မမေ့နိုင်သော မိုးရာသီ၏ နေ့ရက်များ (၃)
မီးဖွင့်လိုက်တယ်ဆိုရင်ပဲ ဝုန်းကနဲခုန်ဆင်းပြီး ထွက်ပြေးသွားတာ ကြောင်တစ်ကောင်…Tom & Jerry များ ဆော့နေကြသလားမှတ်ရတယ်။ ထောင်ထားတဲ့ မှန်ကလည်း လဲကျလို့…စားပွဲပေါ်က ပစ္စည်းတွေကလည်း ပြန့်ကျဲလို့…နာရီကို ကြည့်လိုက်တော့ မနက်ငါးနာရီလောက် ရှိတော့မယ်… တော်တော်လေး ဆိုးလိုက်တဲ့ ကျွန်မနော်… ဘာဖြစ်တာလဲဆိုတာကို သေချာမစူးစမ်းဘဲ အဖေ့ကိုတောင် လှမ်းထင်လိုက်သေးတယ်…. ကျွန်မ စိတ်ထဲကို အဖေလို့ရောက်လာတာနဲ့ တစ်ပြိုင်နက် မျက်ရည်ကကျလာပြီ… ငိုနေလို့ မပြီးသေးပါဘူးဆိုပြီး ရေချိုး၊ သေချာတောင် မဖြည်ရသေးတဲ့ အထုတ်ကို ပြန်ဆွဲပြီး အဆောင်က ထွက်လာခဲ့တယ်။ မိုးကလည်း ဖွဲဖွဲလေး ကျလို့…။
ကားကို ဘယ်လိုငှားပြီး ကားဂိတ်ကို ဘယ်လိုဆင်းခဲ့တယ် ဆိုတာတောင် သတိမရတော့ပါဘူး။ စိတ်နဲ့ လူနဲ့လည်း မကပ်သလိုပဲ။ အိပ်မက်ထဲမှာပဲ လမ်းလျှောက်နေရတာလား…။ အိမ်ရောက်ရင် ကြုံရမယ့် မြင်ကွင်းကြီးကို ဘယ်လို ရင်ဆိုင်ရပါ့မလဲ…။ ဒလဘက်ကမ်းရောက်တော့ လိုင်းကားကို မစောင့်နိုင်တော့ဘဲနဲ့ အငှားကားလေးနဲ့ပဲ ပြန်လာလိုက်တယ်။ တစ်နာရီခွဲလောက် အချိန်ကို ကျွန်မ ဘယ်လို ကျော်ဖြတ်ခဲ့ပါလိမ့်…. မျက်ရည်ကျလာလိုက်၊ ပြန်သုတ်လိုက်၊ စိတ်ကို ပြန်အားတင်းပြီး လမ်းဘေးကို လိုက်ကြည့်လာလိုက်…စိတ်တင်းထားတဲ့ ကြားကကို မျက်ရည်က ကျလာလိုက်နဲ့ အဲဒီတစ်နာရီခွဲက ကျွန်မအတွက်တော့ ရှည်ကြာလွန်းလှပါတယ်။
ကားက လမ်းထိပ်မှာ ရပ်ပေးလို့ ဆင်းလိုက်တယ်ဆိုရင်ပဲ… လမ်းထိပ်မှာ ရောက်နေတဲ့ ဘေးအိမ်က အန်တီနဲ့ တွေ့ပါတယ်။ ကျွန်မကို တွေ့တွေ့ချင်း သမီးရယ်… ဆိုပြီး မျက်နှာကြီးက ညိုဆင်းသွားတာ… ကာယကံရှင် ဖြစ်တဲ့ ကျွန်မ လမ်းမကြီးမှာတောင် မရှက်နိုင်တော့ဘဲ ဖက်ငိုမိပါတော့တယ်… အိမ်ရှေ့လည်းရောက်ရော မြင်လိုက်ရတဲ့ အဖေ့နာရေးဆိုင်းဘုတ်၊ ကျွန်မကို မြင်လိုက်တယ်ဆိုရင်ပဲ မျက်ရည်သုတ်လိုက်တဲ့ အမေ့ရဲ့ အားတင်းထားတဲ့မျက်နှာ၊ အိမ်အလယ်မှာ တွေ့လိုက်ရတဲ့ ကုတင်ပေါ်က အဖေ့ရုပ်ကလပ်…”အဖေ..” ဆိုပြီး ပြေးဝင်လို့ အဖေ့ကို ဖက်ပြီး ငိုမိပါတယ်။ အဖေ့ပုဆိုးစကို တင်းတင်းဆုပ်ထားတဲ့ ကျွန်မရဲ့လက်ချောင်းတွေဟာ အသားထဲကိုတောင် ဖောက်ဝင်သွားမတတ်ပါပဲ…ဘာမှကို လုပ်ပေးမလို့မရတော့ဘူးဆိုတဲ့ အသိနဲ့ ယူကြုံးမရစိတ်တွေ… နေမကောင်းခဲ့တဲ့ တစ်လျှောက်လုံး ပြုစုမပေးခဲ့ရတာတွေ…ရန်ကုန်ပြန်ကာနီး လခရတော့ အဖေ့ကို အကျီဝယ်ပေးမယ်ဆိုပြီး မဝယ်ပေးဖြစ်ခဲ့တာတွေ… အဖေအရက်သောက်ထားတိုင်း မထီမဲ့မြင်လုပ်ခဲ့တာတွေ… တကယ်ကို ဘာမှလုပ်လို့မရတော့ပါဘူး…
ဘယ်သူကမှ မတားဘဲ အားရပါးရငိုပြီးတဲ့အခါမှာတော့ အမေ့နားကို သွားထိုင်မိပါတယ်။ အမေ နေကောင်းရဲ့လားပေါ့။ အခုတော့ ပြေးကြည့်မှ အမေရယ်၊ မောင်လေးရယ်၊ ကျွန်မရယ်ပဲ ကျန်တော့တယ်။ ကျွန်မရော မောင်လေးရောက ကျောင်းမပြီးသေးဘူး။ သမီးကြီးဖြစ်တဲ့ ကျွန်မ အမေ့အတွက် အားဖြစ်ရတော့မယ်။ နည်းနည်းလေးပဲ တောင့်ခံပေးပါ အမေ..ဒီနောက်ဆုံးနှစ် ဒုတိယနှစ်ဝက် လေးလတက်ပြီးသွားရင် မိသားစုအတွက် သမီးဦးဆောင်ပေးပါမယ်….
အမေကတော့ အရမ်းတည်ငြိမ်နေပါတယ်။ ကျွန်မလည်း ဝမ်းနည်းစိတ်ကို တော်တော်လေးထိန်းထားရတယ်။ အဖွားဆုံးတုန်းကရော အဖေဆုံးတုန်းကပါ အမေ့ထက် ပိုဝမ်းနည်းတတ်ခဲ့သူက ကျွန်မပါ။ အမေကတော့ သူငိုရင် သားသမီးတွေ ပိုဆိုးမှာစိုးလို့ ထင်ပါရဲ့။ တတ်နိုင်သလောက် တည်တည်ငြိမ်ငြိမ်နေပေးပါတယ်။ ဒါပေမယ့် အမေက အဲဒီရက်တွေမှာ ထမင်းသိပ်မစားတော့ပါဘူး။ ကျွန်မတို့က ဂရုစိုက်ကျွေးရင်တောင် မစားပါဘူး။ ကျွန်မနဲ့မောင်လေးကတော့ ငိုရတာ ပင်ပန်းလို့များလား မသိဘူး။ ထမင်းပိုစားဖြစ်သလိုပဲ။ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ အဖေနဲ့ တစ်ဦးတည်းသောသမီး အမေ့အတွက် မိသားစုနည်းပေမယ့် အားကိုးရတဲ့ ဆွေမျိုးတွေကြောင့် ကျွန်မတို့သားအမိတွေ အရမ်းတော့မပင်ပန်းခဲ့ကြဘဲ အဖေ့နာရေးက ပြီးဆုံးသွားခဲ့ပါတယ်။
တကယ်ပါ…အဲဒီမိုးရွာနေတဲ့ရက်တွေကတော့ ကျွန်မအတွက် တစ်သက် မမေ့နိုင်ခဲ့ပါဘူး။ တစ်ခါတစ်လေ မိုးရွာထဲမှာ အရမ်းပျော်နေမိရင် အိမ်ပြန်ရမှာ ကြောက်မိနေခဲ့ပါတယ်။ သတင်းဆိုးတစ်ခုခုများ ကြားရလေမလားဆိုပြီးတော့ပေါ့… …အခုတော့လည်း ကျွန်မရဲ့ မိသားစုအတွက်၊ အထူးသဖြင့် ကျွန်မရဲ့ အမေ ကို စိတ်ချမ်းသာစေဖို့အတွက်က ကျွန်မရဲ့ ပထမဦးစားပေးပေါ့။ တစ်ခါတစ်လေတော့ အလုပ်တွေနဲ့ ပြည့်နေတဲ့ ဘဝမှာ တစ်ယောက်တည်း နေရတာကို ပိုကြိုက်မိသလိုပဲ..အဲဒီလိုအတွေးဖြစ်လာတိုင်း အရမ်းတုန်လှုပ်သွားတယ်…ကျွန်မမှာ အမေနဲ့မောင်လေး ရှိသေးတယ်ဆိုတာကို မေ့မိတာလားဆိုပြီး ကိုယ့်ကိုကိုယ် ဒေါသထွက်မိတယ်…
ဘာပဲဖြစ်ဖြစ် မိဘဆိုတာ ရှိနေတဲ့အချိန်ပဲ လုပ်ကျွေးခွင့်ရတာပါ။ တစ်ကျပ်ပဲတတ်နိုင်တတ်နိုင် အမေ့ဖို့ဆိုပြီး ကန်တော့လိုက်ရတာ အရမ်းကြည်နူးဖို့ကောင်းပါတယ်။ အားလုံးပဲ မိဘကိုလုပ်ကျွေးခွင့်ရတဲ့ သားသမီးတွေဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ခင်မင်ရသော…
မွန်မွန်
8 comments
mamanoyar
June 29, 2012 at 2:36 pm
မွန်မွန်ပြောတာ မှန်ပါတယ်
သေသွားမှ ဘာမှလုပ်လို့မရတော့ပါဘူး
အသက်ရှိစဉ်က ကျွေးမွှေးပြုစုမှသာ
သမီးလိမ္မာလေးတွေ ဖြစ်ကြမှာပါ
amatmin
June 29, 2012 at 4:22 pm
အဲ့ဒီစကားလေးကိုလက်တွေ့မြင်နိုင်ဖို့ .ဘဝနဲ့ရင်းပီးအသိရခဲ့တယ်လို့
ယုံကြည်လိုက်ပါတယ်..ပြီးတော့ကာ.
ကျုပ်ရဲ့ သက်ထင်ရှားရှိနေသေးတဲ့မိဘနှစ်ပါးကို ကျေးဇူးတင်လိုက်မိသမို့..
ဒေါ်မွန်မွန်ရေးရကျိုးနပ်ပါတယ်ဗျ.. 🙂
မွန်မွန်
June 29, 2012 at 4:35 pm
ရေးရကျိုးနပ်တယ်ဆိုလို့ ဝမ်းသာမိရတယ်ရှင်… ရင်ထဲမှာ တစ်ခုခုကျန်သွားတယ်ဆိုရင် ကျေနပ်မိပါတယ်…
myanmarcitizen
June 29, 2012 at 4:26 pm
မိဘဆိုတာ ဘာပဲဖြစ်နေနေ မိဘပါပဲ။ ဒီ post လေးဖတ်ပြီးစိတ်မကောင်းဖြစ်မိပါတယ်ကွယ်။ ဒါပေမဲ့ လူတွေ အားလုံးဟာ တစ်နေ့တော့ သေကြရမှာပါပဲ။ မွန်မွန်ရေ အားတင်းထားပါဗျာ။
မောင်ပေ
June 29, 2012 at 7:35 pm
သာဓု သာဓု သာဓုပါ
ကိုရင်မောင်
June 29, 2012 at 9:33 pm
မွန်မွန်ရေ..မွန်မွန်ရဲ့ပို့စ်ကိုဖတ်ပြီး ကွယ်လွန်သွားကြပြီဖြစ်တဲ့မိဘနှစ်ပါးကိုလွမ်းဆွတ်
သတိရမိပါတယ်…
သားဦး၊မြေးဦး
June 30, 2012 at 12:07 pm
ကြားရတာ စိတ်မကောင်းဘူးဗျာ။
ပန်း ချစ်သူ
July 2, 2012 at 2:54 pm
မွန်လေးရေ……
ကိုယ်ချင်းစားပါတရ်…
တစ်မြေတည်းနေ..တစ်ရေတည်းသောက်သူတွေမို့
ရင်ထဲကပြောပါရစေ..
ထပ်တူထပ်မျှပါပဲ..
အားတင်းထားနော်……….