ဘဝအမောပြေစေဖို့ သရော်စာ ဖတ်ကြစို့ – ၁

True FaithJune 29, 20101min812

“စိမ်း … သရဖူစိမ်း”

ရေးသူ – ရန်ကုန်သား တာတေ

“ပန်း ….. နွယ် …. က ….. စိမ်း … အိမ်အိန်း … စိမ်း … အိန်းအိန်း … စိမ်း”

သွားလေသူ နာမည်ကျော် မြန်မာသံ အဆိုရှင်ကြီး တွံတေး သိန်းတန်၏ အလွန် ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ သီချင်းသံနှင့် အတူ အသံချဲ့စက် ၂ လုံး ချိတ်ဆွဲ ထားသော ထီလှည်း တလှည်း တရွေ့ရွေ့ဖြင့် လှမ်းလာနေသည်။ မြန်မာပြည်သို့ ဗီဇာလျှောက်စရာ မလိုဘဲ ဝင်ချင်သလိုဝင် … ထွက်ချင်သလို ထွက်နေနိုင်သော ချင်းမိုင်က ဦးရုက္ခစိုး၊ ရူးချင်ယောင်ဆောင်ကာ အပေါ်လမ်းမှ တမျိုး … အောက်လမ်းမှတသွယ် ဝင်လိုက် ထွက်လိုက် လုပ်နေကြသော ဖိုးရှုပ်နှင့် ကြွက်စုတ် ပေါင်း သုံးဦးတို့မှာ သူတို့ထံ တရွေ့ရွေ့ချဉ်းကပ်လာသော ထီလှည်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ထီလှည်းကို တွန်းလာသူမှာ နံ့သာရောင်ကြိုးကြီးချိတ်၊ ခုံမြင့်ကတ္တိပါ ဖိနပ်၊ ရင်ဖုံးတိုက်ပုံတို့ကို သေသပ်စွာဆင်ရင်ထားပြီး ခေါင်းပေါင်းစ ညာချထားသည့် ဝန်ကြီးချုပ် ဦးသိန်းဂိန် ဖြစ်နေကြောင်း အံ့ဩဖွယ်ရာ တွေ့မြင်လိုက်ရသည်။ ထီလှည်းက သူတို့နားတွင် ရပ်သွားသည်။

“ပန်း … နွယ်က … စိမ်း … အိန်း …. ကလောက်”

ဝန်ကြီးချုပ် ဦးသိန်းဂိန်က သီချင်းဖွင့်ထားသော ကက်ဆက်ကို ပိတ်ကာ သတိအနေအထား ရပ်ရင်း “လေးစားပါတယ် ဦးရုက္ခစိုး” ဟု ပြောလိုက်သည်။

ရုက္ခစိုး။ ။ ဝန်ကြီးချုပ်က ကျုပ်ကို ဘာလို့ လေးစားရတာလဲဗျ။

သိန်းဂိန်။ ။ ကမ်ပိန်းလုပ်တာလေ။ စည်းရုံးတာ။

ဖိုးရှုပ်။ ။ စည်းရုံးတာတော့ ဟုတ်ပါပြီ။ ဘာလို့ ဝန်ကြီးချုပ်က ထီလှည်းကြီး တွန်းလာတာလဲဗျ။ စည်းရုံးရေးဆင်းရင်း တပါတည်း ထီရောင်း ရန်ပုံငွေရှာမလို့လား။

ကြွက်စုတ်။ ။ အဲဒီလိုတော့ မလုပ်နဲ့နော်။ ကျနော်တို့က ထီထိုးတာ ဝါသနာမပါဘူး။ ဘောလုံးပွဲပဲလောင်းတာ။ ဒါလည်း ပြင်သစ်ရှုုံးတာနဲ့ ကုန်ပြီ။

သိန်းဂိန်။ ။ ဘယ်ကလာ ထီရောင်းရမှာလဲ။ “သိန်းသန်းကုဋေ ကုဋာ” ဆိုင်က ထီလှည်းကို ခဏငှားလာတာဗျ။ ပါတီ စည်းရုံးရေးကို ကော်မရှင်က ညွှန်ကြားထားတဲ့ စည်းကမ်းချက်လည်း ဘောင်ဝင်အောင်၊ ကျုပ်တို့လည်း အဆင်ပြေအောင် လုပ်ချင်လို့။

ရုက္ခစိုး။ ။ ပါတီ စည်းရုံးရေး ဆင်းတယ်လည်း ပြောသေးတယ်။ ဘာလို့ တွံတေးသိန်းတန် သီချင်းကြီး ဖွင့်ထားရတာလဲ။

သိန်းဂိန်။ ။ ဒါကတော့ ပါတီရဲ့ လိုဂိုကို ကြော်ငြာတဲ့သဘောပါ။ ကျုပ်တို့ပါတီကလည်း အစိမ်း။ သီချင်းကလည်း ပန်းနွယ်က စိမ်းမဟုတ်လား။ လူတွေ မှတ်မိသွားအောင်လို့ …။ နောက်ပိုင်းကျရင် စိမ်းသရဖူစိမ်းတို့၊ မမ စိမ်းတို့၊ မစိမ်းကားရဲ့ မာယာ သဲကိုးဖျာတို့ အဲဒီ သီချင်းတွေ ဖွင့်ဦးမှာ။

ကြွက်စုတ်။ ။ ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဘောင်ဝင်အောင် လုပ်တယ်ဆိုတာ ဘာလဲဗျ။

သိန်းဂိန်။ ။ ဪ … အသံချဲ့စက်ကို စည်းရုံးရေးလုပ်တဲ့ နေရာအကျယ်အဝန်းမှာ ကြားရုံပဲ ဖွင့်ရမယ်လို့ ပါတယ် မဟုတ်လား … ။ အခု ကျုပ်က လမ်းပေါ်မှာ ထီလှည်းနဲ့ လိုက်လှည့်တာဆိုတော့ ဒီတရပ်ကွက်လုံးကြားအောင်တောင် အော်လို့ ရတယ်။ စည်းကမ်းလည်း ဘောင်ဝင်တယ်၊ ကျုပ်လည်း အဆင်ပြေတယ်။

ရုက္ခစိုး။ ။ ကော်မရှင် စည်းကမ်းချက်ထဲမှာ ပါတီအလံကို လွှင့်ပြီး လူစုလူဝေးနဲ့ ချီတက်တာတို့၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်တာတို့ မလုပ်ရဘူးလို့လည်း ပါတယ်နော်။

သိန်းဂိန်။ ။ ဟုတ်တယ်လေ။ ထီလှည်းနဲ့ မလှည့်ရဘူးလို့ မပါဘူးမဟုတ်လား။ အခု ကျုပ်တို့ ပါတီအဖွဲ့ဝင် ဝန်ကြီးတွေက တခြား အစီအစဉ်တွေနဲ့ စည်းရုံးရေးဆင်းဖို့ ကြံစည်ထားသေးတယ်။

ကြွက်စုတ်။ ။ ဘယ်လို အစီအစဉ်တွေလဲဗျ။

သိန်းဂိန်။ ။ တချို့က ဦးရှင်ကြီးတင်တဲ့ စင်မှာ အလံထောင်ပြီး လှည်းပေါ်တင်တွန်းရင်း စည်းရုံးရေးဆင်းမယ်၊ တချို့ ကတော့ ဆိုက်ကားမှာ အလံထောင်ပြီး လှည့်မယ်။ ဦးရှင်ကြီးတင်ချင်တဲ့ အိမ်တို့၊ ဆိုက်ကားစီးတဲ့သူ တို့ကို စည်းရုံးရေး ဆင်းပြီးသား ဖြစ်သွားတာပေါ့ဗျာ။ ဝန်ကြီးတွေ နင်းတဲ့ဆိုက်ကားကို ဈေးသက်သက်သာသာနဲ့ စီးလို့ရမယ်လေ။

ဖိုးရှုပ်။ ။ ကောင်းလိုက်တဲ့ စိတ်ကူး။ အသံချဲ့စက်ကို တည်ဆဲဥပဒေနဲ့ အညီ အသုံးပြုရမယ်လို့လည်း ကော်မရှင်က ညွှန်ကြားထားတယ် မဟုတ်လား။ အဲဒါဘာလဲ။

သိန်းဂိန်။ ။ အဲဒါကတော့ ရှင်းပါတယ်။ အခု အသံချဲ့စက်ကို ဘယ်နေရာတွေမှာ သုံးခွင့်ပြုနေလဲ ကြည့်လိုုက်။ အလှူခံ မဏ္ဍပ်တွေ၊ ထီလှည်းတွေ၊ ဆေးကြော်ငြာတဲ့ ကားတွေ မဟုတ်လား။ ဒါတည်ဆဲ ဥပဒေပေါ့။ ကျုပ်တို့ကလည်း ဘောင်ဝင် အောင် အဲဒီလို ပုံစံတွေနဲ့ပဲ အသံချဲ့စက်ကို အသုံးပြုသွားမှာပါ။ ပြီးတော့ ယာဉ်ပိတ်ဆို့မှု မဖြစ်အောင် တာဝန်ယူ ရမယ် ပြောတယ်။ ဆိုက်ကားတို့ … ထီလှည်းတို့က ဘယ်လိုလုပ် ယာဉ်ပိတ်ဆို့မှာလဲ မဟုတ်ဘူးလား။

ကြွက်စုတ်။ ။ ဒါနဲ့ ဝန်ကြီးချုပ် ဝတ်ထားတဲ့ အဝတ်အစားတွေက လာအို ဝန်ကြီးချုပ် လာတုန်းက ကြိုဆိုတဲ့ အဝတ်အစားတွေ မဟုတ်လား။

ဖိုးရှုပ်။ ။ ဟုတ်သားပဲ … အခုမှ သတိရတယ်။ အဲဒီတုန်းက ဝန်ကြီးအဖွဲ့ရဲ့ ဖက်ရှင်ကို ကြည့်ပြီး မြန်မာဖက်ရှင် လောက တခုလုံး တုန်လှုပ်သွားတယ်လို့ ကြားတယ်။

ဖိုးရှုပ်က ခပ်ပင့်ပင့်ပြောလိုက်ရာ ဦးသိန်းဂိန်မျက်နှာကြီးမှာ ဆေးသကြားရည်စိမ်ထားသော သရက်သီးစိပ်ကြီးကဲ့သို့ ဖြစ်သွားသည်။

သိန်းဂိန်။ ။ ဟီးဟီး … အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ … ဒါ … ပါးပါးလေးပဲ ရှိပါသေးတယ်။

ရုက္ခစိုး။ ။ ဟုတ်တယ် ဦးသိန်းဂိန် … ခင်ဗျားတို့ ဝတ်တဲ့ ဖက်ရှင်မျိုး ဘယ်သူမှ ဝတ်တာ မတွေ့ဘူးလို့တဲ့။

သိန်းဂိန်။ ။ ဒါက ဒီလိုရှိတယ် ဦးရုက္ခစိုးရဲ့ … လာအိုဝန်ကြီးလာရင် သွားကြိုရမယ်ဆိုတာ ကျုပ်တို့ အစက မသိဘူး။ နောက်မှ ချိုကုပ်ဒူးကြီးဆီက အမိန့်လာတော့ တော်တော် အချိန်ကပ်နေပြီ။

ကြွက်စုတ်။ ။ ဟာ … ဒီလောက် အချိန်ကပ်ပြီး စီစဉ်ရတာတောင် တော်တော် စေ့စေ့စပ်စပ် လုပ်နိုင်တယ်နော်။

ကြွက်စုတ်က ထပ်ပင့်ပေးလိုက်သည်။

သိန်းဂိန်။ ။ ဟုတ်ပါ့ဗျာ … အရပ်သား အစိုးရ အဖြစ်ကို အကောင်အထည်ဖော်နေပြီ ဆိုတာ အားလုံးသိအောင် ပြလို်က်နိုင်တာ အမြင်ပဲ မဟုတ်လား။ ကျုပ်တို့ ဘယ်လို ကြိုးပမ်းလိုက်ရတယ် ဆိုတာ သိရင် ခင်ဗျားတို့ ဖျားသွားမယ်။

ဖိုးရှုပ်။ ။ လုပ်ပါဦး ဝန်ကြီးချုပ်ရယ်။ မှတ်သားစရာလေးတွေ ကြားချင်လို့ပါ။

ဖိုးရှုပ်က အငြိမ့်လူပြက်များ ပြောသည့်စကားကို အတုခိုး၍ ပြောလိုက်သည်။

သိန်းဂိန်။ ။ ဒီလိုဗျ … အချိန်က အရမ်းကပ်နေပြီ။ ကျုပ်တို့မှာက တိုက်ပုံနဲ့ ခေါင်းပေါင်းတွေက အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ပုဆိုးကျတော့ ကြံ့ဖွတ်ဆင်တွေပဲရှိတယ်ဗျ။ ချိုကုပ်ဒူးကြီးက အဲဒီလို မလိုချင်ဘူး။ သူလိုချင်တာက … တကယ့် အရပ်သား ဝန်ကြီးတွေ ပုံစံပေါ့ဗျာ။ တယောက်တမျိုး ဝတ်ချင်တာ ဝတ်ထားတာမျိုး …။ ဒါပေမယ့် ကျုပ်တို့က စစ်သားစိတ် ကလည်း သိပ်မကုန်သေးတော့ … တမျိုးစီတော့ ဖြစ်မယ် … ဒါပေမယ့် ယူနီဖောင်းလည်း ဖြစ်ရမယ်ပေါ့ဗျာ။ အဲဒီ ဖက်ရှင်ကို စဉ်းစားလိုက်တာ။

ဖိုးရှုပ်။ ။ ဟုတ်မယ်၊ ဟုတ်မယ် … ဖိနပ်တွေက ခုံမြင့်ဖိနပ် ဆင်တူတွေ။ ဘယ်ဖိနပ်ဆိုင်က ဝယ်လိုက်တာလဲ။

သိန်းဂိန်။ ။ ဒါကတော့ ဘယ်ကမှ မဝယ်ပါဘူး။ ဘုန်းကြီးကျောင်းတကျောင်းက သံဃာတော်တွေရဲ့ ဖိနပ်တွေကို သွားခိုးလာတာ။

ရုက္ခစိုး။ ။ တော်တော်ကို ခက်ခက်ခဲခဲပဲနော်။

သိန်းဂိန်။ ။ ခက်ခဲတာတော့ ပြောမနေနဲ့ ဦးရုက္ခစိုးရယ်။ ကျနော်တို့ လိုချင်တဲ့ ပုဆိုးတွေကို အမရပူရက ရက်ကန်းစင်တွေ ကို အပ်တာ … ရက်ကန်းစင်တွေကလည်း လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့လည်း အလုပ်မရတာ ကြာတော့ ရက်ကန်းစင်တွေ ဖုန်သုတ်တာက စလုပ်နေရတာနဲ့ မမီတော့ဘူးပေါ့ဗျာ။

ကြွက်စုတ်။ ။ ဒါဆို ဝန်ကြီးချုပ်တို့ ပုဆိ်ုးတွေက ဘယ်ကရတာလဲဗျ။

သိန်းဂိန်။ ။ အဲဒါပြောချင်လို့ … ကျုပ်တို့ ဘယ်လို ဖြတ်ထိုးဉာဏ် ကောင်းတယ်ဆိုတာ နောင်လာနောက်သားတွေ အတုယူ ရအောင် …။ သိပ်မခက်ပါဘူး … ကျုပ်တို့ မိန်းမတွေရဲ့ ကြိုးကြီးချိတ် ထဘီတွေကို အထက်ဆင့်ဖြုတ် ဝတ်လိုုက်တာပါပဲ။ လှတယ် မဟုတ်လား။ ကျုပ်တော့ ဟိုတယောက်ဝတ်တဲ့ မရမ်းရောင်ဆင်လေး တော်တော်သဘောကျတယ်။

ဖိုးရှုပ်။ ။ ဝန်ကြီးကတော်တွေက သူတို့ ထဘီတွေကို ကြည်ကြည်ဖြူဖြူကော ပေးရဲ့လားဗျ။

သိန်းဂိန်။ ။ သူတို့ ဘယ်သိမလဲ။ သူတို့က မင်းသမီးတွေ၊ လေယာဉ်မယ်တွေနဲ့ ဘောလုံး ချိန်းကန်ဖို့ရှိတယ်ဆိုပြီး ဘောင်းဘီတိုတွေနဲ့ ထရိန်နင်ဆင်းဖို့ ဘောလုံးကွင်းထဲ ဆင်းသွားကြတဲ့အချိန်မှာ ကျုပ်တို့က သူတို့ထဘီတွေ ဝင်ယူခဲ့တာ။

ကြွက်စုတ်။ ။ တကယ်ကို မှတ်သားစရာပဲကိုး။ ချိုကုပ်ဒူးကြီးကတော့ အရမ်းသဘောကျမှာပဲ။

သိန်းဂိန်။ ။ သဘောကျသလားတော့ မမေးနဲ့။ ဖုန်းထဲကနေ ကျုပ်ကို ချီးကျူးတယ်။ ကျုပ်တို့က ရိုးရာ မဖျက်တဲ့ အရပ်သားအစိုးရ အစစ်တဲ့ဗျ။

ဖိုးရှုပ်။ ။ မြန်မာဆန်ဆန် ခေါင်းပေါင်းနဲ့ ကြိုးကြီးချိတ်နဲ့မို့လို့ ရိုးရာ မဖျက်ဘူးပြောတာလား။

သိန်းဂိန်။ ။ ဘယ်ကလာ … စစ်တပ်ရိုးရာ ပုံစံမဖျက်တာကို ပြောတာ။ တွေ့တယ်မဟုတ်လား … သတိအနေအထား တန်းစီထားတာ ညီနေတာပဲ။

ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ဘယ်သွားတာလဲဗျ။ အသံ တော်တော် တိတ်နေတယ်။

သိန်းဂိန်။ ။ ဆုသွားယူတာ … ကမ္ဘာ့ဆိုးပေကြီးများထဲမှာ တတိယ အဆင့်ချိတ်လို့လေ။ သူပြန်လာရင် ပါတီပေးမယ်တဲ့။ မနှစ်က အဆင့် ၄ ချိတ်နေရာကနေ … အခု ၃ ဖြစ်သွားလို့တဲ့။ ကဲ အချိန်ရှိတုန်း စည်းရုံးရေး ခရီး ဆက်လိုုက်ဦးမယ်ဗျို့ …။

ပြောပြောဆိုဆို ဦးသိန်းဂိန်က ကက်ဆက်ခလုပ်ကို ထောက်ခနဲ ဖွင့်ကာ ထီလှည်းကို ဟန်ပါပါ တွန်းရင်း ထွက်သွား သောကြောင့် ဦးရုက္ခစိုးတို့ သုံးဦးသား ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့၏။

“စိမ်း … သရဖူစိမ်းရယ် … စိမ်း … သရဖူ စိမ်းရယ်” ဆိုသည့် သီချင်းသံ တသံသာ သူတို့နားတွင် လွင့်ပျံ့ ကျန်ခဲ့လေတော့သည်။

(ဧရာသတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

2 comments

  • yannaingech

    June 29, 2010 at 10:17 am

    ဂိန်ဂိန်နဲ့တွေ့ရင် ပြောလိုက်ကြပါဗျာ။ မန္တလေးဘက်လည်းလာခဲ့ပါဦးလို့။ ထီထိုးချင်လို့…

  • Ba Gyi Taw

    June 29, 2010 at 11:41 am

    အိုကွယ် ။ ဘတို ့ကတော့ ရက်ပါ ဒီဇိုင်းဘဲကြိုက်တယ် ။ ဂိန်ဂိန် ့လိုတော ့ခပ်ကြောင်ကြောင် မလုပ်တတ်ဘူး ။

Leave a Reply