Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း

ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။

နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” တဲ့။ ကျွန်မလည်း ဒီလိုပဲထင်ပေမယ့် မဟုတ်ပါဘူးလို့ အငြင်းခံရတာလေးကို လိုချင်နေမိတယ်။ မဟုတ်ပါဘူး ဆိုတဲ့စကားက အလိမ်အညာဖြစ်နေရင်တောင် အားရပါးရယုံပစ်လိုက်ဖို့အသင့်။

အိမ်ဦးနတ်ကြီး ပြန်လာတော့ မထင်တဲ့ကိစ္စ သိရတော့တာပါပဲ။ အားလုံးက ရယ်ကျဲကျဲနဲ့ဝန်ခံလိုက်ကြတယ် တဲ့။ ပုံမှန်အတိုင်း ငပိလုပ်ရင် ငပိနပ်ဖို့ နှစ်လနီးပါးစောင့်ရတော့ လက်တွေ့မှာ ဘယ်သူမှဒါမျိုး မလုပ်နိုင်ဘူး။ ဓာတ်မြေဩဇာထည့်လိုက်ရင်တော့ တစ်ပတ်ပဲကြာသတဲ့။ အဲဒီတော့မှ သတိထားမိတယ်။ ကျွန်မဝယ်စားနေတဲ့ ငပိတွေက ပေါ့လွန်းလို့ ဆားထည့်ပြီးကျိုနေရတာကိုလေ။ ဆားပါတော့ပါတယ်။ ဒါပေမယ့် ပါသင့်သလောက် တော့မဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်တိုင်လည်း ငပိမလုပ်တတ်တော့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ တစ်သက်လုံး စားလာတဲ့ ငပိကို ဘယ်သူခွဲခွဲဒို့မကွဲလို့ ခေါင်းမာစွာဖက်တွယ်ထားချင်ပေမယ့် ခုတော့လည်း အသည်းကွဲဇာတ် လမ်းလေးကိုပဲ နွှဲဖို့ဖြစ်လာခဲ့ပြီ။

လမ်းပေါ်ကို ငပိနံ့မွှေးမွှေးလေး ဝေ့လာတတ်တဲ့အခါ ကျွန်မအူတကြုတ်ကြုတ် ဖြစ်လာတတ်တယ်။ အဲဒီငပိရည်နံ့လေးကို လိုက်ပြီးရှုနေမိတယ်။ အချိုမှုန့်မသုံးစွဲရေးအကြောင်း ဟိုတုန်းက တော်တော်လေးပွက်ထခဲ့ဖူးတာ ပြန်အမှတ်ရမိသေးတော့တယ်။ ဟင်းချက်တာ အချိုမှုန့်သုံးမှဖြစ်မှာလား၊ ဒါဆို ဘိုးဘွားတွေခေတ်တုန်းက ဘယ်လိုသုံးခဲ့လဲ၊ ငပိငံပြာရည်နဲ့ပဲ သန်မာထွားကျိုင်းခဲ့ကြတာ မဟုတ်လားလို့ ဖတ်ခဲ့ရဖူးတာတွေ၊ ကြားခဲ့ရဖူးတာတွေ၊ ကိုယ်တိုင်ကလည်း ဒီအချက်ကို အပြည့်အဝထောက်ခံခဲ့ပြီး ကိုယ်တိုင်ကျင့်သုံးခဲ့တာတွေ။ ခုများမှာ အချိုမှုန့်ကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရတော့မလား။ ဟင်းခွက်တိုင်းအတွက် အဆင်မပြေလှတဲ့ အသားမှုန့်ကိုပဲ စိတ်တိုင်းမကျစွာ သုံးစွဲရတော့မလား။ ငပိရည်ကြိုခပ်ထားတဲ့ ငါးသလောက်ဆီပြန်ဟင်းလေးကို တစ်သက်စာခွဲခွာရတော့မလား။

အသည်းကွဲဒဏ်ရာတွေအကြောင်း အစီအစဉ်ချပြလိုက်ချင်တယ်။ မျှစ်အကြောင်း ဂဃဏန သိလိုက်ရတဲ့အချိန်မှာပေါ့။ အစောတုန်းကတော့ မျှစ်ဝါမျှစ်နီတွေဟာ ဆေးဆိုးထားမှန်းသိတော့ မစားခဲ့ဘူး။ နောက်တော့ ဆိုးဆေးကိစ္စ အသံကျယ်လာပြီး ခုဆိုရင် မျှစ်တွေဟာ အရင်ကလိုနီရဲ၊ ဝါထိန်မနေတော့ဘူး။ ဝါဖျော့ဖျော့လေးပဲ ကျန်တော့တာလေ။ ဒါနဲ့ မျှစ်ကို ပုဇွန်လေးနဲ့ကြော်စားလိုက်၊ ချဉ်ပေါင်ဟင်းလေးချက်စားလိုက်နဲ့ နတ်သုဒ္ဓါပေါ့ရှင်။ ဈေးထဲကမျှစ်ရောင်းတဲ့ ကောင်မလေးက အိမ်မှာအဝင်အထွက်ရှိလာတယ်။ စကားစပ်ပြီးမေးကြည့်တော့မှ သိရတာက မျှစ်ရဲ့ပင်ကိုအရောင်က အဖြူရောင်တစ်မျိုးပဲဖြစ်ပြီး ဘယ်နည်းနဲ့မဆို ဆေးဆိုးရတဲ့အကြောင်း၊ ဆေးမဆိုးရင် မည်းသွားတတ်လို့ ရောင်းတဲ့လူ အရှုံးပေါ်မှာဖြစ်တဲ့အကြောင်း၊ မျှစ်ချဉ်ကိုတောင် အဖြူရောင်ဆေးဆိုးထား ရကြောင်း၊ ဝါဖျော့ဖျော့မျှစ်တွေဟာလည်း ဆေးလျှော့ပြီးဆိုးထားတာဖြစ်ပေမယ့် သုံးတဲ့ဆေးကတော့ စားသုံးကုန်အတွက် သုံးရတဲ့ဆိုးဆေးမဟုတ်ဘဲ အဝတ်အထည်ဆိုးဆေးသာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။

နောက်ထပ် အသည်းကွဲဖြစ်ရပ်လေးကတော့ ပဲနီလေး ပဲဝါလေး ကိစ္စမှာပါ။ ဟိုအရင်က ပဲဝါလေးတွေဟာ ဝါ ရော်ရော်လေးရယ်။ ပဲနီလေးနဲ့ ဈေးကခေါက်ချိုးလောက်ကွာတယ်။ ပဲနီလေးတွေဟာ ရေစိမ်လိုက်ရင် ရေတွေ နီရဲသွားတော့ ဆေးဆိုးထားမှန်း တန်းသိတယ်လေ။ ဆိုးဆေးကိစ္စညံလာပြီးနောက်ပိုင်းမှာ ပဲနီလေးနဲ့ ပဲဝါလေး ဈေးအတူတူဖြစ်သွားတယ်။ ဒါပေမယ့် ပဲဝါလေးကိုရေစိမ်လိုက်တဲ့အခါ ဟိုအရင်ကတော့ ဘာမှမဖြစ်ဘဲ အခုမှ ရေတွေဝါထိန်သွားပါလေရော။ ရေမစိမ်ဘဲ ဒီအတိုင်းကြည့်ရင်တောင် ပဲဝါလေးတွေဟာ ဝါပြောင်နေတယ်။ ပဲနီလေးနဲ့ ပဲဝါလေးဟာ ပဲတစ်မျိုးတည်းလား။ အပင်တူသလား မတူဘူးလား သေချာမသိပေမယ့် နှစ်မျိုးလုံးဟာ ဆေးဆိုးထားတယ်လို့ ကျွန်မထင်ပါတယ်။ အကြိုက်ဆုံးဟင်းအတွဲတစ်မျိုးဖြစ်တဲ့ ပဲနီလေးဟင်းချိုနဲ့ ငရံ့ခြောက် ဖုတ်ဆီစမ်းကိုလည်း ဒီတင်ဒီမျှ လမ်းခွဲလိုက်ရပြန်ပါပြီ။

စားချင့်စရာ နီနီရဲရဲ ငရံ့ခြောက်ကြီးတွေဟာ ယမ်းစိမ်းအားကိုးနဲ့လုပ်ထားတာဖြစ်ကြောင်း အားလုံးအသိပါပဲရှင်။ ဒီ့ထက်ဆိုးတာက ယင်သတ်ဆေးပါဖြန်းထားတယ်လို့ သိရပါတယ်။ တစိမ့်စိမ့်စွဲမက်ခဲ့ရတဲ့ ပဲပြားလေးဇာတ်လမ်း ကတော့ ကြာခဲ့ပါပြီ။ အရင်တုန်းက ပဲပြားဆိုတာ အခုဝယ်အခုချက်ချင်းကြော်စားရတာ။ နောက်တစ်နေ့ ထား လို့မရဘူး။ ပျော့ပြီးကြေသွားတယ်လေ။ အခုပဲပြားတွေက ပိုကြာကြာခံတယ်။ ဒါဟာ ဖော်မယ်ဒီဟိုက်ဆေး ထည့်ထားတယ်လို့သတင်းကြားတော့ ပဲပြားရောင်းတဲ့ကောင်မလေးကို ကျွန်မစေ့စေ့ကြည့်ပြီး မေးချလိုက်တယ်။ ဆေးပါသလားလို့။ ကောင်မလေး မျက်နှာပျက်သွားတယ်။ သူမသိဘူးတဲ့။ ကျွန်မသိလိုက်ပါပြီ။ ဈေးသည်တွေ အားလုံးဟာ မသိလို့လုပ်ကြတာ မဟုတ်ဘူး။ သိသိနဲ့ကို လုပ်နေကြတာပါပဲ။

ပြီးတော့ တို့စရာချဉ်ဖတ်။ ကတက်ချဉ်၊ တမာချဉ်၊ မုံလာချဉ်၊ သရက်ချဉ် စတာတွေကို ဆိုးဆေးထည့်စရာ မလိုဘဲ ဘာဖြစ်လို့ ဆိုးဆေးထည့်ကြသလဲ။ မလိုအပ်ဘဲ အရောင်အသွေးလှဖို့၊ ကြာကြာခံဖို့အတွက်နဲ့ ဒီလိုလုပ်တာ စားသုံးသူတွေဘက်က ပေးဆပ်ရမယ့်အတိုင်းအတာကို မသိလို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဈေးသည်တွေ အကုန်သိတယ်။ ဘာဖြစ်လို့ဒီလိုလုပ်သလဲဆိုတော့ လုပ်လို့ရလို့လုပ်တယ်။ ဒီတော့လည်း တစ်ကိုယ်တော်ပဲ ဖြစ်ပစေဦး၊ ကျွန်မကတော့ လမ်းခွဲပါတယ်။

အထက်ကပြောခဲ့တဲ့ အချစ်တော်လေးတွေ မပါဘဲ ထမင်းစားလို့မရဘူးလားဆိုတော့ ရပါတယ်လို့ပဲဖြေရမယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့် သိပ်နည်းသွားပြီ။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ပြောလည်းရပါတယ်။ ဆိုခဲ့သလိုပဲ မြန်မာပြည်မှာ လူလာဖြစ်လို့ ဒီလိုအစာတွေနဲ့ ငယ်ကျွမ်းဆွေဖြစ်ခဲ့ရတာ၊ ရိုးရာအစားအသောက်တွေအပေါ် မက်မက်စက်စက်ဖြစ်လာခဲ့တာ လောကကြီးက ကျွန်မကို မှားတယ်လို့ပြောမှာမဟုတ်ပါဘူး။ နေ့လည်နေ့ခင်း အဆာပြေအကြော်ကလေးတောင် ဝယ်မစားရဲတော့တဲ့ဘဝ ရောက်နေတာ ဆီဒယ်အိုးထဲကို ရေသန့်ဘူးထည့်လိုက်တာ ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့ပါရှင်။ ခေတ်ပေါ်အစား အစာတွေ များမြောင်လှပေမယ့် ရေရှည်မှာ လျှာကမတောင်းဆိုဘူး။ ငပိရည်ကြိုလေးကို ငြုပ်သီးလှော်မှုန့်လေး ခပ်ပြီး တို့စရာအစုံအလင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်စားရတဲ့ မြန်မာထမင်းပွဲကိုပဲ လျှာရင်းမြက်မြက်လွေးလိုက်ချင်တယ်။

ကျွန်မ ဈေးသွားရင် ဈေးထဲမှာတလည်လည်နဲ့ သင်္ဘောမာလိန်မှူးကြီးက သင်္ဘောကိုကျောက်ဆောင်တွေနဲ့ လွတ်အောင်ပဲ့ကိုင်သွားသလို ကျွန်မလည်း လူသတ်သမားပေါများလှတဲ့ ဈေးသည်တွေအကြား သူတို့ရဲ့ အန္တရာယ် မကင်းတဲ့ ဆွဲဆောင်မှုတွေကို ကျော်လွှားနိုင်အောင်၊ ရသာတဏှာကိုဖြတ်ပြီး ဘေးကင်းတဲ့ဟင်းချက်စရာ ဝယ် နိုင်အောင် ကြိုးစားရတယ်။ ဈေးအပြန်ဆိုရင် ဖျာပုံက အဖွားအိမ်ကြီးရဲ့ စားဖိုဆောင်ကို မျက်စိထဲမြင်ယောင် လာတယ်။ မီးဖိုခန်းနဲ့ကပ်လျက် စားဖိုဆောင်ရဲ့နံရံပေါ်မှာ ပြောင်တောက်နေတဲ့ စဉ့်အိုးတွေ အကြီးအသေး စီစီရီရီရှိနေခဲ့တဲ့မြင်ကွင်း။ အဲဒီအိုးတွေထဲမှာ ငပိအမျိုးမျိုး၊ ကြံမဆိုင်ကအစ ချဉ်ဖတ်အမျိုးမျိုး၊ ငါးခြောက်တွေ။ ခေတ်လူနေမှုစနစ်ပြောင်းလာတော့ ဒါတွေကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်တော့ဘူး။ လုပ်လေ့လည်း မရှိကြသလို အချိန်ရယ် နေရာရယ် မပေးနိုင်ကြတော့ဘူး။ ဝင်ငွေနည်းမိသားစုတွေက များတာကြောင့် ငါ့ဝမ်းပူဆာ မနေသာဘဲ ရှိတဲ့ငွေလေးနဲ့ ရတာလေးကိုဝယ်ကြရသလို ကျန်းမာရေးအသိနည်းကြတာလည်း ပါပါတယ်။ ဒီလိုနဲ့ ဈေးထဲမှာ လူသတ်သမားများလာတယ်။ သက်ဆိုင်ရာက ဘာမှမလုပ်တော့ဘူးလားလို့ မမေးပါနဲ့။ အသက်ဆိုင်ဆုံးက ဈေးဝယ်နေတဲ့သူတွေပဲလေ။ ဝယ်တဲ့လူရှိရင် ရောင်းတဲ့လူလည်းရှိနေမယ်လို့ ကျွန်မလူပြိန်း တွေးပဲတွေးတတ်ပါတယ်။

ဈေးအပြန်မှာဆိုရင် မူလတန်းကျောင်းကို ဖြတ်လာခဲ့ရတယ်။ ကျောင်းဝင်းထဲ ပျားပန်းခတ်နေတဲ့ ကလေးတွေ၊ ကလေးအမေတွေ။ ထမင်းစားချိန်အမီ ကလေးအမေတွေ အိမ်ပြန်ပြီး အူရားဖားရားချက်ကြပြုတ်ကြရတော့မယ်။ သူတို့ကော ဘာတွေများချက်မှာပါလိမ့်။ မူလတန်းကျောင်းကိုကျော်လာရင်တော့ အိမ်ရောက်အောင် ဖြတ်လမ်းက နေလာခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲကနေ ဖြတ်ပြီးပြန်လာတဲ့အခါမှာ ဘုရား ရိပ်တရားရိပ်ကြောင့်လားမသိ၊ ငြိမ်းအေးသလိုရှိနေတယ်။ လုပ်နိုင်ကိုင်နိုင်အရွယ်ကောင်း ကိုရင်လေး ကိုရင်ကြီး တွေ ကျောင်းကြီးထဲမှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို အာရုံစူးစိုက်ထားကြတယ်။ လက်အုပ်ချီမထားတော့ ဘုရားဝတ်ပြုနေတာ မဖြစ်နိုင်ဘူး။ ဒါဆို တရားနာနေတာများလား။ ကျောင်းကြီးအတွင်းကို မြင်ရအောင် အသာကဲပြီးကြည့်လိုက်တော့ ဪ … တီဗွီကြည့်နေကြတာကိုး။ ဒီလိုနဲ့ပဲ ကြွပ်ကြွပ်အိတ်လေးဆွဲပြီး ကျောင်းဝင်းကြီးကိုဖြတ်လို့ တနေ့နေ့တော့ ငပိကိုယ်တိုင်သိပ်မယ်၊ ချဉ်ဖတ်ကိုယ်တိုင်လုပ်မယ်လို့ အားခဲရင်း ဈေးကနေ ကျွန်မ ပြန်လာခဲ့ရတဲ့ အသည်းကွဲနေ့တွေ ဘယ်လောက်တောင်များခဲ့ပြီလဲဆိုတာ … ။

113 comments

  • pazflor

    July 12, 2012 at 4:02 am

    အန်တီရေ ဆောင်းပါးလေးက အရမ်းကောင်းလွန်းလို့ သတင်းစာမှာဖြစ်ဖြစ်၊ ဂျာနယ်တိုက်ကိုဖြစ်ဖြစ်ပို့ပြီး လူတွေ ပိုသတိထားမိလာအောင် လုပ်ပေးပါလာခင်ဗျာ။

  • အရီးခင်လတ်

    July 12, 2012 at 5:00 am

    မပြုံးရေ

    နာမည်ကျော် တာ ဘာကြောင့်လဲ လို့ မပြောတော့ဘူး။
    အရေးကောင်း ရုံမက အဖွဲ့အနွဲ့ ကလဲ ကောင်း။
    ဟုတ်လိုက်လေ လို့ ရွတ်ရွတ်ပြီး အားပေးသွားပါတယ်။

    ကျွန်မလဲ ဆက်ပြီး အသဲကွဲ ပြချင် လိုက်တာ။
    ဒီမှာတော့
    လူတွေကို လောဘ၊ မောဟ၊ ဒေါသ ကင်း အောင် တရားပြရမဲ့ သူ တစ်ချို့ ရဲ့ လောဘ၊ မောဟ၊ ဒေါသ တွေကို မြင်ရ၊ ကြားရတိုင်း …..

  • Foreign Resident

    July 12, 2012 at 6:05 am

    အင်း ၊ ကောင်းလိုက်တဲ့ ဆောင်းပါးလေး ။
    သုတ ရော ၊ ရသ ရော ပြောစရာမရှိ စပါယ်ရှယ် ပါပဲ ။
    ဆရာမ MG မှာ လာရေးတဲ့အတွက် ၊ ဂုဏ်ယူမိပါတယ် ခင်ဗျာ ။

    မြန်မာပြည်မှာ နေရမှာတောင် ကြောက်ကြောက်လာတယ် ။
    ဒါတောင် ပဲပင်ပေါက် ကိုထွားအောင် ဟိုမုန်းဆေး ဖြန်းတာ ။
    သရက် ၊ ဖရဲ ၊ ငှက်ပျော တွေကို စိတ်ကြိုက်အချိန် မှည့်အောင် ချိုအောင် ၊
    ဆေးထိုးတာတွေ မပါသေးဘူး ။

    ” ဆီဒယ်အိုးထဲကို ရေသန့်ဘူးထည့်လိုက်တာ ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့ပါရှင် ”
    ဆရာမ ကိုယ်တိုင် မြင်ခဲ့တာလား ။
    အမှန် ဆိုရင်တော့ ၊ သေပြီ ဆရာပဲ ။

  • htoosan

    July 12, 2012 at 7:02 am

    T.V ကြည့်နေတာ ကိုရီးယားဇတ်လမ်းမှ ဟုတ်ရဲ့လားမသိ.. :girn:
    ငယ်ငယ်တုန်းကထဲက အမေတို့ က ငါးပိဆို နယ်ကနေ အသိတွေကိုကိုယ်တိုင်လုပ်ခိုင်းတာဘဲစားတယ် ။ ကိုယ် အလှည့် ကျတော့ မျိုးဆက်ပြတ်လာပြီး အသိမရှိတော့ ဈေးကဝယ်စားရတဲ့ အဖြစ်ဘဲ.
    ကိုယ်တိုင်လုပ်တယ်ဆိုတာ က ရှားပါးလာပြီး ရယ်ဒီမိတ်နဲ့ သာ နှစ်ပါး သွားရတော့ တစ်နေ့ တစ်နေ့ ဓါတုပစ္စည်းတွေ ဘယ်လောက် ခန္ဒာကိုယ်ထဲ ရောက်နေပြီလဲမသိဘူး ..
    ကော်ဖီမစ်တွေဆို ပိုဆိုးမယ်ထင်တယ်..

  • MaMa

    July 12, 2012 at 7:28 am

    တခါဖတ်ဖူးတဲ့ ဂျာနယ်ထဲက စာတစ်ပုဒ်ကို သွားသတိရမိတယ်။
    ဂျာနယ်နာမည်ရော စာရေးဆရာနာမည်ရော မမှတ်မိပေမယ့် …
    ဇာတ်ကောင်နာမည်တော့ မှတ်မိနေတယ်။
    ဦးဒီဘဲလူးတဲ့။
    အိုဇုန်းလွှာကြီးပေါက်တယ် ကြားလို့ ကြောက်တာက တမျိုး
    နောက်ထပ် ဟိုဟိုဒီဒီတွေ အစုံကြားပြီး ဆင်ခြင်လိုက်တာ….
    နောက်ဆုံး နွားနို့ပဲသောက်တော့မယ်လို့ ဆုံးဖြတ်လိုက်တော့…….
    အိမ်မှာ နွားမွေးရတဲ့အဖြစ်ကို ရောက်ရော။ 😆

  • အလင်းဆက်

    July 12, 2012 at 7:29 am

    ကျွန်တော် လည်..အဲဒါတွေ…သိလာလေလေ…
    အစားအသောက် ကိစ္စမှာ..တွန့်ဆုတ်…စွာ.ရွေးချယ်ရင်…စားစရာ..ရှား လာလေလေ..ပါပဲ.။

    တစ်ခါ တစ်လေများ…လောကကြီးက နေဖို ့တောင် မကောင်းတော့ဘူး..လို ့တောင် တွေးမိပါတယ် ။
    ဒီလောက် မစားသင့်တာတွေ မှ စားနေရတဲ့လောက….။

    ကျွန်တော်တို ့ ဘေးမှ..စားစရာ ဆိုပြီး..အသင့်ရှိနေတဲ ့အရာ.တော်တော်များများက ရှောင်လို့မရလောက်အောင်..ဆိုးကျိုးရှိနိုင်တဲ ့အစား
    အစာတွေပါပဲ.။
    အနည်းဆုံးတော့…ကြာရှည်ခံအောင်…ထည့်ရတဲ ့ ဆေး..တော့ပါတာပဲ.။

    ဆရာမ ရေ…
    ဒါမျိုး.ဆောင်းပါးတွေ..များများလေး.ဆက်ရေးစေချင်ပါတယ် ။pazflor…ပြောသွားသလို..
    လူတွေ အများကြီး သိနိုင်မယ့်..ဂျာနယ်..တစ်ခုခု..။ ဒါမှမဟုတ်.မဂ္ဂဇင်း တစ်ခုခု မှာ..ရေးဖြစ်ရင်ပို အကျိုးများမလား..လို ့.။

    (အင်တာနက်ပေါ်..ကို ဈေးသွား..၊ ဝယ်ခြမ်း..၊ ချက်ပြုတ်နေရတဲ ့ အိမ်ရှင်မ တော်တော်များများ…
    တက်လာနိုင်မှ မဟုတ်လို ့…… )

    ခင်မင်လေးစားစွာ..

  • ကြောင်လေး

    July 12, 2012 at 7:58 am

    ခေါင်းစဉ်ကြည့်ပြီး ဆရာမရဲ့ အချစ်ရသစာကောင်းကောင်းလေးဖတ် ရတော့မယ်ဆိုပြီး ဝင်လာလိုက်တာ….
    သုတကို ရသလေးနဲ့ပုံဖော်ရေးသွားတာ အားရပါးရဖတ်လိုက်ရပါတယ်။ ကူးသွားပါတယ်။ပရင့်ထုတ်ပြီး မိန်းမကို ပြရမယ်။အလင်းဆက်ပြောသလို(အင်တာနက်ပေါ်..ကို ဈေးသွား..၊ ဝယ်ခြမ်း..၊ ချက်ပြုတ်နေရတဲ ့ အိမ်ရှင်မ တော်တော်များများ…
    တက်လာနိုင်မှ မဟုတ်လို ့…… )

  • ဦးဦးပါလေရာ

    July 12, 2012 at 8:02 am

    မနေ့ကပဲ သုတ/ရသ စာပေအကြောင်းလေး နဲနဲပြောမိသေးတယ်..။
    တကယ်တော့ စာကောင်းတပုဒ်ရဲ့ အရည်အသွေးတွေထဲက နှစ်မျိုးကတော့

    ဖတ်စရာလဲ ပါရမယ် (သုတ)
    စဖတ်ချင်အောင်၊ ဆက်ဖတ်ချင်အောင်၊ ဖတ်ပြီးတဲ့အခါ ကျေနပ်နှစ်ချိုက်သွားအောင်လဲ ရေးနိုင်ရမယ် (ရသ)

    ဒီပိုစ့်လေးက အရည်အသွေးကောင်းစာပေတွေအတွက် နမူနာလေးတခုလို့ဆိုပါရစေ..။

  • ဦးဦးပါလေရာ

    July 12, 2012 at 8:08 am

    ပိုစ့်ပါအကြောင်းအရာကတော့ ဆွေးနွေးဘို့ကို စိတ်ပျက်စရာ ကိစ္စပါပဲ..။
    တခုပြောချင်တာက အဲဒါ ကျုပ်တို့နိုင်ငံမှာ ဆိုးဆိုးဝါးဝါး ပစ်စလက်ခတ် ဖြစ်နေပေမယ့်၊ ကျုပ်တို့တနိုင်ငံထဲတော့မဟုတ်ပါဘူး။

    အုပ်ချုပ်မှု့ညံ့ဖျင်းပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ကြုံနေရတာတွေပါ…။
    အဓိကတရားခံက စားစရာတွေကို မသင့်တော်အောင်ပြုပြင်တဲ့ ဝိသမ လောဘသား “လူ ” တွေမဟုတ်ပါဘူး။
    လူ ဆိုတာကတော့ အစကတည်းက လွတ်ရင်လွတ်သလို ရရင်ရသလို ကိုယ်ကျိုးရှာတတ်တဲ့အမျိုးပါ..။

    အဓိကတရားခံက
    ၁-အုပ်ချုပ်မှု့ အလွန်အမင်း ညံ့ဖျင်းခြင်း နဲ့
    ၂-တိုင်းပြည်က အလွန်ဆင်းရဲ ခြင်း တွေပါ…။

    နောင်အချိန်ရရင် ဆက်ဆွေးနွေးပါဦးမယ်။

  • တာတီး

    July 12, 2012 at 8:41 am

    မှန်လိုက်တာ ၊ အုပ်ချုပ်မှုက သေးသိမ် ညံ့ဖျင်းလွန်းတယ် ၊
    တိုင်းပြည်ကလဲ ချွတ်ခြုံကျလု နီးပါး ဆင်းရဲလွန်းလှတယ် ၊
    ကျနော်တို့ဘဝတွေလဲ သေချာတွေးကြည့် ၊
    စုတ်ပြတ်သတ်နေပါတယ် ။

  • ကိုရင်မောင်

    July 12, 2012 at 9:19 am

    တကယ့်ကိုကောင်းတဲ့ ဆောင်းပါး ပါ
    ပြည်သူပြည်သားတွေ နေ့စဉ် မဖြစ်မနေစားသုံးနေကြတဲ့
    အစားအစာတွေမှာ ဒါလောက်အန္တရာယ်များနေတာ…
    ခုလိုလေ့လာပြီးပြောတဲ့သူကခတ်ရှားရှား ပါ…
    ဆောင်းပါရှင်ကို ကျေးဇူးအထူးတင်ပါတယ်
    အာဏာပိုင်အဖွဲ့များ သိစေချင်လိုက်ပါဘိ….
    အန္တရာယ်ကင်းကင်းနဲ့ စားနိုင်တဲ့ အစားအစာများ
    ရှိတောင်ရှိပါသေးရဲ့လားလို့ အတွေးနယ်ချဲမိပါတော့တယ်…….

  • ကြည်ဆောင်း

    July 12, 2012 at 9:20 am

    ဒီလို မထော်မနန်း လုပ်ထားတဲ့ စားစရာတွေကြောင့် ကင်ဆာရောဂါတွေပိုဖြစ်နေကြတာလား မသိဘူးနော်..
    နောက်ပိုင်း လူတစ်ယောက်ယောက် ဆုံးလို့ မေးကြည့်လိုက်ရင် ကင်ဆာရောဂါဆိုတာ ခဏခဏ ကြားနေရတယ် …
    ဒီဆေးဆိုးထားတဲ့အစားအသောက်တွေနဲ့ ပါတ်သက်နေမယ်ထင်ပါရဲ့ … …

  • မောင်ပေ

    July 12, 2012 at 9:35 am

    ဆရာမရေ
    တစ်ကယ်ကို စိတ်ထဲက လေးစားမှုနဲ့ ဆရာမ လို့ခေါ်တာပါ
    ဟိုတိမ်ယံသစ္စာကို ဖတ်ခဲ့တုန်းက စာရေးဆရာမ တစ်ယောက်အဖြစ်ပဲ သိခဲ့တာပါ
    အခုပိုစ့် ဖတ်ပြီးမှ
    ဆရာမရဲ့ စာဖတ်သူတွေနဲ့တစ်နိုင်ငံလုံးက လူတွေအပေါ်ထားရှိတဲ့ စေတနာ
    ဆရာမ ရဲ့ စာအရေးသား ဖွဲ့မှုဟာ ပထမတန်းစားဆိုတာ
    သိရပါတယ်
    လေးစားပါတယ် ခင်ဗျား

  • surmi

    July 12, 2012 at 9:37 am

    ဆရာမရေ
    နောက်ထပ်အသည်းကွဲရမဲ ့ဇတ်လမ်းတစ်ပုဒ်ကတော ့ ငံပြာရည်ပါဘဲ
    ကျွန်တော်တို ့မြန်မာဟင်းတွေမှာငံပြာရည်က မပါမဖြစ်ဆိုသလိုပါပဲ
    ကျွန်တော်ကိုယ်တိုင်လည်းကြိုက်ပါတယ် ငရုပ်သီးမှုန် ့လေး ပုဇွနခြောက်
    လေးနဲ ့များဖျော်ပြီး သရက်သီးစိမ်းလေးနဲ ့ဆို ပြောရင်းတောင်မှ လျှာလည်
    လာပါတယ်။ ဒါပေမဲ ့ အဲဒီငံပြာရည်တွေဘယ်လိုလုပ်သလဲဆိုတာ ငံပြာ
    ရည်စက်ရုံက တာဝန်ခံတစ်ယောက် နဲ ့ရင်းနှီးသွားမှသိရတာပဲဗျို ့။
    ဒီလိုပါ ဆိုးဆေးကတော ့ အဓိကပါ ။မဲညစ်ညစ်အရောင်ထွက်အောင်ဆိုးပါတယ်။
    အချိုမှုန် ့ကဒုတိယဇတ်လိုက် ပြီးတော ့ ဆား ဒါ ့အပြင် ဓာတုဗေဒ အနံ ့
    လည်းထည် ့ရပါတယ် ။ ဒါတွေကတော ့ပြည်တွင်းဖြစ်ပါ နိုင်ငံခြားဖြစ်
    တွေတော ့ မပြောတတ်ပါဘူး ။ တရုပ်ပဲငံပြာရည်တွေလည်းစိတ်မချရ
    နိုင်လောက်ပါဘူး

  • mamanoyar

    July 12, 2012 at 9:50 am

    အခုလိုဖတ်ရတာ ဗဟုသုတ ရပါတယ်
    မျှစ် ကတော့ ပြုတ်လို်က်ရင် မကျက်တကျက်ဆို
    ဝါတာတာဖြစ်ပြီး ကျက်အောင်ပြုတ်ရင်တော့
    နီနီလေးနေတာ ဒါကရွာမှာလက်တွေ့ပြုတ်ဖူးတာပါ
    ဆေးဆိုးတယ်ဆိုတော့ မျှစ်ပေါ်ချိန်မဟုတ်ပဲ
    မျှစ်ရောင်းတဲ့အချိန်ကဟာတွေ ဖြစ်မယ်

  • weiwei

    July 12, 2012 at 9:52 am

    ဒီဆောင်းပါးဖတ်ပြီး တကယ်ကိုပဲ အသဲကွဲသွားပါတယ် ..
    ဈေးသွားရင် ရှောင်စရာမျိုးစုံကို ကွေ့ပတ်ရှောင်နိုင်ပေမယ့် ဆီ မှာ တန်းတိုးတော့တာပါပဲ … ပဲ ဆီသန့်တွေကို တရုတ်ပြည်ဘက်က ဆီဟောင်းတွေကို သန့်စင်ပြီးရောတဲ့အကြောင်း ဆီကုန်သည်အသိုင်းအဝိုင်းကနေ သတင်းကြားပြီးနောက်ပိုင်း ဟင်းချက်ရတာတောင် စိတ်ထဲမသန့်ဖြစ်ရပါတယ် …
    ငါးပိလဲရှောင်၊ ငံပြာရည်လဲရှောင်၊ အချိုမှုန့်လဲရှောင်လိုက်တော့ ဟင်းက ပေါ့ပျက်ပျက်နဲ့ ထမင်းစားလို့မကောင်းဖြစ်ရတယ် … မတင်းမတိမ်ဖြစ်ရတော့ တခြားအချိုအချဉ်မုန့်တွေ ထပ်စားဖြစ်ရပြန်တယ် .. အဲဒီတော့ အပိုလဲကုန်တယ် … ဝိတ်လဲတက်တယ် … ကျန်းမာရေးလဲ မကောင်းဖြစ်ပြန်တာပဲ …

    ဘယ်လိုဘယ်ပုံ နေထိုင်စားသောက်ရမယ်ဆိုတာ နေ့တိုင်းနေ့တိုင်း အလွန်စဉ်းစားရပါတယ် …
    နေထိုင်စားသောက်ပုံအတွက် ဉာဏ်ကိုလွှာသုံးနေရပါတော့တယ် …

  • Wow

    July 12, 2012 at 10:09 am

    ဒီစာဖတ်ပြီး အသဲကွဲရုံမက လူပါရူးကြောင်ကြောင်ဖြစ်ချင်သွားပါတယ်…..
    ဘာကိုမှစိတ်ချလက်ချမယုံရတော့ပါလား…

  • shwe kyi

    July 12, 2012 at 10:15 am

    ဆရာမပြုံးတော်လိုက်တဲ့ဆရာမ။ ရေးထားတာအရမ်းကောင်းတာပဲဆရာမရယ်။
    ရွှေကြည်က ငါးပိ၊ ငံပြာရည် မစားပါဘူး ဒါပေမယ့်မြန်မာမိသားစုဆိုတော့မကင်းဘူးပေါ့။ ငါးပိရည်ကျို၊ ငါးပိချက်၊ ငံပြာရည်ဆီသတ်တို့ မစားတာပါ။ အချဉ်စိမ်ထားတာဆိုလည်းမစားပါဘူး။ အမေကတော့ မျောက်ဝင်စားတယ်လို့ပြောတာပဲ။ အဲဒါကြောင့်ပိန်နေတာတဲ့။ အခုတော့ဟန်ကျပြီရွှေကြည်တမင်ရှောင်စရာမလိုတော့ဘူး 😀
    သူငယ်ချင်းတွေကိုပြောပြမယ်။ ဆရာမရေးတာကပိုဖတ်ကောင်းလို့ MG ကိုပဲဝင်ဖတ်ပါလို့ပြောလိုက်မယ်။
    ဗုဒ္ဓဘာသာဝင်တွေဖြစ်လည်း သံသရာမကြောက်ကြတော့ဘူးနော်။ တဘဝစာပဲကြည့်ကြတော့တယ်။ တရားပွဲဆိုရင်တော့ အပြည့်ပဲ။ပြောပြရင် ရွှေကြည်အမေလည်းအသဲကွဲတော့မှာပဲ။

  • lynn lynn

    July 12, 2012 at 10:27 am

    ဆရာမ အရေးအသားက အရမ်းကောင်းပါတယ်။ မသိရသေးတဲ့ ဗဟုသုတတွေလည်း သိရလို့ ကျေးဇူးတင်ပါတယ်။ အိမ်က အမေအတွက် ကူးပြီး print ထုတ်သွားပါတယ်။ လင်းလင်းတို့ တစ်အိမ်လုံး ငပိအရမ်းကြိုက်ကြတယ်။ လင်းလင်းတစ်ယောက်ပဲ မစားတာ။ အခုတော့ မကြိုက်မိတာတောင် ခက်ကောင်းကောင်း ဖြစ်နေပါပြီ။ ငယ်ငယ်ကတော့ အဘွားက ကိုယ်တိုင် ငပိသိပ်တယ်။ အခုအမေက မအားတော့ အဆင်ပြေသလိုပဲ ဝယ်စားနေရတာ။ အိမ်ကလူတွေအတွက် တော်တော်စိုးရိမ်မိပါတယ်။

  • etone

    July 12, 2012 at 10:42 am

    ဆရာမရေ …
    အလွန်အဖိုးတန်ပြီး လိုက်နာသင့်တဲ့ ပို့စ်လေးပါပဲ … ။
    မသိတုန်းကတော့ အကုန်စားပြီး .. ပို့စ်ဖတ်ပြီးတော့မှ အသဲကွဲသွားတော့တယ် … 😥

    ဒီပို့စ်ကို ကူးပြီး .. အိမ်ပြန်ရောက်လျှင် အိုးသူကြီးကို ပြရမယ် …. ။ သူလည်း အသဲကွဲသွားလျှင် .. တမိသားစုလုံး ၊ ဆန်ပြုတ်အတူသောက်ရကိန်း … ဟီးဟီး 😀

    ဒီလိုအစားစာတွေကို ဟိုလုပ်ဒီလုပ်ကြောင့်လို့ထင်တယ် .. ကျွန်မတို့ ရုံးကသူဌေးမတွေဆိုလျှင် … ရေလုံပြုတ်သာသာပဲ စားကြတယ် … ။ ဆီလည်းမပါ ၊ အရောင်လည်း မပါ ၊ အရသာလည်း မရှိတဲ့အစားစာတွေကို စားကြတာကြောင့် ပိုက်ဆံရှိလျှက်နဲ့ ပြိတ္တာဖြစ်နေတယ်လို့ … နောက်ကွယ်မှာ ခဏခဏဝေဖန်ခဲ့ဖူးတယ် … ။ အင်းပေါ့လေ ….. ပိုက်ဆံရှိတော့လည်း အသက်ပိုရှင်ကြတယ်ထင်ပါရဲ့ … ။

  • laypai

    July 12, 2012 at 10:47 am

    အစား အသောက် တွေ သန့်သန့် ရှင်းရှင်း အန္တရာယ် ကင်းကင်း ဖြစ်စေချင် သလို
    ကျနော်တို့ သာသနာတော် ကို လည်း သန့် ရှင်း စေချင် တဲ့ အရေး အသား ကို လဲ မှတ်သားသွားပါတယ် ခင်ဗျာ။

  • Ma Ei

    July 12, 2012 at 10:53 am

    မပြုံးရေ…
    ဝယ်မစားလို့လဲမရတော့
    အဲ့ဒီ အသည်းကွဲနေ့တွေ နည်းပါးအောင်
    ကျမတို့ ဘယ်လိုလုပ်ကြမရလဲကွယ်…
    ဟိုးအရင်အမေတို့ ဟင်းချက်ရင်
    ငရုတ်ပွတောင့်လေးရေစိမ်ထောင်းပေးခဲ့ရတာ…
    မှိုမပါအောင်ဖယ်ပြီး ဆေးကြောနိုင်တယ်လေ…
    ခု အစိမ်းမှုန့်သုံးတော့ ဘာတွေထည့်ထားလဲ မသိနိုင်တော့ဘူး…
    ငါးကြော်လေး အုပ်ဖို့ ငရုတ်ကြမ်းမှုန့် ကြော်လိုက်တာ
    ပဲကြီးလှော်နံ့ထွက်လာတယ်…
    ပဲခွံတွေဆေးဆိုးထည့်ထားတာလေ…
    ငါးပုဏ္ဍားလဲဆေးဆိုး၊ပုဇွန်ထုပ်လဲဆေးဆိုး
    ငါးတွေ ကြက်တွေကျတော့ ဓာတုအစာတွေ ကျွေးထားတာ…
    အသီးရွက်တွေလဲ ထိုနည်း၎င်း…
    ဒီလိုလုပ်တာရဲ့အကျိုးအပစ်ကိုသူတို့မသိတာလား သိသိကြီးလား..
    သူကြီးပြောသလိုဘဲ စနစ်နဲ့တော့မဆိုင်ပါ…
    လူတွေရဲ့လောဘကြောင့်သာဖြစ်မှာပါနော်…

  • the best

    July 12, 2012 at 11:04 am

    လွှတ်တော်ထဲက အမတ်တွေ ဒီကိစ္စကို တင်ရင် ပြည်သူတွေ အကျိုးရှိမှာပါ။

    ဒီလိုအစားအသောက်နဲ ့ ပတ်သက်ပြီးတင်ပြနေတာများပါပြီ။
    ဘာမှလည်းအရေးယူဆောင်ရွက်တာမရှိပါဘူး။
    သက်ဆိုင်ရာတွေမသိတာတော့မဟုတ်နိုင်ပါဘူး။
    ဒီလိုသတင်းပါလာရင်သူတို ့အတွက် စားကွက်ပဲ။
    ဒါကြောင့်လည်း အရေးမယူတာလို ့ပဲပြောရင်
    မဟုတ်ကြောင်းပြန်ပြီးငြင်းချက်ထုတ်နိုင်တဲ့အာဏာပိုင်ရှိရင်ကောင်းမယ်။

    အာဏာပိုင်တွေက ဆိတ်ဆိတ်နေရင်တောင်
    အခုဆို လုပ်ငန်းတွေနဲ ့ဆိုင်တဲ့အသင်း၊ အဖွဲ ့အစည်းတွေဖွဲ ့ထားကြတာပဲ။
    အသင်းကအမှုဆောင်တွေကကော မသိတာပဲလား။
    သူတို ့လည်း အတူတူ ဒီလိုလူစားတွေပဲလားလို ့မေးရင်
    မဟုတ်ကြောင်းပြန်ပြီးငြင်းချက်ထုတ်နိုင်တဲ့ အမှုဆောင်တွေ၊ အသင်းအဖွဲ ့အစည်းတွေကော ရှိနိုင်ပါ့မလား။

    မြန်မာတစ်မျိုးသားလုံး စားနေကြတဲ့ငပိ။
    မြန်မာတစ်မျိုးသားလုံးရဲ့ ရိုးရာအစားအစာငပိကို အသက်အန ္တရယ်ရှိပြီး၊
    မြန်မာတစ်မျိုးသားလုံးအညွန် ့တုံး၊မျိုးပြုန်းအောင် စနစ်တကျချေမှုန်းနေတာမဟုတ်ဘူးလို ့ပြောနိုင်ပါ့မလား။

    ဒီကိစ္စကို အရေးယူဆောင်ရွက်အောင် ပြည်သူတွေအသံကုန်ဟစ်အော်နေပါပြီ။
    ပြည်သူကိုယ်စားလှယ်တော်ကြီးထဲက ဘယ်သူဆောင်ရွက်ပေးနိုင်မလဲဆိုတာ သိချင်နေပါပြီ။
    အရည်အချင်းရှိတဲ့ ပြည်သူကိုယ်စားလှယ်တော်ကြီးများ ကြားနိုင်ပါစေ။

    ဆရာမရေ…
    အသည်းကွဲ ဇာတ်လမ်းတွဲလေး ဆက်ပေးပါနော်။
    ဆရာမ အနေနဲ ့ဇာတ်လမ်းတွဲလေးများများရေးနိုင်အောင်
    သတင်းဝိုင်းပေးကြစေလိုပါတယ်။
    လူတွေအစားများတဲ့“ ကျောက်ကြော ”အမည်းရောင်ကလည်း ဆိုးဆေးလို ့သိရပါတယ်။
    နောက်ကြားတာ သိတာရှိရင် ပြောပါအုံး။ ကျေးဇူးပဲဆရာမရေ…….။

    အခုဆို ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက်တွေလည်း အသည်းစွဲ ချစ်ခဲ့သမျှ အသည်းကွဲ ကြရပြီပေါ့။
    တတိယအရွယ်တွေလည်း ငယ်ချစ်ကို သစ္စာဖေါက်ကြရတော့မယ်လေ။

  • Mလုလင်

    July 12, 2012 at 11:04 am

    ဝင်ရောက် စစ်ဆေးတယ်။ ရှောင်တခင် စစ်တယ် လို့ တော့ သတင်းထဲ ပါပါ နေတာပဲ …… အဲ … ဂျာနယ် ထဲပါလဲ ခဏ ပဲ . လက်ဖက်တွေတောင် တံဆိပ် အမျိုး မျိုးနဲ့ ဈေးကွက် ထဲ ပြန်ဝင်နေပြီ ဆိုတော့ …..

    လူကြောင့် .. စနစ်ကြောင့် .. လူကြောင့် …
    အနိစ္စ … အနိစ္စ

  • ရွှေရည်နိုင်

    July 12, 2012 at 11:07 am

    မပြုံး ဆောင်းပါးဖတ်လိုက်ရမှ ငါးပိဖုတ်ကြိုက်တဲ့ ကျုပ်လဲ စားချင်စိတ်မရှိတော့ဘူး။
    အစားအသောက်ကွပ်ကဲရေးတို့၊ ကြီးကြပ်ရေးတို့ကရော ဒါတွေမသိကြဘူလား။
    ကျုပ်အထင်တော့ သူတို့လဲ မသိလို့ ဒါတွေပဲ စားနေကြတာနေမှာ။

  • TTNU

    July 12, 2012 at 11:09 am

    မဝင့်ပြုံးမြင့်ရေ…
    ဂဇက်အဝင်ခက်နေလို့ မရောက်တာကြာနေပြီးမှ
    အခု (၄ဝ ကျော်…..) ဆိုတဲ့ ပို့စ်လေးဖတ်ကြည့်လိုက်တာ
    အတော်သဘောကျမိတယ်ကွယ်။
    ဒါနဲ့ သူများမန်းထားတာတွေ ဖတ်ကြည့်လိုက်တော့မှ စာရေးသူ ဆိုတာတွေ့
    ရပြန်တော့ ထပ်ပြီး အတော် သဘောကျမိပြန်ရော။
    ကြိုက်တယ်ကွယ်။ အကြောင်းအရာရော အရေးအသားရော။
    ဖတ်ပြီးတော့ တီချာလည်း အသည်းလိုက်ကွဲသွားတယ်။
    ဒီနေ့ ငါးပိရည်ကြိုထားတယ်လေ။ 🙁

  • မွန်မွန်

    July 12, 2012 at 11:27 am

    ဆရာမအရေးအသားကိုဖတ်ပြီး အသည်းက ဟက်တက်ကြီးကို ကွဲသွားပါကြောင်း။

    အရမ်းချစ်ရတဲ့သူတွေရဲ့ သစ္စာဖောက်မှုကို ခံရသလို ဖြစ်နေပါပြီကော… 🙂
    ငရုတ်သီးလည်း ဒီအတိုင်းပါပဲ… မှိုပါတာတွေကို ကြိတ်လိုကြိတ်၊ ကြိတ်ပြီးသားကို လွှစာမှုန့်ရောလိုရော။

    ဆားဖြူးပြီးပဲ စားတော့ရင်ကောင်းမယ်။ ဒါတောင် ဆားက သန့်ရဲ့လားမသိ။ 🙂

  • ငပွကြီး

    July 12, 2012 at 11:45 am

    အင်းးးးးး ထမင်းစားတာတောင် စားတဲ့ဆန်က ဓာတ်ပြေဩဇာ လုံးဝ မလွတ်ကင်းနှိင်တော့….
    ၁၀၀% ရှောင်ဖို့ဆိုတာတော့ မဖြစ်နှိင်သေးဘူးထင်တာပဲနော်…
    ဆိုတော့…ရှောင်လို့ရသလောက်တော့ ရှောင်ပေါ့ …မရတော့လဲ ခံနှိင်ရည်(ကိုယ်ခံအား) ရှိအောင်သာကြိုးစားရတော့မှာပေါ့…ဝက်ဖြစ်မှတော့ ချီးကြောက်နေလို့ ဘာထူးတုံး….
    ခံစားရတယ်….

  • အရင့်ရောင်

    July 12, 2012 at 11:47 am

    ထပ်မံ အသဲကွဲဖို့ ကျန်ပါသေးဂျောင်း………….
    စားသောက်ကုန်ထုပ်လုပ်ရေး ဦးစီးထာဏမှ ကြေငြာလိုက်ပါသည်………
    အဟွတ် ..အဟွတ်
    ချောင်းဆိုးနေတယ်
    မှိုတက်တဲ့ အစားတွေ စားလို့ဖြစ်မယ်……
    အို……….
    အလကားရတာ စာရပို့ပဲလိုတယ်
    ဟိဟိ

  • kai

    July 12, 2012 at 11:58 am

    ဒီလိုစာတွေကို. မီဒီယာတွေမှာ.. .တောက်လျှောက်တွန်းတင်.. လွတ်တော်မှာဆွေးနွေးလောက်တဲ့အထိရောက်ရင်.. မြန်မာတွေထဲက.. လူသားပီသစွာ.. သမ္မာအာဇီဝအလုပ်.. လုပ်ပေးမယ့်လူတွေပေါ်လာမယ်မျှော်လင့်မိတယ်..
    မြန်မာတွေရဲ့အတွေးအခေါ်တော်လှန်ရေးမလုပ်နိုင်သေးချိန်မှာမို့….. သိပ်တော့လည်း.. မမျှော်လင့်ရဲပါဘူး..။ :mrgreen:

    မီဒီယာက အင်အားကောင်းကောင်နဲ့.. ဖိထားပါရင်.. လူသားချင်းမစာနာ.. ပေါက်တပ်ကရထုတ်လုပ်နေတဲ့.. စီးပွားရေးလုပ်ငန်းတွေ ကျဆုံးရမှာပါ..။
    ဆိုတော့…
    စားသောက်စရာတွေကို.. ထိုင်းကနေ အင်ပို့လုပ်တဲသူတွေ.. စီးပွားရေးတွက်ခြေကိုက်တော့မှာပါ..။
    ထိုင်းငါးပိ/ငံပြာရည်ကတော့.. တကမ္ဘာလုံး.. ရောက်နေပြီ..
    ယူအက်စ်မှာတော့.. အောက်ကပုံတွေထဲကဟာတွေ.. ဝယ်စားကြပါတယ်..။
    http://en.wikipedia.org/wiki/Shrimp_paste
    http://en.wikipedia.org/wiki/Fish_sauce


  • Khaing Khaing

    July 12, 2012 at 12:03 pm

    အန်တီပြုံးရေ …….. ငါးပိရည် တို့စရာ မျစ်ချဉ် အချိုမှုန့်ကို အခိုင်ကမစားတတ်တော့ ကိစ္စမရှိပါဘူး … ဒါပေမယ့် အန်တီပြုံးပြောမှ တော်တော်လေးကို ကြောက်စရာကောင်းတဲ့ အဆိပ်စာတွေမှန်းသိတော့တယ် အိမ်မှာ မေမေကတော့ မွန်အမျိုးသမီးဖြစ်တော့ သူကိုယ်တိုင် ငါးပိလုပ်တတ်တယ် သမီးတို့အိမ်မှာတော့ ငါးပိရည်ကျိုတို့ မရမ်းပြားတို့ သရက်သီးခြောက်တို့ကို ကိုယ်တိုင်လုပ်တာများပါတယ် …… ကတက်ချဉ်ဆိုရင် အမေကိုယ်တိုင်ထည့်ပါတယ် …… အခုဆိုလူတွေက အချိုမှုန့်အစားထိုး ကြက်သားမှုန့်များကိုသုံးစွဲကြပါ တယ် တကယ်တော့ ကြက်သားမှုန့်လည်းအချိုမှုန့်လိုပါပဲ ….. ကျွန်မကတော့ အိမ်မှာ အချိုမှုန့်မသုံးပဲ ငံပြာရည်သာသုံးလေ့ရှိပါတယ် အဲဒီငံပြာရည်ကလည်း ဘာတွေလုပ်ထားသေးလဲတော့မသိပါဘူး …….

  • shwe pont

    July 12, 2012 at 12:50 pm

    ဖတ်လို ့လည်းကောင်း ဗဟုသုတလည်း အရမ်းရပါတယ် ဆရာမရေ
    ကျမကတော့ မျှစ်တို ့၊ ငရံ ့ခြောက်တို ့နဲ ့ လမ်းခွဲခဲ့တာအတော်ကြာပါပြီ
    ငပိရည်ကတော့ သူဖောက်ပြန်နေတာခုမှသိရသလိုပါပဲ
    နောက်ပြီးတော့ ကျမ က ပုရစ်ကြော်အရမ်းကြိုက်သူပါ။ နယ်မှာတုန်းကတော့ အကြိုက်စားခဲ့သမျှ
    ရန်ကုန်ရောက်တော့လည်း ပေါ်တယ်ဆိုတာနဲ ့ ဈေးကြီးရင် နဲနဲဝယ်စားပြီး၊ ဈေးသက်သာလာရင် များများ စားပါတယ်။ ဒါပေမဲ့ ဖော်ရီဒေါဆိုတဲ့ အဆိပ်တစ်မျိုးနဲ ့ ပုရစ်တွေကို လာအောင်လုပ်ပြီး ဖမ်းတယ်ဆိုတည်း က မစားရတော့ဘဲ အသဲကွဲနေတာ အခုထိပါပဲ။ 🙁

  • Novy

    July 12, 2012 at 1:26 pm

    မမပြုံရေ..
    ၄ဝကျော်ကျမရဲ့ အသည်းကွဲတမ်းချင်း ဆို တော့
    ဘယ်လိုများ အသည်းကွဲသွားတာလည်းလို့ စပ်စုမိလိုက်တော့

    နိုဗွီပါ ရောပြီး အသည်းကွဲသွားရပါတယ်
    ငယ်ချစ်ဟောင်းကိုလည်း အပြစ်မပြောရက်ပါဘူး
    ကိုယ်က ငယ်ငယ်ထဲက ချစ်ခဲ့ရတာကို
    ငယ်ချစ်ကို လူသတ်သမားဖြစ်အောင် လုပ်တဲ့သူတွေကို
    မုန်းတယ် သက်ဆိုင်ရာက အမြန်ဆုံး ရှင်းလင်းဖေါ်ထုတ်ပေးပါလို့

    ငယ်ချစ်ဟောင်းကို မခွဲချင်သူ
    နိုဗွီ

  • Shwe Ei

    July 12, 2012 at 1:44 pm

    ဆရာမပြုံးရဲ့စာက ဗဟုသုတအများကြီးရစေသလို ဆောင်ရန်ရှောင်ရန်ပါ တခါထဲပါတာမို့ လူသားအကျိုးပြုပို့စ်တခုအဖြစ် ဂုဏ်ယူမိပါတယ်။ ကျမဆို တပတ်တခါလောက်ဟင်းချက်စားဖြစ်တဲ့လူမျိုးပါ။ ပျင်းကလဲ ပျင်းတော့ ကြုံသလိုဝယ်စားနေတာ အတော်ကြာပါဘီ။ လူလဲ ဓါတုဗေဒဆိုးဆေးတွေနဲ့ တော်တော်လေးအသားကျနေလောက်ရော့မယ်။ အဲဒိ တခါတရံချက်တဲ့ဟင်းအိုးအတွက် နနွင်းမှုန့်ဝယ်သုံးတာတောင် ဆီထဲထဲ့လိုက်တော့ မဝါဘဲ မည်းသွားလို့ အတော်လေးစိတ်ဆင်းရဲရပါသေးတယ်။ အဆင်ပြေတာဆိုလို့ နယ်ကပြန်မှာစားတဲ့ နှမ်းဆီဘဲရှိတော့မလားလို့တွေးမိပေမဲ့ ဒါလဲ မသေချာပါဘူး။ အော် ဆိုးဆေး ဆိုးဆေး 🙁

  • manawphyulay

    July 12, 2012 at 2:56 pm

    ဒီလိုသိပြီး ပြင်ဖို့ခက်တယ်ဆိုသလိုဖြစ်နေပြီနော်။ ရှောင်ရန်စာရင်းတွေ မှတ်မယ်ဆိုရင်တော့ အတော့်ကို ဘာမှစားစရာကို ရှိမှာမဟုတ်ဘူး။ အတော်များများကလည်း ဖြစ်သလိုစားနေကြတာ ဖြစ်ခါမှဖြစ်ရောဆိုတော့ ဆိုးဆေးတွေက အတော်ကို ဒုက္ခပေးတဲ့ထဲမှာပါတယ်။ ဆရာမရဲ့ အရေးအသားကို အဇ္ဇတ္တမှ လွတ်မြောက်ခြင်းထဲက သဘောကျနေပါတယ်ရှင်။ အရင်ကလောင်နာမည်ကိုလည်း နှစ်သက်တယ်။ အွန်လိုင်းမှာ အဲဒီနာမည်လေး ပြန်သုံးပါလား ဆရာမ။

  • ရွှေအိမ်စည်

    July 12, 2012 at 3:37 pm

    ဈေးကွက်သို့ ရောက်ရှိလာသော သီးနှံဟင်းသီး ဟင်းရွက် အတော်များများတွင် အဆိပ်ဓာတ်များပါသည့် ပိုးသတ် ဆေးဓာတ်ကြွင်းများ(Toxic Residues of Insecticides and Pesticides)ပါရှိနေပေသည်။ ၎င်းအန္တရာယ်ကို မျက်စိဖြင့်လည်း မမြင်နိုင်၊ အနံ့အားဖြင့်လည်း မဆုံးဖြတ်နိုင်၊ အရသာအားဖြင့် လည်း မသိရှိနိုင်ပါပေ။

    လူတွင် ၎င်းအန္တရာယ်ကို ရှာဖွေနိုင်သောကိရိယာ(Instrument)မရှိပေ။ဓာတ်ခွဲခန်း၌သာ ၎င်းအန္တရာယ်ကိုစစ်ဆေးအဖြေရှာနိုင်ပါသည်။

    လို ့7Day News Journalအတွဲ (၁၁)၊ အမှတ်(၂)ဒေါက်တာစိုးသိမ်း..** အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ၏ အန္တရာယ်**ကို ပညာဗဟုသုတဉာဏ် မျက်စိဖြင့်ကြည့်၍ ဝေးစွာရှောင်ရှားကြစေလို ကြောင် ့ပိုစ့်တစ်ခုဖတ်ဖူးပါတယ်……မီဒီယာတွေ ကလည်း..တိုက်ကြပါပေရဲ ့
    သို ့သော်…..ယနေ့ခေတ်တွင် မယုံကြည် စိတ်မချရတော့ချေ။ အသီး အမျိုးမျိုးသည် အသိဉာဏ်နုန့် နည်းသည့် လောဘသား စီးပွား ရေးသမားအချို့၏ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့်………….ကျွန်မတို ့တွေ အသည်းတော့ကွဲနေအုံးမှာပါ………..

    ****

    အရမ်းကောင်းတဲ ့ပညာပေးသုတရသလေးဖြစ်ပါကြောင်း

    ******

  • Thekka

    July 12, 2012 at 4:00 pm

    ဆရာမ ပို့စ်ကို ဖတ်နေရင်းမှာပဲ အရေးအသားအရမ်းကောင်းတာကို ထုတ်ဖော် မချီးကျူးဘဲ အားမကျဘဲမနေနိုင်လို့ ကော်မန့်ရေးမယ် စဉ်းစားရင်း အောက်ကို ကြည့်လိုုက်မှ ကိုယ့်ထက်အရင် ဆရာမကို ချီးမွမ်းစကားတွေ ပြောပြီးနေကြပါပကော။ ဆရာမရေ ဗဟုသုတ အများကြီးရတဲ့အတွက် ကျေးဇူးကမာ္ဘပါရှင်။ နောက်ထပ် ပို့စ်ကောင်းကောင်းလေးတွေကိုလည်း ရွာသားများနဲ့အတူ စောင့်မျှော်လျှက်ရှိပါကြောင်း။ 🙂

  • thihayarzar

    July 12, 2012 at 6:27 pm

    လူတိုင်းဖတ်ကြည့်သင့်တဲ့ ဆောင်းပါလေးပါ … တော်တော်လေးကို ဗဟုသုတရပါတယ် .. အမေကိုလည်း ပြန်ပြောပြရဦးမယ် ကျွန်တော်တို့က ဈေးကို မရောက်တော့ ဘာမှမသိဘူး အမေချက်တာပဲ စားနေတာ … ဆရာမပြုံးရဲ့ အသည်းကွဲဇာက်လမ်းကိုဖတ်ကြည့်လိုက်မှ ကြောက်တောင်ကြောက်လာတယ် … စားမိတာတွေကိုတောင် ပြန်သတိရလာတယ် ကျွန်တော်က ငပိဆို အသေကြိုက်တာ ထန်းရည်သောက်ရင်တောင် ငပိဖုတ်နဲ့ ပဲကြီးလှော် ပါမှ … အခုမှ သတိထားမိတယ် ပဲကြီးလှော်စားရင် လက်ကလေးတွေ ဝါဝါနေတာကိုလေ …. သရက်သီးပေါ်ချိန်ဆို ငပိရည်နဲ့ အားရပါးရစားလိုက်ရမှ ကျေနပ်တာ … မြန်မာလူမျိုးတွေ ထမင်းစားရင် ငပိလေးမှ မပါရင် မမြိန်ဘူးဗျာ .. ကိုယ်တိုင် ငပိလုပ်ရမလိုဖြစ်နေပီ …. အသားတွေလည်း အတက်နိုင်ဆုံးရှောင်ကြပါ .. အခု ဆိတ်သားခြောက် ဆက်သားခြောက်ဆိုတာ တကယ်တော့ ခွေးသားတွေ တဲ့ဗျာ … သူငယ်ချင်းရဲ့ ဦးလေးကိုယ်တိုင်လုပ်တာ …စစ်ကိုင်းမှာ အကြီးအကျယ်ကိုပဲတဲ့ …. ဆေးကလည်း ဆိုးထားသေးတယ် ရေနွေးနဲ့ပြုတ်လိုက်ရင် ရေတွေကို နီနေတာပဲ ….. အသီးအရွက်ကျတော့လည်း ပိုးသက်ဆေးတွေပါတယ်တဲ့ … ကျွန်တော်တို့ဘာတွေများစားကြမလဲ … ပြောကြပါဦး … အခုတစ်လော မြန်မာနိုင်ငံတော် ကင်ဆာတွေ ဖြစ်တာတော်တော်များနေပီ အဲဒါတွေကြောင့်ထင်တယ် … စစ်တဲ့သူတွေကလည်း ရှောင်တခင်လေးပဲတဲ့ လူကြီး ဆင်းစစ်မှ တစ်ခါလောက်စစ်တာ နေ့တိုင်းစစ်ရအောင် လွှက်တော်ကို မြန်မြန်တင်မှဖြစ်မယ် …

  • Crystalline

    July 12, 2012 at 6:55 pm

    ဆရာမရှင့် ၁၁ခုမြောက်လက်မလေးထောင်ခဲ့တယ်နော်..ကျမတို့နိုင်ငံမှာလည်း အော်ဂဲနစ်စားသောက်ကုန် တွေသီးသန့်ရောင်းတဲ့နေရာမျိုးတနေ့ပေါ်လာကောင်းပါရဲ့..

  • TheWinner

    July 12, 2012 at 7:21 pm

    ဆရာမရေ – ဂဏန်းတွေလည်း ပါလာပြီနော်။ 38 လမ်းဈေးကနေ ဂဏန်းအဆီ ရဲရဲလေးတွေနဲ့ ဗန်းပေါ်တင်ပြထားတာကို သရေကျပြီး ဝယ်လာတာ အိမ်ရောက်မှ ပဲ ဘာသားတွေမှန်း မသိတာကို ဆေးဆိုးထားမှန်းသိတော့တယ်ရှင်။

Leave a Reply