စာပေရူးလေး ကျွန်မဘဝ
ရှင်… ကျွန်မလား။ စာရေးဆရာမပါ။ တစ်ချို့ကတော့ ဆရာမလေးလို့ ခေါ်ကြပါတယ်။ နာမည်လား။ မနောဖြူလေးပါတဲ့။ မကြားဖူးပါဘူး ဟုတ်လား။ သိပ်လည်း စဉ်းစားမနေပါနဲ့။ အဲ အထင်လည်း ကြီးမနေနဲ့ဦးနော်။ ကျွန်မက မတောက်တခေါက် ဟိုအကြောင်းဒီအကြောင်းကို စိတ်ထဲရှိသလို ချရေးတာပါ။ အင်းလေ ရှင်တို့ မဖတ်ဖူးတာ မဆန်းပါဘူး။ မဖတ်ဖူးလို့လည်း ဘာမှမပြောပါဘူး။ ကျွန်မရေးတဲ့နေရာလေးက ကျွန်မ ပျော်မွေ့နေတဲ့ ရွာလေးတစ်ရွာတည်းမှာဆိုတော့ ဘယ်သိကြမလဲနော့။
ကျွန်မကိုယ် ကျွန်မလည်း စာရေးဆရာမလို့ အရင်ထဲက သတ်မှတ်မထားခဲ့ပါဘူး။ စာရေးဆရာမ ဖြစ်လောက်အောင်လည်း စာပေအရေးအသားကို ထဲထဲဝင်ဝင်
ရေးတတ်တဲ့သူမှမဟုတ်တာ။ ငယ်ငယ်တုန်း ကတော့ ပြောရရင် ရ တန်းတက်ထဲက စာဖတ်ဝါသနာတော့ အတော်ပါလားသားရှင်။
ဪ… ဟုတ်ကဲ့။ ခုလို ဟိုမရောက်ဒီမရောက် ရေးတတ်ပုံလေး ပြောပြရမှာလား။ ဖြစ်ပါတယ်ရှင်။ ဒီလောက်တော့ ပြောပြရမှာပေါ့ မဟုတ်ဘူးလား။ ဒီလိုရှင့် ကျွန်မ ငယ်ငယ်တုန်းထဲက စာအုပ်တွေ ဖတ်တယ်။ ရ တန်းတုန်းကတော့ ကျောင်းတောင် သယ်သွားပြီး စာသင်ချိန်မှာ ခိုးဖတ်တာရှင့်။ ဒီလို ခဏခဏ ခိုးဖတ်တာ များလာတော့ စာသင်တဲ့ ဆရာမက တစ်ရက်တော့ မိသွားတာပေါ့။ ဒီတော့ ပြောရတာပေါ့။ ဆရာမ ဖတ်ဖို့ သမီး ယူလာတာလို့။ ဟဲ ဟဲ မနောပဲ ဘယ်ရမလဲ ဒီလို ပြောလိုက်တော့ ဆရာမက စာအုပ်ယူသွားတာပေါ့။ ကိုယ့်စကားနဲ့ ကိုယ်ဆိုတော့လည်း လိုက်တောင်းရအခက် ဘယ်လိုဉာဏ်ကူရမလဲ စဉ်းစားပြီး ဆရာမကို ထပ်ပြောလိုက်တာပေါ့။ ဆရာမ ဖတ်ပြီးရင် ပြန်ပေးပါ။ သမီး ငှားလာတာဆိုတော့ ပြန်အပ်ရမှာလို့ ပြောလိုက်တော့ အတန်းလွှတ်ရင် လာယူလို့ ပြောလိုက်မှ ဟင်းခနဲ သက်ပြင်းချနိုင်တော့တယ်။ အဲဒီထဲက စာပေဝါသနာပါလာခဲ့တာပေါ့။
ဒီလိုနဲ့ စာပေပိုးက ဘယ်အချိန်မှာ တစ်စခန်းထပြန်သလဲဆိုတော့ စာအုပ်အငှားဆိုင်တွေမှာ ခွေးခြေပုလေးနဲ့ သွား သွားထိုင်ပြီး ဖတ်ကျင့်ဖြစ်လာခဲ့တယ်။
စာအုပ်သွားငှားမယ်ပြောလိုက်ရင် ထိုင်ဖတ်တာများလို့ အိမ်က လိုက်လိုက်ပြီး ပြန်ခေါ်ယူရတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် စာအုပ်အငှားဆိုင်မှာတောင် ဖတ်ဖို့ စာအုပ်မရှိသလောက်
ဖြစ်လာတော့တယ်။ နောက်စာအုပ်အငှားဆိုင်တစ်ဆိုင် ပြောင်းငှားပြန်ရော။ အသစ်ထွက်ဖတ်၊ အဟောင်းတွေဖတ်နဲ့ နောက်တစ်ဆိုင်လည်း ဖတ်စရာက အရင်အတိုင်းဖြစ်လာပြန်ရော။ ဒီလိုနဲ့
တစ်ရပ်ကွက်လုံး အငှားဆိုင်ကုန်တော့ မြို့နယ်ထဲရှိ အငှားဆိုင်တွေကို စက်ဘီးတစ်စီးနဲ့ ပတ်ငှားပြန်တယ်။ ဒါပေမယ့် ဖတ်သာ ဖတ်တာပါရှင်။ တစ်ခါဖူးမှ ကကြီးရေကတောင်
ချမရေးကြည့်ခဲ့ဖူးပါဘူး။ နောက်တက္ကသိုလ်တက်တော့ အပေါင်းအသင်းတွေနဲ့ ဦးချစ်တို့၊ ကန်ဘောင်တို့ဆိုတာ ကိုယ့်ခြေရာတွေ ဖြစ်လာတော့ ကံ့ကော်တောအကြောင်းလေး ဘာလေး ခံစားရင်း ကဗျာစပ်တတ်လာတယ်။ ကဗျာဆိုတာ ဘာမှန်းမသိဘဲ တောရောက်လိုက် တောင်ရောက်လိုက်နဲ့ စာတိုပေစလေးတွေ ရေးကြည့်တတ်လာတယ်။ ကဗျာဆိုတာ ကာရန် နဘေနဲ့ လေးလုံးစပ်၊ ငါးလုံးစပ်ဆိုလား ရှေးလူကြီးသူမတွေ ပြောတာသာ ကြားဖူးတယ် ဘာကို ဘယ်လိုခေါ်မှန်၊ ရေးရမှန်း မသိပေါင်။ နောက်ပိုင်း ကျောင်းမှာ ဖရယ်ရှာဝဲကမ်းတို့၊ ပွဲတွေလုပ်လာရင် သူငယ်ချင်းတွေနဲ့ စုပြီး လုပ်ထားတဲ့ ကဗျာစာအုပ်လေးတွေကို အတင်းထိုးရောင်းဖူးတယ်။ ဒါလောက်ပါပဲ။ ရေးရအောင်လည်း နပင်းကိုးကန်း သိနားလည်တာမှမဟုတ်တာ။
ဘယ်လောက်ဆိုးလဲဆို တက္ကသိုလ်စာမေးပွဲဖြေနေချိန်အတွင်းမှာတောင် စာကျက်ခိုင်းတာကို စာအုပ်ဆိုင်က စာအုပ်ငှားပြီး ခိုးဖတ်တာ လူကြီးတွေ စာကျက်မကျက်လာကြည့်ရင်
ကျောင်းစာအုပ်နဲ့ ထပ်ပြီး ခိုးဖတ်ခဲ့တာပေါ့။ တစ်နည်း နာမည်ပေးရရင်တော့ စာဖတ်သူခိုးပေါ့ရှင်။ ဒီလိုခေါ်လို့ ကျွန်မ စိတ်မဆိုးပါဘူး။ စာမဖတ်ရရင်ကို မနေနိုင်တာရှင်။ ခုနောက်ပိုင်း
မျက်မှန်တပ်လာတော့ အိမ်က လူကြီးတွေက ညပိုင်းကို စာမကြည့်စေချင်၊ကွန်ပျူတာမကိုင်စေချင်ဘူး။ ဒီလိုပေမယ့် စာကတော့ ဖတ်မြဲဖတ်တာပါပဲ။
ဒီလိုနဲ့ ဟိုမရောက်ဒီမရောက် ဘဝလေးတစ်ခု ပိုင်ဆိုင်လာခဲ့တာကတော့ အင်တာနက်ကြီးပေါ်လာပြီး ကိုယ်ပိုင်ဒိုင်ယာရီ စတင်ဖန်တီးလာခဲ့ချိန်ပါပဲ။ ပြောမယ့်သာ ပြောတာ
ဘာရေးရမှန်းမသိဘူး။ ကျွန်မနဲ့ အင်တာနက်အသုံးပြုဖော်တွေက စိတ်ထဲရှိတာချရေးကြည့်ပါလား ပြောလာတော့ ကျွန်မ စာပေရူးတစ်ယောက်ကို စာပေထောင်ထဲ တွန်းပို့ခဲ့ကြတာပေါ့။
စာပေထောင်က နယ်ပယ်က အတော်ကျယ်သား။ ကိုယ့်ဘာသာရေး၊ ကိုယ့်ဘာသာ တည်းဖြတ်၊ ကိုယ့်ဘာသာပြန်ဖတ်နဲ့ အတော်သံယောဇဉ် တွယ်လာခဲ့တာ။ တစ်ခါတလေ အိပ်ရမှန်းတောင် မသိခဲ့ဘူး။ လူအချင်းချင်းရဲ့ သံယောဇဉ်မပြောနဲ့။ စပြီး ပေါက်ကရရေးတတ်ထဲက စာပေသံယောဇဉ်ဆိုတာ ရေကို ဓားနဲ့ဖြတ်လို့ ပြတ်ချင်ပြတ်သွားမယ်။ စာပေသံယောဇဉ်ကတော့ တဖြည်းဖြည်းနဲ့ ထုထည်ခိုင်မာတောင့်တင်းလာခဲ့တာ ခုတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။ တချို့က မဂ္ဂဇင်းတိုက်တွေ ပို့ကြည့်ပါလား ပြောလာတော့ မပို့ပါဘူး။ ရေးတတ်တာလည်း မဟုတ် ပြီးတော့ နာမည်ရှိသူလည်း မဟုတ်။ ပို့ပြီးမှ ပယ်တာတွေ မရွေးတာတွေ လုပ်လာရင် ကိုယ်ပဲ စိတ်ထဲက မကောင်းဖြစ်မှာ။ ဒီတော့ ကိုယ့်ကိုယ့် ဘာမှမပြောတဲ့ နေရာမှာဘဲ အသားကျစွာနဲ့ စာပေနယ်ထဲမှာ ပျော်မွေ့ရင်း လက်ခံသူရှိနေသရွေ့ စာပေရူးဘဝလေးတစ်ခုကို ပိုင်ဆိုင်ပါရစေလို့ ကျွန်မ ပြောချင်နေမိပါတော့တယ်ရှင်။
ဘဝက ဘာမှမဟုတ်ပေမယ့်
တပ်မက်လွန်းတဲ့ ဘဝကို
ရင်ခုန်ရူးသွပ်ရင်း
ပျော်မွေ့နေတဲ့ စာပေနယ်ကြီး
အမြဲတည်တံ့စေဖို့
ဆုတောင်းနေမိပါတကား….
စာပေရူးလေး မနောဖြူ
၆၊ ၇၊ ၂၀၁၂
ည ၁၁း ဝ၅ မိနစ် ခံစားရေးမှတ်သည်။
29 comments
shwe kyi
July 7, 2012 at 1:45 pm
မ မနောရေ ဖတ်ရင်းပြုံးရပါတယ်။ စာဖတ်သူခိုးအစ်မကို အိမ်လာတိုင်မယ်။ 🙂
ညီမကတော့ ရွာထဲကစာရေးဆရာမ မမနောဖြူလေးကိုကောင်းကောင်းသိပါတယ်ဆရာမရယ်။
အားပေးနေမယ်။
ကိုရင်မောင်
July 7, 2012 at 1:47 pm
ဒါလောက်အရေးအသားကောင်းနေတဲ့
မနောဖြူလေးရေ…
ဂုဏ်ယူပါတယ်…
အရေးအသားက စာရေးဆရာတွေအဆင့်မှီပါတယ်ဗျာ..
အားပေးနေပါတယ်….
အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်….
manawphyulay
July 7, 2012 at 1:53 pm
ခုလို အရူးမလေးတစ်ယောက်ကို အရူးဘုံမြှောက်တဲ့အတွက်လည်း ထမင်းမစားပဲ ရင်ပြည့်နေမိပါကြောင်း၊ ကျေးဇူးလည်း တင်မိပါကြောင်း၊ ကော့မန့်လေးတစ်ခုက လူတစ်ယောက်ရဲ့ နှလုံးသား အာဟာရကို ဖြည့်စွမ်းနေပါတယ်လို့ ပြောရင် ယုံကြမလား…ဟင်
htoosan
July 7, 2012 at 10:06 pm
သတင်းစာမှာလည်းပါ .. သူကြီးရဲ့ တစ်သိန်း လဲ သိမ်းပိုက်ထား တဲ့ သူကို ဘုံမြှောက်တာတော့ မဖြစ်နိုင် ..
ဒါပေသိ နောက်ထပ်လည်း ရူးပါဦးနော့် ..
ကိုရင်မောင်
July 7, 2012 at 1:51 pm
ပြောဘို့ကျခဲ့လို့ဗျို့
လက်မထောင်အားပေးသွာပါတယ်…..
lynn lynn
July 7, 2012 at 2:15 pm
မ မနောရေ အမရဲ့ ကောင်းမွန်တဲ့ ဆန္ဒတွေ ပြည့်ပါစေ။
manawphyulay
July 7, 2012 at 2:56 pm
ဆန္ဒပြည့်ဖို့အတွက် တစ်ဖက်တစ်လမ်းက ဖြည့်ပေးမယ့်သူတွေလည်း အမြဲ လိုအပ်နေပါတယ် ညီမလေးရယ်..
Foreign Resident
July 7, 2012 at 2:31 pm
မနောဖြူလေးရေ…
အရေးအသားက တော်တော်ကောင်းတာပဲ ။
ဖတ်ရတာ ချောနေတာပဲ ။
manawphyulay
July 7, 2012 at 2:59 pm
အဘဖောရေ… ချောဆို ဖူဂျီနဲ့ လျှော်ထား… အဲလေ… မွှားလို့ ဟီး အကောင်းမြင်တတ်ပါ့။ မကောင်းပြောရင် မနောဖြူလေး ဘယ်စိတ်ကောင်းမလဲနော်… အဘဖော… ဟီး 😛
ရာဇဝင်လူဆိုး
July 7, 2012 at 3:02 pm
ရေးသားဖွဲ့နွဲ့မှု အပိုင်းမှာ မမနော စာတွေက သုတပဲဖြစ်ဖြစ်၊ ရသ စာပေပဲဖြစ်ဖြစ်၊ ဆောင်းပါး ပုံစံပဲဖြစ်ဖြစ် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်ပါတယ် ။ အခုတောင် တော်တော်ခြေလှမ်းရောက်နေတဲ့ မမနော နောင်ဆိုရင် စာပေနယ်ပယ်မှာ ဒီထက်မက အောင်မြင်ပါစေကြောင်း…။
manawphyulay
July 7, 2012 at 3:15 pm
သတိ…
ရေးသားဖွဲ့နွဲ့မှု အပိုင်းမှာ မမနော စာတွေက သုတပဲဖြစ်ဖြစ်၊ ရသ စာပေပဲဖြစ်ဖြစ်၊ ဆောင်းပါး ပုံစံပဲဖြစ်ဖြစ် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်ပါတယ် ။(ရာဇဝင်လူဆိုး မျက်စိတစ်ဖက်မှိတ်ပြလျှက်) မြှောက်ပြောနေပြန်ပြီ။
surmi
July 7, 2012 at 3:27 pm
ကောင်းတယ် ခုလိုချိန်မှာဒီလိုရေးပြတာ
နောက်လူတွေအတုယူနိုင်တာပေါ ့
ကျနော်လည်းအစစ်ထားခဲ ့ပြီးအတုယူသသွားပါကြောင်းးးးးးး
mayjuly
July 7, 2012 at 4:23 pm
အယ် ဘယ်သူလဲ …မနောဖြူလေးပါ
အော် သိတာပေါ့ …. ဟုတ်လား
ဟုတ်တယ် …မသိသူ ခပ်ရှားရှားပဲလေ…
အပြောလေးကလဲကောင်း…သဘောမနောကလည်းကောင်းးးး
စာအရေးအသားကရော … ပြောဖွယ်ရာမရှိ ..
(ကဲ မမနောရေ..သိကြပါတယ်နော်..မနောဖြူ သဘောဖြူလေးကို ..)
လိုအင်ဆန္ဒတွေနဲ့ ပြည့်ဝ ပါစေလို့ ဆုတောင်းလျက် ….
snow white
July 7, 2012 at 4:29 pm
စာရေးဆရာမကြီးတစ်ဦးပေါ်ထွက်လာအုံးမှာပါ ခုတောင်အားပေးတဲ့စာတွေနည်းတာ မှမဟုတ်တာ စာဖတ်သူခိုးလည်းဂုဏ်ယူပါတယ် နောက်နာမည်ပြောင်းပေးမှာနော် စာဖတ်သူခိုးလေးလေးလုံးလို့ နောက်တာ တို့မမကစာလည်းတော်တယ် စာရေးလည်းကောင်းတယ် မချီးကျူးဘဲမနေနိုင်ပါဘူး ….
surmi
July 7, 2012 at 11:23 pm
အတော်ဂွကျတဲ.ကလေးမဘဲ ….
မနောဖြူဆိုတာ စာရေးဆရာမကြီးဘဲလေ ၊ သူရေးတဲ.ပို့စ်က ၇၀ဝ တောင်ကျော်နေပြီ
ကိုထူးဆန်းမန်.ထားတာပြန်ဖတ်ဦးကွဲ. …..နင်.မှာလဲ အလွဲချည်.ဘဲ
မန်ဘာသက်တန်းနဲ.တွက်မယ်ဆိုရင် ကျုပ်တို.အဘွားအဆင်. ။
snow white
July 11, 2012 at 12:28 pm
ဖတ်တော့ဖတ်နေတာဘဲ လေ သိဘူးလေ မမကိုအားပေးနေတာဘဲ မမ ကဘာမှ မပြောဘူးဦးဦးဆာမိဘဲ အပြစ် လိုက်ပြောနေတယ် စနိုးကို မျက်စိဆံပင် မွှေးစူးနေလား ဦးဦးဆာမိလည်း စာ လုံးပေါင်းမှန်အောင် ရေးအုံးနော် သက်တမ်း ကဒီလိုပေါင်းတယ် အဆင့် ကဒီလိုပေါင်းတယ် ဟီးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးနောက်တာနော် ဆရာမဟုတ် အမှားပြကြည့်တာ …
ဝမ်းတွင်းရူး
July 7, 2012 at 6:35 pm
တမျိုးမဟုတ်တမျိုး ရူးနေကြသူချည်းဆိုတော့ စာပေအပေါ်ရူး
သွပ်သွားတော့ကောင်းပါ၏။
အလင်းဆက်
July 7, 2012 at 6:57 pm
စာပေ…ကို ထောင် တစ်ခု အဖြစ် မြင်ကြည့်လိုက်ပါတယ် ။
..အကျဉ်သားတစ်ယောက်..ရဲ ့ခံစားချက် ကို လည်း… ရလိုက်ပါတယ် ။
အခု ရဲ ့ နောက်မှာ..တော့…အကျဉ်းသား ဆန်တဲ ့..ခံစားချက်နဲ ့စာမရေးချင်တော့ဘူး…လို ့…တွေးမိတယ် ။
အရာရာကို ပြောရေးဆိုခွင့်ရှိရှိ..ရေးချလိုက်ချင်မိတယ်..လေ.။
မနော..ရေ… စာအောာင်း..ပေအကြောင်း…တွေ ဆက်ရေးပါဦး.ဗျ ။
မစ္စတာ တောက်တဲ့
July 7, 2012 at 10:26 pm
စာပေရူးလေးကျမ ပြီးတော့
အခြစ်ရူးလေး ကျမ လည်း
ရေးပါဦး အမတော်ကြီးရယ် …
အဲ့ဒါလေး ဖတ်ချင်လို့ တောင်းဆိုဂျင်ဘာဒယ် …
အဟီးးးးးးးး 😀
ဝင့်ပြုံးမြင့်
July 8, 2012 at 2:02 am
မနောရေ
ရူးမှ ထူးတယ်တဲ့။
တကယ်တော့ မနောက စာရေးဆရာ လုံးလုံးဖြစ်နေပါပြီ။
ကြောင်ကြီး
July 8, 2012 at 9:54 am
စာပေရူး
ကဗျာထွေမြူး
ကြာစေဘူး
ငါလေထူး…
ရှင်းသန့် နွယ်
July 8, 2012 at 10:34 am
မမ မနောရေ စာသားလေးတွေကအရမ်းကောင်းပါတယ်
အရေးအသားကလဲမိုက်တယ် မမ မနောကစာရေးဆရာမလေးဖြစ်နေပြီနော်.
နောက်ထပ်post လေးတွေကိုလဲစောင့်မျှော်အားပေးနေမယ့်……
ဇောက် ထိုး
July 8, 2012 at 3:41 pm
မနော..ဆိုတာက “စိတ်”လို့ အဓိပ္ပါယ်ရတယ်။ ဖြူ..ဆိုတာက ဖြူစင် အပြစ်ကင်းသောလို့ ယူရမယ်။
ဒီတော့…စိတ်မှာ ဂျီးအညစ်အကြေးမရှိသောသူ…ဖြူစင်ရိုးသားသူ…ဘုရားအဖြစ်စေချင်ဆုံးလူ…
အောင်မြင်ပေါက်ရောက်ပြီး လူသားအကျိုးပြုနိုင်သူဖြစ်ပါစေ..
ကြောင်ကြီး
July 8, 2012 at 7:27 pm
ဟုတ်သေးဘူး..မနောဆိုတာစိတ် ဖြူဆိုတာ အမဲပြောင်းပြန် ဒီတော့ စိတ်အမဲပြောင်းပြန်….
ကြောင်လေး
July 8, 2012 at 7:45 pm
လူတွေဟာတစ်ယောက်တစ်မျိုးတော့ ရူးနေကြတာပါပဲတဲ့။
ပုထုဇနော အုမ်မ ဒဂေါ ဆိုလားပဲ……
manawphyulay
July 10, 2012 at 3:57 pm
တော်သေးတာပေါ့ သိဝီဘုရင်ကြီးလို ဥမ္မာဒဏီကို တွေ့လို့ ရူးသွားတယ် မပြောလို့…. 😛
Nyein Nyein
July 11, 2012 at 12:58 pm
မမ မနောရေ………….. မမ ရေးထားတဲ့ အကြောင်းအရာကိုလည်းကြိုက်တယ်။ တင်ပြထားတဲ့ပုံစံကိုလည်း ကြိုက်တယ်။ ပြီးတော့ ပုံလေးကိုလည်းကြိုက်တယ်။ ပုံလေးမှာ မျက်မှန်လေးပါရင် ပိုပြီးအသက်ဝင်မယ်နော်။ နဂိုကတည်းက စာအရေးအသားကောင်းပြီးသားဆိုတာ သိပြီးသားပါ။ ထွန်းပေါက် အောင်မြင်ပါစေနော်။ လက်မလေးလည်း ထောင်သွားတယ် သိလား။
mamanoyar
July 11, 2012 at 1:01 pm
စာဖတ်တာ ဝါသနာပါတာချင်းတူတယ်
နိုရာလည်း စာဖတ်တာဝါသနာပါတယ် စာအုပ်ဆိုင်ရောက်ရင်လဲ
လိုချင်တာကများနေတယ်။ မမမနောပြောတဲ့ စာအုပ်ဆိုင်ကိုသွား
ခွေးခြေပုလေးနဲ့ထိုင်ဖတ် မျက်စိထဲမြင်ပြီး ပြုံးသွားပါတယ်
si tone
August 9, 2012 at 5:10 pm
ဆရာမ si tone က စာဖတ်တာတော့ ဝါသနာ မပါဘူး… ဒါပေးမဲ့ စာရေးတာတော့ဝါသနာ ပါ ပါတယ်….
ဆရာမရဲ. ရေးသားမှု လေးတွေကို si tone အရမ်းကြိုက်ပါတယ်……………..