ပျင်းစရာခေတ်များကို ကျော်လွန်လေသောအခါ …

သူရႆဝါJuly 5, 20121min2976

ပျင်းစရာခေတ်များကို ကျော်လွန်လေသောအခါ …
– သူရဿဝါ –

(၁)
နံရံ အနောက်မှာ ခေါင်းပြူ၍ ပုန်းနေသော မကောင်းဆိုးဝါး၏ နဖူးကို တည့်တည့် ချိန်၍ တစ်ချက်တည်း လှမ်းပစ် လိုက်သည်။ သေပြီလား၊ မသေဘူးလား နောက်တစ်ကြိမ် သူဘယ်တော့မှ ပြန်ကြည့်လေ့ မရှိ။ ဘာလို့လဲ ဆိုတော့ သူက အလွန် လက်ဖြောင့်သည့် သေနတ် သမားလေ။ သူပစ်လိုက်ရင် လွဲသွားတယ် ဆိုတာ လုံးဝမရှိ။ သူ့ရှေ့မှာ နောက်ထပ် ဘယ်သူ ပေါ်လာမလဲ ဂရုစိုက် ကြည့်နေစဉ် သူ့ အာရုံထဲ မသိုးမသန့် ဖြစ်လာ၏။ သူ့နောက်ကျောကို တစ်ခုခုက တရွေ့ရွေ့ ကပ်လာသည်ဟု ခံစားရသည်။ ခဏလေး စောင့်နေ လိုက်သည်။ တစ်စက္ကန့် .. နှစ်စက္ကန့် .. သုံးစက္ကန့် …

“ဝှစ် ..”
“အား ….”
ခါးကြားထဲ ထိုးထားသော ဓါးမြှောင်ကို ထုတ်၍ တဆက်ထဲ အနောက်သို့ တစ်ပတ်လှည့် ထိုးလိုက်သည်။ သူ အာရုံ ရသလိုပါပဲ။ သူ့အနောက်မှာ သူ့ကို အလစ် ချောင်းမြောင်း လုပ်ကြံရန် ရောက်လာသည့် မကောင်းဆိုးဝါး တစ်ကောင် လည်ပင်းမှာ ပြတ်ရှရာ တစ်ချက်ဖြင့် လဲကျ သေဆုံး နေပြီ။ ကျေနပ် အားရမှုဖြင့် တစ်ချက် ပြုံးပြီး ရှေ့သို့ ပြန်လှည့် လိုက်ချိန်တွင် သူ့လက်နှစ်ဖက် ကျဉ်ခနဲ ဖြစ်သွားပြီး သေနတ်ရော၊ ဓါးမြှောင်ပါ လက်ထဲမှ ပြုတ်ကျ သွားသည်။ သူ့ရှေ့ တည့်တည့်မှာ အလွန် ကြောက်စရာ ကောင်းသည့် မကောင်းဆိုးဝါး ခေါင်းဆောင်ကြီး ရှိနေသည်။ သူ့လက်ထဲမှာ ခုခံစရာ ဘာလက်နက်မှ မရှိတော့။ မကောင်းဆိုးဝါး ကြီးက ကြောက်စရာ ကောင်းလောက်သော ရယ်သံကို ပြု၍ ဧရာမ လက်ကြီး နှစ်ဖက်ကို ဆန့်တန်း လိုက်သည်။ သူ .. သေတော့မည် ထင်သည်။ ဘယ်လိုမှ မလွတ်နိုင်တော့။ မကောင်းဆိုးဝါး ကြီး၏ လက်များက သူ၏ ခေါင်းပေါ် အရှိန်ဖြင့် ကျရောက် လာပြီ။ သူ … အသက်ဝဝ ရှူပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။

“သားရေ … ပရယ်တီကယ်လ်ချိန် နီးပြီလေ … ကျောင်းမတက် သေးဘူးလား”
“ဟုတ်ကဲ့ … လာပြီ မေမေ”
အဆင့်မြင့် အာရုံခံ ခေါင်းဆောင်းကို ချွတ်၍ ဂိမ်းစက်ကြီး အထဲမှ ထွက်လာခဲ့သည်။ မကောင်းဆိုးဝါး ကမ္ဘာထဲ ကိုယ်တိုင် ရောက်ရှိ နေသလို ခံစား၍ လူကိုယ်တိုင် ပါဝင် ကစား နိုင်သော Devil World အမည်ရှိ အဆင့်မြင့် 3D ဂိမ်းစက်ကြီး အတွင်းသို့ သူဝင်ရောက်၍ ကစားနေခြင်း ဖြစ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်း များစွာကလို ဂိမ်းခလုတ်၊ ဂိမ်းစက်နှင့် တီဗီ ဖန်သားပြင် ချိတ်ဆက်၍ ကစားသော ကစားနည်း များထက် အဆပေါင်းများစွာ နည်းပညာ သာလွန်သော ယခုလို ဂိမ်းမျိုးတွေကို သူအလွန် နှစ်သက်သည်။ မိဘများက အလွန်ချစ်၍ အလိုလိုက် ထားခြင်း ခံရသည့် တစ်ဦးတည်းသော သားဖြစ်သဖြင့် ယခုလို နောက်ဆုံးပေါ် 2098 Version 3D ဂိမ်းစက်ကို သူကစားချင်သည် ဆို၍ မိဘ များက ဈေ းကြီးပေးကာ ဝယ်ယူ ပေးထားခြင်း ဖြစ်သည်။ ယခု ကျောင်းတက် ရမည် ဖြစ်သဖြင့် သူ ဂိမ်းထဲမှ ထွက်လာ ခဲ့လိုက်သည်။

(၂)
ကွန်ပျူတာရှေ့ ထိုင်ပြီး အင်တာနက် ချိတ်ဆက် လိုက်သည်။ ကျောင်း နက်ဝါ့ခ် ထဲတွင် အတန်းဖော် သူငယ်ချင်း အတော်များများ ရောက်နေပြီ။ စာသင်မည့် ဆရာ အွန်လိုင်း ရောက်လာတာကို စောင့်နေကြ၏။ ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဆက်တက်ရန် ဘာသာရပ် ရွေးချယ်တော့ သူစိတ်ဝင်စားသည့် အာကာသ သိပ္ပံ ဘာသာရပ်ကို ရွေးချယ် ခဲ့သည်။ သို့သော် သူများတွေ လိုတော့ နေ့ကျောင်း (Day) တက်ပြီး ကျောင်းသို့ သွားမနေချင်။ ဒါ့ကြောင့် အဝေးသင် တက္ကသိုလ် စနစ်ကိုပဲ သူရွေးချယ် ခဲ့သည်။ အဝေးသင် ဆိုပေမယ့် ဟိုးအရင် သူ့ဘိုးဘေး လက်ထက်ကလို စာပေး စာယူ စနစ် မဟုတ်တော့။ မေးလ်ပေး မေးလ်ယူ စနစ်ဟု ပြောရမည် ထင်သည်။

အရင်ကလို စာမေးပွဲ ဖြေခါနီး အနီးကပ် ဆယ်ရက်တွေ ဘာတွေ တက်စရာ မလိုတော့။ တစ်ပတ်လျှင် နှစ်ရက် ကျောင်း နက်ဝါ့ခ် ထဲသို့ အင်တာနက်ဖြင့် ချိတ်ဆက် ဝင်ရောက်၍ အွန်လိုင်းမှ ကျူတိုရီရယ်လ်တွေ၊ လက်ချာတွေ မေးလ်ထဲမှ တဆင့် ယူရုံပဲ။ သူတို့၏ ပညာရေး အထောက် အကူပြု Assignment တွေကိုလည်း ဖြေဆိုပြီးလျှင် မေးလ်မှ တဆင့် ပြန်ပို့ ပေးလိုက်ရုံပဲ။ သူတို့၏ ဘာသာရပ် များထဲမှ မရှင်းလင်းတာ ရှိလျှင်လည်း ကျောင်းအထိ သွားနေစရာ မလိုတော့။ အွန်လိုင်းမှ နေ၍ Video Chat သုံးကာ ဆရာနှင့် အပြန်အလှန် ဆွေးနွေး တိုင်ပင်၍ ရနေသည်ပဲ။ စာမေးပွဲ ဖြေလျှင်လည်း ဒီအတိုင်းပဲ။ စာမေးပွဲ အဖြေလွှာ တွေကို အွန်လိုင်းမှ ရေးသား ဖြေကြားရုံ၊ နှုတ်ထွက် ဖြေဆို ရမည့် ဘာသာ ဆိုလည်း Audio Chat ဖြင့် တိုက်ရိုက် ဖြေကြားရုံ၊ လက်တွေ့ ကျူတိုရီရယ်လ် များကိုလည်း ကိုယ့်ဟာကိုယ် Video Record တစ်ခု ပြုလုပ်၍ ပေးပို့ ဖြေကြားရုံပဲ။ ယခုလို အဆင်ပြေပြေ အဝေးသင် ပညာ သင်ယူ၍ ရအောင်လည်း အိမ်မှာ 20000 mbps အမြန်နှုန်း ရှိသည့် အင်တာနက် လိုင်းကို ချိတ်ဆက် ထားသည်။

ယခု ကျောင်းတက်ချိန် ဖြစ်သဖြင့် သူစာကို အာရုံစိုက် နေလိုက်သည်။ အတန်းချိန်တွေ ပြီးသွားလျှင် အွန်လိုင်း မှတဆင့် ယနေ့ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်သော စကြာဝဠာလှည့် ခရီးသည် မောင်ဝါဝါ၏ “အာကာသ ခရီးသွား မှတ်တမ်း အပိုင်း (၄၀၀၆)” ကို ကြည့်ရှုမည်။ အာကာသထဲ ခရီးသွားတာ ဘာမှ အဆန်း မဟုတ်ပေမယ့် မောင်ဝါဝါ၏ ရှာရှာဖွေဖွေ တင်ဆက်ပုံကို သဘောကျ သဖြင့် ထိုအစီအစဉ်ကို တစိုက်မတ်မတ် ကြည့်ခြင်း ဖြစ်သည်။

(၃)
ညနေစောင်းတော့ New iPhone 408 ကို ကိုင်၍ အပြင်ထွက် လာခဲ့သည်။ ဒီကောင် ဘက်ထရီ ကုန်သွားပြီ။ လွှင့်ပစ် ရတော့မည်။ ဒီပစ္စည်း တွေဟာ အလွန်ကို ဈေ းပေါ ကုန်ပြီ ဖြစ်သဖြင့် အရင်လို အားကုန်ရင် Charging ပြန်သွင်း တာတွေ ဘာတွေ ဘယ်သူမှ မလုပ်တော့။ တစ်ခါသုံးလျှင် ၇၂ နာရီ ကြာရှည် ခံသော ထိုပစ္စည်းများကို တစ်ခါသုံး ၇၂ နာရီမျှ သုံးပြီးလျှင် လွှင့်ပစ်လိုက် ကြတာချည်း။ ဒီတစ်ခါ ပြန်ဝယ် လျှင်တော့ အသစ်ထွက် နေသော New iPad 409 ကို မဝယ်တော့ရန် ဆုံးဖြတ် ထားသည်။ Apple ကုမ္ပဏီထုတ် Product များကို သူ စိတ်ကုန် နေတာ ကြာလှပြီ။ Version အသစ် တွေသာ ထပ်ကာ ထပ်ကာ ထုတ်နေ သော်လည်း ယခုထိ ခပ်တုံးတုံး Touch Screen အဆင့်ကနေ မတက်။ အလုပ်လေး တစ်ခုခု လုပ်ဖို့ကို အခုထိ လက်ဖြင့် Screen ကို ပွတ်နေရတုန်း။ အဲဒါတွေကို သူသိပ် စိတ်မရှည်။

အခုတလော သူသဘောကျ နေတာက Banana ကုမ္ပဏီထုတ် Tablet တွေ ဖြစ်သည်။ ခပ်တုံးတုံး Touch Screen စနစ် မသုံးထား တာလည်း ပါသည်။ Screen ပေါ်သို့ မျက်လုံး အပေါ် အောက် ဘယ် ညာ ဝေ့ကြည့် ရုံဖြင့် ရွေ့လျား နိုင်သော စနစ်ကို သူကြိုက်သည်။ ဒါပေမယ့် အဲဒီ Banana Pad တွေက iPhone 408 ထက်တော့ အနည်းငယ် ဈေ းကြီးသည်။ iPhone 408 တန်ဖိုးက မြန်မာငွေ ခြောက်ရာ ဆိုလျှင် Banana Pad က မြန်မာငွေ ရှစ်ရာလောက် ပေးဝယ် ရသည်။ ဒါပေမယ့်လည်း ကိုယ်က ကြိုက်တာပဲ ဆိုတော့ တစ်ထောင်လောက် ဈေ းတင် ရောင်းလျှင်တောင် ဝယ်ဖို့ ဆုံးဖြတ် ထားသည်။

“နောက်ဆုံးထွက် Core i5500 Laptop တွေ၊ Notebook တွေ၊ တံဆိပ်မျိုးစုံ ရမယ်နော် .. သုံးလုံး ပေါင်းမှ နှစ်ရာတည်း .. အားပေး သွားဦးလေ”
လမ်းဘေးတွင် ဈေ းသည် တစ်ဦး Laptop တွေ၊ Noetbook တွေ အော်ရောင်း နေတာ ဖြစ်သည်။ အိမ်မှာ အဲဒါ မျိုးတွေက အပုံအပင် ဆိုတော့ သူစိတ်မဝင်စား သဖြင့် လှည့်တောင် မကြည့်။ သူငယ်ချင်း တွေနှင့် ချိန်းထားသည့် နေရာ ရောက်တော့ အသစ်တိုးသည့် သူငယ်ချင်း အဖွဲ့ဝင် တစ်ယောက်နှင့် မိတ်ဆက် ပေးသဖြင့် သူ့ Email Address တွေ ပြောပြ လိုက်ရသေးသည်။ ဟုတ်သည် … အရင်ခေတ် တုန်းကလို နာမည်ကို မိတ်ဆက်စရာ မလိုတော့။ တစ်ယောက်နှင့် တစ်ယောက် အပြင်မှာ တွေ့တာ နည်းပြီး အွန်လိုင်းမှာပဲ တွေ့ဆုံ ခင်မင် ကြတာ များသဖြင့် Email Address ပြောပြ လိုက်ရင် ခင်မင်ရင်းနှီးသည့် အဓိပ္ပါယ် သက်ရောက်ပြီ။

သူငယ်ချင်း များနှင့် ခဏလောက် စကားပြော ပြီးတော့ သူတို့က ဟိုဖက် ရပ်ကွက်က ကောင်တွေနှင့် ဟိုတစ်ရက် က “ငြိ” ထားသဖြင့် အဖွဲ့လိုက် သွားဖိုက်မည် ဆိုသဖြင့် သူ မလိုက်တော့ကြောင်း ပြောပြ နှုတ်ဆက်ပြီး ပြန်လာ ခဲ့သည်။ သူတို့ ရန်ဖြစ် ကြမှာကို ကိုယ်က တားစရာ မလိုပါ၊ သွေးထွက်သံယို စခန်းရောက် ရပ်ကွက်ရုံးရောက် ဖြစ်စရာလည်း မလိုပါ။ ဒီနေ့ခေတ်မှာ လူငယ်တွေ ဒီလို ရန်ဖြစ် ကြတာက ရိုးနေပြီ။ ဘာလို့ ဆိုတော့ သူတို့ ရန်ဖြစ် ကြတာက ဟိုးအရင်က လူမိုက် တွေလိုမျိုး အပြင်မှာ ချိန်း၍ ရိုက်ကြ နှက်ကြတာမျိုး မဟုတ်။ ရန်ဖြစ်ချင်သည့် သူတွေနှင့် အွန်လိုင်းမှာ ချိန်း၍ အွန်လိုင်း စစ်မြေပြင်မှာ ကွန်ပျူတာတွေ၊ ကီးဘုတ်တွေ သုံး၍ တိုက်ခိုက် ကြသော အွန်လိုင်း တိုက်ပွဲများ ဖြစ်သည်။ သူ့ သူငယ်ချင်း တွေဆို ဒီလို ရန်ပွဲမျိုး တစ်နေ့လျှင် သုံးပွဲလောက်တောင် ဖြစ်ကြသည်။ သူကတော့ လူအေး ဆိုတော့ ဒါမျိုးတွေထဲ ဝင်မပါချင် သဖြင့် ပြန်လာ ခဲ့ခြင်း ဖြစ်သည်။ အိမ်ပြန်ရောက်လျှင် အွန်လိုင်းပေါ်မှ ကမ္ဘာ့အဆင့် အထွေထွေ ဉာဏ်စမ်း ပြိုင်ပွဲကို အပျင်းပြေ ဝင်ပြိုင် လိုက်ဦးမည်။

(၄)
ယခု ခရစ်သက္ကရာဇ် ၂၀၉၈ ဖြစ်ပြီး လွန်ခဲ့သော ဆယ်စုနှစ် ကိုးခုစာလောက် ဖြစ်သည့် ၂၀၁၂ – ၁၃ ဝန်းကျင်လို ပျင်းစရာ မကောင်း တော့ပြီ။ ယခင် ၂၀၁ဝ ၊ ၂၀၂ဝ ဝန်းကျင်က လူများသည် နည်းပညာနှင့် ပတ်သက်လျှင် အလွန် နုံနဲ့ညံ့ဖျင်း ခဲ့ကြသည်။ ယခု ဘယ်သူမှ မသုံး ကြတော့သော Touch Screen ဆိုသည့် Mobile Phone တွေ၊ Tablet တွေ၊ Laptop တွေ၊ ကွန်ပျူတာ တွေကို ဈေ းကြီး ပေး၍ သုံးခဲ့ ကြသည်။ အင်တာနက် ကော်နက်ရှင် 1Mbps 2Mbps လောက်ကို မြန်လှပြီ ထင်၍ ဈေ းကြီးပေး တပ်ဆင် အသုံးပြု ခဲ့ကြ ရသည်။ စကြာဝဠာ ထဲ ခြေတစ်ချောင်း ချဖို့ အချိန် အတော်ကြာ ကြိုးစား ခဲ့ကြရသည်။ PS3, PS4, Xbox စသည့် ပျင်းစရာ ကောင်းသော ဂိမ်းစက်တွေနှင့် မဖြစ်စလောက် ဆော့ခဲ့ကြ ရသည်။ သူ့အဘိုး အဘေးတွေ ပြောပြ ခဲ့ဖူးသော ဟိုးယခင်က လူများနှင့် နည်းပညာများ အကြောင်းကို သူ ပြန်စဉ်းစားရင်း ပျင်းစရာ ကောင်းသော ခေတ်တွင် နေထိုင် ကြီးပြင်း ခဲ့ကြရသည့် ရှေးခေတ်က လူများကို သနားစိတ် ဖြစ်လာပြီး ခေါင်းကို တွင်တွင် ခါယမ်း လိုက်မိလေသည်။

၅ – ဇူလိုင် – ၂၀၁၂
Techspace Journal
Volume (1), Issue (15)

6 comments

  • မောင်ပေ

    July 5, 2012 at 3:47 pm

    အရမ်းလန်းမယ့်ခေတ်ပဲ….
    အဲဒီအချိန်အထိ အသက်ရှင်အုန်းပါ့မလားလို့ ဝမ်းနဲမိတယ်ဗျာ

  • lynn lynn

    July 5, 2012 at 3:47 pm

    အဲဒီခေတ်မှာ လူတွေ လှုပ်ရှားမှုနည်းပြီး ရောဂါတွေ များများဖြစ်မလားမသိဘူးနော်။

  • Ma Ei

    July 5, 2012 at 4:36 pm

    ဖြစ်နိုင်ရင်တော့ …..
    2098 ထုတ် Core i5500 Laptop တွေ၊ Notebook တွေ၊
    တစ်ခေါက်ပြန်လာဝယ်ရကောင်းမလားနော်…

  • ဆိုးပေ ကြီး

    July 5, 2012 at 9:14 pm

    ပျော်စရာခေတ်ကြီးမြန်မြန်ရောက်ပါစေ …. 😛

  • padonmar

    July 5, 2012 at 9:27 pm

    ကိုယ့်ကိုကိုယ်တောင်သနားသွားမိပြီ။

  • htoosan

    July 6, 2012 at 8:21 am

    အွန်လိုင်းစစ်မြေပြင်တွေကတော့ အခုထဲက စနေပါပြီ ။
    သူကြီးအတိုက်ခံလိုက်ရလို့ ကတုတ်ကျင်းတွေ တူးနေရတယ်.. 😀

Leave a Reply