လူလိမ်ကြီးမောင်ဝါဝါ
လူလိမ်ကြီး မောင်ဝါဝါ
– သူရဿဝါ –
မောင်ဝါဝါက ပေါင်းသင်း ဆက်ဆံရေး ထူးချွန်သူ တစ်ယောက် ဖြစ်သည့်အတွက် ရပ်နီး ရပ်ဝေး အွန်လိုင်း အော့ဖ်လိုင်း နေရာတိုင်းတွင် မိတ်ဆွေ သူငယ်ချင်း များစွာရှိသည်။ ထို့အပြင် မောင်ဝါဝါမှာ မိုးလင်း မိုးချုပ် တကုပ်ကုပ်ဖြင့် အွန်လိုင်းတွင် ရှိနေ တတ်သည့် အတွက် အွန်လိုင်းမှ မိတ်ဆွေ သူငယ်ချင်း ပို၍ များလေသည်။ ထို အွန်လိုင်း မိတ်ဆွေ သူငယ်ချင်း များစွာ အနက်တွင် မောင်ဝါဝါနှင့် အလွန် ခင်မင်သော ဒေးဗစ် ဆိုသည့် နိုင်ငံခြားသား မိတ်ဆွေ တစ်ဦး ရှိသည်။ ဒေးဗစ်က မြန်မာ လူမျိုးတို့အား စိတ်ဝင်စား သဘောကျသည်။ မောင်ဝါဝါအား မြန်မာ လူမျိုးများ အကြောင်း ခဏခဏ မေးသဖြင့် မောင်ဝါဝါ ကလည်း ခဏခဏ ပြောပြသည်။ မြန်မာ လူမျိုးများ စိတ်ထား ဖော်ရွေကြောင်း၊ ယဉ်ကျေး သိမ်မွေ့ကြောင်း၊ အထူးသဖြင့် မြန်မာ အမျိုးသမီး ကလေး များ၏ အရှက်အကြောက် ကြီးပုံ၊ မြန်မာဆန်ဆန် ဝတ်စား ဆင်ယင်ပုံ တို့မှာ ကမ္ဘာကပင် လေးစား အသိအမှတ် ပြုရကြောင်း စသည်ဖြင့်။ သူကလည်း မောင်ဝါဝါ ပြောပြ သည်တို့ကို သဘောကျကာ မြန်မာ နိုင်ငံသို့ လာလည် ချင်သည်ဟု ခဏခဏ ပြော၏။
တစ်နေ့တော့ ဒေးဗစ်၏ ဆန္ဒ ပြည့်ဝဖို့ အကြောင်းဖန် လာသည်။ သူ၏ အလုပ်ကိစ္စ တစ်ခုဖြင့် မြန်မာပြည်သို့ လာရန် ကိစ္စ ရှိကြောင်း၊ အလုပ်ကိစ္စ အကြောင်း ပြု၍ မြန်မာပြည်သို့ အလည်အပတ် လာရောက် နိုင်မည် ဖြစ်ကြောင်း မောင်ဝါဝါအား ဝမ်းသာအားရ ပြောပြလေသည်။ မောင်ဝါဝါလည်း အိမ်ရှင် ဝတ္တရား ကျေပွန်ရမည့် ထုံးစံ ရှိသည့်အတိုင်း ဒေးဗစ် အနေဖြင့် မြန်မာ နိုင်ငံသို့ ရောက်လာလျှင် သူ စိတ်ဝင်စားသော မြန်မာ လူမျိုးများ အကြောင်းကို တစေ့တစောင်း လေ့လာနိုင်ရန် စီစဉ် ပေးမည် ဖြစ်ကြောင်း ကတိထား လိုက်လေ၏။ ထိုသို့ အပြန်အလှန် ပြောဆိုပြီး တစ်လခန့် အကြာတွင် ဒေးဗစ် တစ်ယောက် မြန်မာပြည်သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိ လာလေ၏။ သို့ဖြင့် မောင်ဝါဝါမှာ ကတိ ထားရှိသည့် အတိုင်းပင် ဒေးဗစ်အား ရန်ကုန်မြို့အနှံ့ လိုက်လံ ပို့ဆောင် ရလေ၏။
မြန်မာ့ ဘတ်စ်ကားမှာ နာမည်ကျော် သဖြင့် ဘတ်စ်ကား စီးချင်သည်ဟု ဒေးဗစ်က ပူဆာသဖြင့် သူသွားချင်ရာ နေရာသို့ ဘတ်စ်ကားဖြင့် လိုက်လံ ပို့ဆောင် မိသည်။ မနက်ပိုင်း ရုံးတက်ချိန် ဖြစ်သဖြင့် ထုံးစံအတိုင်း ကားကျပ် လေရာ မောင်ဝါဝါနှင့် ဒေးဗစ်တို့ ကားပေါ်သို့ အလုအယက် တက်ရ၏။ ဒေးဗစ်မှာ တပြုံးပြုံးနှင့် သဘောကျ၍ မဆုံး။ ကားပေါ် ရောက်တော့ မောင်ဝါဝါအား ဒေးဗစ်က
“လူကလေးတို့ မြန်မာတွေ အားကြီး စည်းလုံး ကြတယ် ဆိုတာ အခုတော့ ကျွန်ုပ် ယုံသွားပြီ၊ တစ်ချိန်လုံး ကျောချင်းကပ် ရင်ချင်းအပ်ပြီး စုစုစည်းစည်း နေကြတယ်ကိုး” ဟု ဆိုလေရာ မောင်ဝါဝါမှာ မနက် ရုံးတက်ချိန် ဖြစ်သဖြင့် ဘတ်စ်ကား ကျပ်ခြင်း ဖြစ်ကြောင်း၊ တမင်သက်သက် ကျောချင်းကပ် ရင်ချင်းအပ်၍ နေကြခြင်း မဟုတ်ကြောင်း ဒေးဗစ်အား ကမန်းကတမ်း ရှင်းပြ ရလေ၏။ ရှင်းပြ၍ မဆုံးမီ မှာပင် မနက်ခင်း မင်္ဂလာ တေးသံသာ ဖြစ်သော စပယ်ယာ၏ အော်ဟစ် ငြူစူ စောင်းမြောင်း ငေါက်ငမ်းသော အသံကို မောင်ဝါဝါနှင့် ဒေးဗစ် အပါအဝင် ခရီးသည်များ တစ်လမ်းလုံး နာခံရသည် ဖြစ်လေ၏။ ဒေးဗစ်ကား မျက်နှာပျက် လေပြီ။ ကားပေါ်မှ ဆင်းတော့ မောင်ဝါဝါအား
“လူကလေး ပြောတော့ သင်တို့ လူမျိုးတွေ အားကြီး သဘောကောင်းတယ်၊ ဖော်ရွေတယ်ဆို .. အခုတော့ တစ်ချိန်လုံး အော်ဟစ် နေလိုက်တာ ကျွန်ုပ်တို့ အင်္ဂလိပ် ရုပ်ရှင် ကားထဲက လူဝံကြီး ဒေါသထွက်နေ သလိုပဲ၊ လူကလေး ကျွန်ုပ်ကို လိမ်တာလား” ဟူ၍ မေးသည်တွင် မောင်ဝါဝါမှာ ဘာပြန်ဖြေရမှန်း မသိ။ သို့နှင့် မြို့ထဲသို့ ရောက်လေသည်။ အလွန်တရာ လူစည်ကားသော မြို့လယ်ခေါင် ရောက်သည်တွင် ဒေးဗစ်မှာ လမ်းပင် ကောင်းကောင်း မလျှောက်နိုင်။ ဘေးဘီ ပတ်ဝန်းကျင်ကို ကြည့်၍ မျက်လုံးကြီး အဆမတန် ပြူးထွက် နေကာ “အိုး ဟိုး ဟိုး” ဟူ၍ တစ်ချိန်လုံး မြည်တမ်း ၍သာ နေတော့၏။ မောင်ဝါဝါလည်း ဒေးဗစ် ဘာများ အံ့ဩ ထူးဆန်း နေသနည်းဟု ပတ်ဝန်းကျင်အား စူးစမ်း ကြည့်မိသော် မောင်ဝါဝါ ကိုယ်တိုင် ပါးစပ် အဟောင်းသား ဖြစ်ရလေပြီ။
“ဟိုက် … ပေါင်ရင်း စကတ် အတိုအကွဲ”
“ဟင် … စွပ်ကျယ် .. အဲ .. မဟုတ်ပါဘူး .. ရင်ဟိုက် အကျီ င်္”
“အလို … ဒါက ကောက်ညှင်းထုပ်လို ကျပ်ကျပ်ကပ်ကပ်”
စသည်ဖြင့် အာမေဋိတ် ပေါင်းစုံ ရေရွတ် ရတော့သည်။ ဘေးဘီ ပတ်ဝန်းကျင်တွင် တွေ့ရသည့် မိန်းကလေး အတော်များများမှာ မြန်မာ ဆန်ဆန် ရိုးရိုးယဉ်ယဉ် ဝေးစွ … ရင်အတော်ကြီးဟိုက် အကျီ င်္၊ ပေါင်ရင်းနှင့်အထက် မနည်းမနောကွဲ စကပ်၊ တစ်ကိုယ်လုံး အတင်းကာရော ကျပ်ထုပ်ဝတ်စုံ စသည်ဖြင့် သူ့ထက်ငါ အပြိုင်အဆိုင် ဝတ်စား ဆင်ယင်၍ ဥဒဟို သွားလာ လန်းဆန်း နေကြလေ၏။ ဒေးဗစ်မှာ စိတ်ပျက် လက်ပျက် လေသံဖြင့်
“အိုး … တခြား ဘာမှ မကြည့်ဘဲ ဒီမိန်းကလေး တွေချည်း ကြည့်ပြီး ပြောရမယ် ဆိုရင် ကျွန်ုပ်တို့ နိုင်ငံခြား အလား ဖြစ်နေကြ ပါလား၊ ကျွန်ုပ်က ဒါမျိုးတွေ ဟိုမှာ မြင်နေကျလေ …၊ လူကလေး ကျွန်ုပ်ကို ဘာလို့ ဒါတွေ ပြနေ တာလဲ၊ အခုတော့ ကြည့်ရတာ ကျွန်ုပ်တို့ နိုင်ငံခြား ရုပ်ရှင်ထဲက လံကွတ်တီ တာဇံမတွေ မြင်နေရ သလိုပဲ၊ လူကလေး ပြောတဲ့ ရိုးရိုးယဉ်ယဉ် မြန်မာမလေးတွေ ကျွန်ုပ် ကြည့်ချင်တာမှန်း လူကလေး မသိဘူးလား၊ လူကလေး ကျွန်ုပ်ကို မရှိတဲ့ အရာတွေ ပြောပြီး လိမ်နေသလား ဟင်” ဟု ပျစ်ပျစ်နှစ်နှစ် ဝေဖန် လေတော့၏။ မောင်ဝါဝါ မှာလည်း မျက်နှာ ငယ်ငယ်နှင့် ဘေးမှ လိုက်ရလေသည်။ သို့နှင့် ဒေးဗစ် စိတ်ဆိုးပြေရန် ရည်ရွယ်ပြီး စိတ်ပြေလက်ပျောက် အဖြစ် ရန်ကုန်မှ နာမည်ကျော် အင်းလျား ကန်ဘောင် ပေါ်သို့ ဒေးဗစ်အား လေညှင်းခံရန် ခေါ်သွား မိလေသည်။
ကန်ဘောင်ပေါ် ရောက်သည်တွင် အခြေအနေ ပို၍ ဆိုးလေ၏။ ကန်ဘောင်ပေါ်တွင် ချစ်သူ စုံတွဲများကို မြင်သော အခါတွင် ဒေးဗစ်မှာ မျက်လုံး ပြူးရုံ သာမက မျက်နှာကြီးပါ နီရဲတွတ်၍ လာလေ၏။ ထို့နောက် စိတ်ဆိုး မာန်ဆိုး နှင့် မောင်ဝါဝါ့ဖက် လှည့်ကာ
“အိုး မိုင် ဂေါ့ဒ် .. လူကလေး မောင်ဝါဝါ .. ဟောလီးဝုဒ်က မင်းသား မင်းသမီးတွေ ဒီမှာ ချစ်ခန်း ကြိုက်ခန်း လာရိုက် နေကြတာလား၊ လူကလေး ပြောတော့ မြန်မာ လူမျိုးတွေ အရှက်အကြောက် သိပ်ကြီးတယ်ဆို၊ အခုတော့ ကျွန်ုပ် ကြည့်တောင် မကြည့်ရဲ တော့ဘူး၊ လူကလေး ကျွန်ုပ်ကို လိမ်တာ တော်တော် များပြီ … ကျွန်ုပ် စိတ်ညစ်တယ် .. ပြန်မယ်” ဟု ဆိုကာ ဘောက်ဆတ် ဘောက်ဆတ် ဖြင့် တည်းခိုရာ နေရာသို့ ပြန်သွား လေတော့သည်။
ဒေးဗစ် ပြန်မည့်နေ့ ရောက်၍ လေယာဉ်ပေါ် တက်ခါနီးတွင် လိုက်လံ နှုတ်ဆက် ပို့ဆောင်သော မောင်ဝါဝါအား လက်ညှိုးထိုး၍ ၎င်းက တစ်ခွန်းတည်း “ကျွန်ုပ်ကို လိမ်ပြီး ခေါ်တယ်၊ လူလိမ်ကြီး မောင်ဝါဝါ” ဟု ပြောတော့ လေရာ မိမိတို့ မြန်မာများ ဖော်ရွေသည်၊ သဘောကောင်းသည်၊ ယဉ်ကျေး ပျူငှာသည်၊ အရှက် အကြောက် ကြီးသည်၊ အမျိုးသမီး လေးများ မြန်မာ ဆန်ဆန် လှပကြသည် ဟူ၍ ပြောခဲ့မိသော မောင်ဝါဝါမှာ ပြန်၍ပင် နှုတ်မဆက် နိုင်ဘဲ ပါးစပ် အဟောင်းသားဖြင့် ကျန်ခဲ့လေတော့ သတည်း။
Net Guide Journal
Volume (2), Issue (40)
14 comments
Azzurri
June 29, 2012 at 1:01 pm
ကောင်းလိုက်တဲ့ သရော်စာ ဗျာ …
ဒါတောင်
အလေးခိုးတာ
လိမ်ရောင်းတာ
အချဉ်ဖမ်းတာ
ဂျင်းသိပ်တာ
စမာန်ခုတ်တာ
နှပ်ချတာ
ဂွင်ရိုက်တာ
ဝမ်းတူးဆော့တာ
တွေ မပါသေးဘူး…
အဲ့ဒါတွေများ ပါ မြင်တွေ့ကြားသိသွားလို့ကတော့….. ကိုရင့်မိတ်ဆွေ ..
မေးရိုး ကြမ်းပြင် ရိုက်လိမ့်မယ်ထင့်…
တော်သေးပြီ
ခင်တဲ့
မောင်ပေ
June 29, 2012 at 1:04 pm
“ကျွန်ုပ်တို့ နိုင်ငံခြား ရုပ်ရှင်ထဲက လံကွတ်တီ တာဇံမတွေ မြင်နေရ သလိုပဲ၊”
ိကိုဝါဝါရေ…ကျုပ်ကိုလဲ ၊ ရန်ကုန်မြို ့ကြီးကို အလည်လာတဲ့အခါ လိုက်ပြပေးပါနော ။ ဟီဟိ
ဇောက် ထိုး
June 29, 2012 at 2:48 pm
ဦးပေတို့မြို့မှာကော မရှိဘူးလားဟင်….
mamanoyar
June 29, 2012 at 1:10 pm
“လူကလေး ပြောတော့ သင်တို့ လူမျိုးတွေ အားကြီး သဘောကောင်းတယ်၊ ဖော်ရွေတယ်ဆို .. အခုတော့ တစ်ချိန်လုံး အော်ဟစ် နေလိုက်တာ ကျွန်ုပ်တို့ အင်္ဂလိပ် ရုပ်ရှင် ကားထဲက လူဝံကြီး ဒေါသထွက်နေ သလိုပဲ၊ လူကလေး ကျွန်ုပ်ကို လိမ်တာလား” စာသားအားလုံးကို သဘောကျပါတယ်။
pan pan
June 29, 2012 at 1:26 pm
လိမ်တယ်လို့ပဲပြောရမလား
““မိမိတို့ မြန်မာများ ဖော်ရွေသည်၊ သဘောကောင်းသည်၊ ယဉ်ကျေး ပျူငှာသည်၊ အရှက် အကြောက် ကြီးသည်၊ အမျိုးသမီး လေးများ မြန်မာ ဆန်ဆန် လှပကြသည်””
ဆိုတာတွေက စာအုပ်တွေထဲ၊ စကားတွေ၊ ရုပ်ရှင်ထဲတွေပဲ
ပြောရရင် အကြားပဲရှိတာပေ့ါ
အမြင်ကတော့ တော်တော်ကွဲသွားပြီ
မြန်မာ့Imageအနေနဲ့ကတော့ အဲဒါတွေပါ ဆိုတဲ့အဆင့်ပဲရှိတယ်
တကယ့်အမြင်ကျတော့ မတူတော့ဘူး
ဒါတောင် ကိုဂီပြောတဲ့ဟာတွေမပါသေးလို့ 😆
(ဒါနဲ့ မနေ့က ပြောနေရင်းလိုင်းကျသွားလို့နော် 🙂 )
same kyaw
June 29, 2012 at 1:39 pm
ကောင်းလိုက်တဲ့စာ ။အမှန်တကယ်ဖြစ်နေသောအဖြစ်မှန်
ဘဲဥ
June 29, 2012 at 1:39 pm
ဒါလေးများ
ဘီဒီယိုရိုက်ပီးတော့ ခွေထုတ်ရောင်းစားလိုက်ပေါ့တော် 😆
မမ အညာသူ
June 29, 2012 at 1:53 pm
အရမ်းကောင်းပါတယ်
ကမ္ဘာကြီးပူနွေးလာပြီလို.ပြောတယ်
ဟုတ်ပါတယ် အမျိုးသမီးတွေကသက်သေပြနေတယ်လေ
မြန်မာမှု့ကိုချစ်မြတ်နိုးတန်ဖိုးထားနိုင်ကျပါစေ
Khaing Khaing
June 29, 2012 at 3:35 pm
ကိုကိုဝါ ဘယ်လိုပြောရမလဲနော် …… အခိုင်ကတော့ တစ်ခါတစ်လေ မြန်မာဆန်ဆန်ဝတ်တတ်သလို တစ်ခါ တစ်လေ ခေတ်ဆန်ဆန်ဝတ်တတ်တယ် သူများဝတ်တာစားတာတော့ မကဲ့ရဲ့ချင်ပါဘူး ခေတ်နဲ့အညီ ဝတ်ကြစားကြတာဆိုတော့လည်း အပြစ်မပြောချင်တော့ဘူး တစ်ချိန်ကဆို တရုတ်ကားတွေခေတ်စားချိန်က တရုတ်မလေး ပိုင်ဝှေ့ဝတ်သလိုလိုက်ဝတ်ကြလေရဲ့ ……. အခုက ကိုရီးယားကားတွေခေတ်စားလာတော့ ကိုရီးယားမလေးတွေလိုလိုက်ဝတ်ပြန်ရော ခေတ်ရေစီးကြောင်းနောက်ကို လိုက်နေတာဆိုတော့ အတုမြင် အတတ်သင်ပါပဲ …….
Phaung Phaung
June 29, 2012 at 4:39 pm
ဟုတ်ပ…လူကလေးမောင်ဝါဝါရယ်…ကျွန်ုပ်ကတော့ မြန်မာပြည်ကို သိပ်အထင်ကြီးထားတာ…. အခုတော့ လူကလေးပြောတာ တခုမှလဲ ဝုတ်ဘူးရယ်….တို့တိုင်းပြည်ထက်တောင် လန်ထွက်နေသေးတယ်လို့ ပြောမသွား တာကံကောင်းရယ်…. နော်……..အဟီး
King of Secrets (Bo Min)
June 29, 2012 at 5:38 pm
အော် ခေတ်ရေစီးကြောင်းဆိုတာ ကောင်းတဲ့အခါကောင်းသလို မကောင်းတဲ့အခါလည်း မကောင်းဘူးနော်။
ဖိုးထောင်
June 29, 2012 at 5:46 pm
ကိုကိုဝါက သာမီးတို့စီမှခေါ်မလာတာ ခံပေါ့ သာမီးတို့က ကိုဝါဝါဧည့်သည်ခေါ်လာမယ်ဆိုလို့မျှော်နေတာ နောက်တစ်ခါဆိုခေါ်လာခဲ့ ကော်မရှင်ပေးမယ်
သားဦး၊မြေးဦး
June 30, 2012 at 12:10 pm
ကိုသူရသဝါရေ မိုက်တယ်ဗျာ။အရေးအသးပါနော့။
အိုး မိုင် ဂေါ့ဒ် .. လူကလေး မောင်ဝါဝါ .. ဟောလီးဝုဒ်က မင်းသား မင်းသမီးတွေ ဒီမှာ ချစ်ခန်း ကြိုက်ခန်း လာရိုက် နေကြတာလား၊ လူကလေး ပြောတော့ မြန်မာ လူမျိုးတွေ အရှက်အကြောက် သိပ်ကြီးတယ်ဆို၊ အခုတော့ ကျွန်ုပ် ကြည့်တောင် မကြည့်ရဲ တော့ဘူး၊ လူကလေး ကျွန်ုပ်ကို လိမ်တာ တော်တော် များပြီ … ကျွန်ုပ် စိတ်ညစ်တယ် .. ပြန်မယ်” ဟု ဆိုကာ ဘောက်ဆတ် ဘောက်ဆတ် ဖြင့် တည်းခိုရာ နေရာသို့ ပြန်သွား လေတော့သည်။
ma haw
June 30, 2012 at 1:31 pm
အဟတ်ဟတ်ဟတ်