက်ပိုင်း တစ်ယောက်ထဲ ကားစီးရင် မအိပ်ပျော်အောင် တော်တော်ကြိုးစားရပါတယ်။
Crystalline
June 28, 2012 at 8:46 pm
ငြိမ်းငြိမ်းရေ…ဒို့လည်းမမေဖလားဝါးလိုအဖြစ်မျိုးကြုံဖူးတယ်…ကိုယ်ချင်းစာ၊စာနာချင်တဲ့စိတ်တွေလည်း တခါတလေ မထားသင့်တဲ့သူတွေ အပေါ်ထားမိလို့ ကုသိုလ်မရ အကုသိုလ်ရတာလည်းကြုံဖူးပါတယ်..တခါ ကားစီးရင် အဲလို အသက်ကြီးအဖွားကြီးတစ်ယောက်နဲ့သူ့တူမလားဘာလားမသိတစ်ယောက်တက်လာတယ်.. ကို်ယ်ကလည်း နိုင်ငံကြီးသားပီသစွာနေရာဖယ်ပေးပြီးထိုင်ခိုင်းလိုက်တာပေါ့နော်.. ပြီးတော့ ကိုယ်ကသူ့ဘေးနားမှာရပ်နေလိုက်တာပေါ့…အဲဒီအဖွားက ၃မှတ်တိုင်လောက်ရောက်တော့ ဆင်းမလို့ပြင်တယ်..သူကတစ်ယောက်တည်းဆင်းမှာ..ကိုယ့်ကိုနေရာပြန်မပေးပဲ..ကားပေါ် ဆက်စီးမယ့်သူ့တူမကို လက်ဆွဲပြီးထိုင်ခိုင်းလိုက်တယ်….စဉ်းစားကြည့်ပါ…ဘယ်လောက်စိတ် တိုဖို့ကောင်းလဲ… နောက်တခုက သီရိမင်္ဂလာဈေးမှတ်တိုင်မှာ မြင်ဖူးတာပါ.. ဘီအမ်ကားအလွတ်တွေလာဆိုက်တယ်..ရွှေပြည်သာ..လှိုင်သာယာတို့လိုနေရာ မျိုးကိုဆွဲပေးတာထင်တယ်..အဲဒီအချိန်တွေမှာ အမျိုးသားတွေ မိန်းမတွေကို တိုးဝှေ့ပြီးအတင်းတက် ကားပြတင်းကနေဂျိုင့်တင်ပြီး ရုပ်ပျက်ဆင်းပျက်နေရာဦးတာ တွေမြင်ဖူးတယ်.. သူတို့ဖက်ကကြည့်တော့လည်း သူတို့တွေက များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားတွေ.အခြားအထွေထွေလုပ်သားတွေပါ.. တနေကုန်ခြေကုန်လက်ပန်းကျအောင်အလုပ်လုပ်ထားရတော့လည်း ၁နာရီကျော်လောက် စီးရမယ့်အိမ်ပြန်ခရီးကို ဖြစ်နိုင်ရင် သက်တောင့်သက်သာလေးသွားချင်ကြတယ်ထင်ပါတယ.် အဲတော့ ကိုယ်ချင်းစာ၊စာနာစိတ်တွေနည်းလာရတာနဲ့ပတ်သက်ရင်တော့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ထင်မြင်ချက်၊ အကြောင်းပြချက်တွေနဲ့ဖြစ်မယ် ထင်တယ်နော်..ဒို့အနေနဲ့တော့ ကိုယ်ချင်းစာမိလို့ စေတနာက ဝေဒနာဖြစ်ရတဲ့ အဖြစ်တွေပို များနေလို့..သူများကို ကိုယ်ချင်းစာ၊စာနာချင်တဲ့စိတ်လေးတွေမပျောက်သွားအောင် ကိုယ့်ကိုယ်ကို ဆုံးမနေရတယ်…
Nyein Nyein
June 29, 2012 at 9:37 am
ဟုတ်တယ် မcrystalline ရေ…….. တစ်ခါတစ်ခါတော့လည်း ကိုယ်ချင်းစာစိတ်လေးတွေ ပျောက်ပျောက်သွားလို့ မပျောက်အောင် ကိုယ့်ကိုယ်ကို ဆုံးမနေရပါတယ်။ အဲဒီ့ အလုပ်ကြမ်းသမားတွေကိုလည်း သနားပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ မိန်းကလေးဆိုရင်တော့ ဖယ်ပေးမိတယ်။ ယောကျင်္ားလေးဆိုရင်တော့ မဖယ်ပေးချင်ဘူးလေ။ ယောကျင်္ားလေးတွေဆိုတော့ ရပါတယ်ဆိုပြီး ပစ္စည်းတွေပဲ သယ်ပေးမိတယ်။
Aung
June 28, 2012 at 8:57 pm
သူငယ်ချင်းတွေ ပြောပြောနေတာလေး ကြုံတုံး ပြန်ပြောပြမယ်နော်
စင်္ကာပူ ဘတ်စ်ကားတွေက တဲ့ လူမတိုးရဘူး…တဲ့၊ ဘာဖြစ်လို့လဲဆိုတော့
တစ်စင်း နဲ့ တစ်စင်း ကြားမှာ အချိန်သိပ်မကွာလို့ လူပြည့်နေရင် နောက်ကား
ဆက်စောင့်ပြီး စီးကြတယ်..တဲ့၊ ကားတွေကလည်း ည ဆယ့်နှစ်နာရီထိ ဈေးနှုံး
အတူတူ ပြေးဆွဲပေးတယ်…တဲ့၊ မှတ်တိုင်မှာလည်း ကားပေါ်မှာ လူတစ်ယောက်
မှမရှိရင်တောင်မှ မြန်မာပြည်ကားတွေလို ခရီးသည် မစောင့်ဘူး…တဲ့။
ပြောချင်တာတော့ မြန်မာပြည်မှာ ရှိသမျှစီးပွားရေးလုပ်ပိုင်ခွင့် တွေသိမ်းပိုက်ပြီး
ချမ်းသာနေတဲ့ ဦးပိုင်ကော်ပိုရေးရှင်းတို့ က အဲဒီလို ဘတ်စ်ကား မျိုးတွေပြေးဆွဲ
ပေးရင် အဆင်ပြေ သွားမယ် ထင်ပါတယ် ငြိမ်းငြိမ်း ရေ…..
Pitbull
June 29, 2012 at 5:28 am
ကိုအောင်ရေ ..
ကိုအောင်ပြောတဲ့ ဦးပိုင်ဆိုတာက အစပထမ တည်ထောင်ခြင်းကနေ လုပ်ငန်းစတင်ချိန် ၁လအတွင်းမှာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က ပြောင်းပြန် အချိုးကျသွားပါတယ်ရှင်။ စစ်တပ်ရဲ့ ထုံးစံအတိုင်း ဥပဒေ
စည်းမျဉ်းစည်းကမ်းတွေက သံမဏိပမာ ရေးဆွဲထားပေမဲ့ တကယ့်လုပ်ကိုင်ကျတဲ့ အခါ ……………….. ?
မပြောတော့ပါဘူး
မငြိမ်းငြိမ်းရေ ခုလို ဖတ်ရတဲ့အတွက် ကျေးဇူးပါ
ကျမတို့လဲ ဘဝတူတွေမို့ စာနာမိပါတယ် စာအဖြစ်ရေးဖို့တော့ ခက်ခဲနေတုန်းပါဘဲ အခွင့်သင့်ရင်တော့ ကိုယ်ပိုင်
အတွေ့အကြုံလေး ရေးဖြစ်အောင် ကြိုးစားပါအုံးမယ်…..
Nyein Nyein
June 29, 2012 at 9:41 am
Pitball ရေးမယ့် အတွေ့အကြုံလေးတွေကို မျှော်နေပါတယ်။ ရေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
Nyein Nyein
June 29, 2012 at 9:40 am
ကိုအောင် ပြောသလိုကားတွေ ပြေးဆွဲရင်တော့ အဆင်ပြေတာပေါ့။ အခုခါမှာတော့ တစ်စီးလာပြီး နောက်တစ်စီးကိုစောင့်ရတာ လည်တမျှော်မျှော်နဲ့ပါ။ တစ်ခါနဲ့တစ်ခါလည်း စောင့်ရတဲ့ အချိန်မတူတော့ ဘယ်အချိန်ဆိုပြီး သတ်မှတ်လို့မရဘူးဖြစ်တာပေါ့။
Thanlwinoo
June 28, 2012 at 9:37 pm
ဘတ်စ်ကားကြပ်တဲ့ စနစ်ကြောင့်လား…?
အားနည်းတဲ့သူကို မညှာတာတဲ့ လူရဲ့စိတ်ထားကြောင့်လား..?
တစ်ချို့က အူမမတောင့်ရင် သီလမစောင့်နိုင်ကြဘူး..။
တစ်ချို့ကလည်း နေရာလေးတစ်ခုရရင် စိတ်ပြောင်းသွားတတ်ကြတယ်…။
စနစ်ကြောင့်…၊ လူကြောင့်…၊ စနစ်ကြောင့်၊ လူကြောင့်၊ စနစ်၊ လူ……… 🙂
Nyein Nyein
June 29, 2012 at 9:42 am
စနစ်ကြောင့်ရော၊ လူကြောင့်ရော နှစ်ခုလုံးကြောင့်လို့ထင်ပါတယ်။ နှစ်ခုလုံးကို ပြင်နို်င်ရင်တော့ အကောင်းဆုံးပေါ့နော်။
မောင်ပေ
June 28, 2012 at 9:56 pm
NyeinNyein လေး ပေးထားတဲ့ ဆုနဲ ့ပြည့်ပါရစေကွယ်
King of Secrets (Bo Min)
June 28, 2012 at 10:14 pm
မှန်တာပေါ့၊ လူ.စိတ်တော့ရှိဖို.လိုတယ်။
ဇောက် ထိုး
June 29, 2012 at 6:59 am
မငြိမ်းရယ်… လူတွေဆိုတော့လဲ အမျိုးမျိုးပေါ့နော်…
တကယ်တော့ အသိမထွန်းတာပဲလို့ ပြောရမလား မသိဘူးနော်။
မငြိမ်းရဲ့ထိုင်ခုံက ထပေးမှုလေးကို အရမ်းလေးစားဂုဏ်ပြုပါတယ်။
ဒါပေမယ့် မငြိမ်းပြောလိုက်တာလေးကတော့ လိုသေတယ်လို့ထင်ပါတယ်။
“ဒီမှာ ဒီမှာ။ ဒီနေရာက ဟောဒီက အဘွားထိုင်ဖို့ နေရာဖယ်ပေးတာ။ အဲဒါကြောင့် ထပေးပါ။ အဘွားထိုင်မလို့။ ”
လေသံက မာနေပြီး စိတ်တိုနေတယ်ထင်တယ်နော်…
သူရဲ့မသိတတ်မှုကြောင့် ကို်ယ့်စိတ်ဆင်းရဲ့မှုထိတော့ မဖြစ်စေချင်ဘူး။ ပြောတော့လဲ ပြောပေါ့… စိတ်မတိုပဲနဲ့ ပြောမှ မငြိမ်းချမ်းသာမှာပေါ့။ ဆရာကြီးလုပ်တာ မဟုတ်ဘူးနော်….ကျွန်တော်တို့အားလုံး ငြိမ်းချမ်းတိုးတက်ရေးအတွက် ပြုပြင်နေကြတာလေ…ဟီးးးးးးးးးးးးးး
Nyein Nyein
June 29, 2012 at 9:46 am
ဆရာကြီးလုပ်တယ်လို့မထင်ပါဘူး။ ဆရာလုပ်လည်းရပါတယ်။ အဲဒီ့အချိန်တုန်းက တကယ်ကို စိတ်တိုသွားတာပါ။ လေသံမာသွားမှန်းလည်း သိပါတယ်။ အတတ်နိုင်ဆုံးတော့ ထိန်းလိုက်တာပဲ။ ဘယ်လိုပုံစံဖြစ်သွားလဲတော့ မသိဘူး။ နောက်များကြုံရင်တော့ အတတ်နိုင်ဆုံး စိတ်မတိုဘဲ ပြောပါ့မယ်။ အနည်းဆုံးတော့ ကိုယ်ချမ်းသာမှာပေါ့နော်။ ပြီးတော့ ဘေးကလူတွေလည်း အဆင်ပြေမှာပေါ့။
mamanoyar
June 29, 2012 at 9:26 am
ငြိမ်းစိတ်လေးကို လေးစားပါတယ်
စိတ်ကောင်းထားတဲ့သူက ကိုယ့်အပေါ် စိတ်ကောင်းပြန်ထားတဲ့သူတွေနဲ့
ဆုံမှာပါ
Nyein Nyein
June 29, 2012 at 9:49 am
စိတ်ထားက အပြည့်အဝမကောင်းသေးပါဘူး မမနိုရာရယ်။ 😳 ကို်ယ့်ကိုယ်ကို ပြုပြင်နေတုန်းပါ။ စိတ်ထားကောင်းတဲ့သူတွေနဲ့တော့ ဆုံပါတယ်။ အများတွေကို ကူညီတဲ့သူတွေကို တွေ့ပါတယ်။
အဲလိုတွေ့တိုင်းလည်း ကိုယ်ပါအဲလိုဖြစ်အောင်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ပြန်ပြောနေရတယ် မမနိုရာရေ……………….
အဂျစ်
June 29, 2012 at 10:07 am
ဘတ်စ်ကားကြပ်တဲ့ စနစ်ကြောင့်လား…?
အားနည်းတဲ့သူကို မညှာတာတဲ့ လူရဲ့စိတ်ထားကြောင့်လား..?
တစ်ချို့က အူမမတောင့်ရင် သီလမစောင့်နိုင်ကြဘူး..။
တစ်ချို့ကလည်း နေရာလေးတစ်ခုရရင် စိတ်ပြောင်းသွားတတ်ကြတယ်…။
စနစ်ကြောင့်…၊ လူကြောင့်…၊ စနစ်ကြောင့်၊ လူကြောင့်၊ စနစ်၊ လူ…A:သဂျီ ကိုပွဲတောင်း နေပြီ…….