ကျွန်တော်ပြောတဲ့ ကျွန်တော်အကြောင်း

ခင္ခAugust 9, 20121min24229

ကျွန်တော်ပြောတဲ့ ကျွန်တော်အကြောင်း

စကားပုံလေးတစ်ခုရှိတာကြားဖူးတယ် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်တဲ့၊ ဒါပေမယ့် ဒီပိုစ့်လေးက ကျွန်တော့် အကြောင်းလေးတွေကို ရေးမှာဆိုတော့ မသူတော်တော့ဖြစ်မှာဘဲ၊  ဖြစ်ခါမှဖြစ်ရော ပိုစ့်လေးတော့ရေးလိုက်မယ်လို့ ဘဲဆုံးဖြတ်ပြီး ရေးလိုက်ပါတော့မယ်နော်။

တိုလီမိုလီစာပေစုနဲ့ ကျွန်တော်

ကျွန်တော်ပိုစ့်လေးတွေရေးတဲ့အခါ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့မဟုတ်ဘဲ မျှဝေသိစေချင်တာလေးတွေလည်း ရေးခဲ့ ဖူးပါတယ်၊ ဥပမာ- သစ်သီးအချို့နဲ့ကျန်းမာရေး တို့၊ ပျားရည်အသုံးဝင်ပုံတို့ စသည်ဖြင့်ပေါ့၊ အဲလိုရေးတဲ့အခါဆို အခြေခံ တဲ့စာအုပ်လေးတွေက တစ်ခါတလေ တစ်အုပ်ထဲကမဟုတ်ဘဲ နှစ်အုပ်၊သုံးအုပ် ဖြစ်သွားတတ်တယ်၊ သစ်သီးအချို့ ကျန်းမာရေးမှာ ဖရဲသီးအကျိုးကိုရေးတုံးကဆိုရင် မင်းစံအိမ် ရဲ့အသက်ရှည် ကျန်းမာဖို့စာအုပ်၊ ဒေါက်တာ ဆရာမြင့် ရဲ့ သဘာဝဆေးပင်များနှင့် ရောဂါကုသနည်းစာအုပ်၊ ဒေါက်တာခင်မောင်လွင် ရဲ့ ကျန်းမာသုတ ဒေါက်တာမီမီကို ရဲ့ ရောဂါနဲ့စားစရာ အဲဒီလေးအုပ်ကိုဖတ်ပြီးမှ ကောက်နုတ်တင်ပြပေးခဲ့တာမို့တိုလီမိုလီစာပေစုမှလို့ ကင်းမွန်းတပ်ခဲ့ လိုက်တယ်။ အဲဒီမှာ တိုလီမိုလီစာပေစုလို့ သုံးနှုန်းရသလဲဆိုရင် ဒီလိုပါ လူငယ်အရွယ်လောက်တုံးက အိမ်မှာ မီးချောင်း ကျွမ်းတာ ၊ မီးခလုတ်လဲတာ၊ စင်ရိုက်ဖို့လိုတာ စတာတွေကို ကျွန်တော်က ဟိုစပ်စပ် ဒီစပ်စပ် သမား ဆိုတော့ ကျွန်တော် ဘဲလုပ်ဖြစ်တာပေါ့၊ အဲဒီမှာ မီးခလုတ်လဲတယ်ပဲဆိုပါစို့ လဲနေရင်း သူငယ်ချင်းက လဘက်ရည်ဆိုင် သွားထိုင်ဖို့လာခေါ် တာနဲ့ကြုံရင် လဲပြီးတာနဲ့ လိုက်သွားတာ၊ မီးခလုတ်လဲတုံးက အသုံးပြုတဲ့ ပလာရာတို့၊ ဝက်အူလှည့် တို့ကို အဲဒီပြင်တဲ့ နားမှာ ထားခဲ့တာကို အပြင်ကပြန်လာတဲ့အခါ အဖေက“ သား မင်းရဲ့ တိုလီမိုလီတွေ သိမ်းအုံးလေ၊ နောက်လုပ်စရာရှိမှ ဘယ်ထားမိမှန်းမသိ ရှာနေရမယ်´´ ဆိုပြီး ပြောတာလည်း အကြိမ်မနည်းပါ၊ ကျွန်တော်ကလည်း လုပ်တဲ့နေရာမှာ ထားခဲ့တာလည်း အမြဲလိုလိုလေ၊ ဒါနဲ့ဘဲ တစ်နေ့မှာ အဖေကရုံးကအပြန် သစ်သားစင်အသေးလေး ဝယ်လာပြီး “သား ဒီမှာမင်းရဲ့ တိုလီမိုလီတွေ ထားဖို့စင်၊ နောက်သုံးပြီးရင် မင်းတိုလီမိုလီတွေ ဒီမှာလာထား၊ ဟိုထားဒီထားတွေ့လို့ကတော့ မုန့်ဖိုးထဲကဖြတ်မယ်´´ ဆိုပြီးရာဇသံထုတ်တော့မှဘဲ ကျွန်တော် တိုလီမိုလီတွေနေရာရသွားခဲ့တယ်၊ ကျွန်တော်ရန်ကုန်မှာ တုံးက လှည်းတန်း၊ ဦးထွန်းလင်းလမ်းမှာနေခဲ့တာမို့၊ အဲဒီအချိန်က ယနေ့တွေ့နေရသလို ဥိးထွန်းလင်းလမ်းက သိပ်မစည် ကားသေးဘူး၊ ညနေဆို စာအုပ်အဟောင်းဆိုင်လေးတွေ လာလာခင်းရောင်းတတ်တဲ့ အခြေအနေလောက်ဘဲရှိတာ၊ အဲဒီလိုစာအုပ်ဆိုင်လေးတွေလာခင်းရင် သွားပြီးဖတ်လိုက်၊ ကိုယ်ကြိုက်တဲ့စာအုပ်ဆို ဝယ်ပြီးဖတ်လိုက်၊ ပြီးရင် တိုလီမိုလီ စင်အပေါ်အကန့်မှာ ထားဖြစ်သွားတာပေါ့၊ ဒါနဲ့ဘဲ တိုလီမိုလီ စင်ရဲ့အပေါ်အကန့်တွေမှာ ကျွန်တော်ဝယ်ဖတ်တဲ့ စာအုပ်စာပေတွေလည်းနေရာယူခဲ့ပါတယ်၊ အဲလိုနဲ့ မန္တလေး ကိုပြောင်းဖြစ်တော့လည်းအဖေဝယ်ပေးတဲ့ တိုလီမိုလီစင်   လေးကို မထားရက်ဘဲသယ်လာခဲ့ရင်း အဲဒီတိုလီမိုလီစင်မှာဘဲ စာအုပ်စာပေတွေထားဖြစ်နေသေးလို့ ဖတ်ဖူးတဲ့ တိုလီမိုလီစာပေစုထဲက ကောင်နုတ်တင်ပြပါတယ်လို့သုံးခဲ့တာပါ။ တိုလီမိုလီစာပေစုဆိုလို့ ဟိုတစ ဒီတပိုင်း စာတွေကို စုစည်းရေးတာမဟုတ်ပါ ကျန်းမာရေးနဲ့ဆိုင်တာဆိုလည်း ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေ ရဲ့စာအုပ်တွေ ထဲက၊ ဗေဒင်အကြောင်းရာဆိုလည်း ဆရာစံဇာဏီဘို ရဲ့ထုတ်ဝေတဲ့ စာအုပ်တွေထဲ အဲဒီလိုသူနဲ့ သက်ဆိုင်ရာကျွမ်းကျင် သူများရဲ့ စာအုပ်တွေထဲကဘဲ စာဖတ်သူတွေကို ပေးဝေမျှသိစေချင်တဲ့စေတနာနဲ့ ရေးခဲ့တာပါ၊  တိုလီမိုလီဆိုပြီး  စာတို   ပေတို ထဲက မလေ့လာဘဲရမ်းသန်းရေးတာမဟုတ်ပါကြောင်းနှင့်စာဖတ်ပရိတ်သတ်ကိုအလေးထားရေးပါကြောင်း   ပြောပါရစေ။။

မုန့်ဟင်းခါး နဲ့ ကျွန်တော်

ကျွန်တော်ကမုန်ဟင်းခါးဆိုအလွန်ကြိုက်တတ်ပါတယ်၊ ကျွန်တော်က ရန်ကုန်မြို့ စမ်းချောင်းမှာမွေးဖွားပြီး လှည်းတန်းမှာ ကြီးပြင်းလို့ အခုမန္တလေးမှာနေသူဖြစ်ပါတယ်၊ ငယ်ငယ်တုံးက စမ်းချောင်း၊ မူလတန်းကျောင်းမှာ ကျောင်းတက်တော့ အဖေကမုန့်ဖိုး တစ်နေ့ကို (၁၀)ပြားပေးတယ်၊ အဲဒီမုန့်ဖိုးထဲက ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ မုန့်ဟင်းခါး တစ်ပွဲ (၅)ပြားနဲ့ ဝယ်စားပါတယ်၊ ကလေးမုန့်ဈေးတန်းမှာရောင်းတော့ တစ်ပွဲဆိုတာ ဒါန်ဇလုံအသေးလေးမှာ မုန့်ဖတ်လေး နည်းနည်းလေးနဲ့ရတယ်ဆိုပေမယ့် စားကောင်းခဲ့တာပေါ့၊ ဒီလိုနဲ့ ပဉ္စမတန်းရောက်တော့ ဒဂုံ အ.ထ.က တစ်ခုကိုပြောင်း တက်ရတယ်၊ ဘတ်စ်ကားစီးပြီးကျောင်းသွားလို့ ကျောင်းနားမှာမုန်ဟင်းခါးဆိုင်လေး တစ်ခုဖွင့်ထားတဲ့ဆီမှာလဲ ဝင်စားဖြစ်ခဲ့ပါတယ်၊ အဲဒီတော့ မုန့်ဟင်းခါး တစ်ပွဲ ပြား (၅၀) ဖြစ်နေပါပြီ၊ ဒီလိုနဲ့ အထက်တန်းကျောင်းသားဘဝပြီး၊ ရန်ကုန်တက္ကသိုလ်တက်ဖြစ်တဲ့အချိန် မုန့်ဟင်းခါး တစ်ပွဲ ( ၅) ကျပ်နဲ့စားခဲ့ရပါပြီ၊ ဘွဲ့ရလို့ ကုမ္မဏီမှာ အလုပ်ဝင်လုပ်တဲ့ အချိန် (၁၉၉၄)လောက်မှာ ဗိုလ်တထောင်ဘုရားနားက မီးရထားဝင်းတစ်ခုအတွင်းဖွင့်တဲ့ လဘက်ရည်ဆိုင်မှာ မှာစား ခဲ့တော့ မုန့်ဟင်းခါး တစ်ပွဲ ( ၅ဝ ) ကျပ် ဖြစ်နေပါပြီ၊ အခုမန္တလေးမှာ ဟိုနေ့က ဆရာကြီးမုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါး တစ်ပွဲ ( ၅၀ဝ ) ကျပ် နဲ့စားခဲ့ရတယ်လေ။ ကျွန်တော်မူလတန်းကလေးဘဝက စားခဲတဲ့မုန့်ဟင်းခါး တစ်ပွဲရဲ့ တန်ဖိုးကို အခုအချိန်နဲ့နှိုင်းရင် အဆ (၁၀၀) သို့ရောက်ခဲ့ပြီလေ၊ ဆိုလိုချင်တာက အချိန်ကြာလာလို့ လူ့ရဲ့ အသက်တွေ ကြီးလာသလို ငွေကြေးပမာဏတွေလည်း လူ့အသက်လိုဘဲ အဆတွေကြီးလာကြပါလားဗျာ။

ဒီနေ့ နဲ့ ကျွန်တော်

၂၀၁၂ခုနှစ် ဇွန်လ ( ၁၈ )ရက်နေ့မှာ သမ္မတကြီးဦးသိန်းစိန်၏ ကျန်းမာရေးသတင်း ဆိုပြီး Mandalay Gazette မှာပထမဆုံးပိုစ့်ရေးလို့ ဆက်တိုက်ပိုစ့်လေးတွေရေးတင်ခဲ့တာ အခုရေးတဲ့ ကျွန်တော်ပြောတဲ့ ကျွန်တော်အကြောင်း ပိုစ့်ကတော့ ကျွန်တော်ရဲ့ ( ၄ရ ) ခုမြောက်သော ပိုစ့်ဖြစ်ပါတယ်၊ အဲဒီ ( ၄ရ ) ခုမြောက်သော ပိုစ့်လေးကို ဒီနေ့မှာ တင်နိုင်အောင်ရည်ရွယ်ချက်လေးနဲ့ရေးခဲ့တာ အခုတော့အောင်မြင်ပြီမို့ အရမ်းကိုဝမ်းသာသွားသလို Mandalay Gazette နဲ့ သူကြီး ၊ ရွာသူ/သားတွေ၊ စာဖတ်ပရိတ်သတ်တွေကိုလည်း အလွန်ဘဲကျေးဇူးတင်တဲ့ အကြောင်းပြောပါ ရစေ။ ဘာလို့လဲဆိုတော့ ဒီနေ့သည် ကျွန်တော့်အသက်အရွယ် ( ၄ရ )နှစ်ပြည့်တဲ့ နေ့လေးဖြစ်နေလို့ပါဘဲဗျာ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

အားလုံးကိုခင်တဲ့

ကိုခင်ခ

29 comments

  • surmi

    August 9, 2012 at 10:28 am

    ကိုခင်ခရေ
    မွေးနေ ့မှသည်သက်ဆုံးတိုင်ပျော်ရွှင်ပါစေဗျာ
    စာတွေလည်း များများရေးနိုင်ပါစေ
    ကွန်မန် ့မရေးဖြစ်ပေမဲ ့အားပေးနေပါတယ်

  • ko khin kha

    August 9, 2012 at 10:40 am

    surmi ရေ၊ ပထမဆုံး comment အတွက် အလွန်ပင် ကျေးဇူးအထူး တင်ပါတယ်။

  • မောင်ပေ

    August 9, 2012 at 12:03 pm

    ကျွန်တော်နဲ ့ကိုခင်ခ
    သူ အသက် ၄ရနှစ် မပြည့်ခင် တစ်လခန် ့အချိန်တွင် ကန်တော်ကြီး စားသောက်ဆိုင်တစ်ဆိုင်တွင် ပထမဆုံး ဆုံဖြစ်ခဲ့ကြသည် ။
    သူ ့ပုံစံက ရန်အောင်လို ဖြူဖြူချောချော ခန် ့ခန် ့ကြီး
    အရင်တုန်းကတော့ ကိုခင်ခ ပို ့စ်များကို ပေါ့ပေါ့ပါးပါးပဲဖတ်ပြီး မန် ့ခဲ့သည်
    ကိုခင်ခနဲ ့တွေ ့အပြီးမှာ မှတ်မိနေသော ပို ့စ်က ပန်းသည်မာမီပို ့စ်
    ယခု ယနေ ့ကိုခင်ခ အသက်၄ရနှစ်ပြည့်မွေးနေ ့ဆိုတာသိရပြန်တော့ အံ့ဩရပြန်သည်
    သူ ့ရုပ်နဲ ့သူ ့ပုံက အပြင်မှာဆိုလျှင် ဘယ်လိုနည်းနဲ ့မှ ၄ရဆိုတာ ထင်စရာမရှိ (တစ်ကယ်နုတာပါ)
    မည်သို ့ပင်ဖြစ်စေ
    မန်းတလေးဂေဇက်မှ စတင်ခင်မင်ရင်းနှီးခဲ့သော
    တစ်မြို ့ထဲအတူနေ မိတ်ဆွေကြီး ကိုခင်ခ
    ၄ရနှစ်ပြည့်မွေးနေ ့မှသည် နောင်နှစ်တစ်ရာမက
    ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ ့
    မန်းတလေးဂေဇက်က လူအားလုံးနဲ ့အတူ စာတွေဆက်ရေးနိုင်ပါစေဗျား
    ဟက်ပီဘက်ဒေးပါဗျို ့

  • water-melon

    August 9, 2012 at 12:23 pm

    ကိုခင်ခကြီး
    မွေးနေ့မှာပျော်ရွှင်ပါစေ
    မိသားစုနဲ့ချစ်ချစ်ခင်ခင်
    ့အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ
    ဆုတောင်းပေးပါတယ်

  • pooch

    August 9, 2012 at 12:38 pm

    ဝင်ဖတ်ဖြစ်ပေမဲ့ ကွန်းမန့်သိပ်မပေးဖြစ်ပါဘူး။
    အမေနဲ့ အသက်သိပ်မကွာတာမို့ ဦးခင်ခလို့ခေါ်ပါ့မယ်။
    မွေးနေ့မှသည် အမြဲတမ်း မိသားစုနဲ့ အတူစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံစွာနေထိုင်နိုင်ပါစေလို့။

  • Ma Ei

    August 9, 2012 at 1:21 pm

    တိုလီမိုလီစာပေစုလေးတွေကို
    အလေးထားမှတ်သားဖတ်ဖြစ်ခဲ့ပါတယ်…
    ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့များစွာ
    ပိုင်ဆိုင်နိုင်ပါစေကြောင်း
    ဆုတောင်းပေးပါတယ်…

  • manawphyulay

    August 9, 2012 at 3:14 pm

    မွေးနေ့က ၄ရ နှစ်ပြည့်တာဆိုတော့ အသက် လေးဆယ်မှ ဘဝစတာဆိုတော့ ခုမှ ဘဝစပြီး ရ နှစ်ပြည့်ပဲရှိသေးတယ်ဆိုတဲ့သဘောပေါ့နော်… ရ နှစ်နှစ်ပြည့်ပြီးဖြစ်တဲ့ လေးလေးခတစ်ယောက် နောင်နှစ်ပေါင်း ၁၂ဝ နှစ် တိုင် ပျော်ရွှင်တဲ့ဘဝများနဲ့ မိသားစုတွေ ဥမကွဲသိုက်မပျက် တစ်စုတည်းတစ်စည်းထဲ အေးချမ်းပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော်။

  • lynn lynn

    August 9, 2012 at 4:01 pm

    ကိုခင်ခရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ပါစေ။ နောက်ထပ်စာကောင်းလေးတွေလည်း မျှော်နေပါတယ်။ သက်ဆုံးတိုင် ပျော်ရွှင်ပါစေ။

  • shwe kyi

    August 9, 2012 at 5:12 pm

    ကိုခင်ခရေ မွေးနေ့မှသည်နောင်နှစ်ပေါင်းများစွာကျန်းမာစွာနဲ့ တိုလီမိုလီမှတ်စုလေးတွေရေးနေနိုင်ပါစေလို့
    ကိုခင်ခမုန့်ဟင်းခါးကြိုက်တယ်လား။ မုန့်ဟင်းခါးဖိုးကတော့ ၅ ဂဏန်းတွေပဲနော်။
    ၄ရပို့စ် မြောက်ပို့စ်ကို အသက် ၄ရ ပြည့်တဲ့နေ့မှာတင်နိုင်လို့ဝမ်းသာပါတယ်နော် အမှတ်တရပါပဲ။

  • အရီးခင်လတ်

    August 9, 2012 at 7:54 pm

    ကိုခင်ခ

    Well Plan ပါဘဲလား။
    အစီအစဉ် အတိုင်း ဖြစ်အောင် လုပ်သွားနိုင်လို့ ဂုဏ်ယူပါတယ်။

    ဒီနေ့ မွေးနေ့ မင်္ဂလာ မှ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့တစ်ကွ မြင့်သော မြတ်သော လိုအင်ဆန္ဒများ အားလုံး ပြည့်ဝပါစေ။
    မိခင်ကြီး ကို လဲ မတောင့်မတ မကြောင့်မကျ လိုလေသေးမရှိ စောင့်ရှောက်နိုင်ပါစေ။

    ရွာထဲ မှာလဲ ရွှေရတု၊ စိန်ရတု၊ ပလက်တီနံရတု Post များ ကို အကြိမ်ပေါင်းများစွာ စံချိန်ချိုး နိုင်ပါစေသောဝ်။

    ဒါထက် ကျွန်မ လဲ မုန့်ဟင်းခါး အသေကြိုက်တယ်။ 😉

  • ko khin kha

    August 9, 2012 at 7:59 pm

    မွေးနေ့ဆုတောင်းပေးကြသော ရွာသူ/သားတို့ကိုကျေးဇူးတင်ပါတယ်။
    မရွှေကြည်ရေ တန်ဖိုးတိုးလာတာမြင်သာအောင် ၅ ဂဏန်းကိုအခြေပြုတဲ့ အချိန်ကာလလေးတွေကိုဘဲ ရွေးပြီးရေးထာဖြစ်တာပါ။

  • TTNU

    August 9, 2012 at 8:40 pm

    ကိုခင်ခရေ…
    စဖတ်စဉ်က အမျိုးသမီးထင်မိခဲ့တာ။
    ဆေးဖက်ဝင်အပင်တွေ အသီးတွေ တီချာဝါသနာပါလို့
    မောင်ရင့်စာတွေသတိထားမိခဲ့တာပါ။
    (၄၇)နှစ်ဆိုတာ အတော်ငယ်သေးတာမို့ အလုပ်တွေ
    အများကြီးလုပ်နိုင်ဦးမှာပါ။
    မိမိကိုယ်ကိုရော သူတစ်ပါးကိုရော ဆက်လက်စောင့်ရှောက်နှိုင်စွမ်းတွေ
    ပြည့်စုံပါစေ လို့ မွေးနေ့ဆုတောင်းလေး ပို့ပေးလိုက်ပါတယ်နော်။

  • Moe Z

    August 9, 2012 at 8:49 pm

    ဦးခင်ခရေ မင်္ဂလာမွေးနေ့ပါရှင်
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ
    ရှေ့ကရေးခဲ့တဲ့ပို့စ်တွေမှာ မမန့်ဖြစ်ပေမယ့် အားလုံးနီးပါးဖတ်ဖြစ်ပါတယ် ဆိုတာလေး သတင်းပို့ပါတယ်နော်
    🙂

  • ဖိုးထောင်

    August 9, 2012 at 8:54 pm

    အန်ကယ်ဦးခင်ခ ပျော်ရွှင်သောမွေးနေ့မှသည် နောက်နှစ် ၁၂ဝ တိုင်ကျန်းမာ ချမ်းသာ ဝဖြိုး ကြည်လင် ရွှင်လန်း ပျော်ရွှင်နိုင်ပါစေလို့ ၄ရ ပို့စ်မြောက်စာလေးဖတ်ရင်း မန့်သွားပါရစေ

  • padonmar

    August 9, 2012 at 10:18 pm

    ကိုခင်ခရေ
    မင်္ဂလာရှိသောမွေးနေ့မှာ ရည်မှန်းချက်အတိုင်း ပြည့်အောင် လုပ်သွားနိုင်တာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။
    တိုလီမိုလီလေးတွေလည်း အမြဲဖတ်ချင်ပါတယ်။
    စာရေးအားလည်းကောင်းတော့ နောက်မွေးနေ့ဆို အသက်ရဲ့ ၂ဆ ရေးနိုင်ပါစေ။

  • kyeemite

    August 10, 2012 at 10:00 am

    မင်္ဂလာမွေးနေ့မှသည် နှစ်ပေါင်းများစွာတိုင်အောင်
    ချစ်သောမိသားစုနဲ့ ကျန်းမာပျော်ရွှင်စွာလျှောက်လှမ်းရင်း
    စာတွေလည်းများများရေးနိုင်စေကြောင်း ဆန္ဒမွန်ဖြင့်….
    ခင်တတ်သော..
    ကြီးမိုက်။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 12:34 pm

    အဲ့လိုဈေးနဲ ့ဝယ်စားလို ့ရမယ့်ခေတါကိုဖြင့် မရောက်နိုင်တော့ပြီ—-

  • etone

    August 10, 2012 at 2:18 pm

    ကို ခင်ခရေ……. အဲ ……… အန်ကယ်ခင်ခရေ …. အသက်က 47 တဲ့လားဟင် ……… အားနာလိုက်တာနော် အရင်က သုံးဆယ့်ငါးလေးဆယ် ဝန်းကျင်လောက်ပဲ ထင်ထားတာပါ … ။ ဒါကြောင့်စာတွေမှာ မလေးမစားရေးမိ ၊ပြောမိသွားလျှင် ခွင့်လွှတ်ပါ … ဟီး ။ 😀 အန်ကယ်ရေးတဲ့ စာတွေကို အမေဖြစ်သူက ဖတ်ဖြစ်တယ်ဆိုတော့ … အမေကလည်း … အသက်ခုနှစ်ဆယ်လောက်ဝန်းကျင်ရှိမယ်ထင်တယ် …. ။
    စတဲ့ နောက်တဲ့ အကျင့်ကလေ … ပါလာတော့ …. စာရေးရင်း တစ်ခါတစ်လေ .. အရွှန်းဖောက်မိလို့ အားနာစရာတွေ ဖြစ်သွားလျှင် တောင်းပန်ပါတယ် … 😛 😛 47ဆိုတော့ …….. ကျွန်မ အမေနဲ့ နှစ်နှစ်လောက်ပဲ ကွာပြီး ၊ ကျွန်မနဲ့ အသက်20ကျော်ကွာတာမို့ ………နောက်စာရေးလျှင် အန်ကယ်ခင်ခလို့ပဲ သုံးနှုန်းပါတော့မယ် … :mrgreen:

    ပို့စ်ဖတ်တာ တရက်နောက်ကျလို ့ …. Be lated wishes ဖြစ်ပေမယ့် … Happy Birthday ပါနော် … ။ Via SMS ပို့ပြီးလည်း wish လုပ်ထားပါတယ် ။ 😛

  • kai

    August 10, 2012 at 2:31 pm

    ၄ရကိုက်အောင်… တော်တော်ကို..ချိန်ဆလိုက်ရမယ်ထင်မိပါတယ်..
    စာရေးလိုက်တာမှာလည်း.. ၅ဂဏန်းလေးတွေ…ထပ်လို့မို့…
    ဂဏန်းကြိုက်သူလို့.. ခေါ်ချင်မိသား..

    ၄၈ကိုအောင်မြင်စွာဆက်လက်ချီတက်ရင်း… ဆက်လက်တွေ့ဆုံကြပါမည့်အကြောင်း… 🙂

  • ကိုခ
    အရောက်နောက်ကျတာတော့ခွင့်လွှတ်။
    ဒီနေ့ကအလုပ်ပိတ်ရက် ဥပုဒ်နေ့ဖြစ်တော့ လိုင်းပေါ်မရောက်ဖြစ်။
    ကျနော်အုန်းသီးနဲ့ ငှက်ပျောသီးသွားဝယ်နေလို့ နောက်ကျနေတာဗျာ။
    ခင်လို့စတဲ့စကားနဲ့ပြောရင်တော့
    ကျနော်ခင်ဗျားကို လိုက်မပို့ချင်ဘူး အဲတော့…………………………….

  • Khaing Khaing

    August 10, 2012 at 2:59 pm

    မန်းတလေးသား ဦးဦးခင်ခရေ …… အခုတစ်လော ရွာထဲမဝင်ဖြစ်ဘူး ……. ဒီနေ့ ညီမရဲ့ပထမဦးဆုံး ကွန်မန့်ကို ကိုခင်ခရဲ့ မွေးနေ့ဆုတောင်းလေးကို ပေးထားလိုက်ပါတယ် ……… မွေးနေ့မှသည် နှစ်ပေါင်း များစွာတိုင် ကျန်းမာပျော်ရွှင်စွာ မိသားစုနဲ့အတူ နေထိုင်သွားနိုင်ပါစေလို့ …….

  • မွန်မွန်

    August 10, 2012 at 3:07 pm

    အဟဲ..သမီးလည်း ဦးခင်ခလို့ ပြောင်းခေါ်လိုက်တော့မယ်နော်… အမေ့အသက်က ၄၄ ဆိုတော့လေ….
    မနေ့ကမွေးနေ့မှစပြီး နောင်နှစ်ပေါင်းတစ်ရာကျော်တိုင် ချစ်သောမိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

    သမီးလည်း မုန့်ဟင်းခါးအရမ်းကြိုက်တယ်…ဒါပေမယ့် နယ်ကမုန့်ပဲစားတယ်..ရန်ကုန်မုန့်ဟင်းခါးတွေ စားလို့မရလို့… 🙂

  • ကြည်ဆောင်း

    August 10, 2012 at 4:22 pm

    ဒီလိုအသက်အရွယ်ရောက်လို့လဲ ဒီလိုစာတွေကို ဗဟုသုတရဖွယ်ဖြစ်အောင်ရေးနိုင်တာပေါ့နော်…
    ပျော်ရွှင်စရာ မွေးနေ့ အတွက် အမှတ်တရ စာစုလေးပါ
    အားကျဂုဏ်ပြုမိပါတယ် 😀

  • ko khin kha

    August 10, 2012 at 4:23 pm

    ထပ်မံဆုတောင်းပေးကြသော ရွာသူ/သားများ ကိုကျေးဇူးထပ်တင်ပါတယ်၊
    ပထမဆုံးရွာထဲဝင်ရောက်ခြင်းမှ ယနေ့ထိ
    ခင်ခ ( မ လား၊ ကို လား ပြသနာကြောင့်၊ ပြောင်းခဲ့တယ်)၊ နောက်တော့ ကိုခင်ခ ပြောင်းပေးခဲ့တယ်။
    အခုတော့ခေါ်ကြပြီ ဦးခင်ခ၊ ဦးဦးခင်ခ ၊ အန်ကယ်ခင်ခ။

    မည်သို့ပင်ခေါ်စေကာမူ စိတ်မဆိုးပါကြောင်း၊ လွတ်လပ်ပေါ့ပါးစွာ ကွန့်မန်းတွေဆက်ရေးနိုင်ပါကြောင်း၊ အသက်အရွယ်လေးကိုခဏဘေးချိတ်လို့ မိမိဖတ်သောပိုစ့်အကြောင်းအရာအရ ယခင်ရေးခဲ့သလိုဘဲ ကိုခင်ခရေ ဆိုပြီးရေးနိုင်ပါတယ်ဗျာ။ မကျေနပ်လို့ ဆဲလိုကလည်းသဘောပါဗျာ။
    အားလုံးကိုခင်မင်လျှက်
    ကိုခင်ခ။

  • MaMa

    August 10, 2012 at 7:58 pm

    ဆင်ရယ် ခါရယ် မျောက်ရယ် အသက်ဘယ်သူပိုကြီးသလဲ တွက်သလိုဆိုရင် …
    မုန့်ဟင်းခါးတစ်ပွဲ ၅ပြား၊ မုန့်ဖိုး ၁ဝပြား ခေတ်က ဆိုတော့ ခေတ်ပြိုင်တွေထဲကလု့ိ ပြောရမယ်ထင်တယ်။
    ၄ရ နှစ် ဆိုတော့ ဂျူနီယာပေ့ါ။ [:)]

  • Foreign Resident

    August 11, 2012 at 8:42 am

    ” အဖေကမုန့်ဖိုး တစ်နေ့ကို (၁၀)ပြားပေးတယ်၊
    မုန့်ဟင်းခါး တစ်ပွဲ (၅)ပြားနဲ့ ဝယ်စားပါတယ် ”

    ko khin kha မိဘတွေက အရမ်း ချမ်းသာကြတယ် ထင်တယ် ။
    ကျနော်ဆို ၁ဝ တန်း ရောက်တဲ့အထိ ၊
    မုန့်ဟင်းခါး အလွတ် တစ်ပွဲစာ မုန့်ဖိုး မရခဲ့ဘူး ။
    မှတ်မိသေးတယ် ၊ မုန့်ဟင်းခါး စားချင်ရင် ၊
    ၂ ရက်စာ မုန့်ဘိုး စုပြီးမှ စားလို့ရတယ် ။

    Happy Birthday ပါ ။

  • htoosan

    August 11, 2012 at 12:26 pm

    ဆရာမကြီးရဲ့ နောက်မှ ဆိုတဲ့ အတိုင်း နောက်မှ ဖတ်မယ် ဖတ်မယ်လုပ်မိတာ မွေးနေ့ကျော်မှ ဆုတောင်းပေးတဲ့ အဖြစ်ဖြစ်သွားရပြီ။ ဆောဒီးပါ ဘဘခင်ခ .. 😀 😀
    Happy Birthday.

  • ဦးဦးပါလေရာ

    August 11, 2012 at 12:56 pm

    ဒီနေ့မှဖတ်မိလို့
    မွေးနေ့ကျော်မှပဲ
    ကျန်းမာ ချမ်းသာ လန်းဖြာ စေကြောင်း
    ဆုတောင်းပေးလိုက်ပါတယ်… ကိုခင်ခ ရေ…
    အခု ၄ရ ဆိုတော့ ကျုပ်ထက် ပါးပါးလျှားလျှားငယ်တယ်ပေါ့…
    စကားမစပ်-
    ဒီရွာထဲမှာ ဒီအရွယ်ဝန်းကျင်တွေ အများသားဗျ… 😀

Leave a Reply