လျှောင်းတော်မူဘုရားကြီး (ထားဝယ်)
ကမ္ဘာပေါ်တွင် အကြီးဆုံးသော
လောကသရဖူ လျောင်းတော်မူ၏ ရုပ်ပွားတော်ကြီး
သမိုင်း
ဦးခေါင်းတော် အတောင်-၆၀
ရောင်လျှံတော် ၁၀-တောင်
မျက်နှာတော် ၂၂-တောင်
မျက်လုံးတော် ၇-တောင်
နှုတ်ခမ်းတော် ၅-တောင်
နားတော် ၁၉-တောင်
လည်တိုင်တော် ၇-တောင်
လက်မောင်းတော် အတောင်-၄၀
ခြေဖဝါးတော် ၂၂-တောင်
ရောင်လျှံတော်ထိပ်မှ ခြေဖျားတော်အထိ ဉာဏ်တော် အလျား ၁၆၂-တောင်၊ တြင်းကြေ၊ နဝင်းကြေ၊ သတ္တဗိသကြေတည်း။
ပလ္လင်တော်အလျား မြောက်မှ တောင်အဆုံး အတောင်-၂၀၀၊
၎င်းအနံတော် အတောင်-၄၀၊
မြေမှ အမြင့်-၅၂-တောင် ဖြစ်လေသည်။
ယင်း လောကသရဖူ လျောင်းတော်မူ ရုပ်ပွားတော်ကြီးသည်ကား ထားဝယ်မြို ့မှ အရှေ ့တောင် ခပ်ယွန်း ယွန်း ၄-မိုင်ခန့် ခရီးအကွာ “ ကူးတို့ရွာ အရှေ ့ဘက်အနီးရှိ ” ရှေးအခေါ် (အောက်ပုပ္ပါးတောင်) ယခုအခေါ် “ စပါး တောင် ” ခြေရင်း ပိဋကတ်တိုက် ကျောင်းအနီးတွင် တည်ရှိလေသည်။
၁။ ပိဋကတ်တိုက်ဆရာတော်ဘုရားကြီး ဦးဣန္ဒဝံသ
ပိဋကတ်တိုက်ကျောင်းကို ရှေးဦးပထမ တည်ထောင်တော်မူသည့် ဆရာတော် အရှင်သူမြတ်သည် ထားဝယ်မြို ့ ကညုံရပ် မြို ့အုပ်မင်း “ ဦးခွေးဖြူ ” မင်းကတော် “ ဒေါ်မြတ်ဧ ” တို့မှ ကောဇာသက္ကရာဇ် ၁၁၉၃-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၉-ရက် တနင်္ဂနွေနေ့တွင် ဖွားသန့်စင်သည့် သားရတနာကို “ မောင်ရွှေဆင် ” ဟူ၍ အမည်မှည့်လေသည်။
မောင်ရွှေဆင် အရွယ်ရောက်သောအခါ ကညုံရပ် မြေတိုက်ကျောင်းဆရာတော်ထံတွင် ပညာသင်ကြား လျက် ၉-နှစ်အရွယ်၌ ရှင်သာမဏေအဖြစ်ဖြင့် မန္တလေး ရတနာပုံနေပြည်တော်သို့ တက်ရောက်လျက် ပညာ သင်ကြားရင်း ရဟန်းသိက္ခာ ၆-ဝါအရတွင် ဇာတိထားဝယ်သို့ ပြန်လည်ကြွရောက်တော်မူခဲ့လေသည်။ “ ရဟန်း ဘွဲ့တော်ကား ဦးဣန္ဒဝံသ ” ဖြစ်ပေသည်။
ယင်းနောက် မူလဆရာတော်အရင်းများ ဖြစ်တော်မူသည့် မြေတိုက်ကျောင်း၊ ၎င်းမှတစ်ဖန် ကူးတို့ကျောင်း တွင် စာပေပို့ချ သီတင်းသုံးနေထိုင်တော်မူပြီးနောက် ကူးတို့အရှေ ့ဘက် အောက်ပုပ္ပါးခေါ် “ စပါးတောင် ” ခြေရင်းရှိ တောရကျောင်း၌ စာပေပို့ချ သီတင်းသုံးနေထိုင်တော်မူစဉ် မန္တလေးရတနာပုံနေပြည်တော်မှ ပဉ္စမ သင်္ဂါယနာတင် ဘဝသျှင်မင်းတုန်းမင်းတရားကြီး နှင့် ရဟန်းအမ မိဖုရားခေါင်ကြီးတို့က လှူဒါန်းတော်မူလိုက်သော ပိဋကတ်စာပေ အထွေထွေတို့ကို ပူဇော်ထားရှိရန် ထားဝယ်မြို ့ “ အနောက်ရပ် ဦးစစ်ထိုင်+ဒေါ်ကျော့ ” တို့က ကောဇာသက္ကရာဇ် ၁၂၄၇-ခုနှစ်တွင်၂-ထပ် အုတ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းပြီး ယင်းတိုက်တော်ကြီးအတွင်း၌ ဆရာတော် ဘုရားကြီး၏ တင်ပလ္လင်ခွေ ရုပ်လုံးတော်ကိုပါ ထုလုပ်ပူဇော်ထားရှိသဖြင့် စပါးတောင်-ပိဋကတ်တိုက် ဟူ၍ ယနေ့ တိုင် ထင်ရှားကျော်ကြားလေသည်။ ဦးဣန္ဒဝံသ အရှင်သူမြတ်လည်း “ ပိဋကတ်တိုက် ဆရာတော် ” ဟူ၍ ထင်ပေါ် လေသည်။
၂။ ဘုရားမတည်မီ ပုဗ္ဗနိမိတ်
မျစ်နှာမာ-သံက္လော့စေ့
ပါးတော်န်ခေရင်းကေ့။
တစ်နေ့သ၌ ဆရာတော်သည် နေ့ဆွမ်းဘုဉ်းပေးပြီး ကျိန်းစက်တော်မူနေခိုက် ( မျက်နှမာ သံက္လောစေ့-ပါးတော်ခေရင်းကေ့) မြန်မာလိုကား ( မျက်နှာမာ သံကျောက်စိ-စပါးတောင်ခြေရင်းကြည့် ) ဟူ၍ ကျောင်းသား သူငယ်များ သီဆိုကစားကြသည့် “ သံချပ် ” ကို ကြားရလေသည်။ ယင်းသို့ ကျောင်းသားသူငယ်များ သီဆိုကစား ကြသည်မှာ တစ်ရက်သာမဟုတ်၊ ၂-ရက်လည်းမက၊ ၃-၄ ရက်ကျော်မျှ နေ့တိုင်း သီဆို၍ ကစားကြသည်ကို ဆရာတော် ကျိန်းစက်ရာမှ ကြားရတော်မူလေသည်။
ယင်းနောက် ဆရာတော်သည် ကျောင်းတိုက်အတွင်းရှိ ဦးပဉ္စင်းများအား ပင့်ခေါ်၍ ကျောင်းသားသူငယ်များ သီဆိုကြသည့် သံချပ်ရွတ်ပြပြီး အဓိပ္ပါယ်ကို မေးရာ ဦးပဉ္စင်းတစ်ပါးမျှ တိကျစွာ မဖြေဆိုတတ်သဖြင့် ဆရာတော်က ရှင်းသည်မှာ-
ဦးပဉ္စင်းတို့ “ စပါးတောင်ခြေရင်းကြည့် ” ဆိုသော သံချပ်သီချင်းအရ ကျုပ်အသက် အနှစ်တစ်ရာပြည့်လျှင် ကျုပ်မရှိသော်လည်း ဒီစပါးတောင်ခြေရင်းကို ရှင်လူအများ အံ့ဩစွာ ကြည့်ရလိမ့်မည်။ ဦးပဉ္စင်းတို့ မှတ်ထားကြပါ။ “ ကျုပ် မွေးသက္ကရာဇ်ကား ၁၁၉၃-ခုနှစ်ဖြစ်တယ် ” ဟု ဆရာတော်က ပြောလေ၏။
၃။ ဘုရားတည်ဆောက်ရန် အစည်းအဝေးပြုလုပ်ကြခြင်း
ပိဋကတ်တိုက် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးသည့်နောက် နှစ်များစွာ မကြာမီ ကောဇာသက္ကရာဇ် ၁၂၉၂-ခုနှစ်တွင် ဆရာတော်ဘုရားကြီး၏တပည့် ကညုံရပ် မြေတိုက်ကျောင်းဆရာတော် “ ဦဣသိန္ဒရ ” အရှင်သူ မြတ်သည် အကြီးဆုံးသော လျောင်းတော်မူ ရုပ်ပွားတော်ကြီးတစ်ဆူ တည်လုပ်ရန် သဲများကို စုပုံထားပြီး ယခု တည်ထားသည့်နေရာ အောက်ဘက်တွင် ပလ္လင်တော် အုတ်မြစ်အတွက် မြေနေရာကို ညီညွတ်အောင် ပြုပြင် ထားပြီးလျှင် ယင်း ၁၂၉၂-ခုနှစ် တပေါင်းလအတွင်း အုတ်မြစ်ချရန်အတွက် ဆရာတော် သံဃာတော် အရှင်သူမြတ် များနှင့် ဒကာ၊ ဒကာမများအား ပင့်ဖိတ်ကာ အစည်းအဝေး ပြုလုပ်ကြလေသည်။
ယင်းအခါ သံဃာတော် အရှင်သူမြတ်များက-
“ ယခု တည်လုပ်မည့် ဘုရားကြီးနှင့် နှိုင်းချိန်ကာ အုတ်မြစ်ချမည့်နေရာသည် အနိမ့်ဘက်က ဖြစ်နေ၍ အထက်ဘက် နေရာအမြင့်သို့ ပြောင်းရွှေ ့ရန် သင့်တော်ကြောင်း ” အများသဘောတူ ဆုံးဖြတ်တော်မူကြသဖြင့် အထက်ဘက်နေရာ တောင်စွယ်ကုန်းမြင့်ကို ရှင်းလင်းသုတ်သင် ပြုပြင်ရဦးမည်ဖြစ်၍ ယခုနှစ်တွင် အုတ်မြစ် မချနိုင်တော့ပဲ ရှေ ့နှစ် ၁၂၉၃-ခုနှစ်သို့ ရွှေ ့ပြောင်းလိုက်ရလေသည်။
( ယင်းသို့ ရွှေ ့ပြောင်းလိုက်သည့် ၁၂၉၃-ခုနှစ်တွင် ပိဋကတ်တိုက် ဆရာတော်ဘုရားကြီး၏ သက်တော် အနှစ်တစ်ရာနှင့် ကိုက်ညီ၍ ဆရာတော်မိန့်ကြားခဲ့သည့် “ စပါးတောင်ခြေရင်းကေ့ = (ကြည့်) ” ဆိုသော သံချပ်နှင့် ကိုက်ညီလေတော့၏။)
မြေတိုက်ကျောင်းဆရာတော်သည် ရှေ ့နှစ်တွင် အုတ်မြစ်ချရန်အတွက် အထက်ဘက် တောင်စွယ် ကုန်းမြင့် နေရာကို ညီညွတ်အောင် ဒကာ၊ ဒကာမများအား ကုသိုလ်လုပ်အားပေးအနေဖြင့် တူးဖြိုပြုလုပ်စေပြီး “ ကောဇာ သက္ကရာဇ် ၁၂၉၃-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃-ရက်နေ့ နေဝန်းပေါ် အချိန်ဝယ် သံဃာတော် အရှင်သူမြတ် များနှင့်တစ်ကွ ဒကာ၊ ဒကာမအပေါင်းတို့ပါ ညီညွတ်ကြလျက် အငြိမ်းစားမြို ့အုပ်မင်း ပညာရှိ ဦးနှင်းလှိုင်က အောင် ခြင်းမင်္ဂလာ ဩဘာရတု ဖတ်ကြားပြီး အုတ်မြတ်ချကြလေသည်။ ”
မျက်နှာတော် သံကျောက်စေ့ (စိ)
ရုပ်ပွားတော်ကြီး တည်လုပ်ရန်အတွက် လက်ရာမြောက်ပန်းရံဆရာတော်ကြီးများဖြစ်ကြသော ထားဝယ်မြို ့ ဇာတိ ဆရာကြီး “ ဦးစောဖေ ” နှင့် “ ဦးဘဝေး ” တို့ တပည့်များပါ တည်လုပ်ကြလေသည်။
၄။ တစ်ကမ္ဘာလုံးတွင် အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကြီး
ယင်းသို့ တည်လုပ်ကြရာ ဦးခေါင်းတော်နှင့် မျက်နှာတော်အတွက် သံဆန်ခါခံ၍ အင်္ဂတေသရွတ်နှင့် ပြုလုပ်ရာ ခြောက်သွေ့လျှင် မျက်နှာတော်မှာ အကြိမ်ကြိမ် ကွဲအပ်သဖြင့် မကွဲရအောင် နည်းအမျိုးမျိုးဖြင့် စမ်းသပ် ကြံစည် ပြုလုပ်ကြသည်တွင် နောက်ဆုံး၌ သိပ္ပံနည်းတစ်ရပ်ဖြစ်သော “ ကျောက်စေ့ ” ခေါ် “ ကျောက် စရစ်ဖြူ ” လုံးကလေးများကို ညက်စွာထောင်းပြီး အင်္ဂတေနှင့် ရောစပ်ပြုလုပ်မှ မျက်နှာတော်တွင် အမာခံရကာ မကွဲမအပ်ပဲ အောင်မြင်လေတော့သည်။ ( ဤသည်ကား “ မျက်နှာမှာ-သံကျောက်စေ့ ” ဟူသော ကျောင်းသားသူငယ်များ သီဆိုကြသည့် သံချပ်သီချင်း၏ အဓိပ္ပါယ်ပင်တည်း။)
ရုပ်ပွားတော်၏ ဘွဲ့တော်မှာ တစ်ကမ္ဘာလုံးတွင်အကြီးဆုံးဖြစ်သောကြောင့် “လောကသရဖူ လျောင်းတော်မူ” ရုပ်ပွားတော်ကြီး ဟူသော ဘွဲ့အမည်တော် သမုတ်ကြလေသည်။
ယင်းရုပ်ပွားတော်ကြီးကို ငွေအင်အား ၊ လူထုအင်အား နှင့် တဖြည်းဖြည်း တည်လုပ်ကြရာ ယခုအခါ သံတန်ဆောင်းကြီးနှင့်တစ်ကွ မားမားမတ်မတ် တင့်တယ်သပ္ပါယ်စွာ ရှင်လူအများ ဖူးမြော်နိုင်ကြသဖြင့် “ တနင်္သာရီတိုင်း ထားဝယ်မြို ့တော်၏ ကျက်သရေဆောင် ကမ္ဘာကျော် ရုပ်ပွားတော်ကြီး တစ်ဆူပင် ဖြစ်ပေသည်။”
တနင်္သာရီတိုင်း တိုင်းကုန်သွယ်ရေး ဦးစီးမန်နေဂျာ ဗိုလ်ကြီး ဗိုလ်သိန်းညွန့် ခေါင်းဆောင်လျက် ဂေါပက အဖွဲ့များနှင့် ယင်းရုပ်ပွားတော်ကြီးအား သပ္ပါယ်သည်ထက် သပ္ပါယ်ခြင်းဖြစ်စေရန် နှစ်စဉ် တပို့တွဲလပြည့် ကျရောက် တိုင်း ဘုရားပွဲတော်ကျင်းပ၍ အလှူငွေများလက်ခံလျက် ရှိကြလေသည်။ သပ္ပုရိသနွယ်ဝင် စေတနာရှင် ပါရမီရှင် အပေါင်းကလည်း အချိန်မရွေး ထည့်လှူပူဇော်လိုပါက အဖွဲ့တွင် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြလေသည်။
**** ဆရာ ရွေဝယ်ဧ ရေးသားသော ထားဝယ်ရာဇဝင်များသမိုင်း စာအုပ်မှ ထုတ်နှုတ်တင်ပြအပ်ပါသည်။ ****
12 comments
weiwei
August 9, 2012 at 11:16 am
လျှောင်းတော်မူဘုရားကို ဒုတိယအကြိမ်ရောက်ဖူးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ပထမအကြိမ် ရောက်ခဲ့တုန်းက ပိုမိုစည်ကားခဲ့ပါတယ်။ အခုတော့ ဘုရားဖူးလဲမရှိ၊ အဆောက်အဦးတွေကလဲ ခေတ်မမှီတော့ပဲ ဒီအတိုင်း တိတ်ဆိတ်နေတဲ့ ဘုရားတစ်ဆူအနေနဲ့ စိတ်ထဲမှာ စွဲထင်နေခဲ့ပါတယ်။
surmi
August 9, 2012 at 11:19 am
ဒေါ်ါ်ဝေဝေခင်ဗျ
ဘုရားကြီးကိုစောစောစီးစီးကြည်ညိုခွင် ့ရတာကျေးကျေးပါ
တစ်ခုမေးချင်လို ့
မုဒုံနယ် ဝင်းစိန်တောရက လျောင်းတော်မူကြီးကိုရော စာရင်းသွင်းသေးလားဗျ
weiwei
August 9, 2012 at 11:23 am
ဝင်းစိန်တောရ လျှောင်းတော်မူဘုရားက ပိုကြီးပါတယ် …
အခုရေးထားတဲ့ ဘုရားသမိုင်းက ဝင်းစိန်တောရ မတိုင်ခင်က စာအုပ်မို့လို့ အကြီးဆုံးလို့ ရေးခဲ့တာ ဖြစ်ပါလိမ့်မယ် …
မောင်ပေ
August 9, 2012 at 11:54 am
အေးဗျာ အန်တီဝေ ကောင်းမှုနဲ ့ထားဝယ်မှာ ဒီဘုရားကြီးရှိကြောင်းသိရ ၊ ဓါတ်ပုံများထဲကနေ ကြည်ညိုရပါတယ်ဗျာ ။ သာဓု သာဓု သာဓု
pooch
August 9, 2012 at 12:20 pm
မဝေ အဲ့ဒီ ပျားအုုံကြီးကို အနီးကပ်ကြည့်ခဲ့သေးလား ။ ပျားအုံအကြီးကြီးတွေ မြင်ရင် ရွစိရွစိနဲ့ အူယားလွန်းလို့။ ကြာကြာမကြည့်ရဲဘူး။ကြက်သီးတွေ ထလို့။
မမ အညာသူ
August 9, 2012 at 1:23 pm
ခုလိုမရောက်ဘူးသေးတဲ့ဒေသမှကြည့်ညိုစရာကောင်းသော ဘုရားတွေကိုဖူးမျော်ခွင့်ရတာ အထူးဝမ်းသာပါတယ်ရှင်
snow white
August 9, 2012 at 3:06 pm
ခုလိုဖူးမျှော်ခွင့်ရတာ ကျေးဇူးအထူးတင်ပါတယ်။။
aye.kk
August 10, 2012 at 9:51 am
မဝေဝေရေ…
လျောင်းတော်မူဘုရားဖူးခွင့်ရတာကျေးဇူးပါ။
လွန်ခဲ့တဲ(၁၈)နှစ်ကပေါင်မြို ့နယ်၊အလှကျေးရွာပင်လယ်ကမ်းခြေစပ်က။
လျောင်းတော်မူဘုရားကြီး။ရေတိုက်စားပြီးပြိုကျပျက်စီးနေတာနှမြောမိတယ်။။။
ကြောင်ကြီး
August 10, 2012 at 10:12 am
ပျားအုံတော်တော်ကြီးပုံရတယ်၊ အန်တီဝေတို့ ချမ်းသာလာဘ်လာဘပွင့်အုံးမယ်။ လွှတ်တော်မှာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့တော့မှာနဲ့ အတောပဲ။ ဒေါ်စုကိုသာ ကပ်ထားပေတော့…။ ဒါနဲ့ အန်တီဝေ အခုစီးနေတဲ့ လင့်ခ်ခရူစာ ဖိုးဝှီးဒရိုက်ဗ်က ၂၀၁၃မော်ဒယ် အသစ်လား…။ အားကျဒယ်ဗျာ… 🙄
မောင်ပေ
August 10, 2012 at 12:08 pm
ဟုတ်ပ လင့်ခ်ခရူစာ က ဒီကလမ်းမှာ နဲနဲခုန်လို ့တဲ့
အခု ၂၀၁၂မော်ဒယ် ဟမ်းမားစီးနေတယ်ဆိုလားပဲ
shwe kyi
August 10, 2012 at 10:16 am
မဝေဝေ ကျေးဇူးပါနော်ထားဝယ်ဘက်ကိုရောက်ဖူးဖို့ကတော်တော်အလှမ်းဝေးတယ်။
မဝေကြောင့်ဖူးခွင့်ရတယ်။ တော်တော်ကိုကြီးတဲ့လျောင်းတော်မူကြီးနော်။
Ma Ei
August 10, 2012 at 12:26 pm
ကျိုက်ခမီ စက်စဲ ထိရောက်ဖူးပေမဲ့
ထားဝယ်ဘက်ကို တစ်ခေါက်မှ မရောက်ဖြစ်ဘူးရယ်…
သွားချင်လိုက်တာ…
ဘုရားကြီး နှတ်ခမ်းတော် ပျားအုံစွဲနေတာ
ထူးခြား လိုက်တာနော်…