ကြက်တူရွေး ကြီးမိုက်….Parrot
ဒီနေ့ဒီခေတ် အချိန်မှာ ဂျာနယ်တွေ စာစောင်တွေ တော်တော်ကြီးကို ပလူပျံအောင်ထွက်ပါတယ်..ဘတ်ဂျက်အခြေအနေ အရရော..
အချိန်ပေးနိုင်မှုအရပါ အားလုံး လိုက် မဖတ်နိုင်ပါဘူး..ဒါပေမယ့်ခေတ်ရဲ့ အပြောင်းအလဲရေစီးကို သိမီနေဖို့ တတ်နိုင်သမျှ
လောက်တော့လိုက်ဖတ်ရတာပေါ့ဗျာ..အဲ..ဒီလိုလိုက်ဖတ်ရင်းနဲ့မှ ဂျာနယ်တွေထဲက
ဘယ်ဂျာနယ်တော့ မလွတ်တမ်းဖတ်သင့်တယ်ဆိုတာ အလိုလို ရွေးချယ်မိလာတယ်ပေါ့ဗျာ..ဒီနေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ရွေးချယ်မှုဘယ်တူနိုင်ပါ့မလဲ. .ကျုပ်တစ်ယောက်တည်းရဲ့ သဘောအရ ပြောရရင်တော့ အပတ်စဉ် ဗုဒ္ဒဟူးနေ့ တိုင်း ထုတ်ဝေတဲ့ (ဂျာနယ်မှာ ဖော်ပြထားတာကတော့ ကြာသပတေးနေ့ပါ..ဒါပေမယ့် ကြာသပတေးနေ့ဆိုဝယ်မရတော့ပါဘူး..)
ပြည်သူ့ခေတ် ဂျာနယ်ကိုတော့ လူငယ်တိုင်းဖတ်သင့်တယ်ဆိုတာပါပဲ..
ဖတ်လည်းဖတ်ကြပုံရပါတယ်..အပေါ်မှာပြောခဲ့သလိုပဲ ကြာသပတေးနေ့တိုင်း ထုတ်ဝေတယ်ဆိုတဲ့ ဂျာနယ်ကို ဗုဒ္ဒဟူးနေ့ ညနေဆိုရင်တောင် ဝယ်လို့
မရတော့ပါဘူး..အဲဒီ့ဂျာနယ်ရဲ့ထူးခြားချက်ကတော့ ပရိသတ်ကြိုက် ပေါ်ပင်သတင်းတွေ
ဦးစားမပေးဘဲ နိုင်ငံရေး၊လူမှုရေး၊ စီးပွားရေး၊ ပညာရေးဆိုင်ရာတွေနဲ့ပါတ်သက်ပြီး ပြည်သူတွေ သိသင့်သိထိုက်တဲ့ အတွေးအခေါ် အတွေးအမြင်ဆောင်းပါးတွေကို ဦးစား ပေးဖော်ပြနေတာပါပဲ..ဆရာမောင်ဝံသ(အတိုင်ပင်ခံ အယ်ဒီတာ)ရဲ့ “ပြောချင်လွန်းလို့”ဆိုတဲ့ ကဏ္ဍဟာလည်း အမြဲတမ်း ပြည်သူလူထုရဲ့ တကယ့်အသံကို ထင်ဟပ်နေလေ့ ရှိပါတယ်..အင်း..ပြောရင်းနဲ့ရှည်နေပြီဗျာ..
လိုရင်းကိုပြောပါ့မယ်… အဲဒီ့ဂျာနယ်မှာမှ အပတ်စဉ် မှန်မှန် ရေးနေတဲ့…
ကျုပ် အလွန်နှစ်သက်မိပါ သော..
ဆောင်းပါးရှင်တစ်ယောက် အကြောင်းနဲ့ သူ့ဆောင်းပါးလေးတွေအကြောင်း ပြောပြချင်တာပါ.သူကတော့ “အံ့ဩလွန်းလို့သေတော့မယ်”ဆိုတဲ့ ခေါင်းစဉ်
ကိုပုံသေယူပြီး မြန်မာနိုင်ငံရဲ့ပြောင်းလဲပြုပြင်ဖို့ လိုအပ်ချက်တွေကို နိုင်ငံရေး လူမှုရေး စီးပွားရေး ပညာရေး..စတဲ့ကဏ္ဍအစုံကို သူတွေ့ကြုံ ခံစားသိရှိခဲ့ရတဲ့ ခေတ်မီတိုး တက်ပြီးသော ဥရောပနိုင်ငံများရဲ့ လက်တွေ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြပြီး ဝေဖန်သုံးသပ် ထောက်ပြရေးသားနေတဲ့ စာရေးဆရာ “ကောင်းဆက်နိုင်”ပါပဲ..
ဒီနေ့ (၄.၇.၁၂)ဝယ်ဖတ်ဖြစ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်အတွဲ(၂)၊အမှတ်(၁၀၁)မှာပါတဲ့
ဆရာကောင်းဆက်နိုင်ရဲ့ဆောင်းပါးလေး ဖတ်မိပြန်တော့ စိတ်ထဲရွစိရွစိနဲ့ ရွာသူရွာသားတွေကို ပြောပြချင်မိပြန်ပါရောဗျာ……
သူဒီတစ်ပတ် ပြောထားတာကတော့..ဒီနေ့အချိန်မှာ အသံတွေဆူညံနေအောင်ပြောနေကြတဲ့ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်အကြောင်းပါ..ခင်ဗျားတို့ကျုပ်တို့..လူတိုင်းလိုလို ပညာသင်တဲ့အရွယ်ဆိုတာကို ဖြတ်သန်းပြီး ပညာသင်ခဲ့ကြပါတယ်..
သူငယ်တန်းကနေ ဆယ်တန်းအထိဆို-၁၁နှစ်ပေါ့..
အဲဒီ့နှစ်တွေမှာ ကျွန်တော်တို့သင်ခဲ့ရတာ
“ပညာ”တွေလို့ ထင်ခဲ့ကြတာပါ..တကယ်တော့ ပညာမဟုတ်ဘဲစာတွေသာဖြစ်တယ်
ဆိုတာ..ဆရာကောင်းဆက်နိုင်က ဒီလိုလေးထောက်ပြပါတယ်…
“ဥရောပဘက်မှာတော့ သနားစရာ ငှက်ကလေးများလို တစာစာအော်ပြီး ကြက်တူရွေး
များလို ၏ သည် မလွဲ အလွတ်ပြန်ရတဲ့ စာသင်နည်းမသုံးတော့ပါဘူး..သင်ရိုးညွှန်းတန်း
တွေကို ဘုရားဟောကျမ်းလိုမျိုး တစ်သက်လုံးဦးထိပ်ပန်ဆင်ဖို့ အာဂုံဆောင်ရတာကို
‘စာသင်တယ်’ခေါ်တာပါ”
ဥရောပမှာ “စာ” မသင်တော့ဘဲ “ပညာရေးစံနစ်”ဆိုတဲ့အတိုင်း “ပညာ”တတ်အောင် လေ့လာချင်စိတ်တွေ၊တီထွင်ချင်စိတ်တွေ၊လူသားအချင်းချင်းကူညီချင်စိတ်တွေ၊ကိုယ့်
အားကိုယ်ကိုးချင်စိတ်တွေ၊အသားအရောင်ခွဲခြားမှု၊ဘာသာရေးအစွန်းရောက်မှုမရှိဘဲ
ကိုယ့်မိဘမျိုးရိုးအပေါ် ဂုဏ်ယူချင် စိတ်တွေ ပြုစုပျိုးထောင်နေတာပါပဲ”
“စာသင်တယ်ဆိုတာ ဆရာ၊ဆရာမအပေါ် လုံးဝမှီခိုနေရပါတယ်..ပညာသင်တယ်ဆို
တာကတော့ ကို့ကိုယ်ကို မှီခိုရပြီးတော့ ဆရာ ဆရာမက ဘေးကထိန်းကျောင်းပေးရုံပါပဲ”
နောက်ပြီး ဆက်ပြောထားသေးတယ်ခင်ဗျ…ဆရာဆရာမတွေရဲ့တာဝန်နဲ့ပါတ်သက်ပြီး…
“သင်ရိုးတွေကိုခေါင်းပေါ်ရွက်မထားဘဲ ဝေဖန်သုံးသပ်ပြီး ကိုယ်ပိုင်ဉာဏ်နဲ့ တီထွင်တတ်လာအောင် ပြုစုပျိုးထောင်တာဟာ ပညာသင်တာပါ။
ကလေးတွေပြောရဲဆိုရဲ ဖြစ်လာဖို့ မေးခွန်းမေးတတ်ဖို့ များများမေးတတ်ဖို့
ကိုယ်ပိုင်ဉာဏ်သုံးတတ်လာဖို့ ဆရာဆရာမ ရဲ့တာဝန်ပါ။”
ကဲ..စာသင်တာနဲ့ ပညာသင်တာ ဘယ်လောက်ကွာလဲ…ကျွန်တော်တို့တတွေရော
လွန်ခဲ့တဲ့အချိန်တွေမှာ…စာသင်ခဲ့ရသလား..ပညာသင်ခဲ့ရသလား…စဉ်းစားစရာပါ..
ဆရာကောင်းဆက်နိုင်ထောက်ပြနေတာတွေဟာ အမှန်တွေဆိုတာ ကျွန်တော်တို့
ဒီနေ့ သိလာ လက်ခံလာနေရပါပြီ…အမြန်ဆုံးပြုပြင် ကြဘို့ဘဲလိုတော့တာ..
ဘယ်လိုပြင်ကြမလဲ…ဒါကိုလည်းဆက်တွေးကြရမှာပါ…
ကျုပ်အရမ်းခိုက်သွားတာကတော့…ဂျာနယ်ထဲမှာလဲ ဟိုက်လိုက်လုပ်ထားတဲ့
သူ့ကိုယ်သူ အားမနာတမ်း ဝေဘန်ထားတဲ့ စာပိုဒ်လေးပါပဲ….ကိုင်း ဖတ်ကြည့်ရအောင်..
“နိုင်ငံတကာမှာ ပြောင်းလဲဆန်းသစ်နေပြီဖြစ်တဲ့ ပညာရေးစံနစ်အကြောင်းသိလို့မဟုတ်ပါဘူး။ တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး”
ဒီစာလေးကိုဖတ်မိတော့ ကျနော့်အတွေးတွေ မိမိဖြတ်သန်းခဲ့တဲ့ အတိတ်ကို
ပြန်တွေးမိပါတော့တယ်…………..။
ဟုတ်ပါ၏..မှန်ပါ၏..မှန်လွန်းနေပြန်ပါ၏။ အော်..တကယ်တော့…..
ကြီးမိုက်ကိုယ်တိုင်လည်း နှုတ်သီးကောက်နီကြီးနဲ့ ကြက်တူရွေး ကြီးတစ်ကောင်ပါလား..
ကျုပ်တို့ စာတွေအလွတ် ကျက်ခဲ့ကြသည်
အလွတ်ကျက်ထားတာတွေ အဖြေလွှာတွေပေါ်ချရေးခဲ့ကြသည်
အလွတ်ကျက်ထားတာတွေ အမှန်ဆုံးနဲ့ အချိန်မီ ပြန်ချရေးနိုင်သူတွေ
ဂုဏ်ထူးဝေဝေဆာဆာနဲ့ အောင်ပန်းဆင်ကြတော့
ဝိုင်းပြီးဂုဏ်ပြုခဲ့ကြသည်….ယနေ့ခေတ်အချိန် ပိုလို့ပင်ဆိုးပါသေးသည်..မြို့ကြီးများတွင်
ကျောင်းနေသူ ကျောင်းသားကျောင်းသူလေးများကို ကြည့်လိုက်ကြပါအုံး..
လွယ်အိပ်ကြီး တနင့်တပိုးလွယ်..ကျောင်းပြေးတက်လိုက်..ကျူရှင်ပြေးတက်လိုက်
တစ်နေ့တစ်နေ့… ကျောင်းကပေးလိုက်သောစာကျက်ရသည်ကတစ်မျိုး..
ကျူရှင်ဆရာမကပေးလိုက်သည်ကို ကျက်ရသည်ကတစ်မျိုး.. နားချိန်၊ကစားချိန်ပင်မရှိရှာကြ…
သူတို့ကိုကြည့်၍ မိဘတွေသည်ပင် အမောဆို့နေကြရသည်…
အမှန်က “စာသင်”နေကြခြင်းသာ..ပညာသင်နေကြခြင်းမဟုတ်…ထို့ကြောင့်ပင်..
သတိပြုမိသည့်အချက်က…
သူတို့လေးတွေသည် လောကကြီးအကြောင်း နကန်းတစ်လုံးမှမသိ
မိဘထမင်းခူးမပေးလျှင်မစားတတ်ရှာ…အဖေါ်မပါရင်မသွားရဲ မလာရဲ..
ဒီလိုနဲ့..ဘွဲ့ရကျောင်းပီးတော့ ..အလုပ်ခွင်ထဲရောက်..ဘဝဆိုတာ
နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ..ပီဘိ ကလေးလေးတွေလို…
ဟိုဟာမသိ ဒီဟာမမြင်ဖူး လူမှု့ဆက်ဆံရေးဆိုတာ ဘာမှန်းမသိ..
ကိုယ့်စိတ်နဲ့အခန့်မသင့်ရင်..စိတ်ကောက် စိတ်ဆိုးလိုဆိုး..
ပုံမှန်နေ့စဉ်အလုပ်ကို အဆင်ပြေအောင် ဆောင်ရွက်နိုင်အောင်ကိုပင်
နှစ်နဲ့ချီ ၍ သင်ယူလေ့ကျင့်ကြရပြန်ပါသည်..
ပြောရမယ်ဆိုရင်တော့..ကျောင်းသက်တလျှောက်လုံးမှာ
စာတွေသာ သင်ခဲ့တာ…ပညာမသင်ခဲ့ရတော့…တကယ့်ပညာကို
အသုံးချရ အစွမ်းပြရမဲ့ အလုပ်ခွင်ရောက်တော့မှ တကဲ့ပညာကိုစသင်
ကြရတော့တာ…အလုပ်ခွင်ဆိုတာ..ပညာသင်သူငယ်တန်းဆိုပါတော့….
အဲဒါကိုဘဲ ပြန်တွေးမိတဲ့ ဆရာကောင်းဆက်နိုင်က..အခုလိုသူ့ကိုသူ
သုံးသပ်ပြန်ပါတယ်….
“ဒီအကြောင်းစဉ်းစားမိရင် ကျုပ်ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့အချိန်ကို
နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရအဖတ်မရပါပဲ”
သူပြောမှ မိမိကိုကိုယ်လည်းပြန်လည်၍ အမှန်အတိုင်းသုံးသပ်ကြည့်မိသည်..
ဘွဲ့ရပြီး လုပ်ခဲ့ဖူးသမျှအလုပ်တွေမှာ..အဆန်းအသစ် တီထွင်ဖို့…စံနစ်သစ်နှင့်စီမံခန့်ခွဲဖို့
မဆိုထားပါနှင့်..လုပ်ငန်းခွင်ထဲတွင် လက်ရှိ ရှိနေပြီးသား စံနစ် နှင့် စီမံခန့်ခွဲမှု့
အစီအစဉ်များကိုပင် မနဲမီအောင်လိုက်နေရသေးသည်…လူမှု့ဆက်ဆံရေးဆိုသည်ကိုလည်း
အလုပ်ခွင်ရောက်မှနဖူးတွေ့ ဒူးတွေ့ တွေ့ကြရသည်…
ကုန်ထုတ်လုပ်မှု့အပိုင်းတွင်ကြည့်လိုက်ပါဦး……ထိုနည်း၎င်းပါပဲ…
နည်းပညာအလွန် တိုးတက်လာနေသော ပါတ်ဝန်းကျင်နိုင်ငံများမှ
စက်ကိရိယာပစ္စည်း အသစ် အသစ် တို့ကို ဝယ်ယူအသုံးချနေကြရသည်..
သို့ရာတွင် ထိုစက်ကိရိယာ ဘာကြောင့်တီထွင်ကြသည်..
ဘယ်လိုတီထွင်ဖန်တီးဖြစ်ပေါ်လာသည် မစဉ်းစားနိုင်အား..
ထိုစက်ကရိယာကို မည်သို့ မောင်းနှင်အသုံးပြုရမည်..ပျက်လျှင်
မည်သို့ ပြင်ရမည်ကိုပင် မနည်း ကြိုးပမ်းနေကြရပေသေးသည်..
ယနေ့ ပညာရေးစံနစ်ကို တိုးတက်ကောင်းမွန်အောင် ပြောင်းလဲနိုင်ရေး
အတွက် အသံတွေ ဟိုမှဒီမှ ကြားလာနေရပါပြီ…ဘယ်တော့ အကောင်အထည်ဖေါ်ပြီး
ဘယ်လိုပြင်ကြမလဲ…ဒါကိုလည်းဆက်တွေးကြရမှာပါ…
ပြသနာကိုတင်ပြခဲ့တဲ့ ဆရာကောင်းဆက်နိုင်ကပဲ…ပြုပြင်ရမဲ့ နည်းကိုလည်း
ဒီလိုလေးအကြံပြုထားပြန်ပါတယ်…..
“ကဲ၊ဒီတော့ ဘယ်ကစကြရမလဲဆိုတော့ ကလေးတွေကိုမသင်ခင် ဆရာ၊ဆရာမတွေကို
သဘောပေါက်အောင် အရင်သင်ရမှာပါ..ဒီအတိုင်းသင်တန်းပဲပေးလို့မရပါဘူး..။
စီမံကိန်းတစ်ခုရေးဆွဲရပါမယ်။ အကောင်အထည်ဖေါ်ဖို့ ရှေ့ပြေးနေတဲ့ နိုင်ငံတွေက
Expert တွေ(ကျွမ်းကျင်သူတွေ) ငှားရပါမယ်။ Expert တွေကနေ တာဝန်ရှိသူတွေကို
လက်တွေ့ သင်တန်းပေးမယ်။ တာဝန်ရှိသူတွေကမှ အဖွဲ့ငယ်တွေခွဲပြီး တိုင်းဒေသကြီးနဲ့
ပြည်နယ်အလိုက် မြို့နယ်ကျေးရွာအထိ ကွင်းဆင်းပြီး အနည်းဆုံးနှစ်ပါတ်ကြာ
ဆရာ၊ ဆရာမတွေကိုလက်တွေ့သင်ကြားပေးမယ်။ ဆရာ ဆရာမတွေကိုတော့
ကျောင်းသားတွေကိုနားလည်သဘောပေါက်အောင် ဟောပြောပြသပေးဖို့လိုပါတယ်။
ဒါကတော့ အရပ်သားတစ်ယောက်ရဲ့ အရပ်အမြင်နဲ့အကြံပြုချက်ပါပဲ။”
ကောင်းပါပီဗျာ…ဒီလိုနဲ့ နောက်ဆုံးတွေးလိုက်မိတာကတော့..
ပညာရေးစံနစ်ကြီးမပြောင်းသေးခင်..ကျုပ်တို့၏ကလေးများကို ကျောင်းတွင်
စာသင်စေ၍ အိမ်တွင် မိမိတို့က “ပညာ”ကို တတ်နိုင်သရွေ့ သင်ပေးကြပါဟုသာ
အကြံပြုလိုပါကြောင်း…စာရှု့သူ ရွာသူရွာသားအပေါင်းတို့ခင်ဗျား……
ရွာသူားများလည်း ဒီနေ့ခေတ် ပညာရေးအကြောင်း ဝိုင်းဝန်းဆွေးနွေးပေးကြပါအုံးလို့
မေတ္တာရပ်ခံပါတယ်ဗျာ…
အားပေးဖတ်ရှု့သူအားလုံးကိုလေးစားလျှက်..
လမ်းဆက်လျှောက်နေတဲ့…
ကြီးမိုက်။
၇.၇.၁၂
37 comments
မောင်ပေ
July 9, 2012 at 9:47 am
တော်တော်လေးကို အရသာပေးတဲ့ ငရုတ်သီး တစ်တောင့်ပါ ဆရာမိုက်
ဒုတိယ တစ်ကြိမ်ကြမှ စာရှည်ဖြင့် လာမန့်ပါဦးမည်။
ahnyartamar
July 9, 2012 at 9:49 am
ကျတောလည်း အဲဒီဆောင်းပါးကို အသေးစိတ်ဖတ်လိုက်တယ်။ ဟုတ်တယ်ဗျာ။ စာသင်ပုံပြောင်းဖို့ဆိုရင် ဆရာ၊ ဆရာမတွေကိုယ်တိုင် စာသင်တဲ့စနက်တခုကို ကောင်းကောင်း သိဖို့လိုတယ်။ အခုလက်ရှိပညာရေးလောကမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကျတော်တို့လို ကြက်တူရွေး နှုတ်တိုက် သင်ပုံနဲ့ ကျောင်းတွေပြီးခဲ့ကြတာဆိုတော့ သင်ရိုးညွှန်းတမ်းတွေမပြောင်းခင် သင်ပုံ၊ သင်နည်း စနစ်တွေအရင်ပြောင်းမှရမည်ဟု ထင်မြင်ပါကြောင်း ကိုကြီးမိုက်ရေ……………..
Shwe Tike Soe
July 9, 2012 at 9:50 am
ကောင်းတယ်ဦးမိုက်ရေ.. ကျွန်တော်တို.နိုင်ငံကတော့ စိတ်ဓာတ်၊စည်းကမ်း၊ပညာ ဆိုပြီး ဆိုင်းဘုတ်တွေ မှာပဲရှိတဲ့ အရာတွေ များနေတာပေါ့..ကျွန်တော် အဲဒီဂျာနယ်ကို တခါမှ မဖတ်ဖူးဘူး အရမ်းကောင်းတဲ့ဆောင်းပါးလေးနဲ. ဆောင်းပါးပုံဖော်တဲ့ ဦးမိုက်ကလဲ အရေးအသား စိတ်ဝင်စားစရာပါ…
ကျွန်တော်တို.ပညာရေးစနစ်ပြောင်းဖို. ဆရာ၊ဆရာမတွေကို ပုံအရင်ပြောင်းရမယ်…ပြီးရင် သင်ထောက်ကူပစ္စည်းတွေ…ကျောင်းသူား တိုင်း မတတ်မနေရ ကွန်ပျူတာ ဘာသာရပ်တစ်ခု သင်ရိုးလုပ်ပေးသင့်တယ်…. ပြီးရင်ဆန်းသစ်တီထွင်နိုင်တဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးသင့်တယ်…
အဲလို ဖွင့်ပေးဖို. တကယ်တတ် တကယ်သိ တကယ်လုပ်နိုင်စွမ်းရှိတဲ့ ဆရာဆရာမတွေ ရှိနေသင့်တယ်…
ဦးမိုက်ပြောမှ ကျွန်တော်ကျောင်းတက်တဲ့အချိန်တွေကို နှမြောလိုက်တာဗျာ….အဲဒါကြောင့် ကျွန်တော် သားအရွယ်တွေက ကွန်ပျူတာ Program တွေ virus တွေ Games တွေ ရေးနေနိုင်ပေမယ့် ကျွန်တော်ကတော့ အခုအထိ အဲဒါတွေ ရေးဖို.လေ့လာနေရတုန်းပေါ့ဗျာ……….
ကြောင်ကြီး
July 9, 2012 at 10:40 am
“ဒီအကြောင်းစဉ်းစားမိရင် ကျုပ်ကျောင်းနေခဲ့တဲ့ ၁၄ နှစ်ဆိုတဲ့အချိန်ကို
နှမြောမိတယ်။ အမှန်ဝန်ခံရရင် အရည်မရအဖတ်မရပါပဲ” ……………………….မှားတယ်..ကျောင်းနေသက် ၁၅နှစ်ဖြစ်ရမယ်။ သူငယ်တန်း မတက်ခဲ့ရင် ရထားတဲ့ဘွဲ့ ပြန်သိမ်းခိုင်းမယ်….။
ကြောင်လေး
July 12, 2012 at 9:06 am
အရေးအခင်းပြီးကျောင်းတွေပြန်ဖွင့်တော့ တက္ကသိုလ်မှာ (၃)နှစ်နဲ့ လေးတန်းတက် ဘွဲ့ရတဲ့ကာလတစ်ခုရှိခဲ့ဖူးတယ်၊အဲဒီကာလနဲ့တွက်ပြီးပြောတာဖြစ်နိုင်တယ် ကိုကြောင်ရေ့။
Inz@ghi
July 9, 2012 at 10:51 am
၂ခုမြောက် လက်မက ကျနော့် ဟာပါ ဦးလေးကြီးမိုက်ရေ…
အော်… ကျုပ်တို့ အချိန်တွေဖြုန်းခဲ့သပေါ့ …
စကားမစပ် …အာစီယံဒေသတွင်းတောင် …ကျုပ်တို့လူမျိုး
သင်္ချာ ကောင်းတယ်.. အင်္ဂလိပ် စာ ကောင်းတယ်…
အချီးကျူးမခံရတော့တာ အတော်လေး ကြာသွားဘီနော..
အနိစ္စ…
စနစ်ကြောင့် … လူကြောင့် …
စနစ်ကြောင့် … လူကြောင့် …
😀
ကိုရင်မောင်
July 9, 2012 at 10:55 am
ဟုတ်ပ..ကိုကြီးမိုက်ကြီးရေ ဒါကြောင့်လဲ ဆရာဦးအောင်သင်း
ပြောခဲ့တဲ့စကားတွေအမှတ်ရမိပါရဲ့ ..၏ ..မရွေး ကျက်ဖြေရလွန်းလို့
ကျက်ဆယ်တန်း..လို့ပြောခဲ့တာကို ..ကျနော်သတိထားမိ တာလေးပြောပြပါ့မယ်
တရုတ်ပြည်မှာ ကလေးတွေကိုစာသင်တာစနစ်ပြောင်းနေပါပြီ..
သူတို့ရဲ့ပုံနှိပ်စာအုပ်ထဲမှာဖြေဘို့ကွက်လပ်ပေးထားပြီးသားပါ..
အပိုစာအုပ်နဲ့ကူးရေးကူးဖြေ မရှိတော့ပါဘူး…
ဒီကွက်လပ်လေးမှာအဖြေ ကိုဖြည့်ပေးလိုက်ယင်ပြီးသွားပါပြီ..
အလီကျက်ခိုင်တာကိုကြည့်ယင်လဲ..ကလေးတွေရဲ့ဦးနှောက်ထဲကို
လိုတာထက်ပိုထည့်မပေးဘူး..
၁အလီကနေ၉အလီထိဘဲရအောင်ဆိုခိုင်ကြတယ်..
၁အလီမှာ၁ကနေ၉အထိ
၂အလီကျတော့ ၂..၂လီ =၄ဆိုတာကနေစဆိုကြရတယ်
၂..၁လီက ၁..၂လီမှာပါပြီးလို့ပြန်မဆိုခိုင်တော့ပါ
၃အလီမှာလဲ၃..၃လီ=၉ကနေစဆိုကြရပါတယ်
၉အလီဆိုယင်တော့၉..၉လီ=၈၁ တခုဘဲရှိပါတော့တယ်
တော်တော်သဘောကျဘို့ကောင်းတဲ့
သင်ကြားမှု့ပါ…
ကျနော်တို့ငယ်ငယ်တုန်းကဆို
၂အလီကနေ၂၄အလီထိအလွတ်ရအောင်ကျက်ကြရတယ်
တကယ်တော့မလိုအပ်တဲ့အပိုတွေသင်ခဲ့ကြရတယ်မဟုတ်လား…
ဒီဆောင်ပါးလေးတင်ပေးတာ အတော်သဘောကျတယ်ဗျာ…
ကျေးဇူးဘဲ ကိုကြီးမိုက်ကြီးရေ…….
blackchaw
July 9, 2012 at 11:07 am
၃ ချောင်းမြောက်လက်မက ကျွန်တော့်လက်မပါ ခင်ဗျာ။
ရှက်ရှက် နဲ့ ဝန်ခံပါရစေဦး ကိုမိုက်ရေ။
ကျွန်တော်က ရှစ်တန်းအောင်ကတည်းက စံနစ်သစ် အဖြစ်
ဝိဇ္ဇာ သိပ္ပံ ခွဲတော့ ဝိဇ္ဇာတွဲ ရခဲ့ပြီး ဓါတုဗေဒတို့ ရူပဗေဒတို့
ဘဝမှာ လုံးဝမသင်ဘူးလိုက်ဘူးခင်ဗျ။
ကိုးတန်းကတည်းက ဘောဂဗေဒ နဲ့ နပမ်းလုံးခဲ့ရပါတယ်။
အဲဒီ ဘောဂဗေဒ ကလည်း ဘိုလိုပဲ သင်တာခင်ဗျ။
မြန်မာလို သိတာ မသိတာ က အရေးမကြီးခဲ့ပါ။
အလွတ်ကျက်ဖြေခဲ့တာပေါ့။
မေးခွန်းကလည်း ဘိုလို၊ အဖြေကလည်း ဘိုလိုပဲနော်။
ဒါပေမယ့် မြန်မာလို ဘာမှနားလည်ဖို့ မကြိုးစားခဲ့တဲ့ ဘိုလိုတွေခင်ဗျ။
အဲဒီတော့ ဘောဂဗေဒ ရဲ့ တချို့ Definition ဆိုရင် အခုထိ
ဘိုလို အလွတ်ရနေသေးတဲ့ Definition တွေ ရှိပါသေးတယ်။
၁ဝ တန်းကျောင်းသားဘဝက စာတွေကိုပြောတာနော်။
ဒါပေမယ့် မြန်မာလိုသိဖို့ မကြိုးစားခဲ့မိဘူးဗျာ။
စကားမစပ်
ကျွန်တော် ၁ဝ တန်းအောင်တော့ အီကို ဂုဏ်ထူးနဲ့ ခင်ဗျ။
ဟီး….။
ဒါသင်…။
ဒါမေး…။
ဒါကျက်….။
ဒါဖြေ…။
အော် ကြက်တူရွေး ဘလက်ပါတကား…။
😀
htoosan
July 9, 2012 at 11:23 am
နဲနဲတော့ ပိုသလား လို့ .. အခု သူရေးနိုင်ပြောနိုင်တွေးတော နိုင်တာတွေဟာ ကျောင်းကသင်ပေးလိုက်တဲ့ ဆီက မှ တစ်ဆင့်တက် ရတာမဟုတ်ဘူးလား .. 🙄
အရည်မရ အဖတ်မရ ဆိုတာတော့ ဆရာတွေကိုပါ စော်ကားလိုက်သလို ခံစားမိပါသည်။
အလုပ်ခွင် က သူငယ် တန်း တက်နိုင်အောင် ကျောင်းတွေ က ကိုယ်ယူနိုင်တဲ့ပေါ်မှုတည်လို့တော့ ရခဲ့ကြမှာပါ ။
ဒီကနေ့ ဒီနေရာမှာ ကျွန်တော်တို့အားလုံး ရေးနေဖတ်နေနိုင်တာဟာ အရည်မရ အဖတ်မရ ဆီကသာ ဘာမှ မရခဲ့ရင် ရေးနိုင်ဖတ်နိုင်မယ်တော့ မထင်ဘူးဗျ။
ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် သင်ရိုးညွှန်းတမ်း၊ သင်တဲ့စံနစ် ၊လေ့ကျင့်သင်တန်းပေးမှုတွေလိုအပ် တယ် ဆိုတာကတော့ ငြင်းစရာ မရှိတဲ့ မှန်ကန်တဲ့ အချက်ပါ။
ု
kyeemite
July 9, 2012 at 11:26 am
ကိုရင်မောင်ရေ…ကျုပ်ပို့စ်လေးကိုဖတ်ပြီး
တရုတ်ပြည်မှာ ကလေးတွေကိုစာသင်တာစနစ်ပြောင်းနေကြောင်းလေး
ဗဟုသုတမျှပေးတာ အလွန်ကျေးဇူးတင်ပါတယ်ဗျာ…
——————————————————–
ကိုကြောင်ကြီးပြောတဲ့ ၁၄နှစ်ဆိုတာ ကျုပ်လည်းသတိထားလိုက်မိတယ်
ဒါပေမဲ့..မူရင်းစာရေးသူအာဘော်မို့ မပြင်လိုက်ပါဘူး..
———————————————————-
ဦးဦးဖျားဖျားမန့်ပေးတဲ့ ကိုပေရေ ..သင့်ခရုပါ..
———————————————————–
ကိုရင်ရွှေတိုက်ရေ…အဲဒီဂျာနယ်လေးတော့ စမ်းဝယ်ဖတ်ကြည့်ဖို့
တိုက်တွန်းချင်ပါတယ်…တကယ်အရည်အသွေးရှိတဲ့ ဂျာနယ်မို့ပါ..
————————————————————–
အညာတမာရေ..ကွန်မန့်လေးအတွက်သင့်ခရု..
————————————————————–
ရဲဘော်ဘလက်ခင်ဗျား…ဆယ်တန်းတုံးက Definition တွေ အလွတ်ရသေးတယ်ဆိုတော့
တယ်ကောင်းတဲ့မှတ်ဉာဏ်ပါလား…
တချို့ပါဋ္ဌိလိုဘုရားစာတွေ တတွတ်တွတ်ရွတ်ကြတာလည်းဒီလိုပါပဲဗျာ..
အနက်ကိုသိတာနည်းပါတယ်…အကျိုးရှိမရှိတော့မသိဘူးဗျို့…
ကိုပေါက်(မန္တလေး)
July 9, 2012 at 11:34 am
ဒီလိုစာမှစာအကြောင်း ကဗျာရေးဘူးတယ်။
ကလေးတွေကို သနားလို့ ။
ဒီမှာတော့ တင်ဘူးတယ် ၊
ဖတ်ဘူးသူနည်းပါမယ်။
ပြန်တင်ပေးလို်က်ပါမယ်။
“စာ က လေးလေး”
မနက်စောစော ငါးနာရီ
မေမေကနုှိးပြီ။
အိပ်ချင်မူးတူး ထိုင်ခုံထက်
သားသားစာတွေကျက်။
ကော်ဖီသောက်ပြီး ခြောက်နာရီ၊
တီချာရောက်ပါပြီ
အင်္ဂလိပ်စာသိပ်ကိုခက်၊
မီးနင်းတွေကိုကျက်၊
ခွန်နှစ် နာရီထီုးပါပြီ ကျောင်းကိုသွားရမည်၊
ရေမိုးချိုးလို့ အိမ်ပြင်ထွက်
ကျောင်းကားပေါ်ကိုတက်။
ကျောင်းကိုရောက်သော်
ကစားဖော် ခဏဆော့မယ်နော်
ခေါင်းလောင်းထိုးရင် အတန်းတက်
စာတွေသင်ဘို့အတွက်။
ထမင်းစားဆင်းတော့ အမေခေါ်
ခုံတန်းလျားလေးပေါ်
ထမင်းစားရင်းစာတွေနွေး
မေမေ မေးခွန်းမေး။
သုံးနာရီလဲကျော်ပြန်သော်
ကျောင်းကြီးဆင်းပြီနော်
ကျူရှင်တက်ရန် ကားပေါ်တက်
အတန်းပိုင်ဆရာမ အိမ်ကိုဆက်။
ညနေငါးနာရီထိုးပြီနော်၊
သားသားအိမ်ကိုရောက်ပေါ့နော်
ထမင်းစားပြီး ခရီးဆက်
စာကျက်ဝိုင်း ကိုတက်။
ညရှစ်နာရီထိုးပါပြီ
သားသားအိမ်ကိုရောက်ပြန်ပြီ
မုန့်စားပြီးရင် စာကိုကျက်
ပြီးရင်ဂဏန်းတွက်။
ညကိုးနာရီထိုးပြီနော်
သားသားနားလို့ရပြီနော်
ခြေလက်ဆေးပြီးခုတင်ပေါ်တက်
သားသားလေးအိပ်စက်။
အိပ်စက်လို့မှမဝမှီ
မေမေလာနုှိးပြီ၊
ဒီလိုနဲ့ဘဲနေ့တွေဆက်
သားသားစိတ်တွေပျက်။
ကိုပေါက်လက်ဆောင် အတွေးစဉ်
ကိုပေါက် (မန္တလေး)
2010
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 9, 2012 at 1:58 pm
ကိုပေါက်ကဗျာ က ကိုကြီးမိုက်ပို ့စ်ကို ပံ့ပိုးသွားတာပေါ့။
kyeemite
July 9, 2012 at 11:39 am
မှန်ပါတယ်ကိုထူးဆန်းခင်ဗျား..ကျွန်တော်တို့ တစ်ခုခုတော့
ရခဲ့ကြပါတယ်..အရည်မရ အဖတ်မရ တော့မဟုတ်ခဲ့တာအသေအချာ
ကိုလက်ခံပါတယ်…ပြောရရင်..အစွန်းရောက်အပြစ်တင်တာမျိုးတော့
ကျနော်လည်းလက်မခံပါ…
ပညာသင်ကြားပုံစံနစ်ကြောင့်…အရနည်းတယ်ဆိုမလား..ရသင့်သလောက်
မရခဲ့ဘူးလို့ပဲ ပြောချင်ပါတယ်….
အခုလိုထောက်ပြဝေဖန်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်..
—————————-
ကလေးကဗျာလေးနဲ့ဖြည့်စွက်ပေးသော
ကိုပေါက်အားကျေးဇူတင်ပါဂျောင်း..
Khaing Khaing
July 9, 2012 at 11:42 am
လေးမိုက်ကြီး …… မအားသေးလို့ သေချာမဖတ်သေးဘူး အခုရက်ပိုင်းနေရာမယူနိုင်ဘူးဖြစ်နေတယ် …… တနင်္ဂနွေနေ့ကဘာလို့မလာတာလဲ …… ပြောတော့လာမယ်တဲ့ အဟွန်းလူဇိုး ……
နောက်မှထပ်လာပီး ထပ်မန့်မယ်နော် ……..
etone
July 9, 2012 at 11:56 am
ဦးမိုက်ရေ …
ကျွန်မတို့ ငယ်ငယ်ကတည်းက အရိုးစွဲလာတဲ့သင်ရိုးညွှန်း တမ်းတွေ ၊ စနစ်မကျခဲ့လို့လည်း … တကယ်တမ်း အလုပ်ဝင်တဲ့အခါ ပြန်ပြီး apply လုပ်နိုင်တာ နည်းတယ် .. အလုပ်ခွင်ဝင်ပြီးမှသာ လိုအပ်သလို .. ထပ်တပ်ရတာမျိုးလေ … ။
နောက်ပြီး .. ငယ်ငယ်ကတည်းက ဒါကျက် .. ဒါသင် .. ဒါဖြေဆိုတဲ့ စနစ်တွေရှိလို့ .. ကျောင်းသားတွေဘက်ကလည်း ရှာဖွေ လေ့လာမှု အားနည်းသွားတယ်ထင်တယ် ..ဥပမာ စာစီစာကုံးလိုဟာမျိုးကိုတောင် .. စာအုပ်တွေ ထွက်လာတော့ .. အပုဒ်လိုက် ကူးချတာမျိုးတွေ လုပ်လာကြတယ် … ။ စာစီစာကုံးဆိုတာမျိုးက အချက်လက်လောက်ပဲ မှီငြမ်းပြီး ၊ ကိုယ်တိုင် စီကာပတ်ကုံးရေးကြရတာမျိုးလေ … ။ အင်္ဂလိပ်စာ အက်ဆေးဆိုလည်း ဒီလိုပဲ … အသေကျက်ထားတာ .. မပါလျှင်တော့ ကွဲပေါ့ .. ပါလာလျှင် … တလုံးမှ မလွဲအောင် ကျက်ထားသမျှ ချရေးလိုက်ကြတယ် .. တကယ်တမ်း … အသုံးပြုထားတဲ့စာလုံးလေးတွေ ဘယ်နေရာမှာ ပိုလှအောင် သုံးလို့ရတယ် .. ဘယ်လိုလေးဖြုတ်လိုက် .. ဘာလေး ကွန့်လိုက်လုပ်လို့ ရတယ်ဆိုတာ .. ကျောင်းတက်တုန်းက မသိခဲ့ဖူးဘူး … ။
ရှာဖွေမှုအားနည်းတယ် … နည်းဆို …ပြဌာန်းစာအုပ်တောင် … မကြေမှ မကြေတာလေ … ။
ဒီကြားထဲ ကျူရှင် ပေးတဲ့ကလေးဆို .. အပုဒ်ရွေးပေးတာလည်း ပါသေးတယ် … ဒီတော့ ဘယ်ကလေးက အပင်ပန်းခံပြီး အများကြီး ကျက်ချင်တော့မလဲ … ။ ဆရာတွေ ကျူရှင်ပေးတာ အပြစ်လို့ မဆိုပါဘူး … အစိုးရလခသာ လုံလောက်စွာပေးထားလျှင် သူတို့လည်း ယူနီဖောင်းအားနာတာနဲ့ .. ကျူရှင်ထွက်သင်ကြမှာ မဟုတ်ပါဘူး ။ အခုဆို .. လုပ်သက်ရင့် ၊ လုပ်သက်နု ဆရာတွေရဲ့ လစာက … ကော်စမတ်တစ်ရောင်းတဲ့ ကောင်မလေးတွေရဲ့ လစာကိုတောင် မမှီတာ ဝမ်းနည်းဖွယ်ရာတွေ့ရပါတယ် … ။ သိပ်မပြောတော့ပါဘူး ဦးမိုက်ရေ … ဒါတွေ ပြောလျှင် … ဒေါတွေ ပါလာလိမ့်မယ် .. အဟိ 😉
Khaing Khaing
July 9, 2012 at 4:12 pm
ကြယ်သုံးပွင့်တောင်ဖြစ်နေပါပေ့ါလား မမတုံ ဂုဏ်ယူပါတယ် မုန့်ဝယ်ကျွေး ……….
Khaing Khaing
July 9, 2012 at 4:18 pm
မအိတုံပြောလေးနဲ့ပတ်သက်ပီး ပြောရရင် တက္ကသိုလ်နောက်ဆုံးနှစ်ကပေ့ါ အက်စေးကို ကိုယ်တိုင်မရေးပဲ သူများရေးထားတာကို ခိုးချလိုက်တော့ ဂုဏ်ထူးတန်းမဝင်ပဲ ပြုတ်ခဲ့ရတယ် အခိုင်နဲ့အတူဖြေခဲ့တဲ့ သူငယ်ချင်းယောက်ျားလေးက ဂုဏ်ထူးတန်းဝင်ခဲ့တယ် ကျွန်မလည်း မကျေနပ်လို့ ဆရာမကို ကျွန်မဘာကြောင့် ဂုဏ်ထူးမှတ်မရတာလဲလို့မေးတော့ သမီးအက်ဆေးက ခိုးချတာသိတာတယ်တဲ့ ဟိုကောင်လေးက ခရစ်ယာန်လေးပါ သူကအင်္ဂလိပ်စာတော်တယ် သူ့ကအက်ဆေးကို ခိုးမချပဲ သူ့သိတဲ့အတိုင်းချရေးတော့ အမှတ်ပိုရ သွားတယ် အဲဒီနှစ်က ဂုဏ်ထူးတန်းရတဲ့လူတွေကများတော့ အင်္ဂလိပ်စာအမှတ်များတာရယ် အက်ဆေးပိုင်းတွေရယ်ကြည့်ပီး ခွဲချပလိုက်တယ်တဲ့ အခိုင်လည်းသိပ်တက်ချင်ခဲ့တဲ့ဂုဏ်ထူးတန်း နဲ့ဝေးခဲ့ရတယ် …….. အမှတ်ထုတ်ကြည့်တော့ အင်္ဂလိပ်ကလွဲလို ကျန်တာတွေက ဂုဏ်ထူးရ နေတာတွေ့ရတယ် …….. အဟင့် အဟင့် အဟင့် ….
Inz@ghi
July 9, 2012 at 4:24 pm
ရှက်လိုက်တာဗျာ
အဲ့နေရာမှာကျုပ်သာဆို တိုင်နဲ့ခေါင်းနဲ့ဆောင့်ပီးကို သေပလိုက်ပီ
😳
မဂွတ် ထော်
July 9, 2012 at 12:00 pm
တကယ်တော့ ကျုပ်ဟာ မျက်စိတွေ နားတွေပိတ်ထားတဲ့ ခေတ်ဆိုးကြီးထဲမှာ လျှာတစ်ချောင်းနဲ့ရင်းပြီး ဘွဲ့ရလာတဲ့ ကြက်တူရွေးကြီး ဆိုရင် မမှားပါဘူး”
surmi
July 9, 2012 at 12:13 pm
ကိုမိုက်ရေ
ခံစားမှုကတထပ်တည်းဗျာ အိမ်က ကလေးတွေကြည် ့ပြီး
စိတ်မကောင်းဖြစ်ရတာ ။ကျနော်တို ့တွေတုန်းက ကစားချိန်နဲ ့
ပြင်ပစာဖတ်ချိန်ရှိခဲ ့သေးတယ် ခုတော ့
ဒါနဲ ့ အပေါ်ကဦးဘလက်ပြောပုံအရဆိုရင် ကျနော်နဲ ့တစ်ခေတ်တည်း
လောက်ဘဲဗျ။ တစ်နေ ့တော ့ဆုံနိုင်အောင် ဆုတောင်းပါတယ်ဗျာ
မွန်မွန်
July 9, 2012 at 12:54 pm
ပြောရရင်တော့အရှည်ကြီးပဲပေါ့နော်…
မွန်မွန်လည်း ငယ်ငယ်က သည်၊၏ မလွဲကျက်ခဲ့ရတာပါ။ ဘာလို့လည်းဆိုတော့ အဲဒီလိုမှ ချမဖြေရင် စာမေးပွဲမှာ ပြိုင်ဘက်နဲ့ အမှတ်ခွာခံခဲ့ရလို့ပါ။ ဘယ်လောက်ပဲ မှန်နေပါစေ။ သည် နေရာမှာ ၏ ရေးလိုက်ရင် အရင်ကတည်းက ပြိုင်ဘက်ကို အမှတ်သာပေးချင်တဲ့ ဆရာမက မွန်မွန့်ကို အမှတ်လျှော့ချလိုက်လို့ပါ။
စာဆိုရင် မရေးဘဲနဲ့ မကျက်တတ်တော့ဘူး။ ဒီအတိုင်းဖတ်ရုံနဲ့ ဦးနှောက်ထဲကို မဝင်တော့ဘူး။ အခုဆို အဲဒီအခက်အခဲကို မနည်းကျော်လွှားနေရတယ်။
ပြီးတော့ စာစီစာကုံးက တော်သေးတယ်။ ရှစ်တန်း ကိုးတန်းလောက်တုန်းက အက်ဆေးဆို ရေးပေးတယ်။ ကိုယ်က ကွန့်ဖြေချင်တယ်။ သိတာလေးတွေ ထပ်ထည့်ချင်တယ်။ နိုးပဲ။ ပေးထားတဲ့အတိုင်း မဖြေရင် လျှော့တယ်။ ထည့်ချင်တာတောင် မထည့်ရဲတော့ဘူး။ အမှတ်ပြည့်လိုချင်တော့ ဆရာမပေးထားတဲ့အတိုင်း ကျက်တယ်။
ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲလုပ်တယ်။ စာကြည့်တိုက်က စာတွေရှာပြီး ရေးတယ်။ ဒုတိယပဲရတယ်။ ပထမရတဲ့တစ်ယောက်က သူ့အမေက ရေးပေးတယ်။ သိသိကြီးနဲ့ ဆုပေးလိုက်တယ်။ ဘာဖြစ်လာလဲဆိုတော့ ဘာမှမပြိုင်ချင်တော့ဘူး ဖြစ်လာတယ်။ အမေကလည်း ဆူတယ်။ ဆုမရမှန်း သိသိကြီးနဲ့ အပင်ပန်းခံတယ်ဆိုပြီး။
ကျောင်းပြီးတော့မှ ကိုးတန်း ဆယ်တန်း ဂိုက်ပြန်လုပ်တော့ ဖတ်စာတွေ ပြန်ဖတ်မိတယ်။ သင်ရိုးတွေက တော်တော်လေးကို ပြည့်စုံပါတယ်။ အင်္ဂလိပ်စာဆို Unit တစ်ခုချင်းစီမှာ grammar ရော၊ spoken ပိုင်းရော အကုန်လုံး ပြဌာန်းထားတယ်။ အဲဒီတုန်းကသာ အသေအချာ သင်ခဲ့ရရင် ရန်ကုန်ကို ကျောင်းလာတက်တဲ့အချိန်မှာ အင်္ဂလိပ်စာကို ကြောက်စရာလိုမှာ မဟုတ်တော့ဘူး။
ပြီးတော့ တစ်ခါစစ်ပြီးသားကို နောက်စာမေးပွဲမှာ ထည့်မမေးတော့တာ၊ ဒါသင်၊ ဒါကျက်၊ ဒါဖြေပြီး မေ့လိုက်လို့ ရတာတွေကလည်း ဘယ်လိုရည်ရွယ်ချက်နဲ့မှန်း မသိပေမယ့် ဆယ်တန်းရောက်လာတဲ့အခါမှာတော့ သေလုမျောပါး ဖြစ်ကြပါတယ်။
ပြောရရင် အရှည်ကြီးပဲ မို့လို့ နောက်မှလာပြီး ထပ်ရေးပါဦးမယ်။ 🙂
Inz@ghi
July 9, 2012 at 1:14 pm
အင်း … သူပြောမှ သွားသတိရတာလေး တခု
ချ ရေးလိုက်ပါဦးမယ် …
သင်္ချာ လေ သင်္ချာ …(သင်္ချာဝင့်ကြော် မဟုတ်ပါ..)
ဘယ့်နှယ့်ဗျာ … MCQ မေးတယ်… ၁ဝမှတ်တန် အပုဒ်လောက်
တွက်ချင်တွက်ရမယ်…အဲ … (အကြမ်းထဲမှာ )အဆင့်ဘယ်လောက်
တွက်ရတွက် ရ… ၁မှတ် က ၁မှတ်ပဲ … ဟုတ်ပါဘီ. ..အဲ့လာ ကို
စောဒက မတက်ပါဘူး… ၁ဝမှတ်တန် ပုဒ်စာ …တွေဘာတွေမှာ ..
တခါတခါ အဖြေမှန်ပီး ၃မှတ်ပဲ ရ .တာ ကြုံဖူးမယ်ထင်တယ်..
ငယ်တုန်းကတော့ … သည်လို အသေ ရိုက်သွင်းခံဖူးတယ.်…
ဟဲ့.. တွက်တဲ့ အဆင့်တွေ အလိုက် ဘယ်အဆင့် ဘယ်အချက် ပါရင်
၁မှတ်. အမှတ်ဝက် ..သည်လို ပေးတာဟဲ့ … အဆင့်ကျော်ရင် အဖြေမှန်ဦးတော့..
ဆိုင်ရာ အဆင့်အတွက် ပေးတဲ့အမှတ်တွေ ..မရတော့ဘူး …
၁ဝမှတ်တန် မှာ အဖြေ မှန်သားနဲ့ …၃မှတ် ဖြစ်ရတာက
ပေးချက်မေးချက် ကူးရေးတာ -၁ မှတ်..
ဖော်မြူလာ ချရေးတာ -၁ အမှတ်
အဖြေမှန်အတွက် -၁ မှတ် ..
ကြားထဲက ဆင့်တွေ မပါလို့ …ပေါင်း ၃မှတ်…
တိန်..
ဇဂါးမစပ် …သည်သင်ခန်းစာ သင်ယူရတဲ့ ရည်ရွယ်ချက်က …
ဒါမျိုး…problem တွေ့ရင် solve လုပ်တတ်ဖို့ …သင်ယူတာလား …
ရှေးရှေးက စီနီယာကြီးတွေ ဒါမျိုး ပရော်ဘလမ် တွေ့ရင်…
ဘယ်လို ဆော့လ်ဗ်ခဲ့တယ် ဆိုတာကို မှတ်မိစေချင်တာလား….
နည်းနည်းတော့ လွဲနေတယ် ထင်တာပဲ…
ညီမျှခြင်းရဲ့ သည်ဘက်မှာ ၂နဲ့ မစားဘဲ ..ဟိုဘက်မှာ ၅၀% နဲ့
မြှောက်တာ ကို ခရော့စ်အောက် လုပ်ချတဲ့ စနစ် က ဘယ်တော့များမှ
လွတ်ပါလိမ့်မလဲဗျာ ….
မောင်ပေ
July 9, 2012 at 1:07 pm
အန်ကယ်မိုက်ရေ
နိုင်ငံခြား က မူကြိုကျောင်းတွေ ဘယ်လိုသင်ကြသလဲ ဆိုတာ ၊ အခုရက်ပိုင်းတွင်း ဆရာတစ်ယောက်က ပြောလာတာလေးသိလာရလို ့၊ ပြန်ပြောဦးမယ်ဗျာ ။
နိုင်ငံခြားမှာနေတဲ့သူတွေအတွက်တော့ ရိုးမှာပေါ့
ဒီလိုဗျ
ဆရာလုပ်တဲ့သူတွေက ကလေးတွေကို
rice ဆိုတဲ့ စကားလုံးတစ်လုံးသင်ပေးလိုက်တယ်
ပြီးတာနဲ ့rice ဆိုတာ ဘာလဲ ဆိုတာကို ပြတယ်
ပြီးရင် rice ဆိုတာ ဘယ်အပင်ကနေ ဘယ်လို ဖြစ်လာတယ်ဆိုတာ အဆင့်ဆင့်ကို လယ်ကွင်းတွေထဲအထိ စပါးပင်ကိုပါ လက်နဲ ့ကိုင်စေတဲ့အထိ ၊ အဆင့်ဆင့် ရှင်းပြပေးသွားတယ်တဲ့ ။ ဒီမြေကြီးမှာ ဒီအပင်လေးတွေကို ဒီလို စိုက်ပျိုးရတယ် ။ အပင်ကြီးလာတယ် ၊ အသီး / စပါးနှံလေးတွေ ဖြစ်လာတယ် ၊ စပါးနှံလေးတွေကမှ ခြွေလှေ ့ပြီးတော့မှ ၊ အခု မင်းတို ့ငါတို ့စားတဲ့ ဆန် ၊ ထမင်းဖြစ်လာတယ် ။
ဆိုတော့ဗျာ
သင်ကြားခံရတဲ့ ကျောင်းသူားတွေမှာ ထမင်း ၊ ဆန် ဆိုတာကို ဖြစ်ပုံ ပြောင်းပုံ အစစ အသေးစိတ် သိသွားရုံမက ၊ လယ်မြေ ရှိမှ ဒီအပင်တွေကို စိုက်လို ့ရမယ် ၊ စိုက်လို ့ရမှ စားဖို ့ရမယ် ၊ ဆိုတဲ့ အတွေးလေးပါ ရသွားတော့ ၊ အပင်ကို ချစ်သွားတယ် ၊ မြေ ရဲ ့အရေးပါပုံကို သိသွားတယ် ၊ မြေကို ကာကွယ်တန်ဖိုးထားရမယ့် အသိလေးပါ ရသွားတယ် တဲ့ဗျား ။
သင်ကြားပုံများ ပြောပါတယ်။
kyeemite
July 9, 2012 at 1:19 pm
စာကိုစိတ်ရှည်ရှည်ဖတ်ပီး ကွန်မန့်လေးတွေနဲ့
ပိုပြည့်စုံအောင်ဆွေးနွေးပေးကြသူ
မKhaing Khaing၊ မဂွတ် ထော်၊ မetone၊ ကိုရင် surmi ၊ မ မွန်မွန်
တို့အားလုံးကျေးဇူးပါဗျို့….
မွန်မွန်ပြောတဲ့…
အဲဒီအချက်ကအရေးအကြီးဆုံးပါ…ကလေးတွေကို ဉာဏ်ကွန့်မြူးခွင့်ပေးရမှာပါ..
ဒါကြောင့်ပဲ..ကလေးတွေဟာ ဘောင်ကျော် ဖေါက်ထွက်ပြီးမတွေးတတ်ကြတော့ဘူးပေါ့…
minnannawar
July 9, 2012 at 2:34 pm
သူများတွေမန့် လို့ ကိုယ်လဲ မန့် ကြည့်ပါအုံးမယ်။
တစ်ခါက ဘွဲ့လွန်သင်တမ်း တစ်ခုတက်တုံးကပါ။ ဘွဲ့လွန်သင်တန်းဆိုတော့ အသုံးချအဆင့်ဖြစ်နေပြီထင်တာပေါ့။
ဒါကြောင့် first semester မှာ apply ပြီသစွာ ကိုယ့်သဘောနဲ့ ကိုယ် စာတွေကိုဖြေခဲ့မိတယ်။
ကျောင်းအချိန်ပြည့် မတက်နိုင်တဲ့ ခလေးမလေးတစ်ယောက်ကိုတော့ ဒါပဲကျက်ဖြေတော့ဆိုပြီး Question ကော Answer ပါပေးပြီး ကျက်ဖြေခိုင်းလိုက်မိတယ်။
အောင်စာရင်းထွက်လာတော့ အဲဒီခလေးမက ဂုဏ်ထူးနဲ့အောင်တယ်။ သူ့ကိုမနာလိုလို့ပြောတာမဟုတ်ပါဘူး၊ စစ်ပုံ စစ်နည်းကိုက ဘွဲ့လွန်အဆင့်မှာတောင် အဲဒီလိုဖြစ်နေတာကိုပြောချင်တာပါ။ Apply နဲ့ မရပဲ ၏-သည် မရွေ့ဖြေမှရတယ်ဆိုတာသိစေချင်လို့ပါ။
ဒါနဲ့ သဘောပေါက်သွားပြီး Second semester မှာ စာအုပ်ထဲကအတိုင်း ၏-သည် မရွေ့ ဖြေလိုက်တော့
ဂုဏ်ထူးပါလာပါလေရော။ (ကြွားတာမဟုတ်ဖူးနော်)
ဘွဲ့လွန်အဆင့် မှာတောင် ဒီလိုမျိုးဖြစ်နေရင် အခြေခံပညာအဆင့်မှာ ဘယ်အထိ ဆိုးနေမယ်ဆိုတာ စဉ်စားသာ ကြည့်ပေတော့လို့။
kyeemite
July 9, 2012 at 3:36 pm
ကိုဂီတို့ ကိုပေတို့ ပြောလို့..နဲနဲသတိရသွားတယ်…
ကျနော် ဒေသကောလိပ်တက်တုံးက ကျနော်တို့သူငယ်ချင်း
အဖွဲ့လေးအတွင်းမှာ တစ်ခုပြိုင်ကြတယ်..သချာင်္ တစ်ရာရစေရမယ်လို့…
စာမေးပွဲကြီးမတိုင်ခင် ကျောင်းသချာင်္ပြဋ္ဌန်းစာအုပ်ထဲက
ပုစ္စာအကုန် တစ်ပုဒ်မကျန် ၁ဝကြိမ်ထက်မနဲ တွက်ပီးသွားပီ..
စာမေးပွဲဖြေတော့ မေးခွန်းမြင်တာနဲ့ အဖြေပါမှတ်မိနေတာချည့်ပဲ..
ကျနော်ကဘာလုပ်သလဲဆိုတော့…တစ်ပုဒ်စီတိုင်းကို ရိုးရိုးမတွက်ပဲ
နောက်တစ်နည်း…နောက်တစ်နည်း…ဆိုတဲ့စာခံပြီး သုံးမျိုးလောက်စီတွက်ဖြေပေးလိုက်တယ်
ကွန့်တာပေါ့လေ..
စာမေးပွဲခန်းကထွက်လို့ သူငယ်ချင်းတွေနဲ့အဖြေတိုက်တော့လည်း အိုကေ..
အမှတ်စါရင်းထွက်တော့…သူငယ်ချင်းတွေကတစ်ရာစီ..ကျနော်က ၉၈မှတ်။
ဘာကြောင့်နှစ်မှတ်လျှော့လဲ ဒီနေ့ထိမစဉ်းစားတတ်ဘူး..(သေချာတာကတော့ စာစစ်သူသောက်မြင်ကပ်လို့ပဲဖြစ်မယ်)
ကိုပေါက်(မန္တလေး)
July 9, 2012 at 4:56 pm
ကိုမိုက်ရေ
ခေါက်ရိုးကျုးိနေတက် ကြက်တူရွေးစံနစ်ကိုပျောက်အောင်ဖျောက်ဘို့အတော်လေးအချိန်ယူရပါမယ်။
ဒီလိုခေါက်ရုးိးကျိုးနေတဲ့ဆရာတွေက ခေါက်ရိုးကျိုးတပည့်ဘဲထွက်လာမှာပေါ့။.
အဲတော့……………………….
အရီးခင်လတ်
July 9, 2012 at 5:49 pm
ကကြီးမိုက်
ပထမဆုံး ပြောရရင် ရွာထဲမှာ ကိုယ့်ထက်ကြီးနိုင်သူ ကို သိပြန်သမို့ အလွန်အမင်း ဝမ်းသာခြင်းဖြစ်ရပါ၏။ ဟိဟိ။
ဒုတိယ ကတော့ ပြန်မလာရင်မဖြစ် သော စာ တွေ ကို ဖတ်သွားပြီး အတွေးများစွာ ရှိနေပါတယ်။
ပြောချင်တာတွေကို မရိုက်ရဘဲ ပါးစပ် နဲ့ ပြောလို့ရရင် အရမ်းကောင်းမယ်။ 😛
အလင်းဆက်
July 9, 2012 at 7:02 pm
ကိုကြီးမိုက်…ရေ..ပညာရေးစနစ်အကြောင်းလေး…
ပြောလို ့ကျေးဇူးတင်ပါတယ်..ဗျာ။
အင်မတန်ရေးသင့်ပြိး..အင်မတန် ဖတ်သင့်တဲ ့အကြောင်းအရာပါပဲ….
လေးစားစွာ………
Swal Taw Ywet
July 9, 2012 at 9:22 pm
Bravo ကိုပေါက်(မန္တလေး).
ဒီလိုခေါက်ရုးိးကျိုးနေတဲ့ဆရာတွေက ခေါက်ရိုးကျိုးတပည့်ဘဲထွက်လာမှာပေါ့။.and
Bravo Ko Kyee Mite.
(သေချာတာကတော့ စာစစ်သူသောက်မြင်ကပ်လို့ပဲဖြစ်မယ်).
Very good evaluation.
Both should be Thumb UP.
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
kyeemite
July 10, 2012 at 9:55 am
ပထမဆုံး ပြောရရင် ရွာထဲမှာ ကိုယ့်ထက်ကြီးနိုင်သူ ကို သိပြန်သမို့ အလွန်အမင်း ဝမ်းသာခြင်းဖြစ်ရပါ၏။
တော်တော်နောက်တဲ့ ကိုခင်လတ်ပဲ..အရေးထဲ ငယ်ချင်နေသေး…
ယနေ့လူကြီး ဟာ တစ်ချိန်က ကလေးပါပဲ…ဟဲဟဲဟဲ
MaMa
July 10, 2012 at 1:20 pm
ခုခေတ်မှာ နိုင်ငံခြားမှာ ကျောင်းသွားထားလိုက်တာတွေ ခေတ်စားလာတယ်။
ဘာ့ကြောင့်လဲလို့ နှိုင်းချိန်ကြည့်တဲ့အခါမှာ-
ကျောင်းတက်ရတဲ့ စရိတ်စက က ဒီမှာ အင်တာနေရှင်နယ် ကျောင်းတက်ရတဲ့ စရိတ်နဲ့ မကွာဘူး။
လူမှုပတ်ဝန်းကျင် ကွာခြားသွားလု့ိ နေရေးထိုင်ရေး အစစအရာရာ အဆင့်မြင့်တယ်။
နိုင်ငံတကာက လာကြတဲ့ လူမျိုးစုံနဲ့ ဆက်ဆံတတ်သွားကြလို့ ဘယ်နိုင်ငံသွားသွား သူတို့ မကြောက်ကြတော့ဘူး။
ကျောင်းတက်ကျောင်းဆင်းမှာ ကလေးတစ်ယောက်ကို အမေတစ်ယောက်က နောက်ကတကောက်ကောက် လိုက်စရာမလိုဘူး။
ကျောင်းတက်လိုက်၊ ကျူရှင်တက်လိုက်နဲ့ စာနဲ့ချည်းပဲ အချိန်ကုန်စရာမလိုဘူး။
ကျောင်းရဲ့ သင်ကြားနည်းစနစ်က ကလေးတွေကို တွေးခေါ်နိုင်အောင် လမ်းကြောင်းပေးတယ်။
လူမှုဆက်ဆံရေး၊ အထွေထွေ ဗဟုသုတတွေ သင်ကြားပေးတယ်။
လူထုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ခိုင်းတယ်။
မူလတန်း စ တက်တဲ့ ကလေးကို ……
ကျောင်းထဲမှာ သွားတတ်လာတတ်အောင်၊
မုန့်စားဆင်းချိန်မှာ မုန့်ဝယ်စားတတ်အောင်၊
အိမ်သာတက်ချင်ရင် အိမ်သာပို့ပေးဖို့ကအစ၊
သူ့ရှေ့နှစ်က ကလေးတစ်ယောက်ကို ကျောင်းက တာဝန်ခွဲဝေပေးထားတယ်။
အကိုအမရှိရင်တော့ အကိုအမက တာဝန်ယူပေးရတယ်။
ကျောင်းရဲ့ရံပုံငွေအတွက်၊ ပျော်ပွဲရွှင်ပွဲလုပ်ဖို့အတွက် အလှူခံပေးရတယ်။
မူလတန်းတွေဆိုရင် ကျောင်းသွားကျောင်းပြန် MRTထဲမှာ စုဗူးလေးနဲ့ အလှူခံရတယ်။
သူတို့အရပ်နဲ့ သူတို့ဇာတ်မို့ လူကြီးတွေကလည်း ကလေးတွေ အဲလို အလှူခံတာတွေ့ရင် ထည့်ပေးကြတယ်။
အလယ်တန်းလောက်ဆိုရင် အိမ်နီးနားချင်းတွေကို တံခါးလိုက်ခေါက်ပြီး ကျောင်းမှာလုပ်မယ့် အကြောင်းအရာတွေကို ရှင်းလင်းပြပြီး အလှူခံရတယ်။
နောက်ပြီး ရံပုံငွေဈေးရောင်းပွဲ ဖြတ်ပိုင်းတွေ ရောင်းရတယ်။
တချို့လည်း မုန့်မျိုးစုံလုပ်ပြီး လိုက်ရောင်းရတယ်။
တူမလေးတွေကတော့ ကွတ်ကီးအစုံလုပ်ပြီး ကျောင်းတံဆိပ်နဲ့ ရိုက်ထားတဲ့ သံဗူးထဲထည့်ပြီး ပါကင်ပိတ်ရောင်းတာ တန်လည်းတန်၊ စားလည်း ကောင်းလို့ ဆွေတွေမျိုးတွေ ဝိုင်းအားပေးကြတာ ခဏလေးနဲ့ ကုန်ရော။
နောက်မှ သိတာက သူတို့ကျောင်းက Girl Guide မုန့်ဘူးတွေက နာမည်ကြီးဆိုပဲ။
အထက်တန်းတက်တဲ့ ကျောင်းသူ/သားတွေဆိုရင် ..
ရပ်ကွက်တွေမှာ ရှိတဲ့ (ဒီက ဓမ္မာရုံလိုမျိုး) လူမှုရေးစင်တာတွေမှာ ချို့တဲ့ တဲ့ ကလေးတွေကို ကျူရှင်သွားသင်ပေးတာမျိုး၊စာကြည့်တိုက်မှာ လုပ်အားပေးတာမျိုးတွေ၊
မိဘမဲ့ကလေးတွေ၊ လူအိုရုံတွေမှာ လုပ်အားပေးတာတွေကို အမှတ်ပေးတယ်။
ကျောင်းစာမေးပွဲမှာ ပေါင်းပေးတယ်။
စိတ်ပါဝင်စားရာ အားကစား (သို့) အနုပညာတစ်ခုခုကိုလည်း မဖြစ်မနေ သင်ရတယ်။
ကလေးတွေ ကြည့်လိုက်ရင် လန်းဆန်းတက်ကြွနေကြတယ်။
ဘက်စုံနည်းပညာဆိုတာ အဲဒါကို ပြောတာဖြစ်မယ်။ 🙂
kyeemite
July 10, 2012 at 2:37 pm
အမှန်ပါပဲ..ဒေါ်မမခင်ဗျား…နိုင်ငံခြားမထားတောင်
ပြည်တွင်းက အင်တာနေရှင်နယ်စကူး မှာထားကြတာတော်
တော်များလာပါပြီ..အဲဒီ သင်ကြားရေးစံနစ်ကိုကြိုက်ကြလို့ပါပဲ..
ဒါပေမဲ့ လူများစုအတွက်တော့ လက်ရှိအခြေခံ ပညာရေးစံနစ်
သင်ကြားပုံစံနစ်တွေ ပြင်ဖို့ လိုတာပေါ့ဗျာ..
တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မည်..သို့သော်ဘယ်နေ့မှန်းမသိ..
manawphyulay
July 10, 2012 at 4:20 pm
ပညာရေး ဝေးသည်မရှိတဲ့………… ပြောရရင်တော့ ခုက နိုင်ငံတကာနဲ့ ရင်ဘောင်တန်းလာဖို့ အရင်ဆုံး ပညာရေးကို ပြုပြင်ပြောင်းလဲဖို့တော့ လိုလာပြီပေါ့။ ခုဆို ကိုယ်ပိုင်ကျောင်းတွေပါ ဖွင့်ခွင့်ပေးပြီးဆိုတော့ နောင်လာနောင်သားတွေအတွက် အဆင်ပြေမှာပါ။ ပညာတတ်တွေ ပေါ်လာဦးမှာပါ။
အရီးခင်လတ်
July 12, 2012 at 4:07 am
ကကြီးမိုက်
အသက်ကြီး ပြိုင်တာ စိတ်မရှိပါနဲ့။ 😀
မြန်မာပြည်မှာ တုန်းက သင်တန်းတစ်ခုမှာ ဆရာမ လုပ်ဘူးတယ်။
လာတက်တဲ့ ကလေး တွေ ကို သမီး၊ သား ဖမ်းခေါ်လေ့ ရှိသပေါ့။
နောက်တော့ အစိုးရရုံးကြီး တစ်ခုမှာ အသက် ၅ဝ ဝန်းကျင် အရာရှိကြီး တွေ ကို သွားသင် ရင်း အဲဒီမှာ အန်ကယ်ကြီး (အရင်ကပေါ့) တစ်ယောက် ကို သား လို့ ယောင်ပြီး ခေါ်မိလို့ ဝိုင်းဟား ကြပါရော။
အဲဒီ အန်ကယ်ကြီး ကတော့ သဘောတွေ အရမ်းကျပြီး သူ့ကို သား လို့ သာ ဆက်ခေါ်ပါ ဆိုပြီး တောင်းဆို နေသေးရဲ့။
အဲဒီ အချိန်ကတော့ အသက်ကြီး လာ သူ တွေ ရဲ့ depression ကို မသိ ခဲ့ဘူး။
ခုတော့ …. သိပြီလေ။ (ဂျူး ဝတ္ထုပါ 😉 )
လက်ရှိ ပညာရေး အကြောင်း ကတော့ အပေါ်မှာဆွေးနွေး တာတွေ က အတော်လေး ပြည့်စုံနေပါပြီ။
တစ်ချို့ က ပြောနိုင်တယ်။
အမေရိကန် တို့၊ အင်္ဂလန် တို့ ရဲ့ ပညာရေး စနစ် ကို အတုယူသင့်တယ် လို့။
မှန်တော့ မှန်ပါတယ်။
အမေရိကန် ရဲ့ ပျမ်းမျှပညာ ရေး အခြေအနေ ကို တော့ မသိဘူး။
အင်္ဂလန် မှာ က တော့ အစိုးရကျောင်း တွေ ရဲ့ ရာခိုင်နှုန်း အတော်များများ က အားမရစရာ ဖြစ်လာနေတယ် လို့ ဆိုကြတယ်။
ကျောင်းကောင်း တဲ့ အရပ်ကို လူတွေပြောင်းကြတယ်။
အဲဒီလို နေရာ ဆိုရင် အိမ်ဈေး တွေကောင်း တယ်။
အဲဒီမှာ တတ်နိုင်တဲ့ သူတွေ ၊ အဓိက ကတော့ ကလေးပညာရေး ကို ဂရုစိုက်တဲ့ မိဘ တွေ နေကြတယ်။
ဒီတော့ သိပ်မကောင်း တဲ့ ကျောင်း နားမှာ နေသူ အများစုဟာ ကလေး ကို ဂရုမစိုက် တဲ့ ဖြစ်သလို မိဘ တွေ များတယ်။
အဲဒီလို ကျောင်း မျိုး က ကလေး တွေ ဆိုရင် ၉တန်းအောင် တာ နဲ့ အလုပ်ဝင်ရော။
တက္ကသိုလ် မပြောနဲ့။ ကောလိပ်တောင် မတက်ကြဘူး။
ဒီမှာက စားဖို့၊ နေဖို့ အတွက် အလုပ်တစ်ခု ကတော့ လွယ်လွယ် ရတာဘဲကိုး။
တဖြေးဖြေး နဲ့ ဘွဲ့ ဒီဂရီ ရ သူတွေ ရဲ့ ဦးရေ ကျလာတယ် ဆိုတာဘဲ။
တစ်ချို့ ဟာသပြောတာ ရှိသေးတယ်။
“အင်္ဂလန် က ကျောင်းတွေမှာ လူသားချင်း စာနာထောက်ထား ရမှာတွေ၊ ပါတ်ဝန်းကျင် ထိန်းသိမ်း ဖို့ အကြောင်းတွေ၊ အချင်းချင်း ရိုင်းပင်း ပြီး အဖွဲ့အစည်း နဲ့ လုပ်တတ်ဖို့တွေ၊ ယဉ်ကျေးလိမ္မာ ဖို့ တွေ အများကြီး သင်ပြီး သချာင်္ နဲ့ တစ်ခြား ဘာသာရပ် တွေ မှာ ညံ့လာလို့ နောင် တစ်ချိန်မှာ တရုတ်ကုမ္ပဏီ ပိုင်ရှင် တွေဆီမှာ အင်္ဂလိပ် တွေ လခစား လုပ်ရတော့ မယ်။” တဲ့လေ။
ဒါလဲ အခုဆိုရင် မှန်သင့်သလောက် မှန်နေတာပါဘဲ။
တရုတ် မှာ မူလတန်းကျောင်း တွေဟာ အရမ်းကို ကောင်း အောင် ကို အစိုးရက ပံ့ပိုးထား တာလို့ ပြောတယ်။
အဲဒီလို အခြေခံကောင်းပြီး တအားကြိုးစား နိုင်လာရင် နှစ်သိပ်မကြာခင် မှာကို ပညာရေး မှာ တရုတ် က ရှေ့ပြေးတော့မှာ သေချာတယ်။
ဒါပေမဲ့ အခုအထိတော့ ကမ္ဘာကျော် အောင် နည်းပညာ အသစ်ထွင်နိုင်တဲ့ လူတော့ တရုတ်မှာ မပေါ်သေးဘူး။ 😛
ဒီနေ့ ဘီဘီစီ သတင်းထဲ မှာ Oxford တက္ကသိုလ်ထွက် သူဌေး တစ်ယောက် က Oxford တက္ကသိုလ် မှာ ဝင်လို့ရပြီး ဆင်းရဲ လို့ ကျောင်းစရိတ် မတတ်နိုင် တဲ့ ကလေး တွေ ကို ထောက်ပံ့ဖို့ သန်း ၃၀ဝ ရန်ပုံငွေ ပေးမလို့တဲ့။ သူက ကြီးပွါးတာ တော့ အမေရိကန် မှာပေါ့လေ။ (default 😉 )
တရုတ် သူဌေး တစ်ယောက် က ကိုယ့် တိုင်းပြည် အတွက် အဲဒီလို ပြန်ထောက်သင့်တယ် လို့ စဉ်းစားတတ်သလား။ လူလူချင်း စာနာမှု အကြောင်းတွေ သိမလား။ မပြောတတ်ပါ။ 🙄
ပြောချင်တာကတော့ မြန်မာပြည် အတွက် သင်ရိုးစနစ် တွေ သတ်မှတ်ခဲ့ရင်
အနောက်တိုင်း လို ရော၊ အရှေ့တိုင်း (တရုတ်၊ အိန္ဒိယ) လို ရော ကောင်းရာ တွေယူပြီး ရောသင်နိုင်ဖို့
လို မယ် ထင်တာပါဘဲ။
အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသား အားလုံး အသိမှန်မှန် လိုလိုလားလား နဲ့ ပေါင်းလုပ်ခဲ့ရင် ကျွန်မတို့ မြန်မာ တွေ မညံ့ပါဘူး။
အခြေအနေကောင်း တစ်ခုကို ပြန်ရနိုင်ပါတယ်။
အဲဒီ အခွင့်အရေးကို လက်မလွတ် သွားဖို့ သာ လိုတာ။
ဒီတော့ ကိုယ့် ကလေး တွေ ရဲ့ အနာဂါတ် အတွက် ကောင်းစေလို သူတိုင်း ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းရံ ကြပါ။ လို့ ပြောရုံကလွဲလို့ ………..
MaMa
July 12, 2012 at 7:45 am
ဟုတ်ပါ့ မလတ်ရေ-
စင်္ကာပူမှာ နိုင်ငံတကာက လာတက်ကြတဲ့အထဲမှာ တရုတ်ကျောင်းသား ကျောင်းသူတွေ ထူးချွန်ကြတာ အရမ်းများတယ်တဲ့။
ကိုယ့်မြေ ကိုယ့်ရေမှာ ကျောင်းတက်ကြရတဲ့ စင်္ကာပူနိုင်ငံသားတွေကတောင် ကြောက်နေကြရတယ်တဲ့။
ဦးဦးပါလေရာ
July 12, 2012 at 8:34 am
ကိုကြီးမိုက်ရေ
ကျွန်တော်ကတော့
အလွတ်ကျက်ရတာတွေကို တော်လှန်ဆန့်ကျင်အာခံခဲ့တဲ့
(အဲဒီခေတ်တုန်းက ခပ်ရှားရှား) ကျောင်းသားဆိုးတယောက်ဖြစ်ခဲ့ပါတယ်။
အဲလို “ ကျောင်းသားဆိုး” တွေဟာ အများအားဖြင့် ဆရာဆရာမတွေ ပညာပေးတာခံရပြီး
မြောင်းထဲရောက်ကုန်တယ်..။
ကျုပ်မှာတောင် ကံကောင်းလို့ ……။